← Chapters

အခန်း (၆၄)

Vol. 7 Ch. 64

အခန်း (၆၄)

Vol. 7 Ch. 64

အခြား ယွမ်မိသားစုများ၏ အိပ်ခန်းဖြစ်ခဲ့ဖူးသည့် အခန်းအား လှည့်ပတ်ကြည့်ရှူနေမိသည်။

စားပွဲ၊ ထိုင်ခုံနှင့် အိပ်ရာအပြင် မှန်အကြီးကြီး တစ်ချပ်ရှိနေသော်လည်း မှန်သားပြင်တွင် ဖုန်များဖုံးနေကာ ဝေဝါးနေ၏။

အချိန်အတော်ကြာ စောင့်ပြီးနောက် နောက်ဆုံးတွင်​ ဒုတိယအစ်ကို ယွမ်ဖာ့မှာ တံခါးကိုတွန်းဖွင့်လာကာ သို့မဟုတ် လက်ထဲတွင် မုန့်ထုပ်များကို သယ်ဆောင်လာခဲ့၍ သူ့လက်အား အသုံးမပြုနိုင်သောကြောင့် ခြေထောက်ဖြင့် ကန်ဖွင့်လာခဲ့သည်ဟု ပြောရမည်။

ကျယ်လောင်သည့် အသံက ယွမ်လော့ရီကို လန့်ဖျပ်သွားစေပြီး သူမ၏ ယုန်အမွှေးပွရုပ်အား တင်းကြပ်စွာ ဖက်ထားလိုက်မိသည်။

ယွမ်ဖာ့ မုန့်ထုပ်များအား စားပွဲပေါ်သို့ ပျော်ရွှင်စွာ ပစ်တင်ကာ ပြောလေ၏။

“တကယ်လို့ ညီမလေး ဗိုက်ဆာနေရင် ညီမလေးဘာသာ စားထားလိုက်နော် ကိုကိုတို့ အကြိုက်က တော်တော်လေး တူတယ်ဆိုတော့ ဒါတွေကို ညီမလေးလည်း ကြိုက်လောက်ပါတယ်”

သူရှင်းလင်းနေရင်း ရုတ်တရက် မှန်ထဲရှိ သူ့ ပုံရိပ်အား ရုတ်တရက် သတိပြုမိသွားခဲ့၏။

သူ မဝံ့မရဲဖြစ်သွားသည်။ ခဏကြည့်ပြီးနောက် ဖြေးဖြေးချင်း လျှောက်သွားကာ အေးစက်သည့်မှန်ကို ထိရန် သူ၏ လက်ချောင်းများကို ဆန့်တန်းလိုက်ပြီးဖုန်မှုန့်များကို သုတ်လိုက်သည့်အခါ‌၌ သူ့ကိုယ်သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။​

ယခု သူ၏ ဆံပင်များမှာ ရှုပ်ပွနေပြီး မျက်လုံးများမှာလည်း ညို့မှိုင်းနေကာ နှုတ်ခမ်းထောင့်များမှာ အေးစက်စွာ ကွေးတက်နေပြီး နောက်ထပ် လူသတ်မှုကို မျှော်လင့်နေသည့် အရူးတစ်ယောက်၏ ကြောက်စရာ အပြုံးကဲ့သို့ပင်။

မဟုတ်၊ သူသည်အမြဲတစေ ရူးသွပ်နေခဲ့၏။

“ကိုကိုထင်တာ ကိုကိုရဲ့ လူသားဆန်မှု အများစုကို ဆုံးရှုံးသွားပြီးပြီ မလို့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဘာမှ မကွာခြားလောက်ဘူး​ပေါ့”

“ဟားဟား ကိုကို အရင်ကနဲ့ လုံးဝကို ကွာခြားလွန်းနေတာပဲ”

“ကိုကို ဒီလိုဖြစ်နေတာတောင်မှ ညီမလေးက ထွက်မပြေးသွားသေးဘူး၊ အစ်ကိုကြီးပြောသလိုပဲ ညီမလေးက တကယ်ကို သိမ်မွေ့တဲ့ ကလေးမလေးပဲ”

ယွမ်လော့ရီက မေး၏။

“အစ်ကိုကြီးက ကိုကို့ကို သမီးအကြောင်းတွေ ပြောပြထားတာလား”

ယွမ်ဖာ့က ပြောလိုက်သည်။

“ဟုတ်တယ် သူက ညီမလေးကို ကောင်းကောင်းဂရုစိုက်ပေးဖို့ ပြောထားတယ်၊ အစက သူ ထင်ယောင်ထင်မှားတွေ ဖြစ်နေပြီး ရူးသွားပြီလို့ ကိုကိုထင်ခဲ့ပေမဲ့ ညီမလေး အခုပေါ်လာတော့ ကိုကို ရုတ်တရက် ကိစ္စတွေအများကြီးကို နားလည်သွားခဲ့တယ်”

