← Chapters

အခန်း (၆၉)

Vol. 7 Ch. 69

အခန်း (၆၉)

Vol. 7 Ch. 69

ယွမ်လော့ရီတစ်ယောက် အာလူးကြော် အိတ်ကြီး တစ်အိတ်အပြင် ဂျယ်လီ အချို့၊ ချောကလက်များ၊ *ရေသူမပုံ အရောင်ဖျော့ မက်ကရွန်များ၊ ပေါ်ပင် တင်ထားသော ရေခဲမုန့်များနှင့် စက်ရုံ တည်ထောင်ခြင်း နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ထားသော အစပ်မုန့် တစ်ခုကိုလည်း တွေ့ခဲ့သည်။

ဂျယ်လီ အထုပ်သေး တစ်ထုပ်ကို သူမအတွက် ချန်ထားပြီး ကျန်သော မုန့်များကို သူမအစ်ကို ယွမ်ဖာ့၏ လက်ထဲသို့ ထည့်ပေးလိုက်၏။

ယွမ်ဖာ့က နေရာတွင် တောင့်တောင့်ကြီး ရပ်နေပြီး မုန့်များကို တစ်လှည့် ယွမ်လော့ရီကို တစ်လှည့် ကြည့်ကာ ရက်ရောသော လက်ဆောင်များကြောင့် အံ့ဩတုန်လှုပ်သွားလေသည်။

“ဒါတွေ အားလုံးက ကိုကို့အတွက်လား”

“ဟုတ်”

သူသာ သာမန် အစ်ကိုတစ်ယောက် ဖြစ်ပါက ဤအခိုက်အတန့်တွင် အလွန် စိတ်လှုပ်ရှားသွားမည် ဖြစ်သော်လည်း ယွမ်ဖာ့မှာ အရာအားလုံးအပေါ် သံသယများဖြင့် ပြည့်နှက်နေ၏။

“အကြောင်းမဲ့ ကြင်နာနေတယ်ဆိုရင် အဲဒါ မရိုးသားတဲ့ ရည်ရွယ်ချက်တွေကို ဖုံးကွယ်ထားလို့ပဲ၊ ကိုကို့အပေါ် ဘာအမှားလုပ်ထားလို့လဲ”

“မလုပ်ပါဘူးနော်”

ယွမ်ဖာ့က ယွမ်လော့ရီကို စူးစိုက်ကြည့်လိုက်သည်မှာ သူမကို ခွဲခြမ်းစိတ်ဖြာနေသည့်အလားပင်။

သူ့ညီမမှာ ပြောင်းလဲသွားခဲ့သည်။ ယခင်က သူ စိုက်ကြည့်သောအခါ သူမက ကြောက်ရွံ့ တုန်လှုပ်နေတတ်ပြီး ထိူအပြုအမူမှာ ပုံမှန် ဖြစ်၏။ သို့သော် ယခုမူ သူမ၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု မရှိဘဲ အခက်အခဲများကို ကြံ့ကြံ့ခံဖူးသူများသာ ပိုင်ဆိုင်နိုင်သည့် တည်ငြိမ်သော အမူအရာ ရှိနေသည်။

၁၁ နှစ်အရွယ် မိန်းကလေး တစ်ယောက်၏ မျက်နှာပေါ်ရှိ ဤအမူအရာက အတော်ပင် ထူးဆန်းပြီး ယွမ်ဖာ့မှာ နားမလည်နိုင်ခဲ့ပေ။

သူ လွန်ခဲ့သော ရက်အနည်းငယ်အတွင်း အဖြစ်အပျက်များကို ပြန်လည်သုံးသပ်ကာ သူ့ညီမ ပြောင်းလဲသွားရခြင်း၏ ကျိုးကြောင်းဆီလျော်သော အဓိက အချက်များကို ရှာဖွေရန် ကြိုးစားလိုက်၏။ ရုတ်တရက် သူ အာမေဋိတ် ပြုလိုက်သည်။

