← Chapters

အခန်း (၇၃)

Vol. 8 Ch. 73

အခန်း (၇၃)

Vol. 8 Ch. 73

Star Galaxyအလယ်တန်းကျောင်းရှိ ကန်တင်း၌ ပရိသတ်တို့၏ စိတ်အားထက်သန်မှုများမှာ မပြယ်သေးဘဲ လက်ခုပ်သံမဆဲဘဲ ဆူညံနေလေ၏။

ပြိုင်ပွဲဝင်တို့၏ ထူးချွန်သော စွမ်းဆောင်ရည်များမှာ သူတို့ မျှော်မှန်းထားသည်ထက် အလွန်အမင်း ကျော်လွန်နေချေသည်။

ဆူညံလှုပ်ရှားနေသော အသံများကြား၌ ရိုက်ကူးရေးအဖွဲ့သားများက နေရာရှင်းလင်းကာ ဆုပေးပွဲအတွက် ပြင်ဆင်နေကြ၏။

သူတို့သည် အဆင့်သုံးဆင့်ရှိသော ဆုတံဆိပ်ခံစင်အားထုတ်၍ ယူဆောင်လာကြပြီး နေကြာပန်းစည်းများကို အောက်၌ စုပုံချထားကာ မီးရှူးမီးပန်းများကိုပင် ယူလာခဲ့ကြသည်။

စုရွှင်း၏ နှုတ်ခမ်းထက်တွင် မဲ့ပြုံးတစ်ခု ရှိနေ၏။

မီးရှူးမီးပန်းများမှာ အမြဲတစေ တောက်ပြောင်လှပသော အမှုန့်အမွှားများကို ထုတ်ပေးတတ်ပြီး ကြည့်ကောင်းသော်လည်း အဝတ်အစားပေါ်ကျလျှင် ရက်ပေါင်းများစွာတိုင်အောင် ဆေးကြော၍ မရတော့ပေ။

သူမသည် စုမိသားစုမှ ထွက်ခွာသည်နှင့် တစ်ယောက်တည်း နေတော့မည့်အပြင် ယခုမှစပြီး သူမ၏ အဝတ်များကို သူမကိုယ်တိုင် လျှော်ဖွပ်ရပေတော့မည်။

၎င်းမှာ အတော်ပင် ဒုက္ခများလွန်း၏။

သို့သော် ငွေကြေးအတွက်ဆိုလျှင်မူ သူမတွင် လုံလောက်စွာ ရှိပေသည်။

သူမ လူအုပ်ကြီးထံ ဝေ့ဝဲကြည့်လိုက်စဉ် ဒါရိုက်တာကျန်းကို တွေ့လိုက်သောကြောင့် လျှောက်သွားပြီး မေးလိုက်၏။

“ဒါရိုက်တာကျန်း သမီးရဲ့ ဆုကြေးငွေတွေကို အခု ယူလို့ရပြီလား”

ဒါရိုက်တာကျန်းက ပြန်မေးလေသည်။

“သမီး ကိုယ့်ဘာသာ ယူချင်လို့လား”

“ဟုတ်”

ဒါရိုက်တာကျန်းသည် ထပ်မံ၍ မေးလိုက်ပြန်၏။

“သမီးရဲ့ အသက်က ဘယ်လောက်ရှိပြီလဲ၊ ယွမ် ၁၅၀,၀၀၀ ဆိုတာ နည်းတာမဟုတ်ဘူး ဘယ်လိုလုပ်ပြီး သမီး ကိုယ့်ဘာသာ သိမ်းတတ်မှာလဲ၊ မနက်ဖြန်ကျရင် ဦးလေးတို့အဖွဲ့က ကျောင်းသားမိဘတွေဆီကို ဆုကြေးငွေတွေ တစ်ခါတည်း ခွဲပေးမှာ”

စုရွှင်းမှာ ပြန်လည် ချေပရန် ကြံရွယ်လိုက်စဉ် ရင်းနှီးသော ဒေါက်ဖိနပ်သံအား ရုတ်တရက် ကြားရလေ၏။

