အခန်း (၆၁)
Vol. 7 Ch. 61
သူမ၏ လွှမ်းမိုးမှုကို တိုးမြှင့်ရန် လိုအပ်နေပြီ ဖြစ်သော ယွမ်လော့ရီအတွက် ဤအရာမှာ ကြီးမားသည့် ခွန်အား တစ်ခုပင်။
သူမက သူတို့နှစ်ယောက်ကို ပြုံးပြ၍ ပြောလိုက်သည်။
“ကျေးဇူးပါ”
ကောင်မလေး နှစ်ယောက်လုံး ရှက်သွေးဖြာသွားကြ၏။
လီရှင်းမှာ သူမ၏ ရင်ဘတ်ကို လက်ဖြင့် ဖိပြီး လေသံတိုးတိုးလေးနှင့် ပြောလိုက်သည်။
“နေပါဦး ငါ့နှလုံးသားလေးတော့”
ဤသည်မှာ ဝူမြောင်မြောင်တစ်ယောက် ယွမ်လော့ရီနှင့် ဤမျှ နီးကပ်ဖူးသော ပထမဆုံး အကြိမ် ဖြစ်သဖြင့် သူမက တစ်မျိုး ဖြစ်နေပြီး နည်းနည်း အဆင်မပြေသည့်ပုံ ပေါ်နေ၏။ သူမ လွယ်အိတ်ထဲမှ ပုံဆွဲစာအုပ်ကို ထုတ်ကာ ယွမ်လော့ရီထံ လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။
“ဒါက ငါဆွဲထားတာပါ၊ တစ်ချက်လောက် ကြည့်ကြည့်ပြီး ဒီလောက်ဆို ကောင်းလား ပြောပေးနိုင်မလားဟင်”
ယွမ်လော့ရီက ပုံဆွဲစာအုပ်ကို ယူ၍ တစ်မျက်နှာပြီး တစ်မျက်နှာ လှန်ကြည့်နေ၏။
သေသပ်သော စုတ်ချက်များ၊ အထက်တန်းဆန်သော အရောင်များ၊ ခဲတံနှင့် ဆွဲထားသည့် အသက်ဝင်သော ပုံများ၊ ရေဆေးနှင့် ဆွဲထားသည့် လှပသော ရှူခင်းပုံများနှင့် ရိုးရှင်းသည့် တရုတ်မှင်နက်ဆေးပန်းချီများ၊ အားလုံးက အထင်ကြီးစရာပင်။
ယွမ်လော့ရီက ပြောလိုက်၏။
“ဝိုး လှလိုက်တာ”
သူမ၏ အိုင်ဒေါထံမှ အသိအမှတ်ပြုခံလိုက်ရခြင်းမှာ ပျော်ရွှင်ကြည်နူးစရာ ကိစ္စ ဖြစ်သဖြင့် ဝူမြောင်မြောင်၏ နားရွက်များမှာ နီရဲသွားခဲ့သည်။
လီရှင်းက ဝင်ပြောလာ၏။
“ငါ လူ နည်းနည်း စုထားပြီးပြီ သူတို့တွေ အားလုံးက အရမ်း အရည်အချင်း ရှိကြတယ်၊ ဘာပဲဖြစ်ဖြစ် ငါတို့ရဲ့ Star Galaxy အလယ်တန်းကျောင်းက အရည်အချင်းရှိတဲ့ သူတွေကို မွေးထုတ်ပေးတဲ့ နေရာမှာ နာမည်ကြီးပဲလေ၊ ဒီနေ့ နေ့လယ် နားချိန်ကျရင် နင် သူတို့ကို လာတွေ့လို့ ရမလား ယွမ်လော့ရီ၊ သူတို့တွေ အားလုံး မြောက်ဘက် အကယ်ဒမီ အဆောင်ရဲ့ အတန်း G31မှာ ရှိနေကြလိမ့်မယ်”
ယွမ်လော့ရီ လန့်ဖျပ်သွားခဲ့သည်။
ဒါက ပရိသတ် တွေ့ဆုံပွဲ ဆိုတာလား။
သူမမှာ ထိုကဲ့သို့သော ကိစ္စမျိုးကို အတွေ့အကြုံ မရှိသဖြင့် အနည်းငယ် ထိတ်လန့်သွားသော်လည်း ထိုနေရာသို့ သွားရန် လိုအပ်နေ၏။
