← Chapters

နှုတ်ဆက်ခြင်း

Vol. 20 Ch. 262

နှုတ်ဆက်ခြင်း

Vol. 20 Ch. 262

ပတ်ဝန်းကျင်နေရာတဝိုက်လုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ထာဝရအသက် အုပ်စိုးသူအရှင်၏ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားကို လူတိုင်း မျက်မြင်ကိုယ်တွေ့ ကြုံပြီးဖြစ်ရာ သူတို့အားလုံးသည် သူ၏တပည့် ဖြစ်လိုကြ၏။ အထူးသဖြင့် ယန်ဆန်းရှစ်ဆန်းဆိုလျှင် သူ၏ မျှော်လင့်တောင့်တမှုများက သူ၏မျက်လုံးများထဲမှ လျှံကျလာလုမတတ် ဖြစ်နေသည်။

သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်က သူ့ကို ပြင်းထန်စွာ ထိုးနှက်လိုက်လေပြီ။ သူ သာမက တခြားလူများ နားလည်သဘောပေါက်ထားသော ကောင်းကင်ကံကြမ္မာများသည်လည်း ထာဝရအသက်အုပ်စိုးသူအရှင်နှင့် ကိုက်ညီခြင်းမရှိချေ။ သို့ရာတွင် ကြက်တစ်ကောင်ကမူ သူတို့အားလုံးကို ကျော်ဖြတ်သွားနိုင်ခဲ့သည်။ ကျန်းရွှမ်နှင့် ပတ်သက်သမျှ အရာအားလုံးသည် မည်သည်ကြောင့် ဤမျှထိ ယုတ္တိမရှိဘဲ ထူးဆန်းနေရသနည်း။

လူများအားလုံး၏မျက်လုံးအကြည့်များ ကျန်းရွှမ်ထံသို့ ကျရောက်သွားကြသည်။ သို့ရာတွင် ကျန်းရွှမ်သည် အချိန်တခဏကြာမျှ တွေဝေသွားပြီးနောက် ပုံမှန်အတိုင်း ခံစားချက်မဲ့သော မျက်နှာအမူအယာ ပြန်ဖြစ်သွားသည်။

သူ၏ကြက်သည် ဤကဲ့သို့ ကောင်းကင်ကံကြမ္မာမျိုးကို နားလည်သဘောပေါက်သွားခြင်းမှာ သူ့အတွက် သာမန်ကိစ္စတစ်ခုအလားပင်။ သူသည် မည်သည်ကြောင့် ဤမျှထိ တည်ငြိမ်နေနိုင်ရသနည်း။

တခြားသူများ၏ တုံ့ပြန်မှုနှင့် သိသိသာသာ ဆန့်ကျင်ဘက်ဆန်နေသော ထာဝရအသက် အုပ်စိုးသူအရှင်မှာမူ သူ၏မျက်နှာတပြင်လုံး မည်းမှောင်သွားပြီး နေရာတွင်ပင် ငိုချချင်စိတ်ပေါက်သွားသည်။

သူသည် ကျိုးချန်းကို လှောင်ပြောင်ခဲ့ပြီးနောက် ယခုအချိန်၌ သူ၏ကောင်းကင်ကံကြမ္မာကို ဆက်ခံမည့်သူသည် မြင်းတစ်ကောင်လောက်တောင် အဆင့်မမီသည့်အရာ ဖြစ်နေသည်အား တွေ့လိုက်ရသည်။

"ကွတ်...ကွတ်....ဒါက နင့်မေကြီးတော် ကွတ်.."

သူသည် အသက်ရှူကြပ်ကာ စိတ်ပျက်လက်ပျက် ဖြစ်နေချိန်တွင် သူ မော့ကြည့်လိုက်ရာ ယန်ဆန်းရှစ်ဆန်းကို တွေ့လိုက်ရသည်။ ယန်ဆန်းရှစ်ဆန်းသည် အရေးကြီးသော ဆုံးဖြတ်ချက်တစ်ခုကို ချလိုက်သည့်ပုံဖြင့် သူ၏နှုတ်ခမ်းကို တင်းတင်းကိုက်ကာ သူ၏လက်ကိုပူးဆုပ်၍ အရိုအသေပြုပြီး ဒူးတစ်ဖက်ထောက်လိုက်သည်။

"ဆရာသခင်ကို အရိုအသေပြုပါတယ်..."

