ကျိုးချန်း တပည့် လက်ခံခြင်း(၂)
Vol. 20 Ch. 259
"..."
အခန်းတစ်ခန်းလုံး ချက်ချင်းဆိုသလိုပင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။
လူများအားလုံး၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားကြပြီး မေးခွန်းအမှတ်အသားများသည် သူတို့၏ခေါင်းများအထက်တွင် ပျံဝဲလုနီးပါးဖြစ်နေကာ သူတို့ကို စကားမပြောနိုင် ဖြစ်သွားစေခဲ့သည်။
သူတို့ထံတွင် အခွင့်အရေး ရှိသည်ဟု ထင်ကာ သူတို့၏ကောင်းကင်ကံကြမ္မာကို ဇွဲလုံ့လစိုက်ထုတ်၍ နှိုးဆွနေကြသူများပင်လျှင် ကူကယ်ရာမဲ့သော အကြည့်များဖြင့် အပြန်အလှန် ကြည့်လိုက်ကြသည်။ သူတို့၏မျက်နှာများပေါ်တွင် မျှော်လင့်ချက်ကင်းမဲ့သွားသော အမူအယာများ ထင်ဟပ်နေပေ၏။
အထူးသဖြင့် ကျိုးချန်း၏ရွေးချယ်ခြင်းကို အစောပိုင်းက ခံခဲ့ရသော ယန်ဆန်းရှစ်ဆန်းပင်။ သူသည် ကျိုးချန်း၏တပည့် ဖြစ်လာကာ ကျန်းရွှမ်၏ရှေ့တွင် သူ၏အဆင့်အတန်းသစ်ကို ကြွားဝါရန်နှင့် သူ၏ဂုဏ်ကျက်သရေကို မြှင့်တင်ရန် မျှော်လင့်ခဲ့သည်။ သို့ရာတွင် အဆုံးသတ်၌ သူသည် အရည်အချင်း ပြည့်မီခဲ့ခြင်းမရှိချေ။
ထိုကိစ္စတစ်ခုတည်းကပင် သူ့အတွက် လုံလောက်အောင် ဆိုးရွားနေလေပြီ။ ကံကြမ္မာဆိုသည်မှာ လှည့်စားတတ်သည်ဆိုလျှင်ပင် မြင်းတစ်ကောင်ပင်လျှင် တပည့်အဖြစ် လက်ခံခြင်းခံရမည်လော...
"ဒါ....ဒါက နည်းနည်းတော့ လွန်သွားပြီထင်တယ်"
ရှစ်ယွင်ကျင်း၏မျက်ခွံများ တုန်ရီနေပြီး တီးတိုး ရေရွတ်လိုက်သည်။ သူ၏နံဘေးတွင်ရှိနေသော ချန်ယွီဟွမ်ကလည်း ထပ်ခါတလဲလဲ ခေါင်းညိတ်နေသည်။
လူများအားလုံး မှင်တက်နေခဲ့သည်။ ရွေးချယ်ခံရသူကို သူ၏ကိုယ်ပိုင်သားသမီးကဲ့သို့ သဘောထားမည်ဟု ယခုလေးတင် ကျိန်ဆိုခဲ့သော ကျိုးချန်းသည် ကြက်သေသေသွားပေ၏။ သူ၏အမြင်အာရုံများ မည်းမှောင်သွားပြီး သူ နေရာတွင် မူးမေ့လဲကျသွားလုနီးပါးပင်။
'ငါ အခုလေးတင် ဘာကို မျက်မြင်တွေ့လိုက်ရတာလဲ'
'စားဖိုမှူးကံကြမ္မာအတွက် ဆက်ခံသူတစ်ယောက်ကို နှစ်ပေါင်းများစွာကြာအောင် ရှာဖွေခဲ့တာတောင် မအောင်မြင်ခဲ့ဘဲနဲ့... အခုကျမှ ငါ့ရဲ့ဆက်ခံသူက မြင်းတစ်ကောင်လို့ ပြောနေတာလား'
ကျိုးချန်းက တုန်တုန်ရီရီဖြင့် သူ၏ မျက်လုံးများကို ပွတ်သပ်လိုက်သည်။
ယခုအချိန်၌ အလင်းကွင်းကို စုပ်ယူပြီးသွားသော သောက်လီသည် စိတ်ကျေနပ်စွာဖြင့် လေချဥ်တက်လိုက်၏။
ဘုန်း....
