← Chapters

အခန်း (၇၁)

Vol. 8 Ch. 71

အခန်း (၇၁)

Vol. 8 Ch. 71

ကန်တင်း၏ တတိယထပ်တွင် အတန်း A မှ ကျောင်းသူ/သားများအားလုံးက ယွမ်လော့ရီကို စိုးရိမ်တကြီး စိုက်ကြည့်နေကြ၏။

ဆင်းရဲသားတစ်ဦးမှ ကုန်သည်တို့၏ နယ်မြေသို့ ကျူးကျော်ဝင်ရောက်လာသည်မှာ သိုးအုပ်ထဲသို့ ဝံပုလွေရိုင်းတစ်ကောင် ဝင်ရောက်လာသကဲ့သို့ပင်။ သူတို့၏ နေ့ရက်ကောင်းများ ကုန်ဆုံးသွားပြီဖြစ်ပြီး ယွမ်လော့ရီက သံသယဖြစ်ဖွယ်မရှိ အနိုင်ရလိမ့်မည်ကို သူတို့သိကြသည်။

အခန်းပတ်လည်ကို ကြည့်ရင်းဖြင့် ယွမ်လော့ရီသည် ထုတ်လုပ်ရေးအဖွဲ့မှ နေရာကို ပြန်လည်အလှဆင်ထားပြီး ခမ်းနားထည်ဝါအောင် ပြုလုပ်ထားသည်ကို သတိထားမိလိုက်၏။

ခြေဖဝါးအောက်တွင် ပါရှားလက်လုပ်ကော်ဇောထူကြီးတစ်ချပ်၊ အီတလီမှတင်သွင်းထားသော အနက်နှင့်ရွှေရောင် စကျင်ကျောက်စားပွဲများနှင့် ရေဖန်ခွက်များပင်လျှင် ရွှေနှင့်ကျောက်စိမ်းတို့ဖြင့် စီခြယ်ထားပေသည်။

ဒါရိုက်တာကျန်းသည် ပံ့ပိုးကူညီသူများထံ နေ့စဉ် ငွေကြေးမပြည့်စုံကြောင်း ညည်းညူခဲ့မည်မှာ သေချာပေရာ ဤပစ္စည်းများအားလုံးက ငှားရမ်းထားခြင်းဖြစ်မည်။

ပြိုင်ပွဲအတွင်း သူမ သတိထားရပေမည်။ သူမ မတော်တဆ တစ်စုံတစ်ခုကို ကျိုးပဲ့အောင်လုပ်မိပါက ဒါရိုက်တာကျန်းတစ်ယောက် နေရာမှာပင် နှလုံးရပ်သွားနိုင်သောကြောင့်ဖြစ်၏။

နံရံတွင် ကြီးမားသော Screenတစ်ခုကို ချိတ်ဆွဲထားပြီး ယွမ်လော့ရီ၏ မျက်နှာပေါ်နေသည့် Reality Show ကို တိုက်ရိုက်ထုတ်လွှင့်နေကာ မရေတွက်နိုင်သော မှတ်ချက်များက ပျံဝဲနေသည်။

“အားးး ဒီလောက်ကြာအောင်စောင့်ပြီးမှ နောက်ဆုံးတော့ ယွမ်လော့ရီကို တွေ့ရပြီ”

“ဖန်ဆင်းရှင်က သူ့ကို အရမ်းပြီးပြည့်စုံအောင် ပုံဖော်ထားတာပဲ၊ သူ့မျက်လုံးတွေက ကောင်းကင်ဘုံကို လှည့်လည်ကြည့်ရှုနေပေမဲ့ မညစ်ညမ်းသေးဘူး၊ အား ဒီနေ့ကလည်း လော့ရီကြောင့် ကုစားခံရတဲ့ နောက်တစ်နေ့ပဲဖြစ်ဦးမယ်”

“ဘယ်သူသတိထားမိလဲ သူနည်းနည်းအရပ်ရှည်လာပုံပဲ၊ ဒါက ကြီးပြင်းလာတာကို ကြည့်ရတဲ့ ပျော်ရွှင်မှုမျိုးလား”

