အခန်း (၆၀)
Vol. 6 Ch. 60
မနက်ခင်း စောစော၌ ယွမ်လော့ရီတစ်ယောက် ပထမဆုံး လုပ်သည်မှာ မုန့်သိုလှောင်ရုံသို့ သွားကာ မုန့်များကို ရှာဖွေခြင်းပင်။
သူမ အချိန်အတော်ကြာအောင် မွှေနှောက် ရှာဖွေသော်လည်း ဘာတစ်ခုမှ မတွေ့ရချေ။
အားးးး သူမရဲ့ ဒုတိယအစ်ကိုက အားလုံးကို လှန်လှော မွှေနှောက်ပြီး အပိုင်သိမ်းသွားပြီနေမှာ၊ စိတ်တိုစရာ ကောင်းလိုက်တာ။
ယွမ်လော့ရီမှာ ဒုတိယအစ်ကို ယွမ်ဖာ့နှင့် ရင်ဆိုင်ရန် အောက်ထပ်သို့ အပြေး ဆင်းသွားပြီး ဧည့်ခန်းသို့ ရောက်သောအခါ အလုပ်သွားရန် ပြင်ဆင်နေသည့် ယွမ်ဖာ့နှင့် တိုက်မိလုနီးပါး ဖြစ်သွား၏။
သူမ၏ အကြည့်များက ယွမ်ဖာ့၏ လက်ဆွဲအိတ်ပေါ်တွင် ရပ်တန့်သွားပြီး ၎င်းမှာ သံသယ ဖြစ်စရာ မလိုအောင်ပင် ပုံမှန် မဟုတ်ဘဲ ဖောင်းနေလေသည်။
ယွမ်လော့ရီက ယွမ်ဖာ့၏ လမ်းကို ပိတ်ပြီး ပြောလိုက်၏။
"သမီးရဲ့ မုန့်တွေကို ပြန်ပေး”
ယွမ်ဖာ့က ငါးမန်းကဲ့သို့ ပြုံးဖြဲဖြဲ ရယ်လိုက်သည်။
“အစထဲက ညီမလေးရဲ့ ပစ္စည်း မဟုတ်ခဲ့တဲ့ အရာကို ကိုကိုက ဘယ်လို ပြန်ပေးနိုင်မှာလဲ”
"လိမ်မနေနဲ့ မုန့်တွေက ကိုကို့ အိတ်ထဲမှာ ရှိတယ်”
"ကိုကို့ အိတ်ထဲမှာ ရှိတာက ဓာတ်ဘူးပါ အာ...ဒုတိယအစ်ကိုက ဒီရက်ပိုင်း အရမ်း အလုပ်များလွန်းလို့ မောပန်းနေတာ၊ အားပြန်ဖြည့်ဖို့ ကိုကာကိုလာ ပိုသောက်ဖို့ လိုတယ်လေ"
"ဒါဆို ကိုကို့အိတ်ကို ဖွင့်ပြလိုက်"
“ကိုကို့ရဲ့ ချစ်စရာ အရာရှိလေးမှာ တရားဝင် ရှာဖွေခွင့် ဝရမ်းများ ရှိလို့လား”
"မရှိဘူး"
ယွမ်ဖာ့က လက်များကို ဖြန့်ပြီး ခေါင်းခါ၍ စိတ်မချမ်းသာစွာ သက်ပြင်းချလိုက်၏။
"အင်းလေ ညီမလေးမှာ မရှိတော့လည်း ကိုကို လိုက်နာဖို့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ် သွားပြီနော်"
ယွမ်လော့ရီ နောင်တရမိသည်။ သူမ ဒုတိယအစ်ကိုနှင့် စကားများမနေခဲ့သင့်ပေ။
သူမ ယွမ်ဖာ့၏ ဝတ်စုံ အစွန်းကို ပစ်မှတ်ထားပြီး လက်နှစ်ဖက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ သူ ထွက်သွားမည်ကို တားဆီးလိုက်၏။
ယွမ်ဖာ့က သိသိသာသာ ထိတ်လန့်သွားလေသည်။
