← Chapters

အခန်း (၆၇)

Vol. 7 Ch. 67

အခန်း (၆၇)

Vol. 7 Ch. 67

အေးစက်သော လရောင်မှာ ဖုန်များဖုံးနေသည့် ရောင်စုံမှန် ပြတင်းပေါက်မှ တစ်ဆင့် စိမ့်ဝင်လာကာ ယွမ်အိမ်တော်ပျက်ကြီးကို အလင်းပေးလျက်ရှိ၏။

အမျိုးသမီးတစ်ဦးသည် ညှဉ်းဆဲမှုဒဏ်အား အကြိမ်ကြိမ်ခံခဲ့ရပြီးနောက် သူမ၏ လက်ဖဝါးများမှ သွေးများ စီးကျနေကာ စားပွဲတစ်ခုပေါ်တွင် ပက်လက်အနေအထားဖြင့် လဲလျောင်းနေလျက်ရှိသည်။

"ဘန်း!"

သေနတ်သံတစ်ချက် ထွက်ပေါ်လာပြီး ယွမ်ဖာ့သည် သူမ၏ ဘဝကို အဆုံးသတ်လိုက်ပေးသည်။

သူသည် လက်နှစ်ဖက်ကို ကျယ်ကျယ်ကား၍ ရောင်စုံမှန်မှ တစ်ဆင့် လင်းထိန်နေသည့် အလင်းရောင်ကို ခံယူလိုက်၏။ ထို့နောက် ရုပ်အလောင်းကို ယွမ်လော့ရီအား ယဇ်ပူဇော်သည့် အရာကဲ့သို့ ပြသလိုက်သည်။ သူသည် ကိုယ်ကို ကိုင်းညွှတ်ကာ ယွမ်လော့ရီ၏ လက်ကို သူ့ နဖူးဖြင့်ထိပြီး ကျမ်းဂန်ရွတ်ဖတ်သကဲ့သို့ တိုးတိုးလေး ပြောလိုက်လေ၏။

"‌ဒီမိန်းမက ညစ်ပတ်ပြီးတော့ အသိဉာဏ်ကင်းမဲ့တယ်၊ မင်းကိုလည်း တံထွေးနဲ့ ထွေးခဲ့တယ်"

"ဒါကြောင့် ကိုကို သူ့ကို သတ်လိုက်တာပဲ သူ့သွေးတွေက သူ့အပြစ်တွေကို ဆေးကြောပေးလိမ့်မယ်၊ အခု ညီမလေး ကိုကို့ကို ခွင့်လွှတ်ပေးနိုင်ပြီလား"

"နာကျင်မှုက ဘယ်တော့မှ မရပ်တန့်ခဲ့ဘူး ကိုကို့ရဲ့ တန်ဖိုးရှိတဲ့ ဆင်ခြင်တုံတရားတွေ ပြိုကွဲသွားခဲ့ပြီ၊ ကိုကိုက သာမန် လူသတ်စက်နဲ့ လမ်းလျှောက်နေတဲ့ အလောင်းတစ်ကောင်သာသာပဲ၊ ကိုကို့ကို သေခွင့်ပေးပြီး အရာအားလုံးကို အဆုံးသတ်ပေးဖို့ ညီမလေးကို တောင်းဆိုပါတယ်"

ယွမ်လော့ရီမှာ လက်တင်ကုလားထိုင်ပေါ်တွင် ထိုင်ပြီး အဖြူရောင် ယုန်ရုပ်ကို ပွေ့ထား၏။

သူမမှာ သူမ၏ ရူးသွပ်နေသော ဒုတိယအစ်ကို ကို ကြည့်ရင်း ဝမ်းနည်းမှုကြောင့် တုန်ယင်နေပြီး သူ့ နာကျင်မှုကို မည်ကဲ့သို့ သက်သာအောင်လုပ်ပေးရမည်ကို မသိချေ။

တရားခံအစစ်မှာ သူမနှင့် ရုပ်ဆင်ပြီး ထိုအချက်ကို အသုံးပြု၍ သူမ၏ အစ်ကိုများနှင့် နီးစပ်အောင် လုပ်၍ သူတို့အား သတ်ခဲ့ခြင်းပင်။