မြင်ကွင်းက ရုတ်တရက်ပြောင်းလဲသွားပြီး ကင်မရာက စုရွှင်းအပေါ်သို့ အာရုံစိုက်လိုက်သည်။ သူမက ပြုံး၍ အံစာတုံးကို ပစ်လိုက်ရာ ဆယ်မျက်နှာပါ အံစာတုံးက လိမ့်သွားပြီး 7ဂဏန်းကို ထုတ်ဖော်ပြသလိုက်၏။

တက်ကြွသည့် နောက်ခံတေးဂီတက စတင်တီးခတ်လာပြီး လူတိုင်း၏ အာရုံသည် စုရွှင်းအပေါ် စူးစိုက်နေ၏။

အစီအစဥ်တင်ဆက်သူ နာ့လန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“စုရွှင်းကလည်း အံစာတုံးရဲ့လျှို့ဝှက်ချက်ကို ရှာဖွေတွေ့ရှိသွားပါပြီ”

“ဘယ်လောက်ဉာဏ်ကောင်းတဲ့ ကလေးမလေးလဲ၊ ခြေလှမ်းတိုင်းကို စေ့စေ့စပ်စပ်သေသေချာချာ တွက်ချက်ပြီး သာမန်ပြည်သူတစ်ယောက်က ကုန်သည်တစ်ယောက်ကို အနိုင်ယူနိုင်တဲ့ တစ်ခုတည်းသောလမ်းကြောင်းကို သူမရှာတွေ့သွားပါပြီ”

“အဲဒါကတော့ ကုန်သည်တွေကို ပင်ပင်ပန်းပန်းအလုပ်လုပ် ငွေရှာခိုင်းပြီး ငွေကြေးကို တန်ဖိုးမရှိအောင် လုပ်ပစ်မှာပဲ”

“ကစားသူ စုရွှင်းက 7 ရရှိပြီး မြေပုံပေါ်မှာ နေရာခုနစ်နေရာ ရှေ့တိုးတဲ့အတွက် ဂုဏ်ယူပါတယ်၊ ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးဆူနာမီ တိုက်ခတ်ပြီး ငွေကြေးအားလုံး ၁၀၀၀၀% တန်ဖိုးကျဆင်းသွားပါပြီ”

“ရွှေကတော့ ရှေးအကျဆုံး တန်ဖိုးသိုလှောင်ရာပစ္စည်းတစ်ခုအနေနဲ့ တစ်ဖန်ပြန်လည်တောက်ပလာပြီး ၁၀၀၀၀% တန်ဖိုးတက်သွားပါတယ်”

သူမစကားဆုံးသည်နှင့် တတိယထပ်မှ ကုန်သည်များမှာ ထိတ်လန့်တကြား ထခုန်ကြပြီး သူတို့၏ ပိုင်ဆိုင်မှုအဆင့်သတ်မှတ်ချက်များ ထိုးကျသွားစဉ် စုရွှင်း၏ နာမည်မှာမူ အရှိန်အဟုန်ဖြင့် ထိုးတက်သွား၏။

နောက်ဆုံးတွင် ယွမ်လော့ရီနှင့် စုရွှင်းတို့သာ ဦးဆောင်သူစာရင်းတွင် ကျန်ရှိနေပြီး သူတို့၏ ပိုင်ဆိုင်မှုတန်ဖိုးများက တူညီနေသည်။ ၎င်းမူ ထုတ်လုပ်ရေးအဖွဲ့က တမင်တကာ စီစဉ်ထားသည့် တစ်ဦးချင်းရင်ဆိုင်မှုဖြစ်မည်မှာ သံသယဖြစ်ဖွယ်မရှိပေ။

ဒုတိယထပ်မှ သာမန်ပြည်သူများမှာလည်း ဒေါသနှင့် မနာလိုမှုရောနှောကာ တုန်လှုပ်သွားကြသည်။

