အုပ်စိုးသူအရှင်လည်း မျက်နှာပျက်ရပြီ
Vol. 20 Ch. 261
"ဒီကိုလာပြီး မင်းရဲ့ ကောင်းကင်ကံကြမ္မာကို အသက်သွင်းလိုက်"
ထာဝရအသက် အုပ်စိုးသူအရှင်က ယန်ဆန်းရှစ်ဆန်း၏ စိတ်ကူးနှင့်ရူးနေမှုကို ဖြတ်တောက်လိုက်ပြီး သူ၏ရှေ့မှ တောက်ပနေသော အလင်းကွင်းကို ညွှန်ပြလိုက်သည်။
"ဟုတ်ကဲ့..."
အတွေ့အကြုံ ရှိထားပြီးဖြစ်သည့်အတွက် ယန်ဆန်းရှစ်ဆန်းသည် တွန့်ဆုတ်မနေတော့ချေ။ သူသည် ရှေ့သို့ခြေလှမ်းနှစ်လှမ်းတိုးပြီး သူ၏လက်ကိုဆန့်တန်းကာ အလင်းကွင်း၏အနီးသို့ တိုးကပ်လိုက်၏။
ဤတစ်ကြိမ်တွင် သူသည် အသက်အောင့်ထားပြီး အမှားအယွင်း ဖြစ်မည်ကို စိုးရိမ်သဖြင့် အစွမ်းကုန် သတိထားကာ ဆောင်ရွက်လိုက်သည်။ သို့ရာတွင် ယခင်အတိုင်းပင် တောက်ပသော အလင်းဘီးသည် အသက်မဲ့နေသည့်အလား လုံးလုံးလျားလျား မလှုပ်မယှက် ငြိမ်သက်နေပေ၏။
သူ၏နဖူးပေါ်တွင် ချွေးစက်များသီးလာပြီး သူ၏စိတ်တစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်နေသော်လည်း ယန်ဆန်းရှစ်ဆန်းသည် သူ့၏ ကောင်းကင်ကံကြမ္မာကို အသက်သွင်းရန် အစွမ်းကုန် ကြိုးစားနေသည်။
"တော်လောက်ပြီ... မင်း နောက်ဆုတ်လို့ရပြီ"
ထာဝရအသက် အုပ်စိုးသူအရှင်က မည်သည့်ခံစားချက်မှ မရှိသော မျက်နှာအမူအယာဖြင့် လက်ကာပြလိုက်သည်။
"စီနီယာ... ကျွန်တော် ခုဏက သေချာမလုပ်လိုက်ရလို့ပါ... နောက်တစ်ခေါက် ပြန်စမ်းကြည့်ပါရစေ..."
ယန်ဆန်းရှစ်ဆန်းက စိုးရိမ်ပူပန်တကြီးဖြင့် ပြောဆိုလိုက်သည်။
"ဆက်လုပ်ဖို့ မလိုတော့ဘူး... မင်းနဲ့ငါနဲ့ ဆရာတပည့် ဖြစ်ဖို့ ကံမပါဘူး... နောက်ထပ် အကြိမ်ကြိမ် စမ်းကြည့်ရင်လည်း ရလဒ်က အတူတူပဲ ဖြစ်နေလိမ့်မယ်"
ထာဝရအသက် အုပ်စိုးသူအရှင်က ခေါင်းခါယမ်းလိုက်သည်။
သူသည် သေခြင်းရှင်ခြင်းကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ထားသူအား ရှာဖွေနေခြင်းဖြစ်ပြီး ယန်ဆန်းရှစ်ဆန်းသည် မသင့်တော်ကြောင်း သိသာထင်ရှားနေသည်။
ငြင်းပယ်ခံလိုက်ရသဖြင့် ယန်ဆန်းရှစ်ဆန်း၏ မျက်နှာ ဖြူဖျော့သွားသည်။ ရုတ်တရက် သူ့ထံ၌ အတွေးတစ်ခု ဝင်လာပြီး သူ၏အကြည့်သည် ကျန်းရွှမ်ထံသို့ ကျရောက်သွားပေ၏။
"ကျွန်တော် မဟုတ်ရင်... သူ ဖြစ်နေမလား"
သူ၏တပည့်များအပြင် ယခုဆိုလျှင် အိမ်မွေးသားရဲတစ်ကောင်ပင်လျှင် ကျိုးချန်းကဲ့သို့ လူစားမျိုးကို ဆရာတင်နိုင်လေပြီ။ သူတို့၏ဆရာဖြစ်သော ကျန်းရွှမ်သည် ပို၍ထူးခြားနေနိုင်သလော။
"မင်း စမ်းကြည့်ချင်လား"
ထာဝရအသက် အုပ်စိုးသူအရှင်က ကျန်းရွှမ်ဘက်သို့ လှည့်ကြည့်လိုက်သည်။
"မစမ်းတော့ပါဘူး... ကျွန်တော်က အရှင့်ရဲ့ တပည့်ဖြစ်ဖို့ မထိုက်တန်ပါဘူး... အချိန်မဖြုန်းကြပါနဲ့တော့... စီနီယာအနေနဲ့ အလုပ်ရှုပ်တယ်လို့ ထင်ရင် တခြားသူတွေ လုပ်သလိုမျိုး အလင်းကွင်းကို လူတွေအားလုံးကိူ လွှမ်းခြုံသွားတဲ့အထိ ချဲ့ပြီး ရွေးခိုင်းလိုက်ပါလား..."
