အခန်း (၇၀)
Vol. 7 Ch. 70
ပွဲစတင်သည်နှင့် ကျောင်းသားများက အတန်းအလိုက် တန်းစီလိုက်ကြသောကြောင့် ယွမ်လော့ရီနှင့် ယွိဟွားတို့မှာ နှစ်ယောက်တည်း အထီးကျန်သွားခဲ့ပြန်၏။
အစီအစဉ်တင်ဆက်သူ နာ့လန်မှာ သူမ၏ ကျောက်စိမ်းကဲ့သို့ နူးညံ့လှသောလက်ကလေးကို ဆန့်တန်း၍ ပင်ပေါင်ဘောလုံးအရွယ် အံစာတုံးတစ်တုံးကို ကောက်ယူလိုက်သည်။ အံစာတုံးသည် အတော်ပင်ထူးဆန်းပြီး မျက်နှာဆယ်ဘက်ရှိကာ မျက်နှာတစ်ခုစီတွင် 0 မှ 9 အထိ ဂဏန်းများ ထွင်းထုထား၏။
“အခု မင်းတို့ရဲ့ တာဝန်တွေကို သတ်မှတ်ပေးဖို့ အံစာတုံးကို လှိမ့်ကြမယ်”
အံစာတုံးမှာ ကြေးဗန်းထဲသို့ ပစ်ချခြင်းခံလိုက်ရပြီး အတွင်းတွင် ပျော်ရွှင်စွာ ခုန်ပေါက်နေကာ အမျိုးမျိုးသောဂဏန်းများကို ထုတ်ဖော်ပြသနေ၏။
“နံပါတ် ၃၊ ရှေ့ကို သုံးကွက်တိုးပါ အတန်း A က ကုန်သည်တွေပါ”
“နံပါတ် ၁၊ နေရာတစ်နေရာ ရှေ့တိုးပါ အတန်း B က သာမန်ပြည်သူတွေပါ”
“နံပါတ် ၄၊ လေးကွက် ရှေ့တိုးပါ အတန်း C က သာမန်ပြည်သူတွေပါ”
ယခု အတန်း D ၏ အလှည့်ဖြစ်ပြီး ယွမ်လော့ရီတစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားလာသည်။ ဂိမ်းစည်းမျဉ်းများအရ ကုန်သည်သည် အကောင်းဆုံး အလုပ်အကိုင်ဖြစ်ပြီး သူတို့သည် ကြွယ်ဝမှုရရှိပြီးနောက် ငွေချေးနိုင်ကာ ၃၀% အမြတ်ရရှိနိုင်၏။
သာမန်ပြည်သူများက ငွေကို တည်ငြိမ်စွာ စုဆောင်းနိုင်ရုံသာ လုပ်နိုင်သည်။
အဆိုးရွားဆုံးအလုပ်အကိုင်မှာ သူတောင်းစားဖြစ်ပြီး အံစာတုံးလှိမ့်ခွင့်မရှိဘဲ သာမန်ပြည်သူဖြစ်လာရန် သင်္ချာပုစ္ဆာ ၁၀၀ ကို ဖြေဆိုရမည်ဖြစ်၏။
[T/N - Running Man ထဲမှာပါတယ်နော် ဒီကစားနည်း]
ယွမ်လော့ရီမှာ နတ်ဘုရားများထံသို့ တိတ်တဆိတ် ဆုတောင်းနေမိသည်။
“သူတောင်းစားမဖြစ်ပါစေနဲ့ အရမ်းပင်ပန်းပြီး ပိုက်ဆံလည်းမရဘူး၊ ငါ ချန်ပီယံ မဖြစ်ရင် ဘယ်လိုလုပ် အဆင့်တက်ပြီး တရားခံအစစ်ကို ဖမ်းနိုင်မှာလဲ”
၁၀ မျက်နှာပါ အံစာတုံးသည် ကြေးဗန်းထဲသို့ ပစ်ချခြင်းခံရပြီး ကြည်လင်သော တိုက်ခတ်သံများ ထွက်ပေါ်လာကြီးနောက် နာ့လန်က ကြေညာလိုက်၏။
