← Chapters

ကံကြမ္မာကို ချောင်းကြည့်ခြင်း(၁)

Vol. 20 Ch. 264

ကံကြမ္မာကို ချောင်းကြည့်ခြင်း(၁)

Vol. 20 Ch. 264

"ကံကြမ္မာမပါဘူး ဟုတ်လား"

ကျန်းရွှမ်က ခေါင်းခါလိုက်သည်။

"ကျွန်တော့်ရဲ့ အနာဂတ် ဘယ်လိုဖြစ်မလဲဆိုတာ ခင်ဗျားတို့ ဆုံးဖြတ်ပေးလို့ မရနိုင်ဘူး"

"အော်... မင်းက မယုံဘူးပေါ့... မင်းက ကံကြမ္မာဆရာသခင်တစ်ယောက် ဖြစ်လာရုံနဲ့ မင်းရဲ့ ကံကြမ္မာကို မင်း ထိန်းချုပ်နိုင်ပြီလို့ မထင်လိုက်နဲ့... မင်း အများကြီး လိုသေးတယ်"

သူ့၏ အာခံသော မျက်နှာအမူအယာကို မြင်တွေ့ချိန်၌ ရင်းမြစ်ခန်းမသခင်သည် အေးစက်စက် နှာမှုတ်လိုက်၏။

"အဲဒီလိုဆိုမှတော့ ကံကြမ္မာက ဘာလဲဆိုတာ ငါ မင်းကို ပြပေးမယ်"

ရှည်ရှည်ဝေးဝေးထပ်မပြောတော့ဘဲ ရင်းမြစ်ခန်းမသခင်သည် သူ

လက်ကို လျင်မြန်စွာလှုပ်ရှားလိုက်ပြီး အချိန်နှင့်လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ကျန်းရွှမ်သည် ကြီးမားသော စွမ်းအားတစ်ရပ်က သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားသည်အား ခံစားလိုက်ရသည်။

နောက်ထပ်အချိန်တခဏတွင် သူသည် လေဟာနယ်အက်ကွဲကြောင်းထဲသို့ ဆွဲသွင်းခြင်းခံလိုက်ရတော့သည်။

သူသည် မူးဝေသွားပြီးနောက် သူ၏ရှေ့တွင် မှောင်မည်းနေသော လေဟာနယ်တစ်ခု ထွက်ပေါ်လာပြီး စကြာဝဠာ၏ နက်ရှိုင်းသော နေရာသို့ ကျရောက်သွားသည့်အလား သူ ခံစားမိလေ၏။

သူ့ကို မည်သည်ကြောင့် ဤနေရာသို့ ခေါ်လာရသနည်းဟု သူ စဉ်းစားနေစဉ်မှာပင် ကြီးကျယ်ခမ်းနားသော မြစ်ကြီးတစ်စင်းသည် စကြာဝဠာကို ဖြတ်သန်း၍ စီးဆင်းနေသည်ကို သူ မြင်လိုက်ရသည်။

ဤမြစ်သည် ကောင်းကင်ဘုံမှ မြစ်ဖျားခံလာပြီး အဆုံးမဲ့ဝေးကွာသောနေရာသို့ ဦးတည်ပြီး စီးဆင်းနေသည်။ မြစ်၏ လှိုင်းထန်သော ရေစီးကြောင်းများသည် ကြီးမားသောစွမ်းအားများဖြင့် တဝုန်းဝုန်းထနေပြီး လေဟာနယ်ကိုပင် တွန့်လိန်သွားစေသည်။

"ဒါက... အစစ်အမှန် ကံကြမ္မာမြစ်လား...."

