အခန်း (၆၃)
Vol. 7 Ch. 63
ယွမ်ဖာ့မှာ ထိုအမျိုးသား၏ အော်သံအား ငြီးငွေ့သွားသည့်နှယ် သူ့ကို လွတ်ပေးလိုက်သည်။
သူ၏လက်ကို အလင်းရောင်ဘက်သို့ မြှောက်လိုက်စဥ် တောက်ပနေသော အလင်းရောင်များက သူ၏ လက်ချောင်းများကြားမှ ပိုးဖြူမျှင်လေးများကဲ့သို့ နူးညံ့သိမ်မွေ့သည့် ချည်မျှင်များမှာ ဖြတ်သန်းလာကြလေ၏။
သူ၏ လက်ချောင်းထဲမှ ကြက်သွေးရောင်သွေးများ စီးကျလာသည်မှာ အနီရောင်ပန်းများ ပွင့်လန်းလာသကဲ့သို့ပင်။
သူ ကြည့်နေရင်းဖြင့် အံ့ဩနေကာ ပြောလိုက်၏။
“လှတယ်မလား”
သို့သော် တစ်ခုခုအား အမှတ်ရသွားသကဲ့သို့ သက်ပြင်းချရင်း ခေါင်းခါလိုက်ကာ ပြန်ပြောလေသည်။
“အား နှမြောစရာပဲ ငါကပဲ အဲဒါကို ခံစားနိုင်နေတာ”
ယွမ်ဖာ့သည် အိတ်ကပ်ထဲမှ တစ်ရှူးကိုထုတ်ကာ သူ၏ လက်ချောင်းများအား ဂရုတစိုက်သုတ်လိုက်ရင်း တက်ကြွသည့် တီးလုံးသံလေးကို ညည်းနေခဲ့၏။ အကုန်ပြီးသွားချိန်တွင် သွေးပေးနေသည့် တစ်ရှူးအား ဘေးသို့ ပစ်ချလိုက်ပြီး ယခုအချိန်၌ သေးငယ်သည့် ငွေရောင်ဓါးလေးကို ကိုင်ထားလေသည်။
ယွမ်ဖာ့မှာ အသိပေးခြင်းမျိုး မရှိဘဲ ရုတ်တရက်ဒေါသထွက်လာပြီး ဓါးကို ဆုပ်ကိုင်၍ ထိုအမျိုးသားအား ဆက်တိုက်ထိုးနေခဲ့၏။
“အား!”
ထိုလူ၏ အော်သံမှာ ခန်းမတစ်ခုလုံးတွင် ပဲ့တင်ထပ်နေခဲ့သည်။
ယွမ်လော့ရီသည် သူမ၏ ခေါင်းအား ငုံ့ထားကာ ကြောက်ရွံ့မှုကြောင့် မျက်လုံးများမှိတ်လိုက်ပြီး သူမ နှလုံးသားမှာလည်း ထိန်းမနိုင်သိမ်းမရ အခုန်မြန်နေခဲ့သည်။
သူမ၏ ဒုတိယအစ်ကိုမှာ လုံးဝ ထိန်းချုပ်မှု လွတ်သွားခဲ့ပြီပင်။
သူ၏ မှော်လှည့်ကွက်များမှာ ချစ်စရာကောင်းကာ အံ့ဩစရာကောင်းခဲ့ပြီး ယွမ်လော့ရီကို အမြဲ ရယ်စေခဲ့၏။
ယခုတွင်မူ ယွမ်လော့ရီမှာ ကြောက်ရွံ့မှုနှင့် ဝမ်းနည်းမှုကိုသာ ခံစားနေရသည်။
ဒုတိယအစ်ကို ပြန်ကောင်းလာဖို့အတွက် သူမ ဘာလုပ်ပေးနိုင်လောက်လဲ။
ယွမ်ဖာ့သည် ထိုအမျိုးသားထံသို့ သေနတ်ကို ချိန်ရွယ်ကာ ပြောလိုက်၏။
“အခု ပါးစပ်ပိတ်ထားတော့ မင်း ငါ့ညီမလေးကို ကြောက်အောင်လုပ်လိုက်တာပဲ၊ သူ အခု ပြပွဲကို ဆက်မကြည့်ရဲတော့ဘူး”
