← Chapters

အခန်း (၆၈)

Vol. 7 Ch. 68

အခန်း (၆၈)

Vol. 7 Ch. 68

သုံးနှစ်အရွယ် ယွမ်လော့ရီက မေးလိုက်သည်။

"မျက်လှည့်လား"

ယွမ်ဖာ့က ဆို၏။

"အင်း ရှင်ခြင်း နဲ့ သေခြင်းကို ကျော်လွှားနိုင်တဲ့ အစွမ်းထက် မျက်လှည့်တစ်ခုလေ ရက်စက်တဲ့ အချိန်စီးကြောင်းကတောင် သူ့ အစွမ်းကို အားနည်းအောင် မလုပ်နိုင်ဘူး"

မျက်ရည်များကို မြိုသိပ်ရင်း ယွမ်လော့ရီက ခေါင်းညိတ်လိုက်သည်။

"ဟုတ်ပြီ ကိုကို့ရဲ့ ပထမဆုံး ပရိသတ်လေးအတွက် ဂုဏ်ယူပါတယ်၊ အခု မျက်လုံးမှိတ်ပြီး တစ်ဆယ်ထိ ရေပြီးမှ ပြန်ဖွင့်"

ယွမ်လော့ရီသည် ညွှန်ကြားချက်အတိုင်း လုပ်ဆောင်၍ ရေတွက်ပြီးနောက် မျက်လုံးဖွင့်လိုက်သောအခါ သူမ တစ်ယောက်တည်းသာ ဖြစ်နေသည်ကို တွေ့လိုက်ရ၏။

ယွမ်လော့ရီမှာ ထိတ်လန့်တုန်လှုပ်စွာဖြင့် ပတ်ဝန်းကျင်ကို ပြေးလွှား၍ ယွမ်ဖာ့ကို ရှာဖွေခဲ့သည်။ သူမ၏ ငိုသံမှာ ဥယျာဉ်တစ်ခုလုံးထဲတွင် လေဟာနယ်သဖွယ် ပဲ့တင်ထပ်နေလေ၏။

သူမသည် သူမ၏ အစ်ကိုကြီးကို ဆုံးရှုံးခဲ့ရပြီး ငှက်ကလေးတစ်ကောင်ကိုလည်း ဆုံးရှုံးခဲ့ရသည်။

ယခုမူ သူမ၏ ဒုတိယအစ်ကိုဖြစ်သူ ယွမ်ဖာ့ကိုပါ ထပ်မံ၍ လက်လွှတ်ဆုံးရှုံးလိုက်ရပြန်၏။

ပြင်းထန်လှသော ဝမ်းနည်းမှုဒဏ်ကြောင့် သူမမှာ ဒူးထောက်ထိုင်ချလျက် ဘောလုံးတစ်လုံးကဲ့သို့ ကွေးညွှတ်လိုက်၏။ ထို့နောက် မျက်နှာကို လက်မောင်းများထဲ မြှုပ်နှံ၍ အထိန်းအကွပ်မဲ့စွာ ရှိုက်ကြီးတငင် ငိုကြွေးလေတော့သည်။

ဘာလို့ သေခြင်းတရားက ဒီလောက် ရက်စက်ရတာလဲ။

သူမ အချစ်ဆုံး အရာမှန်သမျှကို အမြဲတမ်း ယူသွားခဲ့တယ်။

"ဒေါက် ဒေါက် မျက်လှည့်ပြချိန်ပြီးပြီ၊ ကိုကို သိပ်ချစ်ရတဲ့ ညီမလေး မော့ကြည့်လိုက်ပါဦး ဒုတိယအစ်ကို ပြန်ရှင်လာပြီကွ"

ထိုအသံကြောင့် ယွမ်လော့ရီမှာ ရုတ်တရက် ခေါင်းကို ဆတ်ခနဲ မော့လိုက်၏။ ယွမ်ဖာ့သည် ခန္ဓာကိုယ်ကို ကိုင်းထားပြီး ဆိုးရွားသော ငါးမန်းအပြုံးတစ်ခုဖြင့် သူမအား စူးစူးစိုက်စိုက် ငုံ့ကြည့်နေသည်ကို မြင်လိုက်ရသည်။