“စုရွှင်းက ရွှေကိုပဲလိုချင်ပြီး ငွေကို မလိုချင်ခဲ့တာ အံ့ဩစရာမရှိတော့ဘူး”

“အိုး မဟုတ်တော့ဘူး ငါသူ့ကို ငါ့ရွှေတွေအကုန် ရောင်းလိုက်တာပဲ၊ ရွှေက အနာဂတ်မှာ သေချာပေါက် တန်ဖိုးကျသွားမယ်လို့ သူ ပြောခဲ့တာ၊ ငါဘာလို့ သူ့ကိုယုံခဲ့မိတာလဲ ငါတော့ ဒေဝါလီခံရပြီ”

“အားးး ငါချမ်းသာဖို့ အခွင့်အရေးကို လွဲချော်သွားပြီ”

စုရွှင်းက တတိယထပ်သို့ ဓာတ်လှေကားဆီသို့ ဦးတည်သွားရင်း လူအုပ်ကို အပြုံးတုတစ်ခုဖြင့် ပြုံးပြလိုက်၏။

“နှုတ်ဆက်ပါတယ် အလွယ်တကူ အမြတ်ထုတ်ခံရသူလေးတွေ၊ နင်တို့ရဲ့ ဖြူစင်တဲ့ အသိဉာဏ်မဲ့မှုကြောင့် ဒီတစ်ခေါက် အမြတ်ထုတ်ရတာ ငါ့အတွက် တော်တော်ပျော်စရာကောင်းခဲ့ပါတယ်”

သူမ၏ စကားများက အောင်မြင်စွာဖြင့် လူတိုင်းကို ဒေါသထွက်စေခဲ့သည်။ အချို့က ဒေါသတကြီး စားပွဲများကို လက်သီးဖြင့်ထုကြပြီး အချို့က ပြင်းထန်စွာ စိုက်ကြည့်ကာ လက်ဖက်ရည်ခွက်အနည်းငယ်ကို တိုက်ပစ်ပြီး ခွဲပစ်ကြ၏။

ပထမနှစ်ကျောင်းသားများအနေဖြင့် ဤ Reality Show မှာ သူတို့အပေါ် “စည်းစိမ်ဥစ္စာ ပျက်စီးခြင်းက အသက်ကို ထိပါးခြင်းနှင့် တူသည်” ဟူသော ဆိုရိုးစကားကို နက်နက်ရှိုင်းရှိုင်း စွဲမှတ်စေခဲ့သည်။

ဒါရိုက်တာကျန်းမူ ကွဲသွားသော လက်ဖက်ရည်ခွက်များကို စိုက်ကြည့်ရင်း အသက်ရှူမဝဖြစ်ကာ အသည်းနာနေသည်။ အကြောင်းမှာ ၎င်းတို့သည် ငှားရမ်းထားခြင်းဖြစ်ပြီး ပြန်လည်ပေးလျော်ရမည်ဖြစ်သောကြောင့်ပင်။

ဖန်သားပြင်ကြီးပေါ်တွင် မှတ်ချက်များ ဆက်လက်တိုးပွားနေသည်။

“ဝိုး ဒီစုရွှင်းက အရင်ကနဲ့မတူတော့ဘူး၊ အရမ်းမာနကြီးတယ် ဒါပေမဲ့ နည်းနည်းမိုက်တယ်”

“နောက်ဆုံးတစ်ခါ အသိပညာပြိုင်ပွဲမှာ သူကောင်းကောင်းလုပ်ဆောင်ခဲ့ပေမဲ့ လိမ်လည်မှုသံသယတွေ ရှိခဲ့တယ်၊ ဒီတစ်ခါ သူလိမ်နေတာမဟုတ်ဘူးဆိုတာ သေချာလား”

“အားဟား ကောင်းတယ် ယွမ်လော့ရီနဲ့ စုရွှင်း ပြန်တွေ့ကြပြီ၊ ရွှင်းလော့ရီ စုံတွဲကို အားပေးသူတွေတော့ ဝမ်းသာမဆုံး ဖြစ်နေကြပြီ”