"...."

ထာဝရအသက် အုပ်စိုးသူအရှင် ကြောင်အသွားသည်။

ယန်ဆန်းရှစ်ဆန်းက ယုံကြည်ချက်အပြည့်ဖြင့် ပြောဆိုလိုက်သည်။

"ဆရာသခင်... ဆရာသခင်ရဲ့ ကောင်းကင်ကံကြမ္မာကို မြင်းတို့ တိရစ္ဆာန်တို့က ဆက်ခံမယ်ဆိုရင် အဲဒါကို လက်ခံမယ့်အစား ကျွန်တော့်ကိုပဲ တပည့်အဖြစ် လက်ခံမယ်လို့ စောစောက ပြောခဲ့တယ်လေ..."

"..."

ထာဝရအသက်အုပ်စိုးသူအရှင်၏ မျက်ခွံများ လှုပ်ခတ်သွားသည်။

'အရင်က ငါ မင်းကို သိပ်အထင်မကြီးခဲ့ပေမယ့် ...အခုတော့ မင်းရဲ့ စိတ်ကူးယဉ်မှုတွေက တော်တော်လေး အထင်ကြီးစရာ ကောင်းနေပါလား...'

"သွားစမ်း.... ငါက ဘယ်တုန်းက လက်မခံဘူးလို့ ပြောလို့လဲ"

သူက ခြေတစ်ချက် ဖြင့် ကန်ထုတ်လိုက်ရာ ယန်ဆန်းရှစ်ဆန်း လွင့်ထွက်သွားတော့သည်။ ရှက်ရွံ့မှုကို မျိုသိပ်လိုက်ရင်း ထာဝရအသက်အုပ်စိုးသူအရှင်က လှမ်းခေါ်လိုက်သည်။

"ကြက်ပေါက်လေး...ဒီကိုလာခဲ့"

ကြက်ပေါက်လေးက ခေါင်းစောင်းပြီး သူ၏သခင်ကို လှမ်းကြည့်လိုက်၏။ ကျန်းရွှမ်က ခေါင်းအနည်းငယ် ညိတ်ပြလိုက်မှသာ သူက အတောင်ပံခတ်၍ ပျံသန်းသွားလေသည်။

ထာဝရအသက် အုပ်စိုးသူအရှင်က ကြက်ပေါက်လေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။ ကြက်ပေါက်လေး၏ခန္ဓာကိုယ်အတွင်းမှ နွေးထွေးပြီး သူနှင့်ထပ်တူညီသော စွမ်းအားတစ်ရပ် စီးဆင်းလာသည်ကို ချက်ချင်းခံစားလိုက်ရသည်။ ဤသည်မှာ သူ့အား စိတ်ချမ်းမြေ့မှုနှင့် သက်တောင့်သက်သာရှိမှုတို့ကို ပေးစွမ်းနိုင်ပေ၏။

သူ မှန်းဆနေရန် မလိုတော့ချေ။ ဤသည်မှာ အမှန်တကယ်ပင် 'သေခြင်းရှင်ခြင်း ကောင်းကင်ကံကြမ္မာ' ပင်။

သူသည် ဆက်ခံနိုင်သူကို ရှာမတွေ့ဘဲ နှစ်ပေါင်းများစွာကြာအောင် စောင့်ဆိုင်းခဲ့ပြီးမှ ယခုချိန်၌ ကြက်တစ်ကောင်က နားလည်သဘောပေါက်သွားခဲ့လေပြီ။

"မင်းရဲ့နာမည် ဘယ်လိုခေါ်လဲ"

ထာဝရအသက် အုပ်စိုးသူအရှင်က မေးမြန်းလိုက်သည်။

"ကွတ်....ကွတ်.."