“မနေ့က ကိုကို့ ကွန်ပျူတာကို လော့ခ်ချဖို့ မေ့သွားတာပဲ၊ ကိုကို့ဂိမ်းရဲ့ save file ကို ဖျက်ပစ်လိုက်တာလား”

“အာ ဒုတိယအစ်ကိုကလည်း ကိုယ့်ဘာသာကိုယ် သွားစစ်ကြည့်လိုက်ပါလား”

“ကိုကို့ရဲ့ ညီမလေးကတော့ တကယ်ပါပဲ”

ယွမ်ဖာ့ လုံးဝ စိတ်ပျက်သွား၏။ ၎င်းမှာ အနိုင်ရရန် တစ်လကြာ ကြိုးစား ကစားရခဲ့သော ဂိမ်းဖြစ်ပြီး ယခုမူ အသက်ရှူရသည်ကပင် နာကျင်လာသကဲ့သို့ ခံစားရသည်။

သူ့ညီမက သူ့ကို ပြန်အနိုင်ကျင့်လိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ။

သူ ဒေါသတကြီးဖြင့် ယွမ်လော့ရီ၏ လက်ထဲမှ ဂျယ်လီများကို ယဉ်ကျေးမှု မရှိစွာ ဆွဲလုယူလိုက်၏။ ထို့နောက် ခေါင်းကို နောက်သို့ လှန်ကာ မီးဆိုင်းကို စိုက်ကြည့်နေ‌လေသည်။ ယွမ်ဖာ့၏ မျက်နှာ အမူအရာမှာ မှုန်မှိုင်းနေပြီး သူ၏ ချဲ့ကားသော လှုပ်ရှားမှုများမှာ မီးဆိုင်းအတွက် ဝမ်းနည်းပူဆွေးနေ သကဲ့သို့ပင်။

သူ၏ ဝမ်းနည်းမှုကို ထုတ်ဖော်ပြီးနောက် မုန့်များ တပုံကြီးကို ယူ၍ ဂိမ်း၏ “ပျက်စီးဆုံးရှုံးမှု” ကို စစ်ဆေးရန် အလျင်အမြန် ပြေးထွက်သွား၏။

“ဟိဟိ”

ယွမ်လော့ရီ တိုးတိုးလေး မရယ်ဘဲ မနေနိုင်ခဲ့ပေ။

ဒါပေါ့၊ သူ ယွမ်ဖာ့ရဲ့ ကွန်ပျူတာကို မထိခဲ့ပါဘူး။ အမြဲတမ်း ဒုတိယအစ်ကိုကပဲ သူ့ကို အနိုင်ကျင့်ခဲ့တာ။ နောက်ဆုံးတော့ ဒီနေ့ သူ ဒုတိယအစ်ကိုကို အနိုင်ပြန်ကျင့်နိုင်ခဲ့ပြီ။

အမှန်တရားကို သိသွားတဲ့အခါကျ သူ သေချာပေါက် ပိုပြီး ဒေါသထွက်လိမ့်မယ်။

သူမ နောက်သို့ လှန်ချလိုက်ရာ နူးညံ့ပျော့ပျောင်းသော ကုတင်ပေါ်သို့ လဲကျသွားသည်။ အချိန်မှာ နံနက် လေးနာရီသာ ရှိသေးသောကြောင့် ပိုကြာကြာ အနားယူရန် ဆုံးဖြတ်လိုက်၏။

အိပ်ချင်လာရန် မျက်လုံး မှိတ်ထားပြီး ခဏအကြာတွင် ယွမ်လော့ရီ သက်ပြင်းရှည် တစ်ချက် ချလိုက်သည်။

သူမ အိပ်မပျော်နိုင်ခဲ့ပေ။

သူမ၏ စိတ်ထဲတွင် ရှုပ်ထွေးနေပြီး အမျိုးမျိုးသော သဲလွန်စများက တစ်ခုနှင့်တစ်ခု ရောထွေးနေကာ တွေးတောခြင်းကို မရပ်တန့်နိုင်သကဲ့သို့ တရားခံအစစ်ကိုလည်း မဖော်ထုတ်နိုင်ခဲ့ပေ။