ထိုအမျိုးသားမှာ တုန်ယင်နေပြီး အံကြိတ်၍ အသံမထွက်စေရန် ပါးစပ်ကို အတင်းအကြပ် ပိတ်ထားလေသည်။
ယွမ်ဖာ့မှ အမိန့်ပေးသည့် အခါတွင် နာခံလိုက်ခြင်းမှာ အကောင်းဆုံးဖြစ်ပြီး မဟုတ်လျှင် လူမဆန်သည့် ဆက်ဆံမှုများနှင့် ရင်ဆိုင်ရမည် ဖြစ်၏။
ယွမ်မိသားစု၏ ဒုတိယခေါင်းဆောင် ယွမ်ဖာ့မှာ ကိုယ်ကျင့်သိက္ခာလုံးဝ မရှိဘဲ လူသတ်ခြင်းနှင့် ကစားနေမည် ဖြစ်ပြီး သူ့ သားကောင်များအား ထိတ်လန့်စေရန်အတွက် ရူးသွပ်စွာ ရယ်မောပေလိမ့်မည်။
“ကလစ်”
ယွမ်ဖာ့သည် ခြောက်လုံးပြူးသေနတ်ကို ဖွင့်ကာ ပြလိုက်၏။
“တွေ့လား အထဲမှာ ကျည်ဆံ တစ်ခုပဲ ရှိတယ်နော် ကျန်တဲ့ ငါးနေရာက အလွတ်တွေချည်းပဲ”
“ကလစ်”
သူ၏ လက်ချောင်းလေးကို လှုပ်ရှားလိုက်ရုံဖြင့် ကျည်ကတ်ကို ပိတ်လိုက်ကာ အရှေ့ရှိ အမျိုးသားကို သေနတ်ဖြင့် ချိန်ရွယ်ထားလေသည်။
“အခု မေးခွန်းနံပါတ်တစ်၊ မင်းဘာလို့ ဒီကို ရောက်နေတာလဲ”
အမျိုးသားမှာ ကြောက်ကြောက်လန့်လန့်နှင့် ပြန်ဖြေ၏။
“ကျွန်တော် အမှားလုပ်ခဲ့မိလို့ပါ၊ ကျွန်တော်မှာ ရွေးချယ်စရာ မရှိခဲ့လို့ပါ”
ယွမ်ဖာ့သည် သေနတ်မောင်အား ဆွဲလိုက်၏။
“ဘန်း!”
ကျည်ဆန် ထွက်မလာခဲ့ပေ။
အမျိုးသားမှာ ချွေးအေးများပင် ထွက်လာခဲ့သည်။
ယွမ်ဖာ့က ပြုံးကာပြောလိုက်၏။
“ကံကောင်းလိုက်တာ မင်းဖြေတာ မှားတာတောင်မှ အသက်ရှင်နေတုန်းပဲ၊ မေးခွန်းနံပါတ်နှစ် မင်းဘာလို့ ဒီကို ရောက်နေတာလဲ”
ထိုအမျိုးသားမှာ ကြောက်လန့်တကြား အော်ဟစ်လိုက်သည်။
“ကျွန်တော့် ဇနီးရဲ့ ကလေးက အဖမ်းခံထားရပါတယ် ကျွန်တော်သာ အဖမ်းမခံလိုက်ဘူးဆိုရင် သူတို့တွေ သေမှာမလို့ပါ”
ယွမ်ဖာ့က အေးစက်စွာ ရယ်မောလိုက်သည်။
“မှားတယ်”
သူ သေနတ်မောင်းအား ဆွဲလိုက်၏။
“ဘန်း!”
ကျည်အိမ် အလွတ်ဖြစ်နေဆဲပင်။
ယွမ်ဖာ့သည် နောင်တရစွာဖြင့် သက်ပြင်းချရင်း ပြောပြန်၏။
“ထပ်လွဲပြန်ပြီလား၊ မေးခွန်းနံပါတ်သုံး မင်းဘာလို့ ဒီကို ရောက်နေတာလဲ”
“လွှတ်ပေးပါတော့ မင်းကို သိတာ အကုန်ပြောပြပြီးပြီလေ”
“ဘန်း!”