လှည့်ကြည့်လိုက်ရာ သူမ၏မိခင်သည် ရွှေရောင်အလယ်ကွဲ စကတ်အား ဝတ်ဆင်ထားပြီး လှပစွာ လျှောက်လှမ်းလာသည်ကို တွေ့လိုက်ရသည်။

မေမေစုမှာ ဒေါသထွက်နေသော အသံဖြင့် ပြောလာ၏။

“ဒါရိုက်တာကျန်း သူ့ကို ဘာပိုက်ဆံမှ မပေးနဲ့ ဒီကောင်မလေးက ကျွန်မကို တစ်နေ့လုံး ပြဿနာပဲရှာနေတာ၊ အင်တာဗျူးတောင် ကောင်းကောင်း မဖြေဘဲ ဘာတွေလုပ်နေသလဲ မသိဘူး၊ သူက တစ်နေ့တစ်ခြား ပိုပြီး စကားနားမထောင်တော့ဘူး”

စုရွှင်းက ပြန်ပြောလိုက်သည်။

“မေမေ၊ လူသားတွေ တိုးတက်ပြောင်းလဲလာရတဲ့ အကြောင်းအရင်းကလေ နောက်မျိုးဆက်တွေက ရှေးလူကြီးတွေရဲ့ စကားကို နားမထောင်လို့ဆိုတာကို မေမေ သိသင့်တယ်”

မေမေစုမှာ စုရွှင်းအား လက်ညှိုးထိုး၍ ဒေါသတကြီး တုန်ယင်လျက် သူမ၏သမီးအား ဆူပူရန် အသင့်ဖြစ်နေတော့သည်။

စုရွှင်းမှ ထပ်မံပြောလိုက်၏။

“အဲဒါ သမီးပြောတာ မဟုတ်ဘူး အင်္ဂလိပ်စာရေးဆရာ Maugham ပြောခဲ့တာ၊ မေမေ ဆူချင်ရင် သူ့ အုတ်ဂူဆီ သွားပြီး ဆူသင့်တယ် အင်္ဂလိပ်လို ပြောပြီး ဆူရင်တော့ ပို ကောင်းတာပေါ့ ဘာလဲဆိုတော့ နိုင်ငံခြားသားတွေက တရုတ်စကား နားမလည်ဘူးလေ”

“ပြီးတော့ ဒါရိုက်တာကျန်း သမီးအမေက ကုမရတော့တဲ့ အရက်ဂျိုး တစ်ယောက်ပဲ၊ သူ အရက်မူးပြီး သမီးကို ရိုက်နေတဲ့ ဗီဒီယိုတစ်ခု သမီးမှာရှိတယ် မေမေ့ကို အုပ်ထိန်းသူ အခွင့်အရေး ရုပ်သိမ်းပေးဖို့လည်း တရားဝင် လျှောက်ထားပြီးပြီ ”

“ဒါရိုက်တာကျန်း သမီးကို ဆုကြေးငွေပေးကို ပေးရမယ်၊ သမီး ကိုယ်တိုင် ရှာထားတာမလို့ အဲဒီပိုက်ဆံတွေကို စီမံခန့်ခွဲပိုင်ခွင့် သမီးမှာ ရှိတယ်၊ အဲဒါအပြင် စုမိသားစုကနေ ထွက်သွားပြီးရင် သမီး အသက်ရှင်ရပ်တည်ဖို့ အဲငွေတွေကို လိုအပ်တယ်”

ဒါရိုက်တာကျန်းမှာ စိတ်မသက်မသာ ဖြစ်နေပုံရ၏။

သူသည် ဤမိသားစု၏ အငြင်းပွားမှု၌ မပါဝင်လိုပေ။

ဒါရိုက်တာကျန်းမှ ပြောလိုက်သည်။

“ဟုတ်ပြီ ဦးလေး ကုမ္ပဏီရဲ့ ဥပဒေဌာနနဲ့ တိုင်ပင်ပြီး ဒီညမတိုင်ခင် သမီးကို အကြောင်းပြန်ကြားပ့ါမယ် ”

“ဟုတ်ကဲ့”

