← Chapters

ထိပ်သီးပညာရှင်သုံးယောက် ရောက်ရှိလာခြင်း

Vol. 20 Ch. 256

ထိပ်သီးပညာရှင်သုံးယောက် ရောက်ရှိလာခြင်း

Vol. 20 Ch. 256

"ကောင်းကင်ကံကြမ္မာနဲ့ ပတ်သက်လို့ကတော့ လောလောဆယ်မှာ ကျွန်တော် ထုတ်ဖော်ပြောဆိုဖို့ အဆင်မပြေသေးဘူး....ဒါပေမဲ့ ကျွန်တော့်ရဲ့စွမ်းအားကိုတော့ ပြသနိုင်ပါတယ်"

ယန်ဆန်းရှစ်ဆန်းက ခေါင်းခါယမ်းလိုက်၏။

"ဒါက အဆင်မပြေဘူးလား"

ကျိုးချန်းက ခေါင်းညိတ်လိုက်သည်။

"ကောင်းပြီလေ..."

စားဖိုမှူးကံကြမ္မာကို သမားရိုးကျကျင့်ကြံခြင်းလမ်းစဉ်အဖြစ် မသတ်မှတ်ထားသောကြောင့် လူငယ်လေးသည် ဤအကြောင်း ထုတ်ပြောရန် ရှက်ရွံနေသည်ကို သူ နားလည်ပေးနိုင်သည်။ ယခင်က သူကိုယ်တိုင် ဤကံကြမ္မာကို ပထမဆုံး နားလည်သဘောပေါက်ခဲ့စဥ်က သူသည်လည်း ရှက်ရွံ့ပြီး အနေရခက်ခဲ့ဖူးပေ၏။

"နားလည်ပါပြီ..."

ယန်ဆန်းရှစ်ဆန်းက သက်ပြင်းချလိုက်သည်။ ထို့နောက် သူ၏စွမ်းအင်ကို အဆုံးစွန်ဆုံးထိ ထုတ်ဖော်လိုက်ပြီး လက်သီးတစ်ချက် ထိုးနှက်လိုက်သည်။

ဘုန်း...

လေထုအတွင်းတွင် ပေါက်ကွဲသံများ လှိုင်းထသွားပြီး ယမ်းမီးများ ပေါက်ကွဲသည့်အလား တုန်ခါမှုလှိုင်းတစ်လှိုင်းက ခန်းမ၏ပြင်ပထိ တန်းတန်းမတ်မတ် ပျံ့လွင့်သွားခဲ့သည်။

"ကျိုးယီမြို့တော်ရဲ့ ထိပ်သီးပါရမီရှင်ဖြစ်ဖို့ ထိုက်တန်ပါတယ်...အချိန်ခဏလေးအတွင်းမှာ သူ့ရဲ့စွမ်းအားက ထပ်ပြီးတိုးတက်လာပြန်ပြီ"

"ဒီလို အစွမ်းအစနဲ့ဆိုရင် သူက မိုဟုန်နဲ့ တန်းတူ မဟုတ်ရင်တောင် အခုလောက်ထိမြန်မြန် ရှုံးနိမ့်သွားမှာတော့ မဟုတ်ဘူး"

လူအများသည် ကြက်သေသေသွားကြ၏။

ဤလူငယ်သည် မိုဟုန်နှင့် ယှဉ်ပြိုင်ခဲ့စဥ်ကမှ ကြယ်စင်မြစ်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်သွားခြင်းဖြစ်သည်။ သို့ရာတွင် တစ်နာရီ၏ လေးပုံတစ်ပုံ မကြာသေးသော အချိန်မှာပင် သူ၏စွမ်းအား တည်ငြိမ်သွားရုံသာမက ပို၍တိုးတက်လာခဲ့သည်။ ဤကဲ့သို့ ပါရမီအရည်အချင်းသည် အမှန်တကယ်ကို ပြိုင်ဘက်ကင်းပင်။

