← Chapters

အခန်း (၇၆)

Vol. 8 Ch. 76

အခန်း (၇၆)

Vol. 8 Ch. 76

တတိယအစ်ကို ယွမ်ရုံနှင့် မထင်မှတ်ထားသော တွေ့ဆုံမှုမှာ ယွမ်လော့ရီကို အလွန် စိတ်လှုပ်ရှားသွားစေသည်။

သူမ ရပ်မြဲအတိုင်း ရပ်နေပြီး မလှုပ်ရှားရဲပေ။

ညီအစ်ကို ငါးယောက်အနက် တတိယအစ်ကို ယွမ်ရုံမှာ သိမ်မွေ့၍ ချောမောသည့် ပုံစံ ရှိ၏။ သူ၏ မျက်လုံးထောင့်ရှိ မျက်ရည်ခံမှဲ့လေးက သူ့အား ထိခိုက်၊ ပဲ့ရှလွယ်သည့် အလှတရားကို ဖြစ်စေသော်လည်း တကယ်တမ်း သူ့နှလုံးသားမှာ အလွန် သွေးဆာနေသည်ပင်။

သူ၏ အမြင်၌ ယခု နေထိုင်နေသည့် ကမ္ဘာကြီးတွင် အမျိုးအစား သုံးခု ခွဲခြားနိုင်၏။ ယခုပင် သတ်လိုက်၍ ရသောသူ၊ ယခု အချိန်တွင် သတ်၍ မရနိုင်သေးသူ၊ ကာကွယ်ပေးရန် လိုအပ်သောသူ ဟူ၍ပင်။

ကံကောင်းစွာဖြင့် ယွမ်လော့ရီမှာ တတိယတစ်မျိုး ဖြစ်ပြီး သူမက ယွမ်ရုံ ကာကွယ်ပေးချင်‌သည့် တစ်ဦးတည်းသောသူ ဖြစ်၏။

ယခင်အချိန်ကာလ၌ ယွမ်ရုံ ကာကွယ်ပေးချင်သည့် တစ်ဦးတည်းသောသူအား ဆုံးရှုံးလိုက်ရခြင်းမှာ သူ၏ ကိုယ်ကျင့်တရားကို ကျိုးပျက်သွားစေပြီး ညှာတာစိတ် ကင်းမဲ့ကာ လက်စားချေလိုစိတ် များလှသည့် ‌အဆုံးအစ ကင်းမဲ့သော လမ်းသို့ ရောက်သွားစေခဲ့သည်။

ယခု ယွမ်အိမ်တော်၏ လျှောက်လမ်းရှည်ကြီး၌ ယွမ်ရုံတစ်ယောက် သူ့ညီမလေးကို အံဩတကြီးဖြင့် စူးရှစွာ စိုက်ကြည့်နေမိပြီး တစ်ဖြည်းဖြည်း ခေါင်းထဲတွင် ရှုပ်ထွေးလာ၏။

သူ ရူးသွပ်သွားပြီ ဖြစ်ကြောင်းကို သူကိုယ်တိုင် သိပြီး သူ၏ ခေါင်းမှာလည်း နေ့တိုင်း ကိုက်ခဲနေခဲ့သည်။ ထို့အပြင် လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီးသည့်တိုင်‌ ဤကဲ့သို့

ထင်ယောင်ထင်မှား မြင်‌ယောင်ခြင်းမျိုး မဖြစ်ဖူးခဲ့ပေ။

အဘယ်ကြောင့် သူ၏ ငယ်ဘဝတုန်းက ညီမလေးအား တွေ့မြင်နေရသည်ကို နားမလည်နိုင် ဖြစ်နေ၏။

ဤသည်မှာ အဓိပ္ပါယ် မရှိပေ။ ဒီအိမ်ထဲ၌ သူ့အား သေစေချင်နေသူ များစွာ ရှိသဖြင့် ၎င်းမှာ သူ့အတွက် လုပ်ထားသည့် လှပသော ထောင်ချောက် ဖြစ်နိုင်သည်။

