← Chapters

အခန်း (၇၅)

Vol. 8 Ch. 75

အခန်း (၇၅)

Vol. 8 Ch. 75

ယွမ်လော့ရီမှာ ကျောက်လဲ့နှင့် တိုက်ရိုက်စကားပြောရမည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

ထိုသူသည် ကြမ်းတမ်းသော ရာဇတ်သားတစ်ယောက်ဖြစ်ပြီး ဤနေရာရှိ လူတိုင်းအား သတ်ဖြတ်နိုင်သူဖြစ်၏။

သူမမှာမူ သူမ၏ မိသားစုကို ကာကွယ်ချင်သော ဆယ့်တစ်နှစ်အရွယ် ကလေးမလေးသာ ဖြစ်သည်။

ယွမ်လော့ရီသည် ချက်ချင်းပင် ဟန်ဆောင်လိုက်၏။

သူမ ပြန်တည်ငြိမ်လာကာ ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူမ၏ မျက်လုံးဝိုင်းကြီးများမှာ ကြည်လင်၍ တောက်ပနေကာ ဖြူစင်ပြီး အပြစ်ကင်းစင်ပုံ ပေါက်နေသည်။

သူမ၏ ခန္ဓာကိုယ်လှုပ်ရှားမှု အားလုံးက တစ်ဖက်လူကို သူမမှာ ချစ်စရာကောင်းသည့် ကောင်မလေး ဖြစ်သည်ဟု ထင်စေပြီး လုံးဝသတိလွတ် ဖြစ်သွားကြကာ သူမအား သကြားလုံးလေး ပေးရုံဖြင့် ပြန်လွှတ်နိုင်မည်ဟု ပြန်ပေးသမားများက ထင်သွားကြ၏။

ထိုနည်းလမ်းမှာ အလုပ်ဖြစ်ပြီး ကျောက်လဲ့၏ အမူအယာမှာ တည်ငြိမ်သွားသည်။ သူ ညှင်သာစွာ ထပ်မေး၏။

“သမီးဘာလို့ ဒီမှာ တစ်ယောက်တည်း ရှိနေရတာလဲ”

ယွမ်လော့ရီက ပြောလိုက်သည်။

“သမီးရဲ့ အစ်ကိုကြီးကို ရှာနေတာပါ”

ကျောက်လဲ့က ပြော၏။

“အစ်ကိုကြီးလား သမီးပြောချင်တာက ဥက္ကဋ္ဌယွမ်လား သူက ဟိုနားက ဖုန်းပြောခန်းမှာ ဖုန်းပြောနေတယ်”

ကျောက်လဲ့သည် ဘယ်ဘက်သို့ လက်ညှိုးထိုးပြကာ ယွမ်လော့ရီမှာ လှမ်းကြည့်လျက် ဖုန်းပြောခန်းများကို မြင်လိုက်ရပြီး ယွမ်အောင်းဖြစ်နိုင်လောက်မည့် အရပ်ရှည်ရှည် ပုံရိပ်မဲမဲကို တွေ့လိုက်ရ၏။

ယွမ်လော့ရီမှာ မသွားခဲ့ပေ။ သူမ သူနှင့် ဆုံပြီးပြီဆိုမှတော့ တတ်နိုင်သလောက် သူ့ထံမှ အသုံးဝင်သော အချက်အလက်များကို စုဆောင်းသင့်သည်။ သူမ ကျောက်လဲ့လက်ထဲရှိ ကဒ်အားစိုက်ကြည့်ရင်း ယဥ်ကျေးစွာ မေးလိုက်၏။

“ဦးလေး အဲဒါဘာလဲဟင်”

ရုတ်တရက် မေးခွန်းအမေးခံလိုက်ရသဖြင့် ကျောက်လဲ့မှာ မျက်မှောင်ကြုတ်သွားပြီး ပို၍ အိုမင်းသွားပုံပေါက်နေသည်။

ထိုကဒ်မှာ ဗုံးများအား ထားသည့် နေရာနှင့် ပေါက်ကွဲမည့် အချိန်အား မှတ်ထားသော ကဒ်ဖြစ်၏။ ထိုကလေး ယခုလေးတင် မမြင်သွားရန်သာ မျှော်လင့်သည်။