ဒုတိယအစ်ကိုသည် ယွမ်လော့ရီမှ သူ့အား သတ်ရန် လာသည်ဟု အစွဲအလမ်းကြီးစွာ ယုံကြည်နေသော်ငြား သူ၏ အပြစ်များမှာ အလွန် လေးနက်သဖြင့် ညီမလေးက သူ့အား လွတ်မြောက်ခွင့် မပေးချင်ဟု ထင်နေလေသည်။

သင်္ချိုင်းမှ ပြန်လာပြီးနောက် ယွမ်ဖာ့သည် ယွမ်အိမ်တော်၏ မြေအောက်ခန်းမှ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးကို ဆွဲခေါ်လာခဲ့၏။ သူတို့မှာ ပိန်ချုံးနေပြီး ထိတ်လန့်ကြောက်ရွံ့နေကြသည်။

မူလက ယွမ်ဖာ့သည် ၎င်းတို့ကို အငတ်ထားရန် ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်းတွင် စိတ်ပြောင်းသွားခဲ့သည်။ ညီမဖြစ်သူအတွက် အပြစ်ဖြေရန်အလို့ငှာ သားကောင်နှင့် ကစားသည့် မုဆိုးတစ်ကောင်ပမာ သူတို့အား အသက်ရှင်ကျန်ရစ်ရန် မျှော်လင့်ချက် ထပ်ခါတလဲလဲ ပေးပြီးမှ ရက်ရက်စက်စက် သတ်ပစ်ခဲ့သည်။

ယခုမူ ပထမဆုံးလူမှာ သေဆုံးသွားခဲ့ပြီး ယွမ်ဖာ့၏ မျက်လုံးများ၌ မနှစ်သက်ဖွယ် မျှော်လင့်ခြင်းတစ်ရပ် ပေါ်ပေါက်လာ၏။ သူသည် ကျည်ဖြည့်ပြီးသား သေနတ်ကို ယွမ်လော့ရီအား ပေးခဲ့သော်လည်း သူမက လက်မခံခဲ့ပေ။

နောက်တစ်ကြိမ် သေဆုံးလိုသည့် ဆန္ဒမှာ မပြည့်ဝခဲ့ချေ။

စိတ်ပျက်လက်ပျက်ဖြင့် မျက်လွှာချလိုက်ရာ သူ၏ မျက်တောင်ရှည်များမှာ ခန့်ညားသော မျက်နှာပေါ်တွင် အရိပ်ငယ်တစ်ခုကို ဖန်တီးလိုက်၏။ ညင်သာစွာ သက်ပြင်းတစ်ချက်ချပြီးနောက် သူသည် သိမ်မွေ့စွာ လှည့်ပတ်လိုက်ကာ ထိုအမျိုးသားကို အေးစက်သော အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။

"မင်းရဲ့ သေဆုံးမှုက ငါ့ညီမကို ကျေနပ်စေလိမ့်မယ်လို့ မျှော်လင့်ပါတယ်"

လူလတ်ပိုင်းအရွယ် အမျိုးသားမှာ ထွက်ပြေးရန် သူ၏ ခြေထောက်များအား ကြိုးစားရုန်းကန်ရင်း မတ်တပ်ရပ်သော်လည်း အားမရှိ၍ ပြန်လဲကျသွားသည်။ သူသည် သွေးများနှင့် ဖုန်မှုန့်များကြား၌ ရုန်းရင်းဆန်ခတ်လှုပ်ရှားနေပြီး ယွမ်ဖာ့ ချဉ်းကပ်လာသည်ကို မြင်သောအခါ၌ မျက်လုံးများ ပြူးကျယ်လျက် ထိတ်လန့်တုန်လှုပ်နေ၏။

သူက ယွမ်လော့ရီဘက်သို့ အော်ဟစ်လိုက်၏။

“ကျွန်တော်က အပြစ်ကင်းပါတယ် ဘာမှ မလုပ်ထားပါဘူး သူ့ကို မသတ်ဖို့ ပြောပေးပါ…”

“ဖြန်း!”

