အခန်း (၆၆)
Vol. 7 Ch. 66
ယွမ်လော့ရီက အနည်းငယ် နောက်ဆုတ်လိုက်ပြီး သူမ၏ ဒုတိယအစ်ကို ယွမ်ဖာ့၏ တောင်းဆိုမှုအား ငြင်းဆန်လိုက်၏။
သူမက မေးလိုက်သည်။
"အစ်ကိုကြီးက ဘယ်လို သေသွားခဲ့တာလဲ"
ယွမ်ဖာ့က ရှုပ်ထွေးသွားပြီး ခေါင်းစောင်းလိုက်ကာ
“မင်း မသိဘူးလား"
ယွမ်လော့ရီက ပြန်ပြောသည်။
"သမီး မသိလို့ ကိုကို့ကို မေးနေတာလေ"
ယွမ်ဖာ့က ယွမ်လော့ရီကို ခေတ္တမျှ စိုက်ကြည့်နေပြီးနောက် သက်ပြင်းရှည် တစ်ချက်ချကာ ပြောလိုက်၏။
"အစ်ကိုကြီးနဲ့ အမေ နှစ်ယောက်လုံး တစ်ပုံစံတည်း သေခဲ့ကြတာ သူတို့နှစ်ယောက်လုံး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတာ"
"ပြီးတော့ သူတို့ရဲ့ ဒဏ်ရာတွေပေါ်မှာ အနီးကပ် သေနတ်အပစ်ခံရမှ ဖြစ်တတ်တဲ့ မီးလောင်ထားသလို အမှတ်အသားတွေ ရှိတယ် “
"ပေါက်ကွဲမှု မဖြစ်ခင် သူ ထွက်ပြေးသွားပြီး တကယ့် တရားခံကို သိသွားတာကြောင့်မလို့ နောက်က လိုက်သွားခဲ့တာလို့ ကိုကို ထင်တယ်"
“အဲဒါအပြင် တရားခံအစစ်ကို သူဖမ်းမိသွားတော့ သူ့မျက်နှာကို သေချာပေါက်မြင်ခဲ့မှာပဲ သူ အရမ်းအံဩသွားလောက်ပေမဲ့ တစ်ချိန်တည်းမှာပဲ အရမ်းပျော်မိသွားခဲ့လိမ့်မယ် ပြီးတော့ တရားခံအစစ်ကို ပွေ့ဖက်လိုက်တာပဲဖြစ်ရမယ်”
"ဘန်း!"
"သူ သေစေလောက်တဲ့ ပစ်ချက်မျိုးနဲ့ သေနတ် ပစ်ခံလိုက်ရပြီး သူ့ ညီမလေးရဲ့ လက်ထဲမှာ သေသွားခဲ့တာ"
ယွမ်လော့ရီက ခေါင်းကို အားကုန်ခါယမ်းလိုက်သည်။
"အဲဒါ သမီး မဟုတ်ဘူး"
သူမတွင် အမှောင်ခြမ်း ရှိသည်မှာ မှန်သော်ငြား သူမမှာ နောက်ဆုံး၌ ယုတ်ညံ့သွားမည့်အစား ပြိုလဲပျက်စီးသွားလိုက်မည်ပင်။
သူမ၏ အစ်ကိုများက သူမအား ဘယ်တော့မှ မထိခိုက်စေသကဲ့သို့ သူမသည်လည်း အစ်ကိုများကို မည်သည့်အခါမျှ ထိခိုက်စေမည် မဟုတ်ပေ။
သူမမှာ သေဆုံးခြင်း ကံကြမ္မာကို ပြောင်းလဲပြီး လူတိုင်းကို ကယ်တင်ရန်အတွက် ဘဝပေါင်း ၉၉ ဘဝနှင့် နှစ်ပေါင်း ၁၈၀၀ အထိ ကြိုးစားခဲ့ရသူ ဖြစ်၏။
ယွမ်ဖာ့က စိုးရိမ်တကြီး မျက်မှောင်ကြုတ်ကာ ခြေလှမ်းကျဲများဖြင့် ယွမ်လော့ရီရှေ့သို့ တိုးလာသည်။ သူသည် ကိုယ်ကို ကိုင်းညွှတ်ပြီး သူမ၏ မျက်လုံးများအား စိုက်ကြည့်လိုက်၏။
"ကိုကိုရဲ့ ချစ်ရတဲ့ ညီမလေး"
"မင်းကလွဲလို့ ကိုကိုတို့က ဘယ်သူ့ကို ဖက်ရမှာလဲ"