သူမသည် ယွမ်ဖာ့၏ ရင်ခွင်အတွင်းသို့ ဝင်လိုက်ပြီး အချိန်ကြာမြင့်စွာ ဖိနှိပ်ထားသော မျက်ရည်၊ နှာရည်တို့ကို ထိန်းမထားနိုင်တော့ဘဲ သူ၏ ရှပ်အင်္ကျီအဖြူကို ပေကျံသွားစေတော့၏။

"ဟေး ဘာလို့ ဆက်ငိုနေတာလဲ ပြန်ရှင်လာတဲ့ မျက်လှည့်က မမိုက်ဘူးလား"

"ဒုတိယအစ်ကို တကယ်တမ်း သေခြင်းတရားဆိုတာက ဘာလဲဟင်"

"ဘယ်လို ရှင်းပြရမလဲ စဉ်းစားဦးမယ်... အာ ကိုကို သိပြီ သေဆုံးတယ်ဆိုတာ အဆုံးမရှိတဲ့ တူတူပုန်းတမ်းကစားနည်းပဲ"

"တူတူပုန်းတမ်းကစားနည်း"

"ဟုတ်တယ်၊ ညီမလေး ဧည့်ခန်းမထဲမှာ ကိုကို့ကို ရှာနေတဲ့အချိန် ကိုကိုက ထောင့်မှာ ပုန်းနေမယ် ညီမလေး ထောင့်ကိုသွားတော့ ကိုကိုက ချုံပုတ်တွေထဲ ရောက်နေပြီ ညီမလေး ဘယ်တော့မှ ကိုကို့ကို ရှာမတွေ့နိုင်ပေမဲ့ ကိုကိုက ဘေးမှာ အမြဲရှိနေပြီး စောင့်ကြည့်၊ ကာကွယ်ပေးပြီး ပျော်နေစေမှာ"

ယွမ်ဖာ့သည် ယွမ်လော့ရီကို ပွေ့ချီလိုက်ပြီး လက်ကိုင်ပဝါဖြင့် သူမ၏ မျက်ရည်များကို သုတ်ပေး၏။

“ဒါကြောင့် ဆက်မငိုဘဲ ပြုံးပါကွာ သေခြင်းတရားက ကိုကိုတို့ကို တကယ် ခွဲပစ်လို့ မရပါဘူး"

"ဒါပေမဲ့ ကိုကို သေသွားလို့ သမီး ကိုကို့ကို မတွေ့ရရင် ဝမ်းနည်းနေမှာပဲ"

"ဒါက ခက်ခဲတဲ့ တောင်းဆိုချက်ပဲ လူတွေအကုန်လုံး သေကြပေမဲ့ ကိုကို အကောင်းဆုံး ကြိုးစားပါ့မယ်"

"သမီးရော သေရမှာလား"

"အင်း သေချာပေါက်ပဲ"

"ဒါဆို သမီး သေရင် ကိုကို့ ဘေးမှာ နေပြီး ကိုကို့ကို ကာကွယ်ပေးမယ် ကိုကိုရော သမီးကို မတွေ့ရတော့ရင် ငိုမှာလား"

"ဟားဟား ကိုကိုက မငိုတတ်ပါဘူး၊ ကိုကို့မှာ နှလုံးသားမရှိတော့ ဝမ်းနည်းမှုကို မခံစားနိုင်ဘူးလေ"

အချိန်အတော်ကြာ ကုန်ဆုံးခဲ့ပြီးနောက် အသက် ၁၁ နှစ် အရွယ်သို့ ရောက်ရှိလာသော ယွမ်လော့ရီသည် ယွမ်အိမ်တော်ပျက်ကြီး၏ အပျက်အစီးများကြား ရပ်ရင်း ယွမ်ဖာ့၏ မျက်ဝန်းများကို ပြင်းပြင်းထန်ထန် စူးစိုက်ကြည့်နေ၏။

လူလိမ်။

ထိုမျက်လုံးများတွင် ဝမ်းနည်းမှုသာ ရှိပြီး အခြားအရာအားလုံးက ဗလာနတ္ထိ ဖြစ်သွားသကဲ့သို့ပင်။