သူ၏ တံတောင်ဖြင့် စားပွဲကို ထောက်ကာ လက်နှစ်ဖက်ကို စုကိုင်ပြီး ယွမ်လော့ရီအား စူးစူးရဲရဲစိုက်ကြည့်၍ တိုးတိုးလေး ရယ်မောလိုက်ပြီး ပြောလိုက်၏။

“ဘာတွေဖြစ်သွားလဲဆိုတာ အရေးမကြီးပါဘူး ကိုကိုတို့ အစ်ကိုငါးယောက်လုံးက ကောင်းတဲ့ အစ်ကိုတွေမှ မဟုတ်ကြပဲ၊ ဒါပေမဲ့ အခုတော့ ကိုကိုအလှည့် ရောက်ပြီလေ ကိုကို အချိန်အကြာကြီး စောင့်နေခဲ့ရတာ”

ယွမ်လော့ရီက ခေါ်လေသည်။

“ဒုတိယအစ်ကို”

ယွမ်ဖာ့က ပြန်ဖြေ၏။

“ဟင်”

“သမီးတို့ ဘယ်တော့ အစ်ကိုကြီးကို သွားတွေ့ကြမှာလဲ ဟင်”

“ညီမလေး၊ ညီမလေး အပြင်ဘက်က ကောင်းကင်ကြီးက မှောင်နေသေးတာကို မြင်တယ်မလား အခု အပြင်သွားဖို့ အချိန်ကောင်း မဟုတ်သေးဘူး၊ မနက်ဖြန် မနက် ခုနစ်နာရီကျမှ သွားကြရအောင် ကားမောင်းတာနဲ့ဆိုရင် ကိုကိုတို့ အဲဒီကို နေ့လယ်လောက်တော့ ရောက်မှာပါ၊ အခုတော့ ညီမလေး အနားယူသင့်ပြီ”

“ကိုကိုရော မအိပ်သေးဘူးလား”

ယွမ်ဖာ့သည် နာကျင်စွာ ရယ်မောလိုက်၏။ သူ့ ဆံပင်များအား လက်ဖြင့် ပွတ်သပ်နေကာ ဆံပင်များမှာ သူလက်ချောင်းများ ကြားထဲမှ လျင်မြန်စွာ လျှောထွက်သွားသော်ညား သူ၏ မျက်လုံးများမှာမူ အေးစက်ကာ ရူးသွပ်မှုများရှိနေ၏။

ရုတ်တရက် အားကို ပိုတင်းကြပ်လိုက်ရာ သူ၏ လက်သည်းများမှာ ဆံပင်ထဲသို့ ဝင်သွားကြသည်။

“ကိုကိုရဲ့​ ခေါင်းက တအားနာလွန်းလို့ ကိုကို သည်းမခံနိုင်တော့ဘူး ဆေးတွေကလည်း ဘာမှ အသုံးမဝင်ဘူး၊ အချိန်အရမ်းကြာ‌နေပြီ ကိုကို ဘယ်နှကြိမ်လောက်အထိ စိတ်လွတ်သွားလဲ ဆိုတာကိုတောင် မရေတွက်နိုင်တော့ဘူး၊ မနေ့ကဆိုရင် ကိုကိုရဲ့ နားထင်ကို ကိုကို သေနတ်ပြန်ထောက်ထားပြီး ကိုယ့်ကိုယ်ကိုယ် သတ်သေချင်ပေမဲ့ မလုပ်နိုင်ဘူး ကိုကို ညီမလေးကို စောင့်ရမယ်”

“ညီမလေး အိပ်ပါ ကိုကိုဒီမှာ စောင့်နေပေးမယ်”

ယွမ်လော့ရီက သူမ၏ အစ်ကို ယွမ်ဖာ့အား ဝမ်းနည်းစွာ ကြည့်လိုက်သည်။ သူမ ယုန်ရုပ်အား ချကာ သူဆီသို့ သွားခဲ့၏။

“သမီး ကိုကို့ကို ဘယ်လိုကူညီပေးရမလဲ ဟင်”

ယွမ်ဖာ့က အနည်းငယ် အံ့ဩသွားပြီး ပြန်မေးလိုက်သည်။

“ညီမလေး ကိုကို့ကို ကူညီချင်လို့လား”

“ဟုတ်”

