ကံကြမ္မာ မပါဘူး
Vol. 20 Ch. 263
"မင်းတို့နှစ်ယောက်လုံး အိမ်ထောင်ကျပြီးပြီလား"
ရင်းမြစ်ခန်းမသခင် ကြောင်အသွားသည်။
"ဟုတ်ကဲ့"
လော့ယိုရှင်းနှင့်လော့ချီးချီးတို့သည် တပြိုင်နက်တည်း ခေါင်းညိတ်လိုက်ကြ၏။
ရင်းမြစ်ခန်းမသခင်နှင့် အချိန်ကာလသူတော်စင်တို့သည် အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့နှစ်ယောက်လုံး မျက်မှောင်ကြုတ်လိုက်ကြသည်။
ကျင့်ကြံခြင်းလမ်းစဉ်သည် အရေးကြီးသော အချက်လေးချက်ကို အလေးပေးသည်။ ဤသည်မှာ ကြွယ်ဝမှု လက်တွဲဖော် နည်းစနစ်နှင့် အဆင့်အတန်းတို့ပင်။ ဆရာတစ်ယောက်သည် ဤအချက်များအနက်မှ သုံးချက်ကို ဖြည့်ဆည်းပေးနိုင်သော်လည်း "လက်တွဲဖော်"ကိုမူ ပေး၍ မရနိုင်ချေ။ ထို့ပြင် ဤအချက်သည် အလွန်အရေးကြီးသည်။
အထူးသဖြင့် သူတို့ကဲ့သို့ ကိုယ်ပိုင်ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ထားသူများအတွက် ပို၍အရေးကြီးပေ၏။။ ကံကြမ္မာများ၏ နောက်ဆုံးယှဉ်ပြိုင်မှုတွင် အသေးငယ်ဆုံးသော ပြောင်းလဲမှုလေးကပင် ကုလားအုတ်ကို ခါးကျိုးသွားစေသည့် ကောက်ရိုးတစ်မျှင် ဖြစ်လာနိုင်သည်။ စွမ်းအားကြီးမားသော တာအိုလက်တွဲဖော်သည် အရေးကြီးသော အချိန်များတွင် အပြန်အလှန် ပံ့ပိုးပေးနိုင်ရုံသာမက ကျင့်ကြံခြင်းဆိုင်ရာ အမြင်များကို ဖလှယ်ခြင်း တစ်ဦးနှင့်တစ်ဦး၏ ကံကြမ္မာကို အတည်ပြုခြင်း ကံကြမ္မာများကို ပေါင်းစပ်ခြင်းများပင် ပြုလုပ်နိုင်သည်။ တချို့ကိစ္စများတွင် တာအိုလက်တွဲဖော်နှစ်ဦးအနက် တစ်ဦး၏ အသက်ကို တခြားတစ်ဦး၏ ကံကြမ္မာမှတစ်ဆင့် ထိန်းသိမ်းထားနိုင်ပြီး ဖြစ်တည်မှုတစ်ခုလုံးကို ပြန်လည်ပုံသွင်းနိုင်သည်အထိ အရေးပါသည်။
သို့ရာတွင် သူမတို့၏ လက်ရှိပါရမီနှင့် ဓမ္မရုပ်သွင်နယ်ပယ်မျှသာ ရှိသေးသော ကျင့်ကြံဆင့်တို့အရ သူမတို့၏ခင်ပွန်းသည်များ ပို၍သန်မာသည် ဆိုလျှင်ပင် ကြယ်စင်မြစ်နယ်ပယ် ပထမ သို့မဟုတ် ဒုတိယအဆင့်လောက်သာ ရှိပေလိမ့်မည်။ ထိုကဲ့သို့ စွမ်းအားမျိုးနှင့်ဆိုလျှင် ထူးခြားသော ကောင်းကင်ကံကြမ္မာ မရှိဘဲ လောကကြီး၏အထွတ်အထိပ်သို့ ရောက်ရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။ မည်သည့်ရှုထောင့်က ကြည့်သည်ဖြစ်စေ သူမတို့ ပြောဆိုသော ခင်ပွန်းသည်များသည် ဝန်ထုပ်ဝန်ပိုးများထက် မပိုကြောင်း သိသာထင်ရှားသည်။
"သူတို့က မင်းတို့နဲ့ မတန်ဘူး"
ရင်းမြစ်ခန်းမသခင်က ပြတ်သားစွာ ပြောဆိုလိုက်သည်။
အချိန်ကာလသူတော်စင်က လော့ချီးချီးဘက်သို့ လှည့်ပြီး ဖြည့်စွက်ပြောဆိုသည်။
"မင်းလည်း အတူတူပဲ... အဲ့ဒီလူက ဘယ်သူပဲဖြစ်ဖြစ် မင်းလိုပါရမီရှင်နဲ့ မတန်ဘူး"
"မတန်ဘူးလား..."