ကျယ်လောင်သော တုန်ခါသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး ကောင်းကင်ကံကြမ္မာ စွမ်းအင်များသည် မြင်း၏ခန္ဓာကိုယ် နံဘေးပတ်လည်သို့ တိုးဝင်လာခဲ့သည်။ မြင်းထံမှ ဖိအားအရှိန်အဝါတစ်ရပ် ပွင့်အံ့ထွက်လာပြီးနောက် မရေမတွက်နိုင်သော ကောင်းကင်ကံကြမ္မာစွမ်းအင်စီးကြောင်းများသည် သူ၏ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားခဲ့သည်။
တစ်ချိန်တည်းမှာပင် မြင်းသည် ကြယ်စင်မြစ်နယ်ပယ် နှင့် ကောင်းကင်ကံကြမ္မာ ဒုတိယအဆင့်သို့ ချိုးဖျက်ဝင်ရောက်သွားခဲ့သည်။
ထိုမျှနှင့် မလုံလောက်သေးသည့်အလား သောက်လီ ကျင့်ကြံဆင့်ချိုးဖျက်စဥ်တွင် ကံကြမ္မာမြစ်နှင့် ဆင်တူသော စွမ်းအင်စီးကြောင်းတစ်ခုသည် သူ၏နံဘေးပတ်လည်တွင် ဝိုးတဝါးပေါ်ထွက်လာခဲ့သည်။ ကျိုးချန်း၏ အကြည့်သည် မလွှဲမရှောင်သာဘဲ မြစ်ကြောင်းအတိုင်း မူလအစဆီသို့ လိုက်ပါသွားရာ ဤသည်မှာ သူ၏ စားဖိုမှူးကောင်းကင်ကံကြမ္မာနှင့် ပြီးပြည့်စုံစွာ ရစ်ပတ်နေခဲ့သည်ကို မြင်တွေ့မိသည်။
ဤသည်မှာ အတိအကျကို ကိုက်ညီနေခဲ့ပေ၏။
မြင်းတစ်ကောင်သည် သူ၏အမွေအနှစ်ကို နားလည်သဘောပေါက်ခဲ့သလော....
'လာစမ်းပါ..ငါ့ကို ရှင်းပြကြစမ်းပါ... မြင်းခွာတွေနဲ့ ဓားကို ဘယ်လိုကိုင်ပြီးတော့ ဟင်းသီးဟင်းရွက်ကို ဘယ်လိုလှီးပြီး ဒယ်အိုးကို ဘယ်လို လှုပ်မှာလဲ..'
'အစက ငါက မွေးစားသား ဒါမှမဟုတ် သမီးတစ်ယောက် လက်ခံဖို့ အသင့်ပြင်ထားခဲ့တာ... ဒါပေမဲ့ အခု ငါက ဒီမြင်းကို လက်ခံရမှာလား'
တခြားလူများသည် သူတို့၏တပည့်များကို ဂုဏ်ယူဝံ့ကြွားစွာ မိတ်ဆက်ကြမယ့် ပြိုင်ပွဲများကို သူ စဥ်းစားကြည့်မိသည်။
'ဒါက ငါ့ရဲ့ ချစ်လှစွာသော တပည့်လေးလေ'
ထို့ပြင် မြင်းတစ်ကောင်ကို ညွှန်ပြရင်း သူသည် 'ဒါက ငါ့ရဲ့သားပဲ'ဟု မိတ်ဆက်ပေးရမည်လော...
ဤသို့ တွေးတောမိရုံမျှဖြင့် သူ၏အမြင်အာရုံများ မည်းမှောင်သွားစေခဲ့သည်။
ကျိုးချန်း စိတ်ပျက်လက်ပျက် ဖြစ်နေစဥ်မှာပင် ကျန်းရွှမ်က ရုတ်တရက် မြင်းထံသို့ ချဉ်းကပ်သွားခဲ့သည်။ သူသည် သတိပေးခြင်း မရှိဘဲ မြင်း၏မျက်နှာကို ပါးဖြတ်ရိုက်လိုက်၏။
"ပြန်ထွေးထုတ်လိုက်စမ်း...ဘယ်သူက မင်းကို အဲ့ဒါကို စုပ်ယူခိုင်းလို့လဲ"
"ဟီး..."