ကိုကို့တွင် အမြဲတမ်း နှလုံးသား ရှိခဲ့၏။

သူမ၏ လက်ထဲရှိ သေနတ်မှာ အေးစက်လွန်းနေသည်။ တစ်ချိန်က တက်ကြွခဲ့သော ဒုတိယအစ်ကိုမှာမူ ယခုအခိုက်အတန့်၌ သူ၏ ဘဝဇာတ်သိမ်းကို သူမ၏ လက်ဖြင့် အဆုံးသတ်ပေးရန် ပူဆွေးစွာ တောင်းပန်တိုးလျှိုးနေတော့သည်။

ယွမ်လော့ရီ၏ တုံ့ဆိုင်းခြင်းကို မြင်လိုက်ရသောအခါ ယွမ်ဖာ့က သူ့ လက်ကောက်ဝတ်ကို လှည့်ကာ သူမ လက်ထဲမှ သေနတ်ကို ဆွဲလုရန် ကြိုးပမ်းလာသည်။

သူ၏ ဆင်းရဲဒုက္ခမှာ ကြီးမားလွန်းခြင်းကြောင့် သူသည် နောက်ထပ် စက္ကန့်ပိုင်းမျှပင် အသက်ဆက်ရှင်သန်ရန် တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ သို့ဖြစ်၍ သူ၏ ဘဝကို အဆုံးသတ်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။

ယွမ်လော့ရီက သူ့ ရည်ရွယ်ချက်ကို ရိပ်မိပြီး သေနတ်ကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး ယွမ်ဖာ့ထံမှ ကိုယ့်ကိုယ်ကိုယ် ဆွဲထုတ်ကာ လက်တင်ကုလားထိုင်၏ ဘေးဘက်သို့ ခုန်ချလိုက်၏။

ယွမ်ဖာ့သည် ခြောက်ကပ်၍ အသံနိမ့်နိမ့်ဖြင့် ရယ်မောလိုက်သည်။

"ညီမလေး ကိုကို့ကို ထပ်ပြီး ညှဉ်းပန်းချင်တာလား၊ အင်းပေါ့ ညီမလေးက အစ်ကိုကြီးကို ပိုပြီး ကြင်နာခဲ့ပြီး သူ့ကို မြန်မြန် သတ်ခဲ့တယ်"

"သမီး အစ်ကိုကြီးကို မသတ်ခဲ့ပါဘူး"

ယွမ်လော့ရီက ပြောသည်။

သူမ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် လက်ထဲတွင် တင်းကျပ်စွာ ဆုပ်ကိုင်ထားသော သေနတ်အား ပြန်ကြည့်လိုက်သော်လည်း သူမ၏ မျက်ဝန်းများမှာ ဝေးဝါးနေခဲ့၏။

ယွမ်ဖာ့မှာမူ သူမက လူသတ်သမားအစစ် ဖြစ်သည်ဟု ခေါင်းမာမာဖြင့် ယုံကြည်နေသည်။

သူမသာလျှင် ဤအဖြစ်မှန်၌ တကယ့်တရားခံဟု ထင်နေ၏။ ယင်းက သူတို့၏ အစ်ကိုကြီးမှ သူ့အား ပြောပြခဲ့ခြင်း ဖြစ်နိုင်သည်။

အမှန်တရားမှာ ယွမ်လော့ရီသည် ဤ အချိန်နှင့်အာကာသစက်ကွင်းအတွင်း ဖြတ်သန်းခွင့်ရသော ယာယီခရီးသွားတစ်ဦးမျှသာ ဖြစ်၏။

စနစ်၏ စည်းမျဉ်းများအရ သူမက မည်သည့်ကံကြမ္မာကိုမျှ ဝင်ရောက်ပြောင်းလဲပိုင်ခွင့် မရှိသကဲ့သို့၊ လူသတ်မှု ကျူးလွန်ခွင့်လည်း မရှိပေ။

ထို့ပြင် သူမ၏ အဖြစ်မှန်အား ယွမ်ဖာ့ထံ တစ်စွန်းတစ်စပင် ထုတ်ဖော်ပြောခွင့်မရှိချေ။

ယွမ်လော့ရီ၏ စိတ်ထဲ၌ အတွေးတစ်ခု ပေါ်လာ၏။

ယွမ်ဖာ့အား သူမက ထူးဆန်းသော ထင်ယောင်ထင်မှား သဏ္ဌာန်တစ်ခုသာဖြစ်ကြောင်း သက်သေပြရမည်။