လော့ယိုရှင်းနှင့်လော့ချီးချီးတို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး ရယ်မောလိုက်ကြ၏။
သူမတို့၏ခင်ပွန်းဟု ပြောသလော...
သူသည် မည်သည့်နေရာသို့ရောက်စေကာမူ ဖြစ်တည်မှုအားလုံး၏ အထွတ်အထိပ်၌ ရပ်တည်နေသောလူပင်။ ထိုက်တန်ခြင်းမတန်ခြင်းကို ဆွေးနွေးရမည်ဆိုလျှင် တခြားသူများကသာ သူကို လိုက်မီအောင် တက်လှမ်းနေရသည်ဟု မြင်တွေ့ကြပေလိမ့်မည်။ သို့ရာတွင် ယခုချိန်၌ ပထမဆုံးအကြိမ်အဖြစ် တစ်စုံတစ်ယောက်က ဆန့်ကျင်ဘက်ပြောဆိုလာခဲ့လေပြီ။
"ငါက အမှန်တရားကို ပြောနေတာပဲ"
ရင်းမြစ်ခန်းမသခင်က အခိုင်အမာ ပြောဆိုသည်။
"သူတို့က ဘယ်မှာလဲ... ငါ့ဆီ ခေါ်လာခဲ့စမ်း... မင်းတို့နဲ့ သူတို့ကြားက ကွာဟချက်ကို ငါ ပြမယ်... လက်တွေ့ဘဝကို သူတို့ကိုယ်တိုင် နားလည်ပြီးတော့ လိမ်လိမ်မာမာနဲ့ နောက်ဆုတ်သွားအောင် ငါ လုပ်ပြမယ်"
လော့ယိုရှင်းက လှည့်ကြည့်လိုက်သည်။
"ကျန်းရွှမ်... ရင်းမြစ်ခန်းမသခင်က ရှင့်ကို တွေ့ချင်လို့တဲ့"
"အဟွတ် အဟွတ်...."
ကျန်းရွှမ်က ရှေ့သို့ထွက်လာသည်။
"ရင်းမြစ်ခန်းမသခင်ကို အရိုအသေပြုပါတယ်"
"မင်းက သူ့ရဲ့ ခင်ပွန်းလား"
ရင်းမြစ်ခန်းမသခင်က မျက်မှောင်ကြုတ်ပြီး သူ့ရှေ့မှလူငယ်လေးကို စေ့စေ့စပ်စပ် ကြည့်လိုက်သည်။ သူ၏ကျင့်ကြံဆင့်သည် ဓမ္မရုပ်သွင်နယ်ပယ် အထွတ်အထိပ်အဆင့်မှာသာ ရှိနေပေ၏။ အစောပိုင်းက ယန်ဆန်းရှစ်ဆန်းကဲ့သို့ လူမျိုးနဲ့ နှိုင်းယှဥ်လျှင်ပင် သူသည် များစွာပို၍ နိမ့်ကျနေသည်။ သူ့ကိုကြည့်ရသည်မှာ သာမန်လူတစ်ယောက်အလားပင်။
"မင်းရဲ့ခင်ပွန်းကရော ဘယ်မှာလဲ... သူ့ကိုလည်း ခေါ်လိုက်...."
