အခန်း (၇၂)
Vol. 8 Ch. 72
ယွမ်လော့ရီနှင့် သူငယ်ချင်း ဖြစ်ရန်မှာ စုရွှင်း၏ အဖြစ်ချင်ဆုံးဆန္ဒ ဖြစ်လာသည်။
သူမ၏ မိခင်သာ သိပါက သူမကို ရိုက်နှက်မည်မှာ သေချာသော်လည်း သူမစမ်း၍ ပေါင်းကြည့်ရန် စိတ်အားထက်သန်နေခဲ့၏။
သူမ ပုန်ကန်ချင်နေသော အချိန်ကာတစ်ခုသို့ ရောက်နေသောကြောင့် ဖြစ်ပေလိမ့်မည်။ မကြာခင်မှာပင် စုရွှင်းမှာ အခွင့်အရေးတစ်ခုကို တွေ့လိုက်ရလေသည်။
သူမ ယွမ်လော့ရီကို စင်္ကြံလမ်းကြား၌ တားလိုက်ပြီး ခေါင်းကို မာနကြီးစွာ မော့ရင်း ပြောလိုက်၏။
"နင် အမြဲ တစ်ယောက်တည်းပဲ နေနေတာ ငါ နဲ့ သူငယ်ချင်း မလုပ်ချင်ဘူးလား၊ ငါ နင့်ကို သန့်စင်ခန်းတို့ ကန်တင်းတို့ တူတူလိုက်ပေးမယ်၊ အားကစား လှုပ်ရှားမှုတွေမှာတောင် နင်နဲ့ အဖွဲ့ဖွဲ့ပေးနိုင်တယ်”
"မလိုဘူး"
ယွမ်လော့ရီသည် စုရွှင်း ၏ ဖိတ်ခေါ်မှုကို မဆိုင်းမတွ ငြင်းပယ်ခဲ့သည်။
"ခရက်ခ်ျ”
စုရွှင်း ဂရုတစိုက် ကာကွယ်ထားသော သူမ၏ မာနမှာ အပိုင်းပိုင်း အစစ ကွဲကြေသွားခဲ့ရလေ၏။
သူမမှာ စုမိသားစုကို သစ္စာဖောက်ရန် မတွန့်ဆုတ်ဘဲ ရှိသမျှ အင်အားများကို စုစည်းခဲ့၍ ဖိတ်ခေါ်ခဲ့သော်လည်း သူမ၏ ဖိတ်ခေါ်ချက်မှာ ယွမ်လော့ရီအတွက် နားမလည်နိုင်စရာတစ်ခုသာ ဖြစ်နေပုံရသည်။
ထို့ကြောင့် စုရွှင်းမှာ အတန်း Aရှိ ကျောင်းသား/သူများကို စုစည်းပြီး ယွမ်လော့ရီအား အထီးကျန်ခြင်း၏ အရသာကို ခံစားစေခဲ့၏။ အရာအားလုံးက အလွန်ချောမွေ့ခဲ့ပြီး ပြီးပြည့်စုံသော လိုက်ဖက်မှုပင်။
အတန်း A ရှိ ကျောင်းသား/သူ အများစုမှာ အထက်တန်းလွှာ မိသားစုများမှ ဆင်းသက်လာကြသူများဖြစ်လေသည်။
သူတို့သည် အပြင်ပန်းတွင် ယွမ်မိသားစုကို ယဉ်ကျေးစွာ ဆက်ဆံသော်လည်း အတွင်းစိတ်၌ မကျေနပ်ချက်များ ရှိနေကြပြီး ထိုနေရာကို အစားထိုးချင်နေကြသူများပင်။
စုရွှင်း၏ ဖိတ်ခေါ်မှုမပါဘဲနှင့်တောင် သူတို့ ယွမ်လော့ရီကို အေးစက်စွာ ဆက်ဆံကြပေလိမ့်မည်။
မည်သို့ပင်ဆိုစေကာမူ ဤကဲ့သို့သော အထီးကျန်ခြင်းမျိုးက အသက်အရွယ်မရွေး ခံစားတတ်ကာ ယွမ်မိသားစုမှာ ကလေးများကို ယွမ်လော့ရီနှင့် ခင်မင်ရန် အမှန်တကယ် အတင်းအကျပ် လုပ်ခိုင်းနိုင်မည် မဟုတ်ပေ။