နံနက် ၇ နာရီတွင် ယွမ်လော့ရီ ထိုင်းမှိုင်းစွာ ထလာပြီး ပုံမှန်အတိုင်း သန့်ရှင်းရေးလုပ်၊ အဝတ်အစား ဝတ်ကာ ကျောင်းလွယ်အိတ်ဖြင့် အောက်ထပ်သို့ ဆင်းသွား၏။

ဧည့်ခန်းထဲ၌ အစ်ကိုကြီး ယွမ်အောင်းက ဆိုဖာပေါ်တွင် ထိုင်လျက် တက်ဘလက် ကြည့်၍ လက်ဖက်ရည် သောက်နေသည်။ သူက ခါတိုင်းကဲ့သို့ပင် ရည်မွန်၍ အထက်တန်းဆန်လှ၏။

ဤ နေ့စဉ်မြင်ကွင်းကို မြင်လိုက်ရသောအခါ ယွမ်လော့ရီ၏ စိုးရိမ်ပူပန်နေသော စိတ်အခြေအနေမှာ အနည်းငယ် သက်သာသွားသည်။

ယွမ်အောင်းက ယွမ်လော့ရီ၏ အကြည့်ကို ခံစားမိပြီး မော့ကြည့်လာ၏။

“ဂွတ်မောနင်း ညီမလေး၊ နည်းနည်း ပင်ပန်းနေပုံပဲ မနေ့ညက ကောင်းကောင်း အိပ်မပျော်ခဲ့ဘူးလား”

ယွမ်လော့ရီက လှေကားထစ်များမှ အလျင်အမြန် ဆင်းလာရင်း ရုတ်တရက် ယွမ်အောင်း၏ ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။

အတိတ် အချိန်ကာလတွင် အစ်ကိုကြီးမှာ သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ဤနေရာတွင်တော့ ဘေးမသီ ရန်မခ ရှိနေဆဲ ဖြစ်ပြီး သူမကို ညင်သာစွာ စကားပြောနေဆဲ ဖြစ်၏။

“ဒုန်း၊ ဒုန်း၊ ဒုန်း”

ယွမ်လော့ရီ သူ၏ တည်ငြိမ်သော နှလုံးခုန်သံကို ကြားနေရသည်။

ယွမ်အောင်းက ယွမ်လော့ရီ၏ ကျောကို ညင်သာစွာ ပုတ်ပေးလာ၏။

“အိပ်မက်ဆိုး မက်ပြန်ပြီလား”

ယွမ်လော့ရီက ပြန်ဖြေလိုက်သည်။

“ဟုတ်”

ယွမ်အောင်းတွင် ယနေ့ တက်ရောက်ရန် အရေးကြီး အစည်းအဝေး တစ်ခု ရှိသဖြင့် တကယ်တမ်း အတော်လေး အလုပ်များနေသော်လည်း သူ့ညီမလေးမှာ အလွန် စိတ်မအေး ဖြစ်ပုံ ပေါ်နေသဖြင့် သူမနှင့်အတူ အချိန်ပိုကုန်ဆုံးရန် ဆုံးဖြတ်လိုက်၏။

သူ၏ ရှည်လျားသော လက်ချောင်းများဖြင့် တက်ဘလက် မျက်နှာပြင်ကို ထိလျက် လက်ထောက်ထံသို့ စာပို့ကာ အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်သည်။

ထို့နောက် ယွမ်လော့ရီကို ပွေ့ချီရင်း အပြင်သို့ ထွက်လာခဲ့၏။

“ဒီနေ့ ညီမလေးကို ကျောင်းလိုက်ပို့ပေးမယ်၊ ကျောင်းဆင်းပြီးရင် ဘယ်သွားကစားချင်လဲ ကိုကို လိုက်ခဲ့ပေးမယ်”