သောက်လီက မတရားခံရသည့်အလား ကျယ်လောင်စွာဟီလိုက်သည်။
သူသည် အလင်းကွင်းထဲမှ ကောင်းကင်ကံကြမ္မာစွမ်းအင်သည် သူ၏နားလည်သဘောပေါက်မှုနှင့် တူညီနေသည်ကို တွေ့ရှိခဲ့သဖြင့် မနေနိုင်မထိုင်နိုင် ဝါးမျိုခဲ့ခြင်းဖြစ်သည်။ သူ၏သခင် ဤမျှထိ ဒေါသထွက်သွားမည်ကို မည်သူက သိနိုင်မည်နည်း။
"ဒါက ဘာဖြစ်နေတာလဲ"
ကျိုးချန်းသည် ကျန်းရွှမ်နှင့်မြင်းတို့ အလွန်ရင်းနှီးစွာ ဆက်ဆံနေသည်ကို မြင်တွေ့ချိန်၌ ဆက်လက်၍ ထိန်းချုပ်မထားနိုင်တော့ဘဲ မေးမြန်းလိုက်သည်။
"ဒါက..."
ကျန်းရွှမ်သည် အနေရခက်စွာဖြင့် သူ၏ခေါင်းကို ကုတ်လိုက်၏။
"ဒီမြင်းက ကျွန်တော်ရဲ့အိမ်မွေးသားရဲပါ...သူက ခင်ဗျားရဲ့ အလင်းကွင်းကို မတော်တဆ မျိုချလိုက်မိတာ...ကျွန်တော် သူ့ကို ချက်ချင်း ပြန်ထွေးထုတ်ခိုင်းလိုက်ပါ့မယ်"
အမှန်အတိုင်းပြောရလျှင် သူကိုယ်တိုင်လည်း ထပ်တူထပ်မျှ အံ့အားသင့်နေခဲ့သည်။ သူသည် မြင်းကို ရင်းမြစ်ရေအိုင် ဖွင့်လှစ်ရန် ကူညီပေးခဲ့ပြီး ရှေးဦးမူလဘူတမြေဝါရောင်စွမ်းအင်တချို့ကို သူ့ထံသို့ ထည့်သွင်းပေးခဲ့ရုံမျှသာဖြစ်သည်။ မြင်း၏အခြေအနေသည် ဤမျှထိ မြင့်တက်သွားမည်ကို မည်သူက သိနိုင်မည်နည်း။
"ပြန်ထွေးထုတ်ဖို့ မလိုတော့ဘူး"
ကျိုးချန်းက စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်ပြီး သောက်လီထံသို့ ပို၍နီးကပ်စွာ ချဥ်းကပ်ကာ မြင်းကို စူးစိုက်၍ကြည့်လိုက်သည်။
"မင်း ချက်ပြုတ်တတ်လား"
သောက်လီက ခေါင်းမော့လိုက်၏။
"ဟီး...."
ကျန်းရွှမ်က အဓိပ္ပါယ်ပြန်ပေးလေသည်။
"သူပြောတာက 'ခင်ဗျားက ဘယ်သူ့ကို အထင်သေးနေတာလဲ' တဲ့"
ကျိုးချန်း ဆွံ့အသွားသည်။
"ပြီးတော့ မင်းရဲ့ အဲ့ဒီခွာတွေက ဟင်းသီးဟင်းရွက်တောင် လှီးနိုင်လို့လား"
သောက်လီက မကျေမနပ်ဖြင့် နှာမှုတ်လိုက်သည်။
"ဟီး...ဟီး...."