အတန်း A ၏ အတန်းပိုင်ဆရာမ ဖြစ်သော ဆရာမစုသည်လည်း ယင်းကို မျက်ကွယ်ပြုထားခဲ့၏။
သူမသည် ဝင်ငွေကောင်းသော ဘာသာပြန် ရာထူးကို စွန့်လွှတ်ပြီး Star Galaxy အလယ်တန်းကျောင်းတွင် ဆရာမ ဖြစ်လာခဲ့ရခြင်း၏ အကြောင်းရင်းမှာ အထက်တန်းလွှာများကို သိကျွမ်းရန်နှင့် ယွမ်မိသားစု၏ ကလေးများကို နှိမ်နင်း ရန်အတွက်ပင်။
စုမိသားစုသည် ပြင်းထန်သော ထိုးနှက်ချက်တစ်ခုကို ခံစားခဲ့ရပြီးနောက် အသက်ရှင်ကျန်ရစ်သူ မိသားစုဝင်များအားလုံး စည်းလုံးကြပြီး မည်သည့် အဖိုးအခပင် ပေးရစေကာမူ ယွမ်မိသားစုအား လက်စားချေရန် ဆုံးဖြတ်ခဲ့ကြသည်။
မိသားစု စုဝေးပွဲများတွင် လူကြီးများက စုရွှင်းကို ဘေးသို့ ဆွဲခေါ်ကာ အတိတ်၌ သူတို့ ခံစားခဲ့ရသော ဆင်းရဲဒုက္ခ များအကြောင်းကို မကြာခဏ ပြန်ပြောပြလေ့ရှိ၏။
"ငါတို့ လှည့်ပတ် သွားခဲ့ရပြီး အလုပ်ကြမ်းတွေ လုပ်ခဲ့ရတယ်၊ အနိုင်ကျင့်တာတွေလည်း ခံခဲ့ရတယ် ဆင်းရဲတာ၊ ဖျားတာ တွေနဲ့ ရုန်းကန်ခဲ့ရတယ်၊ ဘယ်တုန်းကမှ တောက်ပတဲ့ အနာဂတ်ဆိုတာမျိုး မရခဲ့ကြဘူး"
"ဒါပေမဲ့ သမီးရဲ့ အမေက ထူးခြားတဲ့ ကလေး တစ်ယောက်ပဲ၊ ကောင်းကင်ပေါ်က နတ်သက်ကြွေလာတဲ့ နတ်သမီးလေးလို ချိုမြနေတဲ့ အသံ နဲ့ အမြဲပြောင်းလဲနေတဲ့ သူ့ရဲ့ သီချင်းဆိုဟန်တွေကြောင့် ဘားလ်မှာဆိုတဲ့ အဆိုတော် တစ်ယောက်ကနေ စူပါစတား ဖြစ်လာခဲ့ပြီး စုမိသားစုကို ပြန်လည် ထူထောင်နိုင်ခဲ့တာ”
"သမီးက သူ့ရဲ့ သွေးသားပဲ သမီးအမေရဲ့ အားသာချက် တွေကို အပြည့်အဝ အမွေဆက်ခံ ထားတာ၊ သမီးကပဲ ဒီ မိသားစုကို အဆင့်အတန်းအသစ် တစ်ခုဆီ ခေါ်ဆောင်သွားတဲ့သူ ဖြစ်လာလိမ့်မယ်”
ထိုအချိန်မျိုးတွင် စုရွှင်း တိတ်ဆိတ်သွားတတ်သည်။
တကယ်တမ်းတွင် လူကြီးများမှာ သူတို့၏ စိတ်ခံစားချက်များကိုသာ ပြောပြနေတတ်ကြပြီး အငယ်တစ်ယောက်အနေနှင့် သူ့တွင် ပြန်ပြောပိုင်ခွင့်မရှိချေ။ အဘယ်ကြောင့်ဆိုသော် စုရွှင်း၏ ထင်မြင်ယူဆချက်များမှာ အရေးမပါသောကြောင့်ပင်။ မည်သူမျှလည်း ထိုအရာများအား နားထောင်ပေးမည်မဟုတ်သည့်အပြင် ဂရုစိုက်ကြမည်လည်း မဟုတ်ပေ။
