← Chapters

အခန်း (၇၄)

Vol. 8 Ch. 74

အခန်း (၇၄)

Vol. 8 Ch. 74

ယွမ်မိသားစု၏ ကုမ္ပဏီသို့ ယွမ်လော့ရီမှာ ငယ်စဉ်ကတည်းက မကြာခဏ ရောက်ဖူးခဲ့သည်။

ထိုအချိန်က ဖေဖေယွမ်မှာ စီမံခန့်ခွဲမှု တာဝန်ယူခဲ့သူပင်။

သို့သော်လည်း ဖေဖေယွမ်သည် အမှုဆောင်အရာရှိချုပ် (CEO)ကောင်း တစ်ယောက် မဟုတ်ပေ။

သူသည် နေ့စဉ်နှင့်အမျှ လက်နက်အသစ်များအား သုတေသနပြုခြင်းကိုသာ စွဲလမ်းနေခဲ့ပြီး တစ်ခါတစ်ရံ ကုမ္ပဏီမှ ပျောက်သွားတတ်သေးသည်။

ကံကောင်းထောက်မစွာဖြင့် ယွမ်မိသားစု၏ အင်အားမှာ နှစ်ပေါင်း တစ်ရာကျော်တိုင်အောင် တည်ဆောက်ထားခဲ့ခြင်း ဖြစ်သောကြောင့် အလွန်ပင်ခိုင်မာလေ၏။

မေမေယွမ်တွင်လည်း လုပ်ငန်းဗဟုသုတ အချို့ရှိပေသည်။

ဝန်ထမ်းများသည် ဖေဖေယွမ်အား ရှာမတွေ့နိုင်သောအခါ၌ ကုမ္ပဏီ၏ အဓိက ဆုံးဖြတ်ချက်များအား ချမှတ်ရန်အတွက် မေမေယွမ်အား ရှာဖွေတတ်ကြ၏။

ထို့ကြောင့် မေမေယွမ်သည် ကလေးလေး ယွမ်လော့ရီအား ချီပိုးရင်း အရာအားလုံးကို တာဝန်ယူခဲ့ရသည်။

သူမ ခေါင်းခါ၍ သက်ပြင်းချလိုက်လေသည်။

“ကျွန်မရဲ့အရပ် နှစ်မီတာကျော်လောက် ရှည်တဲ့ယောက်ျားက အိမ်ကနေ ထပ်ပြီး ထွက်ပြေးသွားပြန်ပြီ၊ ကျွန်မ သူ့ကို နည်းနည်းလေး စိတ်အဆင်မပြေလို့ ဓားနဲ့ နှစ်ချက်လေး ထိုးလိုက်မိရုံပဲကို ဒါပေမဲ့လည်း အသက်အန္တရာယ်ဖြစ်စေနိုင် လောက်တဲ့ အင်္ဂါအစိတ်အပိုင်းတွေကို ရှောင်ပြီး ထိုးခဲ့တာမလို့ သေစေနိုင်လောက်အောင်လည်း မဖြစ်ပါဘူး၊ အသေးအမွှား ဒဏ်ရာလေးပဲဟာကို ငြိုငြင်ပြီး တစ်ညတည်းနဲ့ ထွက်ပြေးသွားရတယ်လို့”

“အား ဒါက အရမ်းကို စိတ်ရှုပ်စရာကောင်းလိုက်တာ”

“ဒီလိုမျိုး လင်မယားဆိုတဲ့ အရာက ကျွန်မအတွက် ဘာအဓိပ္ပာယ်ရှိသေးလို့လဲ၊ အခု ကျွန်မရဲ့ ယောက်ျားက ထွက်ပြေးသွားပြီ ပြီးတော့ ကျွန်မရဲ့ လွတ်လပ်ခွင့်တွေလည်း ဆုံးရှုံးရပြီ အဲဒါအပြင် ဒီ ပိုင်ဆိုင်မှုတွေအကုန်လုံးကို စီမံခန့်ခွဲဖို့လည်း အတင်းအကျပ် ခိုင်းခံနေရတယ်”

