အနေရခက်သွားသောယန်ဆန်းရှစ်ဆန်း
Vol. 20 Ch. 257
ယန်ဆန်းရှစ်ဆန်းသည် ပါရမီရှင်တစ်ဦးဖြစ်သည်မှာ အမှန်ပင်။ သူသည် ကျေးဇူးတရားကို အမြဲတစေ တုံ့ပြန်တတ်သော်လည်း အသက်အရွယ်နှင့်မလိုက်အောင် ကြွားဝါလိုစိတ်ရှိပြီး မာန်မာနကြီးမားသည်မှာလည်း အမှန်တရားပင် ဖြစ်ပေ၏။
ထိုသို့မဟုတ်ပါက သူသည် ဖေးလင်နှင့် ဆုယွမ်ကျဲ့တို့ကို တစ်ပြိုင်နက်တည်း ယှဉ်ပြိုင်ရန် ဤနေရာ၌ ချိန်းဆိုမည် မဟုတ်ချေ။ အစပထမတွင် သူသည် ပါရမီရှင်နှစ်ဦးကို တိုက်ပွဲတစ်ခုတည်းတွင် အနိုင်ယူခဲ့ပြီး မိုဟုန်နှင့် ယှဉ်ပြိုင်ချိန်၌ အခွင့်ကောင်းယူကာ ကြယ်စင်မြစ်နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။ ထိုကြောင့် လူတိုင်း၏အမြင်၌ သူသည် အတောက်ပဆုံးလူ ဖြစ်လာလိမ့်မည်ဟု ထင်မှတ်ခဲ့လေ၏။ ကျန်းရွှမ် ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏နေရာကို ဝင်လုသွားလိမ့်မည်ဟု အိမ်မက်ပင် မမက်ခဲ့ဖူးချေ။
ပြိုင်ဘက်သည် အဆင့်မတက်သေးသော်လည်း မိုဟုန်နှင့် ယှဉ်ပြိုင်နိုင်လေပြီ။ အကယ်၍သာ သူသာ အဆင့်တက်သွားပါက မည်မျှထိ ကြောက်မက်ဖွယ် ကောင်းမည်နည်း။
သို့ရာတွင် လက်ရှိအချိန်၌ ထိပ်သီးပညာရှင်သုံးဦးလုံးက သူ့ကို စိတ်ဝင်စားနေကြပြီး တပည့်အဖြစ် လက်ခံရန် အလုအယက် ဖြစ်နေကြသည်။ ဤအချက်ကို သူ၏ပြိုင်ဘက်မှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
"ဒါဆိုရင် စလိုက်ကြတာပေါ့"
ဆုံးဖြတ်ချက်ချပြီးသည်နှင့် သူတို့သုံးဦးသည် အချိန်မဖြုန်းလိုကြတော့ချေ။ ကျိုးချန်းက အပြုံးနှင့် ပြောဆိုလိုက်၏။
"ဒီကိုလာပြီး စမ်းကြည့်တော့.. မင်းရဲ့ ကောင်းကင်ကံကြမ္မာစွမ်းအားကို အလေးအနက်ထားပြီး ထုတ်ဖော်လိုက်ရုံပဲ"
"ဟုတ်ကဲ့"
ယန်ဆန်းရှစ်ဆန်းက အသက်ပြင်းပြင်းရှိုက်ကာ ရှေ့သို့တိုးလိုက်သည်။
သူ၏ ကောင်းကင်ကံကြမ္မာအပေါ် နားလည်သဘောပေါက်မှုသည် မည်သူနှင့် ကိုက်ညီမှန်း သူ မသိသော်လည်း သူတို့၏အရည်အချင်းနှင့်ဆိုလျှင် မည်သူပင်ဖြစ်ပါစေ သူ့အတွက် ပို၍မြင့်မားသည့်နေရာကို တက်လှမ်းနိုင်မည့် အခွင့်အရေးပင်။ သူသည်