ကျန်းရွှမ်က ခေါင်းခါယမ်းရင်း တုံ့ပြန်အဖြေပေးလိုက်သည်။
ဤအဆင့် ထိပ်သီးပညာရှင်တစ်ယောက်ကို ကောင်းကင်ဘုံစာကြည့်တိုက်အား အသုံးပြုပြီး စစ်ဆေးမည်ဆိုလျှင် ကောင်းကင်ကံကြမ္မာစွမ်းအင်တန်း သန်းနှင့်ချီ၍ ကုန်ကျနိုင်သည်။ ထိုမျှလောက် အကုန်အကျခံရန် မထိုက်တန်ဟု တွေးတောမိသဖြင့် ကျန်းရွှမ်က ငြင်းပယ်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဤစီနီယာသည် မည်သည့်ကံကြမ္မာကို ကျင့်ကြံပြီး မည်ကဲ့သို့ ဆက်ခံသူမျိုးကို ရှာဖွေနေသည်အား ကျန်းရွှမ် လုံးလုံးလျားလျား မသိချေ။
"တခြားသူတွေ လုပ်သလိုမျိုး...ဟုတ်လား"
ထာဝရအသက် အုပ်စိုးသူအရှင် အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။
"ခုဏက စီနီယာသုံးယောက်လည်း သူတို့ရဲ့တပည့်တွေကို ရွေးချယ်ဖို့ အဲဒီနည်းလမ်းကို သုံးခဲ့ကြတာလေ..."
ကျန်းရွှမ်က ရှင်းပြလိုက်သည်။
"အမ်.."
စီနီယာကြီးသုံးယောက်ဖြစ်သော ကျိုးချန်းတို့လူစု၏မျက်နှာများ နီမြန်းသွားကြသည်။
ထာဝရအသက် အုပ်စိုးသူအရှင်သည် ဖြတ်သွားဖြတ်လာဝင်ကြည့်ရုံသာဖြစ်ပြီး ပြန်ထွက်သွားမည်ဟု တွေးထင်ကာ သူတို့ လိမ်ပြောခဲ့ကြခြင်း ဖြစ်သည်။ သူသည်လည်း တပည့်ရှာရန် လာခဲ့ခြင်းဖြစ်ပြီး သူတို့နှင့် ရည်ရွယ်ချက်ချင်းတူနေသည်ကို ဤကောင်လေးက ဖော်ကောင်လုပ်လိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။
"မင်းတို့ ရွေးပြီးပြီဆိုတော့... ကံကောင်းတဲ့သူတွေက ဘယ်သူတွေလဲ"
ထာဝရအသက် အုပ်စိုးသူအရှင်က စိတ်ဝင်တစား မေးမြန်းလိုက်သည်။
ဤလူသုံးယောက်က စွမ်းအားချင်းယှဉ်ရင် သူ့ထက် များစွာနိမ့်ကျသော်လည်း ဤကုန်းမြေပေါ်တွင် ထင်ရှားကျော်ကြားသော ပုဂ္ဂိုလ်များပင်။ သူတို့၏တပည့်များ ဖြစ်ရခြင်းသည် သာလွန်ထူးကဲသော ကံကောင်းမှုတစ်ခုပင်။
"မင်းတို့ သုံးယောက် ရှေ့ထွက်ခဲ့ကြအုံး"
မြောင်ဟန်ရှန့်က ဝေရူယန်နှင့်တခြားလူများကို အချက်ပြလိုက်သည်။
"ဟုတ်ကဲ့"
ဝေရူယန် လုချုံးနှင့် သောက်လီတို့ လူအုပ်အကြားမှ ထွက်လာကြသည်။
ထာဝရအသက် အုပ်စိုးသူအရှင်က စူးစမ်းလိုစိတ်ဖြင့် မျက်ခုံးပင့်လိုက်သည်။
"တပည့်လက်ခံရင်း အပိုဆုအနေနဲ့ အိမ်မွေးသားရဲပါ ပါလာတာလား"
အဟွတ်... အဟွတ်...