ယနေ့ အလုပ်မှာလည်း ပြီးပြီဖြစ်သောကြောင့် မေးခွန်းအား လျစ်လျှူရှု၍ ထွက်သွားခြင်းမှာ အကောင်းဆုံးဖြစ်မည်။

သို့ပေမဲ့ ယွမ်လော့ရီ၏ အပြစ်ကင်းစင်ကာ ချစ်စဖွယ်ကောင်းသည့် မျက်နှာလေးအား ကြည့်လိုက်ရင်း သူတုံ့ဆိုင်းသွားကာ သူ၏ နှလုံးသားထဲသို့ မှတ်ဥာဏ်များစီးဝင်လာပြီး သူ့အား အသက်ရှူကြပ်လာစေ၏။

သူအခြားသူများနှင့် နောက်ဆုံးအကြိမ် ပြောဆိုဆက်ဆံခဲ့သည်မှာ ကြာလှပြီပင်။

သွေးအေးသော မြွေမိသားစုကပင် ထိုကဲ့သို့ ချစ်စဖွယ်ကောင်းသည့် ကလေးမလေးအား မွေးထုတ်ပေးနိုင်သည်။

သူမကို ကြည့်ရသည်မှာ ယဉ်ကျေးမှုရှိ၍ ပုံမှန်အားဖြင့် ကောင်းမွန်ကာ နာခံတတ်သော ကလေးမလေး ဖြစ်မည့်ပုံပင်။

မသေချာ ဖြစ်နေပြီးနောက် သူ ကုန်းလိုက်ကာ ကဒ်ကိုထုတ်လိုက်ပြီး ပြောင်းပြန်လှန်ပြလိုက်၏။

ထိုအရာမှာ သုံးလေးနှစ် အရွယ် ကလေးမလေးအား ချီပိုးထားသည့် အမျိုးသမီးပုံဖြစ်ကာ နှစ်ဦးစလုံးမှာ ပြုံးနေကြသည်။

ကျောက်လဲ့က သက်ပြင်းချကာ ပြောလိုက်၏။

“ဒါက ဦးလေးရဲ့ ဆုံးသွားတဲ့ အမျိုးသမီးနဲ့ သမီးရဲ့ ပုံပဲ”

ထိုအမျိုးသားမှာ သူ၏ လူသတ်မည့် အစီအစဥ်အား သေဆုံးသွားသည့် ဇနီးနှင့်သမီး၏ ပုံကျောဘက်တွင် ရေးထားခြင်းကြောင့် အံ့ဩသွားခဲ့သည်။

သိပ်မဝေးသော နေရာမှ ယွမ်အောင်းမှာ ဖုန်းပြောပြီးသွားပြီဖြစ်၍ အပြင်ဘက်သို့ ထွက်ရန် ဖန်တံခါးအား တွန်းဖွင့်လိုက်၏။ ကြောက်လန့် ဝမ်းနည်းနေသော အကြည့်များမှာ ချက်ချင်းပင် အေးစက်သွားခဲ့သည်။ ကျောက်လဲ့မှာ ပုံကို အိတ်ကပ်ထဲသို့ ပြန်ထည့်လျက် သန့်ရှင်းရေးလှည်းအား တွန်းသွား၏။

သူက ပြောလိုက်သည်။

“သမီးရဲ့ အစ်ကိုကြီး သမီးဆီ လာနေပြီ”

ယွမ်လော့ရီမှာ လှည့်ကြည့်လိုက်ရင်း ယွမ်အောင်းသည် သူမထံ လျှောက်လာနေသည်ကို တွေ့လိုက်ရသည်။ သူမ ပြန်လှည့်ကြည့်ချိန်၌ ကျောက်လဲ့မှာ ဓါတ်လှေကားစီး၍ ထွက်ခွာသွားခဲ့ပြီဖြစ်၏။

ယွမ်အောင်းက ယွမ်လော့ရီ ဘေးသို့လာကာ ပြောလိုက်၏။

“ညီမလေး လုံခြုံရေးအခန်းကို တွေ့ပြီးပြီမလား၊ ကုမ္ပဏီထဲက ဘယ်နေရာကို ညီမလေး သွားချင်သေးလဲ”