ကျန်းရွှမ်က လည်ချောင်းရှင်း၍ ရှင်းပြလိုက်သည်။
"သူပြောတာက 'ဒီအဘိုးကြီး ဘယ်သူ့ကို မလုပ်တတ်ဘူးလို့ ပြောနေတာလဲ' တဲ့...အမ် ဒါက သူပြောတဲ့ စကားတွေပါ...ကျွန်တော် ပြောတာ မဟုတ်ဘူး"
ကျိုးချန်းက ပြောဆိုသည်။
"ဒါဆိုရင် မင်းက ငါ့အတွက် မြင်းသားနည်းနည်းလောက် ချက်ပြုတ်ပေးပါလား"
သောက်လီ၏ခန္ဓာကိုယ်သည် နောက်သို့ကျုံ့သွားလေ၏။
"ဟီး...ဟီး.."
ကျန်းရွှမ်က အဓိပ္ပါယ်ပြန်ပေးသည်။
"သူ ပြောတာက 'မြင်းသားက အရသာမကောင်းဘူး... ပြီးတော့ သူ မှားသွားတယ်ဆိုတာ ဝန်ခံပါတယ်'တဲ့"
ကျိုးချန်း ဆွံ့အသွားသည်။
ငတုံးငအတစ်ယောက်ပင်လျှင် ယခုအချိန်၌ ဤမြင်းသည် သူ၏ 'စားဖိုမှူး ကောင်းကင်ကံကြမ္မာ' ကို အမှန်တကယ် နားလည်သဘောပေါက်ခဲ့ပြီး ချက်ပြုတ်နိုင်သည်ကို မြင်နိုင်ပေ၏။
"အဟမ်း...အဘိုးကြီးကျိုး ငါတို့ ဆက်ရှာသင့်သေးတယ်ထင်တယ်...အချိန် ရှိပါသေးတယ် ပြီးတော့ စားဖိုမှူး ကောင်းကင်ကံကြမ္မာက မြစ်ကြီးတစ်စင်းလို စီးဆင်းနေတာပဲ... မင်းက ပိုကောင်းတဲ့ တပည့်တွေကို ရှာတွေ့နိုင်မှာ သေချာပါတယ်"
မြောင်ဟန်ရှန့်က သူ့မိတ်ဆွေ၏ ဝမ်းချုပ်သကဲ့သို့ ရှုံမဲ့နေသော အမူအယာကို မြင်တွေ့ချိန်၌ နှစ်သိမ့်ပေးရန် ကြိုးစားလိုက်သည်။
"တပည့်တွေက ရှာရ လွယ်ပါတယ်... ဒါပေမဲ့ ငါ့ရဲ့ အမွေအနှစ်ကို ဆက်ခံနိုင်စွမ်းရှိတဲ့သူ... ဒါက ဘယ်လိုလုပ်ပြီး လွယ်ကူမှာလဲ"
ကျိုးချန်းသည် ခါးသီးသောအပြုံးတစ်ခုကို ပြုံးလိုက်၏။
"ဒါကတော့...."
မြောင်ဟန်ရှန့်နှင့်ဖုန်းယွမ်ဖျင်တို့သည် ကူကယ်ရာမဲ့သော အကြည့်များဖြင့် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
စားဖိုမှူး ကောင်းကင်ကံကြမ္မာသည် တတိယတန်းစား ကောင်းကင်ဘုံကံကြမ္မာကိုးဆယ့်ကိုးခုအနက်မှ တစ်ခုပင်။ ထိုကံကြမ္မာကို ဆက်ခံနိုင်ရန်အတွက် အခြေအနေများစွာ လိုအပ်သည်။
ဤသည်မှာပြိုင်ဘက်ကင်းသော ပါရမီနှင့် ကံကြမ္မာ၏ အဓိက အခြေခံသဘောတရားများကို နားလည်သဘောပေါက်ရန်ပင်။ဤ စံသတ်မှတ်ချက်များအားလုံးကို ပြည့်မီရန်မှာ မလွယ်ကူလှချေ။
ထို့ကြောင့် ဤနှစ်များတလျှောက် ရှာဖွေခဲ့ကြသော်လည်း ကျိုးချန်းနှင့် သူ၏မိတ်ဆွေများသည် သင့်လျော်သော ဆက်ခံသူလောင်း တစ်ဦးကို မတွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။ ယခုအချိန်၌ အဝေးမှနေ၍ ဝိုးတဝါးလက္ခဏာတစ်ခုကို အာရုံခံမိပြီးနောက် သူတို့သည် ရွှေတွေ့ပြီဟု ထင်ခဲ့ကြသော်လည်း နောက်ဆုံးတွင် ဤသည်မှာ မြင်းတစ်ကောင် ဖြစ်နေခဲ့သည်။