“အာ အဲဒါဆိုရင် ညီမလေး “သမီး ကိုကို့ကို ခွင့်လွှတ်ပါတယ်” လို့ ပြောပေးလို့ရမလား”

“သမီး ကိုကို့ ကို ခွင့်လွှတ်ပါတယ်”

ယွမ်ဖာ့မှ တစ်ခဏမျှ ရပ်တန့်သွားကာ တစ်ဖန်ပြောလိုက်၏။

“ထပ်ပြောပါဦး”

ယွမ်လော့ရီက ထပိပြောလေသည်။

“သမီး ကိုကို့ ကို ခွင့်လွှတ်ပါတယ်”

ယွမ်ဖာ့သည် ယွမ်လော့ရီ၏ လက်ကလေးအား ကိုင်လိုက်ကာ သူ၏ ခေါင်းအား ငုံ့ချလိုက်၏။ ဆံပင်များမှာ မျက်နှာပေါ်သို့ ကျလာခဲ့ပြီး သူ၏ အမူအယာများမှာ အရိပ်ထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ သူသည် ဝန်ခံနေခြင်း သို့မဟုတ် ဆုတောင်းနေသကဲ့သို့ပင် ဖြစ်နေ၏။

တစ်ခဏကြာပြီးနောက် သူ ငြင်သာစွာ ပြောလိုက်သည်။

“ကျေးဇူးပါ မင်းက အရမ်းတော်တဲ့ ညီမ‌လေးပဲ”

ယွမ်လော့ရီက ရှေ့သို့တိုးကာ ယွမ်ဖာ့ကို ဖက်လိုက်ပြီး သူမ၏ ခေါင်းလေးအား သူ့ ပခုံးပေါ်တွင် တင်ထားလိုက်သည်။

ငယ်စဥ်က ယွမ်ဖာ့သည် ယွမ်လော့ရီကို အမြဲ ချီပိုးထားခဲ့ပေးသူ ဖြစ်၏။ သူမ၏ မှတ်ဥာဏ်များထဲရှိ ယွမ်ဖာ့မှာ အမြဲတစေ တက်ကြွနေကာ ထိုမျှလောက် မခံစားနေရဖူးပေ။

ထိုကြောင့် ယခုတွင် သူမ သူမ၏အစ်ကိုကို ထွေးပွေ့ပေးဖို့ရာ အတတ်နိုင်ဆုံး ကြိုးစားနေရှာ၏။

“ကိုကိုရဲ့ခေါင်း နည်းနည်းအဆင်ပြေလာပြီလား”

“နည်းနည်း”

ထိုကြောင့် ယွမ်လော့ရီလည်း မအိပ်ခဲ့ပေ။ သူမ ယွမ်ဖာ့ကိုသာ ဆက်ဖက်ထားခဲ့သည်။

ယွမ်ဖာ့၏ တောင့်တင်းနေသည့် ကျောပြင်မှာ တဖြေးဖြေးချင်း ပြေလျော့သွားပြီး အသက်ရှူသံမှာလည်း တည်ငြိမ်လာ၏။ မရေတွက်နိုင်သည့် သတ်ဖြတ်မှုများကို လုပ်ပြီးနောက် သူ၏ ဝိညာဥ်မှာ နောက်ဆုံးတွင်တော့ ရှားရှားပါးပါး တည်ငြိမ်သွားခဲ့သည်။

အပြင်ဘက်ရှိ​ ကောင်းကင်မှာ မဲမှောင်နေကာ အဆင်မပြေဖြစ်နေပြီး စိတ်ပျက်လက်ပျက်ဖြင့် ရှုပ်ယှက်ခပ်နေပါသော်ညား အာရုဏ်တက်ချိန်တွင် ထိုကြယ်များမှာ ပျောက်ကွယ်သွားမည်ကို ယွမ်လော့ရီသိလေသည်။

မကြာမီအချိန်အတွင်းမှာပင် ပထမဆုံး အလင်းရောင်က မိုးကုပ်စက်ဝိုင်းပေါ်တွင် ပေါ်လာပြီး အမှောင်ထုကို ထိုးဖောက်ဝင်ရောက်ကာ ညှိုးနွမ်းနေသည့် ယွမ်အိမ်တော်အား တောက်ပလာစေခဲ့၏။

ခုနစ်နာရီထိုးတော့မည် ဖြစ်ပြီး ယွမ်လော့ရီကို အစ်ကိုကြီးနှင့် တွေ့ရန် ခေါ်သွားမည်ဆိုသည့် ကတိကို တည်ခဲ့သည်။