ကျည်အိမ် အလွတ်ဖြစ်နေပြန်သည်။
“မေးခွန်းနံပါတ်လေး မင်းဘာလို့ ဒီကို ရောက်နေတာလဲ”
“ငါ့ကလေးက သုံးနှစ်သားလေးပဲ ရှိပါသေးတယ်”
“ဘန်း!”
ဤတစ်ခါတွင်လည်း ကျည်အိမ် အလွတ်ပင်။
“မေးခွန်းနံပါတ်ငါး မင်းဘာလို့ ဒီကို ရောက်နေတာလဲ”
“ငါတောင်းဆိုတာပါ တကယ် တောင်းဆိုတာပါ၊ မင်းလိုချင်တာ ဘာမဆို ငါပေးနိုင်ပါတယ် ငါ့ကိုပဲ လွှတ်ပေးပါ”
ယွမ်ဖာ့က ခေါင်းကို နောက်လှန်လိုက်ကာ ရယ်မောနေပြီး သူ့ မျက်လုံးများမှာ အသက်မဲ့နေသည်။
“ငါလိုချင်တာကို မင်းမပေးနိုင်ဘူး မှားတယ်”
ထိုအမျိုးသားမှာ အလွန်ကြောကရွံ့နေပြီး သူ၏ ပိန်ပါးနေသည့် ရင်ဘတ်မှာလည်း ဖောင်းကားလာခဲ့၏။
ယွမ်ဖာ့သည် သေနတ်မောင်းအား ဆွဲလိုက်သည်။
“ဘန်း!”
သူ မျက်မှောင်ကြုတ်ကာ ယွမ်လော့ရီဘက်သို့ လှည့်လိုက်၏။
“အား ငါးခုမြောက်ကလည်း အလွတ်ကြီးပဲ ဒါပေမဲ့ ညီမလေး သေချာအာရုံစိုက်ထားနော် တကယ့်ပွဲက အခုမှ စမှာ”
နောက်ဆုံးပွဲစဥ်ထဲ ဝင်သွားသည့် နွားသတ်သမားကဲ့သို့ ထိုအမျိုးသား၏ ပတ်ပတ်လည်တွင် ဝိုင်းပတ်နေခဲ့သည်။
ထိုအမျိုးသားမှာ ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“မင်းပြောတော့ ငါးခုလုံးက အလွတ်ဖြစ်နေမယ်ဆိုရင် လွှတ်ပေးမှာဆို”
ယွမ်ဖာ့က ခေါင်းခါကာ ပြောလိုက်သည်။
“အဲဒါက ငါ့ညီမလေး မရောက်လာခင်က လေ အခုက အသစ်တစ်ခုပဲ”
ယွမ်ဖာ့သည် လက်ကိုမြောက်ကာ ထိုအမျိုးသားထံ သေနတ်ချိန်ထားပြီး ကျယ်လောင်စွာ ကြေညာလိုက်၏။
“ဗုံသံလေး ပေးပါဦး၊ အားလုံးသိကြတဲ့အတိုင်း နောက်ဆုံးတစ်ချက်ကတော့ ကျည်ထွက်ကို ထွက်မှာလေ”
“အဲဒါကြောင့် ပြောပါဦး သူငယ်ချင်းဟောင်းကြီးရေ၊ မင်းဘာလို့ ဒီကို ရောက်နေတာလဲ မှားမဖြေနဲ့နော်”
ထိုအမျိုးသားမှာ ခြောက်ခြားတုန်ယင်နေပြီး ခန္ဓာကိုယ်မှ သွေးများထွက်နေကာ မျက်လုံးများမှာလည်း နီရဲလာခဲ့၏။ သူသည် အတော်အတန်ကြာ နှိပ်စက်ခံခဲ့ရကာ စိတ်ကူးယဥ်လို့ပင် မရနိုင်သည့် ဝေဒနာမျိုးစုံကို ခံစားခဲ့ရဖူးသည်။
သူ တုံ့ဆိုင်းစွာ ပြောလိုက်၏။
