← Chapters

ထာဝရအသက် အုပ်စိုးသူအရှင်

Vol. 20 Ch. 260

ထာဝရအသက် အုပ်စိုးသူအရှင်

Vol. 20 Ch. 260

"ဘာလို့လဲ..."

ကျိုးချန်းသည် သည်းမခံနိုင်တော့ဘဲ သူ၏ရင်ဘတ်ထဲ၌ စူးရှသော အောင့်သက်သက် ဝေဒနာကို ခံစားလိုက်ရပြီး နောက်ဆုံးတွင် သူ၏ဒေါသများ ပေါက်ကွဲလာတော့သည်။

"မှတ်ထားစမ်း... မင်းက သောက်ရေးမပါတဲ့မြင်းစုတ်တစ်ကောင်.. မင်းက မြင်းတစ်ကောင်ပါကွ... ငါ့လို ပြိုင်ဘက်ကင်း ပညာရှင်တစ်ယောက်ကို ငြင်းပယ်ရအောင် မင်းမှာ ဘာအဆင့်ရှိလို့လဲ"

သောက်လီက တည်ကြည်လေးနက်စွာဖြင့် ဟီလိုက်သည်။

"ဟီး... ဟီး..."

ကျန်းရွှမ်က အဓိပ္ပါယ်ပြန်ပေးလိုက်သည်။

"သူပြောတာက 'သူက သခင်လေးအတွက်ပဲ ချက်ပြုတ်ပေးပြီး အလုပ်အကျွေးပြုချင်တာ'တဲ့"

"..."

ကျိုးချန်း၏ရင်ဘတ်ထဲမှ နာကျင်မှုက ပို၍ဆိုးရွားလာသည်။

'ဒါဆို မင်းက ဒီကောင်လေးအတွက် ချက်ပြုတ်ပေးချင်ရုံသက်သက်နဲ့ ငါ့ရဲ့တပည့်ရင်း ဖြစ်ခွင့်ကို ငြင်းပယ်လိုက်တာလား...မင်းမှာ ရည်မှန်းချက်ကြီးကြီးမားမားရော ရှိရဲ့လား'

"အဘိုးကြီးကျိုး ဟုတ်တယ်မလား... ဒါက မြင်းတစ်ကောင်ပါလေ... တစ်ခါတလေ ကျွန်တော်တောင် သူ့ကို စီးတောင်စီးသေးတယ်... ဒီကိစ္စကို ဒီမှာတင် ရပ်လိုက်ကြရအောင်"

သောက်လီက ကျိုးချန်း၏တပည့်မဖြစ်လိုကြောင်း ရှင်းရှင်းလင်းလင်း ပြသနေသည်ကို မြင်သဖြင့် ကျန်းရွှမ်က ဝင်ရောက်ပြောဆိုလိုက်၏။

"..."

ကျိုးချန်း အသက်ရှူမွန်းကြပ်သကဲ့သို့ ခံစားလိုက်ရသည်။

'မင်းက ငါ့ရဲ့တပည့်ကို စီးတယ်ပေါ့လေ...မင်းမှာ အရှက်ရော ရှိရဲ့လား'

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် သူက ခေါင်းခါယမ်းလိုက်သည်။

"ငါရဲ့ကံကြမ္မာနဲ့ကိုက်ညီတဲ့ တပည့်တစ်ယောက်ကို ရှာဖွေဖို့ ငါ ကြိုးစားခဲ့ရတာ အချိန်မနည်းတော့ဘူး... ဘယ်လိုလုပ်ပြီး ငါ လက်လျှော့နိုင်မှာလဲ... အခုချိန်မှာ သူက သားရဲတစ်ကောင်ဖြစ်နေပေမယ့် ပိုပြီးမြင့်မားတဲ့အဆင့်ကို ရောက်အောင် ကျင့်ကြံပြီးရင် သူ့ရဲ့ခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး လူအဖြစ် ပြောင်းလဲနိုင်တာပဲလေ"