သာမန်လူတစ်ဦးဖြစ်သော ကလေးငယ် ယွမ်လော့ရီမှာ သူမ မိဘများ၏ ဆက်ဆံပုံအား နားမလည်သော်လည်း သူတို့သည် အမြဲတမ်း ချစ်ခင်ကြင်နာနေကြသူများဟုသာ ခံစားခဲ့ရသည်။

ဤအခြေအနေများမှာ သူမ၏ အစ်ကိုကြီးယွမ်အောင်း တရုတ်နိုင်ငံသို့ ပြန်မလာခင်အထိ ဆက်ဖြစ်နေခဲ့၏။

သူသည် ကုမ္ပဏီအား တာဝန်ယူခဲ့ပြီး စနစ်တကျ စီမံခန့်ခွဲခဲ့သည်။

ဝန်ထမ်းများက သူ့အား ကြောက်ရွံ့ကြသလို ‌လေးစားကြပေ၏။

ကုမ္ပဏီ၌ အဓိက ပြဿနာတစ်ရပ်နှင့် ကြုံတွေ့ရတိုင်း လူတိုင်းက ထိတ်လန့် တုန်လှုပ်နေကြသော်လည်း ယွမ်အောင်း ပေါ်လာသည်နှင့် လူတိုင်း အေးဆေးသွားကြစမြဲပင်။

သူ၏ အမိန့်အောက်၌ပင် ကိစ္စအမျိုးမျိုးကို စနစ်တကျ ကိုင်တွယ်ဖြေရှင်းကြ၏။

သို့သော်လည်း ဝန်ထမ်းများသည် ယွမ်အောင်းမှာ ပုံမှန်အားဖြင့် တင်းမာ၍ အလေးအနက်ရှိပြီး တည်ငြိမ်သည့်အပြင် ခပ်ဝေးဝေးနေတတ်သူ ဖြစ်သော်လည်း သူ၏ ညီမလေးနှင့် ရှိသည့် အခါတိုင်း သူ့ မျက်လုံးများမှာ နူးညံ့သွားတတ်သည်ကို သိထားကြသည်။

သိလိုစိတ်ကြောင့် ဝန်ထမ်း အများအပြားမှာ အွန်လိုင်းတွင် ရုပ်သံအစီအစဉ်များကို အထူးတလည် ရှာဖွေ၍ ယွမ်လော့ရီ၏ စွမ်းဆောင်ရည်များကို ကြည့်ရှုခဲ့ကြ၏။

ထိုအချိန်မှစ၍ သူတို့သည် ယွမ်လော့ရီ၏ ပရိသတ်များ ဖြစ်လာခဲ့ကြပြီး ပို၍ နက်နက်ရှိုင်းရှိုင်း စွဲလမ်းသွားခဲ့ကြလေသည်။

ယခုမူ ယွမ်အောင်းက သူ့ညီမလေးအား ကုမ္ပဏီသို့ ခေါ်ဆောင်လာခဲ့သည်။

ပုံမှန်ဆိုလျှင် ဤအချိန်သည် အလုပ်ချိန် ကျော်လွန်နေပြီဖြစ်သောကြောင့် လူတိုင်း အလုပ်ဆင်းသင့်ပြီ ဖြစ်သော်လည်း သူတို့မှာ ထွက်သွားခြင်း မရှိသေးပေ။

သူတို့သည် ယွမ်လော့ရီအား တွေ့သောအခါ၌ စိတ်လှုပ်ရှားစွာဖြင့် ပတ်ဝန်းကျင်အား ကြည့်ရှုလျက် ချီးကျူးနေကြ၏။

“ဘုရားရေ သူက အရမ်း ချစ်စရာကောင်းလိုက်တာ”

