← Chapters

အခန်း (၆၂)

Vol. 7 Ch. 62

အခန်း (၆၂)

Vol. 7 Ch. 62

နေ့လယ်ခင်း၌ ယွမ်လော့ရီမှာ အိမ်ပြန်ရောက်လာပြီး သူမ၏ အခန်းထဲသို့ အလျင်အမြန် သွားကာ အချိန်ခရီးသွားရန် ပြင်ဆင်ခဲ့သည်။

သူမက အားကစားဝတ်စုံကို လဲဝတ်လိုက်ပြီး အားကစားဖိနပ် စီးကာ သူမ၏ အိတ်ကပ်ထဲ၌ အသီးလှီးသည့် ဓါးကို ဝှက်ထားလိုက်၏။

အစ်ကိုကြီး ယွမ်အောင်း၏ ဘေးပတ်ဝန်းကျင်မှာ အန္တရာယ်များသဖြင့် အကယ်၍ သူမအား တစ်စုံတစ်ယောက်က ပြန်ပေးဆွဲခဲ့မည်ဆိုလျှင် သူမ ဤ ဓါးသေးသေးလေးကို သုံးကာ အလျင်အမြန် လွတ်မြောက်နိုင်မည် ဖြစ်သည်။

သူမ၏ အစ်ကိုကြီးမှာ သူမကို အမြဲ မကာကွယ်ပေးနိုင်ပေ။

ဤ လက်သေးသေးလေးများနှင့် သူမ သူ့အား ကာကွယ်ရန် တတ်နိုင်သမျှ လုပ်မည်ပင်။

ယွမ်လော့ရီ အိပ်ရာ အစွန်းတွင် ထိုင်ကာ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၏။

3

2

1

“အချိန်ခရီးသွားတာကို အသက်သွင်းလိုက်ပါ”

သူမ၏ နှုတ်ခမ်းမှ ထိုစကားလုံးများ ထွက်သွားသည်နှင့်တစ်ပြိုင်နက် တစ်ကိုယ်လုံး မူးဝေလာကာ ယွမ်လော့ရီမှာ ပျော့အိသော အိပ်ရာပေါ်သို့ ပြုတ်ကျသွားပြီး ကြောက်စရာကောင်းသည့် အတိတ်ထံသို့ ဆွဲငင်ခံလိုက်ရသည်။

သူမ ကြမ်းပြင်ပေါ်မှ ထလိုက်ချိန်တွင် အချိန်ခရီးသွားထားခြင်းကြောင့် အနည်းငယ် မူးဝေနေသေး၏။ ပြန်လည် တည်ငြိမ်သွားသော် သူမ အရှေ့သို့ ဆက်တိုးသွားခဲ့သည်။

ဘေးဘီမှာ မှောင်မဲနေပြီး သူမ ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်နိုင်ပေ။ သူမ လက်ကို ဂရုတစိုက် ဆန့်ထုတ်ကာ ဖြေးဖြေးချင်း အရှေ့သို့ တိုးသွားပြီး သူမ၏ လက်ချောင်းထိပ်လေးများမှာ မီးခလုတ်ကို မစမ်းမိခင်အထိ အေးစက်သော နံရံကြီးကိုသာ စမ်းမိနေခဲ့၏။

“ကလစ်”

သိမ်မွေ့သော မီးအလင်းရောင်မှာ ဘေးပတ်ဝန်းကျင်ကို အလင်းပေးနေကာ သစ်သားရောင် စားပွဲ၊ အဖြူရောင် နံရံ၊ ပြစ်သစ်စတိုင် ပြတင်းပေါက်၊ ပျော့အိသော အိပ်ရာနှင့် မရေတွက်နိုင်သည့် အမွှေးပွအရုပ်များ ရှိသည်။ အရာအားလုံးမှာ ရင်းနှီးနေသကဲ့သို့ ခံစားနေရ၏။

ယွမ်လော့ရီ အံ့ဩသွားခဲ့သည်။

ဤအခန်းမှာ သူမ၏ အခန်းပင်။

အချိန်ကြာလှပြီ ဖြစ်သဖြင့် ထောင့်နားတွင် ဖုန်များ ရှိနေကာ ပင့်ကူအိမ်များမှာလည်း နေရာတိုင်း၌ ကပ်နေသည်။ တစ်ချိန်က ဖောက်ထွင်း မြင်ရသည့် မှန်မှာ ယခုတော့ မီးခိုးရောင် အမှုန်အမွှားများနှင့် ဖုံးအုပ်နေခဲ့၏။