အချိန်ကာလသူတော်စင်က လော့ချီးချီးကိုကြည့်ပြီး ပြောဆိုသည်။
လော့ချီးချီးကလည်း ကျန်းရွှမ်ထံသို့ လှည့်ကြည့်လိုက်သည်။
"ဆရာကျန်း... သူတော်စင်က ရှင့်ကို တွေ့ချင်လို့တဲ့"
ကျန်းရွှမ်က ခေါင်းကုတ်လိုက်ပြီး သူ၏လက်နှစ်ဖက်ကို ပူးဆုပ်လိုက်၏။
"ကျန်းရွှမ်က အချိန်ကာလသူတော်စင်ကို အရိုအသေပြုပါတယ်"
"...."
အချိန်ကာလသူတော်စင်နှင့် ရင်းမြစ်ခန်းမသခင်တို့ နှစ်ယောက်လုံး ကြက်သေသေသွားကြသည်။
'ဒီထူးချွန်ပြောင်မြောက်တဲ့ ပါရမီရှင် မိန်းကလေးနှစ်ယောက်ရဲ့ ခင်ပွန်းက တစ်ယောက်တည်း ဖြစ်နေတာလား...ဒီကောင်က ဘဝပေါင်း ရှစ်ထောင်လောက်က ကောင်းမှုကုသိုလ်တွေ စုဆောင်းထားရင်တောင် ဒါက မတန်သေးဘူး'
ရုတ်ချည်းဆိုသလိုပင် သူတို့၏မျက်နှာအမူအယာများ ဒေါသကြောင့် သုန်မှုန်သွားသည်။ ဤကဲ့သို့ ပါရမီထူးကဲသော မိန်းမလှလေးတစ်ယောက်ကို ပိုင်ဆိုင်ရလျှင်ပင် ဘဝတသက်တာ ကံကောင်းမှုကြီး ဖြစ်နေသည့်တိုင် ဤကောင်စုတ်သည် နှစ်ယောက်လုံးကို သိမ်းပိုက်ထားခဲ့ပေ၏။
အရှက်မရှိလိုက်တာ....
ရင်းမြစ်ခန်းမသခင်သည် သည်းမခံနိုင်တော့ဘဲ ကျန်းရွှမ်ကို အေးစက်ပြီး ဖိအားပြင်းထန်သော အကြည့်ဖြင့် စူးစိုက်၍ ကြည့်လိုက်သည်။
"ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်... ပထမတစ်ခုက မင်းကို ကျင့်ကြံခြင်း အရင်းအမြစ်တွေနဲ့ သင့်လျော်တဲ့ ကောင်းကင်ကံကြမ္မာတစ်ခု ငါ ပေးမယ်... ဒါပေမဲ့ မင်း သူတို့နဲ့ ကွာရှင်းပြီး ဘယ်တော့မှ မပတ်သက်ရတော့ဘူး... ဒုတိယတစ်ခုက မင်းရဲ့ ဖြစ်တည်မှုကို အစအနတောင် မကျန်အောင် ငါ ဖျက်ဆီးလိုက်မယ်"
ကျန်းရွှမ် တောင့်တင်းသွားသည်။
"ခင်ဗျားပြောတာက ကျွန်တော် သူတို့နဲ့ မကွာရှင်းရင် ကျွန်တော့်ကို သတ်ပစ်မယ်ပေါ့...."
သူ၏တပည့်များသည် အကောင်းဆုံး ကျင့်ကြံခြင်း အခွင့်အလမ်းတွေအတွက် ခေါ်ဆောင်သွားခြင်းခံရသည်ကို သူသည် ဇာတ်လမ်းတစ်ပုဒ် ကြည့်နေသကဲ့သို့ စောင့်ကြည့်နေခဲ့သည်။ ယခုအချိန်၌ ဇာတ်ကွက်က သူ့ဘက်သို့ ရုတ်တရက်ဆန်စွာ လှည့်လာလိမ့်မည်ဟု သူ အိပ်မက်ထဲတွင်ပင် ထည့်မမက်ဖူးချေ။
"အဲ့ဒီလို ပြောလို့ရတယ်"
ရင်းမြစ်ခန်းမသခင်က ခေါင်းညိတ်လိုက်သည်။
ကျန်းရွှမ်က လော့ယိုရှင်းနှင့်လော့ချီးချီး တို့ကို ကူကယ်ရာမဲ့စွာဖြင့် ကြည့်လိုက်၏။
"မင်းတို့ ဘယ်လိုသဘောရလဲ...."