ရှစ်ယွင်ကျင်းနဲ့ချန်ယွီဟွမ်တို့ပင်လျှင် မနေနိုင်ဘဲ ခေါင်းညိတ်မိကြပြီး ဤပါရမီရှင်အပေါ် လေးစားသဘောကျစိတ်များက သူတို့၏စိတ် နှလုံးသားများအတွင်းသို့ တိုးဝင်လာခဲ့သည်။

အကယ်၍ ဤအစွမ်းထက်ပုဂ္ဂိုလ်ကသာ သူ့ကို တပည့်အဖြစ် မရွေးချယ်ခဲ့လျှင် သူတို့သည် သူ့ကို တပည့်အဖြစ်လက်ခံရန် အဆင်သင့်ရှိနေကြသည်။

"မဆိုးဘူး...."

ကျိုးချန်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်ပြီး သူ၏လက်ကို ဆန့်တန်းလိုက်သည်။ သူ၏လက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ အလင်းကွင်းတစ်ခုက လူများအားလုံး၏ရှေ့တွင် ထွက်ပေါ်လာခဲ့သည်။

"မင်းရဲ့လက်ကို အဲ့ဒီဝဲဂယက်ထဲ ထည့်လိုက်ပြီးတော့ မင်းရဲ့ကောင်းကင်ကံကြမ္မာကို အသက်သွင်းလိုက်တော့... မင်းရဲ့ ကံကြမ္မာက ငါ့ရဲ့ကံကြမ္မာနဲ့ ကိုက်ညီနေခဲ့ရင် ဒီအလင်းကွင်းက မင်းရဲ့ ခန္ဓာကိုယ်ထဲကို ပေါင်းစပ်ဝင်ရောက်သွားပြီးတော့ မင်းရဲ့ကျင့်ကြံမှုကို မြှင့်တင်ပေးလိမ့်မယ်... ဒါကို ငါ့ဘက်က တွေ့ဆုံခြင်းလက်ဆောင်လို့ သတ်မှတ်လိုက်ပါ...တကယ်တော့ ငါတို့ရဲ့ကံကြမ္မာတွေက မကိုက်ညီဘူးဆိုရင်တော့ ဒီအလင်းကွင်းမှာ အပြောင်းအလဲ ရှိမှာမဟုတ်ဘူး...ဒါက ငါတို့ ရေစက်မပါဘူးဆိုတာကို ပြသလိမ့်မယ်...မင်း စိတ်မပူနဲ့...ပေါင်းစပ်မှု မရှိခဲ့ရင်တောင် မင်းရဲ့ကောင်းကင်ကံကြမ္မာက ဘာလဲဆိုတာ ငါ သိမှာမဟုတ်ဘူး"

"စီနီယာရဲ့နားလည်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်"

သူ၏ကောင်းကင်ကံကြမ္မာကို တခြားသူများ မသိစေဘဲ စမ်းသပ်နိုင်သည်အား ကြားချိန်၌ ယန်ဆန်းရှစ်ဆန်းက သက်ပြင်းချလိုက်ပြီး ရှေ့သို့တက်လှမ်းသွားသည်။ သူ၏လက်ကို အလင်းကွင်းအတွင်းသို့ ထည့်သွင်းတော့မယ့်ဆဲဆဲ အချိန်မှာပင် ခေါင်းလောင်းသံများ ထပ်မံ၍ မြည်ဟည်းလာသည်။

ဒေါင်...ဒေါင်..ဒေါင်...ဒေါင် ဒေါင်..

ခေါင်းလောင်းသံငါးချက်ဖြစ်ကာ သုံးချက်ရှည်ပြီး နှစ်ချက်တိုပေ၏။

"အခုကရော ဘာဖြစ်ပြန်ပြီလဲ"

ချန်ယွီဟွမ်သည် သူ၏ဦးရေပြား ထုံကျင်သွားသကဲ့သို့ ခံစားလိုက်ရပြီး စိုးရိမ်တကြီးဖြင့် ပြင်ပသို့ လှမ်းကြည့်လိုက်သည်။ သူ ထင်သည့်အတိုင်းပင် နောက်ထပ် အဘိုးအိုတစ်ဦးက ခန်းမထဲသို့ လျှောက်လှမ်းဝင်လာခဲ့သည်။