စိတ်လှုပ်ရှားစွာဖြင့် အလင်းကွင်းထဲသို့ လက်ထည့်ပြီး သူ၏ ကျေးဇူးသိမြင်ခြင်း ကံကြမ္မာကို တိတ်တဆိတ် ထုတ်ဖော်လိုက်သည်။
ကောင်းကင်ကံကြမ္မာ စွမ်းအင်စီးကြောင်းတစ်ခုသည် သူ့ထံသို့ ဖြည်းဖြည်းချင်း စုစည်းလာသော်လည်း အလင်းကွင်းမှာမူ မည်သည့်ပြောင်းလဲမှုမျှမရှိဘဲ ငြိမ်သက်နေဆဲပင်။
"မင်းရဲ့ ကောင်းကင်ကံကြမ္မာကို ထုတ်ဖော်ပြီးပြီလား"
ကျိုးချန်း၏မျက်နှာပေါ်မှအပြုံး တောင့်တင်းသွားသည်။
ယန်ဆန်းရှစ်ဆန်းသည်လည်း အနေရခက်သွားပေ၏။
"ဟား ဟား ဟား... သူက ငါ့ရဲ့တပည့်လို့ ပြောသားပဲ... မင်းမှ မယုံတာ...အခုတော့ မင်း ဆယ်နပ်စာ ရှုံးပြီပေါ့"
ဖုန်းယွမ်ဖျင်က အားပါးတရ ရယ်မောပြီး လူငယ်လေးကို ကြည့်လိုက်သည်။
"ချစ်တပည့်လေး... ဆရာရဲ့အလင်းကွင်းနဲ့ စမ်းကြည့်ပါအုံး"
ထိုသို့ပြောပြီးသည်နှင့် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ ယခင်တစ်ခုနှင့် တထပ်တည်းတူညီသော အလင်းကွင်းတစ်ခုက လူများအားလုံး၏ရှေ့၌ ထွက်ပေါ်လာသည်။
"ဟုတ်ကဲ့"
ယန်ဆန်းရှစ်ဆန်းသည် သက်ပြင်းချလိုက်၏။
ဤတစ်ယောက်က ပို၍ပင် သန်မာအားကောင်းပုံရသည်။ သူ့ထံ၌ တပည့်ခံ၍ လေ့ကျင့်ရသည်မှာလည်း မဆိုးလှချေ။
"ဒါကလည်း ကျွန်တော်ရဲ့လက်ကို ထည့်ပြီး ကောင်းကင်ကံကြမ္မာကို ထုတ်ဖော်ရုံပဲလား"
သူက အနည်းငယ်တွန့်ဆုတ်စွာဖြင့် မေးမြန်းရင်း ရှေ့သို့လျှောက်လှမ်းသွားလိုက်သည်။
"အတိအကျပဲ"
ဖုန်းယွမ်ဖျင်က ခေါင်းညိတ်လိုက်၏။
"စိတ်ချပါ...ငါ ဒီနေရာကို ရောက်လာကတည်းက ဒီအခန်းထဲမှာ ငါ့ရဲ့တပည့်ရှိနေတာ အာရုံခံမိတယ်...မင်းမဟုတ်ရင် တခြားဘယ်သူ ဖြစ်နိုင်မှာလဲ"
ဖုန်းယွမ်ဖျင် အတပ်ပြောနေသည်ကို မြင်တွေ့ချိန်၌ ယန်ဆန်းရှစ်ဆန်း စိတ်သက်သာရာရသွားသည်။ သူ၏မျက်နှာပေါ်၌ ဝမ်းသာပျော်ရွှင်မှုများဖြင့် လွှမ်းခြုံသွားပြီး သူ၏လက်ကို အလင်းကွင်းထဲသို့ ထည့်လိုက်သည်။