"ဘာသဘောရစရာ ရှိလို့လဲ"
လော့ယိုရှင်းက မျက်လုံးလှန်ကြည့်လိုက်သည်။
"ခန်းမသခင်... ကျွန်မရဲ့ခင်ပွန်းက ကျွန်မနဲ့ မတန်ဘူးလို့ ရှင် ထင်ရင်..ရှင်လည်း ကျွန်မရဲ့ဆရာ ဖြစ်ဖို့ အရည်အချင်း မရှိဘူး... ဘာပဲဖြစ်ဖြစ် ကျွန်မက ရှင့်ရဲ့တပည့်ဖြစ်ရဖို့ တောင်းဆိုခဲ့တာ မဟုတ်ဘူး"
"သေချာတာပေါ့"
လော့ချီးချီး က အချိန်ကာလသူတော်စင်ကိုကြည့်ပြီး ပြတ်ပြတ်သားသား ပြောဆိုသည်။
"ရှင်သာ ဆရာကျန်းကို ထိခိုက်အောင်လုပ်ရင် ကျွန်မ သေတဲ့အထိ တိုက်ခိုက်မယ်... ကျွန်မကို မသတ်သရွေ့ ရှင့်ကို သတ်နိုင်ဖို့ ကျွန်မက မရပ်မနား ကြိုးစားနေမှာပဲ..."
ဤမိန်းကလေးနှစ်ဦးသည် စိတ်နေသဘောထားနှင့်အတွေ့အကြုံများ ကွာခြားကြသော်လည်း ကျန်းရွှမ်အပေါ်ထားရှိသော ခံစားချက်များမှာမူ ထပ်တူထပ်မျှပင်။
"ဒါက..."
ရင်းမြစ်ခန်းမသခင်နှင့် အချိန်ကာလသူတော်စင်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး သူတို့နှစ်ယောက်လုံး မျက်မှောင်ကြုတ်လိုက်ကြ၏။
ဤကဲ့သို့ ကောင်းကင်ကံကြမ္မာရှိသော ပါရမီရှင်မျိုးကို ရှာတွေ့ရန် သူတို့သည် အချိန်အကြာကြီး စောင့်ဆိုင်းခဲ့ရသည်။ ဤကိစ္စလေးကြောင့် ပါရမီရှင်များကို လက်လွှတ်လိုက်ရလျှင် သူတို့အတွက် ကြီးမားသောဆုံးရှုံးမှုကို ဖြစ်စေပေလိမ့်မည်။
"ကောင်းပြီလေ... ဒါဆို ငါတို့က ကျန်းရွှမ်နဲ့ သီးသန့် စကားပြောမယ်"
အချိန်ကာလသူတော်စင်က ဆုံးဖြတ်လိုက်သည်။ ထို့နောက် သူ၏လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ ပတ်ဝန်းကျင်ရှိ လေထုသည် တွန့်လိမ်ပြီး လည်ပတ်သွားသည်။ ကျန်းရွှမ်သည် လော့ယိုရှင်းနှင့်လော့ချီးချီး တို့ကို မြင်နေရသေးသော်လည်း သူမတို့သည် သူ လက်လှမ်းမမီနိုင်သော နေရာသို့ ရောက်ရှိသွားကာ သူ၏အာရုံခံနိုင်စွမ်းအောက်မှ ပျောက်ကွယ်သွားသည့်အလားပင်။
ဤသည်မှာ သူသည် ပြင်ပလောကနှင့် အဆက်အသွယ် ပြတ်တောက်သွားပြီး တီဗီဖန်သားပြင်အတွင်းသို့ ရောက်ရှိသွားသကဲ့သို့ ခံစားလိုက်ရသည်။
ကျန်းရွှမ်၏စိတ်နှလုံးသား လေးလံသွားသည်။ ဤကဲ့သို့ လေဟာနယ်ကို ချောမွေ့စွာ ထိန်းချုပ်နိုင်စွမ်းသည် သူ ကြုံဖူးသမျှ အရာအားလုံးထက် ကျော်လွန်နေပြီး အချိန်ကာလသူတော်စင်၏စွမ်းအားသည် အိုးယန်ဟိုင်ထက် အဆမတန် သာလွန်ကြောင်း ပြသနေသည်။