သူတို့သည် ယနေ့ စုရွှင်းမှ ယွမ်လော့ရီအား အနိုင်ကျင့်နိုင်ခဲ့ရဲ့လား ဟူသည့် အကြောင်းအရာများကိုသာ ဂရုစိုက်ကြခြင်းပင်။
ဤ ကျောင်းပြိုင်ပွဲအတွက်လည်း သူတို့အနေဖြင့် အထူး ရင်းနှီးမြှုပ်နှံခဲ့ကြ၏။
ချမ်းသာသော သူများက ပိုက်ဆံထည့်ကာ စုရွှင်းအတွက် ပရိသတ်ဝယ်ရန် ကူညီခဲ့ကြသည်။
[T/N- ရေတပ်ဝယ်သလိုပဲ]
အာဏာရှိသူများက စုရွှင်းကို လူသိရှင်ကြား ကြော်ငြာရန် ကူညီခဲ့ကြ၏။
သူမ မိခင်မှာ သူမ(မေမေစု)၏ အသိမိတ်ဆွေးများထံမှ အဆက်သွယ်မှုများကိုပင် အသုံးပြု၍ ဖွင့်ပွဲ အခမ်းအနား၏ အဓိကနေရာကို စုရွှင်းအတွက် ရရှိအောင် လုပ်ပေးခဲ့သည်။
သို့သော် စုရွှင်းက သူတို့အား စိတ်ပျက် စေခဲ့၏။
ယွမ်လော့ရီမှာ ရှေ့ရောက် နေပြီး မိသားစုဝင်များ၏ ကျိန်ဆဲသံ များက မရပ်မနားကြားနေခဲ့ရသည်။
သူမ အားလုံးကို အဆုံးသတ်ချင်ခဲ့၏။ ထို့ကြောင့် ဟယ့်ရားမှ သူမကို လူလိမ်ဟု စွပ်စွဲသောအခါ၌ မငြင်းဘဲ တိုက်ရိုက် ဝန်ခံခဲ့ပြီး ကျောင်းထွက်ဖို့ပင် ဆန္ဒရှိခဲ့သည်။
ကံမကောင်းစွာဖြင့် မဖြစ်မြောက်ခဲ့ချေ။
သူမ မိခင်သည် အဆက်အသွယ်များကို အသုံးပြုပြီး သူမကို အတန်း C သို့ ပြောင်းရွှေ့ပေးခဲ့၏။
သူမ ယွမ်လော့ရီ နှင့် ဆက်လက် ယှဉ်ပြိုင် ရပေဦးမည်။
တစ်နေ့တွင် ယွမ်လော့ရီ အတန်းC၏ တံခါးဝသို့ ရောက်လာပြီးအတန်းခေါင်းဆောင် ယဲ့မင်ကို ရှာနေခဲ့သည်။
ယွမ်လော့ရီကို မြင်နေရလျှင် စုရွှင်း ပိုစိတ်တိုရသဖြင့် သူမအား အမြန် ထွက်သွားစေချင်သောကြောင့် ယဲ့မင်ရှိသောနေရာ ကို ပြောပြလိုက်သောအခါ၌ ယွမ်လော့ရီမှ ပြောလာခဲ့၏။
"နင် အတန်း C ရောက်သွားတော့ သိပ်ပြီး မာနမထား တော့ဘူးပေါ့နော်"
စုရွှင်းက အော်ဟစ်လိုက်သည်။
"ထွက်သွားစမ်းပါ ငါ နင့်ကို မမြင်ချင်ဘူး”
"ငါလည်း အရင်က မာန်ထောင် ခဲ့ဖူးတယ် သိလား နင်နဲ့ ဆန့်ကျင်ဘက် ပေါ့လေ ဒါပေမဲ့ အဲဒါကို လျော့လိုက်တော့ ပိုပြီး ပေါ့ပါး သွားသလို ခံစားရတယ်၊ လူဆိုတာ တခြားသူတွေရဲ့ ထင်မြင်ချက် တွေကို အရမ်း ဂရုစိုက်လွန်းရင် ကိုယ့်ကိုယ်ကို ဆုံးရှုံး သွားတတ်ကြတယ်”
ဟမ့်!