“နံပါတ် ၁၊ တစ်ကွက် ရှေ့တိုးပါ အတန်း D က သူတောင်းစားတွေပါ”
ထိုအခိုက်အတန့်တွင် ယွမ်လော့ရီမှာမူ ပြတ်သားသည့် ရုပ်ဝါဒီစစ်သည်တော်တစ်ဦး ဖြစ်သွားလေသည်။
ယွိဟွားက အော်ဟစ်လိုက်၏။
“သင်္ချာပုစ္ဆာလုပ်ရတာ အမုန်းဆုံးပဲ ပြီးတော့ ၁၀၀ တောင်လုပ်ရဦးမယ်၊ ထုတ်လုပ်ရေးအဖွဲ့က ငါတို့ကို တမင်ပစ်မှတ်ထားနေတာလား အံစာတုံးလှည့်တာက လိမ်စင်ကြီးဆိုတာ သေချာတယ်”
ယွမ်လော့ရီသည်လည်း သဘောတူသည့်ဟန် ခေါင်းညိတ်လိုက်သည်။ အံစာတုံးသည် ပုံမှန်မဟုတ်ဟု ထင်ရပြီး ထိုဂဏန်းများမှာ ကျပန်းပေါ်လာခြင်းမဟုတ်ပေ။
သူမ၏ ပြိုင်ဘက်ဟောင်း စုရွှင်းကို လှမ်းကြည့်လိုက်ရာ ယခင်ကသာဆိုလျှင် ယွမ်လော့ရီအား အားနည်းသော အနေအထားတွင် မြင်လိုက်ရသည်နှင့် မာနကြီးစွာဖြင့် သူမကို ဓားသွားကဲ့သို့ စူးရှသောအကြည့်ဖြင့် ကြည့်ပေလိမ့်မည်။
သို့သော် ယခုမူ သူမမှာ အလွန်သတိထားနေသည်။ သူမလည်း အံစာတုံးက အလိမ်ဖြစ်သည်ကို သတိပြုမိပြီး ဂိမ်းမြေပုံကို ခပ်တည်တည်ဖြင့် စူးစိုက်ကြည့်နေ၏။
နာ့လန်က ပြောလိုက်သည်။
“ချစ်လှစွာသော ကျောင်းသူ/သားတို့ ဒီလောကကြီးမှာ ငါတို့ငွေကိုပဲ ဂရုစိုက်လို့မရဘူး၊ တစ်ယောက်ကိုတစ်ယောက် ကူညီမှသာ အခက်အခဲတွေကို ကျော်လွှားနိုင်မှာမလို့ သူတောင်းစားတွေကလွဲပြီး တခြားသူတွေကို သူတို့ရဲ့ပိုင်ဆိုင်မှုထဲကနေ လှူဒါန်းပေးရမဲ့ ပရဟိတသမားတစ်ယောက်ကို ရွေးပါမယ်”
ကျောင်းသားများက စိတ်လှုပ်ရှားစွာဖြင့် တစ်ယောက်နှင့်တစ်ယောက် တိုးတိုးလေး ပြောဆိုကြသည်။
ယွိဟွားက ပြောလိုက်၏။
“ဝိုး ဒါဆို အဆက်မပြတ် ပစ်မှတ်ထားခံရတဲ့ ခံစားချက်က ဒီလိုပ့ါလား”
စာရွက်လေးကို ဖြန့်လိုက်ပြီး နာ့လန်က ကြေညာလိုက်၏။
“ဒီဂိမ်းရဲ့ ပရဟိတသမားက အတန်း C က လီရှင်းပါ”
လူအုပ်၏ အကြည့်အောက်တွင် ကျစ်ဆံမြီးကျစ်ထားသော မိန်းကလေးကို စင်ပေါ်သို့ ခေါ်ဆောင်သွားပြီး “ပရဟိတသမား” တံဆိပ်ကို ပေးအပ်လိုက်သည်။
လီရှင်းသည် အမြဲတမ်း ယွမ်လော့ရီ၏ အကြီးမားဆုံးပရိသတ်ဖြစ်၏။