"ငါတို့ရဲ့ စွမ်းအားကို မင်း မြင်ပြီမလား"
ရင်းမြစ်ခန်းမသခင်က ကျန်းရွှမ်ကို စူးစိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။ သူ၏မျက်လုံးအကြည့်တွင် လွှမ်းမိုးချုပ်ကိုင်နိုင်သော စွမ်းအားများဖြင့် တောက်လောင်နေကာ ကျန်းရွှမ်သည် တောင်ကြီးတစ်လုံး ပြိုလဲကျလာသကဲ့သို့ ဖိအားကို ခံစားလိုက်ရသည်။
ဤကဲ့သို့ကြီးမားသော ဖိအားအရှိန်အဝါအောက်တွင် သူ၏ဦးရေပြားများ ထုံကျင်လာပြီး မုန်တိုင်းအတွင်းမှ လှေငယ်လေးတစ်စင်းအလား ပြိုလဲလုနီးပါး ဖြစ်သွားလေ၏။ သူ၏ကျောရိုးသည် ဖိအားကြောင့် ကွေးညွှတ်သွားပြီး ကျိုးလုမတတ် ဖြစ်နေသည်။
ဤသည်မှာ လွှမ်းမိုးချုပ်ကိုင်နိုင်ကို ပြသခြင်းပင်။
ရင်းမြစ်ခန်းမသခင်သည် ကျန်းရွှမ်ကို သင်ခန်းစာပေးလိုပြီး သူ့အနေဖြင့် နောက်ဆုတ်သွားစေရန် ရည်ရွယ်ထားခြင်းဖြစ်သည်။
ကျန်းရွှမ်သည် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ရာ သူ၏လက်မှ သွေးကြောများ ထောင်ထလာသည်။ သူသည် ကမ္ဘာတစ်ခု၏ အရှင်သခင်ဖြစ်ကာ မျိုးဆက်ပေါင်းများစွာ၏ ဆရာသခင် ဖြစ်သော်လည်း ရင်းမြစ်ကမ္ဘာ၏ ထိပ်တန်းပုဂ္ဂိုလ်များရှေ့တွင် သူ လုံးလုံးလျားလျား ယှဉ်ပြိုင်နိုင်စွမ်းမရှိ ဖြစ်နေသည်။ နယ်ယွမ်ပင်လျှင် ဤကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ လက်ဝါးရိုက်ချက်တစ်ချက်ကြောင့် သေလုနီးပါး ဖြစ်ခဲ့ဖူးသည် မဟုတ်လော။
"သူသာ ငါ့ရဲ့ကောင်းကင်ကံကြမ္မာကို ဆက်ခံလိုက်ရင် ငါနဲ့တန်းတူစွမ်းအားကို ရရှိလာလိမ့်မယ်"
ကျန်းရွှမ်၏ ပင်ပန်းဆင်းရဲနေသော ပုံစံကို ကြည့်ပြီး ရင်းမြစ်ခန်းမသခင်က အေးစက်တင်းမာစွာ ပြောဆိုလိုက်သည်။
"ဒါ့ပြင် သူက ကံကြမ္မာခန်းမရဲ့သခင် ဖြစ်လာနိုင်ပြီးတော့ ပြိုင်ဘက်ကင်း အခွင့်အာဏာကို ကိုင်စွဲနိုင်လိမ့်မယ်...သူ စကားတစ်ခွန်း ပြောလိုက်ရုံနဲ့ ကုန်းမြေတစ်ခုလုံးကို တုန်လှုပ်သွားစေနိုင်တယ်... မင်းကရော...တစ်သက်လုံး ရုန်းကန်ပြီးမှ အင်ပါယာလေးတစ်ခုမှာ ဂိုဏ်းချုပ် ဒါမှမဟုတ် ခန်းမသခင်လောက်ပဲ ဖြစ်လာမှာ... မင်းက သူ့ရဲ့အရိပ်ကိုတောင် မြင်ရမှာ မဟုတ်ဘူး"
"ကျွန်တော်..."