ကျိုးချန်း တံတွေးသီးမတတ် ဖြစ်သွားကာ အလျင်အမြန် ရှင်းပြလိုက်သည်။
"အရှင်.. အဲ့ဒီမြင်းက အိမ်မွေးသားရဲ မဟုတ်ပါဘူး... အဲ့ဒါက ကျွန်တော်ရဲ့တပည့်ပါ"
"မင်းတပည့်လား"
ထာဝရအသက် အုပ်စိုးသူအရှင်သည် အချိန်တခဏမျှ ကြက်သေသေသွားလေ၏။
"စားဖိုမှူးကံကြမ္မာဆိုတာ တိုက်ခိုက်ရေးကိုအသားပေးတဲ့ ကံကြမ္မာတစ်ခု မဟုတ်ဘဲနဲ့ အထောက်အကူပြု နယ်ပယ်တစ်ခု ဖြစ်တယ်ဆိုပေမယ့်... ဒါက နည်းနည်းတော့ တရားလွန်နေတယ် မဟုတ်လား"
ကျိုးချန်းနှင့်ရင်းနှီးသူပီပီ သူ မည်သည့်ကံကြမ္မာကို ကျင့်ကြံသည်အား ထာဝရအသက် အုပ်စိုးသူအရှင်က သိရှိထားသည်။
"အဲ့ဒါက..."
သူ၏တပည့်ကို အထင်သေးသည့်အတွက် မကျေမနပ်ဖြစ်သွားသော ကျိုးချန်းက ရှင်းပြသည်။
"အရှင်... သောက်လီကို လျှော့မတွက်ပါနဲ့... သူက စားဖိုမှူး ကံကြမ္မာကို နားလည်သဘောပေါက်ရုံတင် မဟုတ်ဘူး... မကြာသေးခင်က ကြယ်စင်မြစ်နယ်ပယ်ကို ချိုးဖောက်ဝင်ရောက်နိုင်ခဲ့တာပါ... ပြီးတော့ သူရဲ့အသက်က ငါး နှစ် ခြောက်နှစ်လောက်ပဲ ရှိသေးတယ်... ယန်ဆန်းရှစ်ဆန်းထက် အများကြီးပိုပြီး ပါရမီရှိပါတယ်"
"အင်း... သူ့ရဲ့အသက်က တကယ့်ကို ငယ်သေးတာပဲ... ကျင့်ကြံတဲ့အချိန်ကလည်း တိုတောင်းတယ်... ပါရမီပိုင်းမှာ ယန်ဆန်းရှစ်ဆန်းက တကယ့်ကို နှိုင်းယှဉ်လို့ မရပါလား"
ထာဝရအသက် အုပ်စိုးသူအရှင်က တစ်ချက်ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
ယန်ဆန်းရှစ်ဆန်း ကြောင်အသွားသည်။
"...."