သူမသည် အစီအစဉ်တင်ဆက်သူ နာ့လန်၏ လက်ကိုဆွဲကိုင်ကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
“ခဏနေရင် သမီးရဲ့ပိုင်ဆိုင်မှုအကုန်လုံးကို ယွမ်လော့ရီကို လှူဒါန်းချင်ပါတယ်”
နာ့လန်က သူမ၏ လက်ကို တည်ငြိမ်စွာ ရုတ်သိမ်းရင်း ရယ်မောနေ၏။
“ခစ်ခစ် မရဘူးနော် သူက သူတောင်းစားပါ၊ သူ ပုစ္ဆာ ၁၀၀ ကို ပြီးအောင်လုပ်ပြီး သာမန်ပြည်သူဖြစ်သွားမှ မင်း သူ့ကို လှူဒါန်းလို့ရမှာ”
လီရှင်း၏ ပခုံးလေးများသည် အောက်သို့ကျသွားပြီး သူမ၏ စိတ်ပျက်မှုမှာ ထင်ရှားနေ၏။
နာ့လန်က ပြောလိုက်သည်။
“အခု မင်းတို့အားလုံး ၅ မိနစ် နားလို့ရပါပြီ"
သူမ စင်ပေါ်မှဆင်းသွားပြီးနောက် ကျောင်းသားများက သူတို့အချင်းချင်း တိုးတိုးလေး ပြောနေကြ၏။
“ဒါဘယ်လိုဂိမ်းစည်းမျဉ်းလဲ အရမ်းမတရားဘူး၊ အတန်း A က အစကတည်းက အသာစီးရနေတာ”
“ဟုတ်တယ် သူတို့ရဲ့အလိုအလျောက်စွမ်းရည်က အတိုးအမြင့်ဆုံး ချေးငွေပေးတာ သူတို့ ၃၀% ရနိုင်တယ်၊ ငါတို့သာမန်ပြည်သူတွေက ဘာမှမရှိဘူး ရိုးရိုးသားသား ငွေစုရုံပဲ”
“အား ထားလိုက်ပါတော့ ပြောမနေကြနဲ့၊ အနည်းဆုံးတော့ ငါတို့ အတန်း D က ကံမကောင်းတဲ့ သူတောင်းစားနှစ်ယောက်ထက် ပိုကောင်းသေးတယ်၊ ငါတို့က ရှိုးအတွက် ဒီကိုလာတာ သူတို့ကတော့ သင်္ချာလေ့လာဖို့ ဒီကိုလာတာ”
ကံမကောင်းသည့် သူတောင်းစားတစ်ဦးအနေဖြင့် ယွမ်လော့ရီ၏ စိတ်အခြေအနေမှာ လက်ရှိတွင် တည်ငြိမ်နေသည်။ သူမသည် လူအုပ်ကြား၌ လျှောက်သွားပြီး လီရှင်းကို ရှာတွေ့သွား၏။
ယွမ်လော့ရီကို မြင်လိုက်ရသောအခါ လီရှင်းက အလွန်ဝမ်းမြောက်သွားသည်။
“အားတင်းထားနော်၊ နင်သာမန်ပြည်သူဖြစ်တာနဲ့ ငါ့ပိုင်ဆိုင်မှုအကုန်လုံးကို လှူဒါန်းမယ် နင်သေချာပေါက် နိုင်မှာပါ”
ယွမ်လော့ရီက ပြောလိုက်၏။
“ကျေးဇူးတင်ပါတယ်”
လီရှင်း၏ မျက်နှာက အနည်းငယ် နီရဲသွားသည်။
“ဒါက လုပ်သင့်တဲ့အရာပါ နင်ငါ့ကို သီးသန့်ဓာတ်ပုံတွေ အများကြီးရိုက်ခွင့်ပေးခဲ့တယ်လေ၊ အဲဒါကနေ ငါမုန့်ဖိုး အများကြီးရခဲ့တယ်”
ယွမ်လော့ရီက ပြောလိုက်၏။