"ဒါဆို မင်း ဘယ်လိုလုပ်မလဲ"
ဖုန်းယွမ်ဖျင်က မေးမြန်းသည်။
"ငါ ဘာလုပ်နိုင်အုံးမှာလဲ... ဒါက ကံကြမ္မာပဲ ကံကြမ္မာက ငါ့ကို မြင်းတစ်ကောင်ကို တပည့်အဖြစ် ပေးပြီဆိုမှတော့ ငါ လက်ခံရမှာပဲ"
ကျိုးချန်းထံ၌ မလိုလားမှုများ ရှိနေသော်လည်း သူက သက်ပြင်းတစ်ချက် ချလိုက်သည်။
ကောင်းကင်ကံကြမ္မာကျင့်ကြံသူများအနေဖြင့် သူတို့အားလုံး သိရှိကြသည်မှာ သူတို့၏ မျှော်မှန်းချက်များ မည်မျှပင် မြင့်မားစေကာမူ သို့မဟုတ် သူတို့၏ စိတ်ဆန္ဒများ မည်မျှပင် အားကောင်းစေကာမူ သူတို့သည် ကံကြမ္မာ၏ လျှို့ဝှက်ဆန်းကြယ်သော လုပ်ဆောင်ချက်များကို မဆန့်ကျင်နိုင်ကြချေ။
"ကောင်းပြီလေ"
သူတို့၏မိတ်ဆွေသည် ဤမျှထိ လက်လျှော့ထားသည်ကို မြင်တွေ့ချိန်၌ ဖုန်းယွမ်ဖျင်နှင့် မြောင်ဟန်ရှန့်တို့သည် ခေါင်းညိတ်ပြပြီး ဆုမွန်ကောင်းတောင်းပေးရုံသာ တတ်နိုင်တော့သည်။
သူတို့၏ကျင့်ကြံဆင့်တွင်ပင် သူတို့၏သက်တမ်း၌ အကန့်အသတ်များ ရှိနေသည်။ အကယ်၍ ကျိုးချန်းသာ မကြာမီတွင် တပည့်တစ်ယောက် မခေါ်ယူခဲ့ပါက သူ၏ကံကြမ္မာသည် အချိန်၏မြစ်ရေအတွင်းတွင် ပျောက်ကွယ်သွားပေလိမ့်မည်။ တသသ ဖြစ်နေသော နောင်တများသည် 'ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ'တစ်ခုကို ဖြစ်ပေါ်စေနိုင်ပြီး မရေမတွက်နိုင်သော အသက်ပေါင်းများစွာကို ထိခိုက်စေကာ သူ၏စိတ်ဝိညာဉ်ကို မငြိမ်မသက် ဖြစ်စေနိုင်သည်။
"ကောင်းပြီလေ...မင်း ဘာလုပ်နိုင်လဲဆိုတာကြည့်ကြသေးတာပေါ့.... ငါ့ကို ဟင်းတစ်ပွဲ ချက်ပြစမ်း"
ကျိုးချန်းသည် ခေါင်းခါလိုက်ပြီး သူ၏ လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ကာ ချက်ပြုတ်ရေးပစ္စည်းများနှင့် ပါဝင်ပစ္စည်းများကို ထုတ်ယူလိုက်သည်။
"ဟီး ဟီး..."
သောက်လီသည် ခွင့်ပြုချက်တောင်းခံသည့်အလား ကျန်းရွှမ်ထံသို့ လှမ်းကြည့်လိုက်သည်။ သူ၏သခင်က ခေါင်းညိတ်သည်ကို မြင်တွေ့ချိန်၌ မြင်းသည် ခါးစည်းတစ်ခုကို ချည်နှောင်လိုက်ပြီး မီးဖိုချောင်သုံးဓားတစ်လက်ကို သူ၏ခွာများကြား၌ ဟန်ချက်ညီအောင် ကိုင်လိုက်ကာ အလုပ်စတင်လိုက်တော့သည်။
ဒေါက်...ဒေါက်...ဒေါက်...