သူမ တံခါးကို တွန်းဖွင့်၍ လျှောက်လမ်းဘက်သို့ လျှောက်သွားကာ လျှောက်ကြည့်နေခဲ့သည်။ ယခင်က အထက်တန်းဆန်သည့် နံရံကပ် စက္ကူများမှာ ယခု စုတ်ပြဲကာ ကွာကျနေပြီး ကော်ဇောများမှာလည်း ညစ်ပတ်လွန်း၍ နဂိုပုံစံကို မမှတ်မိနိုင်လောက်အောင်ပင်။

ဖုန်မှုန့်လေးများက လရောင်အောက်တွင် တိတ်ဆိတ်စွာ လွင့်မျောနေကြသည်။

ဤအရာအားလုံးမှာ တစ်ချိန်က အင်အားကြီးခဲ့သော ယွမ်မိသားစုက ဆုတ်ယုတ်သွားခဲ့ပြီ ဖြစ်ကြောင်း ညွှန်ပြနေလေ၏။

ယွမ်လော့ရီ လှေကားမှ ဆင်းသွားပြီး အဝေး တစ်နေရာတွင် အလင်းရောင် တစ်ခုကို သူမ မြင်လိုက်ရသည်။ သူမ နီးကပ်လာသည်နှင့် ဤအခန်းမှာ အဓိကခန်းမကြီး ဖြစ်ကြောင်း သဘောပေါက်သွား၏။ ခန်းမထဲ၌ အမျိုးသား တစ်ယောက်မှာ လေထဲတွင် တွဲလောင်းကျနေပြီး သူ၏ မျက်နှာမှ သွေးများက ကြမ်းပြင်ပေါ်သို့ အဆက်မပြတ် စီးကျနေသည်။

သူက နာကျင်စွာ ခံစားနေရပြီး သူ၏ လည်ချောင်း အတွင်းထဲမှ ညည်းညူသံများကို ထုတ်နေ၏။

အခြား အမျိုးသား တစ်ယောက်မှာ ကုလားထိုင်ပေါ်တွင် ထိုင်နေပြီး ယွမ်လော့ရီကို နောက်ကျောပေးထားသည်။ သူက အမည်မဲ့ တေးသွား တစ်ပုဒ်ကို ဆက်တိုက် ညည်းနေကာ သူ၏ ခြေတံရှည်များမှာလည်း ချိတ်ထား၍ စားပွဲပေါ်တွင် တင်ထားပြီး လက်တစ်ဖက်တည်းနှင့် သေနတ်ကို ကစားနေခဲ့၏။

“ကလစ်”

သူ၏ လက်ချောင်းလေး တစ်ချက် လှုပ်လိုက်ရုံဖြင့် ကျည်ကတ်အား ဖွင့်ပြီး ကျည်အိမ်အလွတ် ခြောက်ခုကို ပြလာသည်။ ထို့နောက် မှော်ဆရာကဲ့သို့ပင် သူ၏ လက်ထိပ်လေး၌ ကျည်ဆံများ ပေါ်လာကာ ကျည်အိမ်ထဲသို့ ပေါ့ပေါ့ပါးပါး ထည့်လိုက်၏။

“ကလစ်”

ကျည်ကတ်က ပိတ်သွားခဲ့သည်။

ခြေထောက်ဖြင့် တစ်ချက် တွန်းလိုက်သောအခါ ကုလားထိုင်မှာ လှည့်သွားပြီး ယွမ်ဖာ့၏ သွေးဆာနေသော အပြုံးနှင့် သွားစွယ်များ ပေါ်လာကာ မျက်လုံးများမှာ ဗလာဖြစ်နေလျက် အသက်မဲ့နေ၏။ သူ လက်များကို ဆန့်တန်းကာ သေနတ်ကို ထိုအမျိုးသားထံ ချိန်ရွယ်ထားလိုက်သည်။

“ငါတို့ရဲ့ ဂိမ်းကို ဆက်ဆော့ရအောင်လေ”

“ငါ သေနတ်မောင်းကို ငါးခါ ဆွဲမယ်၊ တကယ်လို့ မင်းရှင်ခဲ့ရင် ငါမင်းကို လွတ်ပေးမယ်”

ယွမ်လော့ရီ လန့်သွားသဖြင့် နောက်သို့ ခြေတစ်လှမ်းပင် ဆုတ်သွားမိသည်။ ဤသည်မှာ ရူးသွပ်နေသော ယွမ်ဖာ့ပင်။

“တိုက်မိသံ”

ယွမ်လော့ရီ တစ်စုံတစ်ခုကို တိုက်မိသွားကာ အသံ အနည်းငယ် ထွက်လာသဖြင့် ထိုအသံက ယွမ်ဖာ့၏ အာရုံကို ဖမ်းစားသွားနိုင်ခဲ့၏။