“အဲဒီအံစာတုံးနဲ့ပတ်သက်ပြီး တစ်ခုခု သတိထားမိသေးလား”
လီရှင်းက နားမလည်စွာ ကြည့်လေသည်။
“ဘာဖြစ်လို့လဲ”
ယွမ်လော့ရီ ဘာမှမပြောမီ အတန်း C ၏ အလှလေး ဟယ့်ရားက သူတို့ကြားသို့ ဝင်ရောက်လာ၏။
“ယွမ်လော့ရီ လီရှင်းက ငါတို့အတန်း C က ကျောင်းသူတစ်ယောက်၊ နင့်သူ့ကို လာကပ်တာက မသင့်တော်ဘူး”
သူမက နောက်သို့ လှည့်၍ လီရှင်းကို ပြင်းထန်စွာ စိုက်ကြည့်လိုက်သည်။
“နင့်မှာ အဖေတစ်ယောက်ပဲရှိတာမလား၊ နင့်အဖေက ငါတို့ ဟယ့်မိသားစုရဲ့ကုမ္ပဏီမှာ ပင်ပင်ပန်းပန်းအလုပ်လုပ်နေတာ နှစ်တွေအကြာကြီး လစာမတိုးခဲ့ဘူးလေ၊ ဘယ်သူ့ကိုလှူဒါန်းမလဲဆိုတာ ပိုသတိထားဖို့ ငါအကြံပေးတယ် ငါဆိုလိုတာကို နားလည်တယ်မလား”
ဟယ့်ရား၏ လက်ပါးစေများက ဝိုင်းအုံလာပြီး လီရှင်းကို ဆွဲထုတ်သွားကြသည်။ လီရှင်းမှာ မျက်မှောင်ကြုတ်လိုက်သော်လည်း မခုခံခဲ့ပေ။
ဟယ့်ရားက လီရှင်းကို ဤမျှကြာအောင် အနိုင်ကျင့်နိုင်ရခြင်း အကြောင်းရင်းမှာ လီရှင်းမှ သူမ၏ ဖခင်ကို အလုပ်မပြုတ်စေချင်သောကြောင့်ဖြစ်သည်။ သူမ၏ ဖခင်သည် အလုံအလောက် ဒုက္ခရောက်နေပြီးဖြစ်၏။
ယွမ်လော့ရီက သူမ၏ လက်ညှိုးကို မြှောက်ကာ လေထဲတွင် အလျားလိုက်မျဉ်းတစ်ကြောင်းနှင့် ဒေါင်လိုက်မျဉ်းနှစ်ကြောင်း ဆွဲလိုက်သည်။ လီရှင်းက ထိုအရာကိုမြင်ပြီး မျက်လုံးများ တောက်ပလာ၏။
“ဒင်လင်လင်”
ဂိမ်းစတင်ခဲ့ပြီဖြစ်သည်။
ကုန်သည်များက တတိယထပ်တွင် ရှိနေပြီး လက်ဖက်ရည်၊ မုန့်များဖြင့် ပြည့်စုံသော VIP အခန်းများရှိ ဆိုဖာများပေါ်တွင် သက်တောင့်သက်သာထိုင်ကာ အံစာတုံးကို ဆက်တိုက်လှိမ့်ရင်း ပို၍ပို၍ ချမ်းသာလာကြပြီး ပိုင်ဆိုင်မှုများကို တည်ငြိမ်စွာ ထိန်းသိမ်းထားကြ၏။
သာမန်ပြည်သူများမှာမူ ဒုတိယထပ်တွင် ရှိနေပြီး များပြားသောလူအရေအတွက်ကြောင့် စည်ကားနေသည်။
အဆိုးရွားဆုံးမှာ သူတောင်းစားများဖြစ်သော ယွမ်လော့ရီနှင့် ယွိဟွားတို့ဖြစ်ပြီး သူတို့မူ ပထမထပ်တွင် ကျန်ခဲ့ကာ သင်ရိုးညွှန်းတမ်းထက် ကျော်လွန်သည့် မေးခွန်းများပါဝင်သော ထူထပ်သည့် သင်္ချာစာမေးပွဲစာရွက်ပုံကြီးကို ရင်ဆိုင်နေရ၏။