စိမ်းလန်းသောတောင်ကုန်းတွင် မြေခွေးညို့ငင်ကံကြမ္မာကို ဖန်တီးခဲ့သူသည်လည်း တာအိုလမ်းစဉ်သို့ ဝင်ရောက်ခဲ့သော မြေခွေးတစ်ကောင်သာဖြစ်ပြီး နောက်ပိုင်းတွင် လောကကြီးတခွင်လုံးအနှံ့ နာမည်ကျော်ကြားလာခဲ့ခြင်းဖြစ်သည်။

ဤကောင်စုတ်လေးသည် ယခုချိန်၌ မြင်းတစ်ကောင် ဖြစ်နေသော်လည်း တစ်နေ့နေ့၌ ကျင့်ကြံဆင့်မြင့်မားလာချိန်တွင် သူ၏မူလခန္ဓာကိုယ်ကို စွန့်လွှတ်ပြီး အစစ်အမှန်ဟင်းချက်နတ်ဘုရား ဖြစ်လာနိုင်သည်။

"မင်းကြားတဲ့အတိုင်းပဲ... စီနီယာကျိုးက မင်းကို တပည့်အနေနဲ့ လက်ခံချင်နေတာ... ဒါက မင်းအတွက် ကံကြမ္မာကောင်းကြီးပဲ... မြန်မြန် ဆုံးဖြတ်လိုက်တော့"

ကျန်းရွှမ်က တိုက်တွန်းလိုက်သည်။

သူ့အတွက် ချက်ပြုတ်ပေးရန်နှင့် လုပ်ကျွေးပြုစုရန် သောက်လီ မရှိတော့လျှင် အဆင်မပြေ ဖြစ်နိုင်သော်လည်း သူ စီမံခန့်ခွဲနိုင်မည်ဟု ကျန်းရွှမ်က ခန့်မှန်းလိုက်သည်။

"ဟီး.. ဟီး..."

သောက်လီက မျက်လုံးဝိုင်းကြီးများဖြင့် အသနားခံသည့်အလား ကျန်းရွှမ်ကို လှမ်းကြည့်လိုက်၏။

"အဲဒီလို မလုပ်ပါနဲ့...အဘိုးကြီးကျိုးက နာမည်ကျော်ကြားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ပါ... သူက မင်းကို တပည့်အဖြစ် လက်ခံတယ်ဆိုတာက အများကြီး လိုက်လျောပေးထားတာပဲ..."

သောက်လီ၏အမူအယာကို မြင်တွေ့ချိန်၌ ဖုန်းယွမ်ဖျင်က ကူရာမဲ့စွာ ပြောလိုက်သည်။

သူ၏မိတ်ဆွေသည် မည်မျှထိ မာနကြီးသည်ကို သူ ကောင်းစွာသိရှိထားသည်။ ကျိုးချန်း ကိုယ်တိုင်ချက်ပြုတ်သော ဟင်းလျာကို မြည်းစမ်းခွင့်ရရန် ထိပ်သီးကျင့်ကြံသူအမြောက်အများအပြားသည် သူ၏တံခါးဝတွင် လပေါင်းများစွာ စောင့်ဆိုင်းခဲ့ဖူးသော်လည်း အချည်းနှီးသာ ဖြစ်ခဲ့ပေ၏။

ယခုအချိန်၌ ထိုလူသည် မာန်မာနကိုခဝါချပြီး မြင်းတစ်ကောင်ကို တပည့်ခံယူရန် တောင်းပန်နေရသည်။ ထိုမြင်းသည်လည်း အလွန်အကျွံ့မူနေသည်မှာ ယုံနိုင်ဖွယ်ရာပင် မရှိချေ။