သို့သော် လရောင်အောက်ရှိ ယွမ်လော့ရီမှာ အလွန် လှပကျော့ရှင်းနေကာ သူမ၏ ရေကန်သဖွယ် ကြည်လင်တောက်ပနေသည့် မျက်လုံးများက ထူးဆန်းသော အစွမ်းတစ်ခုကို သယ်ဆောင်ထားသကဲ့သို့ ယွမ်ရုံအား သူမထံ ဆွဲခေါ်နေခဲ့၏။

ဤသည်မှာ ကြယ်ရောင်၊ လရောင် ကင်းမဲ့နေသော ကောင်းကင်ကြီးနှင့် လမ်းပြပေးရန် သံလိုက်အိမ်မြောင်လည်း ပျက်စီးနေသည့် မုန်တိုင်းကြား၌ အစိတ်စိတ်အမွှာမွှာ ဖျက်စီးခံရတော့မည့် လှေငယ်လေးကဲ့သို့ပင်။

အရပ်မျက်နှာ ရှာမတွေ့နိုင်သော သေဆုံးခါနီး သင်္ဘောသားမှာ နတ်ဘုရားများထံ အသည်းအသန် ဆုတောင်းနေရင်း ရုတ်တရက် ပင်လယ်ကြမ်းပြင်အောက်မှ အလွန် နူးညံ့သိမ်မွေ့လှသည့် သံစဥ် တိုးတိုး‌ကလေး တစ်ခု ထွက်လာကာ ၎င်းမှာ siren၏ ဆွဲဆောင်လှည့်ဖျားသော အသံ ဖြစ်နေ၏။

လိုလိုလားလားပင် ရေထဲ ခုန်ဆင်းသွားသည့် လှည့်ဖျားခံလိုက်ရသူ သင်္ဘောသားမှာ အသက်ရှူရပ်သွားပြီး သူ၏ အရိုးများသည်လည်း သူမအတွက် ပုလ္လင်တစ်ခုသာ ဖြစ်သွားခဲ့ရသည်။

ယွမ်ရုံမှာလည်း ထိုကဲ့သို့ပင် ယွမ်လော့ရီထံသို့ တစ်လှမ်းပြီး တစ်လှမ်း လျှောက်သွားခဲ့၏။

ဤသည်မှာ ဦးတည်ချက် အမှား ဖြစ်သည်။

သို့သော် သူ၏ ညီမလေးအား ဆုံးရှုံးရပြီးနောက် အလွန်အမင်း ခံစားခဲ့ရသဖြင့် ဤပုံရိပ်ယောင်မှာ သူ၏ ဘဝကို ဆုံးရှုံးသွားစေမည် ဆိုလျှင်ပင် သူ ငြင်းဆိုမည် မဟုတ်ပေ။

“တောက်”

“တောက်”

“တောက်”

ဓါးသွားပေါ်ရှိ သွေးများမှာ မြေပြင်ပေါ်သို့ ဆက်တိုက် ကျနေပြီး ယွမ်ရုံ ပို၍ နီးကပ်လာသည်နှင့် ထိုသွေးကျသံများမှာလည်း ပိုမို ကျယ်လောင်လာလေသည်။ သို့သော် ယွမ်ရုံက‌တော့ ရပ်တန့်သွားခြင်း မရှိဘဲ ကြောင်တစ်ကောင်ကဲ့သို့ ကျော့ရှင်း တိတ်ဆိတ်စွာ ချဉ်းကပ်လာခဲ့သည်။