ယွမ်လော့ရီက ပြန်ပြောလိုက်သည်။
“ကောင်းပြီလေ၊ နားချိန်ကျမှ တွေ့ကြမယ်”
ကောင်မလေး နှစ်ယောက်က ပြေးထွက်သွားပြီး အတန်း နောက်ကျလုနီးပါး ဖြစ်နေသော်လည်း နှစ်ယောက်လုံး အလွန် ပျော်ရွှင်နေကြပုံ ပေါ်၏။
“ဒင် ဒင် ဒင်”
အတန်းခေါင်းလောင်း မြည်လာကာ ယွမ်လော့ရီ၏ ဘေးရှိ ကျောင်းသားများမှာ ကျည်ဆန်ကဲ့သို့ ပြေးထွက်သွားကြပြီး လျင်မြန်လွန်းသဖြင့် အရှိန်ကြောင့် မြေပြင်ပေါ်မှ ပျံတက်သွားကြတော့မလိုပင်။ သူတို့ အတန်းထဲသို့ “ဧကရာဇ် နန်းတက်ခြင်း သီချင်း” မပြီးခင် ရောက်နေကြရမည် ဖြစ်သည်။
ယွမ်လော့ရီကမူ အလျင်မလိုဘဲ သူမ၏ မနက်စာကို ဖြေးဖြေးချင်း အပြီးသတ်နေ၏။
လူတစ်ယောက်က ဘဝကို ပေါ့ပေါ့ပါးပါး စတင်လိုက်သည်နှင့် အချိန်များမှာ မြန်မြန် ကုန်ဆုံးသွားမည်ပင်။
ယွမ်လော့ရီ သူမ၏ စိတ်ကို မပြင်ဆင်ရသေးခင်မှာပင် နေ့လယ်ခင်း နားချိန်သို့ ရောက်ရှိလာခဲ့သည်။
သူမ အတန်းထဲက ထွက်လာသည်နှင့် ယွိဟွားမှာ သူမအနောက်မှ လိုက်နေပြီး ခွာချမရ ဖြစ်နေ၏။
“နင်ဘာလုပ်နေတာလဲ”
“ငါလည်း နင်ရဲ့ ပရိသတ်ပဲလေ လီရှင်းက ငါ့ကို လာခဲ့ဖို့ ပြောလို့၊ ငါက နည်းပညာ ကွန်ရက်ပိုင်းဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်ရင် ကျွမ်းတယ်လေ”
“အိုး”
ယွမ်လော့ရီ သတ်မှတ်ထားသည့် အခန်းထဲသို့ ဝင်သွားလိုက်ချိန်တွင် မရေတွက်နိုင်သော မျက်လုံးများက သူမအား စိတ်အားထက်သန်စွာ စိုက်ကြည့်နေကြပြီး ၎င်းမှာ သူမကို အနည်းငယ် နေရခက်စေသည်။
လီရှင်းက စိတ်လှုပ်ရှားစွာဖြင့် အနားသို့ လာကာ စကားစပြောလိုက်၏။
“ဟုတ်ပြီ နင်တို့အားလုံး ငါ လိမ်နေတာ မဟုတ်ဘူးဆိုတာ သိကြပြီမလား၊ သူ တကယ် လာတယ်နော်”
ကျောင်းသူများက အနည်းငယ် အားပေးလိုက်ကြသည်။
သို့သော်လည်း ကောင်မလေး တစ်ယောက်ကတော့ ယွမ်လော့ရီ ရောက်လာသည်ကို မကြိုဆိုနေပေ။ သူမက စိတ်အလိုမကျစွာဖြင့် နှုတ်ခမ်းကို ကိုက်ထားပြီး ထွက်သွားရန် မတ်တပ်ထရပ်လိုက်၏။
အခြား ကျောင်းသူများကမူ အလိုမကျစွာ အော်ဟစ်လာကြသည်။
“ကျန်းယွင်ရှီး နင် ခုနက ယွမ်လော့ရီ လာမှာ မဟုတ်ဘူးလို့ ပြောနေခဲ့တာလေ၊ အခုကျ နင်က မတောင်းပန်ဘဲ ထွက်သွားချင်တယ်ပေါ့”