သူက ဖြူစင်ဟန်ဆောင်တာ ရပ်လိုက်ရုံနဲ့ ရပြီလို ထင်နေတာလား။
ကိုယ့်ကိုယ်ကိုယ် ဆုံးရှုံးရမယ် ဟုတ်လား။
ငါ့မှာ ငိုဖို့ အခွင့်အရေးတောင် မရှိဘူး၊ ကိုယ့်ကိုယ်ကို ပိုင်ဆိုင်ဖို့ အခွင့်အရေးလည်းမရှိဘူး။
သို့သော် စိတ်တည်ငြိမ်သွားပြီးနောက် စုရွှင်းမှာ ရုတ်တရက် အသိဝင်သွားခဲ့သည်။
ယွမ်လော့ရီသည် ရုတ်တရက် သူမ လက်လှမ်း၍ မမှီနိုင်သောသူ ဖြစ်သွား၏။
သူမ ယခုအတိုင်းပင် ဆက်သွားနေပါက မည်သည့်အခါမျှ ယွမ်လော့ရီအား အနိုင်ရမည်မဟုတ်။
အကုန်လုံးကို ပုံအော လိုက်တာ ပိုကောင်းမယ်။ ယွမ်လော့ရီ ကို မနိုင်ရင်တောင် စည်းကမ်းမရှိဘူးဆိုတဲ့ ပုံရိပ်ကြီးကြောင့် မေမေက သေချာပေါက် ကျောင်းထုတ်မှာပဲ။
ထို့ကြောင့် စုရွှင်း အလွန်အမင်း အံ့ဩသွားရသည်မှာ သူမ၏ စိတ်ပိုင်းဆိုင်ရာ ရှုပ်ထွေးမှုကို ဖြေရှင်းရန်မှာ ပျော်ရွှင်စွာ ရူးသွပ် လိုက်ခြင်းသည်သာ အဖြေဖြစ်နေ၏။
သူမ၏ မိခင်မှာ သူမ ထပ်ပြီး ရူးသွပ် သွားမည်ကို ကြောက်သောကြောင့် သူမအား မရိုက်တော့ချေ။
စုရွှင်းသည် ရုတ်တရက် အသက်ရှင်ရခြင်းမှာ အဓိပ္ပာယ်ရှ်ိလာပြီး ယုံကြည်မှု ပြန်ရလာခဲ့၏။
သူမ၏ နေ့စဉ် ဖျော်ဖြေမှုများမှာ အတန်းဖော်များကို လုပ်ကြံဇာတ်လမ်းများဖြင့် လိုက်စွပ်စွဲခြင်း ဖြစ်လာသည်။
သူမ၏ အရိုးစွဲနေသော အစား အရမ်းစားမိလျှင် အန်ထုတ်တတ်သည့် ရောဂါမှာလည်း ပျောက်ကင်းသွားခဲ့၏။
သူမအား ရှင်သန်ခြင်း၏အဓိပ္ပါယ်ကို သိစေခဲ့သော ယွမ်လော့ရီကို တကယ်ပင် ကျေးဇူးတင်သင့်သည်။
ယခုအခါ Star Galaxy အလယ်တန်းကျောင်း၏ ကန်တင်းနှင့် တတိယထပ်ရှိ ကင်မရာများသည် စုရွှင်းကိုသာ အဓိကထား၍ ချိန်ထားလေ၏။
သူမ၏ အကြည့်များမှာ ယွမ်လော့ရီ ပေါ်တွင် ရောက်နေသည်။
လွန်ခဲ့သော အသိပညာပြိုင်ပွဲတွင် စုရွှင်း ရှုံးနိမ့်ခဲ့သည်။ သို့သော် ယခုအခါ စုရွှင်း ပြန်လည်မွေးဖွားလာခဲ့ပြီဟု ခံစားနေရ၏၊
သူမ၏ ပုံစံအမှန်ဖြင့် ယွမ်လော့ရီ ကို ရင်ဆိုင်ချင်သည်။
သူမ အနိုင်ရချင်သည်။
စုမိသားစု အတွက် မဟုတ်ဘဲ သူမကိုယ်သူမ အတွက်ပင်။