ကျန်းရွှမ်၏မျက်လုံးသူငယ်အိမ်များ ကျဉ်းမြောင်းသွားသည်။

ယခင် စမ်းသပ်မှုတစ်ခုတွင် ကောင်းကင်ကံကြမ္မာစွမ်းအင်များဖြင့် ဖန်တီးထားသော ကံကြမ္မာမြစ်၏ မြစ်လက်တက်တစ်ခုကို သူ မြင်တွေ့ခဲ့ဖူးသည်။ သို့ရာတွင် ယခု သူ့ရှေ့၌ ရှိနေသောအရာနှင့် နှိုင်းယှဉ်လျှင် ရေအိုင်လေးတစ်အိုင်နှင့် သမုဒ္ဒရာကြီးတစ်စင်းကို နှိုင်းယှဉ်သည့်အလားပင်။ ဤကွာခြားချက်သည် သူ၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေပေ၏။

"အမှန်ပဲ... ဒါက အစစ်အမှန် ကံကြမ္မာမြစ်ပဲ"

အချိန်ကာလသူတော်စင်က ရုတ်တရက် ကျန်းရွှမ်၏အနီးသို့ ရောက်လာပြီး ရှေ့သို့ ညွှန်ပြလိုက်သည်။

"ဒီမြစ်တစ်စင်းစီက မတူညီတဲ့ ကံကြမ္မာတစ်ခုစီကို ကိုယ်စားပြုပြီး မတူညီတဲ့ ဘဝတွေကို သရုပ်ဖော်ထားတယ်"

ကျန်းရွှမ် လှမ်းကြည့်လိုက်ရာ အောက်ဘက်တွင် မရေမတွက်နိုင်သော မြစ်ချောင်းများ ပေါင်းဆုံ၍စီးဆင်းနေသည်ကို မြင်တွေ့လိုက်ရသည်။ တချို့မြစ်များသည် ကျယ်ပြန့်ပြီး အားကောင်းသော်လည်း တချို့ကမူ ကျဥ်းမြောင်းပြီး သန့်စင်သည်။ အဝေးမှ ကြည့်လျှင် ရေမျက်နှာပြင်များသည် ရောင်စုံအလင်းတန်းများဖြင့် တောက်ပနေပေ၏။

"ကုန်ခမ်းမသွားနိုင်တဲ့ ကောင်းကင်ကံကြမ္မာစွမ်းအင် အရင်းအမြစ်ပါလား"

ကျန်းရွှမ်၏ မျက်လုံးများ တောက်ပသွားသည်။

ဤမြစ်ချောင်းများသည် ကောင်းကင်ကံကြမ္မာစွမ်းအင်များဖြင့် ဖွဲ့စည်းထားပြီး ရေတစ်စက်တိုင်းတွင် စွမ်းအင်အမျှင်တန်းသန်းရာပေါင်းများစွာ ပါဝင်နေသည်။

အကယ်၍ သူသာ ဤမြစ်အတွင်းသို့ဝင်ပြီး စွမ်းအင်များကို စိတ်ကြိုက်စုပ်ယူနိုင်ရင် မည်သို့မျှ စွမ်းအားပြတ်လပ်တော့မည် မဟုတ်ချေ။

ကောင်းကင်ဘုံစာကြည့်တိုက်သည် ပြင်းထန်စွာ တုန်ခါသွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ မွေးညှင်းပေါက်များ အလိုအလျောက် ပွင့်ဟသွားကာ စွမ်းအင်များကို စုပ်ယူရန် ကြိုးစားလိုက်၏။

သို့ရာတွင် နောက်ထပ်အချိန်တခဏတွင် ကျန်းရွှမ် မျက်မှောင်ကြုတ်လိုက်သည်။ သူ မည်မျှပင် ကြိုးစားသော်လည်း ကောင်းကင်ကံကြမ္မာစွမ်းအင်ကို တစ်စက်တစ်လေမျှ စုပ်ယူ၍ မရပေ။

"စုပ်ယူလို့ မရဘူးမလား"