“အစ်ကိုကြီး၊ သမီး ကုမ္ပဏီကို သွားလို့ ရမလား”

“ရတာပေါ့”

ယွမ်လော့ရီက သူမ၏ ခေါင်းကို ယွမ်အောင်း၏ ပခုံးပေါ်တွင် မှီထားလိုက်သည်။

အတိတ် အချိန်ကာလတွင် ပေါက်ကွဲမှုမှာ ယွမ်မိသားစု၏ ကုမ္ပဏီ အဆောက်အဦးတွင် ဖြစ်ပွားခဲ့၏။ ကုမ္ပဏီ အဆောက်အဦးမှာ အထပ် ၃၀ ရှိပြီး အပေါ်ဆုံးထပ်က ယွမ်အောင်း၏ တိုက်ခန်းဖြစ်ကာ မြေအောက်ထပ်မှာ လူသတ်ခန်း ဖြစ်သည်။

အခင်း ဖြစ်ပွားရာ နေရာသို့ သွားခြင်းက သဲလွန်စများကို ပိုမို ဖော်ထုတ်နိုင်ပြီး ဤအချိန်ကာလတွင် ထိုဝမ်းနည်းဖွယ် အဖြစ်အပျက် ထပ်မံ မဖြစ်ပွားစေရန် သူမ တားဆီးနိုင်မည် ဖြစ်၏။

သူတို့ ကျောင်းသို့ ကားငယ်လေး တစ်စီးဖြင့် သွားခဲ့ကြပြီး ယွမ်လော့ရီက အဝေးမှပင် ကျောင်းတံခါးဝတွင် စုရုံးနေသော သတင်းထောက် အုပ်စု တစ်စုကို တွေ့လိုက်ရသည်။ သူတို့က ဖြတ်သွားဖြတ်လာ ကျောင်းသားများကို စိတ်လှုပ်ရှားစွာ အင်တာဗျူးနေကြ၏။

ယွမ်လော့ရီ၏ နှလုံးသားမှာ အနည်းငယ် တုန်လှုပ်သွားလေသည်။

သတင်းထောက်များ ရှိနေသည်ဆိုလျှင် ယနေ့ ရှိုးရိုက်ကူးရေး တစ်ခု ရှိမည်ဟု ဆိုလိုခြင်းပင်။

နောက်ဆုံးတော့ ရောက်လာပြီပဲ။

ယခု သူမ၏ လွှမ်းမိုးမှုမှာ ၂၃၀ ဖြစ်ပြီး ရှိုးများတွင် ပါဝင်ခဲ့ဖူးသော သူမ၏ အတိတ်မှ အတွေ့အကြုံအရ သူမ ၂၇၀သို့ လျင်မြန်စွာ တိုးမြှင့်နိုင်မည် ဖြစ်ပြီး ၎င်းက သူမကို တရားခံအစစ်အား ဖမ်းဆီးရန် စနစ်၏ သဲလွန်စ လုပ်ဆောင်ချက်ကို အသုံးပြုခွင့် ပေးလိမ့်မည်။

ယွမ်လော့ရီက ကားထဲမှ မထွက်မီ နှုတ်ဆက်သည့် အနေဖြင့် ယွမ်အောင်းကို ပွေ့ဖက်လိုက်ပြီး Star Galaxy အလယ်တန်းကျောင်းသို့ ပြေးဝင်သွားလေ၏။

သူမကို အင်တာဗျူးချင်သော သတင်းထောက်များကို ရှောင်ရှားရန် တခြားလမ်းများမှ လျင်မြန်၊ ကွေ့ကောက်စွာ ပတ်သွားခဲ့သည်။

သူမ ပတ်ပတ်လည်ကို စူးစမ်းကြည့်လိုက်သော်လည်း ကံမကောင်းစွာဖြင့် ရှိုးဝန်ထမ်း တစ်ဦးတစ်ယောက်ကိုမျှ မတွေ့ခဲ့ပေ။