ယွမ်လော့ရီမှ ပြောလေ၏။

“ကန်တင်း”

ထိုလူက ဗုံးထောင်ထားခြင်း ကို သူမ သိပြီးပြီဖြစ်၍ ပထမခြေလှမ်းပြီးသွားပြီ ဖြစ်ကာ အားအင်ပြန်ဖြည့်ရန် လိုအပ်သေးသည်။

ယွမ်မိသားစု၏ ကုမ္ပဏီ ကန်တင်းမှာ ယွမ်လော့ရီအား စိတ်မပျက်စေခဲ့ပေ။ အစားအသောက်များမှာ အရသာကောင်းမွန်ပြီး စျေးသက်သာ၏။ ဝန်ထမ်း တော်တော်များများကပင် အပိုဝယ်ယူကာ သူတို့၏ မိသားစုဝင်များနှင့် မျှဝေစားသောက်ကြသည်။

ဝန်ထမ်းများ၏ ရပိုင်ခွင့်များမှာ ကောင်းမွန်၍ ရုံးတက်၊ရုံးဆင်းချိန်လည်း ပုံသေမရှိပေ။

ယွမ်မိသားစု၏ ဘိုးဘေးများမှာ အလုပ်ချိန် အတိအကျထားခြင်း ဆိုသည်မှာ လုပ်နိုင်စွမ်းများကို ကျဆင်းစေသည့်အပြင် ယွမ်မိသားစု၏ အဓိကအမြတ်အစွန်း အများစုမှာ အမျိုးမျိုးသော ထီထွင်မှုများနှင့် အကြံများမှ လာခြင်းဖြစ်၏။ ဝန်ထမ်းအများစုမှာ ရှာဖွေသူများဖြစ်ပြီး လွတ်လပ်မှုသာလျှင် သူတို့၏ ဖန်တီးနိုင်စွမ်အားကို ကောင်းစေနိုင်သည်။

ညနေ ခြောက်နာရီ၌ ယွမ်လော့ရီ လုံလုံလောက်လောက် စားပြီသွားပြီပင်။ သူမနှင့်ယွမ်အောင်း အတူတကွ ကုမ္ပဏီထဲမှ ထွက်လာကာ မြေအောက်ကားပါကင်မှ ကားမောင်းသမား မောင်းနှင်လာမည့် ကားအား စောင့်နေကြ၏။

လမ်းပေါ်၌ မီးနီပြနေ၍ လူများမှာ ရပ်၍ စောင့်ဆိုင်းနေကြရပြီး ရယ်မောကာ စကားပြောနေကြရင်း မည်သည့်နေရာတွင် ဆုံကြမည်ကို ဆွေးနွေးနေကြသည်။ ဤသည်မှာ အသက်ဝင်၍ ဆူညံလှ၏။

မီးစိမ်းပြောင်းချိန်တွင်တော့ မရေတွက်နိုင်သည့် လူများမှာ အရှေ့သို့ လျှောက်လာကြပြီး သူတို့၏ ခြေလှမ်းများက ဒရမ်တီးလုံးများကဲ့သို့ပင်။

“ဗွမ်း”

အနက်ရောင် Sedanကားများ ကြားတွင် ကျည်ဆန်ကဲ့သို့ အရှိန်တင်လာပြီး ဒေါသတကြီး လူအုပ်ထဲသို့ တိုးဝင်လာကာ ဖုန်များထွက်လာလျက် လူများမှာ အော်ဟစ်၍ ထွက်ပြေးနေကြသည်။

“ဘန်း!”