"ညီမလေးကို ကြည့်လိုက်ရုံနဲ့တောင် ကိုကို့ရဲ့ ပျက်စီးနေတဲ့ ခန္ဓာကိုယ်ထဲမှာ နူးညံ့တဲ့ စိတ်ခံစားမှုတွေ တိုးလာတာ"
"မင်းက ကိုကိုတို့ရဲ့ တစ်ခုတည်းသော အားနည်းချက်ပဲ၊ မင်းရဲ့ လက်ကလေးတွေကို ဆန့်ထုတ်ပြီး ကလေးဆန်တဲ့ အသံလေးနဲ့ 'ကိုကို၊ ကိုကို့အသက်ကို သမီးကို ပေးပါ' လို့ ပြောခဲ့တာ"
"ကိုကိုတို့ မင်းကို မငြင်းနိုင်ခဲ့ဘူး"
"အမှောင်ထုနဲ့ သက်ဆိုင်သူတွေက အလင်းရောင်ကို မြင်သွားပြီးတဲ့နောက်မှာ အမှောင်ကို ဆက်ပြီး မခံနိုင်ကြတော့ဘူး၊ အခု ညီမလေးက ကိုကိုတို့ကို စွန့်ပစ်ချင်နေမှတော့ ကိုကိုတို့က ဘယ်လိုလုပ်ပြီး အသက်ဆက်ရှင်နိုင်တော့မှာလဲ"
ယွမ်ဖာ့က သေနတ်ကို ယွမ်လော့ရီအား ထပ်မံ ကမ်းပေးလိုက်ပြီး နေဝင်ချိန်၏ သွေးရောင် အလင်းက သေနတ်ပေါ်တွင် လင်းလက်နေ၏။
ခေတ္တ စောင့်ဆိုင်းပြီးနောက် ယွမ်ဖာ့က သက်ပြင်းချလိုက်သည်။
"အစ်ကိုကြီးလိုမျိုး ကိုကို့ကို ဘာလို့ လွတ်လပ်ခွင့် မပေးတာလဲ ညီမလေးပဲ ကိုကို့ကို ခွင့်လွှတ်တယ်လို့ မပြောခဲ့ဘူးလား"
ယွမ်လော့ရီက ငြင်းဆိုလေ၏။
"သမီး ကိုကို့ကို ပြောပြီးပြီလေ အဲဒါ သမီး မဟုတ်ဘူးလို့"
ယွမ်ဖာ့က ပြောလိုက်သည်။
"ပထမတော့ ကိုကိုလည်း မင်းလိုပဲ မယုံခဲ့ဘူး ဘာလို့လဲဆိုတော့ အချိန်တော်တော်များများမှာ မင်းက တကယ် နူးညံ့တဲ့ ကလေးမလေး တစ်ယောက်ပဲလေ"
"ကိုကို မင်းရဲ့ မုန့်တွေ ခိုးသွားရင်လည်း ခဏလေးပဲ စိတ်ဆိုးပြီးတော့ မြန်မြန် စိတ်ဆိုးပြေသွားတတ်တယ်"
"ကိုကို မင်းကို ငိုအောင်လုပ်ရင်လည်း မျက်လှည့်တစ်ခု လုပ်ပြလိုက်တာနဲ့ ပြန်ရယ်တတ်တယ်"
"ကိုကိုက အမြဲတမ်း တစ်ကိုယ်ကောင်းဆန်တဲ့ အစ်ကိုဆိုး တစ်ယောက် ဖြစ်ခဲ့ပေမဲ့ ညီမလေးကတော့ ကိုကို့ကို တိတ်တိတ်လေးနဲ့ အကြိမ်များစွာ ခွင့်လွှတ်ခဲ့တဲ့ ညီမလေးကောင်းလေး တစ်ယောက် ဖြစ်ခဲ့တယ်လေ”
"ဒါကြောင့် အစ်ကိုကြီးကို သတ်ခဲ့တဲ့သူက ညီမလေး ဖြစ်နိုင်တယ်လို့ ကိုကို သံသယဝင်တဲ့အခါ ဒီသင်္ချိုင်းကို လာခဲ့တာ"
ယွမ်ဖာ့မှာမူ လေးလံပြီး ဝမ်းနည်းဖွယ် ခြေလှမ်းများဖြင့် "ယွမ်လော့ရီ" ဟု ရေးထွင်းထားသော အုတ်ဂူဆီသို့ ဖြည်းညှင်းစွာ လျှောက်သွား၏။ သူက ကျောက်ပြားကို မြှောက်လိုက်ပြီး သေတ္တာအဝိုင်း တစ်ခုကို ထုတ်ယူလိုက်သည်။
၎င်းမှာ ယွမ်လော့ရီ၏ အရိုးပြာများပင်။
"ဒေါက်... ဒေါက်..."