"သူ့လို ထိပ်သီးပညာရှင်တစ်ယောက်က သားရဲတစ်ကောင်ကို တပည့်အဖြစ် လက်ခံတယ်ဆိုတာ ရှားပါးတယ်... မင်းက ကံကောင်းတယ်လို့ မှတ်ယူသင့်တယ်"

မြောင်ဟန်ရှန့်က အေးစက်တင်းမာစွာ ဝင်ရောက်ပြောဆိုသည်။

သူ၏စကားမဆုံးခင်မှာပင် ခေါင်းလောင်းသံများ ထပ်မံ၍ ပဲ့တင်ထပ်လာသည်။ အချိန်တခဏအကြာတွင် နောက်ထပ်ပုံရိပ်များသည် ခန်းမ၏အဝင်ဝ၌ ထွက်ပေါ်လာပြီး ဝင်ရောက်လာကြသည်။

"နောက်ထပ်... နောက်ထပ် ထိပ်သီးပညာရှင်တွေ ရောက်လာပြန်ပြီလား"

ချန်ယွီဟွမ်၏နှုတ်ခမ်းများ တုန်ရီသွားသည်။

'ဒီနေ့ ဘာဖြစ်နေတာလဲ....ကောင်းကင်ပေါ်ကနေ ဖက်ထုပ်တွေ ကျလာသလိုမျိုး ပညာရှင်တွေ တောက်လျှောက် ရောက်လာနေပါလား'

သူ နားမလည်နိုင် ဖြစ်နေစဉ်မှာပင် မြောင်ဟန်ရှန့် ဖုန်းယွမ်ဖျင်နှင့် ကျိုးချန်းတို့၏ မျက်နှာအမူအယာများ ပြောင်းလဲသွားသည်ကို မြင်လိုက်ရသည်။ သူတို့သည် အရှေ့သို့ အလျင်အမြန် တိုးသွားကြပြီး အဘိုးအိုတစ်ဦး၏ရှေ့သို့သွား၍ သူတို့၏လက်များကိုပူးဆုပ်ကာ အရိုအသေ ပေးလိုက်ကြသည်။

"မြောင်ဟန်ရှန့် ဖုန်းယွမ်ဖျင်နဲ့ကျိုးချန်းတို့က ထာဝရအသက် အုပ်စိုးသူအရှင်ကို အရိုအသေပြုပါတယ်"

သူတို့သုံးဦး ဦးညွှတ်သည်ကို ကြည့်ရသည်မှာ လိမ္မာသော ကျောင်းသားလေးများအလားပင်။

"အင်း..."

အဘိုးအိုက သူတို့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်လိုက်သည်။

"မင်းတို့အားလုံးက ဘာလို့ ဒီနေရာကို ရောက်နေကြတာလဲ"

"အဲဒါက..."

ဖုန်းယွမ်ဖျင်က ရှင်းပြရန် ခက်ခဲနေသဖြင့် အနေရခက်သွားသည်။

ကျိုးချန်းက ချက်ချင်းဝင်ရောက်ပြောဆိုလိုက်သည်။

"အရှင့်ကို တင်ပြပါတယ်... ကျွန်တော်တို့က အဆစ်ခုနစ်ဆစ်ပိုးမွှားကို လာရှာတာပါ"

"အဆစ်ခုနစ်ဆစ် ပိုးကောင်လား"

ထာဝရအသက် အုပ်စိုးသူအရှင်က ခေါင်းညိတ်လိုက်သည်။

"အဲ့ဒါက မင်းတို့ ကြိုးစားရကျိုးနပ်ပါတယ်"

သူသည် စကားပြောဆိုရင်းဖြင့် လူအုပ်ကြီး၏အနီးသို့ ချဥ်းကပ်လာကာ သူ၏အကြည့်သည် ချန်ယွီဟွမ်အပေါ်သို့ ကျရောက်သွားပေ၏။

"မင်းက ဒီအလုံးစုံသိမြင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား"

"ဟုတ်ပါတယ်"