အချိန်တခဏကြာပြီးနောက် ဖုန်းယွမ်ဖျင်၏ အပြုံးသည်လည်း ပျောက်ကွယ်သွားတော့သည်။
"မင်း ဘာခံစားရလဲ"
ယန်ဆန်းရှစ်ဆန်းက အချိန်တခဏမျှ စဉ်းစားပြီးနောက် တုံ့ပြန်အဖြေပေးသည်။
"ဒါက နွေးထွေးပြီး သက်တောင့်သက်သာ ရှိတယ်"
ဖုန်းယွမ်ဖျင်၏မျက်ခွံများ လှုပ်ခတ်သွားပြီး မလှမ်းမကမ်း၌ ရပ်နေသော မြောင်ဟန်ရှန့်ထံသို့ လှမ်းကြည့်လိုက်၏။
"ဒီတပည့်က မင်းရဲ့အပိုင်ပဲ"
"ဟား ဟား ဟား...ထမင်းဆယ်နပ်နဲ့ ရွှေစိတ်ဝိညာဉ်ပုလဲကို ငါ ယူလိုက်တော့မယ်...တကယ့်ကို အားနာစရာပဲ"
အဘိုးအိုမြောင်က သူ၏မုတ်ဆိတ်ကိုပွတ်သပ်ပြီး ရယ်မောလိုက်သည်။ သူ၏မျက်လုံးထဲမှ စိတ်လှုပ်ရှားမှု အရိပ်အယောင်များကို ဖုံးကွယ်မထားနိုင်တော့ချေ။
ထိုလူနှစ်ယောက်၏တပည့် မဟုတ်ပါက ဤပါရမီရှင်သည် သူ၏တပည့်ဖြစ်လာမည်မှာ သေချာသလောက်နီးပါးပင်။
သူ၏လက်ကို အသာအယာ လှုပ်ခတ်လိုက်ရာ ယခင်အတိုင်း တထပ်တည်းတူသော အလင်းကွင်းတစ်ခုက သူ၏ရှေ့၌ ထွက်ပေါ်လာသည်။
"ငါ့ရဲ့တပည့်ကောင်းလေး...သူတို့ကို လက်လျော့သွားအောင် သက်သေပြလိုက်စမ်းပါ"
"ဟုတ်ကဲ့ပါ"
ယန်ဆန်းရှစ်ဆန်းသည် နှစ်ကြိမ်တိုင်တိုင် ကျရှုံးခဲ့ပြီး စိတ်ထိခိုက်နေသော်လည်း ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့လျှောက်လှမ်းသွားလိုက်သည်။
ဤအဘိုးအို၏စွမ်းအားသည် ယခင်နှစ်ယောက်ထက် ပို၍ကြီးမားပုံရသည်။ ကံကြမ္မာက အကောင်းဆုံးကို နောက်ဆုံးမှပေးရန် ချန်ထားခြင်း ဖြစ်နိုင်လောက်သည်။
အတွေးမျိုးစုံဖြင့် သူ၏ကျေးဇူးသိမြင်ခြင်းကံကြမ္မာကို ထပ်မံ၍ ထုတ်ဖော်လိုက်သော်လည်း အလင်းကွင်းသည် သံပြားတစ်ချပ်ကဲ့သို့ ငြိမ်သက်နေပြီး မည်သည့်တုံ့ပြန်မှုမျှ မရှိချေ။
ယန်ဆန်းရှစ်ဆန်း၏မျက်ခွံများ တုန်ရီသွားပြီး မကောင်းသောနိမိတ်ကို ရုတ်တရက် ခံစားလိုက်ရလေသည်။ သူသည် ကောင်းကင်ကံကြမ္မာကို အလျင်အမြန် ထပ်မံ၍ ထုတ်ဖော်ကြည့်သော်လည်း အလင်းကွင်းသည် လုံးလုံးလျားလျား လှုပ်ရှားမသွားချေ။