ကြက်ပေါက်ကလေးက ခေါင်းညိတ်ပြသည်။

ကျန်းရွှမ်က အဓိပ္ပါယ်ပြန်ပေးလိုက်သည်။

"သူ့ရဲ့နာမည်က ဟွမ်စိစိပါ..."

"...."

ထာဝရအသက် အုပ်စိုးသူအရှင် လုံးလုံးလျားလျား နားမလည်နိုင် ဖြစ်သွားသည်။

ကျန်းရွှမ်က ခေါင်းကုတ်လိုက်ပြီး အနည်းငယ် အနေခက်စွာဖြင့် ပြောဆိုလိုက်သည်။

"တောင်းပန်ပါတယ်... စိစိက ကျွန်တော့်ရဲ့ အိမ်မွေးသားရဲပါ..."

"အိမ်မွေးသားရဲလား"

ထာဝရအသက် အုပ်စိုးသူအရှင်၏ မျက်လုံးများ ပို၍ပြာဝေသွားသည်။

သူသည် စိတ်ပျက်သွားသော်လည်း များများစားစား မပြောနိုင်တော့သဖြင့် သူသည် မလိုလားစွာဖြင့် ခေါင်းညိတ်လိုက်၏။

"ငါက သူ့ကို တပည့်အဖြစ် လက်ခံပြီးတော့ ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံစေချင်တယ်... မင်းမှာ သဘောမတူတာမျိုး မရှိဘူးမဟုတ်လား..."

"မရှိပါဘူး"

ကျန်းရွှမ်က သူ၏ခေါင်းကို ထပ်ခါတလဲလဲခါယမ်းလိုက်သည်။

ဤကဲ့သို့ အဆင့်အတန်းရှိသူတစ်ယောက်မှ ကြက်ပေါက်လေးကို သင်ကြားပေးသည်မှာ သူကိုယ်တိုင် သင်ပေးတာထက် ပို၍ကောင်းမွန်ပေမည်။

"ဟူး...ကောင်းပြီလေ..."

ထာဝရအသက် အုပ်စိုးသူအရှင်က သက်ပြင်းချလိုက်သည်။ တခြားလူများသည် သူ့ကို ဆက်ပြီး အာရုံစိုက်မနေစေလိုသဖြင့် သူက နောက်သို့ပြန်လှည့်ကြည့်ပြီး ညွှန်ကြားလိုက်၏။

"ငါ ရွေးချယ်ပြီးပြီ... အခု မင်းတို့အလှည့်ပဲ"

"ဟုတ်ကဲ့"

သူ့နောက်မှလိုက်ပါလာသော လူများသည် နောက်ဆုံးတွင် ရှေ့သို့ထွက်လာကြသည်။ ထိုအချိန်မှသာ ဤလူများသည် ပုံပန်းသွင်ပြင် ရိုးစင်းသော်လည်း မြောင်ဟန်ရှန့် နှင့် ရင်ပေါင်တန်းနိုင်သော ထိပ်သီးပညာရှင်များဖြစ်ကြောင်း ကျန်းရွှမ် သတိထားလိုက်မိသည်။

သူတို့ ဝင်လာသည်နှင့် အခန်းထဲမှ လေထုသည် တောင့်တင်းအေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။

ယန်ဆန်းရှစ်ဆန်း၏မျက်လုံးများသည် မျှော်လင့်ချက်များဖြင့် တဖန်ပြန်၍ တောက်ပလာပေ၏။

'လူတွေ ဒီလောက်များတာ... ငါ့အတွက် အခွင့်အရေး တစ်ခုတော့ ရှိမှာပါ'

နာရီဝက်ခန့် ကြာပြီးနောက်...