ချန်ယွီဟွမ်က သူ၏လက်ကိုပူးဆုပ်ပြီး အရိုအသေပြုလိုက်သည်။

ဤအဘိုးအို၏စွမ်းအားကို သူ မသိသော်လည်း ကျိုးချန်းတို့လူစု၏ အပြုအမူကို ကြည့်ခြင်းအားဖြင့် ဤလူသည် လောကကြီးပေါ်တွင် အစွမ်းထက်ဆုံးပုဂ္ဂိုလ်များအနက်မှ တစ်ဦးဖြစ်ကြောင်း သူ ခန့်မှန်းနိုင်သည်။

ထာဝရအသက်အုပ်စိုးသူအရှင်က ချန်ယွီဟွမ်ကိုကြည့်ပြီး မေးမြန်းလိုက်သည်။

"ကံကြမ္မာခန်းမက ဘာဖြစ်သွားတာလဲ... ငါ အဲ့ဒီမှာ လူတစ်ယောက်ကို သွားရှာမလို့ပဲ... အခုတော့ အဲ့ဒီနေရာက အပျက်အစီးပုံကြီး ဖြစ်နေပြီ"

"ကံကြမ္မာခန်းမကို သွားမလို့လား"

ချန်ယွီဟွမ်၏ မျက်ခုံးလှုပ်သွားသည်။

'ဘာလို့ ဒီအခြေအနေကို ငါ ရင်းနှီးနေတာလဲ... ဘယ်နေရာမှာ ကြားဖူးတာလဲ'

"အင်း..."

ထာဝရအသက် အုပ်စိုးသူအရှင်က ခေါင်းညိတ်လိုက်ပြီး အဝေးကို မျှော်ကြည့်နေသည်။

"မင်းက ဒီအနီးအနားမှာ ရှိနေတာဆိုတော့ ငါ့မှာ မေးစရာတစ်ခု ရှိတယ်... လွန်ခဲ့တဲ့ နှစ်နာရီလောက်က ကံကြမ္မာခန်းမမှာ စစ်ဆေးမှု ခံယူခဲ့တဲ့သူကို မင်း သိလား"

"..."

ဤအဘိုးအို၏ ရည်ရွယ်ချက်ကို ချန်ယွီဟွမ် နားလည်သဘောပေါက်သွားသည်။ သူ၏ရည်ရွယ်ချက်ကလည်း ကျိုးချန်းတို့အဖွဲ့နှင့် တူညီနေပုံရသည်။

သူသည် ထိုသို့တွေးတောမိသဖြင့် ရှစ်ယွမ်ကျင်းကို လှမ်းကြည့်လိုက်သည်။ ရှစ်ယွမ်ကျင်းသည် အချက်ပြမှုကို နားလည်သဘောပေါက်ပြီး စိတ်မကြည်မသာဖြင့် ဦးညွှတ်အရိုအသေပြုလိုက်၏။

"အရှင့်ကို တင်ပြပါတယ်... ကျွန်တော်က ကံကြမ္မာခန်းမရဲ့ ခန်းမသခင်ရှစ်ယွမ်ကျင်းပါ... လွန်ခဲ့တဲ့နှစ်နာရီက စစ်ဆေးမှု ခံယူခဲ့တဲ့သူတွေ အကုန်လုံးက ဒီနေရာမှာပါပဲ..."

သူက ကျန်းရွှမ်တို့ဘက်သို့ လက်ညှိုးညွှန်ပြလိုက်သည်။

"သူတို့အကုန်လုံးလား..."