ယွမ်ဖာ့က သေတ္တာကို သူ၏ လက်ချောင်းများဖြင့် ညင်သာစွာ ခေါက်လိုက်ကာ ဗလာဖြစ်နေသည့် အသံမှာ ပဲ့တင်ထပ်နေလေသည်။
သူက ပြုံးရယ်လိုက်သည်။ သူ၏ မျက်လုံးများက ရူးလောက်မတတ် ပျော်ရွှင်မှုများဖြင့် တောက်ပနေ၏။
"ကိုကို စစ်ကြည့်ခဲ့တယ် ဒါကလုံးဝကို ဗလာပဲ ဘာအရိုးပြာမှ မရှိဘူး၊ ကိုကို့ညီမလေးက တာဝန်မယူတတ်တဲ့ အစ်ကိုကြီး ငါးယောက်ကို လိုက်ရှာဖို့ အသက်ရှင်နေနိုင်သေးတယ်"
"မနေ့က ကိုကို ခန္ဓာဗေဒပညာရှင် တစ်ယောက်ကို ခေါ်လာပြီး ဒါတကယ်ပဲ ညီမလေးရဲ့ ခန္ဓာကိုယ် ဟုတ်မဟုတ်နဲ့ သူ ဘယ်ကို သွားနိုင်လဲဆိုတာကို စစ်ဆေးခဲ့တယ်"
"သူ ကိုကို့ကို သတ်ရင်တောင် ကိုကို သူ့ကို တကယ် တွေ့ချင်တယ် ဘာလို့လဲဆိုတော့ ဒီတစ်ကြိမ်မှာ ကိုကို အတော်လေးလွန်သွားခဲ့တာမလို့ ညီမလေး ခွင့်မလွှတ်ချင်တာက ပုံမှန်ပါပဲ"
"ညီမလေး အသက်ရှင်နေသေးပြီး ကောင်းကောင်းနေနေတာကို မြင်ရရင် ကိုကို ကျေနပ်ပါပြီ"
ယွမ်ဖာ့သည် အရိုးပြာသေတ္တာကို သူ၏ လက်ထဲတွင် ပိုက်ထားပြီး ပြန်ထားကာ ကျောက်ပြားကို ပြန်၍ ဖုံးဖိလိုက်သည်။
ယွမ်လော့ရီက လုံးဝ ထိတ်လန့်သွား၏။ သူမ၏ အတိတ်ဘဝ မှတ်ဉာဏ်များအရ သူမ သေဆုံးခဲ့သည်မှာ အသေအချာပင်။
လည်ပင်း၌ တင်းကြပ်လာသော ကြိုးကွင်းက သူမအား အသက်ရှူကြပ်စေခဲ့သည့် မချိမဆံ့ နာကျင်မှုအား မှတ်မိနေသေးသည်။ မသေဆုံးမီ နောက်ဆုံး စက္ကန့်အထိ သူမ ရုန်းကန်နေဆဲပင်။
ဘာလို့ အရိုးပြာ မရှိတာလဲ။ တစ်ယောက်ယောက်က ခိုးသွားတာလား။
ယွမ်ဖာ့က လျှောက်လာ၏။
“ကိုကို့ရဲ့ ချစ်ရတဲ့ ညီမလေး၊ ကိုကို့ရဲ့ သိချင်စိတ်ကို ကျေနပ်အောင် လုပ်ပေးပါဦး ညီမလေး သေတာကို ဘယ်လို လှည့်စားခဲ့တာလဲ"
"ပြီးတော့ ဘာလို့ အသက် ၁၁ နှစ်အရွယ် ပုံစံနဲ့ ပေါ်လာတာလဲ"
သူ၏ နာကျင်နေသော နားထင်များကို ပွတ်သပ်ပြီး
"ဒါမှမဟုတ် ကိုကို ရူးနေပြီလား အဖြစ်မှန်နဲ့ ထင်ယောင်ထင်မှားဖြစ်နေတာကို မခွဲခြားနိုင်ဘဲ မင်းရဲ့ အရွယ်ရောက်ပြီးသား ပုံစံကို ကလေးဘဝ ပုံစံနဲ့ အမြင်မှားနေတာလား"
"အင်းလေ ကိုကိုသာ မင်း အသက် ၁၁ နှစ်အရွယ်တုန်းက ပြောင်းလဲပြီး တစ်ကိုယ်ကောင်းဆန်တာ လျော့ခဲ့ရင် ကိုကိုတို့ရဲ့ ဆက်ဆံရေးက ဒီလောက်ထိ ဝေးကွာသွားမှာ မဟုတ်ဘူး"
"အစ်ကိုကြီးလည်း အဲဒီလိုပဲ တွေးခဲ့မယ်လို့ ကိုကို ယုံတယ်..."