လူကြိုက်အများဆုံး ပြိုင်ပွဲဝင်နှစ်ဦး၏ ပြန်လည်ဆုံတွေ့မှုက တိုက်ရိုက်ကြည့်ရှုသူအရေအတွက်ကို အရှိန်အဟုန်ဖြင့် တိုးတက်စေပြီး ဒါရိုက်တာကျန်း၏ စိတ်သောကကို သက်သာစေခဲ့သည်။

စုရွှင်း၏ မူလပရိသတ်များကလည်း သူမကို အားပေးရန် ရောက်ရှိလာကြသော်ငြား သူမသည် သူတို့ကို ဂရုမစိုက်ဘဲ အရာတစ်ခုတည်းကိုသာ အာရုံစိုက်နေ၏။

ဘယ်လိုအနိုင်ရနိုင်မလဲ။

နောက်ဆုံးတစ်ခါက စုရွှင်းမူ သူမ၏ တည်ငြိမ်မှုကို လုံးဝဆုံးရှုံးခဲ့ပြီး အောင်ပွဲအတွက် အခွင့်အရေးကို လွဲချော်ခဲ့သည်။

ဤတစ်ကြိမ်တွင် သူမ ကိုယ့်ကိုယ်ကိုယ်ကို ပြန်လည်အဖတ်ဆယ်ပေတော့မည်။

“ဒင်”

တတိယထပ်ရှိ ဓာတ်လှေကားတံခါးများက ဖြည်းညင်းစွာ ဖွင့်လာပြီး စုရွှင်း ထွက်လာကာ ယွမ်လော့ရီနှင့် တိုက်ရိုက်ရင်ဆိုင်လိုက်သည်။

စုရွှင်းက ယွမ်လော့ရီ၏ မျက်နှာကို ဂရုတစိုက် လေ့လာလိုက်၏။ တစ်ရက်တည်းမှာပင် ဤ “ဗီလိန်အတု” မှာ တစ်ဖန်ပြန်လည် ပြောင်းလဲသွားခဲ့၏။

ဆိုရိုးစကားအတိုင်း သင်၏ ရန်သူက သင့်ကို အကောင်းဆုံးသိသည်။

ထို့ကြောင့် စုရွှင်းမူ ယွမ်လော့ရီအား အဆက်မပြတ် လေ့လာနေခဲ့ပြီး သူမသည် မကြာသေးမီက မှောင်မိုက်သောအချိန်များစွာကို တွေ့ကြုံခဲ့ရပြီး အောင်မြင်စွာ ရှင်သန်ကျော်လွှားခဲ့ကြောင်း သိရှိခဲ့၏။

ဤသို့သော လျင်မြန်စွာကြီးပြင်းမှုက စုရွှင်းအား ယွမ်လော့ရီအပေါ် လေးစားစေသော်လည်း မနာလိုစိတ်ကိုလည်း ဖြစ်ပေါ်စေသည်။

ကြီးမားသောဉာဏ်ရည်နှင့် ဇွဲလုံ့လရှိခြင်းကို ပိုင်ဆိုင်ထားသော စုရွှင်းသည် အောင်မြင်မှုများစွာကို ရရှိခဲ့ပြီး အခြားသူများအနီးတွင် စိတ်အေးလက်အေး နေနိုင်ခဲ့၏။

သို့သော် ယွမ်လော့ရီကို ရင်ဆိုင်ရသည့်အခါ၌ သူမသည် ပုံမှန်မဟုတ်စွာ ထိလွယ်ရှလွယ်ဖြစ်လာပြီး ကြွားဝါလိုစိတ်ကို မတောင့်ခံနိုင်ဘဲ အထင်သေးခံရမည်ကို ကြောက်ရွံ့နေမိသည်။ နောက်ပိုင်း၌ ဤအခြေအနေက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနည်းခြင်းဟု ခေါ်ကြောင်း စုရွှင်းတစ်ယောက် သဘောပေါက်သွား၏။