ထိုလုပ်ရပ်မှာ နာကျင်ရမည်ဖြစ်ပြီး နောက်ဆုံး၌ သေခြင်းတရားက ဖုံးလွှမ်းသွားလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ယခင် အချိန်ကာလများတွင် သူမအား အခြားသော "အချိန်စက်ဝန်း အသစ်များ" သို့ ပို့ဆောင်ခဲ့ခြင်းမှာ ဤသို့သော မတော်တဆ သေဆုံးမှုများကြောင့်ပင်။

ဒီတစ်ကြိမ်မှာရော သူမ ပြန်လာနိုင်ပါ့မလား။

သူမ၏ သေးငယ်သော လက်ထဲ၌ တုန်ယင်နေသော သေနတ်အား စူးစိုက်ကြည့်နေစဉ် နှလုံးခုန်သံများမှာ အထိန်းအကွပ်မဲ့စွာ ခုန်နေခဲ့၏။

သူမ၌ ကမ္ဘာပေါင်းများစွာ၏ မှတ်ဉာဏ်အတွေ့အကြုံများ ရှိသော်လည်း သူမသည် အခြေခံအားဖြင့် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးသာ ဖြစ်နေသေးသည်။

သို့သော် ယွမ်ဖာ့အား မြင်လိုက်ရသော အခိုက်အတန့်၌ သူမသည် သတ္တိများ ရှိလာသည်ကို ရှာတွေ့ခဲ့ပြီး သူမ၏ လက်မှာ အံ့အားသင့်ဖွယ် တည်ငြိမ်သွားတော့သည်။

ယွမ်လော့ရီမှ မေး၏။

"ဒုတိယအစ်ကို၊ ဘာလို့ ကိုကို သမီးရဲ့ မုန့်တွေကို အမြဲ ခိုးခဲ့တာလဲ"

ယွမ်ဖာ့က ပြန်ဖြေသည်။

"ဘယ်သူ သိမှာလဲ"

ယွမ်လော့ရီသည် အတိတ်ကို ပြန်အမှတ်ရမိ၏။

"အရင်က သမီး နားမလည်ခဲ့ဘူး၊ ကိုကို သမီးကို အနိုင်ကျင့်ရတာ ကြိုက်တယ်လို့ ထင်ခဲ့တာ"

"ဒီလိုတွေ ဖြစ်ပြီးတော့ သမီး တဖြည်းဖြည်း သဘောပေါက်လာခဲ့တယ်၊ သမီးမှာ သူငယ်ချင်း မရှိခဲ့တော့ သမီး စုထားတဲ့ မုန့်တွေကို မျှစားဖို့ ဘယ်သူမှ မရှိဘူးလေ အဲဒါကြောင့် ကိုကိုက အကုန်လုံးကို ခိုးခဲ့တာ"

"နည်းလမ်းမှားနဲ့ ကိုကိုလည်း သမီးရဲ့ သူငယ်ချင်း ဖြစ်နိုင်ကြောင်း ပြောနေခဲ့တာ"

"အချိန်အများစုမှာ ကိုကိုက သူများနဲ့ မတူခဲ့ဘူး သမီးကို ခဏခဏ ကြောက်စေခဲ့ပေမဲ့ ကိုကိုက နူးညံ့တဲ့ အစ်ကိုပါ ဒါကြောင့် ကိုကို သမီးကို ကာကွယ်ပေးခဲ့သလိုပဲ သမီးလည်း ကိုကို့ကို အခု ကာကွယ်ရမယ်"

ယွမ်ဖာ့၏ အံ့အားသင့်နေသော အကြည့်ကို ရင်ဆိုင်ရင်း ယွမ်လော့ရီသည် သေနတ်ကို မြှောက်လိုက်ပြီး သူမ၏ နားထင်ကို ချိန်လိုက်သည်။

ထိတ်လန့်တုန်လှုပ်မှုဖြင့် ယွမ်ဖာ့က သူ၏ ညီမလေးရှိရာသို့ အသည်းအသန် ပြေးဝင်လာ‌လေ၏။ သူ၏ ညီမဖြစ်သူအား နောက်တစ်ကြိမ် ဆုံးရှုံးရမည့် ဝေဒနာကို မခံစားနိုင်ပေ။