အာလူးမျှင်ကြော်တစ်ပွဲသည် အချိန်တဏအတွင်းမှာပင် အဆင်သင့်ဖြစ်သွားသည်။ ထိုအာလူးမျှင်များသည် အံ့အားသင့်စရာကောင်းလောက်အောင် သေးမျှင်ပြီး ညီညာနေခဲ့သည်။
"ဒီ ဓားချက်က ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် လေ့ကျင့်ခဲ့တဲ့ စားဖိုမှူးအများစုထက်တောင် ပိုကောင်းနေပြီ"
ကျိုးချန်းက မျက်မှောင်ကြုတ်ပြီး တီးတိုး ရေရွတ်လိုက်သည်။
သောက်လီထံ၌ အဆင်မပြေပုံရသော ခွာများ ရှိနေသော်လည်း သူ၏ကျွမ်းကျင်မှုသည် ငြင်းဆန်၍မရလောက်အောင် ဖြစ်နေခဲ့သည်။ သူသည် ကျိုးချန်း၏အဆင့်သို့ မရောက်သေးသော်လည်း သာမန်စားဖိုမှူးအများစုထက် ကျော်လွန်နေခဲ့သည်။
လှီးဖြတ်ခြင်း ရောစပ်ခြင်း မီးမွှေးခြင်း ချက်ပြုတ်ခြင်းစသည့် လုပ်ငန်းစဥ် တစ်ခုလုံးကို သူသည် လွယ်ကူစွာ ပြီးမြောက်စေခဲ့ပေ၏။ မကြာမီမှာပင် သူ ကြော်လှော်ထားသော အာလူးမျှင်ကြော်တစ်ပွဲကို ပြသလာခဲ့သည်။
ကျိုးချန်းက ထိုအရာကို မြည်းစမ်းကြည့်လိုက်သည်။ အရသာသည်ထူးကဲခြင်း မရှိသော်လည်း အတော်အသင့် ကောင်းမွန်နေခဲ့သည်။
"ကောင်းပြီလေ... မင်းဆိုလည်း အဆင်ပြေလောက်ပါတယ်"
မြင်း၏ပါရမီကို မြင်တွေ့ချိန်၌ ကျိုးချန်းသည် အလျှော့ပေးလိုက်ပြီး သောက်လီကိုကြည့်ကာ ခပ်ဖျော့ဖျော့အပြုံးနှင့် ပြောဆိုလိုက်သည်။
"ငါ မင်းကို ငါ့ရဲ့တပည့်အဖြစ် လက်ခံမယ်...မင်းက ငါနဲ့အတူ စားဖိုမှူး နတ်ဘုရား ခန်းမကို လိုက်ခဲ့တော့..မင်း ဘာမှစိတ်မပူနဲ့.. ငါ့ရဲ့ လမ်းညွှန်မှုအောက်မှာ မင်း မြန်မြန်ဆန်ဆန် တိုးတက်လာဖို့ ငါ အာမခံတယ်"
သောက်လီ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။ ထို့နောက် မြင်း၏ကြီးမားသောခေါင်းသည် ချိန်သီးတစ်ခုအလား ဘယ်ညာယမ်းခါသွားသည်။
"ဟီး ဟီး..."
ကျန်းရွှမ်က အဓိပ္ပါယ်ပြန်ပေးသည်။
"သူ ပြောတာက 'လက်မခံဘူး သူ ငြင်းဆန်တယ်' တဲ့"
ကျိုးချန်း ဆွံ့အသွားသည်။
"..."
သူသည် မြင်းတစ်ကောင်ကို တပည့်အဖြစ် လက်ခံရန် မရေမတွက်နိုင်သော စိတ်ပိုင်းဆိုင်ရာ အတားအဆီးများကို ဖြတ်ကျော်ခဲ့ပြီးမှမြင်းသည် ငြင်းပယ်ခဲ့သလော...
ကျိုးချန်း လုံးလုံးလျားလျား ကြက်သေသေသွားသည်။