ဤလူသည် ကျိုးချန်းနှင့် သက်တူရွယ်တူခန့်ဖြစ်ပြီး တင်းမာခက်ထန်သော အမူအယာရှိကာ အစိမ်းရောင်ဝတ်ရုံကို ဝတ်ဆင်ထားသည်။ သူ အနီးသို့ချဉ်းကပ်မလာသေးမီမှာပင် သူ၏ တည်ရှိမှုသက်သက်ဖြင့်ပင် လူတိုင်း၏စိတ်ဝိညာဉ်များအပေါ် လေးလံသော ဖိအားတစ်ခုကို သက်ရောက်စေခဲ့သည်။

သူသည် တခြားလူမဟုတ်ဘဲ စိတ်ဝိညာဉ်ခန်းမ၏ ခန်းမသခင်။ ကျိုးချန်းကဲ့သို့ပင် သူသည်လည်း တစ်စုံတစ်ယောက်မှ 'စိတ်ဝိညာဉ်ကောင်းကင်ကံကြမ္မာ'ကို နားလည်သဘောပေါက်သွားသည်အား အာရုံခံမိသဖြင့် အဆစ်ခုနစ်ဆစ်ပိုးကောင်ဟင်းလျာကို စွန့်ပစ်ကာ အလျင်အမြန် ပြေးလာခဲ့ခြင်းဖြစ်သည်။

"အဘိုးကြီးဖုန်း...မင်း ဘာလာလုပ်တာလဲ"

ဖုန်းယွမ်ဖျင်ကို မြင်လိုက်ရချိန်တွင် ကျိုးချန်းသည် အံ့အားသင့်သွားပေ၏။

သူသည် တစ်စုံတစ်ယောက်မှ စားဖိုမှူးကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်သွားသဖြင့် ဤနေရာသို့ လာခဲ့ခြင်းပင်။ သို့ရာတွင် ဖုန်းယွမ်ဖျင်သည်လည်း မည်သည်ကြောင့် ဤနေရာသို့ ရောက်လာသနည်း။

ဤကဲ့သို့ အဝေးမှနေ၍ ကောင်းကင်ကံကြမ္မာကို အာရုံခံနိုင်ခြင်းသည် ကံကြမ္မာအမျိုးအစားတူညီသော ကျင့်ကြံသူများအတွက်သာ ဖြစ်နိုင်ပေ၏။ တခြားလူများသည် ကံကြမ္မာအလင်းတန်းကို မြင်ခဲ့လျှင်ပင် ထိုအရာ၏သဘောသဘာဝကို သိနိုင်မည်မဟုတ်ချေ။

"ငါ ဒီကို ဘာလို့ ရောက်နေလဲဆိုတာက....မင်း ဒီကို ဘာလို့ ရောက်နေလဲဆိုတဲ့ အကြောင်းပြချက်အတိုင်းပဲ"

ဖုန်းယွမ်ဖျင်က ရယ်မောလိုက်ပြီး ခြေလှမ်းအနည်းငယ်လှမ်းရုံဖြင့် ရှေ့သို့ချဉ်းကပ်လာခဲ့သည်။

ထိုအဘိုးအို ထွက်ပေါ်လာသည့်အချိန်မှ ခန်းမထဲသို့ ရောက်ရှိလာသည့်အချိန်အထိ အသက်သုံးရှိုက်စာပင် မကြာလိုက်ချေ။ သူ၏အမြန်နှုန်းက အံ့အားသင့်ဖွယ်ကောင်းသော်လည်း သူ၏ခြေထောက်ကို လုံးလုံးလျားလျား မလှုပ်ရှားခဲ့သကဲ့သို့ ထင်ရပေ၏။