တစ်စုံတစ်ဦးမှာ အပစ်ခံလိုက်ရပြီး ကားနှင့် အပြင်းအထန် အတိုက်ခံလိုက်ရသောကြောင့် အရိုးများ ကြေမွသွား၍ သွေးများ ထွက်လာခဲ့သည်။ ဟွန်းအကြာကြီးတီးကာ ထိုနေရာလွတ်များ ကြားမှ မောင်းပြေးသွားခဲ့၏။

လူများမှာ အရူးအမူးအော်ဟစ်နေကြပြီး အနီရောင်သွေးများမှာလည်း မြေပြင်ပေါ်တွင် ပြန့်ကျဲသွားခဲ့သည်။

“မြန်မြန် လူနာတင်ကားခေါ်ကြပါ”

“ဘုရားရေ သူ့ခေါင်းက ဒီလိုတောင်ဖြစ်နေပြီး သူဘယ်လိုလုပ် ရှင်နိုင်ပါ့မလဲ”

“ဘယ်သူ ဒီလူကို မှတ်မိကြသေးလဲ သူရဲ့ မိသားစုကို မြန်မြန်ဆက်သွယ်ပေးလိုက်ကြ”

“ငါသူ့ကိုသိတယ် သူက ကုမ္ပဏီရဲ့ သန့်ရှင်းရေး ဝန်ထမ်း ကျောက်လဲ့ပဲ သူမှာ မိသားစုမရှိဘူး”

ထိုအသံအား ကြားလိုက်ရချိန်တွင် ယွမ်လော့ရီနှလုံးမှာ တစ်ချက်ရပ်သွားသကဲ့သို့ပင် ဖြစ်၏။

ကျောက်လဲ့ သေသွားပြီ။

သူမအပြေးသွားကာ သူ ဟုတ်၊မဟုတ်ကို သွားကြည့်ချင်ပါသော်လည်း ယွမ်အောင်းမှာ သူမ၏ ပုခုံးကို တင်းကြပ်စွာ ကိုင်ထားလျက် သူမအား သူ၏နောက်၌ ကာကွယ်ပေးထားသည်။

သူ ကျောက်လဲ့၏ အလောင်းအား မြင်လိုက်ပြီး အလောင်းမှာ အလွန်ပင် ရုပ်ပျက်ဆင်းပျက်နှင့် သွေးများထွက်နေ၏။ အကယ်၍ သူ၏ ညီမလေးသာ မြင်လိုက်လျှင် သူမ အိမ်မက်ဆိုးများ မက်ပေလိမ့်မည်။

ယွမ်လော့ရီမှာ တုန်လှုပ်နေ၏။ သူမ မော့ကြည့်လိုက်ပြီး ရုတ်တရက် စောင့်ကြည့်ကင်မရာ တစ်လုံးက သူမအား ဦးတည်ထားသည်ကို တွေ့လိုက်ရသည်။

ပတ်ဝန်းကျင်သို့ ကြည့်လိုက်စဉ် ပင့်ကူကဲ့သို့ သူတို့၏ သားကောင်အား ခြေရာခံနေကာ လမ်းပေါ်ရှိ ကင်မရာအားလုံးမှာ သူမဘက်ကို လှည့်နေကြပြီး ယွမ်လော့ရီကို အနီးကပ်စောင့်ကြည့်နေကြသည်။

မရေတွက်နိုင်သော ကင်မရာများမှ စောင့်ကြည့်နေသည့် အောက်တွင် သူမနှင့်ကျောက်လဲ့၏ ခဏတာတွေ့ဆုံမှုကို ယွမ်လော့ရီ ပြန်တွေးလိုက်မိ၏။ လူသတ်သမားအစစ်မှာ အကုန်လုံးအား စောင့်ကြည့်နေ၏။

ကျောက်လဲ့မှာ ရွေးချယ်မှု မှားယွင်းခဲ့သည်။ ယွမ်လော့ရီ သူ့အား မေးခွန်းမေးချိန်တွင် သူချက်ချင်း လှည့်ထွက်သွားခဲ့သင့်သည်။ အချက်အလက်များအား အကြောင်းပြချက်မရှိဘဲ ထုတ်ဖော်ခြင်းမှာ လူသတ်သမားအစစ်အား ဖော်ထုတ်ပစ်လိုက်နိုင်ပြီး ရလဒ်အနေဖြင့် လူသတ်သမားထံမှ နှုတ်ပိတ်ခံလိုက်ရ၏။

သူမနှလုံးသားထဲ၌ အေးစက်မှုတစ်ခု ဖြတ်ပြေးသွားကာ ယွမ်လော့ရီ၏ အသက်ရှူသံမှာ အနည်းငယ် မြန်လာခဲ့သည်။ သူမ လူသတ်သမားအစစ်နှင့် ပို၍နီးကပ်လာသည်နှင့်အမျှ လူသတ်သမားအစစ်မှာ သူမကို သတိပြုမိလာ၏။