စားပွဲအပြည့် မုန့်ထုပ်များအား ကြည့်၍ ယွမ်လော့ရီ ပြောလိုက်၏။​

“ကိုကို ဘာမှ မစားတော့ဘူးလား”

ယွမ်ဖာ့က ပြန်ဖြေသည်။

“အဲဒါတွေက ညီမလေးအတွက်လေ”

“သမီး ဒါတွေအားလုံးကို တစ်ယောက်တည်း မစားနိုင်လောက်ဘူးလေ ကိုကိုလည်း နည်းနည်းစားပါ”

“ထားလိုက်ပါ အရင်တုန်းက ညီမလေးဆီက ကိုကိုခိုးယူခဲ့တဲ့ မုန့်တွေရဲ့ အစားထိုးလို့ပဲ တွေးလိုက်နော်”

ယွမ်လော့ရီသညိ သူမတစ်ယောက်တည်းပဲ စားနိုင်တော့၏။ သူမ ကိတ်အား တစ်ကိုက်စားလိုက်သည်။

အရမ်းချိုတာပဲ။

ထွက်ခွာဖို့ အချိန်ရောက်ပြီပင်။ ယွမ်ဖာ့က သူ၏ ကြီးမားသည့် အသွင်အပြင်နှင့် အရှေ့မှလျှောက်နေကာ ပျော့ပျောင်းပြီး သေးငယ်သည့် ယွမ်လော့ရီက အနောက်မှ လိုက်နေသည်။ သူခြေတစ်လှမ်းလှမ်းချိန်တွင် ယွမ်လော့ရီမှာ လိုက်မှီဖို့ရာ နှစ်လှမ်းလှမ်းဖို့ လို၏။

သူတို့ ယွမ်အိမ်တော်မှ ထွက်ခွာဖို့ လုပ်လိုက်ချိန်၌ ယွမ်ဖာ့က ရုတ်တရက် သွားနေရင်း ရပ်သွားခဲ့သည်။ သူအနောက်သို့ လှည့်ကာ သူ၏ ညီမလေးအား ငုံ့ကြည့်လိုက်၏။

နံနက်ခင်း အလင်းရောင်မှာ သူ့အပေါ်ဖြာကျနေပြီး ခန်းစီးတစ်ခုကဲ့သို့ ယွမ်လော့ရီပေါ်သို့ အရိပ်ကြီးတစ်ခု ကျနေစေသည်။

ယွမ်ဖာ့က ပြော၏။

“ကိုကို အမှားတွေအများကြီး လုပ်ခဲ့ဖူးတယ်”

ယွမ်လော့ရီ ခေါင်းညိတ်ကာ​ ပြောလိုက်သည်။

“ဟုတ်”

“ကိုကိုက တစ်ကိုယ်ကောင်းဆန်ပြီး နှလုံးသားမရှိဘူး၊ ကိုကို ညီမလေးကို လျစ်လျူရှူခဲ့ဖူးတယ်”

“ဟုတ်”

“မင်း ကိုကို့ကို အလိုအပ်ဆုံးအချိန်မှာ ကိုကို မင်း ဘေးမှာ ရှိမနေပေးနိုင်ခဲ့ဘူး”

“ဟုတ်”

ယွမ်ဖာ့က ပြော၏။

“အဲဒါကြောင့် အခု ကိုကို ကမ္ဘာကြီးကို နောက်ကျောပေးပြီးတော့ ညီမလေးမျက်နှာတစ်ခုကိုပဲ ကြည့်ဖို့ ဆုံးဖြတ်လိုက်ဖို့ တအား နောက်ကျသွားပြီလား”

ယွမ်လော့ရီသည် မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အလောင်းအိတ်များကို ကြည့်လိုက်သည်။ ဒုတိယအစ်ကိုသည်​ စိတ်ကြိုက်သတ်ဖြတ်နေချိန်တွင် အမှန်တကယ်ပင် ကြောက်စရာ ကောင်းလှ၏။

သူသည် တစ်ခါက တရားဥပဒေလောကတွင် ကျွမ်းကျင်ပြတ်သားပြီး ပျော်တတ်သည့် တက်သစ်စကြယ်ပွင့်လေး ဖြစ်ခဲ့ကာ မရေတွက်နိုင်သာ လူချမ်းသာများနှင့် အာဏာရှိသူများကို ကွပ်မျက်မှုထံသို့ ပို့နိုင်ခဲ့ပြီး တရားမျှတမှုကို ကိုယ်စားပြုခဲ့သည်။