ထိုအမျိုးသား အော်ဟစ်လိုက်သည်နှင့် အရိုးများ ကျိုးကြေသည့် အသံက တစ်ပြိုင်တည်း ထွက်ပေါ်လာသည်။ ယွမ်ဖာ့မှာ သူ၏ တုတ်ကို ခါလိုက်ရာ ကြောက်မက်ဖွယ်ကောင်းသော သွေးများက ပြန့်ကျဲထွက်လာ၏။

"ထပ်မပြောနဲ့တော့၊ ငါ့ညီမလေးမှာ သန့်စင်တဲ့ ဝိဉာဉ်နှင့် အငို မျက်လုံးလေးတွေ ရှိတယ် သူ နူးညံ့လာပြီး လှည့်စားခံရလိမ့်မယ် မင်းတို့လို လူတွေကြောင့် ထိခိုက်ရလိမ့်မယ် ဒါကြောင့်..."

ကျွမ်းကျင်သွက်လက်သော လှုပ်ရှားမှုများဖြင့် ယွမ်ဖာ့၏ လက်ထဲတွင် ငွေရောင်ဓားတစ်ချောင်း ထွက်ပေါ်လာခဲ့သည်။ သူ၏ ခေါင်းကို အနည်းငယ် စောင်းလိုက်ရာ ရှုပ်ပွနေသော ဆံပင်များက ယိမ်းခါသွားပြီး သူ့ အကြည့်က ဆိုးသွမ်းနေကာ အပြုံးမှာလည်း သွေးဆာနေ၏။

"သူ့ရဲ့ အစ်ကိုအနေနဲ့ ငါ မင်းရဲ့ အပေါက်ကို ပိတ်ပေးမယ်"

ထိုအမျိုးသားမှာ သူ၏ ကျိုးနေသော ခြေထောက်ကို တရွတ်တိုက် ဆွဲကာ မြေပြင်ကို ကုတ်ခြစ်၍ ထောင့်တစ်နေရာသို့ တွားသွားရင်း အော်ဟစ်လိုက်သည်။

"သူ ရူးနေပြီ၊ သူ သေချင်နေတာမဟုတ်ဘူးလား သူ့ကို မြန်မြန် သတ်လိုက်ပါ!”

"မကောင်းဆိုးဝါးတွေ ယွမ်မိသားစု တစ်ခုလုံးက မကောင်းဆိုးဝါးတွေပဲ!"

"ငတုံး သူ့ကို သတ်လိုက်!"

ချဉ်းကပ်လာသော ဓားသွားကို ရင်ဆိုင်ရင်း အမျိုးသားမှာ သူ့အတွက်သူ စတင် ငိုကြွေးလာ၏။

တစ်ချိန်က ပြည်သူ့အစေခံအဖြစ် ခံယူ၍ သစ္စာဆိုခဲ့ဖူးကာ မြင့်မြတ်သည့် ရာထူးကို ပိုင်ဆိုင်ခဲ့သူသည် အဘယ်ကြောင့် ဤမျှ နိမ့်ကျသွားရပါသနည်း။

သူ၏ အာဏာကို အသုံးပြုပြီး စောင့်ကြည့်ကင်မရာ မှတ်တမ်းအချို့ကို ဖျက်ဆီးရုံမျှပင်။

ဒါက ရာဇဝတ်မှုလား။ မဟုတ်ဘူး။

ယွမ်လော့ရီကို သတ်ဖြတ်ရာ၌ သူသည် တိုက်ရိုက်ပါဝင်ခဲ့ခြင်းလည်း မရှိသကဲ့သို့ သူ ဖျက်ဆီးခဲ့သည့် မှတ်တမ်းများမှာလည်း မည်သည့်မှတ်တမ်းများဖြစ်သည်ကို မသိခဲ့ပေ။

ထိုအလုပ်ကို မလုပ်မီကပင် ဥပဒေရေးရာ ရှေ့နေချုပ်တစ်ဦးနှင့် တိုင်ပင်ဆွေးနွေးရန် ယွမ်ငါးသောင်း ပေးချေခဲ့ပြီး မည်သည့်ဥပဒေကမျှ သူ့ကို အပြစ်ပေးနိုင်မည်မဟုတ်ကြောင်း အာမခံချက်ရရှိခဲ့သည်။