ပိုဆိုးသည်မှာ သူမမှာ အလင်းတွင်ရှိနေပြီး တစ်ဖက်လူမှာ အမှောင်ထဲတွင် ရှိနေခြင်းပင်။

တစ်ဖက်လူမှာ ယွမ်လော့ရီ ဤနေရာသို့ဘာကြောင့် လာခြင်းအား သိချင်၍ သူမကို ခြေရာခံရန် ကင်မရာပေါင်းများစွာ ချထားခြင်းဖြစ်၏။

သူမကိုယ် သူမ ရုပ်ဖျက်ရန် လိုအပ်နေသည်။ သွေးထွက်သံယို ကားမတော်တဆမှုမှာ ယခုလေးတင် ဖြစ်သွားခဲ့ပြီး ယွမ်လော့ရီမှာ သွေးထွက်သံယို ကိစ္စအများအပြားအား တွေ့မြင်ခဲ့ဖူးပြီးဖြစ်၍ သူမအတော်လေး နေသားကျသွားခဲ့ပြီပင်။ သို့သော် သာမန်ဆယ့်တစ်နှစ်အရွယ်လေးမှာ ကြောက်ရွံ့ပေလိမ့်မည်။

ထို့ကြောင့် သူမအရှေ့သို့တိုးလိုက်ပြီး သူမ၏ အစ်ကိုယွမ်အောင်း၏ ပွေ့ဖက်မှုထဲသို့ တိုးဝင်‌၍ တုန်ယင်နေဟန်ဆောင်လိုက်သည်။

ယွမ်အောင်းက သူမ၏ နောက်ကျောကို ညှင်သာစွာ ပုတ်ကာ နှစ်သိမ့်လေ၏။

“မကြောက်နဲ့နော် ပြန်ကြရအောင်”

Sedanကားမှာ ရောက်ရှိလာသည်နှင့် သူတို့ ဝင်လိုက်ကြပြ လုံခြုံနေဆဲဖြစ်သည့် ယွမ်အိမ်တော်သို့ ပြန်သွားကြ၏။

ယွမ်အောင်းမှာ ယွမ်လော့ရီအတွက် သကြားလုံးများနှင့် မုန့်များ ပြင်ဆင်ထားခဲ့သော်လည်း သူမ စားဖို့ရာအတွက်ပင် အလွန်တုန်ယင်နေသဖြင့် သူမအခန်းထဲသို့ သွားပြီး တံခါးကို လော့ခ်ချလိုက်သည်။

လျှို့ဝှက်ဆန်းကြယ်သည့် ကိစ္စများ များစွာရှိ၏။ လူသတ်သမားအစစ်မှာ ကောက်ကျစ်၍ ရက်စက်ကြမ်းကြုတ်ပြီး လာဘ်ထိုးနိုင်သူ ဖြစ်သည့်အပြင် အရင်းအမြစ်များကို ရယူနိုင်ပြီး နေရာတိုင်းကို စောင့်ကြည့်နေနိုင်သည်။

အချိန်စက်ဝန်းအသစ်တွင်လည်း မလုံခြုံတော့ချေ။

မဟုတ်ဘူး။

ဘာလို့ ဒီနေရာက လုံခြုံတယ်လို့ ထင်ယောင်ထင်မှား ဖြစ်နေခဲ့တာလဲ။

သေခြင်းတရားရဲ့ တံခါး ဘယ်တုန်းကမှ မပိတ်ခဲ့ဘူး။

သို့ပေမဲ့ တစ်ဖက်လူမှာ မည်မျှပင် အင်အားကြီးမား၍ ကြောက်စရာကောင်းနေပါစေ သူမ လူသတ်သမားအစစ်အား ဖမ်းရမည်ဖြစ်၏။

အိပ်ရာ၏ အစွန်းတွင်ထိုင်လျက် အသက်ပြင်းပြင်ရှုကာ ယွမ်လော့ရီ စနစ်အား ပြောလိုက်၏။

“အချိန်နောက်ပြန်ဆုတ်ခြင်းကို အသက်သွင်းပါ”