ယွမ်လော့ရီအား သူမကဲ့သို့ အံ့ဩစရာကောင်းသော သူငယ်ချင်း တစ်ယောက်အား လက်လွတ်ခဲ့ရကြောင်း သိစေချင်သည်။
အစီအစဉ်တင်ဆက်သူ နာ့လန်သည် တတိယထပ်သို့ ရောက်လာကာ ကတ်တစ်ခု ထုတ်ယူပြီး ဖတ်ပြလေ၏။
"ချစ်ခင်ရပါသော ပရိသတ်များရှင့်၊ ပြိုင်ပွဲဟာဆိုရင် စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့်ဆီ ရောက်ရှိလာပါပြီ”
ဗုံသံ ပြင်းပြင်းတစ်ချက်မြည်လာပြီး ကန့်လန့်ကာ ဖြည်းဖြည်းချင်း ဆွဲဖွင့်လိုက်ချိန်တွင် ရွှေရောင်ခေါင်းလောင်း တစ်လုံး ပေါ်လာခဲ့သည်။
"ဒါက NASDAQ ခေါင်းလောင်း လို့ ခေါ်ပါတယ် ဒါကို တစ်ခါ တီးလိုက်ရင် ကုမ္ပဏီတစ်ခု တရားဝင် စာရင်းသွင်း လိုက်ပြီလို့ အဓိပ္ပာယ်ရပါတယ်၊ ဒါက ကုမ္ပဏီ တည်ထောင်သူ တွေကို ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုကြီး ဆောင်ကြဉ်းပေးပါလိမ့်မယ်”
"ဒီအခမ်းအနားဟာဆိုရင်ဖြင့် ၁၉၇၁ ခုနှစ်ကတည်းက စတင်ခဲ့တာဖြစ်ပြီး ဒီနှစ် ၂၀၈၃ အထိ ဆိုရင် ၁၁၂ နှစ် ရှိခဲ့ပြီ ဖြစ်ပါတယ်"
"ကျေးဇူးပြုပြီး ပြိုင်ပွဲဝင်နှစ်ဦးပ စမှတ်မျဉ်း မှာ ရပ်ပေးပါ၊ သေနတ်သံ ကြားတာနဲ့ အတားအဆီး တွေကို ဖြတ်ကျော်ပြီး မြန်မြန်ပြေးပါ၊ ဘယ်သူက ခေါင်းလောင်း ကို အရင် တီးနိုင်မလဲ တီးနိုင်တဲ့သူက သူတို့ရဲ့ ကုမ္ပဏီကို စာရင်းသွင်း နိုင်ပြီး အချမ်းသာဆုံးလူ ဖြစ်လာပါလိမ့်မယ်”
စုရွှင်း နားလည်သွားသည် ယခင်က ဉာဏ်စွမ်းပြိုင်ပွဲဖြစ်ပြီး ယခု ခွန်အားပြိုင်ပွဲ ဖြစ်လာခဲ့၏။
ယွမ်လော့ရီမှာ နူးညံ့သိမ်မွေ့သော်လည်း သူမတွင် ခွန်အား အသင့်တင့်သာရှ်ိသည်။
စုရွှင်းသည် န္ဓာကိုယ် ကြံ့ခိုင်မှု တွင် သိပ်မသန်မာသော်လည်း အကလေ့ကျင့် ထားသောကြောင့် ပျော့ပြောင်းပြီး သွက်လက်၏။ အတားအဆီးများကို ဖြတ်ကျော်ရာတွင် ပို၍ မြန်ဆန်ပေလိမ့်မည်။
သူ အနိုင်ရဖို့ အခွင့်အရေး ရှိသေးတယ်။
သူတို့နှစ်ဦးစလုံး စမှတ်မျဉ်း သို့ ရောက်လာပြီး စတင်ရန် အသင့်ဖြစ်နေ၏။ လူတိုင်း၏ အကြည့်များမှာ သူတို့နှစ်ဦး အပေါ်တွင် စူးစိုက်နေကြသည်။
"ဒိုင်း!”