ဤဆုံးဖြတ်ချက်ကို ကြားလိုက်ရသောအခါ၌ မေမေစုသည် ဒေါသကြောင့် အသက်ရှူမဝဖြစ်၍ ရင်ဘတ်အား လက်တစ်ဖက်ဖြင့် ဖိကိုင်လျက် သူမ၏ ပုန်ကန်နေသော သမီးအား စိုက်ကြည့်နေတော့သည်။

စုရွှင်းမှာ အပြေးတစ်ပိုင်းဖြင့် ထွက်သွားလေ၏။

သူမ ဆုကြေးငွေအား သေချာပေါက် ရမည်ဆိုသည်ကို သိပေသည်။

ဒါရိုက်တာကျန်းမှ သူမ၏မိခင် ဂုဏ်သိက္ခာကို မထိခိုက်စေလိုသောကြောင့် ပို၍ သိမ်မွေ့သော တုံ့ပြန်မှုအား ရွေးချယ်လိုက်ခြင်း ဖြစ်ပေလိမ့်မည်။

သူမ၏ မူလနေရာသို့ ပြန်ရောက်သောအခါ၌ စုရွှင်းသည် ယွမ်လော့ရီအား တွေ့လိုက်ရ၏။

သူမသည် မှောင်ရိပ်ကျသော ထောင့်တစ်နေရာ၌ ပုန်းအောင်းနေပြီး အဝေးကို ငေးလျက် အတွေးနယ်ချဲ့နေသည်။

သူမက ချစ်စရာကောင်းသော ငါးကလေးတစ်ကောင်ပမာ သားရဲတိရစ္ဆာန်တို့အား ရှောင်ရှားရန် သန္တာကျောက်တန်းအတွင်း ပုန်းချင်နေသည့်အတိုင်းပင်။ ပတ်ဝန်းကျင်မှာ သက်သောင့်သက်သာ လွန်းသောကြောင့် အိပ်ငိုက်နသကဲ့သို့ ဖြစ်နေ၏။

သို့သော် ယွမ်လော့ရီမှာမူ

ယခင်က သူမ၏ ထူးချွန်သော စွမ်းဆောင်ရည်ကြောင့် သူမအား အင်တာဗျူးရန် စိတ်အားထက်သန်နေကြသည့် သတင်းထောက်များထံမှ ရှောင်တိမ်းနေခြင်းပင်။

ထို့အပြင် စုရွှင်းသည်လည်း ယွမ်လော့ရီမှာ သတင်းထောက်များနှင့် အချိန်ဖြုန်းရသည်ကို မနှစ်သက်ကြောင်းကို သိရှိပေသည်။

သူတို့ နှစ်ယောက်၏ အကြည့်များမှာ လေထဲ၌ မမျှော်လင့်ဘဲ ဆုံမိသွားပြီး ခဏတာ တိတ်ဆိတ်ပြီးနောက် စုရွှင်းမှ သူမ၏ မေးစေ့အား မာနကြီးစွာ မော့လိုက်ပြီး အရင် စကားစလိုက်၏။

“နင် ငါ့ကို သူငယ်ချင်း မလုပ်ချင်ဘူးဆိုပြီး ခဏ ခဏ ငြင်းခဲ့တာလေ၊ အခုတော့ ငါနဲ့ သူငယ်ချင်း မဖြစ်ခဲ့ရလို့ နောင်တရနေပြီမလား”

ယွမ်လော့ရီက သူမ၏ မျက်လုံးများအား အောက်ချကာ ခဏမျှ စဉ်းစားနေခဲ့သည်။

ပြိုင်ပွဲနယ်ပယ်တွင် အလွန် အာရုံစူးစိုက် ထားခဲ့ရသောကြောင့် ပတ်ဝန်းကျင်မှ အားပေးသံများကို သူမ အမှန်တကယ် မကြားနိုင်ခဲ့ပေ။

သူမ၏ ကမ္ဘာတစ်ခုလုံး၌ ပန်းဝင်မျဉ်းနှင့် သူမ၏ဘေးမှ လိုက်ဖမ်းနေသော စုရွှင်းသာ ရှိနေခဲ့ချေသည်။