တခြားလူများအတွက် ဤကဲ့သို့ လှုပ်ရှားမှုမျိုးသည် တောင့်တင်းနေခြင်း သို့မဟုတ် ကြည့်ရအဆင်မပြေခြင်းများ ရှိလာနိုင်သည်။ သို့ရာတွင် ရှင်းမပြနိုင်သော အကြောင်းပြချက်တစ်ခုကြောင့် လူများအားလုံးက ဤသည်ကို သဘာဝကျသည်ဟု ခံစားနေရသည်။ သူ၏လှုပ်ရှားမှုတိုင်းသည် သဘာဝအတိုင်း စီးဆင်းနေပြီး အပြစ်အနာအဆာကင်းမဲ့သည့်အလားပင်။

"ဒါက စိတ်ဝိညာဉ်သခင်တစ်ယောက်ရဲ့ လူတွေစိတ်ကို လှည့်စားဖျားယောင်းတဲ့ ဖိအားလှိုင်းလား"

ရှစ်ယွင်ကျင်းသည် ပထမဆုံး သတိပြန်ဝင်လာပြီး သူ၏ခြေလက်များ အေးစက်လာခဲ့သည်။

ကျိုးချန်းသည် သူ့ကို ထိတ်လန့်တုန်လှုပ်စေခဲ့ပြီးသားဖြစ်သည့်တိုင် ဤအသစ်ရောက်ရှိလာသူသည် ပို၍ပင် ကြောက်မက်ဖွယ်ကောင်းပေ၏။

သူသည် တမင်သက်သက် စကားပြောခြင်း သို့မဟုတ် စွမ်းအားတစ်ခုခုကို အသုံးပြုခြင်းမျိုးမရှိသော်လည်း လူများအားလုံး၏ အတွေးအမြင်နှင့်စိတ်ဆန္ဒများကို အတင်းအကြပ် ယိမ်းယိုင်သွားစေခဲ့သည်။

အကယ်၍ ဤလူကသာ လှုပ်ရှားလိုသည်ဆိုလျှင် မည်သည့်စွမ်းအားမျှ အသုံးပြုရန်မလိုအပ်ဟု သူ ခန့်မှန်းနိုင်သည်။ အတွေးတစ်ချက်တည်းဖြင့် လူများအားလုံး၏အသိစိတ်များကို ဖျက်ပစ်နိုင်ပြီး သူတို့ကို အခွံလွတ်ကြီးသက်သက်အဖြစ် ချန်ထားခဲ့နိုင်ပေ၏။ ဤှသည်မှာ အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်တစ်ဦးပင်။

ချန်ယွီဟွမ်ဘက်သို့ သူ လှည့်ကြည့်လိုက်ချိန်တွင် ဖြူဖျော့နေသောမျက်နှာကို တွေ့လိုက်ရပြီး သူသည်လည်း စကားတစ်ခွန်းမျှ မပြောနိုင် ဖြစ်နေခဲ့သည်။

"မင်းကလည်း တပည့်လက်ခံဖို့ လာတာပဲလား"

ကျိုးချန်းက သတိပြန်ဝင်လာပြီး သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။

"ဘာလို့ မရမှာလဲ...မင်းက ဆက်ခံသူ ရှာခွင့်ရှိပြီး ငါက မရှိရဘူးလား"

ဖုန်းယွမ်ဖျင်က အားရပါးရ ရယ်မောလိုက်ပြီး ခြေလှမ်းအနည်းငယ်လှမ်းရုံဖြင့် အနီးသို့ချဉ်းကပ်လာခဲ့သည်။

"ရတာပေါ့"

ကျိုးချန်းက ခေါင်းညိတ်လိုက်ပြီး ယန်ဆန်းရှစ်ဆန်းကို ညွှန်ပြလိုက်သည်။

"ဒါပေမဲ့ ဒီသာလွန်ထူးကဲတဲ့ ပါရမီရှင်လူငယ်လေးက ငါ့ရဲ့တပည့် ဖြစ်လာမှာ သေချာတယ်"

ဤလူငယ်၏ကောင်းကင်ကံကြမ္မာသည် စိတ်ဝိညာဉ်နှင့် ပတ်သက်နေခဲ့လျှင် ယခုအချိန်၌ ဖွင့်ဟပြောဆိုပြီး ဖြစ်ပေမည်။ သူသည် ထုတ်မပြောသေးသဖြင့် ဤသည်မှာ စားဖိုမှူးကံကြမ္မာဖြစ်ရန် အခွင့်အလမ်းပိုများသည်။