လရောင်မှာ သစ်သားများကြားမှ ထိုးဖောက်ဝင်ပြီး ကြမ်းပြင်ပေါ်တွင် အရိပ်လေး ပေါ်နေစေ၏။ ယွမ်ရုံက တိတ်ဆိတ်စွာပင် အရိပ်များ ပေါ်သို့ နင်းလိုက်ကာ အလင်းရောင်နှင့် အရိပ်မှာ သူ့ကိုယ်ပေါ်တွင် ရောနှောနေပြီး သူ၏ မျက်နှာထားအား ပို၍ နတ်ဆိုးဆန်စေသည်။

သူ ယွမ်လော့ရီ၏ အရှေ့၌ ရပ်ကာ သူမကို ဂရုတစိုက် ကြည့်ရန် ခေါင်းငုံ့လိုက်ပြီး သူ၏ စူးရှသော အကြည့်များဖြင့် စိုက်ကြည့်နေလိုက်သည်။ သူ၏ အကြည့်များမှာ မရေမတွက်နိုင်သော အပ်မိုးများ ရွာသွန်းနေသကဲ့သို့ပင်။

ယွမ်ရုံ သူဘာသာသူ ရေရွတ်လိုက်၏။

“ဒီလောက်ထိ အသေးစိတ် ကျနေတာ ညီမလေး အပြင်မှာ တကယ် ရှိနေသလိုပဲ”

“ကိုကို ညီမလေးကို ထိလို့ရမလား”

ဤသည်မှာ မေးခွန်းမဟုတ်ဘဲ အသိပေးချက်ပင်။

“ဒုတ်”

ယွမ်ရုံက ဓါးရှည် နှစ်ချောင်းကို ကြမ်းပြင်ထဲသို့ စိုက်လိုက်သည်။

သူ လက်ကို တွန့်ဆုတ်စွာ ထုတ်လိုက်ပြီး သွေးများ ပေနေသည့် လက်ချောင်းထိပ်များဖြင့် ယွမ်လော့ရီ၏ နဖူးအား ဖွဖွလေး ထိလိုက်၏။

သို့သော် မီးအပူကို ထိမိ၍ လောင်ကျွမ်းသွားသကဲ့သို့ သူ၏ လက်ကို နောက်သို့ အလျင်အမြန် ပြန်ဆွဲယူလိုက်သည်။

ထို့နောက် စိတ်အေးအေးထားပြီးမှ သူ၏ ခြေထောက် တစ်ဖက်ကို နောက်ဆုတ်၍ ဦးထုပ်အား အပေါ်သို့ မြှောက်လိုက်ပြီး ဂုဏ်သရေရှိ လူကြီးမင်း တစ်ဦးကဲ့သို့ ဦးညွှတ်လိုက်လေ၏။

သူ၏ သီချင်းဆိုနေသကဲ့သို့ ငြိမ့်ညောင်းသော အသံနှင့် ညင်သာစွာ ပြောလိုက်သည်။

“ညီမလေးကို ဆုံးရှုံးလိုက်ရပြီးတော့ ကိုကို လမ်းပျောက်သွားခဲ့ပေမဲ့ အခု ညီမလေး ပြန်လာပြီဆိုတော့ ကိုကို့ရဲ့ အသက်ရှင်ရတဲ့ အကြောင်းပြချက်လည်း ပြန်လာပြီပဲ”

ယွမ်လော့ရီက သူမ၏ တတိယအစ်ကိုကို ကြည့်ရင်း သူ့ကိုယ်ပေါ်ရှိ သွေးအစွန်းများအား လျစ်လျူရှုထားလိုက်သည်။ တတိယအစ်ကို ယွမ်ရုံမှာ ယခင်ကအတိုင်း ကျော့ရှင်း၍ တည်ငြိမ်နေ၏။ ပထမအစ်ကို၊ ဒုတိယအစ်ကိုတို့နှင့် နှိုင်းယှဥ်ရလျှင် သူ့ကို ကြည့်ရသည်မှာ အလွန်အမင်း ရူးသွပ်သွားပုံ မပေါက်သလို သူမအား နာကျင်အောင် လုပ်ချင်စိတ်လည်း ရှိပုံမရပေ။