ရင်းနှီးနေသော မူးဝေမှုမျိုးက သူမကို ဖုံးလွှမ်းသွားပြီး နောက်ပြန်ကျသွားသည်နှင့် ယွမ်လော့ရီ၏ ခန္ဓာကိုယ်မှာ အားလျော့သွားရင်း ယခင်က ဝမ်းနည်းဖွယ်ကောင်းသည့် အချိန်ကာလဆီသို့ ပြန်သွားခဲ့သည်။

သူမ မျက်လုံးများအား ဖွင့်လိုက်ပြီး ပထမဆုံး မြင်လိုက်ရသည်မှာ ပြတင်းပေါက် ဘေးတွင် ချထားသော ယုန်ဖြူရုပ်လေးဖြစ်ပြီး အရုပ်လေး၏ မျက်လုံးဝိုင်းများမှာ အပြင်ဘက်သို့ ကြည့်နေကာ သူ့ ပိုင်ရှင်ပြန်လာမည်ကို စောင့်နေသကဲ့သို့ပင်။

ဘေးဘီသို့ ကြည့်နေရင်း ဤအခန်းမှာ သူမ၏ အခန်းဖြစ်ကာ နောက်ဆုံးအကြိမ်ကထက် အတော်လေး သန့်ရှင်းနေပြီး မှန်များမှာ တောက်ပနေကာ ကော်ဇောအသစ်များနှင့် သူမ၏ ဒုတိယအစ်ကိုယွမ်ဖာ့မှ သန့်ရှင်းရေး လုပ်ပေးထားခြင်း ဖြစ်နိုင်သည်။

သူမ လမ်းလျှောက်သွားလျက် ယုန်ရုပ်လေးကို ယူလိုက်၏။ အရုပ်မှာ သန့်ရှင်းနေပြီး အမွှေးလေးများမှာလည်း နူးညံ့၍ တောက်ပြောင်နေ၏။

လရောင်အောက်၌ အရုပ်၏ အဖြူရောင်အမွှေးများမှာ တောက်ပနေသည်။ ယွမ်လော့ရီမှာ အရုပ်လေးအား ကိုင်ထားရင်းဖြင့် ပို၍ သက်သောင့်သက်သာ ရှိလာသကဲ့သို့ ခံစားလိုက်ရသည်။

သူမ အခန်းတံခါးအား တွန်းဖွင့်လိုက်ရင်း အခန်းထဲမှ ထွက်သွားခဲ့၏။

ယွမ်အိမ်တော်ရှိ လျှောက်လမ်း၏ အခြေအနေမှာ ဖုန်များဖုံးလွှမ်းနေပြီး ထောင့်များ၌ ပင့်ကူအိမ်များရှိနေကာ ပျက်စီးယိုယွင်းနေဆဲပင်။

ကြမ်းပြင်၌ စွန်းနေသော သွေးများမှာလည်း လျှောက်လမ်း၏ အဆုံးဘက်သို့ သွားသည့် အနီရောင်မျဥ်းကြောင်းကြီး ကဲ့သို့ပင်။

ထိုနေရာ၌ လူတစ်ဦးရပ်နေကာ အနက်ရောင်ကုတ်အင်္ကျီ အရှည်နှင့် ဦးထုပ်ဆောင်းထားပြီး လက်ထဲတွင် ဓါးနှစ်ချောင်းကိုင်ထားလျက် ကြောက်ရွံ့ဖွယ် ခံစားချက်အား ပေးနေရင်း ကြောင်တစ်ကောင်ကဲ့သို့ တိတ်ဆိတ်နေ၏။

အေးစက်သည့် ဓါးသွားမှ သွေးစက်များမှာ ကြမ်းပြင်ပေါ်သို့ ကျလာခဲ့သည်။

သူ့ အရှေ့၌ ရုတ်တရက်ပေါ်လာခဲ့‌သော ဆယ့်တစ်နှစ်အရွယ် ညီမလေးအား မြင်သည်နှင့် ယွမ်ရုံမှာ လန့်ဖြန့်နေသည့် အမူအယာဖြစ်သွားခဲ့လေ၏။

All Chapters