သူတို့နှစ်ဦးမှာ ပြိုင်ဘက်များ ဖြစ်နေကြသော်လည်း တစ်ခါတစ်ရံ၌ သူတို့၏ အတွေးများကို တစ်ယောက်ကိုယ်တစ်ယောက် နားလည်နိုင်သော တစ်စက္ကန့် သို့မဟုတ် နှစ်စက္ကန့်မျှသော အချိန် အမြဲ ရှိနေတတ်၏။

ထို့အပြင် စုရွှင်းဟည်လည်း ပြောင်းလဲသွားချေပြီ။

သူမသည် ဟန်ဆောင်မနေတော့ဘဲ ယခင်ကကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်စရာလည်း မရှိတော့ပေ။

ယွမ်လော့ရီက ပြန်ဖြေလိုက်၏။

“နည်းနည်းတော့ နောင်တရမိတယ်”

ဤသို့ ရိုးသားပွင့်လင်းသော အဖြေကြောင့် စုရွှင်းမှာ အံ့အားသင့်သွားခဲ့ရသည်။

လှောင်ပြောင်သော စကားတချို့ကို ခံနိုင်ရည်ရှိရန်အတွက် သူမ ကြိုတင် ပြင်ဆင်ထားသော်လည်း ယခုမူ မည်သို့ တုံ့ပြန်ရမည်ကို မသိတော့ပေ။

သူမ၏ ဦးနှောက်မှာ အတွေးများအား တဖြည်းဖြည်းဖြင့် ပြန်လည် စုစည်းနေရသည်။

အနီးအနား၌ ဝေ့လည်ကြောင်ပတ် လုပ်နေသော စန်းကျွင်းရွှမ်မှာ စကားဝိုင်းထဲသို့ ဝင်ရောက်ရန် အခွင့်အရေးကို မြင်လိုက်ရ၏။

သူသည် စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်ကာ အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီး ယွမ်လော့ရီထံ လျှောက်သွားကာ စကားစလေသည်။

“ယွမ်လော့ရီ ငါ ဒီပြိုင်ပွဲမှာ တတိယရတယ်”

ယွမ်လော့ရီက တစ်ခွန်းသာ ပြန်ဖြေလေ၏။

“အို ဂုဏ်ယူပါတယ်”

ယွမ်လော့ရီ၏ တုံ့ပြန်မှုအား မြင်သောအခါ၌ စန်းကျွင်းရွှမ်သည် ရုတ်တရက် ပို၍ ယုံကြည်မှု ရှိလာသကဲ့သို့ ခံစားလိုက်ရ၏။ အဘယ်ကြောင့်ဆိုသော် သူသည် ရုပ်ရည်ချောမောပြီး ဆံပင်ရွှေရောင်နှင့် ကပြားကျောင်းသားလေးဖြစ်သည့်အပြင် Star Galaxy အလယ်တန်းကျောင်းတွင် လူကြိုက်အများဆုံး ယောက်ျားလေးတစ်ယောက်လည်းဖြစ်သည်။

အမြဲတမမး သူ့အား လက်ဆောင် ပေးရန်အတွက် မိန်းကလေးများမှာ တန်းစီနေကြဆဲပင်။

သူသည် ယခင်က ယွမ်လော့ရီအား အနိုင်ကျင့်ခဲ့ဖူးသော်လည်း စိတ်ရင်းမှန်ဖြင့် တောင်းပန်ခဲ့ပြီးဖြစ်၍ အချိန်လည်း လုံလုံလောက်လောက် ကုန်လွန်သွားခဲ့‌ချေပြီ။