ယွမ်လော့ရီ မေးလိုက်လေသည်။

“တတိယအစ်ကို၊ ကိုကို ဘာလို့ ဒီမှာရှိနေတာလဲ”

ယွမ်ရုံ: “အသေးအမွှား ကိစ္စလေးတွေကို ကိုင်တွယ်ဖြေရှင်းဖို့ ကိုကို တိတ်ဆိတ်တဲ့ နေရာ လိုတယ်လေ၊ ပြီးတော့ ဒီနေရာကလည်း အံကိုက်ပဲ”

ဓါးရှည်ပေါ်မှ သွေးကွက်များကို ကြည့်၍ ထိုအသေးအမွှားကိစ္စ ဆိုသည်မှာ လူသတ်ခြင်း ဖြစ်ကြောင်း ယွမ်လော့ရီ သိလိုက်၏။

သို့သော် ယခင်က ယွမ်အိမ်တော်၌ ရှိနေခဲ့သူမှာ ဒုတိယအစ်ကို ယွမ်ဖာ့ ဖြစ်သည်။ သူတို့ နှစ်ယောက်မှာ အမြဲတစေ မတည့်ခဲ့သူများ ဖြစ်၍ လူသတ်ရန်အတွက် နေရာ တစ်နေရာအား အတူတူ သုံးကြခြင်းမှာ မဖြစ်နိုင်ချေ။

ယွမ်လော့ရီ မေးလိုက်သည်။

“ကိုကို၊ ဒုတိယအစ်ကို ဘယ်မှာလဲဆိုတာ သိလားဟင်”

ယွမ်ရုံ၏ အမူအယာမှာ ချက်ချင်း ဗလာဖြစ်သွားကာ သူက အေးစက်၊ တိုးညှင်းစွာ ရယ်မောလျက် ပြောလာ၏။

“ကိုကို မသိဘူး သူ ပျောက်နေတာ နည်းနည်း ကြာပြီ”

“ကိုကို သူ့ကို နောက်ဆုံးတစ်ခေါက် တွေ့ခဲ့တုန်းက သူ တော်တော်လေး နာကျင်နေပြီး အကုန်လုံးကို အဆုံးသတ်ဖို့ သူ့ဦးနှောက်ကိုပါ ထုတ်ပစ်လိုက်ချင်နေတာ..ဒါပေမဲ့ နောက်ဆုံး အချိန်လေးမှာ ရပ်သွားတာပဲ၊ သူ ပြောတာတော့ တစ်ယောက်ယောက် ပြန်လာတာကို စောင့်ရဦးမယ်တဲ့”

“အဲအချိန်တုန်းက ကိုကိုက သူ အဓိပ္ပါယ် မရှိတာတွေ ပြောနေတာလို့ ထင်ခဲ့မိတာ၊ အခုတော့ ကြည့်ရတာ သူက ညီမလေးကို သူ့ရင်ထဲမှာ ဖွက်ထားပြီး ကိုကို့ကို မပြောပြခဲ့တာဘဲ”

“ကိုကိုတို့ အားလုံးက ညီအစ်ကိုတွေ ဆိုပေမဲ့ တစ်ခုခုဆို အမြဲတမ်း ကိုကိုက အပယ်ခံထားရတဲ့သူပါပဲ”

ယွမ်ရုံက အနားသို့ ပိုကပ်လာပြီး ယွမ်လော့ရီ၏ လက်လေးကို ညင်သာစွာ ယူလိုက်ကာ ပြုံးရယ်လျက် ပြောလာ၏။

“သူတို့ ပြောတာတွေကို ယုံမနေပါနဲ့၊ ကိုကို ညီမလေးကို ဘယ်တော့မှ နာကျင်အောင် မလုပ်ပါဘူး၊ ကိုကို့ရဲ့ တာဝန်က ညီမလေးကို ကာကွယ်ဖို့ပဲ”