"အိုး မဖြစ်ဘူး မဖြစ်ဘူး မဖြစ်ဘူး၊ ဒီဝတ်စုံက အရမ်း ဈေးကြီးတာ မြန်မြန်လွှတ်၊ ကိုကို ဒီနေ့ တရားရုံးမှာ အမှုလိုက်ရမှာ ကိုကို့ဝတ်စုံ တွန့်သွားရင် ကိုကို့ရဲ့ ဆွဲဆောင်မှုရှိတဲ့ ပုံစံလေး ထိခိုက်သွားလိမ့်မယ်”
ယွမ်လော့ရီက ဆုပ်ကိုင်ထားသည်ကို ပိုမို တင်းကျပ်လိုက်သောအခါ ယွမ်ဖာ့မှာ စိတ်ပျက်အားငယ်စွာသာ သက်ပြင်းချလိုက်၏။
မဖြစ်ဘူး။
သူ၏ အချစ်ရဆုံးသော အဆင့်မြင့် အီတလီ လက်ရာ အနက်ရောင်ဝတ်စုံ၊ နာမည်ကြီး ဒီဇိုင်နာမှ လက်ဖြင့် ချုပ်လုပ်ထားသည့် ဝတ်စုံမှာ ရုတ်တရက် အကြမ်းဖက်လာသော သူ့ညီမလေးကြောင့် ပျက်စီးရတော့မည်။
ယွမ်လော့ရီက ပြောလိုက်၏။
"ဒုတိယအစ်ကို သမီးရဲ့ မုန့်တွေကို ပြန်ပေးရင် သမီးလည်း လွှတ်ပေးမယ်"
ယွမ်ဖာ့က ကြမ်းတမ်းစွာ ပြောလာသည်။
"မပေးဘူး၊ ညီမလေးက ကိုကို့ရဲ့ ပိုင်ဆိုင်မှုကို ထိခိုက်အောင် လုပ်နေတာ ဒါက ပြင်းထန်တဲ့ ရာဇဝတ်မှုပဲ၊ ညီမလေးရဲ့ ကြင်နာတဲ့ ကိုကို့အပေါ် ဘယ်လိုလုပ် ဒီလောက် ရက်စက်နိုင်ရတာလဲ”
အရပ်ပု၍ သေးငယ်သော ပုံရိပ်ကလေးက အရပ်ရှည်သည့် တစ်ယောက်ကို စူးစိုက်ကြည့်နေကာ နှစ်ယောက်လုံး ထိပ်တိုက် ရင်ဆိုင်နေကြပြီပင်။
ထိုစဉ် သူတို့၏ အစ်ကိုကြီး ယွမ်အောင်းမှာ သူတို့ ရန်ဖြစ်သံကို ကြား၍ ဧည့်ခန်းထဲသို့ ဝင်လာလေ၏။
ယွမ်ဖာ့က သူ၏ အစ်ကိုကြီးကို မြင်လိုက်ရသောအခါ သူ့ခန္ဓာကိုယ်မှာ သိသိသာသာ တောင့်တင်းသွားသည်။
"အိုး အလုပ်များနေတဲ့သူကြီး၊ ဒီမှာ ရှိနေသေးတာပဲ"
ယွမ်အောင်းက ယွမ်လော့ရီ၏ ခေါင်းလေးကို ပုတ်ကာ ပြောလိုက်၏။
"ဒီနေ့ ကိုကို ကျောင်းလိုက်ပို့ပေးမယ်"
ထို့နောက် သူ ယွမ်ဖာ့ဘက်သို့ လက်ကမ်းပြီး အေးစက်စွာ ပြုံးလျက် ပြောလိုက်သည်။
"ပေး"
ယွမ်ဖာ့ကမူ မလှုပ်မယှက်ပင်။ သူ၏ အိတ်ကပ်ထဲတွင် ရှိသော မည်သည့် အရာမဆို သူပိုင်ဆိုင်ခြင်း ဖြစ်ပြီး မည်သူမျှ ယူ၍ မရနိုင်ပေ။ သူသည် မာနရှိသောသူ ဖြစ်၏။
ယွမ်အောင်းက ပြောလာသည်။
"ဟုတ်ပြီ၊ ဒါဆိုရင် မင်း အရင်က ပြောခဲ့တဲ့ ကိစ္စကို တစ်လလောက် ကြာမှပဲ ဒီအစ်ကိုကြီးက ရှင်းပေးနိုင်တော့မယ် ထင်တယ်"