“ငါ မသေသေးတဲ့ အလောင်းကို ခွဲစိတ်ခဲ့တယ်”
ယွမ်ဖာ့က ပြုံးလိုက်သည်။
“ကောင်းပြီ ဆက်ပြော”
ထိုအမျိုးသား ဆက်ပြော၏။
“သူရဲ့ တစ်ကိုယ်လုံးက ဒါဏ်ရာတွေ ပြည့်နေပြီးတော့ အရိုးငါးချောင်း ကျိုးနေတယ်၊ သရက်ရွက်လည်း ပြဲနေပြီး အဆုတ်ကသွေးထွက်နေခဲ့ပေမဲ့ အစီရင်ခံချက်မှာတော့ သူက ကြိုးဆွဲချပြီးသေသွားတယ်လို့ ရေးခဲ့ပြီးတော့ မီးသဂြိုလ်ဖို့ ပို့လိုက်နိုင်ခဲ့တယ်”
“နောက်ထပ်ရော”
“ဘာမှ ထပ်မရှိတော့ပါဘူး၊ ငါ အဲအပိုင်းလေးပဲ လုပ်ခဲ့တာပါ တခြားအပိုင်းတွေကိုက တခြားသူတွေလုပ်တာ ငါတကယ်မသိဘူး”
ယွမ်ဖာ့က သက်ပြင်းချလိုက်ပြီး သူ၏ မျက်လုံးများမှာ လူသတ်ချင်စိတ်များနှင့် ပြည့်သွားသည်။
“မှားတယ်”
“ကျေးဇူးပြုပြီး ငါ့ကို အိမ်ပြန်ခွင့်ပြုပါ၊ ငါတို့တွေ သူငယ်ချင်းဖြစ်ခဲ့ကြဖူးတယ်လေ”
ယွမ်ဖာ့သည် အေးစက်စွာ ပြောလိုက်၏။
“မရူးစမ်းပါနဲ့ မင်းက ငါ့အတွက် ဘာမှ မဟုတ်ဘူး”
ထိုအမျိုးသားမှာ စိတ်ပျက်လက်ပျက် အော်ဟစ်နေသည်။
ယွမ်ဖာ့၏ သွယ်လျသည့် လက်ချောင်းများမှာ သေနတ်မောင်းကို ဆွဲလိုက်၏။
ယွမ်လော့ရီသည် တစ်ဖက်သို့လှည့်လိုက်ပြီး မျက်လုံးကို မှိတ်ထားလေသည်။
“ဘန်း!”
နောက်ဆုံးပစ်ချက်မှာလည်း အလွတ်ပင် ဖြစ်၏။
သွေးများ၊ ချွေးများနှင့် ရွှဲနှစ်နေကာ သေခြင်းတရားမှ ကပ်တိုးလေး လွတ်မြောက်လာခဲ့သည်ဖြစ်၍ ထိုအမျိုးသား၏ မျက်နှာမှာ ဖြူဖျော့နေကာ ကြောက်ရွံ့နေဆဲဖြစ်ပြီး ငြိမ်ကုပ်နေသည်။
ယွမ်ဖာ့က ပြုံး၍ ယွမ်လော့ရီဘက်အား ပရိသတ်ကို ကျေးဇူးတင်နေသည့် သရုပ်ဆောင်ကဲ့သို့ ပြဇာတ်ဆန်ဆန်ဦးညွတ်လိုက်၏။
“ဘယ်လိုလဲ စိတ်လှုပ်ရှားစရာ ကောင်းတယ်မလား၊ ကိုကို အဲဒီ ကျည်ဆန်ကို ပျောက်သွားအောင် လုပ်လိုက်တာလေ”
“ကိုကိုရဲ့ ညီမလေးရှေ့မှာ ကိုကိုဘယ်လိုလုပ် လူသတ်ရမှာလဲ”
“ညီမလေးက အရမ်းထိရှလွယ်ပြီးတော့ ငယ်သေးတယ်လေ အိမ်မက်ဆိုးတွေ မက်လိမ့်မယ်”