“အရင်တုန်းက ကိုကို အဝေးကနေပဲ ကြည့်နိုင်ခဲ့ပြီး ညီမလေးနဲ့ မရင်းနှီးခဲ့ရဘူး”

“အခုတော့ အရမ်းကောင်းတာပဲ ကိုကို ညီမလေးရဲ့ လက်ကိုတောင် ကိုင်လို့ ရနေပြီ”

ဤမျှ နီးကပ်လာသောအခါ ယွမ်လော့ရီက တတိယအစ်ကို ယွမ်ရုံ၏ တစ်ခုခု ထူးခြားနေမှုကို သတိထားမိသွားလေသည်။ သူ၏ မျက်လုံးများမှာ သဘာဝ မဆန်စွာပင် လင်းလက်နေပြီး သူမအား စွဲလမ်းနေသည့် ပုံစံဖြင့် စူးစူးရဲရဲ စိုက်ကြည့်နေ၏။

ယွမ်လော့ရီ စိတ်လှုပ်ရှားစွာဖြင့် တံတွေး မြိုချပြီး မေးလိုက်သည်။

“တတိယအစ်ကို၊ ကိုကို အခု ရူးသွပ်သွားပြီလားဟင်”

ယွမ်ရုံက ငြင်သာစွာ ပြုံးလိုက်၏။

“ကိုကို မရူးသေးပါဘူး၊ ညီမလေး ပြန်လာပြီ‌ဆိုတော့ အခု ကိုကို စိတ်ကြည်လင်သွားပါပြီ”

ရုတ်တရက် တစ်ခုခုကို သတိရသွား၍ ဝမ်းနည်းသွားသကဲ့သို့ မျက်လွှာကို ချလိုက်ပြီး သူ၏ သွယ်လျသည့် ပုံရိပ်လေးမှာ အရိပ်ထဲသို့ တိုးဝင်သွားလျက် တုန်ယင်နေ၏။

“ညီမလေးရဲ့ အစ်ကိုတစ်ယောက် အနေနဲ့ ကိုကို ညီမလေးကို မကာကွယ်နိုင်ခဲ့တာပါ၊ ယွမ်အိမ်တော်က ညီမလေးအတွက် နေဖို့ သင့်တော်တဲ့ နေရာမျိုး မဟုတ်ဘူးလေ၊ ဒါပေမဲ့ ကိုကို ညီမလေးကို အဝေး တစ်နေရာကို ခေါ်သွားဖို့ တုံ့ဆိုင်းနေခဲ့မိတာ”

“ဘာလို့ဆို ကိုကိုကလည်း ပုံမှန် မဟုတ်ဘူးလေ၊ ကိုကို ညီမလေးရဲ့ စိတ်ခံစားချက်တွေကို နားမလည်နိုင်ဘူး အမြဲတမ်း ညီမလေးကို ကြောက်အောင် လုပ်မိနေခဲ့တာ၊ ကိုကို့ သူငယ်ချင်း ပြောတာ ကိုကိုသာ ညီမလေးကို အဝေးကို ခေါ်သွားမယ်ဆိုရင် ညီမလေး ပိုကြောက်သွားမှာတဲ့၊ အရင်တစ်ခေါက်တုန်းကလိုလေ ညီမလေးက ကိုကိုလက်ထဲမှာ ညှိုးနွမ်းပြီးတော့ ပျောက်ကွယ်သွားခဲ့တာ”

“ဒါပေမဲ့ ထောင်ထဲမှာ မွန်းကျပ်နေတာထက် စာရင်တော့ ကောင်းတာပေါ့၊ ယွမ်မိသားစုက ညီမလေးကို နာကျင်စေခဲ့တယ် သူတို့တွေ ညီမလေးကို ကာကွယ်ရမယ့် တာဝန်ကို မကျေပွန်ခဲ့ကြဘူး၊ သူတို့က သေဖို့ ထိုက်တန်တဲ့ သူ‌တွေပဲ”