ယွမ်ဖာ့က ချက်ချင်း မုန့်များကို ထုတ်ပြီး ယွမ်လော့ရီ၏ လက်ထဲသို့ ထိုးထည့်ကာ ယွမ်အောင်းကို မေးလိုက်သည်။
“ကြည့်ပါဦး သူ့ကို ပြန်ပေးလိုက်ပြီ၊ အစ်ကိုကြီး အဲဒီကိစ္စကို မနက်ဖြန် ပြီးအောင် လုပ်ပေးနိုင်မလား"
ယွမ်အောင်း: "သေချာတာပေါ့ "
ယွမ်ဖာ့က အနည်းငယ် မပျော်မရွှင် ဖြစ်သွားခဲ့သော်လည်း သူ့ထံတွင် ရွေးချယ်စရာ မရှိပေ။ အချို့ အမှုများမှာ သူ့အစ်ကိုကြီး၏ အဆက်အသွယ်များကို အားကိုးရန် လိုအပ်သည်။
တစ်ချိန်တည်းမှာပင် ယွမ်လော့ရီကတော့ ပျော်ရွှင်နေလေသည်။ သူမ မုန့်များကို ယူကာ အစ်ကိုကြီး ယွမ်အောင်း၏ လက်ထဲသို့ ထည့်ပေးပြီး ပြုံး၍ ပြောလိုက်၏။
“အစ်ကိုကြီး ဒါတွေက အစ်ကိုကြီးဖို့ အထူးတလည် ချန်ထားတာ၊ စံပယ်ပန်းကိတ်တွေက အရမ်း စားလို့ကောင်းတာ”
ယွမ်အောင်းက အံ့အားသင့်စွာဖြင့် ယွမ်လော့ရီကို ကြည့်ပြီး ခေါင်းငုံ့ကာ ပြုံးလျက် ပြောလိုက်သည်။
"ကျေးဇူးပါ”
ယွမ်လော့ရီက ထပ်ပြောလာ၏။
"ဘာပဲဖြစ်ဖြစ် ကိုကို ကောင်းကောင်း စားရမယ်နော်၊ သမီးဆို စိတ်ဓာတ်ကျနေတဲ့အခါ အစားအသောက် တစ်ခုခု စားလိုက်ရင် ပျော်လာတာပဲ"
ယွမ်ဖာ့က သူ့ရှေ့မှ နွေးထွေးဖွယ် မြင်ကွင်းလေးကို ကြည့်ကာ မျက်မှောင်ကျုံ့၍ ပြောလိုက်သည်။
"ဟေး မင်းတို့နှစ်ယောက်၊ ငါ ဒီမှာ ရှိနေသေးတယ်လေ”
သူက လက်မောင်းကို မြှောက်၍ နဖူးပေါ် လက်ဖမိုး တင်ကာ အဝေးသို့ ကြည့်ပြီး သက်ပြင်းရှည်ကြီး ချလိုက်၏။ ဂန္တဝင် ပြဇာတ်ထဲမှ ဝမ်းနည်းစရာ အမျိုးသား ဇာတ်လိုက်ကဲ့သို့ ခံစားချက်များ လွှမ်းမိုးနေသောကြောင့် မူးလဲတော့မည့် ဟန်ပန်နှင့်ပင်။
စက္ကန့် အနည်းငယ်အတွင်း ဉာဏ်ကြီးရှင် ယွမ်ဖာ့က သူ၏ သနားစရာကောင်းသော တစ်ကိုယ်တည်း ဘဝကို စိတ်ကူးဖြင့် မြင်ယောင်နေမိသည်။
အားလပ်ရက်တွေမှာတောင် ညီမလေးက လာလည်မှာ မဟုတ်ဘူး။ ငါတော့ ငွေစက္ကူတွေနဲ့ မျက်ရည်သုတ်၊ ဇိမ်ခံသင်္ဘောတွေပေါ်မှာ ဝမ်းနည်းပြီး တစ်ယောက်ထဲ သီချင်းဆို၊ အရက်သောက်နေရတော့မှာပဲ။