ယွမ်လော့ရီမှ သူ့အား ခွင့်လွှတ်သင့်နေလောက်ပြီဖြစ်ပြီး

အခွင့်အရေးလည်း ရှိပေသည်။

သူတို့ ပြန်လည်သင့်မြတ်နိုင်ချေ ရှိသေးသည်။

စန်းကျွင်းရွှမ်၏ မျက်နှာပေါ်၌ တောက်ပသော အပြုံးတစ်ခု ပျံ့နှံ့သွား၏။

“ငါ့ရဲ့ အဘိုးက အရင်က ငွေကြေးပိုင်းနဲ့ ပတ်သက်ပြီး ငါ့ကို သင်ပေးဖူးတယ် ဒါကြောင့် ငါရတဲ့ ငွေတွေရဲ့ ၁၀% ကို ရွှေဝယ်စုတတ်တာက အကျင့်ဖြစ်နေတာ၊ ကံကောင်းတာက ရွှေဈေး တက်လာတဲ့အပြင် ငါ တတိယ ရလိုက်‌ သေးတာပဲ”

စုရွှင်းက သူမ၏ မျက်လုံးများကိုလှိမ့်လိုက်၏။

“စန်းကျွင်းရွှမ် အဲဒါ ကံကောင်းတာ မဟုတ်ဘူး ငါ့ရဲ့ ထူးချွန် ထက်မြက်တဲ့ ဉာဏ်လေးကြောင့်ပဲ၊ ငါအရမ်းတော်တော့ နင်က ငါ့ကို အမှီလိုက်‌နိုင်အောင် ကြိုးစားပြီး တတိယရခဲ့တာ တကယ့်ကို ကံကောင်းသူကြီးပါလား”

စန်းကျွင်းရွှမ်သည် စုရွှင်းမှာ မင်းသမီးလေးကဲ့သို့ ပြုမူနေသည်များ ပျက်ပြားသွားသည်ကို အချိန်အတော်ကြာကတည်းက ကြားဖူးထာခဲ့သည်။

အတန်း A မှ ယောက်ျားလေး အများအပြားသည် စုရွှင်းကို လောဘကြီးသော စုန်းမအဖြစ် ကျိန်ဆဲရင်း မျက်ရည်များ ကျနေကြလေ၏။

ယောက်ျားလေး အချို့မျာ မခံမရပ်နိုင်တော့ဘဲ ရှောင်လင် ဘုန်းကြီးကျောင်းသို့ သွားရောက်ကာ သာသနယ့ဘောင်သို့ဝင်ရန် စီစဉ်ခဲ့ကြသော်လည်း မိဘတို့၏ ဆူပူခြင်းကို ခံရပြီးနောက်တွင် လက်လျှော့ခဲ့ကြရသည်။

စုရွှင်း၏ ယနေ့ ပေါက်ကွဲလွယ်ပြီး စိတ်တိုတတ်သော အမူအရာကို မြင်သောအခါ၌ စန်းကျွင်းရွှမ်မှာ နေရခက်ကာ မသက်မသာ ခံစားလာရ၏။

သူသည် အမှန်တကယ် ပြန်ပြောပြစ်ချင်သော်လည်း ယွမ်လော့ရီ ရှေ့၌တွင် သူ၏ စိတ်ထားကောင်းပြီး ရက်ရောသော ပုံရိပ်အား ထိန်းသိမ်းထားလိုသည်။

စုရွှင်းက ယွမ်လော့ရီအား တစ်ချက်ကြည့်လိုက်ပြီးနောက် စန်းကျွင်းရွှမ်၏ ချွေးပြန်နေသော ပုံစံအား ကြည့်လိုက်ရင်းဖြင့် သဘောပေါက်သွားခဲ့၏။

“အာ အများကြီး စဉ်းစားမနေနဲ့ သူက နင့်ကို ယဉ်ကျေးမှုအရ ပြန်ပြောပေးနေတာ”

စုရွှင်းသည် ယွမ်လော့ရီ၏ ပခုံးအား ဖွဖွလေး ပုတ်၍ ပြောလိုက်သည်။

“သွားရအောင် ဆုပေးပွဲက စတော့မှာ”

သူတို့နှစ်ဦး ထွက်ခွာသွားကြပြီးနောက်တွင် စန်းကျွင်းရွှမ်မှာ စိတ်ပျက်အားငယ်စွာဖြင့် ခြေဆောင့်ကာ ကျန်ရစ်ခဲ့ရ၏။