သူသည် ထောင့်တစ်နေရာတွင် ထိုင်နေပြီး သူ၏ မျက်နှာပေါ်၌ မျက်ရည်များ ထိန်းချုပ်၍မရနိုင်အောင် စီးကျနေလေသည်။

သူ့ကိုယ်သူ ပါရမီအရှိဆုံးဟု ထင်မှတ်ခဲ့ပြီး ဤ ထိပ်သီးပညာရှင်များက သူ့ကို သေချာပေါက် သတိထားမိကာ တပည့်အဖြစ် လက်ခံလိမ့်မည်ဟု သူ တွေးထင်ခဲ့သည်။ သို့သော် အဆုံးသတ်တွင် သူသည် နှိုင်းယှဉ်စရာကြီးသက်သက်သာ ဖြစ်ခဲ့ရလေ၏။

လျိုယန် ယွမ်ထောင် လုချုံး ဝေ့ရူရန် ကျန်းကျိုးရှောင် ခုန်းရှီယောင် ရှန်ရှောင်ထျန်း နှင့် ပိုင်ရွမ်ချင်းတို့အားလုံး တပည့်အဖြစ် ရွေးချယ်ခံလိုက်ရပြီး ဆက်ခံသူများအဖြစ် ကြိုဆိုခံလိုက်ရသည်။

သူကမူ သူ၏မျှော်လင့်ချက်များ တစ်စစီ ပြိုကွဲသွားသည်ကို ထိုင်ကြည့်နေရုံသာ တတ်နိုင်တော့သည်။

"ငါတို့အားလုံး အမွေဆက်ခံမယ့်သူတွေကို တွေ့ပြီဆိုတော့... ဒီကိစ္စက ပြီးသွားပြီ... သွားကြစို့"

ဤအချိန်တွင် ထာဝရအသက် အုပ်စိုးသူအရှင်သည် ကြက်ပေါက်လေးနှင့် ရင်းနှီးနေလေပြီ။ ဤသည်မှာ သာမန်ကြက်တစ်ကောင် မဟုတ်ကြောင်း သိလိုက်ရသဖြင့် သူသည် နောက်ဆုံးတွင် စိတ်လျော့လိုက်ပြီး စိတ်ကျေနပ်မှုများ တိုးပွားလာသည်။

"ဟုတ်ကဲ့..."

ကျိုးချန်းနှင့်တခြားလူများက တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြသည်။

ဆက်ခံမည့်သူကို ရှာဖွေရန် ဆယ်နှစ်ကြာ ကြိုးစားခဲ့ရပြီး သူတို့ လိုက်လံဖမ်းဆီးနေသော အဆစ်ခုနစ်ဆစ်ပိုးကောင်ကိုပင် မစားနိုင်ခဲ့ချေ။ သူတို့၏ ခက်ခဲပင်ပန်းသော တာဝန်သည် နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့လေပြီ။

ဒေါင်...ဒေါင်....ဒေါင်..

ထိုအချိန်မှာပင် ခေါင်းလောင်းကြီး ထပ်မံ၍ မြည်ဟီးလာသည်။

ကျင့်သားရနေပြီဖြစ်သော ရှစ်ယွမ်ကျင်းက မော့ကြည့်လိုက်ရာ သူတို့ထံသို့ လျှောက်လှမ်းလာနေသော လူရိပ်နှစ်ခုကို တွေ့လိုက်ရသည်။

ဤသည်မှာ ဆံပင်နှင့်မုတ်ဆိတ်များ ဖြူဖွေးနေသော အဘိုးအိုနှစ်ဦး ဖြစ်ပြီး သူတို့၏ အရှိန်အဝါများကို ထိန်းချုပ်ထားကြသည်။ သူတို့သည် ကြီးကျယ်ခမ်းနားသော ပုဂ္ဂိုလ်များထက် ကံကြမ္မာခန်းမကို သန့်ရှင်းရေးလုပ်ရန် လွှတ်လိုက်သော သာမန်အောက်ခြေဝန်ထမ်းများနှင့် ပို၍တူညီနေသည်။

"စီနီယာတို့က ဘယ်သူ့ကို လာရှာတာလဲဆိုတာ သိခွင့်ရှိမလား'

သူတို့၏စွမ်းအားကို အာရုံမခံနိုင်သော်လည်း ရှစ်ယွမ်ကျင်းသည် ရိုင်းစိုင်းစွာ မပြုမူရဲချေ။