သူမက သူ၏ သေခါနီး အချိန်၌ပင် ကုသမှုကို ရပ်ဆိုင်းရန် အေးစက်စွာနှင့် မဆိုင်းမတွ သဘောတူလိမ့်မည်။ ဖြစ်နိုင်သည်မှာ အောက်ဆီဂျင်ပိုက်ကိုပင် သူမကိုယ်တိုင် ဆွဲဖြုတ်လိမ့်မည်ဟု မြင်ယောင်နေမိသည်။
ယွမ်ဖာ့တစ်ယောက် ဝမ်းနည်းမှုများနှင့် ပြည့်နှက်နေကာ ပြောလာ၏။
"ပြီးသွားပြီ၊ မင်း ဘက်လိုက်ပြီး ကျေးဇူးကန်းတဲ့ဟာလေး၊ ကိုကို မင်းကို ပြုစုပျိုးထောင်ခဲ့တာတွေက အလကားပဲ”
ထို့နောက် လက်ချောင်းရှည်များဖြင့် သူ၏ ဝတ်စုံပေါ်မှ တွန့်ကြေနေသည်များကို ပြန့်သွားအောင် ပွတ်သပ်ပြီး ထိုရင်ကွဲစရာ မြင်ကွင်းမှ လှည့်ထွက်သွားတော့သည်။
ဒါပေါ့၊ သူ့အလုပ်တွေ ပြီးတာနဲ့ ညကြ ပြန်လာပြီး ယွမ်လော့ရီရဲ့ မုန့်သိုလှောင်ရုံ တစ်ခုလုံးကို မွှေနှောက်ပြီး ခိုးဖို့ စီစဉ်ထားတယ်။
သူ့ကို အသည်းကွဲအောင် လုပ်ထားမှတော့ ပြန်ပေးဆပ်ရမှာပေါ့။ ပြီးရင်တော့ ခွင့်လွှတ်ပေးလိုက်ပါမယ်လေ။
ယွမ်လော့ရီကမူ သူမ၏ ဒုတိယအစ်ကိုတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိသည်ကို သေချာပေါက် သိသည်။ ယွမ်ဖာ့က သူမအား အပြစ်မပေးဘဲ လုံးဝ လွှတ်ပေးမည် မဟုတ်ပေ။ ထို့ကြောင့် ဒီနေ့ ညမှာ အိပ်မပျော်သောည ဖြစ်လာတော့မည်။
ယွမ်ဖာ့က ပုံမှန် မဟုတ်ပေ။ ကိုယ်ကျင့်တရား အသိကင်းမဲ့သော်လည်း အကောင်းမြင်တတ်၍ တက်ကြွသူ ဖြစ်၏။
ဤအကြောင်းကို တွေးကာ ယွမ်လော့ရီ သံသယ တစ်ခု ရှိလာခဲ့သည်။ မူလ အချိန်စီးကြောင်းတွင် သူမ၏ ဒုတိယအစ်ကို ယွမ်ဖာ့ လမ်းမှားသို့ ရောက်ခဲ့လေသလား ဟူ၍ပင်။
အကယ်၍ နောက်တခါ သူမ ယွမ်ဖာ့ဘက်သို့ ခြေရာခံလိုက်ပါက…
ယွမ်လော့ရီတစ်ယောက် တွေးမိသည်နှင့် တုန်ယင်သွားရ၏။ ဒုတိယအစ်ကို၏ ကိုယ်ရည်ကိုယ်သွေးမှာ အလွန် မတည်မငြိမ် ဖြစ်တတ်သည်။ သူ လူတိုင်းကို ပျော်ရွှင်စွာ သစ္စာဖောက်လိမ့်မည်။ သူမ သူ့အား ခြေရာခံ မိလိမ့်မည် မဟုတ်ကြောင်းကိုသာ မျှော်လင့်ရ၏။
ယွမ်အောင်းက သူ၏ နာရီကို ကြည့်ပြီး ယွမ်လော့ရီအား ပြောလာသည်။
"နောက်ကျနေပြီ သွားကြစို့"
ယွမ်လော့ရီ ခေါင်းညိတ်ကာ ပြန်ပြောလိုက်၏။
"ဟုတ်ကဲ့"
ယွမ်လော့ရီက ယွမ်အောင်း၏ နောက်မှ လိုက်ထွက်လာပြီး ကားငယ်လေးထဲသို့ ဝင်လိုက်၏။