ယွမ်ဖာ့က ခေါင်းကို လှည့်၍ ယွမ်လော့ရီကို အေးဆေး တည်ငြိမ်စွာပင် စိုက်ကြည့်နေပြီး သူက သူမ ပေါ်လာမည်ကို မျှော်လင့်ပြီးသား ဖြစ်နေသောကြောင့် အံ့အားသင့်မှု တစ်စုံတစ်ရာ မပြလာချေ။

“အာ ကိုကိုရဲ့ ချစ်ညီမလေး”

“ကိုကိုလေ ညီမလေး ဘာလို့ မလာသေးတာလဲလို့ စဥ်းစားနေတာ၊ ညီမလေးရဲ့ ဒုတိယအစ်ကိုက ညီမလေးကို နေတိုင်း စိုးရိမ်တကြီး စောင့်နေခဲ့ရတာ”

“နောက်ဆုံးတော့ ညီမလေး ရောက်လာခဲ့ပြီ၊ ဘယ်လောက်တောင် ပျော်စရာ ကောင်းလိုက်သလဲ”

ယွမ်ဖာ့က မတ်တပ်ထရပ်ကာ လက်နှစ်ဖက်ကို ဖြေးညင်းစွာ ဖြန့်လိုက်ရင်း ယွမ်လော့ရီထံသို့ လျှောက်လာခဲ့သည်။ သူမအနားသို့ ရောက်ချိန်တွင် သူ၏ သေနတ် ကိုင်ထားသော လက်အား အနောက်သို့ ပို့လိုက်ကာ ဖြေးဖြေးချင်း ငုံ့လာပြီး ဖိတ်ခေါ်မှု အနေဖြင့် ယွမ်လော့ရီကို သူ၏ သန့်ရှင်းနေသည့် လက်အား ကမ်းပေးလိုက်၏။

“ဒီကို လာခဲ့၊ ညီမလေးရဲ့ ဒုတိယအစ်ကိုမှာ ညီမလေးကို ပြဖို့ အမိုက်စား မှော်လှည့်ကွက်တွေ ရှိတယ်၊ ညီမလေး သဘောကျမှာပါ ကိုကို အများကြီး လေ့ကျင့်ထားရတာ”

ယွမ်လော့ရီက ပျော်ရွှင်စွာ ပြုံးနေပါသော်လည်း သူမကို ကျောရိုးထဲထိ အေးစိမ့်နေစေသည့် ယွမ်ဖာ့အား မော့ကြည့်လိုက်၏။

သူ့မျက်လုံးများမှာ မှိုင်းညို့ကာ အသက်မဲ့နေသည်။

သူ ရူးသွပ်သွားခဲ့ပြီပင်။

အစ်ကိုကြီး ယွမ်အောင်းနှင့် မတူဘဲ ယွမ်ဖာ့၏ အခြေအနေမှာ အလွန်ပင် မတည်မငြိမ် ဖြစ်တတ်ကာ တက်ကြွသော ချစ်ခင်ခြင်းနှင့် ကျောချမ်းဖွယ် ကြောက်ရွံ့ ထိတ်လန့်မှုကြားတွင် အတက်အကျ ဖြစ်‌နေခဲ့၏။

ယွမ်ဖာ့တစ်ယောက် နောက်အခိုက်အတန့်တွင် မည်ကဲ့သို့သော လူမျိုး ဖြစ်လာမည်ကို ယွမ်လော့ရီ မခန့်မှန်းနိုင်ပေ။ ၎င်းက သူမအား စိုးရိမ်ပူပန်စေပြီး သူမ၏ အသက်ရှူသံမှာ အနည်းငယ် မြန်လာကာ လက်ချောင်းများကိုလည်း တင်းကြပ်စွာ ဆုပ်ထားမိခဲ့သည်။ သို့သော် ဤသို့ ခက်ခဲစွာ ရထားသော အချိန်ခရီးသွားသည့် အခွင့်အရေးကို သူမ တန်ဖိုးထား၍ သတင်းအချက်အလက်များကို တတ်နိုင်သမျှ စုဆောင်းရမည်ပင်။

သူမ မည်သည့် အချိန်ကာလသို့ အချိန်ခရီးသွားခဲ့သည်ကို သိချင်၏။

“ဒုတိယအစ်ကို အခု ဘယ်အချိန်ရှိပြီလဲ”