ထာဝရအသက် အုပ်စိုးသူအရှင်က လူအုပ်ကြီးကို ဝေ့ဝိုက်၍ကြည့်လိုက်ပြီး သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်သည်။ စက်ဝိုင်းပုံ အလင်းကွင်းတစ်ခုက သူတို့၏ရှေ့ရှိ လေထုထဲတွင် ထွက်ပေါ်လာသည်။

"မင်းတို့အားလုံးက မင်းတို့ရဲ့လက်ကို ဒီအလင်းကွင်းထဲကိုထည့်ပြီးတော့ မင်းတို့ နားလည်သဘောပေါက်ထားတဲ့ ကံကြမ္မာကို အသက်သွင်းလိုက်ပါ... ငါ့ရဲ့ကံကြမ္မာနဲ့ ကိုက်ညီရင် အဲ့ဒီလူကို ငါက တပည့်အဖြစ် လက်ခံမယ်..."

"..."

လူများအားလုံး တိတ်ဆိတ်သွားကြသည်။

ယနေ့တွင် မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း....

သာမန်အားဖြင့် ကျိုးယီအင်ပါယာထံသို့ လာလေ့မရှိကြသော အဆင့်မြင့် ထိပ်သီးပညာရှင်ကြီးများသည် ယခုချိန်၌ တပည့်ရှာရန်အတွက် တန်းစီပြီး ရောက်လာကြသည်။

ဤကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်ကြီး ယခုလောက်ထိ ကြိုးစားအားထုတ်ရလောက်အောင် ထိုက်တန်သည်မှာ မည်သည့်တပည့်မျိုး ဖြစ်သနည်း....

ကျိုးချန်း မြောင်ဟန်ရှန့်နှင့် ဖုန်းယွမ်ဖျင်တို့က စိတ်မသက်မသာဖြင့် အကြည့်ချင်း ဖလှယ်လိုက်ကြ၏။

ဤအဘိုးအို၏အကြောင်းကို သူတို့ ရင်းနှီးကျွမ်းဝင်သည်။ သူသည် ထာဝရအသက် ကောင်းကင်ဘုံ၏ ထိပ်သီးတည်ရှိမှုကြီးဖြစ်သော ထာဝရအသက် အုပ်စိုးသူအရှင်ပင်။ သူသည် ဒုတိယတန်းစား ကံကြမ္မာများကို တည်ထောင်သူများအနက် ထိပ်ဆုံး၌ ရပ်တည်နေသူပင်။ သူ ရောက်လာခြင်းသည် သူတို့ ငြင်းပယ်လိုက်သည့် လူများအနက် သူတို့၏တပည့်များထက် ပို၍ပါရမီပါသောသူ ရှိနေနိုင်သည်ကို ပြသနေခြင်းပင်။

သူတို့၏စိတ်နှလုံးသားများ လေးလံသွားကြသည်။ သူတို့၏မျက်လုံးအကြည့်များအားလုံးသည် ယန်ဆန်းရှစ်ဆန်းထံသို့ တပြိုင်နက်တည်း ရောက်သွားပေ၏။

အစောပိုင်းက သူတို့၏ကံကြမ္မာများနှင့် မကိုက်ညီသောကြောင့် ဤပါရမီရှင်လူငယ်လေးကို သူတို့ ငြင်းပယ်ခဲ့ကြသည်။ သူ၏ကံကြမ္မာသည် ထာဝရအသက် အုပ်စိုးသူအရှင်နှင့် ကိုက်ညီနေခြင်း ဖြစ်နိုင်သလော။

"ထာဝရအသက် အုပ်စိုးသူအရှင်က ဘာကံကြမ္မာကို ကျင့်ကြံတာလဲ"

ကျိုးချန်းက မနေနိုင်တော့ဘဲ ဖုန်းယွမ်ဖျင်ကို တီးတိုးမေးမြန်းလိုက်သည်။

ဖုန်းယွမ်ဖျင် စဉ်းစားတွေးတောပြီးနောက် တုံ့ပြန်အဖြေပေးသည်။

"ငါထင်တာကတော့... သေခြင်းရှင်ခြင်း ကံကြမ္မာပဲဖြစ်မယ်"