"ဒါကတော့ မသေချာသေးပါဘူး"

ဖုန်းယွမ်ဖျင်က ခပ်ဖျော့ဖျော့ရယ်ပြုံးလိုက်သော်လည်း သူ၏စကားမဆုံးမီမှာပင် ခေါင်းလောင်းသံကြီး တဖန်ပြန်၍ မြည်ဟီးလာသည်။ မကြာမီမှာပင် အနက်ရောင်ဝတ်ရုံဝတ် အဘိုးအိုတစ်ဦး လျှောက်လှမ်းဝင်လာခဲ့သည်။

နောက်ထပ်အစွမ်းထက်ပုဂ္ဂိုလ်တစ်ဦးကို မြင်လိုက်ရချိန်၌ ရှစ်ယွင်ကျင်းနှင့်ချန်ယွီဟွမ်တို့သည် တံတွေးမျိုချလိုက်မိပြီး လုံးလုံးလျားလျား စကားမပြောနိုင် ဖြစ်သွားကြသည်။

'ဒီနေ့ ဘာတွေ ဖြစ်နေတာလဲ'

'အရင်ဆုံး ကံကြမ္မာခန်းမ ပြိုကျပျက်စီးသွားတယ်... အခုကျတော့ ထိပ်သီးပညာရှင်တွေက ပိုက်ဆံမပေးရသလိုမျိုး တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြပါလား'

"အဘိုးကြီးမြောင်... မင်းလည်း..."

ဖုန်းယွမ်ဖျင်လည်း အံ့အားသင့်သွားသည်။

"ဟုတ်တာပေါ့...မင်းတို့လိုပဲ ငါလည်း ဆက်သွယ်မှုတစ်ခုကို အာရုံခံမိလို့ ဒီလူငယ်လေးက ငါ့ရဲ့တပည့် ဖြစ်သင့်တယ်လို့ ဆုံးဖြတ်လိုက်တယ်"

အဆိပ်ကိုးမျိုးဂိုဏ်းချုပ် မြောင်ဟန်ရှန့်က ဝမ်းသာပျော်ရွှင်စွာဖြင့် ယန်ဆန်းရှစ်ဆန်းကို ညွှန်ပြလိုက်၏။

"မင်းရဲ့တပည့်သား... အိပ်မက်မက်မနေစမ်းနဲ့"

ကျိုးချန်း၏မျက်နှာ သုန်မှုန်သွားသည်။ ဤကောင်စုတ်နှစ်ယောက်သည် သူ့ရဲ့အဆစ်ခုနစ်ဆစ်ပိုးမွှားဟင်းလျာကို လာစားရုံသာမက ယခုချိန်၌ သူ၏တပည့်ကိုလည်း လုယူချင်နေကြသည်။ ဤသည်မှာ အမှန်တကယ်ကို အလွန်တရားလွန်ပေ၏။

"ငါ့ရဲ့ပင်ကိုအသိကို ငါ ယုံတယ်... ငါတို့ လောင်းကြေးထပ်ကြမလား"

မြောင်ဟန်ရှန့်က အပြုံးဖြင့် ပြောဆိုသည်။

"လောင်းကြေးလား... ဘယ်လိုမျိုးလဲ"

ကျိုးချန်းက မျက်မှောင်ကြုတ်လိုက်သည်။

"ရိုးရိုးလေးပဲ...ငါတို့နှစ်ယောက်လုံး သူ့ကို စမ်းသပ်ခိုင်းမယ်...သူက ငါ့တပည့် ဖြစ်သွားခဲ့ရင် မင်းက ငါ့ကို ဆယ်နပ်စာ အစားအသောက်ကောင်းတွေ ချက်ကျွေးရမယ်... သူက မင်းတပည့် ဖြစ်သွားခဲ့ရင် ငါက မင်းအတွက် နောက်ထပ် အဆစ်ခုနစ်ဆစ်ပိုးကောင်တစ်ကောင် ဖမ်းပေးမယ်"