ယွမ်ဖာ့က သူ၏ ခေါင်းကို အနည်းငယ် စောင်းလိုက်သဖြင့် ဆံချည်မျှင်လေးများမှာ မျက်လုံးပေါ်သို့ ကျသွားခဲ့သည်။ သူ အဝေးသို့ ကြည့်လိုက်ကာ ပြန်မဖြေခင် တစ်ခဏမျှ အတွေးထဲ နှစ်မြောနေခဲ့၏။

“ဘယ်သူသိမှာလဲ ကိုကိုရဲ့ ခေါင်းက အခုတလော အတော်လေး အဆင်မပြေ ဖြစ်နေတာ၊ ပြီးတော့ ကိုကို လူသတ်ရတာနဲ့တင် အလုပ်များနေတယ်လေ အချိန် ဘယ်လောက် ကြာသွားပြီလဲ ဆိုတာ ကိုကို မသိဘူး”

“အစ်ကိုကြီးကော ဘယ်မှာလဲ”

“အစ်ကိုကြီးကို တွေ့ချင်လို့လား”

“ဟုတ်”

“အဲဒါဆိုရင် ကိုကို ဒီမှော်လှည့်ကွက်ပြီးတာနဲ့ ညီမလေးကို သူ့ဆီ ခေါ်သွားပေးမယ်”

“တကယ်လား”

“တကယ်ပေါ့ သူလည်း ညီမလေးကို လွမ်းနေလောက်တယ်၊ ကိုကိုလည်း အဲဒီကို သွားဖို့ လုပ်နေတာ ဆိုတော့ လမ်းကြုံပါတယ်”

ယွမ်ဖာ့က သူ့ဘာသာသူ ရေရွတ်နေပြီး သူ၏ မျက်လုံးများမှာ မှိန်ဖျော့သွား၍ အပြုံးမှာ ပျောက်ကွယ်သွားကာ အမူအယာမှာ ခက်ထန်လာ၏။ ထို့အပြင် လူသတ်ချင်စိတ် အရိပ်အယောင် ပေါ်လာခြင်းက ယွမ်လော့ရီကို ကြောက်ရွံ့သွားစေပြီး အလိုလို နောက်ပြန်ဆုတ်သွားစေခဲ့သည်။

ယွမ်ဖာ့က နှာတစ်ချက် မှုတ်ကာ ရယ်လိုက်၏။

“ကိုကို တောင်းပန်ပါတယ်၊ ညီမလေးက ချစ်စရာ ကောင်းပြီး လွယ်လွယ်နဲ့ ကြောက်တတ်တဲ့ ပုံမှန် ဆယ့်တစ်နှစ်အရွယ် ကလေးမလေး ဆိုတာကို ကိုကို မေ့သွားလို့ပါ၊ ဒုတိယအစ်ကိုက ပိုပြီး သတိထားပါ့မယ်”

သူ လက်ကို နောက်တစ်ကြိမ် ဆန့်တန်း၍ ထပ်မံ ခေါ်လိုက်သည်။

“ကိုကိုရဲ့ ချစ်ရတဲ့ ညီမလေး ဒီကို လာပါဦး”

ယွမ်လော့ရီ အသက်ပြင်းပြင်း တစ်ချက် ရှူလိုက်၍ သတ္တိများ စုစည်းလျက် သူမ၏ လက်ကလေးကို ယွမ်ဖာ့၏ လက်ကြီးပေါ် တင်လိုက်ပြီး အရှေ့မှ လမ်းပြခွင့် ပြုလိုက်သည်။

“ဒုတိယအစ်ကို၊ ကိုကို သမီးကို နာကျင်အောင် လုပ်မှာလား”

“မလုပ်ပါဘူး”

“ကိုကို အခု စိတ်ထိန်းနိုင်သွားပြီလား”

ယွမ်ဖာ့က သူ၏ ပုခုံးများ တုန်ယင်သည်အထိ လှောင်ပြောင်ဟန် ရယ်မောလိုက်၏။

“အဲလောက်တော့ မထိန်းနိုင်သေးဘူး ထင်တယ်…မနေ့ကဆို ကိုယ့်ကိုယ်ကိုယ် ပြန်သတ်မိတော့မလို့၊ ဒါပေမဲ့ ကိုကိုရဲ့ လက်စွမ်းက တိကျနေပါသေးတယ် လူတွေကိုလည်း မှတ်မိနေသေးတာမို့လို့ ညီမလေး စိတ်ချပါ၊ ဒုတိယအစ်ကိုက ညီမလေးကို ဘယ်တော့မှ နာကျင်အောင် မလုပ်ပါဘူး”