"ရှေ့တိုးမလာနဲ့"

ယွမ်လော့ရီက အော်ဟစ်သည်။

ယွမ်ဖာ့၏ ခြေလှမ်းများက ရပ်တန့်သွား၏။

ယွမ်လော့ရီသည် သူ၏ လှုပ်ရှားမှုကို အတုယူကာ လက်တစ်ဖက်အား စက်ဝိုင်းသဏ္ဌာန် ဝေ့ယမ်းလိုက်ပြီးနောက် လှပစွာ ကိုယ်ကို လုံးဝ ကိုင်းညွှတ်၍ ဂါရဝပြုလိုက်သည်။

"သမီး တကယ့် တရားခံအစစ်ကို ဖမ်းဖို့ သွားတော့မယ် သမီး ပြန်မလာမချင်း ဒုတိယအစ်ကို အသက်ရှင်နေပေးပါ"

"ဒေါက် ဒေါက် မျက်လှည့်ပြချိန်ပြီးပြီ"

"ဘန်း!"

ယွမ်လော့ရီက မောင်းတံကို ဆွဲလိုက်၏။

အရှိန်ပြင်းထန်စွာ ထွက်ပေါ်လာသော ကျည်ဆန်က အသားကို ချက်ချင်း ထိုးဖောက်ကာ အရိုးကိုပင် ကြေမွသွားစေခဲ့သည်။ လျှပ်တစ်ပြက် ဖြစ်ပျက်သွားသော်လည်း နာကျင်မှုမှာ ကြီးမားလှ၏။

အရမ်း နာလိုက်တာ။

သူမ၏ နုနယ်သော ခန္ဓာကိုယ်မှာ သေခြင်းတရား၏ နူးညံ့သော ပွေ့ဖက်မှုအတွင်းသို့ ကျရောက်သွားပြီးနောက် အမှောင်ထုထဲသို့ ပျောက်ကွယ်သွားခဲ့လေသည်။

အခန်းထဲတွင် နူးညံ့သော အိပ်ယာခင်းများထဲ ရုန်းကန်နေသော ယွမ်လော့ရီတစ်ယောက် လန့်နိုးလာ၏။

အသက်ရှူသွင်းလိုက်ပြီးနောက် သူမ၏ နှလုံးသားမှာ ခုန်နေဆဲပင်။ ဘေးပတ်ပတ်လည်ကို ကြည့်လိုက်ရာ အရာအားလုံးက သန့်ရှင်း၍ တောက်ပနေခဲ့၏။

အချိန်စက်ဝန်း အသစ်ပဲ။

သူမ အောင်အောင်မြင်မြင် ပြန်ရောက်လာခဲ့သည်။

သူမ၏ လက်ချောင်းများဖြင့် နားထင်ကို ထိလိုက်သည်နှင့် တစ်ပြိုင်နက် ကျန်ရစ်သော ဝေဒနာက ဦးခေါင်းခွံအတွင်း ထိုးနှက်နေခဲ့၏။

သို့သော် ၎င်းက ထိုက်တန်သည်။

သူမ ရုတ်တရက် ပျောက်ကွယ်သွားခြင်းကို မြင်လိုက်ရလျှင် ယွမ်ဖာ့သည် သူမမှာ သူ့အား သတ်ရန် ကြိုးစားနေသော ညီမလေး မဟုတ်ဘဲ သူမအား အတုယူထားသည့် ထူးဆန်းသော ပုံရိပ်ယောင်တစ်ခုသာ ဖြစ်သည်ကို သေချာပေါက် နားလည်သွားလိမ့်မည်။

ပျောက်ဆုံးနေသော သူမ၏ အရိုးပြာများမှာလည်း တစ်စုံတစ်ယောက်က ခိုးယူသွားခဲ့ခြင်းမှာ သေချာသည်။

ထို့ပြင် ပေါက်ကွဲမှုဖြစ်စဉ်တွင် တရားခံအစစ်မှာ ထိုနေရာ၌ ရှိနေခဲ့၏။ သူမသာ ထိုအမှု၏ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ခဲ့ပါက အစ်ကိုကြီးလည်း သေရမည် မဟုတ်ပေ။

စနစ်တွင် “သဲလွန်စ” လုပ်ဆောင်ချက် ပါရှိ၏။ ယင်းကိုသာ အသက်သွင်းနိုင်ပါက ယွမ်မိသားစု၏ ကံစီမံထားသည့် သေဆုံးခြင်းများကို သူမ ပြောင်းလဲနိုင်လိမ့်မည်။

"အား!"