ယခုတွင်တော့ သူသည် သွေးဆာနေသည့် ရာဇဝတ်သားတစ်ယောက် ဖြစ်လာပြီး အစွဲအလမ်းကြီး၍ စိတ်မတည်မငြိမ်ဖြစ်နေကာ သွေးရေချိုးနေပြီး ရူးသွပ်စွာ ရယ်မောနေ၏။

သူ့တွင် ပြန်သွားစရာ လမ်းမရှိတော့သော်ညား သူ၏ ညီမလေးကို စောင့်နေခဲ့သည်။

ယွမ်လော့ရီက ပြန်ပြောလိုက်၏။

“နောက်မကျသေးပါဘူး”

ယွမ်ဖာ့က ပြုံးလိုက်သည်။ သူ၏ လက်အား စိတ်အားထက်သန်စွာ ဆန့်ထုတ်လိုက်ကာ ယွမ်လော့ရီ၏ လက်ပေါ်တွင် သူ့ လက်ကို တင်လိုက်ပြီး နှစ်ယောက်အတူ ယွမ်အိမ်တော်မှ ထွက်လာခဲ့ကြပြီး ယခုတွင်တော့ နှစ်ဦးစလုံး၏ ခြေလှမ်းများမှာ ထပ်တူကျနေခဲ့သည်။

Sedan ကားမှာ မြို့တော်၏ မြင့်မားသော မိုးမျှော်တိုက်များမှ စိမ်းလန်းစိုပြေကာ သစ်ပင်များ တန်းစီနေသည့် လူနေရက်ကွက်ထဲအထိ မောင်းနှင်လာခဲ့သည်။

နောက်ဆုံးတွင်တော့ သူတို့ သစ်ပင်များ ဝန်းရံနေသည့် သင်္ချိုင်းသို့ ရောက်ခဲ့ကြသည်။

ယွမ်အောင်း၏ အုတ်ဂူကို တွေ့လိုက်ရချိန်တွင် ယွမ်လော့ရီ မလှုပ်မရှားရပ်နေကာ အချိန်အတော်ကြာသည်အထိ အဆင်မပြေလာခဲ့ပေ။

ယွမ်ဖာ့သည် လေးလေးပင်ပင်ဖြင့် ညည်းညူလိုက်၏။

“အစ်ကိုက ဟာသပဲဗျာ အသေစောခဲ့တာပဲ၊ ကျွန်တော်တစ်ယောက်တည်း ယွမ်မိသားစုကို မထိန်းသိမ်းနိုင်ဘူးဗျ”

“တတိယညီနဲ့ ကျွန်တော်က ဘယ်တော့မှ အဆင်ပြေကြမှာ မဟုတ်ဘူး၊ သူထွက်ပြေးသွားပြီး သူ ကျွန်တော့်စကားကို နားထောင်မှာ မဟုတ်ဘူး”

“ကျွန်တော် စတုတ္ထညီနဲ့ အဆက်အသွယ်ရနေသေးပေမဲ့ ပဥ္စမညီက ထပ်ပျောက်သွားပြန်ပြီ၊ ကျွန်တော်လည်း ကျွန်တော့်ရဲ့ ခံနိုင်ရည်ကို သိပါတယ် ဒါတွေကို အဆုံးသတ်လိုက်ဖို့ အချိန်ကျပြီ”

သူ ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ နေဝင်ချိန်မှာ လှပကာ တိမ်များမှာ လိမ္မော်ရောင်နှင့် အနီရောင် သန်းနေကြသည်။ သစ်ရွက်များမှာမူ နူးညံ့သည့် အလင်းရောင်လေးဖြင့် ရောင်ပြန်ဟပ်နေကြပြီး အရာအားလုံးမှာ ညင်သာကာ ချစ်စဖွယ်ကောင်းနေ၍ သူ့ ရည်ရွယ်ချက်နှင့် လိုက်လျောညီထွေဖြစ်နေသည်။

သူ ခြောက်လုံးပြူးအား ထုတ်ကာ ကျည်ထည့်လိုက်ပြီး ယွမ်လော့ရီဆီ ကမ်းပေးလိုက်၏။

ပြဇာတ်ကန့်လန့်ကာချချိန်ကဲ့သို့​ သူ၏ လက်မောင်းများကို ဖြန့်ကာ ကျော့ရှင်းစွာ ဦးညွှတ်လိုက်ပြီး ပြုံးကာပြောလိုက်သည်။

“ကိုကိုရဲ့ ညီမလေး၊ ကိုကိုကအခု လုံးဝကို စိတ်လွတ်သွားပြီ မင်း အစ်ကိုကြီးကို သတ်လိုက်သလိုမျိုး ကိုကို့ ကိုလည်း သတ်လိုက်ပါတော့”

All Chapters