'ငါ့ကို ဘာလို့ ဒီအထဲကို ထပ်ပြီးဆွဲထည့်နေတာလဲ'
"ဒါက အမှန်ပါပဲ"
ကျိုးချန်းက ဆက်လက်၍ ပြောဆိုသည်။
"ဒါတင်မကဘူး... သူက စားဖိုမှူး ကံကြမ္မာကို အပြည့်အဝ နားလည်သဘောပေါက်ထားတယ်... သူက ဒုတိယအဆင့်မှာပဲ ရှိသေးပေမယ့် နည်းနည်းလောက် ပြုစုပျိုးထောင်ပေးလိုက်ရင် ပိုမြင့်တဲ့အဆင့်တွေကို တက်လှမ်းနိုင်မှာ သေချာတယ်"
"စားဖိုမှူးကံကြမ္မာကို အပြည့်အဝ နားလည်ထားတာလား"
ထာဝရအသက် အုပ်စိုးသူအရှင်က နားလည်သဘောပေါက်သွားသည်။
"အော်... ဒါကြောင့် မင်းက သူ့ကို တပည့်အဖြစ် ရွေးလိုက်တာကိုး... ဒါပေမဲ့ စားဖိုမှူးကံကြမ္မာကို အပြည့်အဝ နားလည်ထားရုံနဲ့ မြင်းတစ်ကောင်ကို ရွေးလိုက်တာက နည်းနည်းအလျင်မလိုလွန်းဘူးလား"
"မလွန်ပါဘူး"
ကျိုးချန်းက ခေါင်းခါလိုက်၏။
"အရှင်... ကျွန်တော်ရဲ့တပည့်က လူမဟုတ်ပေမယ့် ယန်ဆန်းရှစ်ဆန်းထက် ပိုပြီးထွားကျိုင်းတယ် ပိုပြီးတက်ကြွတယ် ပိုပြီးပါရမီရှိတယ်... သူ့ကို တပည့်အဖြစ် ရွေးချယ်လိုက်တာက မေးခွန်းထုတ်စရာကို မလိုတာပါ"
ယန်ဆန်းရှစ်ဆန်း ငိုချင်စိတ်ပေါက်သွားသည်။
'ကျေးဇူးပြုပြီး ငါ့ကို ထည့်မပြောကြပါနဲ့တော့လား'
"ကောင်းပြီလေ... မင်းအဲဒီလို ပြောမှတော့ ဒါက ဟုတ်သလိုလိုပဲ"
ထာဝရအသက် အုပ်စိုးသူအရှင်က ခေါင်းညိတ်လိုက်သည်။
ကျိုးချန်းက အခွင့်ကောင်းယူ၍ မေးမြန်းလိုက်သည်။
"အရှင်... တကယ်လို့ ခင်ဗျားသာ ကျွန်တော့်နေရာမှာဆိုရင် ဘာလုပ်မလဲ"
"ငါလား"
ထာဝရအသက် အုပ်စိုးသူအရှင်က အချိန်တခဏကြာမျှ စဉ်းစားတွေးတောပြီးနောက် ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ငါကျင့်ကြံတဲ့ ကံကြမ္မာက ရင်းမြစ်ကမ္ဘာရဲ့ အထွတ်အထိပ်ကံကြမ္မာတွေထဲက တစ်ခုပဲ...ဒါကို အစွမ်းထက်ဆုံး လူသားကျင့်ကြံသူတွေပဲ နားလည်နိုင်မှာ... ငါသာ မင်းနေရာမှာရှိပြီးတော့ မြင်းတစ်ကောင်နဲ့ ယန်ဆန်းရှစ်ဆန်းကြား ရွေးရမယ်ဆိုရင် ငါက ယန်ဆန်းရှစ်ဆန်းကိုပဲ ချက်ချင်း ရွေးချယ်လိုက်မယ်"
"ဟုတ်ကဲ့"
ကျိုးချန်း တိတ်ဆိတ်ငြိမ်သက်သွားသည်။
သူ၏သက်တမ်းသည် ကုန်ဆုံးလုဆဲဆဲ ဖြစ်နေလေပြီ။ သူ၏တပည့်သည် မြင်းတစ်ကောင် ဖြစ်နေလျှင်ပင် ယခုချိန်၌ သူ နောက်ပြန်လှည့်၍ မရတော့ပေ။ သူ မျှော်လင့်နိုင်သည်မှာ သောက်လီသည် တစ်နေ့နေ့တွင် လူအဖြစ်သို့ ပြောင်းလဲနိုင်ပြီး သူ့ကို အရှက်ရခြင်းမှ ကယ်တင်ပေးနိုင်ရန်သာ ရှိတော့သည်။
"တော်ပြီလေ... ဒီကိစ္စတွေကို ထားလိုက်တော့... ငါက ခရီးဝေးကြီး နှင်လာခဲ့ရတာ... ငါ့ရဲ့ ဆက်ခံသူက ဘယ်လိုလူမျိုး ဖြစ်မလဲဆိုတာ ငါ သိချင်လှပြီ"
ယခင်စကားခေါင်းစဉ်ကို ဘေးဖယ်လိုက်ပြီး ထာဝရအသက် အုပ်စိုးသူအရှင်က ပြုံးကာ သူ့လက်ချောင်းများကို ရှေ့သို့ ဆန့်တန်းလိုက်သည်။
ဝီ...