ယွမ်လော့ရီတစ်ယောက် အော်ဟစ်လိုက်ပြီး လိုက်ကာရှေ့တွင် ရပ်နေသော ဧရာမ အရိပ်မဲကြီး တစ်ခုကို ရုတ်တရက် သတိထားမိလိုက်သည်။

ထိတ်လန့်သွားပြီးနောက် ခဏအကြာတွင် စိတ်တည်ငြိမ်သွားခဲ့၏။

ထိုခြေတံရှည်ရှည်များက သူမ၏ ဒုတိယအစ်ကို ယွမ်ဖာ့ပင်။

လော့ရီသည် ပြေးသွားကာ လိုက်ကာကို ဆွဲဖွင့်ရင်း မေးလိုက်၏။

"ကိုကို ဘာလုပ်နေတာလဲ"

ယွမ်ဖာ့က ဆိုးယုတ်သော အပြုံးဖြင့် လက်များကို ဖြန့်လိုက်သည်။

"ကိုကိုရဲ့ အစားအစာသိုလှောင်ရုံလေးက ရိတ်သိမ်းဖို့ အဆင်သင့် ဖြစ်ပြီလားလို့ စစ်နေတာ၊ ညီမလေး အိပ်မက်ဆိုးမက်နေတာဖြစ်ရမယ် ကိုကို ပေးထားတဲ့ မှော်ယုန်ရုပ်လေးနဲ့ ဘာလို့ မအိပ်တာလဲ"

ယွမ်လော့ရီသည် အိပ်ခန်းမီးကို ဖွင့်လိုက်ရာ ရုတ်တရက် ထွက်လာ‌သော အလင်းရောင်ကြောင့် ယွမ်ဖာ့မှာ မျက်လုံးကို ကာရန် လက်မောင်းကို မြှောက်လိုက်ရသည်။

"အား မီးမဖွင့်ခင် ကြိုသတိပေးဦးမှပေါ့"

စာအုပ်စင်နောက်တွင် သူမ ဝှက်ထားသော အာလူးကြော်များကို ရှာတွေ့ပြီးနောက် ယွမ်လော့ရီက ယွမ်ဖာ့ကို ကမ်းပေးလိုက်၏။

သူသည် စက်ဆုပ်သော ဟန်ဖြင့် လက်ဝှေ့ယမ်းကာ ငြင်းလိုက်သည်။

"ညီမလေးက စိတ်ထားအရမ်းကောင်းပေမဲ့ ခိုးစားရတဲ့ မုန့်က ပိုအရသာရှိတယ်၊ အစားအသောက်နဲ့ ပတ်သက်ရင် ကိုကိုက ကိုယ်တိုင်အတွက် အခက်အခဲလေးတွေ ဖန်တီးရတာ ကြိုက်တယ်”

အာလူးကြော်အိတ်ကို ဖောက်လိုက်ပြီး ယွမ်လော့ရီက အာလူးကြော် တစ်ခုကို မြှောက်ပေးလိုက်၏။

"သူငယ်ချင်းက မျှပေးတဲ့ မုန့်ကလည်း အဲလောက်လောက် အရသာရှိနိုင်တယ်လေ မြည်းကြည့်ကြည့်"

ယွမ်ဖာ့သည် တွန့်ဆုတ်စွာဖြင့် ကိုယ်ကို ကိုင်း၍ တစ်ကိုက် ကိုက်လိုက်ရာ သူ၏ မျက်လုံးများက အံ့သြစွာ ပြူးကျယ်သွားခဲ့သည်။

ကြည့်ရတာ... ဒါတွေကလည်း တကယ်တော့ တော်တော်လေး အရသာရှိနေတာပဲ။

All Chapters