သူ၏စကားမဆုံးမီမှာပင် ယခင်က မာန်မာနကြီးခဲ့သော ထာဝရအသက် အုပ်စိုးသူအရှင်သည် ရှေ့သို့ လှမ်းထွက်လာပြီး မာနထောင်လွှားသော အမူအယာများ ပျောက်ကွယ်ကာ ကြောက်ရွံ့ရိုသေသောပုံစံဖြင့် အစားထိုးလိုက်သည်။ ထို့နောက် သူ၏ခါးကို ကိုင်းညွှတ်ပြီး အရိုအသေပြုလိုက်၏။

"ရင်းမြစ်ခန်းမသခင်နဲ့ အချိန်ကာလသူတော်စင်ကို အရိုအသေပြုပါတယ်"

"ရင်းမြစ်ခန်းမသခင်လား..."

ရှစ်ယွမ်ကျင်း ထိတ်လန့်တုန်လှုပ်သွားသည်။

အချိန်ကာလသူတော်စင်သည် မည်သူမည်ဝါဖြစ်ကြောင်း သူ မသိသော်လည်း ရင်းမြစ်ခန်းမဆိုသည်မှာ လောကကြီးတွင် တစ်ဦးတည်းသာ ရှိသည်။ ဤသည်မှာ ကံကြမ္မာခန်းမ၏ ခေါင်းဆောင်ပင်။

သူက... သူက တကယ်ကြီး ဒီနေရာကို ရောက်လာတာလား...

"အင်း"

ရင်းမြစ်ခန်းမသခင်ရှစ်က ခေါင်းညိတ်လိုက်သည်။ မည်သူမျှ မတုံ့ပြန်နိုင်ခင် ရှစ်ယွမ်ကျင်းသည် သူ၏ဦးနှောက်များ ဗလာကျင်းသွားသကဲ့သို့ ခံစားလိုက်ရသည်။ ရုတ်ချည်းဆိုသလိုပင် သူ အစောပိုင်းက ကြားလိုက်ရသည့် စကားများကို လုံးလုံးလျားလျား မေ့လျော့သွားသည်။ သူသည် အဘိုးအိုကို ပြန်ကြည့်လိုက်ပြီးနောက် ဇဝေဇဝါ ဖြစ်သွားပေ၏။

"အဲ့ဒါက... ဘယ်သူလဲ...."

ရင်းမြစ်ခန်းမသခင်က သူ၏မှတ်ဉာဏ်များကို ချက်ချင်းဆိုသလို ဖျက်ပစ်လိုက်ခြင်းပင်။

ကျန်းရွှမ်ပင်လျှင် အချိန်တခဏကြာမျှ စိတ်ရှုပ်ထွေးသွားသည်။ သို့ရာတွင် ကောင်းကင်ဘုံစာကြည့်တိုက်သည် အနည်းငယ် တုန်ခါသွားပြီး သူ့စိတ်ကို လျင်မြန်စွာ ရှင်းလင်းပေးလိုက်၏။

သို့ရာတွင် သူသည် မည်သည့်လက္ခဏာရပ်မျှ မပြဘဲ သူသည်လည်း အရာအားလုံးကို မေ့လျော့သွားသကဲ့သို့ ဟန်ဆောင်လိုက်သည်။

"ရင်းမြစ်ခန်းမသခင်က ဆက်ခံသူကို လာရှာတာလား"

ထာဝရအသက် အုပ်စိုးသူအရှင်က မေးမြန်းစူးစမ်းလိုက်သည်။

"ဟုတ်တယ်"

ရင်းမြစ်ခန်းမသခင်က ခေါင်းညိတ်ပြသည်။

"ဒါက ဘယ်သူများလဲ "

ထာဝရအသက် အုပ်စိုးသူအရှင်သည် သိချင်စိတ်ပြင်းပြလာပေ၏။

ကံကြမ္မာခန်းမသည် မရေမတွက်နိုင်သော ထူးချွန်သည့် ပါရမီရှင်များကို စီမံအုပ်ချုပ်သည်။ ဤကဲ့သို့အဆင့်အတန်းရှိသော လူသည် ပါရမီရှင်အမြောက်အများကို ကျော်လွန်ပြီး မည်သည်ကြောင့် ဤနေရာသို့ လာသနည်း။

'သူလည်း ငါ့လိုပဲ ကြက်တစ်ကောင်ကို လာရှာတာလား..'