ယွိဟွားက လက်မြှောက်လိုက်သည်။
"ဒါရိုက်တာကျန်း ဒီမေးခွန်းတွေက အရမ်းခက်တယ်၊ လုံးဝ သင်ရိုးပြင်ပကပဲ တစ်ယောက်ကိုယ်တစ်ယောက် ကူညီလို့ရလား”
ဒါရိုက်တာကျန်းက လက်အမူအရာတစ်ခု ပြုလုပ်လိုက်ပြီး ကင်မရာများအားလုံးက အတန်း D မှ လှည့်ထွက်သွားကာ အခြားအတန်းများကိုသာ အာရုံစိုက်လိုက်သည်။
ယွိဟွားက တိုးတိုးလေးပြောလေ၏။
“ရတဲ့ပုံပဲ ငါပထမ ပုစ္ဆာ ၅၀ ကို လုပ်မယ် မင်း နောက်ဆုံး ၅၀ ကို လုပ်၊ မင်း အရင် သာမန်ပြည်သူဖြစ်အောင်လုပ်လိုက်”
ယွမ်လော့ရီက ပြန်ပြောလိုက်သည်။
“နင်ဘာလို့ ငါ့ကို ထပ်ကူညီနေတာလဲ”
ယွိဟွားက အပေါ်သို့ ညွှန်ပြလေသည်။ ထိုနေရာတွင် အတန်း A မှာ ပျော်ရွှင်စွာ ပါတီပွဲကျင်းပနေပြီး ဒုတိယနှင့် ပထမထပ်များကို မထီမဲ့မြင်နှင့် သနားခြင်းရောနှောသော အကြည့်များဖြင့် ရံဖန်ရံခါ ကြည့်နေကြ၏။
ယွိဟွားက ဖြေလိုက်သည်။
“ဒီဂိမ်းက အစကတည်းက မတရားဘူးလေ မင်း ချန်ပီယံဖြစ်သွားရင် သူတို့ရဲ့ချဉ်စော်နံနေတဲ့မျက်နှာတွေကို ငါကြည့်ရမှာပေါ့”
ယွမ်လော့ရီက သဘောတူလေ၏။
“ကောင်းပြီ”
နှစ်ဦးစလုံး စာရွက်များပေါ်တွင် စတင်တွက်ခဲ့ကြသည်။ ယွိဟွားမူ ပင်ကိုယ် ပါရမီရှင်တစ်ဦးဖြစ်သည့်အတွက် သင်ရိုးပြင်ပမှ သင်္ချာပုစ္ဆာများကိုပင် လျင်မြန်စွာ ဖြေရှင်းနိုင်ခဲ့သည်။
ယွမ်လော့ရီမှာမူ သူမ၏ မှတ်ဉာဏ်အစိတ်အပိုင်းများကို အသုံးချကာ စိတ်ကို တည်ငြိမ်သော အခြေအနေသို့ ပြောင်းလဲလိုက်ပြီး သူမ၏ ကိန်းဂဏန်းတန်ဖိုးများက တည်ငြိမ်စွာ တိုးတက်လာသည်။ အနည်းငယ် မူးဝေနေသော်လည်း သူမ လက်ထဲရှိ ဘောပင်မှာ ရပ်တန့်မသွားခဲ့ပေ။
ဒုတိယထပ်တွင် ဟယ့်ရားက အလွန်ပျော်ရွှင်နေ၏။
“လီရှင်း နင်နောက်ထပ် ၅၀၀,၀၀၀ ရတယ်မလား၊ အမြန်ဆုံး ငါ့ကို အကုန်လုံးလှူဒါန်းလိုက်”
လီရှင်းက ပြန်ပြော၏။
“ကောင်းပြီ”