ရင်းမြစ်ခန်းမသခင်က မဲ့ပြုံးပြုံးလိုက်သည်။ ကျန်းရွှမ် မည်သည့်အရာအား လုပ်ဆောင်နေသည်ကို သူ ကောင်းစွာသိရှိထားသည်။

"ခင်ဗျား... ဘယ်လိုလုပ်ပြီးသိတာလဲ"

ကျန်းရွှမ် ထိတ်လန့်သွားသည်။

ယခင်က တခြားလူများ ဆွဲငင်ထားသော ကောင်းကင်ကံကြမ္မာစွမ်းအင်များကို သူ အကြိမ်ကြိမ် စုပ်ယူခဲ့ဖူးသော်လည်း မည်သူမျှ သတိမထားမိခဲ့ကြချေ။ ရင်းမြစ်ခန်းမသခင်သည် ထိုကိစ္စကို ဤမျှထိ လွယ်လင့်တကူ သိရှိသွားလိမ့်မည်ဟု သူ တွေးထင်မထားခဲ့ချေ။ ဤကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်တစ်ယောက်၏ စွမ်းအားသည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းပေ၏။

"ဒီနေမှာ မင်း နားလည်သဘောပေါက်ထားတဲ့ ကံကြမ္မာ တစ်ခုမှ မရှိဘူး... ဒါကြောင့် မင်း စုပ်ယူလို့ မရတာ သဘာဝကျတယ်"

ရင်းမြစ်ခန်းမသခင်က လက်ကာပြလိုက်သည်။

"မင်း လက်လျော့သွားအောင် ငါ လုပ်ပြမယ်"

ထိုသို့ပြောဆိုပြီးနောက် သူက ကျန်းရွှမ်ကို ထပ်မံ၍ ဆွဲခေါ်သွားသည်။ ခုခံနိုင်စွမ်း မရှိသော ကျန်းရွှမ်သည် လိုက်ပါသွားရလေ၏။ မျက်တောင်တစ်ခတ်အချိန်အတွင်း၌ သူတို့သည် မိုင်ပေါင်းသန်းထောင်နှင့်ချီ၍ ဖြတ်သန်းပြီး ကံကြမ္မာမြစ်၏မြစ်ဖျားခံရာ နေရာသို့ ရောက်ရှိသွားကြသည်။ ဤနေရာတွင် ကြီးမားသော မြစ်ကြီးရှစ်စင်း ပေါင်းဆုံနေသည်။ ထိုမြစ်တစ်စင်းစီသည် စကြာဝဠာ ကြယ်မြစ်ကြီးများကဲ့သို့ အဆုံးမရှိ ရှည်လျားသည်။

ထိုမြစ်ကြီးရှစ်စင်းသည် ဝဲကတော့တစ်ခုအတွင်းသို့ စီးဝင်သွားပေ၏။ ထိုအရာမှနေ၍ ကြယ်ပေါင်းများစွာသည် တွင်းနက်ကြီးတစ်ခုထဲသို့ ပြိုကျသွားသည့်အလား ကြီးမားသော စွမ်းအားများကို ထုတ်လွှတ်နေသည်။

ဤနေရာတွင် အချိန်နှင့်လေဟာနယ်မရှိတော့ဘဲ ထူးခြားဆန်းကြယ်မှုတစ်ခုသာ ကျန်ရှိတော့သည်။

သာမန်ကျင့်ကြံသူများကို မဆိုထားနှင့် ကျန်းရွှမ် ကိုယ်တိုင်ပင်လျှင် ထိုဆွဲငင်အားကို တွန်းလှန်နိုင်ခြင်း မရှိပေ။ သူသည် ရေစီးနှင့်အတူ မျောပါသွားပြီး လွတ်လပ်စွာ မလှုပ်ရှားနိုင်တော့ချေ။