တောက်ပသော အလင်းကွင်းသည် ရုတ်တရက် ကျယ်ပြန့်သွားပြီး လက်ရှိနေရာတွင်ရှိနေသော လူများအားလုံးကို လွှမ်းခြုံသွားသည်။
လော့ယိုရှင်း လော့ချီးချီး လျိုယန်နှင့်တခြားလူများသည် ဤစီနီယာ၏အမွေအနှစ်ကို ဆက်ခံရရှိပါက သူတို့ လျင်မြန်စွာ တိုးတက်လာမည်ဟူသော မျှော်လင့်ချက်ဖြင့် အသက်အောင့်ကာ စောင့်ဆိုင်းနေကြသည်။
သို့ရာတွင် အချိန်တခဏကြာသည်အထိ တောက်ပသော အလင်းကွင်းသည် မည်သည့်တုံ့ပြန်မှုကိုမျှ မပြသဘဲ ငြိမ်သက်နေသည်။
"ဘာဖြစ်တာလဲ"
ထာဝရအသက် အုပ်စိုးသူအရှင်က မျက်မှောင်ကြုတ်လိုက်သည်။ သဘောတရားအရဆိုလျှင် သေခြင်းရှင်ခြင်းကံကြမ္မာကို နားလည်သဘောပေါက်ထားသူ ရှိပါက အလင်းကွင်းနှင့် ထိတွေ့မိသည်နှင့် တုံ့ပြန်မှုကို ပြသပေမည်။ သူ နေရာမှား၍ ရောက်ရှိလာသလော။ သူ၏ဆက်ခံသူသည် ဤနေရာ၌ ရှိမနေသလော။
သူသည် ဇဝေဇဝါဖြစ်သွားပြီး အလင်းကွင်း၏အဝန်းကို ချဲ့ကာ အစောပိုင်းက သူ့ကို စကားပြောခဲ့သည့် ကျန်းရွှမ်ကိုလည်း ပါဝင်စေလိုက်သည်။
သို့ရာတွင် တုံ့ပြန်မှုသည် ရှိမလာဆဲပင်။
"ခန်းမသခင်ရှစ်... စစ်ဆေးမှုမှာ ပါဝင်ခဲ့တဲ့လူတွေအားလုံး ဒီနေရာမှာ ရှိနေတာ သေချာရဲ့လား"
ထာဝရအသက် အုပ်စိုးသူအရှင်က မျက်မှောင်ကြုတ်ကာ ရှစ်ယွမ်ကျင်းဘက်သို့ လှည့်ပြီး မေးမြန်းလိုက်၏။
"သူတို့အားလုံး ရှိပါတယ်... ဘယ်သူမှ မပြန်ကြသေးပါဘူး"
ခန်းမသခင်ရှစ်က အတည်ပြုလိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိပြုမိသွားသည်။ သူသည် ထောင့်တစ်နေရာသို့ လက်ညှိုးညွှန်ပြလိုက်ရင်း ထပ်မံ၍ပြောဆိုလိုက်သည်။
"အော်... ဟိုနားက ကြက်ပေါက်လေးကလွဲရင် ကျန်တဲ့သူ အားလုံးရှိတယ်.... သူ့ကိုတော့ မစစ်ဆေးရသေးဘူး..."
"ကြက်ပေါက်လေးလား"
ထာဝရအသက် အုပ်စိုးသူအရှင်သည် အချိန်တခဏကြာမျှ ကြက်သေသေသွားပြီး သူ၏မျက်နှာ သုန်မှုန်သွားသည်။
"ငါ့ရဲ့ ကံကြမ္မာကို အထူးခြားဆုံး ပါရမီရှင်တွေပဲ နားလည်သဘောပေါက်နိုင်တာ... မင်းက ကြက်ပေါက်လေးတစ်ကောင်ကို ပြောနေတာလား... ငါ နှစ်ပေါင်းများစွာကြာအောင် တံခါးပိတ်ကျင့်ကြံနေခဲ့လို့ လူတွေက ငါ့ရဲ့စွမ်းအားကို မေ့လျော့ပြီး ငါ့ကို စော်ကားရဲတဲ့အထိ ဖြစ်ကုန်ကြပြီလား...."
သူ၏စကားမဆုံးခင်မှာပင် ကြက်ပေါက်လေးက တောက်ပသော အလင်းကွင်းထံသို့ ခုန်ဆွခုန်ဆွဖြင့် ရောက်သွားသည်။ နောက်ထပ်အချိန်တခဏ၌ အလင်းကွင်း၏စွမ်းအင်များ ရေလွှမ်းမိုးသကဲ့သို့ လှုပ်ရှားသွားပြီး ကြက်ပေါက်လေး၏ခန္ဓာကိုယ်ထဲသို့ အကုန်အစင် ဝင်ရောက်သွားကာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားတော့သည်။
ထာဝရအသက် အုပ်စိုးသူအရှင် ..."...."
ကြက်ပေါက်လေး..
"ကွတ်... ကွတ်... ကွတ်"