ယွမ်လော့ရီတစ်ယောက် အတန်း D တွင် ဦးတည်ရာမဲ့စွာ ထိုင်နေကာ အချိန်အတော်ကြာပြီးနောက် သူမ၏ တစ်ဦးတည်းသော အတန်းဖော် ယွိဟွား ရောက်မလာသေးကြောင်း သတိထားမိလိုက်သည်။ သူမ ဖုန်းကို ထုတ်ကာ သူ့ထံသို့ စာတိုတစ်စောင် ပို့လိုက်၏။

“နင် ဒီနေ့ ဘာလို့မလာတာလဲ”

စက္ကန့် အနည်းငယ် အတွင်းမှာပင် ယွိဟွားက ပြန်ဖြေလာသည်။ သူမ ဖုန်းသုံးနေသည်မှာ ထင်ရှား၏။

“ငါရောက်နေပြီလေ ကျောင်းကန်တင်းထဲမှာ၊ နင်ကဘယ်မှာလဲ”

“ငါ စာသင်ခန်းထဲမှာ”

“နင် ဘာလို့ စာသင်ခန်းထဲ ရောက်နေတာလဲ၊ ဒီနေ့ ရှိုးက ကန်တင်းထဲမှာ ရိုက်နေတာလေ၊ အာ နင် ကျောင်းအဖွဲ့ရဲ့ အသိပေးချက်ကို မမြင်လိုက်ဘူး ထင်တယ်”

ယွိဟွားက စာတစ်စောင် ထပ်ပို့လာသည်။

“ချစ်လှစွာသော ပထမနှစ် ကျောင်းသူ/ကျောင်းသားများ၊ မနက်ဖြန်မနက် ရှိုးက ကန်တင်းမှာ ရိုက်ကူးမှာ ဖြစ်ပါတယ်၊ ကျေးဇူးပြုပြီး နံနက် ၉နာရီ မတိုင်ခင် ကန်တင်းသို့ ရောက်လာပေးကြပါ”

ယွမ်လော့ရီက အချိန်ကို ကြည့်လိုက်၏။

၈ နာရီ ၅၃ မိနစ် ရှိနေပြီ။ သူ အရမ်း နောက်ကျနေပြီ။

သူမ ထရပ်ပြီး ထွက်ပေါက်ဘက်သို့ ပြေးလိုက်သော်လည်း ကန်တင်းနှင့် စာသင်ခန်းမှာ မီတာ ၃၀ သာ ကွာဝေးသည်ကို ရုတ်တရက် သတိရလိုက်သဖြင့် သူမ၏ ခြေလှမ်းများကို နှေးချလိုက်ပြီး ကန်တင်းသို့ အေးအေးဆေးဆေး လျှောက်သွားလိုက်သည်။ ၆ မိနစ် အချိန်ပိုကျန်နေသေး၏။

အခြားကျောင်းသားများ အသက်ရှူမဝစွာ ပြေးလွှားနေသည်ကို မြင်သောအခါ ယွမ်လော့ရီက ပထဝီဝင်ဆိုင်ရာ ဗျူဟာ၏ အရေးကြီးပုံကို နက်နက်ရှိုင်းရှိုင်း သဘောပေါက်သွားသည်။

ကန်တင်း၌ ယနေ့ ကြီးမားသော ပြောင်းလဲမှု တစ်ခု ပြုလုပ်ထားခဲ့၏။ တရုတ် အစားအစာများ ရောင်းချလေ့ ရှိသော ပထမထပ်မှာ ယခုအခါ ကြယ်ငါးပွင့် ဟိုတယ် တစ်ခုကဲ့သို့ ခမ်းနားထည်ဝါစွာ အလှဆင်ထားပြီး ထွင်းထုထားသည့် အနက်ရောင် အရောင်တင် ယွန်းသား စားပွဲများ၊ အမျိုးမျိုးသော တရုတ်ရိုးရာ မီးပုံးများဖြင့် ပြည့်နှက်နေသည်။