ညီမလေးထံမှ လက်ဆောင် ရရှိခြင်းက ယွမ်အောင်း၏ စိတ်ခံစားချက်ကို သိသိသာသာ တိုးတက်စေသည်။ ထို့ကြောင့် သူ၏ လက်အောက်ငယ်သားများက အလုပ်အကြောင်း သတင်းပို့ရန် ဖုန်းခေါ်သောအခါ ပုံမှန်အားဖြင့် အေးစက်သည့် သူ့လေသံက အနည်းငယ် နူးညံ့လာ၏။
သို့သော် ယွမ်လော့ရီက သူမ မသဲမကွဲ ကြားလိုက်ရသော အသံကို သုံးသပ်ခဲ့ရာ ထိုလက်အောက်ငယ်သားမှာ ကြောက်လန့်နေပြီး သူ၏ အသံက တုန်ယင်နေလေသည်။ ဤသည်မှာ သူ၏ သူဌေးမှ သူ့အား နောက်ဆုံး မေတ္တာစကား ပြောခြင်းဟု ထင်နေ၍ ဖြစ်မည်။
သူတို့ ကျောင်းသို့ ရောက်သောအခါ ယွမ်လော့ရီက ကျောင်းဂိတ်ဝတွင် ကျောင်းသားအုပ်စုလေး တစ်စု စုဝေးနေသည်ကို သတိထားမိသွားသည်။ သူတို့က ယွမ်မိသားစု၏ ကားကို မြင်သောအခါ စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေကြ၏။
လီရှင်း ပြုလုပ်ခဲ့သော ဗီဒီယိုကြောင့် ယွမ်လော့ရီတစ်ယောက် ပရိသတ်များ အများအပြား ရရှိခဲ့ပြီး သူမက သူတို့ ထင်သလောက် ကြောက်စရာ မကောင်းကြောင်း လူတိုင်း သိလာခဲ့ကြသည်။
Star Galaxy အလယ်တန်းကျောင်းတွင် ကျောင်းနောက်ကျခြင်းမှာ ပြင်းထန်သော ပြစ်မှုတစ်ခု ဖြစ်သော်လည်း ဤကျောင်းသားများက ယွမ်လော့ရီကို ကြိုဆိုရန် စွန့်စားခဲ့ကြ၏။ ၎င်းမှာ သူတို့၏ ပရိသတ်စိတ်က စစ်မှန်ကြောင်း သက်သေပင်။
ယွမ်လော့ရီက အစ်ကိုကြီး ယွမ်အောင်းကို နှုတ်ဆက်ပြီးနောက် ကားပေါ်မှ ဆင်းပြီး ခေါင်းငုံ့၍ အမြန်လျှောက်ကာ သူမ၏ ပရိသတ်များကို လျစ်လျူရှုသွားသည်။
"အာ အာ အာ အဲဒါ သူပဲ ဘုရားရေ ငါ့ရင်တွေခုန်လိုက်တာ”
"ဒီနေ့ ညီမလေး လော့ရီကို မြင်ခွင့်ရတဲ့အတွက် ကောင်းကင်ဘုံကြီးကို ကျေးဇူးတင်ပါတယ်”
"သူ ဘာလို့ အရမ်း မြန်မြန် လျှောက်နေတာလဲ"
"မသိဘူး၊ ဒါပေမဲ့ ယွမ်မိသားစုက ကလေးတစ်ယောက်အနေနဲ့ ဒီလောက် မြန်မြန် လျှောက်တယ်ဆိုတာ အရေးကြီးတဲ့ မဟာဗျူဟာမြောက် မစ်ရှင် တစ်ခုရှိလို့ဆိုတာ သေချာတယ်"
ယွမ်လော့ရီက စိတ်ထဲတွင် တွေးမိလိုက်၏။
ဟုတ်တယ်၊ ကန်တင်းကို သွားပြီး မနက်စာ စားဖို့လေ။
အံ့ဩစရာ ကောင်းလိုက်တာ၊ ငါ့ကို နားလည်တဲ့ ပရိသတ်တွေတောင် ရှိသေးတယ်။