ကျန်းယွင်ရှီးက မောက်မာစွာဖြင့် သူမ၏ ခေါင်းကို မော့ကာ ပြောလာ၏။
“တကယ် တောင်းပန်ဖို့ လိုလို့လား၊ ငါက ယွမ်လော့ရီရဲ့ ပရိတ်သတ်လည်း မဟုတ်ဘူး လီရှင်းက ငါ့ကို ဆွဲခေါ်လာခဲ့တာလေ၊ ငါ ဒီတိုင်း ထွက်သွားလို့ မရဘူးလား”
ကျောင်းသူများထံမှ ဆူညံသံများ ထပ်ထွက်လာကြသည်။
“မရဘူး၊ နင် ယွမ်လော့ရီကို တောင်းပန်ရမယ်”
ကျန်းယွင်ရှီးက သူမ၏ ခေါင်းကို ပို၍ပင် မော့လာပြီး လက်ပိုက်ထားလိုက်၏။ သို့သော် စာသင်ခန်းထဲမှ ထွက်မသွားခဲ့ပေ။
ယွမ်လော့ရီမှာမူ ထိုကိစ္စနှင့် ပတ်သက်၍ မည်သည်မျှ သိပ်မခံစားရပေ။
စတုတ္ထအစ်ကို ယွမ်စစ်၏ စကားများကို သူမ သတိရမိသောကြောင့်ပင်။
“လူတွေထဲမှာ အမှား၊အမှန်ကို လိုက်ခွဲခြားပြီး သတိထားနေတတ်တဲ့ သူဆိုတာ ရှားတယ် သူတို့က သူတို့ မြင်ချင်တာကိုပဲ မြင်ပြီး မြင်ရတာကိုပဲ ယုံကြတာ၊ အဲတာကြောင့် ကိုကိုက လှပပြီး ထင်ယောင်ထင်မှား ဖြစ်စေမဲ့ ပုံရိပ်လေးတွေ ဖန်တီးပြီးတော့ သူတို့ဘာသာသူတို့ ကိုကို ဖန်တီးထားတဲ့ အဲဒီ အရာတွေထဲမှာ လိုလိုလားလား နစ်မြုပ်ခံကြအောင် လုပ်ထားတာ၊ သူတို့တွေကလည်း အဲဒါတွေကို ခံစားပြီး ပျော်နေကြတယ်လေ ကိုကို့ရဲ့ ကြင်နာမှုအတွက် တောင်းခံနေကြတယ် ဘယ်လောက်တောင် ပျော်စရာ ကောင်းလိုက်လဲ”
ထိုကြောင့် ယွမ်လော့ရီမှာ သိသိသာသာပင် တည်ငြိမ်နေပြီး လီရှင်း နှစ်သက်သော ယွမ်လော့ရီ ဆိုသည်မှာလည်း သူမ မဟုတ်သလို ကျန်းယွင်ရှီး မုန်းသော ယွမ်လော့ရီ ဆိုသည်မှာလည်း သူမ မဟုတ် ဟုသာ မှတ်ယူထားလေ၏။
သို့သော် သူတို့မှာ လီရှင်း စုဝေးပေးထားသည့် ကျောင်းသူများ ဖြစ်သဖြင့် ထူးခြားသော စွမ်းရည်များ ရှိပေလိမ့်မည်။
ယွမ်လော့ရီ ကျန်းယွင်ရှီးကို မေးလိုက်သည်။
“ဂီတနဲ့ပတ်သက်ပြီး နင့်ဘာသာနင် လေ့လာထားတာလား”
ထိုမေးခွန်းမှာ ကျန်းယွင်ရှီးကို အံ့ဩသွားစေခဲ့၏။
“နင် ဘယ်လို သိတာလဲ”
ယွမ်လော့ရီက ပြန်ပြောလိုက်သည်။
“ခန့်မှန်းကြည့်တာပါ”
အမှန်တော့ ခန့်မှန်းလိုက်ခြင်း မဟုတ်ပေ။
ယွမ်မိသားစုနှင့် ပက်သက်နေသူ ဖြစ်သောကြောင့် ယွမ်လော့ရီမှာ အမြဲ သတိရှိစွာ နေရကာ သူမ၏ ရှင်သန်မှုကို အန္တရာယ် ပေးနိုင်သည့် အရာများအား အမြဲတစေ သတိထားခဲ့ရ၏။