ဤသည်မှာ အစစ်အမှန်ကံကြမ္မာမြစ်၏ ပထမဆုံး တံခါးဝပင်။

ဝဲကတော့မှ ထွက်ပေါ်လာသော ရေစီးကြောင်းများသည် ဒုတိယတန်းစား ကံကြမ္မာမြစ်များကို လွယ်လင့်တကူ ဖြစ်ပေါ်စေနိုင်သည်။

ရင်းမြစ်ခန်းမသခင်သည် ရပ်တန့်လိုက်ပြီး ရေစီးကြောင်းတစ်ခုကို ညွှန်ပြလိုက်၏။

"ဒါက ငါ နားလည်သဘောပေါက်ထားတဲ့ ကံကြမ္မာပဲ... ပြီးတော့ မင်းရဲ့ဇနီးသည် နားလည်သဘောပေါက်တော့မယ့် ကံကြမ္မာလည်း ဖြစ်တယ် ...ဒါ ရင်းမြစ်ကံကြမ္မာဖြစ်ပြီးတော့ ရင်းမြစ်ကမ္ဘာရဲ့ ပထမတန်းစား ကံကြမ္မာရှစ်ခုထဲက တစ်ခုပဲ... အဲ့ဒီက ကောင်းကင်ကံကြမ္မာစွမ်းအင်တွေကို စုပ်ယူဖို့ မင်း ကြိုးစားကြည့်စမ်း... တကယ်လို့ မင်း အောင်မြင်ရင် ငါ မင်းကို ဆက်ပြီး မနှောင့်ယှက်တော့ဘူး"

ကျန်းရွှမ်သည် တွန့်ဆုတ်နေသော်လည်း စွမ်းအင်များကို စုပ်ယူရန် ကြိုးစားကြည့်လိုက်သည်။ သို့ရာတွင် သူသည် စွမ်းအင်တန်းတစ်တန်းပင်လျှင် စုပ်ယူ၍ မရကြောင်း မြင်တွေ့လိုက်ရသည်။

သူ၏မျက်နှာအမူအယာ ပြောင်းလဲသွားပြီး သူ၏ရှေ့မှမြစ်ကို စူးစမ်းလေ့လာကြည့်လိုက်သည်။

ကံကြမ္မာမြစ်သည် မြစ်လက်တက်လေးခု ပေါင်းဆုံထားခြင်းပင်။ ထိုမြစ်လက်တက်တစ်ခုချင်းစီက သူ ယခင်က မြင်ဖူးသမျှ စွမ်းအင်မြစ်များထက် သာလွန်ပြီး အရင်းအမြစ် မသိရသော နေရာမှ အကွေ့အကောက်များဖြင့် စီးဆင်းလာသည်။

"မင်း စုပ်ယူလို့ မရဘူးမလား... 'ရင်းမြစ်ကံကြမ္မာ' ကို နားမလည်ဘဲနဲ့ အဲ့ဒီကံကြမ္မာစွမ်းအင်ကို ဆွဲယူလို့ မရဘူး"

ရင်းမြစ်ခန်းမသခင်သည် ကျန်းရွှမ်ကို နောက်တစ်ကြိမ်ဖမ်းဆွဲလိုက်ပြီးနောက် မြစ်၏လက်ဝဲဘက်သို့ ခေါ်ဆောင်သွားသည်။ အချိန်တခဏအကြာတွင် သူတို့သည် မြစ်လက်တက်လေးခုအနက် အကြီးဆုံးတစ်ခုထံသို့ ရောက်ရှိသွားကြသည်။

ကျန်းရွှမ်သည် ထိုအရာကို အနီးကပ် လေ့လာကြည့်လိုက်ချိန်၌ လေဟာနယ်ထဲမှ စီးဆင်းလာသော သေးငယ်သည့် စမ်းချောင်းလေးတစ်ခုသည် မြစ်နှင့် ချိတ်ဆက်ထားပြီး ကံကြမ္မာချင်း ပေါင်းဆုံနေသည်ကို သူ သတိထားလိုက်မိသည်။