ယခင်ကလိုပင် အကယ်၍ မိခဲ့ရင်တောင် တာဝန်ပျက်ကွက်မှုမျှသာ ဖြစ်ပြီး သတိပေးခံရရုံလောက်ဖြင့် သူ၏ မြင့်မားသော ရာထူးတွင် ဆက်လက်တည်မြဲနေနိုင်ဦးမည်ပင်။

ဝန်ထမ်းတစ်ဦးမှာလည်း စားသောက်ဖို့ လိုအပ်သည်။ သူ၏ ဇနီးနှင့် သားသမီးများမှာလည်း ပင်လယ်ကမ်းခြေရှိ ဇိမ်ခံ ရေပူစမ်းဗီလာတွင် နေထိုင်ကြရမည်မဟုတ်လော။

ထို့ပြင် မှားယွင်းစွာ ထောင်ချခံရသူများမှာ အသုံးမဝင်သော ဆင်းရဲသားများသာ ဖြစ်၏။ ထိပ်တန်းကျောင်းမှ ဘွဲ့ရခဲ့သူတစ်ဦးအနေဖြင့် သူသည် အမြဲ တောက်ပသော ဝန်ထမ်းတစ်ဦးဖြစ်ခဲ့ပြီး အမှိုက်သရိုက်များကို ဖယ်ရှားရန် ပါးနပ်သော နည်းလမ်းများကို အသုံးပြုခဲ့၏။

အာ... သူက ဘယ်လောက်တောင် သနားစရာကောင်းလိုက်လဲ။ သူ့ ပိုက်ဆံတွေတောင် အကုန်မသုံးရသေးဘူး။ သူ့ မြေးကိုလည်း မဖက်ရသေးဘူး။ ဒါပေမဲ့ အပြစ်ကင်းတဲ့ လူတစ်ဦးက အခု ဒီအရူးရဲ့ လက်ထဲမှာ သေခြင်းတရားကို ရင်ဆိုင်နေရတယ်။

စိတ်ပျက်အားငယ်စွာဖြင့် ထိုအမျိုးသားသည် ယွမ်လော့ရီအား ကြည့်လိုက်၏။ ဤအရူးသည် သူ့ညီမနှင့်တူသော မိန်းကလေးတစ်ဦးကို တစ်နေရာမှ ရှာတွေ့ထားခဲ့သည်။ မျက်လုံးကြီးကြီး၊ အလွန်အမင်းလှပပြီး စင်ကြယ်သည့်၊ အပြစ်အနာအဆာကင်းသော နတ်သမီးတစ်ပါးပင်။ သူမသည် သူ့မိသားစုကို ကိုယ်ကျိုးမဖက် ချစ်တတ်မည့် လိမ်မာသည့် ကလေးတစ်ဦး ဖြစ်ရမည်မှာ အသေအချာပင်။

သူ၏ သနားစရာကောင်းသော အခြေအနေကြောင့် ထိုမိန်းကလေး၏ သနားကရုဏာကို ရရှိလိမ့်မည်မှာ မလွဲဧကန်ပင်။

သူ၏ သရုပ်ဆောင်စွမ်းရည် အပြည့်အဝဖြင့် သူသည် မိမိ၏ ညစ်ပေနေသော လက်ကို ယွမ်လော့ရီထံသို့ ရောက်ရှိရန် ရုန်းကန်ရင်း ခါးသီးစွာ တောင်းပန်လိုက်လေသည်။

“ကယ်ပါဦး ကျွန်တော့်ကို ကယ်ပါဦး”

ဒေါသထွက်နေသော ယွမ်ဖာ့က သူ၏ ဓားသွားကို အမျိုးသား၏ လည်ချောင်းထဲကို ထိုးသွင်းလိုက်သည့်အခါ ယွမ်လော့ရီမူ မျက်လုံးကို အမြန် မှိတ်၍ နားများကို ပိတ်လိုက်၏။

"အာ့..."