ရလဒ်အနေနှင့် သူမ၏ စူးစမ်းလေ့လာနိုင်စွမ်းမှာ ပိုကောင်းလာခဲ့သည်။
အခြားသူများ သတိမပြုနိုင်သော သူမ အစ်ကိုများ၏ မျက်လုံးထဲရှိ ရုတ်တရက် အေးစက်သွားမှုကို သူမ သတိပြုမိနိုင်ပြီး အလျင်အမြန် ထွက်ပြေးနိုင်၏။
ကျန်းယွင်ရှီး၏ စိတ်ကြီးဝင်သော ကိုယ်နေဟန်ထား၊ သူမကိုယ်ပေါ်တွင် သင်းနေသော ထင်ရှူးနံ့များအရ သူမ တယောထိုး သင်နေခြင်း ဖြစ်နိုင်သည်။
သို့သော် သူမ၏ ရိုးရှင်းသည့် ဝတ်စား ဆင်ယဉ်မှုက သူမ၏ မိသားစုမှာ ချမ်းသာကြွယ်ဝခြင်း မရှိသဖြင့် သူမ ကိုယ်တိုင် သင်ယူနေသည်ကို ပြသနေ၏။ ထို့အပြင် သူမ၏ အနည်းငယ် စိုးရိမ်သောက ရောက်နေသော အမူအယာအရ သူမ၏ မိသားစုကို ဆန့်ကျင်၍ တိတ်တဆိတ် လေ့လာနေခြင်း ဖြစ်နိုင်သည်။
သူမလို ကျောင်းသူ တစ်ယောက် အနေနှင့် သူမ ဘယ်အရာကို အလိုအပ်ဆုံး ဖြစ်နိုင်သနည်း။
အားပေးမှု။
ထို့ကြောင့် ယွမ်လော့ရီ သူမကို ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ဒီမှာ နေလိုက်ပါနော်၊ ငါ နင့်ကို လိုအပ်တယ်”
ကျန်းယွင်ရှီးမှာ ခဏတာမျှ ပြောစရာ စကားမဲ့သွားပြီး နောက်ဆုံးတွင် ခက်ခက်ခဲခဲ ပြောလာ၏။
“ငါက ဒီတိုင်း သာမန် ကျောင်းသူပဲ နင်က ယွမ်မိသားစုရဲ့ ဂုဏ်သိက္ခာရှိတဲ့ ယွမ်သခင်မလေးလေ၊ နင် ငါ့ကို အရူးလာလုပ်မနေနဲ့”
“ငါ နင့်ကို လိုအပ်တယ် အဲတာကြောင့် နေပေးပါ”
“နင်လည်း တခြားလူတွေလိုပဲ သာမန် ကျောင်းသူတွေကို အထင်သေးတတ်တဲ့ လူမျိုးပဲနေမှာ၊ နင့်အတွက် အလုပ်လုပ်ပေးချင်နေကြတဲ့ လူတွေ အများကြီး ရှိနေတာကို ဘာလို့ ငါ့ကို နေစေချင်ရတာလဲ”
“ဘာလို့လဲဆိုတော့ နင့်မျက်လုံးတွေက တောက်ပနေတယ်၊ နင်က လူတွေ နင့်ကို ဘယ်လောက်ပဲ ဆန့်ကျင်နေပါစေ နင့်အိမ်မက်ကို မရရအောင် အကောင်အထည် ဖော်မယ့် သူပဲ”
ကျန်းယွင်ရှီးမှာ ယွမ်လော့ရီနှင့် ဆက်ငြင်းချင်သေးသော်လည်း စကားထစ်သည်ကို မထိန်းနိုင်တော့ပေ။
“အာ င ငါ”
ယွမ်လော့ရီက သူမအနားသို့ သွားကာ ပုခုံးပေါ် လက်တင်လိုက်ပြီး သူမအား ထိုင်ခုံပေါ်သို့ ပြန်ထိုင်စေခဲ့သည်။
ကျန်းယွင်ရှီးမှာ ယွမ်လော့ရီကို စူးစမ်းလိုစိတ်နှင့် အံ့ဩစွာ ကြည့်လိုက်ပြီး ထွက်မသွားနိုင်တော့ပေ။