"ဒါက... လော့ယိုရှင်းရဲ့ ကံကြမ္မာလား"

ကျန်းရွှမ် နားလည်သဘောပေါက်သွားသည်။

"အမှန်ပဲ... သူက ရင်းမြစ်ကံကြမ္မာရဲ့ အထွတ်အထိပ် နက်နဲသိမ်မွေ့မှု ကို နားလည်သဘောပေါက်ထားတယ်... အဲဒါက ရင်းမြစ်ကံကြမ္မာရဲ့တခြားမြစ်လက်တက် သုံးခုကို လွှမ်းခြုံနိုင်တဲ့ တစ်ခုတည်းသော ကံကြမ္မာပဲ...တကယ်လို့ သူသာ အောင်မြင်သွားရင် ငါတောင် မလုပ်နိုင်ခဲ့တဲ့ အစွမ်းထက်ဆုံး လူတစ်ယောက် ဖြစ်လာမှာ သေချာတယ်"

ရင်းမြစ်ခန်းမသခင်က ခေါင်းခါလိုက်သည်။

"ငါလည်း အဲ့ဒီ နက်နဲသိမ်မွေ့မှုကို နားလည်သဘောပေါက်ခဲ့ပေမယ့် ငါ့ရဲ့ပါရမီက အကန့်အသတ်ရှိတာကြောင့် အခုချိန်ထိ မြစ်လက်တက် နှစ်ခုကိုပဲ ပေါင်းစပ်နိုင်ခဲ့သေးတယ်"

ကျန်းရွှမ်က ဂရုတစိုက်ကြည့်လိုက်ရာ ဝဲကတော့ အနီးတွင် မြစ်လက်တက် နှစ်ခု ပေါင်းဆုံထားသည်ကို မြင်တွေ့လိုက်ရသည်။ ထိုအရာနှစ်ခု၏ ကြီးမားသော စွမ်းအားများသည် ရောယှက်နေပြီး ခွဲခြား၍ မရနိုင်ချေ။ လော့ယိုရှင်း၏စမ်းချောင်းလေးသည် ထို မြစ်လက်တက်များအနက်မှ တစ်ခုနှင့် ချိတ်ဆက်ထားပြီး နှိုင်းယှဉ်ကြည့်လျှင် သနားစဖွယ်ကောင်းလောက်အောင် အားနည်းနေသည်။

"တကယ်လို့ သူသာ မင်းနဲ့ အဆက်အသွယ် မဖြတ်ရင် သူ့ရဲ့ ကံကြမ္မာ ဘယ်လိုဖြစ်မလဲဆိုတာ ငါ ပြမယ်..."

ကျန်းရွှမ် စကားမပြောနိုင်အောင် အံ့အားသင့်နေသည်ကို မြင်တွေ့ချိန်၌ ရင်းမြစ်ခန်းမသခင်က သူ၏လက်ကို အသာအယာ ဝှေ့ယမ်းလိုက်ရာ ကျန်းရွှမ်သည် လော့ယိုရှင်း၏ကံကြမ္မာမြစ်ထဲသို့ ပြုတ်ကျသွားသည်။ ဤကံကြမ္မာမြစ်လေးသည် ကျယ်ဝန်းခြင်းမရှိချေ။

ကျန်းရွှမ် ကျရောက်သွားခြင်းသည် ရေစီးကို ပိတ်ဆို့လိုက်သော ကျောက်တုံးတစ်တုံးကဲ့သို့ ဖြစ်သွားသည်။ မြစ်၏ချောမွေ့နေသော ရေစီးကြောင်းသည် ချက်ချင်းအနှောင့်အယှက် ဖြစ်သွားပြီး 'ရင်းမြစ်ကံကြမ္မာမြစ်'ထံမှ လမ်းလွဲသွားတော့သည်။