ယွမ်ဖာ့သည် ယွမ်လော့ရီရှေ့၌ ရပ်လိုက်ပြီး သူမကို အချိန်အတော်ကြာအောင် စိုက်ကြည့်လိုက်ပြီး ပြန်လည်ဆုံဆည်းရခြင်း၏ သာယာပျော်ရွှင်မှုနှင့် မကြာမီ ခွဲခွာရတော့မည့် ဝမ်းနည်းမှုတို့က ရောယှက်နေခဲ့သည်။
သူသည် ပြိုလဲနေသော သစ်ပင်တစ်ပင်ကဲ့သို့ ကိုယ်ကို ကိုင်းညွှတ်ပြီး ယွမ်လော့ရီပေါ်သို့ ညင်သာစွာ လဲကျသွား၏။
အေးစက်သော သေနတ်မှာ ယွမ်လော့ရီ၏ လက်ထဲသို့ အတင်းအကျပ် ထိုးထည့်ခြင်းခံခဲ့ရသည်။
ယွမ်ဖာ့သည် ယွမ်လော့ရီအား အနားသို့ ဆွဲဖက်ကာ သူမအား တိုးတိုးလေး ပြောလိုက်၏။
"ကိုကို့ကို လွတ်မြောက်ခွင့်ပေးပါ... နေ့တိုင်း ကိုကို အရမ်း နာကျင်နေရတယ်၊ ညီမလေးရဲ့ ဒုတိယအစ်ကိုက ဆက်သွားဖို့ အင်အား မရှိတော့ဘူး..."
ယွမ်လော့ရီမှာ ရုန်းကန်ပြီး သေနတ်ကို ပစ်ချဖို့ရန် ကြိုးစား၏။ ယွမ်ဖာ့က သူမ၏ လက်ကို ဆုပ်ကိုင်ထားပြီး တားဆီးထားသည်။
ယွမ်ဖာ့သည် နက်ရှိုင်းစွာ ရယ်မောလိုက်၏။
"ဘာလို့ ကိုကို့ကို မသတ်တာလဲ"
"မင်းရဲ့ သေနတ်ပစ်ကျွမ်းကျင်မှုက အမြဲတမ်း ကောင်းခဲ့တာလေ ဒါက မင်းအတွက် လွယ်သင့်တယ် မဟုတ်လား"
"ဒါမှမဟုတ် ညီမလေး ကိုကို နာကျင်နေတာကို ကြည့်ရတာ ပျော်လို့လား"
"ဟုတ်ပါတယ် ညီမလေးက ယွမ်မိသားစုရဲ့ သွေးသား မဟုတ်ပေမဲ့ အတော်လေး ဆက်နွှယ်နေတယ်၊ ကိုကိုတို့နဲ့လည်း တော်တော်လေး ဆင်တူတယ်လေ ပြီးတော့ ညီမလေးရဲ့ အမှောင်ခြမ်းကလည်း အတော် ရက်စက်နိုင်တယ်"
"ဒါပေမဲ့ အဲဒါ မဖြစ်နိုင်ဘူး..."