သူမ ဆူညံသော ကန်တင်းထဲသို့ ရောက်သောအခါ ကျောင်းသားများက ယွမ်လော့ရီအတွက် လမ်းဖယ်ပေးကြ၏။ အတိတ်တွင် ကြောက်ရွံ့မှုကြောင့် ဖယ်ပေးခြင်း ဖြစ်သော်လည်း ယခုအခါ လေးစားမှုကြောင့်ပင်။
ကောင်လေးအချို့က ပေါင်မုန့်များကို ပို၍ပင် ယဉ်ကျေးစွာ ဝါးစားလာကြသည်။ ယွမ်လော့ရီ အပေါ် ကောင်းမွန်သော ထင်မြင်ချက် ထားခဲ့နိုင်ရန် ဖြစ်၏။
အစားအသောက် ရရှိပြီးနောက် ယွမ်လော့ရီက ထိုင်၍ သူမ၏ မနက်စာကို စားရန် ပြင်ဆင်လိုက်သည်။ ထိုစဉ် လီရှင်းက ဆံပင်တိုတိုနှင့် ကောင်မလေး တစ်ယောက်ကို ဆွဲခေါ်ကာ ပြေးလာ၏။
လီရှင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောလာသည်။
“ယွမ်လော့ရီ မြန်မြန်ကြည့်၊ နင့်ကို ကူညီဖို့ အသုံးဝင်တဲ့ လူတစ်ယောက် ငါဖမ်းမိပြီ”
ထိုမိန်းကလေးက ယွမ်လော့ရီကို မြင်သောအခါ ရှက်ရွံ့မှုကြောင့် မျက်နှာနီရဲသွား၏။
သူမက ရှက်ရွံ့စွာ ပြောလာသည်။
"မ-မင်္ဂလာပါ ငါ့နာမည် ဝူမြောင်မြောင်ပါ၊ လီရှင်းက နင့် ပုံဆွဲနိုင်တဲ့လူ လိုတယ်လို့ ပြောလို့ ငါ-ငါနဲ့ အဆင်ပြေရင် ကျေးဇူးပြုပြီး နင့်ပုံကို ဆွဲလို့ရမလား”
ယွမ်လော့ရီ အခြေအနေကို နားလည်လိုက်သည်။
လီရှင်းမှာ ဗီဒီယိုများ၊ ဓာတ်ပုံများ သက်သက်က ယွမ်လော့ရီအား ပရိသတ်များ ပိုမို ရရှိစေရန် မကူညီနိုင်ဟု ခံစားခဲ့ရ၏။ တစ်စုံတစ်ယောက်မှ ယွမ်လော့ရီအား Manga ပုံစံ ဆွဲပေးနိုင်ပါက ပရိသတ်များကို ပိုမို ဆွဲဆောင်နိုင်မည် ဖြစ်သောကြောင့် သူမ ပုံဆွဲနိုင်သော ကျောင်းသူများကို ရှာဖွေခဲ့သည်။
လီရှင်းက ဝူမြောင်မြောင်အား ယွမ်လော့ရီ၏ ရှေ့သို့ တွန်းပို့လိုက်၏။
သူမက ပြောလာသည်။
“အဲဒီ အမြင်ကျဉ်းတဲ့ လူကြီးတွေက အမြင်ကို မရှိကြဘူး၊ ပရိသတ်လက်ရာတွေကို ရန်သူလို့ မြင်ကြတယ်”
"ဒါပေမဲ့ တကယ်တမ်းကျတော့ ပရိသတ်လက်ရာတွေက ကမ္ဘာပေါ်မှာ အစွမ်းအထက်ဆုံး မြှင့်တင်ရေး ကိရိယာတွေပဲ”
"ယွမ်လော့ရီ ငါ့ကို ယုံလိုက်၊ ငါတို့ ဝူမြောင်မြောင်ကို ဝင်ခွင့်ပေးလိုက်ရင် နင့်ရဲ့ ပရိသတ် ဖြစ်လာမယ့် သူတွေ သေချာပေါက် ပိုများလာလိမ့်မယ်”