သူ့မျက်နှာ ဖြူဖျော့သွားပေ၏။ ဤကိစ္စ အဆုံးသတ်သွားခဲ့လေပြီ။ သူသည် ကျန်းရွှမ်၏ရှေ့၌ မျက်နှာပြန်ယူကာ ကြွားဝါလိုခဲ့သော်လည်း ယခုချိန်၌မူ လူရယ်စရာ ဖြစ်သွားခဲ့လေပြီ။
"အမ်...ဒါက"
အခန်းတစ်ခုလုံး တိတ်ဆိတ်သွားပြီး တစ်ဦးနှင့်တစ်ဦး ကြောင်ငေးကြည့်နေကြသည်။ ရှစ်ယွမ်ကျင်း ချန်ယွီဟွမ်နှင့် တခြားသူများသည်လည်း ကြောင်အသွားကြ၏။
ထိပ်သီးပညာရှင်ကြီးသုံးဦးသည် တပည့်ရှာရန် ယုံကြည်ချက်အပြည့်ဖြင့် လာရောက်ပြီး အပြိုင်အဆိုင် ဖြစ်ခဲ့ကြသော်လည်း ကြိမ်ဖန်များစွာ စမ်းသပ်ပြီးနောက် မည်သူမျှ သူ့ကို မရွေးချယ်ကြချေ။
"မင်း မဟုတ်ဘူးလား"
မြောင်ဟန်ရှန့်သည်လည်း သတိပြန်ဝင်လာပြီး ကျိုးချန်းကို စူးစူးဝါးဝါး ကြည့်လိုက်သည်။
"အဘိုးကြီးကျိုး...မင်း ရှာတွေ့ထားတဲ့လူက သူလား"
"ငါ..."
ကျိုးချန်းသည် အနည်းငယ် စိတ်မကောင်းဖြစ်သွားပေ၏။
"အခုလက်ရှိ ရှိနေတဲ့လူတွေထဲမှာ သူရဲ့ပါရမီက အမြင့်မားဆုံးမလို့ ငါ့ရဲ့တပည့်ဖြစ်ဖို့ အရည်အချင်းပြည့်မီတဲ့ တစ်ယောက်တည်းသောလူလို့ ငါ ထင်ခဲ့မိတယ်"
မြောင်ဟန်ရှန့် အံ့အားသင့်သွားသည်။ ကျိုးချန်းထံတွင် အကြောင်းပြချက် ခိုင်ခိုင်လုံလုံရှိမည်ဟု သူ တွေးထင်ခဲ့သော်လည်း ပါရမီအမြင့်ဆုံးလူကို ရွေးချယ်ခဲ့ခြင်း ဖြစ်နေသည်။ သို့ရာတွင် အကယ်၍ ကျိုးချန်းနေရာတွင် သူဖြစ်နေလျှင်လည်း ဤကဲ့သို့ ရွေးချယ်မိပေလိမ့်မည်။ မည်သူက ပါရမီအမြင့်မားဆုံးတပည့်ကို မလိုချင်ဘဲ နေမည်နည်း။
အဘိုးအိုသုံးဦးလုံးသည် သူ့ကိုမရွေးချယ်မှန်းသိသွားချိန်၌ ယန်ဆန်းရှစ်ဆန်းသည် စိတ်ပျက်သွားပြီး အံ့တင်းတင်းကြိတ်ကာ ပြောဆိုလိုက်၏။
"စီနီယာတို့... ကျွန်တော်က ခင်ဗျားတို့ရှာနေတဲ့သူ မဟုတ်ပေမယ့် ပါရမီမဆိုးဘူးလို့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်ပါတယ်...ကျွန်တော်ကို အပြင်စည်းတပည့်အဖြစ် လက်ခံပေးပါ... ကျွန်တော်က တသက်လုံး စီနီယာတို့ရဲ့အမိန့်အတိုင်း လိုက်နာဆောင်ရွက်ပါ့မယ်"