“အရင်တုန်းက ယွမ်ကတော် သူ့ကို ခ‌ဏခဏ ခေါ်လာဖူးတယ်မလား၊ အချိန်ကုန်တာ မြန်လိုက်တာ သူလေးတောင် ကြီးလာပြီ”

သူမ၏ အစ်ကိုကြီးယွမ်အောင်းနောက်မှ လိုက်ပါရင်း ယွမ်လော့ရီသည် ကုမ္ပဏီ၏ ဧည့်ခန်းမကြီးတစ်လျှောက် လျှောက်သွားခဲ့သည်။

ရှေ့တွင် ကြီးမားသော ခေါင်းနှစ်လုံးပါသော မြွေရုပ်တု တစ်ခု ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရ၏။

၎င်းသည် ယွမ်မိသားစုနှင့် ဤကုမ္ပဏီ၏ အမှတ်တံဆိပ်ပင် ဖြစ်ပေသည်။

ယွမ်မိသားစုသည် စက်မှုလုပ်ငန်းမျိုးစုံ၌ ကုမ္ပဏီ ရာပေါင်းများစွာ ပိုင်ဆိုင်သော်လည်း ဤနေရာသည် မျိုးဆက်များစွာ လက်ဆင့်ကမ်းလာခဲ့သော ဌာနချုပ်နှင့် အကြီးဆုံး၊ သက်တမ်းအရင့်ဆုံး ကုမ္ပဏီပင်။

၎င်းမှာ ဆေးဝါးလုပ်ငန်းတွင် ပါဝင်ပြီး ဆေးဝါးဆိုင်ရာ မူပိုင်ခွင့်များစွာလည်း ပိုင်ဆိုင်ထားသည်။

ပတ်ပတ်လည်ကို ကြည့်ရှုပြီးနောက် ယွမ်လော့ရီမှ ပြောလိုက်၏။

“အစ်ကိုကြီး သမီး စောင့်ကြည့်ရေးအခန်းကို သွားချင်တယ်”

“ဘာလို့ အဲဒီကို သွားချင်ရတာလဲ”

“ဘာပဲဖြစ်ဖြစ် အဲနေရာက သမီးရဲ့ ကိုကို အလုပ်လုပ်တဲ့ နေရာပဲလေ၊ ဒီက လုံခြုံရေးကို သမီး အတည်ပြုဖို့ လိုတယ်”

ယွမ်အောင်းက ခပ်ဖွဖွ ရယ်မောလိုက်ပြီး ယွမ်လော့ရီ၏ ခေါင်းကို ပွတ်သပ်ရန် လက်လှမ်းလိုက်သည်။

“ဒီမှာ အရမ်းကို လုံခြုံပါတယ်ကွာ၊ လူတွေ အကုန်လုံးက အထဲ ဝင်မယ်ဆိုရင် လုံခြုံရေး စစ်ဆေးမှုတွေ ဖြတ်သန်းရတယ် ပြီးတော့ မျက်ကွယ်နေရာ မရှိအောင် နေရာတိုင်းမှာ စောင့်ကြည့်ကင်မရာတွေ ရှိတယ်၊ မသင်္ကာတဲ့သူတွေကို အလိုအလျောက် စစ်ဆေးတဲ့ အေအိုင် စနစ် တစ်ခုလည်း ရှိတယ် သွားကြည့်ရအောင်”

သူတို့နှစ်ဦးသည် ဒုတိယထပ်ရှိ စောင့်ကြည့်ရေးအခန်းသို့ သွားကြပြီး ယင်းအခန်းသည် အဆောက်အအုံတစ်ခုလုံး၏ အချိန်နှင့်တစ်ပြေးညီ ရုပ်သံမှတ်တမ်းများကို ပြသနေသော screen မျက်နှာပြင်များဖြင့် ပြည့်နေ၏။