အမျိုးသားမှာ လေပြွန် ပြတ်တောက်သွားခြင်းကြောင့် မအော်ဟစ်နိုင်တော့ပေ။

အမျိုးသား၏ သွေးများက ယွမ်ဖာ့၏ ဖြူဖျော့သော ပါးပြင်ပေါ်သို့ စင်ထွက်လာ၏။ သူသည် ထိုလူ၏ သေလုနီးပါး ရုန်းကန်နေသည်များကို အေးစက်စွာ ကြည့်နေရင်း ထိုလူကို မြေကြီးပေါ်သို့ ဖိကြိတ်ကာ

“ငါ့ညီမကို စကားပြောဖို့ မင်းမှာ ဘာအဆင့်မှ မရှိဘူး၊ ငါမင်းကို အပြစ်ဖြေဖို့ ငရဲကို ပို့ပေးမယ်”

ထိုအမျိုးသား၏ အသက်ရှုသံ ရပ်တန့်သွားသည်နှင့် ညနေခင်းလေပြေက တိုက်ခတ်လာပြီး လေသည် ဖုန်များကို ရောယှက်ကာ ပုလဲသီလိုက်ကာများကို တဖျတ်ဖျတ်တိုက်ခတ်စေရာ တောင်ကြားထဲမှ အော်ဟစ်သံများ သို့မဟုတ် အချိန်၏ မြည်တမ်းသံများအလားပင်။

ဆူညံလှသော်လည်း ထူးဆန်းစွာ တိတ်ဆိတ်နေ၏။

လူသတ်ပြီးနောက် ယွမ်ဖာ့မှာ ယွမ်လော့ရီဘက်သို့ လှည့်လိုက်သည်။ သွေးများပေကျံနေပြီး မကြာခဏဆိုသလို သတ်ဖြတ်လိုစိတ်များ ထိန်းမရအောင် ထွက်ပေါ်တတ်သည့် အချိန်၌ပင် ညီမဖြစ်သူအား ကြည့်သည့်အခါ၌ သူ၏ အကြည့်က နူးညံ့သွားစမြဲပင်။

သူ အဝတ်စဖြင့် သူ၏ မျက်နှာမှ သွေးများကို သုတ်လိုက်ကာ လှောင်ပြောင်လိုက်သည်။

“ကိုကိုလည်း မင်းနဲ့ စကားပြောဖို့ အဆင့်မရှိဘူး ထင်ပါရဲ့၊ ကိုကိုက ဘယ်တုန်းကမှ အစ်ကိုကောင်း မဟုတ်ခဲ့ဘူး၊ ဘာကြောင့်မှန်းမသိဘဲ မင်းကို ငိုအောင်လုပ်ခဲ့တာလည်း အကြိမ်ကြိမ်ပဲ”

"ပုံမှန် ခံစားချက်တွေကို နားလည်ဖို့က ကိုကို့အတွက် တကယ် ခက်ခဲတယ်"

"ယွမ်ရုံ ပြောတာ မှန်တယ် ကိုကိုတို့က အေးစက်ပြီး အဆိပ်ရှိတဲ့ မြွေတွေပဲ၊ တစ်ကိုယ်ကောင်းဆန်ပြီး မင်းကို ကိုကိုတို့ဘေးမှာ ထားထားတာ မင်းရဲ့ နွေးထွေးမှုကို လောဘတကြီး စုပ်ယူပြီးတော့ မင်းကို သာမန်လူတွေနဲ့ ပေါင်းသင်းခွင့်ကို ပိတ်ပင်ထားသေးတယ်"

"မင်းက ကလေးတစ်ယောက်ပဲ ရှိသေးပေမဲ့ အမြဲတမ်း ပန်းခြံထဲမှာ မွန်းကျပ်နေတဲ့ ပုံနဲ့ တစ်ယောက်တည်း ထိုင်နေတတ်တယ်"

"မင်းက ကိုကိုတို့ကို အလင်းထဲ ခေါ်ထုတ်ခဲ့ပေမဲ့ ကိုကိုတို့က မင်းကို အမှောင်ထဲ တွန်းပို့ခဲ့တယ်"