“အာ စိုးရိမ်စရာကောင်းတဲ့ ကလေးတွေပဲ အမြဲတမ်း ငိုနေကြတာ၊ ငါအရင်တုန်းက ပုံမှန်လူတွေလို စိတ်ခံစားချက်မရှိဘူး အခုတော့ ငါ့ရဲ့ တွေးပုံတွေကပါ မူမမှန်တော့ဘူး၊ ငါဘယ်လိုလုပ် ညီမလေးကို ကောင်းကောင်း စောင့်ရှောက်ပေးနိုင်မှာလဲ၊ အစ်ကိုကြီးက ငါ့ကို ဘယ်လို စိန်ခေါ်ရမယ်ဆိုတာကို သိတာပဲ”
ထိုအမျိုးသားမှ ပြောလေ၏။
“မင်းအခု ငါ့ကို လွှတ်ပေးမှာလား”
ယွမ်ဖာ့က ရယ်မောလိုက်ပြီး သူ့အသံမှာ အေးစက်နေသည်။
“ငါ့အိမ်က ဖျက်ဆီးခံလိုက်ရပြီလေ မင်းအိမ်ကို ငါက ဘာလို့ ပြန်ခွင့်ပြုရမှာလဲ”
သူသည် ယွမ်လော့ရီကို စကားပြောချိန်တွင်တော့ တက်ကြွသည့် လေသံပြောင်းလိုက်သည်။
“ညီမလေး မျက်လှည့်ပြပွဲက ပြီးသွားပြီနော် ဒီလောဘကြီးတဲ့ လူကြီးက ကြမ်းတမ်းတဲ့ လက်တွေ့ဘဝကို ရင်ဆိုင်ပြီးတော့ အပြစ်ပေးခံရမှာ၊ ညီမလေး ဟို ဘယ်ဘက်ကအခန်းထဲကို သွားနေလို့ရတယ်”
“ကိုကို အဲအခန်းကို သန့်ရှင်းရေးလုပ်ထားတော့ ဖုန်သိပ်မရှိတော့ဘူး၊ ညီမလေးကျန်းမာရေးအတွက် ပိုကောင်းတယ်”
“အထဲမှာ ကိုကိုညီမလေးကို ပေးခဲ့ဖူးတဲ့ ယုန်ရုပ်လေးရှိတယ်၊ ကိုကိုဒီနေ့ ပြန်လာတုန်းက ညီမလေးကို ရုတ်တရက် လွမ်းလာလို့ ရှာပြီး သန့်ရှင်းရေး လုပ်ပေးထားတယ်”
“အံ့ဩစရာကောင်းတာက အမွှေးတွေက ဖြူဖွေးပြီးတော့ ပြန်နူးညံ့သွားတာပဲ၊ အဲဒါလေးက ညီမလေးနဲ့ အတူတူ ရှိနေသရွေ့ အိမ်မက်ဆိုးတွေအားလုံးနဲ့ ကျိန်စာတွေ အကုန်လုံး ပျောက်ကွယ်သွားလိမ့်မယ်”
ယွမ်လော့ရီသည် ကုလားထိုင်ပေါ်မှ ခုန်ချလိုက်ပြီး အခန်းထဲသို့ ဝင်သွားခဲ့သည်။
တစ်မီတာလောက်ရှိကာ ယခင်ကဲ့သို့ ဖြူဖွေးနေသေးသည့် ယုန်ရုပ်ကြီးမှလွဲ၍ ယွမ်အိမ်တော်ရှိ အရာအားလုံးမှာ ဟောင်းနွမ်းသွားခဲ့၏။ အရုပ်ကို ပြတင်းပေါက်ပေါ်တွင် တင်ထားကာ ဝိုင်းစက်မဲနက်နေသည့် မျက်လုံးများက အပြင်ဘက်သို့ စိုက်ကြည့်နေပြီး သူ၏ ပိုင်ရှင်ပြန်လာဖို့ စောင့်မျှော်နေသကဲ့သို့ပင်။
ယွမ်လော့ရီသည် တံခါးကို ပိတ်လိုက်ပြီးနောက် ထိုအရုပ် အနားသွား၍ ဖက်လိုက်ရာ နူးညံ့မှုကို ခံစားလိုက်ရသည်။
ယွမ်လော့ရီ ထွက်သွားပြီးနောက် ယွမ်ဖာ့သည် သူ၏ နတ်ဆိုးဆန်သည့်ဘက်ခြမ်းကို ထုတ်ပြလာကာ ထိုအမျိုးသားကို သတ်လိုက်၏။