"တခြားနေရာမှာ သွားဆော့နေစမ်း"
မြောင်ဟန်ရှန့်က လက်ကာပြလိုက်သည်။ အကယ်၍ သူတို့သာ တပည့်လက်ခံချင်လျှင် ကျိုးယီမြို့တစ်ဝိုက်၌ လူထောင်ပေါင်းများစွာ တန်းစီနေပေလိမ့်မည်။ ဤလူငယ်၏ပါရမီသည် မဆိုးလှသော်လည်း စစ်မှန်သော ပါရမီရှင်များနှင့် နှိုင်စယှဉ်လျှင် များစွာကွာခြားနေသည်။
မျက်နှာနီမြန်းနေသော ယန်ဆန်းရှစ်ဆန်းကို လျစ်လျူရှုပြီး မြောင်ဟန်ရှန့်က အခန်းထဲသို့ ဝေ့ဝဲ၍ရှာဖွေကြည့်လိုက်ရာ ကျိုးချန်း၏အသံကို ကြားလိုက်ရသည်။
"မင်းက ဂိုဏ်းခွဲသခင်ချန် ထောက်ခံပေးတဲ့ ကျန်းရွှမ် မဟုတ်လား"
မြောင်ဟန်ရှန့်က လှမ်းကြည့်လိုက်၏။
ကျိုးချန်း၏ရှေ့မှ လူငယ်သည် အသက် နှစ်ဆယ့်ခုနစ် နှစ်ဆယ့်ရှစ်နှစ်ခန့်ရှိပြီး အရပ်ရှည်ကာ ပိန်ပါးသည်။ သူ၏မျက်နှာသည် ကြည်လင်ပြီး စိတ်လန်းဆန်းသော ခံစားချက်ကို ပေးစွမ်းသည်။ သူ၏နတ်ဘုရားစိတ်အာရုံ လှုပ်ခတ်သွားပြီး တစ်ဖက်လူ၏ကျင့်ကြံဆင့်ကို ချက်ချင်းသိလိုက်သည်။
ဤှလူငယ်သည် ဓမ္မရုပ်သွင်နယ်ပယ် အထွတ်အထိပ်အဆင့်တွင်ရှိနေကာ ကျင့်ကြံဆင့် မြင့်မားခြင်းမရှိပေ။
"ဟုတ်ပါတယ်"
ကျန်းရွှမ်က သူ၏လက်ကိုပူးဆုပ်ပြီး အရိုအသေပြုလိုက်သည်။
"မင်းလည်း လာစမ်းကြည့်ပါလား..."
ကျိုးချန်းက လက်ယပ်ခေါ်ကာ ပြောဆိုသည်။
"မင်းရဲ့ပါရမီက နည်းနည်းနိမ့်ပါးပုံရပေမယ့် ငါ့ရဲ့ ကောင်းကင်ကံကြမ္မာကို ကျင့်ကြံပြီးတော့ ငါ့ရဲ့တပည့်ဖြစ်လာရင် မင်း နာမည်ကျော်ကြားလာပြီး ဒီခေတ်ကာလရဲ ထိပ်သီးကျင့်ကြံသူတစ်ယောက် ဖြစ်လာနိုင်တယ်"
"တောင်းပန်ပါတယ်... ကျွန်တော်က ဆရာတင်ဖို့ အစီအစဉ်မရှိဘူး... ဒါကြောင့် စမ်းသပ်ဖို့ မလိုပါဘူး"
ကျန်းရွှမ်က ခေါင်းခါပြလေသည်။
ခုန်းရှီပင်လျှင် သူ့ကို တပည့်အဖြစ် လက်ခံလိုခဲ့သော်လည်း သူ လက်မခံခဲ့ချေ။ ဤအဘိုးကြီးများဆိုလျှင် ဆိုဖွယ်ရာပင် မရှိချေ။