ငွေစီးဆင်းသံနှင့်အတူ နောက်ထပ် ၅၀၀,၀၀၀ သည် ဟယ့်ရား၏ အကောင့်ထဲသို့ ဝင်ရောက်လာ၏။ တတိယထပ်မှ ကုန်သည်များမှာ အတိုးနှုန်းမြင့်ချေးငွေဖြင့် ၃၀% သာ ရနိုင်သော်လည်း သူမသည် လီရှင်းထံမှ တိုက်ရိုက်တောင်းဆိုခဲ့သဖြင့် သူမ၏ ပိုင်ဆိုင်မှုမှာ အဆမတန် တိုးပွားလာသည်။ မကြာမီတွင် သူမသည် ပိုင်ဆိုင်မှုအဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးသို့ ရောက်ရှိသွားခဲ့၏။
“ဒင်”
“အာရုံစိုက်ပါ ကစားသူတို့၊ သူတောင်းစားတစ်ဦးက တာဝန်ကို ပြီးမြောက်ပြီး သာမန်ပြည်သူအဖြစ် အဆင့်မြှင့်တင်လိုက်ပါပြီ”
လီရှင်းက သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်သည်။
“နောက်ဆုံးတော့ ရောက်လာပြီပဲ ငါ့ဘက်ကလည်း ပြီးခါနီးပါပြီ၊ အောင်ပွဲက လက်တစ်ကမ်းမှာပဲ”
ဟယ့်ရားက မျက်လုံးလှန်လိုက်၏။
“အောင်ပွဲလား နင့်မှာ တစ်ပြားတစ်ချပ်မှ မရှိတော့ဘူး၊ ယွမ်လော့ရီ အခု သာမန်ပြည်သူဖြစ်သွားရင်တောင် ဘာဖြစ်လဲ၊ နေ့ခင်းကြောင်တောင်ကြီးမှာ အိမ်မက်မက်နေတာပဲ”
သူမက အံစာတုံးကို လှိမ့်ရင်း ပြုံးလိုက်သည်။
“ဒီတစ်ခါတော့ သေချာပေါက် ငါ နိုင်မှာ”
လီရှင်းက ပြောလိုက်၏။
“ဒီတစ်ခါ ၈ ဖြစ်လိမ့်မယ်၊ မြေပုံအရ နင်က ၈ကွက်ရွှေ့ပြီး ၆ သန်းရလိမ့်မယ်”
သူမစကားဆုံးသည်နှင့် အံစာတုံးက ရပ်တန့်သွားပြီး ဂဏန်းမှာ အမှန်ပင် ၈ ဖြစ်နေသည်။
ဟယ့်ရားတစ်ယောက် မှင်သက်သွားပြီး ဘာဖြစ်နေသည်ကို မသိရှိသေးပေ။
လီရှင်းက အံစာတုံးကို ကောက်ယူကာ လှိမ့်လိုက်သည်။
“ဒီတစ်ခါ ၃ ပဲ၊ ငါ ၃ကွက်ရွှေ့ပြီး ၁၀၀,၀၀၀ ရမယ် ပြီးတော့ နင့်ကို လှူဒါန်းမယ်”
အံစာတုံးသည် ကြေးဗန်းထဲတွင် အကြိမ်အနည်းငယ် ခုန်ပေါက်ပြီးနောက် ၃ တွင် ရပ်တန့်သွား၏။
ဟယ့်ရားက ဒေါသတကြီး စားပွဲကို ထုလိုက်သည်။
“နင်လိမ်တယ် နင်သေချာပေါက် လိမ်နေတာ၊ အံစာတုံးနံပါတ်တွေကို ဘယ်လိုလုပ် ကြိုသိနိုင်မှာလဲ”
လီရှင်းက ရယ်မောလိုက်သည်။ သူမသည် လက်ညှိုးကို မြှောက်ကာ ယွမ်လော့ရီလုပ်ခဲ့သကဲ့သို့ လေထဲတွင် အလျားလိုက်မျဉ်းတစ်ကြောင်းနှင့် ဒေါင်လိုက်မျဉ်းနှစ်ကြောင်း ဆွဲလိုက်၏။
“သတိမထားမိဘူးလား အံစာတုံးပေါ်က ဂဏန်းတွေက ကြိုစီစဉ်ထားတာ၊ ၃၁၄၁၅၉၂၆… ဒါက π ပဲ”