ယွမ်လော့ရီ စာသင်ခန်း၏ အရှေ့သို့ လျှောက်သွားသော် အားလုံး၏ အကြည့်များက သူမ အနောက်ကို လိုက်နေကာ လေးစားမှုများ၊ အားကျမှုများဖြင့် ပြည့်နေ၍ ခံစားချက် မျိုးစုံ ထွက်ပေါ်နေကြ၏။
ယွမ်လော့ရီက သူမ၏ စတုတ္ထအစ်ကိုကဲ့သို့ပင် လူများ နစ်မြုပ်သွားစေရန်အတွက် ပုံရိပ်ယောင် တစ်ခုကို သေချာ ဖန်တီး၍ မိန့်ခွန်း ပြောရန် ပြင်လိုက်သည်။
သူမအစ်ကို ယွမ်စစ်၏ စကားများက သူမ၏ နားထဲတွင် ပဲ့တင်ထပ်နေ၏။
“ကိုကို့ရဲ့ ညီမလေးက စိတ်ခံစားချက်တွေ အများကြီးနဲ့ ရုပ်စုံ မှန်ပြောင်းလေးလိုပဲ ထူးခြားတယ်၊ ကိုကိုတော့ ညီမလေးကို ကြည့်ရတာ ဘယ်တော့မှ ငြီးငွေ့သွားမှာ မဟုတ်ဘူး”
“ညီမလေး ရယ်တာ၊ ငိုတာတွေကနေ ဖြေးဖြေးချင်း အမှောင်ဘက်ခြမ်းထဲကို ပြောင်းလာတယ်၊ ကိုကို ညီမလေးရဲ့ မျက်လုံးထဲမှာ အေးစက်မှုတွေကို မြင်လိုက်ရတယ် ညီမလေးက တကယ် ယွမ်မိသားစုရဲ့ ကလေးပဲ”
“တကယ်လို့ ညီမလေးသာ ဆန္ဒရှိမယ်ဆိုရင် လူတွေကို သူတို့ဘာသာ နာခံလာအောင် လုပ်နိုင်တယ်လေ၊ ညီမလေးရဲ့ အစ်ကို ငါးယောက်ထဲက ဘယ်သူကများ ညီမလေးဆီကနေ လွတ်မြောက်နိုင်လို့လဲ’
“လူတိုင်းမှာ အမှောင်ဘက်ခြမ်းဆိုတာ ရှိတယ်”
“ညီမလေးရဲ့ အမှောင်ဘက်ခြမ်းကရော ဘာလဲ”
ယွမ်လော့ရီ ထိုမေးခွန်းကို သေချာ မစဉ်းစားခဲ့ဖူးသော်လည်း ယခု သူမ ပြောမည့် စကားကို စောင့်နေကြသည့် ကျောင်းသူများကို ကြည့်လျက် သူမ၏ လက်ကို ရိုးရှင်းစွာ မြှောက်လိုက်ရုံနှင့်တင် လမ်းတစ်လျှောက်ရှိ အရာအားလုံးကို နစ်မြုပ်သွားစေနိုင်မည့် စိတ်ခံစားမှု လှိုင်းလုံးကြီးကို ယူဆောင်လာနိုင်မည် ဖြစ်ကြောင်း သူမ သိလိုက်၏။
သူမက စနစ်၏ လွှမ်းမိုးမှုကြောင့် ပရိတ်သတ်များ ရှိခြင်း မဟုတ်ဘဲ သူမ၏ အင်အားကြောင့် ဖြစ်သည်ကို ရုတ်တရက် သဘောပေါက်သွားခဲ့ပြီး ထိုအင်အားက သူမကို အနိုင်ရစေနိုင်သည်။
ယခု စာသင်ခန်းထဲရှိ လူများ အားလုံးမှာ သူမ၏ အင်အား တစ်စိတ်တစ်ပိုင်း ဖြစ်လာတော့မည်။
သူမ၏ အတွေးများ မှန်ကန်ကြောင်း အတည်ပြုပေးလိုက်သကဲ့သို့ပင်။
[ဒင် စနစ်သတိပေးချက်: လွှမ်းမိုးမှု 230အထိ ရောက်သွားပါပြီ၊ ပြန်လည် စတင်ပါပြီ]