ကျန်းရွှမ်သည် စကားပြောဆိုရန် ကြိုးစားလိုက်သော်လည်း ကြီးမားသောဖိအားကြောင့် မလှုပ်ရှားနိုင် ဖြစ်နေသည်။ သူ၏အာရုံကြောများ ထုံထိုင်းလာပြီး သူ မရှိတော့သည့်အလား ခံစားနေရသည်။
ရင်းမြစ်ခန်းမသခင်သည် ကျန်းရွှမ်၏ စိတ်ဓာတ်ကို လုံးလုံးလျားလျား ချိုးနှိမ်ပြီး ခုခံလိုစိတ် တစိုးတစိမကျန်အောင် လုပ်ဆောင်နေခြင်းပင်။
"ငါ့ရဲ့တပည့် ဖြစ်လာရင် သူက အချိန်ကောင်းကင်ကံကြမ္မာကို ဆက်ခံရလိမ့်မယ်"
အချိန်ကာလသူတော်စင်က ဝင်ရောက်ပြောဆိုသည်။
"ငါ့မှာ တပည့်နည်းပြီးတော့ အင်အားစု မရှိပေမယ့် ဒါက အစွမ်းထက်ဆုံး ဒုတိယတန်းစား ကံကြမ္မာတွေထဲက တစ်ခုပဲ... ဒါကို ကျွမ်းကျင်သွားရင် သူ့ကို ဘယ်သူမှ တားဆီးနိုင်မှာ မဟုတ်ဘူး... မင်းကရော...သူက ရှေ့ကို အဝေးကြီး ပျံသန်းနေချိန်မှာ မင်းက ဆယ်စုနှစ်တွေ ရာစုနှစ်တွေကြာတဲ့အထိ အထီးကျန်နေပြီးတော့ ကျင့်ကြံရတာကို ခံနိုင်ရည်ရှိပါ့မလား"
"ဒီလိုဖြစ်နေတာတောင် သူ့ကို တွယ်ကပ်ထားတာက သူ့ကို အောက်ကိုဆွဲချနေတာပဲ... ဒါက ကျေးဇူးကန်းတာ အတ္တကြီးတာပဲ"
ကျန်းရွှမ်သည် အံ့တင်းတင်းကြိတ်ပြီး သူတို့၏ ဖိအားအရှိန်အဝါကို တွန်းလှန်ရန် သူ၏စွမ်းအားများကို စုစည်းလိုက်သည်။ ပါမောက္ခကုန်းမြေမှ ကောင်းကင်ဘုံအထိအပြင် ယခုရင်းမြစ်ကမ္ဘာတိုင်အောင် သူ လျှောက်လှမ်းခဲ့သော ခရီးလမ်းတလျှောက် စိန်ခေါ်မှုပေါင်းများစွာ ကြုံခဲ့ရသော်လည်း တစ်ကြိမ်တစ်ခါမျှ အရှုံးမပေးခဲ့ချေ။ ဤတစ်ကြိမ်တွင်လည်း ကွဲပြားခြားနားမည် မဟုတ်ပေ။
သူ၏ခန္ဓာကိုယ်အတွင်းမှ စွမ်းအားများ တလိမ့်လိမ့်ထလာသည်နှင့် သူသည် ကောင်းကင်ဘုံသောကကံကြမ္မာကို အသက်သွင်းလိုက်၏။
သန့်စင်သောစွမ်းအင်များသည် သူ၏မရီဒါန်းများထဲသို့ စီးဆင်းသွားပြီး သူ့အပေါ်၌ ဖိစီးနေသော ဖိအားများကို လျော့ပါးသွားစေသည်။
"ဒီဖိနှိပ်မှုက ကျင့်ကြံခြင်းစွမ်းအားကြောင့် မဟုတ်ဘူး... ကံကြမ္မာကြောင့်ပဲ"
ကျန်းရွှမ် ရုတ်တရက် နားလည်သဘောပေါက်သွားသည်။