သေနတ်သံ ထွက်ပေါ်လာသည်။
ယွမ်လော့ရီမှာ ချက်ချင်း ပြေးထွက် သွားခဲ့ပြီး စုရွှင်းသည်လည်း အနောက်မှ လိုက်ပါလာခဲ့၍ ပထမဆုံး အတားအဆီး နှင့် တွေ့သောအခါ၍ စုရွှင်းသည် သွက်လက်စွာ ခုန်ကျော်လိုက်ပြီး ယွမ်လော့ရီကို တဖြည်းဖြည်းချင်း မှီ လာလေ၏။
Screen ပေါ်တွင် ပြိုင်ဆိုင်မှုများ ပြင်းထန်နေသည်ကို မြင်နေရပြီး အချို့က ယွမ်လော့ရီကို အားပေးနေကြပြီး အချို့က စုရွှင်းကို အားပေးထောက်ခံနေကြ၏။
ပွဲကြည့်ပရိသတ်များမှာလည်း စိတ်လှုပ်ရှားစွာ ဟစ်အော် အားပေး နေကြသည်။
ယွမ်လော့ရီမှ ဒုတိယ အတားအဆီးကို ဖြတ်ကျော် ပြီးသောအခါ၌ စုရွှင်းမှာ သူမနှင့် ပို၍ပင် နီးကပ်လာ၏။
ထို့နောက် တတိယ တစ်ခုကို ရောက်လာခဲ့သည်။ စုရွှင်းမှ လက်လှမ်းလိုက်ရုံဖြင့် ယွမ်လော့ရီကို ဖမ်းဆုပ်၍ ရနိုင်ပြီဖြစ်သည်။
စတုတ္ထ တစ်ခုရောက်သောအခါ၌ သူမ ယွမ်လော့ရီနှင့် တန်းတူ ဖြစ်နေ၏။
ပဉ္စမ အတားအဆီးကို ရှင်းပြီးနောက် သူမ အနိုင်ရပေလိမ့်မည်။
"ဒင်-ချလင်း-ချလင်း”
ကျယ်လောင်သော ခေါင်းလောင်းသံ ထွက်ပေါ်လာလေ၏။
ယွမ်လော့ရီ၏ လက်မှာ ခေါင်းလောင်းပေါ်သို့ ရောက်သွားပြီ ဖြစ်သည်။
နာ့လန်မှ ကြေညာလိုက်၏။
"ယွမ်လော့ရီ NASDAQ ခေါင်းလောင်း ကို အောင်မြင်စွာ တီးနိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်၊ ကုမ္ပဏီကို စာရင်းသွင်း လိုက်နိုင်ပါပြီ ဒီဂိမ်းမှာ ကမ္ဘာ့ နံပါတ်တစ် ဘီလျံနာဟာ ယွမ်လော့ရီ ဖြစ်ပါတယ်”
ပွဲကြည့်ပရိသတ်များ၏ လက်ခုပ်သံနှင့် ဟစ်အော်သံများက မဆုံးနိုင်အောင် ဖြစ်နေ၏။
စုရွှင်း၏ စိတ်ထဲတွင် ဗလာဖြစ်နေတော့သည်။
သူမ ပြေးထားရသောကြောင့် မောဟိုက်နေခဲ့ပြီး တစ်ဖက်တွင် မောနေသော ယွမ်လော့ရီအား ကြည့်၍ မေးလိုက်၏။
"ဘာလို့ နင်ပဲ ထပ်ပြီး အနိုင်ရ ပြန်တာလဲ"
ယွမ်လော့ရီသည် သူမ၏ နီရဲနေသော လက် ကို စိုက်ကြည့်လျက်
"ငါ ထင်တာကတော့ တစ်ယောက်ယောက်က ငါ့ကို ငါက ဖမ်းဆုပ်ချင်တဲ့ အရာကို သေချာပေါက် ဖမ်းဆုပ်နိုင်တဲ့သူလို့ ပြောခဲ့လို့ နေမှာ အဲဒါကြောင့် တတ်နိုင်သမျှ ပြေးခဲ့တာ"
စုရွှင်း တိတ်ဆိတ်သွားသည်။ ထို့နောက် ခေါင်းကို စောင်းပြီး ပြုံးလိုက်၏။
သူမ ပြိုင်ပွဲတိုင်းတွင် အသက်စွန့်ကာ ယှဉ်ပြိုင်ရမည်လား။