ဝန်ထမ်းနှစ်ဦးက သူတို့၏ အလုပ်တာဝန် ထမ်းဆောင်နေကြသည်။

ထိုဝန်ထမ်း နှစ်ဦးသည် ယွမ်အောင်းကို မြင်သောအခါ၌ အလျင်အမြန် ထရပ်ကြ၏။

ယွမ်အောင်းမှ ပြောလိုက်သည်။

“ငါ့ရဲ့ ညီမလေးက ဒီက လုံခြုံရေးစနစ်ကို သိချင်လို့ ငါ သူ့ကို ခေါ်လာပေးတာ”

သူတို့၏ ပရော်ဖက်ရှင်နယ် ကျသော နယ်ပယ်ကို စိတ်ဝင်စားသော ကလေးတစ်ဦးနှင့် တွေ့ဆုံရခြင်းမှာ သဘာဝအတိုင်းပင် ပျော်ရွှင်စရာ ဖြစ်သောကြောင့် ဝန်ထမ်းများသည် နွေးထွေးစွာ ပြုံးပြ‌ကြလေသည်။

“တီ တီ တီ”

ယွမ်အောင်း၏ ဖုန်းသံ မြည်လာပြီးနောက် သူ မျက်မှောင် အနည်းငယ် ကြုတ်လိုက်၏။

သူက ယွမ်လော့ရီအား တောင်းပန်လျက် ပြောလာသည်။

“ကိုကို ဖုန်း ပြောဖို့ အပြင် ခန ထွက်ဦးမယ်နော်”

ယွမ်လော့ရီ ခေါင်းညိတ်လိုက်ကာ ပြန်ပြောလေ၏

“ဟုတ်”

ယွမ်အောင်းမှာ အလျင်အမြန် ထွက်သွားခဲ့၏။

သူမ၏ အစ်ကိုကြီးသည် ကိစ္စများစွာကို စီမံခန့်ခွဲရသောကြောင့် အမြဲတမ်း အလုပ်များနေတတ်သူပင်။

ဝန်ထမ်းမှ မေးလာသည်။

“သခင်မလေး ဘာတွေ သိချင်တာပါလဲ”

“ဒီ လုံခြုံရေးစနစ်က သမီးအတွက် လူတစ်ယောက်ယောက်ကို ရှာပေးနိုင်လောက်လား”

“သခင်မလေးက အချက်အလက် အလုံအလောက် ပေးနိုင်သရွေ့ အဲလူကို ကျွန်တော်တို့ ရှာလို့ရပါတယ်”

ထိုရက်စွဲများကို ပြန်အမှတ်ရရင်းဖြင့် ယွမ်လော့ရီ

ပြေလိုက်ာလေသည်။

“သမီး ၁၉၈၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့က ပထမထပ်မှာ ရှိခဲ့တဲ့ တစ်ယောက်ယောက်ကို ရှာချင်တယ်ဆိုရင်ရော...”

ဝန်ထမ်း၏ လက်ချောင်းများသည် ကီးဘုတ်ပေါ်တွင် အလျင်အမြန် ပြေးလွှား၍ အချက်အလက်များအား ထည့်သွင်းလိုက်သည်။

ယွမ်လော့ရီက ဆက်၍ ပြော၏။

“၁၉၈၂ ခုနှစ်၊ ဇွန်လ ၃၀ရက်နေ့၊ ဇူလိုင် ၁၅ရက်နေ့၊ အောက်တိုဘာ ၈ ရက်နေ့၊ ဒီဇင်ဘာ၁ ရက်နေ့ အဲရက်တွေတုန်းကရောပဲ ပထမထပ်မှာ ရှိခဲ့တဲ့သူ”

“ချောက်!”

enter key ကို အားပါးတရ နှိပ်လိုက်သောအခါ၌ လူသုံးဦး၏ ဓာတ်ပုံများသည် မျက်နှာပြင်ပေါ်တွင် ပေါ်လာ၏။