ဝန်ထမ်းများက ခမ်းနားထည်ဝါသော စင်မြင့်အား ပြင်ဆင်ပြီးစီပြီဖြစ်၍ အစီအစဉ်တင်ဆက်သူ နာ့လန်သည် ဆုပေးပွဲကို တရားဝင် စတင်ကြောင်း ကြေညာလိုက်သည်။

ယွမ်လော့ရီမှာ ပထမ ရရှိပြီး ဆုကြေးငွေ ယွမ် ၃၀၀,၀၀၀ ဆွတ်ခူးရရှိခဲ့၏။

စုရွှင်းက ဒုတိယ ရရှိပြီး ဆုကြေးငွေ ယွမ် ၁၅၀,၀၀၀ ရရှိခဲ့သည်။

စန်းကျွင်းရွှမ်မှာ တတိယနေရာကို လွတ်လွတ်ကင်းကင်း ရယူနိုင်ခဲ့ပြီး ဆုကြေးငွေ ယွမ် ၁၀,၀၀၀ အားရရှိခဲ့ပေ၏။

အစပိုင်းတွင် ယွမ်လော့ရီမှာ ဝမ်းသာအားရ ဖြစ်နေခဲ့သော်လည်း ဒါရိုက်တာကျန်းမှ ငွေများကို သူမ၏ အစ်ကိုယွမ်ဖာ့ထံသို့ တိုက်ရိုက် လွှဲပြောင်းပေးမည်ဟု ပြောလိုက်သောအခါ၌ သူမ၏ အပြုံးများမှာ မှေးမှိန်သွားတော့၏။

နာ့လန်က အခန်းအနားပိတ်သည့်အနေဖြင့် ကြေငြာလိုက်သည်။

“လေးစားရပါသော လူကြီးမင်းတို့ရှင့် ဒီနေ့လေးမှာတော့ ကျွန်မတို့ရဲ့အစီအစဉ်က အောင်မြင်စွာ ပြီးဆုံးကြောင်း ကြေညာအပ်ပါတယ်ရှင့်၊ နောက်တစ်ကြိမ်မှာ ပြန်တွေ့ကြပါမယ်”

ပရိသတ်များမှာ ကျယ်လောင်သော လက်ခုပ်သံတို့ဖြင့် ဆူညံစွာ အားပေးနေကြပြီး screen ပေါ်မှ မှတ်ချက်ပေးချက်များမှာ မူးဝေစရာ ကောင်းလောက်အောင် ဖြစ်နေသည်။

မီးရှူးမီးပန်းများ ပြစ်ဖောက်လိုက်ကြပြီး တလက်လက်တောက်ပနေသော ပန်းပွင့်စက္ကူမှုန်တို့ ကြွေကျလာခဲ့၏။

အချို့သော အမှုန်အမွှားများသည် ယွမ်လော့ရီ၏ ဆံပင်တွင် ကပ်ညိသွားလေသည်။

ဆုပေးပွဲအပြီး၌ ယွမ်လော့ရီသည် သတင်းထောက်များကို ကျွမ်းကျင်စွာ ရှောင်တိမ်း၍ နောက်ဖေးတံခါးမှ ချောချောမွေ့မွေ့ ထွက်သွားကာ အတန်း D သို့ ပြန်ရောက်ခဲ့၏။

ခေါင်းပေါ်မှ အမှုန်အမွှားများ အားလုံးကို ရှင်းလင်းရန် သူမ အတော်ကလေး အချိန်ယူခဲ့ရသည်။

နေ့လယ်ပိုင်းတွင် လှုပ်ရှားမှု တစ်စုံတစ်ရာမှ မရှိတော့သည့်အတွက် အတန်း D တွင် စာသင်ချိန် မရှိခဲ့ပေ။

ယွိဟွားမှာ စားပွဲပေါ်၌ မောပန်းနွမ်းနယ်စွာ မှိန်းနေသည်။

“ငါ သင်္ချာပုစ္ဆာတွေ တွက်ရတာ အရမ်း စိတ်ဝင်စားခဲ့ပေမဲ့ အခုတော့ စိတ်ဝင်စားမှုတွေ ပျောက်ဆုံးနေသလိုလို တစ်ဝက်သေနေသလိုလို ခံစားရတယ်”