ထို့ပြင် ဤလူသည် သူ၏ကောင်းကင်ကံကြမ္မာကို ထုတ်ဖော်ပြသခြင်းမရှိသော်လည်း ကျန်းရွှမ်ကမူ ကောင်းကင်ဘုံသောကကံကြမ္မာကို မည်သူမျှ မကျင့်ကြံဖူးဘဲ သူသာလျှင် ပထမဆုံးဖြစ်ကြောင်း အတည်ပြုနိုင်သည်။
ထို့ကြောင့် သူ စမ်းသပ်သည်ဖြစ်စေ မစမ်းသပ်သည်ဖြစ်စေ အဓိပ္ပါယ်မရှိချေ။
"ဆရာ မလိုချင်ဘူးလား"
ဤမျှကောင်းမွန်သော အခွင့်အရေး ရှိနေသည့်တိုင် ငြင်းပယ်လိမ့်မည်ဟု ထင်မှတ်မထားသဖြင့် ကျိုးချန်းသည် စိတ်မကျေမနပ် ဖြစ်သွားလေ၏။
"ငါ ဘယ်သူလဲဆိုတာ မင်း သိလား... ငါ့ကိုငြင်းပယ်တာက ဘာအဓိပ္ပါယ်လဲ"
ချန်ယွီဟွမ်သည်လည်း စိုးရိမ်ပူပန်သွားသည်။
"သခင်လေးကျန်း...မမိုက်မဲပါနဲ့"
"ဘာအဓိပ္ပါယ်ပဲဖြစ်ဖြစ် လောလောဆယ်မှာ ကျွန်တော်က ဆရာတင်ဖို့ အစီအစဉ် မရှိပါဘူး"
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
ဤသည်ကိုကြည့်ပြီး ယန်ဆန်းရှစ်ဆန်းသည် နောင်တကြီးစွာရနေမိသည်။
အကယ်၍ သူ့ထံ၌ အခွင့်အရေးမရှိမှန်းသိလျှင် သူသည်လည်း ငြင်းပယ်ခဲ့မိပေမည်။ ယခုချိန်တွင်မူ ကျန်းရွှမ်သည် သူ့ထက် သာသွားပြန်လေပြီ။
"မင်းစိတ်မဝင်စားရင် ငါအတင်းမတိုက်တွန်းပါဘူး.... ဒါပေမဲ့ မင်း စမ်းကြည့်တာက အကျိုးမယုတ်ပါဘူး"
သူ၏ရှေ့မှလူငယ်သည် အမှန်တကယ်စိတ်မဝင်စားကြောင်း မြင်တွေ့ချိန်၌ ကျိုးချန်းက တွေဝေတုံ့ဆိုင်းသွားပြီး ယခင်ကဲ့သို့ တည်ငြိမ်မနေတော့ဘဲ အပြုံးနှင့် အလျင်အမြန် ပြောဆိုလိုက်၏။
"ပြီးတော့ ငါ စောစောက ပြောခဲ့သလိုပဲ... ငါတို့ရဲ့ ကောင်းကင်ကံကြမ္မာချင်း တူညီရင် မင်းက ဒီအလင်းကွင်းကို မင်းရဲခန္ဓာကိုယ်ထဲ စုပ်ယူနိုင်လိမ့်မယ်... ဒါက မင်းရဲ့ကျင့်ကြံဆင့်ကို တိုးတက်လာဖို့ အထောက်အကူပြုရုံသာမက သောင်းနဲ့ချီတဲ့ ကောင်းကင်ကံကြမ္မာစီးကြောင်းတွေအဖြစ်ပြောင်းလဲသွားပြီးတော့ ကောင်းကင်ကံကြမ္မာကို ပိုပြီးမြင့်မားတဲ့အဆင့်ထိ နားလည်သဘောပေါက်အောင် ကူညီပေးနိုင်တယ်"
"သောင်းနဲ့ချီတဲ့ ကောင်းကင်ကံကြမ္မာစွမ်းအင်တွေ....ဟုတ်လား..."
ကျန်းရွှမ်၏မျက်လုံးများ ချက်ချင်းတောက်ပသွားသည်။