ကွာခြားချက်သည် သူတို့၏ကံကြမ္မာ အဆင့်အတန်းတွင် ရှိနေသည်။ လူတချို့သည် မွေးရာပါပါရမီရှိကာ လောကကြီးကို ခြေအောက်တွင်ထားပြီး အာဏာရရှိရန်အတွက် ကြိုးစားရန်မလိုဘဲ အမြင့်သို့ တက်လှမ်းနိုင်ကြသည်။ တချို့လူများကမူ ထိုအမြင့်၏ တစိတ်တဒေသသို့ ရောက်ရှိရန်အတွက် တစ်သက်လုံး ရုန်းကန်နေကြရသည်။ ဤသည်မှာ "ကံကြမ္မာ" ၏ အခြေခံမညီမျှမှုပင်။
သို့ရာတွင် ကျန်းရွှမ်ထံ၌ ယုံကြည်ချက် ရှိသည်။ သူ၏ကောင်းကင်ကံကြမ္မာသည် လောလောဆယ်တွင် အားနည်းနေသော်လည်း အချိန်တန်လျှင် တခြားမည်သည့်အရာကိုမဆို ယှဉ်ပြိုင်နိုင်ပေလိမ့်မည်။
သူသည် တဖြည်းဖြည်း သူ၏ကျောရိုးပြန်မတ်လိုက်ပြီး သူ၏စိတ်အာရုံများ ပြန်လည်၍ကြည်လင်လာသည်။
"ကျေးဇူးကန်းတယ် ဟုတ်လား... သူတို့ကို စွန့်ပစ်လိုက်တာက ကျေးဇူးသိတတ်တာဆိုရင် ....အဲ့ဒါကမှ စစ်မှန်တဲ့ ကျေးဇူးကန်းခြင်းပဲ"
ကျန်းရွှမ် ပြောဆိုသည်။ သူ၏တည်ငြိမ်သော အသံသည် ဖိနှိပ်ချုပ်ကိုင်ထားသော တိတ်ဆိတ်ငြိမ်သက်မှုကို ဖြိုခွင်းလိုက်၏။
ရင်းမြစ်ခန်းမသခင်နှင့် အချိန်ကာလသူတော်စင်တို့နှစ်ယောက်လုံး အချိန်တခဏကြာမျှ ကြက်သေသေသွားကြသည်။ သူတို့၏ ကောင်းကင်ကံကြမ္မာများမှ ဖိနှိပ်မှုကို ကြံ့ကြံ့ခံနိုင်ရုံသာမက ပြန်လည်တုံ့ပြန်ပြောဆိုနိုင်သည့် လူမျိုးကို သူတို့ တစ်ကြိမ်တစ်ခါမျှ မကြုံတွေ့ဖူးချေ။
သို့ရာတွင် သူတို့သည် ချက်ချင်းဆိုသလိုပင် ထိုအတွေးကို ပယ်ဖျက်လိုက်ကြသည်။ အသက် ခုနစ်နှစ်တွင် ကြယ်စင်မြစ်နယ်ပယ်သို့ ရောက်ပြီး ဆယ့်နှစ်နှစ်တွင် သတ္တမအဆင့်သို့ ရောက်သည့် အစစ်အမှန်ပါရမီရှင်များနှင့် နှိုင်းယှဉ်လျှင် ကျန်းရွှမ်သည် အရေးမပါလှချေ။
"မင်းက ကျေးဇူးမကန်းဘူး ဆိုရင်တောင် ဘာဖြစ်လဲ"
အချိန်ကာလသူတော်စင်က မဲ့ပြုံးပြုံးလိုက်သည်။
"သူတို့က အစစ်အမှန်ပါရမီရှင်ဆိုတာကို မမြင်ဖူးတာကြောင့် မင်းကို အခု ရွေးချယ်ထားကြတာပဲ..သူတို့နဲ့ယှဉ်ရင် မင်းရဲ့ပါရမီဆိုတာက ပြောပလောက်တဲ့အရာ မဟုတ်ဘူး"
ကျန်းရွှမ်က ခေါင်းခါလိုက်သည်။
"အနာဂတ်ဆိုတာက မသေချာဘူး... အဲ့ဒီပါရမီရှင်ဆိုတဲ့လူတွေကို ကျွန်တော်က မကျော်ဖြတ်နိုင်ဘူးလို့ ဘယ်သူက ပြောနိုင်မလဲ"
"ကျော်ဖြတ်မယ်... ဟုတ်လား"
ရင်းမြစ်ခန်းမသခင်က အေးစက်စက် ရယ်မောလိုက်၏။
"မင်းမှာ... အဲဒီလို ကံကြမ္မာမပါဘူး"