"သေခြင်းရှင်ခြင်း ကံကြမ္မာလား... အဓိက ကံကြမ္မာတွေပြီးရင် အစွမ်းထက်ဆုံး ဒုတိယတန်းစား ကံကြမ္မာတွေထဲက တစ်ခုပဲ... ဒီကောင်လေး တစ်ယောက်တည်းပဲ အဲ့ဒါကို နားလည်သဘောပေါက်နိုင်လိမ့်မယ်"

ကျိုးချန်း ရုတ်တရက် နားလည်သဘောပေါက်သွားသည်။ သူသည် ယန်ဆန်းရှစ်ဆန်းကို ပြန်ကြည့်လိုက်ပြီး ယခင်က အထင်သေးမှုများ ပျောက်ကွယ်သွားကာ လေးစားမှုများက အစားထိုးဝင်ရောက်လာသည်။

စားဖိုမှူးကံကြမ္မာသည် တတိယတန်းစားအဆင့်သာ ရှိပြီး သေခြင်းရှင်ခြင်းကံကြမ္မာနှင့် နှိုင်းယှဉ်လျှင် များစွာပို၍နိမ့်ကျသည်။ ထိုအရာနှစ်ခုသည် အဆင့်အတန်းချင်းပင် မတူကြချေ။

ထာဝရအသက် အုပ်စိုးသူအရှင်၏ အကြည့်က ယန်ဆန်းရှစ်ဆန်းထံ ကျရောက်သွားပြီး သူ့အား စူးစမ်းလေ့လာနေသည်။

"ဒီလိုနေရာမျိုးမှာ ဒီလောက် ငယ်ငယ်ရွယ်ရွယ်နဲ့ ကြယ်စင်မြစ်နယ်ပယ်ကို ရောက်နေပြီပဲ... မင်းရဲ့ပါရမီက မှတ်သားလောက်ပါတယ်... မင်းရဲ့နာမည်က ဘယ်သူလဲ"

"ကျွန်တော်လား"

ယန်ဆန်းရှစ်ဆန်း ဝမ်းသာသွားပြီး အလျင်အမြန် ဦးညွှတ်အရိုအသေပြုလိုက်သည်။

"စီနီယာကို တင်ပြပါတယ်... ကျွန်တော့်ရဲ့နာမည် ယန်ဆန်းရှစ်ဆန်းပါ"

ကျိုးချန်း၏ရွေးချယ်မှုကို မခံရခြင်းကြောင့် သူ၏တက်လမ်း ပိတ်သွားပြီဟု သူ တွေးထင်ခဲ့မိသည်။ အစစ်အမှန်အခွင့်အရေးသည် ယခုကဲ့သို့ ရောက်ရှိလာမည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။

ကျိုးချန်းတို့လူစု၏သဘောထားကို ကြည့်ရုံဖြင့် ဤအဘိုးအို၏ အဆင့်အတန်းနှင့်စွမ်းအားသည် သူတို့ထက် များစွာသာလွန်ကြောင်း သိသာထင်ရှားနေသည်။

ဤကဲ့သို့လူစားမျိုး၏တပည့် ဖြစ်လာလျှင် သူသည် ပို၍မြင့်မားပြီး ပို၍ဝေးလံသောနေရာသို့ ပျံသန်းနိုင်မည်မှာ သေချာပေါက်ပင်။

လုချုံး ဝေရူယန်နှင့် ထိုမြင်းစုတ်တို့သည် အထင်ကြီးဖွယ် ကောင်းနိုင်သော်လည်း အဆုံးသတ်တွင် သူကသာ အထူးခြားဆုံး ပါရမီရှင် ဖြစ်လာပေမည်။

ရုတ်ချည်းဆိုသလိုပင် ယန်ဆန်းရှစ်ဆန်း၏ယုံကြည်မှုမီးတောက်များ ပြန်လည်၍ တောက်လောင်လာတော့သည်။

All Chapters