သူတို့၏ ပထမဆုံးတွေ့ဆုံမှုကဲ့သို့ပင်။

ပူပြင်းသော နွေရာသီနေ့တစ်နေ့၌ ပထမနှစ်ကျောင်းသားသစ်အုပ်စုတစ်စု၊ ဆူညံသော ပုစဉ်းရင်ကွဲများ၏ တီတီတာတာအော်မြည်သံ၊ လင်းထိန်နေသည့် စာသင်ခန်းနှင့် လူအုပ်ထဲတွင် ထင်ရှားနေသည့် ၁၁ နှစ်အရွယ် မိန်းကလေးတစ်ဦး…. ယွမ်လော့ရီ။

သူမကို အဝေးမှ စိုက်ကြည့်ရင်း စုရွှင်းသည် “အား၊ သူက အရမ်းချစ်စရာကောင်းတာပဲ” ဟု မတွေးဘဲမနေနိုင်ခဲ့ပေ။

ချက်ချင်းပင် ပြင်းထန်သော ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းခြင်းက သူမကို လွှမ်းခြုံသွား၏။ စုရွှင်းမှာ ထိုသို့သော ချစ်စရာကောင်းမှုကို ဘယ်သောအခါမှ မပြုလုပ်နိုင်ကြောင်း သိသည်။ သူမသည် သူမမိခင်၏ ကြိမ်လုံးဖြင့် ပုံသွင်းရိုက်နှက်ခြင်းခံခဲ့ရသည့် ‘မိန်းကလေးအတု’ တစ်ဦးပင်။

သူမ မိခင်၏ ဒေါသတကြီး ဆူပူကြိမ်းမောင်းသံက စုရွှင်း၏ ကလေးဘဝတစ်ခုလုံးကို ပဲ့တင်ထပ်နေခဲ့သည်။

“ဘာလို့ ဒီလောက် ဒုက္ခလေးကိုတောင် မခံနိုင်ရတာလဲ”

“နင်ဒီလိုနဲ့ ယွမ်မိသားစုရဲ့ သမီးကို အနိုင်ယူနိုင်မှာလား၊ နင် စုမိသားစုကို နောက်တစ်ခါ အရှက်ရစေမှာလား”

“ငါ့မိဘတွေကို ယွမ်မိသားစုက သတ်ခဲ့တာ အဲတုန်းက ငါအသက် ၁၈ နှစ်ပဲရှိသေးတယ်၊ ငါကျောင်းထွက်ပြီး အကြွေးဆပ်ဖို့ နိုက်ကလပ်တွေမှာ သီချင်းဆိုခဲ့ရတယ် တစ်ချိန်တည်းမှာ ငါ့ညီမရဲ့ပညာရေးကိုလည်း ထောက်ပံ့ခဲ့ရတယ်”

“နင့်ကိုမွေးပြီးတော့ နင့်ကို ဘဲလေးသင်တန်းတက်ခိုင်းဖို့အတွက်နဲ့ ငါတစ်နေ့ကို အလုပ်သုံးခုလုပ်ခဲ့ရတာ”

“ဘာလို့ငိုနေတာလဲ နင့်မှာငိုပိုင်ခွင့်ရှိလို့လား၊ ငိုသင့်တာက ငါပါဟဲ့”

“နင်ငါ့အပေါ် မျှမျှတတရှိရဲ့လား”

ထို့ကြောင့် မူးနေသည့် မိခင်သည် ထိန်းချုပ်မှုလွတ်သွားပြီး ရိုက်နှက်ရန် ဘီယာပုလင်းခွံတစ်လုံးကို ဆွဲကိုင်လိုက်တိုင်း စုရွှင်း ရှောင်တိမ်းမည်မဟုတ်ပေ။ ပုလင်းသည် သူမ၏ ခေါင်းနှင့် ရိုက်မိကာ ကွဲကြေသွားပြီး နဖူးမှ သွေးများ တစက်စက်ကျလာသော်လည်း သူမငိုမည်မဟုတ်ပေ။