"ကိုကို နာကျင်ရတာကို တကယ် မုန်းတယ် ညီမလေးကို မြင်လိုက်ရတော့ ကိုကို ငြိမ်းချမ်းမှုကို ခံစားခဲ့ရတယ်၊ အခုတော့ ကိုကို အရာအားလုံးကို အမြန်ဆုံး အဆုံးသတ်ချင်ရုံပဲ"
ယွမ်ဖာ့မှာ ယွမ်လော့ရီ၏ လက်ကို အတင်းအကျပ် ဆွဲယူပြီး သေနတ်ပြောင်းဝအား သူ၏ ရင်ဘတ်တည့်တည့် နှလုံးသားအပေါ်၌ ဖိထားလိုက်၏။
"ဒုတိယ အစ်ကို သမီးကို လွှတ်ပါ"
ယွမ်လော့ရီသည် သူ၏ ပွေ့ဖက်မှုအား အပြင်းအထန် တွန်းကန်နေပြီး သေနတ်အား ပစ်ထုတ်ဖို့ရာအတွက် သူမ၏ လက်များဖြင့် လှည့်ကာ တွန်းထုတ်နေသည်။ သူမသည် ကန်ကျောက်ကာ ယွမ်ဖာ့၏ လက်မောင်းအား ကိုက်သည်အထိပင်။ သွေး၏ ကြေးနီအရသာမှာ သူမ၏ လျှာပေါ်၌ ပျံ့နှံ့သွား၏။ သို့သော် ယွမ်ဖာ့က သူမအား လွှတ်မပေးချေ။
သူ၏ ညီမလေးက ပေးသော နာကျင်မှုကို သူ ခံစားနိုင်သော်လည်း ဆက်လက် အသက်ရှင်နေရခြင်း၏ ပြင်းပြသော ဝေဒနာနှင့် နှိုင်းယှဉ်ပါက ၎င်းက အသေးအမွှားမျှသာ ဖြစ်၏။
သူသည် မြွေတစ်ကောင်ကဲ့သို့ သူမအား ရစ်ပတ်ထားပြီး သေခြင်းအား စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေခဲ့သည်။
"ရပါတယ် ဒါက အပြစ်ဖြေဖို့အတွက် အနူးညံ့ဆုံး ပုံစံပဲလေ"
"ကိုကို့အတွက် ဒါက အပြစ်က လွတ်မြောက်ခြင်းနဲ့ ပျက်စီးနေတဲ့ ခန္ဓာကိုယ်ကနေ လွတ်မြောက်ခြင်းပဲ"
"ကိုကို့ရဲ့ ချစ်ရတဲ့ ညီမလေး၊ ညီမလေးက ကိုကို့အတွက် အထူးခြားဆုံးပါပဲ ဒါကြောင့် ကျေးဇူးပြုပြီး ကိုကို့ဘဝရဲ့ အဆုံးသတ် ဖြစ်ပေးပါ"
ရုတ်ချည်းဆိုသလို ယွမ်ဖာ့သည် ယွမ်လော့ရီ၏ လက်ချောင်းကို ဖိအားပေး၍ မောင်းတံကို ဆွဲစေခဲ့၏။
"ဘန်း!"
နားကွဲမတတ် ပြင်းထန်လှသော သေနတ်သံက ကောင်းကင်ကို ဖြတ်၍ ဆုတ်ဖြဲသွားခဲ့ရာ ငှက်အုပ်များသည် ကြောက်ရွံ့စွာ ပျံတက်သွားခဲ့ကြ၏။ ၎င်းတို့သည် ဦးခေါင်းအထက်၌ ဝဲနေကြကာ မြေပြင်ပေါ်သို့ ဆင်းသက်မလာကြချေ။
ယွမ်ဖာ့က လဲကျမသွားပေ။ သူ လုံးဝ စိတ်ပျက်သွားခဲ့၏။
နောက်ဆုံးအခိုက်အတန့်တွင် ယွမ်လော့ရီသည် သူမ၏ ခွန်အားအားလုံးကို စုစည်း၍ သေနတ်ပြောင်းကို လမ်းလွှဲလိုက်၏။
သူမ၏ လက်များက သေးငယ်သော်လည်း သူမမှာ သူမ၏ အစ်ကိုများအား ကယ်တင်နိုင်သည်။
ယွမ်လော့ရီမှာ သေနတ်ကို ပစ်ချ၍ ယွမ်ဖာ့၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေ၏။
"မသေပါနဲ့၊ သမီး ဘယ်သူ့ကိုမှ ထပ်ပြီး မဆုံးရှုံးချင်တော့ဘူး"
ယွမ်ဖာ့မူ သူ၏ ခေါင်းကို နောက်သို့ လှန်လိုက်ပြီး သက်ပြင်းချလိုက်သည်။ ယွမ်လော့ရီ၏ ဆံပင်ကို ပွတ်သပ်နေရင်း သူ၏ အကြည့်မှာ ဗလာသက်သက်ဖြစ်နေခဲ့ပြီး ဝမ်းနည်းနေခဲ့၏။
သို့ဆိုလျှင် သူ့ညီမလေး၏ နာကျင်သည့် ဘဝကို ဆက်လက်ရှင်သန်ရန် မျက်ရည်စက်လက်ဖြင့် တောင်းဆိုမှုအား သူ လိုက်လျောပေးရတော့မည်ပင်။
သူမ တောင်းဆိုသည့် မည်သည့်အရာကိုမဆို သူ လုံးဝ မငြင်းဆန်နိုင်ပေ။