ယွမ်လော့ရီမှာလည်း သိပ်ပြီး အခြေအနေကောင်းသူ မဟုတ်ပေ။

သူမ အလုပ်များနေစဉ်၌ မောပန်းသည်ဟု မခံစားရသော်လည်း ယခု လှုပ်ရှားမှုများ ပြီးဆုံးသွားပြီဖြစ်ရာ သူမ၏ ဦးနှောက်မှ ဤမျှ တိုတောင်းသော အချိန်အတွင်း၌ သင်္ချာပုစ္ဆာများစွာ တွက်ခဲ့ရသည်ကို ပြန်သတိရသွားခဲ့သည်။

အလုပ်သပိတ်မှောက်ရန် အချိန်တန်လေပြီ။

သူမက ပျင်းရိစွာဖြင့် ညည်းတွားလေ၏။

“ငါတော့ မတူဘူး ငါ အခု အိပ်ရတာကို သဘောကျတယ် ချစ်တယ် ကြိုက်တယ်၊ အပန်းဖြေလို့ ကောင်းတဲ့ ခံစားမှုလေးပဲ အုတ်ဂူထဲမှာ ငြိမ်ငြိမ်သက်သက်လေး နေရသလိုမျိုး ”

ထို့ကြောင့် သူတို့နှစ်ဦးသည် နေ့လယ်ခင်းတစ်လျှောက်လုံး ပျင်းရိစွာဖြင့် ကုန်ဆုံးခဲ့ကြသည်။

ကျောင်းဆင်းသည့်အချိန်တွင် ရင်းနှီးသော ကားတစ်စီးမှာ ယွမ်လော့ရီ၏ ဘေးနားသို့ ရပ်လာသည်။ ကားတံခါး ပွင့်လာပြီးနောက် သူမ ဝင်လိုက်၏။

သူမ၏ အစ်ကိုယွမ်အောင်းမှ ပြုံးလျက်

“ဒီနေ့ ညီမလေး အရမ်းကြိုးစားခဲ့တာ မမောဘူးလား”

“လုံးဝ မမောပါဘူး အစ်ကိုကြီး သမီး အခု ကုမ္ပဏီကို လိုက်လို့ရပြီလား”

“ရတာပေါ့ ညီမလေး လိုက်ကြည့်ဖို့ ခေါ်သွားပေးမယ်”

ယွမ်လော့ရီမှာ တက်ကြွလာလေသည်။

ကျောင်းကိစ္စများအားလုံး နောက်ဆုံး၌ ပြီးဆုံးသွားခဲ့ပြီး ယခုမူ သူမတွင် လုပ်ဆောင်ရန် အလွန်အရေးကြီးသော အရာတစ်ခု ရှိနေ၏။

၎င်းမှာ သဲလွန်စများကို အခြေခံ၍ ပေါက်ကွဲမှု၏ တရားခံအစစ်ကို ဖမ်းဆီးရန်ပင်။

ဤဂဏန်းတို့၏ အစီအစဉ်၌ ပုံစံတစ်ခု ရှိနေသည်။ ၎င်းတို့သည် ခုနှစ်၊ လ၊ ရက်၊ အထပ်နံပါတ် နှင့် ထားရှိခဲ့သော ပေါက်ကွဲပစ္စည်း အရေအတွက်တို့ကို ကိုယ်စားပြု၏။

၎င်းသည် တရားခံအစစ် ရေးထားသော မှတ်စု ဖြစ်ကောင်းဖြစ်နိုင်သည်။

အချိန်နှင့် နေရာအလိုက် ကုမ္ပဏီ၏ စောင့်ကြည့်ကင်မရာမှတ်တမ်းတို့ကို စစ်ဆေးခြင်းအားဖြင့် ထိုသူကို ရှာဖွေတွေ့ရှိနိုင်ပေလိမ့်မည်။

All Chapters