စုရွှင်းသည် မျက်နှာသစ်၊ သွေးများကို သန့်ရှင်းရေးလုပ်၊ ပတ်တီးစည်း၊ အခန်းထဲမှ ရှုပ်ပွနေသည်များကို ရှင်းလင်း၊ သူမ၏ အိပ်ပျော်နေသော မိခင်ကို စောင်ခြုံပေးပြီးနောက် စိတ်ခံစားမှုကင်းမဲ့စွာဖြင့် ကျောပိုးအိတ်ကို လွယ်ကာ သူမ၏ သင်္ချာသင်တန်းသို့ သွားခဲ့၏။

ဆရာများ၊ အတန်းဖော်များနှင့် တွေ့ဆုံသောအခါ စုရွှင်းသည် သူမ၏ မိခင် တောင်းဆိုသည့်အတိုင်း စံသတ်မှတ်ထားသော မိန်းကလေးဆန်သော အပြုံးတုတစ်ခုကို ဆင်မြန်းတတ်သည်။

သူမ၏ မိခင်က ပြော၏။

“ယောက်ျားတွေက အားကောင်းတဲ့မိန်းမတွေကို မကြိုက်ဘူး၊ နင်က အမြဲတမ်း အမျိုးသမီးတစ်ယောက်လို ညင်သာပြီး ကျက်သရေရှိရမယ်”

“ဒါက နင့်အတွက်ပဲ၊ တစ်နေ့နေ့မှာ နင်ကနာမည်ကြီးကျော်ကြားသူတစ်ယောက်ဖြစ်

လာပြီး ထိပ်တန်းအထက်တန်းလွှာတစ်ယောက်နဲ့ လက်ထပ်ရမှာ”

“ငါနင့်အတွက် လမ်းခင်းပေးထားပြီးပြီ နင့်အဒေါ်က အခု Star Galaxy အလယ်တန်းကျောင်းမှာ အင်္ဂလိပ်စာဆရာမဖြစ်နေပြီ၊ အတန်း A ရဲ့ အတန်းပိုင်ဆရာမလည်းဟုတ်တယ် သူက ငါ့ကို ပိုပြီးဩဇာရှိတဲ့မိသားစုတွေနဲ့ ဆက်သွယ်ဖို့ ကူညီပေးလိမ့်မယ်”

“အရင်းအမြစ်အားလုံးကို နင့်အပေါ်မှာ ရင်းနှီးမြှုပ်နှံထားတယ်၊ ငါ့ကို စိတ်ပျက်အောင်မလုပ်နဲ့”

“နင်အောင်မြင်သွားရင် စုမိသားစုက ယွမ်မိသားစုကို လက်စားချေဖို့ အင်အားရှိလာမှာ”

ဤသို့သော မိသားစုတွင် မွေးဖွားလာသည့် စုရွှင်းမူ ယွမ်လော့ရီအား မုန်းတီးသင့်သော်လည်း မမုန်းတီးခဲ့ပေ။

ဖိအားများ အလွန်များပြားလာပြီး စုရွှင်းအိမ်သာထဲတွင် အန်နေမိသည့်အခါတိုင်း သူမ အနီးအနားရှိ အိမ်သာခန်းမှ မှိန်ဖျော့ဖျော့ ရှိုက်သံကို ကြားရတတ်သည်။ ထိုအသံမှာ ယွမ်လော့ရီ၏ ငိုသံဖြစ်၏။

အခန်းနံရံနားသို့ ဂရုတစိုက် ချဉ်းကပ်ပြီး နားကပ်ထားလိုက်သောအခါ၌ စုရွှင်းမှ ယွမ်လော့ရီ၏ ကြေကွဲဖွယ်ဝမ်းနည်းစွာ ငိုနေခြင်းကို ကြားနိုင်သည်။

မယုံနိုင်စွာပင် စုရွှင်းတစ်ယောက် စိတ်သက်သာရာရသွား၏။

ဒါဆို သူလည်း ဟန်ဆောင်နေတာပဲ။

ငါတို့ သူငယ်ချင်းဖြစ်လာနိုင်သေးတယ်။

All Chapters