“ငါ π ရဲ့ ပထမဂဏန်း ၃၀၀ ကို အလွတ်ကျက်ထားတယ် ပြီးတော့ နင်နောက်တစ်ခါ ၁ ရလိမ့်မယ်”
“ပြီးတော့ ရှေ့တစ်ကွက် မြေပုံက နင်အသစ်ပြန်စရမယ်လို့ ပြောထားတယ်၊ မသေခင်မှာ နင့်ရဲ့ပိုင်ဆိုင်မှုအားလုံးကို ပရဟိတသမားတစ်ယောက်ကို လွှဲရလိမ့်မယ်”
ဟယ့်ရားတစ်ယောက် ထိတ်လန့်သွားပြီး သူမ၏ လက်ချောင်းများက တုန်ယင်နေကာ အံစာတုံးကို မလှိမ့်ဝံ့တော့ပေ။ သူမရှုံးလိမ့်မည်။ လုံးဝ၊ လုံးလုံးလျားလျား ရှုံးလိမ့်မည်။
“ဒင်”
“ကစားသမားတို့ အမြန်ဆုံးလှုပ်ရှားကြပါ”
“ဒင်”
“အချိန်ရေတွက်မှု စတင်ပါပြီ၊ အလှည့်ကျ အလိုအလျောက် အံစာတုံးကို လှိမ့်ပါလိမ့်မည်”
“၃”
“၂”
“၁”
ဆယ်မျက်နှာပါ အံစာတုံးမှာ ပစ်ချခံလိုက်ရသည်။ ကြေးဗန်းပေါ်တွင် ခုန်ပေါက်နေပြီး မျှော်လင့်ထားသည့်အတိုင်း အပေါ်သို့မျက်နှာမူနေသော ဂဏန်းမှာ ‘၁’ ဖြစ်၏။
“ကစားသမားမှာ သေဆုံးသွားပြီး နှစ်ပေါင်းများစွာ ပရဟိတသမားများ၏ အကူအညီကို ရရှိခဲ့သောကြောင့် သူ၏ ပိုင်ဆိုင်မှုအားလုံးကို ပရဟိတသမားများထံ လွှဲအပ်ခဲ့သည်”
လီရှင်းသည် မရေမတွက်နိုင်သော ဒင်္ဂါးပြားများ တိုက်ခတ်သံကို ကြားပြီး ဝမ်းမြောက်စွာ အော်ဟစ်လိုက်၏။
“ငါ့ပိုင်ဆိုင်မှုအားလုံးကို ယွမ်လော့ရီကို လှူဒါန်းဖို့ ဆုံးဖြတ်လိုက်ပြီ”
တတိယထပ်ရှိ ဓာတ်လှေကားက ရုတ်တရက် ဖွင့်လာပြီး ယွမ်လော့ရီတစ်ယောက် ထွက်ပေါ်လာသည်။ သူမသည် တစ်ခါတည်းဖြင့် ချမ်းသာသူတစ်ဦး ဖြစ်သွားခဲ့၏။
တစ်ချိန်တည်းတွင် ယွမ်မိသားစု၏ ရုံးချုပ်ထဲရှိ ယွမ်အောင်းမူ ယွမ်လော့ရီကို ပြသနေသည့် ဖန်သားပြင်ကို ကြည့်ကာ တိုးတိုးလေး ရယ်မောလိုက်သည်။ သူသည် သူ၏ အလုပ်ကို ပြစ်ပြီး အစီအစဉ် စတင်ကတည်းက တိုက်ရိုက်ထုတ်လွှင့်မှုကို အာရုံစိုက်ကြည့်ရှုနေခဲ့ခြင်းဖြစ်၏။
ဝန်ထမ်းများက အချင်းချင်း တိုးတိုးလေး ပြောဆိုနေကြသည်။
“သူဌေးက အလုပ်ချိန်မှာ အချောင်ခိုနေတာလား”
“ပြီးတော့ သူရယ်နေတယ်၊ ဘုရားရေ ဒါ သူရယ်တာကို ငါ တတိယအကြိမ် မြင်ဖူးတာပဲ”
“သူ့ညီမကြောင့် ဖြစ်ရမယ်”