"ခဏနေအုံး...ငါလည်း ဒီလောင်းကြေးထဲ ဝင်မယ်...သူက ငါ့ရဲ့တပည့် ဖြစ်သွားခဲ့ရင်ရော ဘယ်လိုလုပ်မလဲ"

ဖုန်းယွမ်ဖျင်က ရှေ့တိုးလာသည်။

"သူက မင်းရဲ့တပည့်ဆိုရင် ငါက မင်းရဲ့တပည့်အတွက် 'အဆိပ်ဖြေဆေးလုံး'တစ်လုံးကို လက်ဆောင်ပေးမယ်...ဒါဆိုရင် သူ့မှာ အဆိပ်တွေအားလုံးကို ခုခံနိုင်စွမ်း ရှိသွားစေမယ်...ဒါက တွေ့ဆုံခြင်းလက်ဆောင်အနေနဲ့ပဲ... ဘယ်လိုသဘောရလဲ"

"ရက်ရောလိုက်တာ"

ဖုန်းယွမ်ဖျင်က ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင် သူက ဘယ်သူ့တပည့်ပဲ ဖြစ်လာလာ ငါက 'ရွှေစိတ်ဝိညာဉ်ပုလဲ' တစ်လုံး ပေးမယ်"

"သဘောတူတယ်"

ကျိုးချန်းက ခေါင်းညိတ်လိုက်၏။

ဤအပြန်အလှန်စကားပြောဆိုမှုကို ကြားလိုက်ရချိန်တွင် ရှစ်ယွင်ကျင်းနှင့်ချန်ယွီဟွမ်တို့သည် သူတို့၏လည်ချောင်း ခြောက်ကပ်သွားသကဲ့သို့ ခံစားလိုက်ရသည်။

သူတို့သည် ကျိုးချန်း၏ ဟင်းလျာများ တန်ကြေးကို နားမလည်နိုင်သော်လည်း 'အဆိပ်ဖြေဆေးလုံး' နှင့် 'ရွှေစိတ်ဝိညာဉ်ပုလဲ' တို့၏ အဖိုးတန်ရှားပါးမှုကိုမူ သိနေကြသည်။ ထိုအရာနှစ်ခုလုံးသည် တန်ဖိုးဖြတ်မရသော ရတနာများပင်။ သို့ရာတွင် ဤအဘိုးအိုသုံးယောက်သည် ထိုရတနာများကို လောင်းကြေးတစ်ခုအတွင်းသို့ ပေါ့ပေါ့ပါးပါး ထည့်သွင်းလိုက်ကြ၏။

သူတို့သည် မည်ကဲ့သို့လူစားများ ဖြစ်သနည်း...

"ယန်ဆန်းရှစ်ဆန်းကတော့ ထင်ရှားကျော်ကြားလာတော့မယ်"

"ငါတို့က ယန်မိသားစုနဲ့ ဆက်ဆံရေးကောင်းတစ်ခုကို ထူထောင်ထားမှ ဖြစ်မယ်"

ထိုအတွေးက သူတို့၏စိတ်ထဲတွင် ပေါက်ဖွားလာသည်။

ယန်ဆန်းရှစ်ဆန်းကိုယ်တိုင်သည်လည်း ဤအချက်ကို နားလည်သွားသဖြင့် စိတ်လှုပ်ရှားမှုကြောင့် သူ၏လက်သီးများကို တင်းတင်းကြပ်ကြပ် ဆုပ်မိသွားကာ သူ၏မျက်နှာ နီမြန်းလာခဲ့သည်။

နောက်ဆုံး၌ သူ ထွန်းတောက်လာတော့မည်။

ယခင်က သူ၏နာမည်ဂုဏ်သတင်းများအားလုံးကို ကျန်းရွှမ်က ခိုးယူသွားခဲ့သည်။ ဤတစ်ကြိမ်တွင် သူ အရာအားလုံးကို နှစ်ဆပြန်ယူရပေမည်။

All Chapters