"ဒါက သူပဲ…"

ရင်းမြစ်ခန်းမသခင်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး လော့ယိုရှင်းအပေါ်သို့ သူ၏အကြည့် ကျရောက်သွားသည်။

"မင်း ငါ့ရဲ့တပည့် ဖြစ်ချင်လား"

ထာဝရအသက် အုပ်စိုးသူအရှင်သည် ကောင်းကင်ကံကြမ္မာကို မည်သူ ဆက်ခံနိုင်မည်နည်းကို ဆုံးဖြတ်ရန် အလင်းကွင်းတစ်ခု လိုအပ်ခဲ့သည်။ သို့ရာတွင် ရင်းမြစ်ခန်းမသခင်ကမူ ထိုကဲ့သို့အရာမျိုး မလိုချေ။ ကံကြမ္မာခန်းမ၏ခေါင်းဆောင်အနေဖြင့် သူသည် ကောင်းကင်ကံကြမ္မာ အမြောက်အများကို မြင်တွေ့ခဲ့ရပြီးဖြစ်ကာ 'ရင်းမြစ်ကောင်းကင်ကံကြမ္မာ'ကို ဆက်ခံမည့်သူအား တစ်ချက်ကြည့်ရုံဖြင့် ခွဲခြားသိမြင်နိုင်သည်။

"ကျွန်မ..."

လော့ယိုရှင်းက အနည်းငယ်ခန့် တွန့်ဆုတ်သွားပြီးနောက် ခေါင်းညိတ်လိုက်သည်။

"ကျွန်မ ဆန္ဒရှိပါတယ်"

တစ်ချိန်တည်းမှာပင် အချိန်ကာလသူတော်စင်က လော့ချီးချီးဘက်သို့ လှည့်ကြည့်လေသည်။

"မင်း ငါနဲ့အတူ လိုက်ချင်လား"

လော့ချီးချီးကလည်း ခေါင်းညိတ်လိုက်သည်။

"ကျွန်မ ဆန္ဒရှိပါတယ်"

"အကုန်လုံးအဆင်ပြေပြီဆိုတော့ သွားကြစို့"

ရင်းမြစ်ခန်းမသခင်က အချိန်ကာလသူတော်စင်ကို တစ်ချက်ကြည့်ပြီးနောက် လော့ယိုရှင်းနှင့် လော့ချီးချီးတို့ကို ကြည့်ကာ ပြုံးလိုက်သည်။ ထို့နောက် သူသည် လက်တစ်ဖက်တည်းဖြင့် သူတို့၏ရှေ့ရှိ လေဟာနယ်ကို ဆုတ်ဖြဲလိုက်၏။

သူ ဝင်ရောက်ရန် ပြင်လိုက်စဉ်မှာပင် လော့ယိုရှင်းက ရုတ်တရက် ခြေတစ်လှမ်း နောက်ဆုတ်လိုက်သည်။

"စီနီယာ... ခဏလောက် စောင့်ပါအုံး... ကျွန်မရဲ့ခင်ပွန်းကို အရင်နှုတ်ဆက်ခွင့် ပြုပါ"

ထိုအချိန်မှာပင် လော့ချီးချီးသည်လည်း အချိန်ကာလသူတော်စင်ကိုကြည့်ကာ သူမ၏လက်ကိုပူးဆုပ်ပြီး အရိုအသေ ပြုလိုက်သည်။

"ကျွန်မလည်း ကျွန်မရဲ့ခင်ပွန်းကို နှုတ်ဆက်ချင်ပါတယ်"

All Chapters