ဤသည်မှာ ကြီးမားသောမြစ်ကြီးဆီသို့ စီးဆင်းနေသည့် တောင်ကျစမ်းချောင်းလေးကို ခြောက်သွေ့နေသော လယ်ကွင်းတစ်ခုထဲသို့ အတင်းအဓမ္မ လမ်းလွှဲလိုက်သည့်အလားပင်။

ရင်းမြစ်ခန်းမသခင်က အောက်သို့ ညင်သာစွာ ဖိနှိပ်လိုက်သည်။

ကျန်းရွှမ်သည် ရေစီးကြောင်းကို မတွန်းလှန်နိုင်ဘဲ ကူကယ်ရာမဲ့ ဖြစ်သွားလေ၏။ နောက်ဆုံးတွင် ရေများလွှမ်းမိုးလာပြီး သူ မျောပါသွားတော့သည်။

"မလုပ်နဲ့…"

ရေမွန်းလာသဖြင့် ကျန်းရွှမ် ရုန်းကန်လိုက်သော်လည်း သူ၏ခန္ဓာကိုယ် တုန်ခါသွားပြီး ရုတ်တရက် ခြံဝန်းငယ်လေး တစ်ခုအတွင်းသို့ ရောက်ရှိသွားသည်။

"ဒါက ဘယ်နေရာလဲ"

ကျန်းရွှမ် ဇဝေဇဝါ ဖြစ်သွားသည်။

သူသည် အစောပိုင်းက ကံကြမ္မာမြစ်ထဲတွင် ရှိနေသည် မဟုတ်လော။ မျက်တောင်တစ်ခတ်စာ အချိန်အတွင်တွင် သူ ဤနေရာသို့ မည်သည်ကြောင့် ရောက်ရှိလာသနည်း။

ကျန်းရွှမ်ထံတွင် စိတ်ရှုပ်ထွေးမှုများ ပြည့်နှက်နေပြီး ခြံဝန်း၏တံခါးဝထံသို့ လျှောက်လှမ်းသွားလိုက်သည်။ သူ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ဆူညံပွက်လောရိုက်သံများ သူ၏နားထဲသို့ ဝင်ရောက်လာသည်။

သူ တံခါးဝမှတဆင့် ကြည့်လိုက်ရာ ဓားရောင်များ ပြည့်နှက်နေသော ကွင်းပြင်ကျယ်တစ်ခုကို တွေ့လိုက်ရသည်။ ထိုနေရာတွင် လူအမြောက်အများ တိုက်ခိုက်နေကြ၏။

ကျန်းရွှမ်သည် ထိုအခြေအနေကို ဝေ့ဝိုက်၍ ကြည့်လိုက်ပြီးနောက် ရုတ်တရက် သူ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။

ထိုဖရိုဖရဲ အခြေအနေများကြားတွင် လော့ယိုရှင်း၏အရှိန်အဝါ မတည်မငြိမ်ဖြစ်နေပြီး သူမ၏ဆံပင်များ ဖရိုဖရဲဖြစ်ကာ သူမ၏ခန္ဓာကိုယ်တစ်ခုလုံး၌ သွေးများဖြင့် ဖုံးလွှမ်းနေသည်။ သူမသည် ဒဏ်ရာအပြင်းအထန် ရရှိထားသည်မှာ သိသာထင်ရှားပေ၏။ သူမကို ဝိုင်းထားသည်မှာ အနက်ရောင်သံချပ်ကာ ဝတ်ဆင်ထားသော လူ ဆယ်ယောက်ကျော်ဖြစ်ပြီး မျက်နှာဖုံးများကိုတပ်ထားကာ သူတို့၏ဓားများဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြသည်။

ဝှစ်....

အချိန်မီ မရှောင်တိမ်းနိုင်သဖြင့် လော့ယိုရှင်း၏ ရင်ဘတ်ကို ဓားတစ်လက်က ထိုးဖောက်သွားတော့သည်။

All Chapters