ယခုမူ တရားမဝင်စျေး တစ်ခုနှင့် တူနေ၏။ ရှည်လျားသော ပေါင်းစပ် စားပွဲများပေါ်တွင် သန့်ရှင်းရေး ပစ္စည်းများ ပုံထားပြီး ထိုင်ခုံများ ရှိမနေချေ။ ကျောင်းသားများမှာ စိတ်ရှုပ်ထွေးစွာ ရပ်နေရုံသာ တတ်နိုင်ပြီး ရံဖန်ရံခါ ညည်းညူနေကြသည်။

၉ နာရီတွင် လှပသော အစီအစဉ် တင်ဆက်သူ နာ့လန်မှာ မိုက်ခရိုဖုန်း တစ်လုံးဖြင့် အလယ်သို့ လျှောက်လာ၏။

“မင်္ဂလာနံနက်ခင်းပါ ကျောင်းသူ ကျောင်းသားတို့၊ ဒီနေ့ရဲ့ ပွဲက ‘လူငယ်တို့ ကမ္ဘာ့ အချမ်းသာဆုံး ဖြစ်အောင် ကြိုးစားကြ’ လို့ ခေါ်ပါတယ်၊ ထိပ်ဆုံး သုံးယောက်က ရက်ရောတဲ့ ဆုတွေကို ရရှိမှာပါ”

ငွေအကြောင်း ပြောလာသောအခါ ကျောင်းသားများမှာ မအိပ်ချင်တော့ဘဲ အစီအစဉ် တင်ဆက်သူကို စိတ်အားထက်သန်စွာ စိုက်ကြည့်လာကြသည်။

ကင်မရာသမားကလည်း အလွန် ကျွမ်းကျင်၏။ ကင်မရာကို ချက်ချင်း လှည့်ကာ ကျောင်းသားများ၏ မျက်နှာ အမူအရာများကို ဖမ်းယူပြီး ယွမ်လော့ရီအပေါ်တွင် စက္ကန့် အနည်းငယ်ကြာ တမင်တကာ ရပ်တန့်ထားလိုက်သည်။ အကြောင်းမှာ သူမက ရှိုးတွင် ယခုအချိန်အထိ လူကြိုက်အများဆုံး ပါဝင်သူ ဖြစ်သောကြောင့်ပင်။

တက်ကြွသော ဂီတသံနှင့်အတူ ဖန်သားပြင်ကြီးပေါ်တွင် မိုနိုပိုလီ ဘုတ်ဂိမ်းနှင့် ဆင်တူသည့် ဇယားကွက် မြေပုံတစ်ခု ပေါ်လာပြီး ၎င်း၏ ဘေးတွင် များပြားသော စည်းမျဉ်းများကို ရေးထားသည်။

ယွမ်လော့ရီမှာ ဖန်သားပြင်ကို စိုက်ကြည့်ရင်း နက်နက်နဲနဲ တွေးတောနေပြီး စုရွှင်းကလည်း စူးစိုက်ကြည့်နေ၏။

နာ့လန်က ဆက်ပြောလာသည်။

“စည်းမျဉ်းတွေက ရိုးရှင်းပါတယ် အံစာတုံးကို လှိမ့်လိုက်ရုံပါပဲ၊ မင်းရတဲ့ နံပါတ်က မြေပုံပေါ်မှာ မင်းရွှေ့ရမယ့် ခြေလှမ်း အရေအတွက်ပဲ၊ ဆုတွေနဲ့ တွေ့ပြီး တစ်ညတည်းနဲ့ ချမ်းသာသွားနိုင်သလို စီးပွားရေးပျက်ကပ်နဲ့ ကြုံပြီး ဒေဝါလီလည်း ခံသွားနိုင်ပါတယ်”

“နေ့လယ် ၁၂ နာရီမှာ ပိုက်ဆံ အများဆုံး ရတဲ့ သူက ကမ္ဘာ့အချမ်းသာဆုံးနဲ့ ချန်ပီယံ ဖြစ်မှာပါ”

(ရေသူမပုံ အရောင်ဖျော့ မက်ကရွန်)

All Chapters