ကုလားထိုင်နားသို့ ရောက်ချိန်တွင် ယွမ်ဖာ့က ယွမ်လော့ရီ၏ ပခုံးပေါ်သို့ လက်တင်လိုက်ကာ သူမ ထိုင်ရန် နေရာပေးလိုက်ပြီး တက်ကြွစွာ ပြောလာသည်။

“ဒါက ကြည့်ဖို့အတွက် အကောင်းဆုံး နေရာပဲ၊ ညီမလေးရဲ့ ရက်ရောလှတဲ့ ဒုတိယအစ်ကိုက ညီမလေးကို ပေးဖို့ ဆန္ဒရှိပါတယ်ဗျာ”

သူက ဘေးဘီသို့ ကြည့်လိုက်ပြီး ပဟေဠိ ဖြစ်နေသော အမူအယာနှင့် သူ၏ ရင်ဘတ်ပေါ်သို့ လက်တစ်ဖက် တင်လိုက်၏။

“အိုး ညီမလေးအတွက် မုန့်တွေ မရှိနေဘူးဘဲ၊ ညီမလေးလည်း ကိုကို့ အကြောင်း သိပါတယ် ကိုကိုက အမြန် စားတတ်ပြီးတော့ အစ်ကိုကြီးလိုမျိုး ကလေးတစ်ယောက်ကို ဘယ်လို ဂရုစိုက်ရမယ် ဆိုတာ မသိဘူးလေ”

“နည်းနည်းလောက်ပဲ သည်းခံလိုက်ပါ ဖျော်ဖြေမှုက မကြာခင် ပြီးသွားမှာ”

ယွမ်ဖာ့က ထိုအမျိုးသားထံသို့ ကပ်သွားပြီး သူ့အတွက် မီးအလင်းများ ရှိနေသော စိတ်ကူးယဥ် စင်ပေါ်သို့ တက်သွားခဲ့သည်။

သူက အရပ်ရှည်၍ ကျော့ရှင်းပြီး ပြဇာတ်ဆန်ကာ သေနတ်ကို သူ၏ နောက်ကျောဘက်၌ လက်တစ်ဖက်ဖြင့် ကိုင်ထားလျက် ကြောက်မက်ဖွယ် ပြုံးနေ၏။

ထို့နောက် အက ကနေသကဲ့သို့ လှည့်ပတ်ကာ ထိုအမျိုးသားကို ပတ်နေပြီး သူတို့်၌ မည်သည့် လျှို့ဝှက်ချက်မျှ မရှိသည့် သူငယ်ချင်းဟောင်းများကဲ့သို့ ရင်းနှီးစွာပင် မှီလိုက်‌လေသည်။

ယွမ်ဖာ့က ငြင်သာစွာ ပြောလာ၏။

“ဟိုးရှေးရှေးတုန်းက လှပတဲ့ နတ်သမီး ပုံပြင်တွေလိုမျိုးပဲ၊ ဒီအမျိုးသားက တဏှာစိတ်တွေကြောင့် မျက်ကန်း ဖြစ်နေခဲ့ပြီး အပြစ်ကင်းတဲ့ ကောင်မလေးကို ချောက်နက်ကြီးထဲ ကျစေခဲ့တယ်၊ သူမရဲ့ အစ်ကိုက လက်စားချေချင်လို့ သူ့ကို ဒီမှာ တွဲလောင်းချည်ထားတာပဲ”

သူက ရုတ်တရက် ထိုအမျိုးသား၏ လက်မောင်းကို ဆွဲ၍ ဒဏ်ရာကို ထပ်ခါထပ်ခါ ထိပြီး သွေးများ ဆက်တိုက် ထွက်နေစေခဲ့သည်။

“အား”

ထိုအမျိုးသားမှာ နာကျင်မှုကြောင့် အော်ဟစ်နေခဲ့၏။

ယွမ်ဖာ့က ရူးသွပ်စွာ ရယ်မောပြီး ထိုအမျိုးသား၏ နားနားသို့ ကပ်၍ တီးတိုး ပြောလိုက်သည်။

“ငါ့ရဲ့ ညီမလေးကို မင်းရဲ့ ပြစ်မှုက ဘာလဲ ဆိုတာ ပြောပြလိုက်ပါဦး”

“စစ်ဆေးမေးမြန်းဖို့ အချိန်ရောက်ပြီ”

ရူးသွပ်နေသော ယွမ်ဖာ့ကို မျက်မြင် တွေ့လိုက်ရသော် ယွမ်လော့ရီမှာ ကုလားထိုင်ပေါ်တွင် ကျုံ့ကျုံ့လေး ဖြစ်နေကာ သူမ၏ တုန်ယင်လာမှုအား မထိန်းထားနိုင်တော့ပေ။

All Chapters