ယွမ်ရုံက သူ၏ လက်မောင်းများကို ဆန့်တန်းပြီး ကျယ်လောင်စွာ ကြေညာလိုက်သည်။

“ဒါပေမဲ့ သူတို့ မရှိတော့ရင် ကိုကို့ရဲ့ ဘဝရည်မှန်းချက်က နောက်ဆုံးမှာ အောင်မြင်တော့မှာ”

“ယုတ်မာတဲ့ ယွမ်မိသားစုက ပျက်စီးသွားပြီ ဘယ်သူမှ ကိုကို ညီမလေးကို ခေါ်သွားမှာကို မတားနိုင်တော့ဘူး၊ ကိုကိုတို့ နှစ်ယောက်ပဲ ရှိမယ့် အဝေးက အလှဆုံး နေရာတွေဆီကို သွားကြမယ်၊ အဲဒါဆိုရင် ညီမလေးကို ဘယ်သူကမှ နာကျင်အောင် လုပ်လို့ မရတော့ဘူး”

“ပြီးတော့ ကိုကိုက ညီမလေးရဲ့ တစ်ဦးတည်းသော ကိုကို ဖြစ်လာလိမ့်မယ်”

ယွမ်လော့ရီ၏ စိတ်ထဲ၌ အသက်ခြောက်နှစ်အရွယ်က မှတ်ဥာဏ်များ ပေါ်လာခဲ့၏။ တတိယအစ်ကို ယွမ်ရုံမှာ အမှန်တကယ် ရူးသွပ်သွားခဲ့ပြီပင်။ သူက ယွမ်မိသားစုကို အမြဲတစေ မုန်းတီးနေခဲ့ပြီး အခြားသူများ သေသေရှင်ရှင် ဂရုမစိုက်ပေ၊ သူ ဂရုစိုက်သည့် တစ်ဦးတည်းသော သူမှာ ယွမ်လော့ရီသာ ဖြစ်၏။

သူ၏ ညီမအပေါ် စွဲလမ်းမှုမှာ ကြောက်စရာ ကျိန်စာကဲ့သို့ သူ့အား တင်းကြပ်စွာ ချည်နှောင်ထားပြီး ယွမ်လော့ရီကို အမြဲ အဝေးသို့ ခေါ်ဆောင်သွားချင်ခဲ့သည်။

ယခင်က သူ့တွင် သူ့ကိုယ်သူ ထိန်းချုပ်နိုင်စွမ်း ရှိသော်လည်း ယခုတော့ သူ၏ အစစ်အမှန် ပုံစံကို ထုတ်ဖော်ပြသလာ‌တော့၏။

ယွမ်လော့ရီတစ်ယောက် အသံမထွက်ဘဲ သူ့အတွေးများနှင့်သူ နစ်မြုပ်နေသည့် ယွမ်ရုံထံမှ တစ်ဖြေးဖြေး ခပ်ခွာခွာ နောက်ဆုတ်လိုက်လေသည်။

“ညီမလေးက အရမ်း ငယ်သေးပေမဲ့ စိတ်မပူပါနဲ့ ကိုကို ညီမလေးကို သေချာ ဂရုစိုက်မှာပါ”

“ညီမလေး နတ်သမီးပုံပြင်တွေကို ကြိုက်တုန်းပဲလား”

“ဒီနှစ်တွေမှာ ကိုကို ပုံပြင်တွေ အများကြီးကို အလွတ် မှတ်ထားခဲ့တယ်၊ ညဘက် ကောင်းကင်မှာ ကြယ်တွေနဲ့ ပြည့်နေတဲ့အခါကျရင် ကိုကို ညီမလေးကို ပြောပြမယ်လေ”

All Chapters