သူမ တကယ်ပင် မပြိုင်နိုင်တော့ချေ။
စင်အောက်ရှိ မေမေစုမှာ ဒေါသထွက်နေသော်လည်း သူမ၏ လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်သို့ တင်ထားပြီး ဒေါသတကြီး အံကြိတ်နေ၏။
သို့သော် အရေးမကြီးပေ။ ယခုတစ်ကြိမ် ဒုတိယဆုမှာ ၁၅၀,၀၀၀ဖြစ်၏။ စုရွှင်းမှာ သူ့အတွက်သူ ထောက်ပံ့နိုင်ပြီး သူမ၏ မိခင်ကို နောက်ထပ် မလိုအပ်တော့ချေ။
စုရွှင်းမှ ထွက်သွားချင်သော်လည်း သတင်းထောက်များ ဝိုင်းရံလာလေသည်။
"စုရွှင်း ညီမလေးရဲ့ ဒီတစ်ခါ စွမ်းဆောင်ရည်က တကယ် အထင်ကြီးစရာပဲ၊ အနာဂတ်မှာ ဖျော်ဖြေရေးလုပ်ငန်း တွေ မှာ ဘယ်လို တိုးတက်အောင် လုပ်ဖို့ စီစဉ်ထားလဲ"
စုရွှင်းသည် ကင်မရာဘက်သို့ကြည့်၍ မျက်လုံးချင်း ဆုံလိုက်ပြီးနောက်
"ဖျော်ဖြေရေးလုပ်ငန်း အကြောင်း သမီးကို မမေးပါနဲ့၊ သမီးက အဲဒီအရာတွေကို အမုန်းဆုံးပဲ ထွက်သွားပေးကြပါ၊ သမီးက အနာဂတ်မှာ နက္ခတ်ဗေဒပညာရှင် တစ်ယောက် ဖြစ်လာမှာ”
စုရွှင်းသည် ကြောင်အ,နေသော သတင်းထောက်များ ကို တွန်းထုတ်ပြီး သူမ၏ ဆုငွေကို ရယူရန် ပျော်ရွှင်စွာ ထွက်သွားခဲ့၏။
တစ်ချိန်တည်းမှာပင် ချန်ပီယံ ဖြစ်သော ယွမ်လော့ရီမှာ စနစ်၏ အသံကို ကြားလိုက်ရသည်။
[ဒင်]
[စနစ်သတိပေးချက်: လွှမ်းမိုးမှု ၂၇၀ သို့ ရောက်ရှိသွားပြီ]
[အချိန်နောက်ပြန်ဆုတ်ခြင်း စွမ်းရည်ကို အသက်သွင်းလိုက်ပါပြီ]
[သဲလွန်စ စွမ်းရည်ကို အသက်သွင်းလိုက်ပါပြီ]
ယွမ်လော့ရီ၏ စိုးရိမ်ပူပန်နေသော နှလုံးသားမှာ နောက်ဆုံးတွင် ငြိမ်သက်သွားပြီ သူမ စွမ်းရည်နှစ်ခုကို တစ်ပြိုင်နက်တည်း အသက်သွင်းနိုင်ခဲ့၏။
အချိန်နောက်ပြန်ဆုတ်ခြင်းက သူမကို မေ့လဲ စေလိမ့်မည်။ ထို့ကြောင့် သူမ သိမ်းဆည်းထားမည်။
အခု သဲလွန်စ စွမ်းရည်ကို စမ်းကြည့်လို့ ရပြီပေါ့။
ယွမ်လော့ရီမှ ပြောလိုက်သည်။
“သဲလွန်စ စွမ်းရည် ကို အသက်သွင်း လိုက်ပါ"
[ဒင်]
[ပေါက်ကွဲမှု အမှုအတွက် သဲလွန်စများကို အောင်မြင်စွာ အသက်သွင်း လိုက်ပြီ]
လက်ရေး စာလုံးများ အစုလိုက်အပုံလိုက်ဖြင့် ယွမ်လော့ရီ၏ ရှေ့တွင် ရုတ်တရက် ပေါ်လာခဲ့၏။
ယွမ်လော့ရီ အချိန်အတော်ကြာအောင် စဉ်းစားပြီးနောက် သူမ ပေါက်ကွဲမှု အမှု၏ တကယ့် တရားခံအစစ်ကို မည်ကဲ့သို့ ဖမ်းရမည်ကို သိလိုက်ရသည်။