"မင်းသာ ယွမ်မိသားစုဆီကို ဘယ်တော့မှ မလာခဲ့ရင်၊ ကိုကိုတို့ကို မတွေ့ခဲ့ရင်၊ မင်းက ပျော်ရွှင်၊ ရွှင်လန်းတဲ့ မိန်းကလေးအဖြစ် ဆက်ရှိနေမှာ"

သူသည် ယွမ်လော့ရီထံသို့ ချဉ်းကပ်လာပြီး ချစ်ခင်မြတ်နိုးစွာ ဒူးထောက်လိုက်သည်။ သူမ၏ လက်ကလေးကို ယူ၍ သေနတ်ကို ထည့်ပေးလိုက်၏။

သူ သူမကို အချိန်အတော်ကြာ စိုက်ကြည့်ပြီး ညင်သာစွာ ရယ်မော၍ ရွှင်ပျစွာ ပြောလိုက်၏။

"ဒါကို အဆုံးသတ်လိုက်ရအောင်"

သူတို့နှစ်ဦးမှာ အလွန် နီးကပ်နေသဖြင့် ယွမ်လော့ရီမှာ သူ၏ မျက်လုံးများထဲ၌ သူမ၏ ပုံရိပ်ကို မြင်နိုင်၏။ သူမမှာ ၁၁ နှစ်အရွယ် ကလေးတစ်ဦးအဖြစ် ရှိနေဆဲဖြစ်ပြီး သူမ၏ ဒုတိယအစ်ကိုမှာတော့ လုံးဝ ပျက်စီးနေသည်။

သူမ၏ အတိတ်မဗ အကြောင်းအရာအချို့ကို သတိရမိသည်။ သူမ "သေဆုံးခြင်း" ဆိုသော သဘောတရားကို ပထမဆုံး နားလည်ခဲ့စဥ်က လူများ ပျောက်ကွယ်သွားရုံဟုသာ ထင်ခဲ့၏။

"အား ကိုကို့ရဲ့ ချစ်ရတဲ့ ညီမလေး ဘာလို့ ထပ်ငိုနေရတာလဲ၊ ဒီအသံတွေနှင့် ကိုကို့ကို ရူးသွားအောင် လုပ်နေတာပဲ"

"ဘာ... ဘာလို့လဲဆိုတော့ ငှက်ကလေး သေသွားလို့..."

"အာ ဒါဆို အဲငှက်ကြောင့်ပေါ့၊ အသက်ရှင်တုန်းက အဲဒါက အသက်ရှင်နေတဲ့ ပရိုတင်းအစုအဝေးပဲ သေသွားတော့ သေသွားတဲ့ ပရိုတင်းအစုအဝေးပဲ ဘယ်လောက်ပဲ ငိုငို သူ မပျံနိုင်တော့ဘူး"

ယွမ်လော့ရီက ပို၍ ကျယ်လောင်စွာ ငိုလိုက်သည်။

"တော်တော့၊ တော်တော့ ကိုကို့ကို တစ်ယောက်တည်း ထားခဲ့လိုက်တော့ ကိုကိုက ကလေးထိန်းဖို့ မသင့်လျော်ဘူး"

နားကွဲမတတ် ငိုသံများက သူ့ထံ ကံဆိုးခြင်းများ ယူဆောင်လာလိမ့်မည်။ သူတို့၏ မိခင်က သူ့အား ရိုက်သတ်လိမ့်မည်။

ငယ်ရွယ်သည့် ယွမ်ဖာ့က လက်တစ်ဖက်ကို နောက်တွင် ထား၍ ကျန်တစ်ဖက်ကို ပြဇာတ်ဆန်ဆန်၊ လူကြီးလူကောင်းဆန်စွာ ဖိတ်ခေါ်သည့်ဟန်ဖြင့် ဆန့်ထုတ်လိုက်သည်။

"ဒုတိယအစ်ကိုက ညီမလေးကို လျှို့ဝှက်ချက်တစ်ခု ပြောပြစရာ ရှိတယ်၊ ကိုကိုက မျက်လှည့်ပြတတ်တယ် ကြည့်ချင်လား”

All Chapters