ဝန်ထမ်းမှ ပြန်ဖြေလေသည်။

“ဒီလူ သုံးယောက်က သခင်မလေး ပြောတဲ့ အခြေအနေတွေနဲ့ ကိုက်ညီနေတာ အံ့သြစရာ မကောင်းဘူးလား၊ ခေတ်မီတဲ့ လုံခြုံရေးစနစ်က လူတွေကို ရှာဖွေဖို့ အရမ်း အဆင်ပြေလိုက်တာ”

ယွမ်လော့ရီ ငုံ့၍ ကြည့်လိုက်၏။ ထိုသုံးဦးစလုံးမှာ ယောက်ျားများ ဖြစ်ကြသော်လည်း ယွမ်လော့ရီ၏ အကြည့်သည် သန့်ရှင်းရေးလုပ်သား ကျောက်လဲ့ကိုသာ စိုက်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ကျန်သူများက အိတ်ဆွဲ၍ ပထမထပ်သို့ သယ်ဆောင်သွားခဲ့ကြသော်လည်း သူသည် ပေါက်ကွဲပစ္စည်းများကို အလွယ်တကူ ဝှက်ထားနိုင်သော သန့်ရှင်းရေး ယာဉ်ငယ်လေးကို မောင်းနှင်ခဲ့သောကြောင့်ပင်။

“ဒါဆို ဒီသုံးယောက်ထဲမှာ ဘယ်သူက ၁၉၈၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့မှာ ဒုတိယထပ်ကို သွားခဲ့တာလဲ”

“ချောက်”

အခြေအနေအား ထည့်သွင်း၍ enter နှိပ်ပြီးနောက် ဤတစ်ကြိမ်တွင် ကျောက်လဲ့၏ ဓာတ်ပုံတစ်ခုတည်းသာ မျက်နှာပြင်ပေါ်တွင် ပေါ်လာသည်။

ယွမ်လော့ရီ မှန်ကန်နေခဲ့၏။

သူသည် အသက် အတော်အသင့် ကြီးနေပြီ ဖြစ်ပြီး နားထင်၌ ဆံပင်ဖြူများ၊ မှုန်ဝါးနေသော မျက်လုံးများ နှင့် အရေးအကြောင်းများဖြင့် ဖုံးလွှမ်းနေသော မျက်နှာရှိပေသည်။

ဤ အသက်ကြီးသော သန့်ရှင်းရေးလုပ်သားမှာ နှစ်ပေါင်း ဆယ်နှစ်ကျော်တိုင်အောင် ပေါက်ကွဲပစ္စည်းများကို တစ်စတစ်စ ခိုးသွင်းခဲ့ပြီး ဤနေရာအား ဖျက်ဆီးရန်အတွက် အားလုံးကို ပြင်ဆင်ထားခဲ့ခြင်းပင်။

တရားခံအား ရှာတွေ့ခဲ့သော်လည်း ပြဿနာအသစ်တစ်ခု ပေါ်ပေါက်လာခဲ့၏။

အမှန်စင်စစ် ကြိုးကိုင်သူမှာ အမျိုးသမီးတစ်ဦး ဖြစ်ပေသည်။

ကျောက်လဲ့သည် သူမ၏ အသုံးချခံ နယ်ရုပ်သာသာ ဖြစ်သည်မှာ သေချာပြီး ကိစ္စ၏ အရင်းအမြစ်ကို ဖော်ထုတ်၍ တရားခံအစစ်ကို ထုတ်ဖော်ရန်မှာ လွယ်ကူမည် မဟုတ်ပေ။

ယွမ်လော့ရီသည် အစီအစဉ်တစ်ခု ချမှတ်ရန် အချိန် လိုအပ်ပေသည်။

ဝန်ထမ်းက မေးလာ၏။

“တခြား သိချင်တာများ ရှိသေးလား”

ယွမ်လော့ရီမှ ပြန်ဖြေလိုက်သည်။

“မရှိတော့ပါဘူး ကျေးဇူးတင်ပါတယ်”

ဝန်ထမ်းနှစ်ဦးက ပို၍ နွေးထွေးစွာ ပြုံးပြကြ၏။

ရိုးရှင်းသော နှုတ်ဆက်ခြင်းအပြီးတွင် ယွမ်လော့ရီ ထွက်လာခဲ့သည်။

စင်္ကြံလမ်း၌ အလုပ်ဆင်းသူ အနည်းငယ် ရှိသော်လည်း သူမ၏ အစ်ကိုကြီးယွမ်အောင်းကို မတွေ့ရချေ။

သူ ဘယ်နေရာကို သွားနေတာလဲ။

ဖြစ်ကောင်းဖြစ်နိုင်သည်မှာ ထိုဖုန်းသည် ကုန်သွယ်ရေး လျှို့ဝှက်ချက်များ ပါဝင်သော ဖုန်းခေါ်ဆိုမှု ဖြစ်ပြီး သူ အခြားသူများကို မကြားစေလိုသောကြောင့်ပင် ဖြစ်နိုင်၏။

ရှေ့သို့ ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ယွမ်လော့ရီသည် မီးသတ်ဗီရို တစ်ခုရှေ့၌ ရပ်နေကာ စာရေးကတ်ထူတစ်ခုပေါ်တွင် ဘောပင်ဖြင့် တစ်စုံတစ်ခု ရေးနေသော အမျိုးသားတစ်ဦးအား တွေ့လိုက်ရသည်။

သူ့ဘေးတွင် သန့်ရှင်းရေးလှည်းတစ်စီး ရှိနေ၏။

ယွမ်လော့ရီသည် ထိုလူမှာ ကျောက်လဲ့ဆိုသည်ကို မှတ်မိလေသည်။

ထိုအချိန်မှာပင် အထပ်တစ်ခုလုံးကို ဖြိုဖျက်ရန်အတွက် TNT trinitrotoluene ၁၀ ကီလိုဂရမ် လိုအပ်မည်ကို သူမ သဘောပေါက်လိုက်၏။

ထိုမျှ များပြားသော ပေါက်ကွဲပစ္စည်း ပမာဏသည် မည်သည့်နေရာ၌မဆို ထင်ရှားသော်လည်း မီးသတ်ဗီရို အသီးသီး၌ ထည့်ထားပါက လူတို့သည် ၎င်းကို အရေးပေါ်ပစ္စည်းများဟုသာ မှတ်ယူကြပေမည်။

ယွမ်လော့ရီသည် သတ္တိများ စုစည်းကာ ကျောက်လဲ့ထံ လျှောက်သွားလေ၏။

သူမ ကတ်ထူအား မြင်လိုက်ရပြီး ၎င်းတွင် ဂဏန်းများစွာ ပါသော စာကြောင်းရှည်တစ်ခု ရှိနေကာ ကျောက်လဲ့ ယခုပင် ရေးထားသည်မှာ “83.10.17L2.6TNT" ဖြစ်သည်။

ထိုအခါ၌ ယွမ်လော့ရီသည် ယနေ့ အောက်တိုဘာလ ၁၇ ရက်ဖြစ်ပြီး ယခင်က သူ ပေါက်ကွဲပစ္စည်း နှစ်ဆ စွန့်ပစ်ခဲ့သော်လည်း ယနေ့မူ ရုတ်တရက် ခြောက်ဆသို့ တိုးမြှင့်ခဲ့သည်ကို သတိရလိုက်၏။

ထိုအချိန်မှာပင် ကျောက်လဲ့လည်း ယွမ်လော့ရီအား သတိပြုမိသွားခဲ့သည်။

သူသည် အံ့အားသင့်စွာဖြင့် နောက်သို့ ဆုတ်လိုက်ပြီး မေးလာ၏။

“မင်း… မင်းက ယွမ်မိသားစုရဲ့ သခင်မလေး မဟုတ်လား၊ ဒီမှာ ဘာလုပ်နေတာလဲ ”

All Chapters