← Chapters

အခန်း (၇၇)

Vol. 8 Ch. 77

အခန်း (၇၇)

Vol. 8 Ch. 77

ဖြေးဖြေးချင်း နောက်ဆုတ်ရင်းနှင့် ဘေးရှိ လှေကားအောက်၌ ပုန်းနေသည့် လူတစ်စုအား ယွမ်လော့ရီ သတိပြုမိသွားခဲ့သည်။

အမျိုးသားနှင့် အမျိုးသမီးများ ဖြစ်ပြီး သွေးများ ပေကျံလျက် ပါးစပ်အား လက်များဖြင့် ပိတ်ထားကြကာ သူတို့ကို သတိထားမိသွားသဖြင့် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်ကုန်ကြ၏။

ထိုစဉ် အမျိုးသားငယ် တစ်ယောက်က အလျင်အမြန် ထွက်လာပြီး ကြံရာမရသည့်အဆုံး ယွမ်လော့ရီကို အသက်ကယ်ဆေး တစ်ခု အမှတ်ဖြင့် လှမ်းဆွဲလိုက်သည်။

ယွမ်လော့ရီမှာ ယွမ်ရုံအတွက် အလွန် အရေးပါသည်အား လူတိုင်း သိကြ၍ သူမကို ပိုင်ဆိုင်ထားခြင်းက သူတို့ကိုအား ကယ်တင်နိုင်မည့်‌ အဆောင်တစ်ခု ရလိုက်သကဲ့သို့ပင်။

မျက်စိတစ်မှိတ်အတွင်းမှာပင် တတိယအစ်ကို ယွမ်ရုံမှာ ဓါးရှည် တစ်ချောင်း ကိုင်၍ အနက်ရောင် ဂျာကင်အား ဝဲခါလျက် ယွမ်လော့ရီထံသို့ အလျင်အမြန် ပြေးလာလေ၏။

“အား အား အား”

ထိုအမျိုးသားငယ်က အော်ဟစ်နေမိတော့သည်။

ထိုစဉ် ပူနွေးလှသည့် သွေးများက ယွမ်လော့ရီ၏ မျက်နှာပေါ်သို့ ပေကျံသွားခဲ့၏။

ထိုအမျိုးသား၏ လက်မောင်းမှာ ကြမ်းပြင်ပေါ်သို့ ပြတ်ကျသွားကာ ယွမ်ရုံက ခေါင်းငုံ့၍ အောက်ဘက်မှ အပေါ်ဘက်သို့ ဖြတ်ပိုင်းလိုက်ပြီး ထက်ရှသည့် ဓါးသွားက အမျိုးသား၏ ခန္ဓာကိုယ်ကို ပိုင်းဖြတ်သွားခဲ့သည်။

ထိုအမျိုးသားမှာ သွေးအိုင်ထဲသို့ လဲကျသွားပြီး သူ ထပ်မအော်နိုင်ခင်မှာပင် ဓါးသွားက သူ၏ လည်ပင်းကို ပိုင်းဖြတ်သွားခဲ့၏။ ထို့နောက် ယွမ်ရုံက သူ၏ ခေါင်းကို ဖြတ်၍ အသက်ကို နှုတ်ယူလိုက်သည်။

ဓါးပေါ်မှ သွေးများကို ခါချရင်း လှေကားအောက်ရှိ သူများအား အေးစက်သော အကြည့်တစ်ချက်ဖြင့် ကြည့်ပြီး ပြောလိုက်၏။

“ငါ့ညီမလေးနားကို မကပ်လာနဲ့၊ သူ တစ်ခါ နာကျင်ပြီးသွားပြီ ငါ သူ့ကို ထပ်နာကျင်ခွင့်ပြုမှာ မဟုတ်ဘူး”

လူအုပ်ကြီးမှာ ကြောက်ကြောက်လန့်လန့်နှင့် တစ်ယောက်တစ်နေရာစီ ပြန့်ကျဲသွားကြပြီး အော်သံများက ပဲ့တင်ထပ်နေသည်။

ယွမ်ရုံက သူတို့ကြားထဲသို့ သွားပြီး သူ သွားလိုက်သည့် နေရာတိုင်း၌ သွေးမုန်တိုင်း ရှိနေမည်မှာတော့ အသေအချာပင်။ သူ၏ ဓါးသွား တစ်ချက်တိုင်း၊ တစ်ချက်တိုင်းက သေမင်းတမန် တစ်ပါးကဲ့သို့ အသက်များအား နုတ်ယူသွားခဲ့၏။

ထိုစဉ် သန်မာသည့် အမျိုးသား တစ်ယောက်မှာ ယွမ်ရုံအား ဓားမြှောင်တစ်ချောင်းဖြင့် ရွယ်၍ အရှေ့သို့ အလျင်အမြန် ပြေးလာနေသည်။

“ချွမ်”

အေးစက်သည့် ဓါးသွားနှစ်ဖက်က ပွတ်တိုက်မိသွားပြီး ထိုအမျိုးသားမှာ ယွမ်ရုံ၏ တိုက်ခိုက်မှုကို တောင့်ခံနေကာ တွားသွား၍ ထွက်သွားသည့် အမျိုးသမီးအား ကယ်တင်လိုက်၏။

ယွမ်လော့ရီက ထိုအမျိုးသားမှာ ယွမ်ရုံ၏ သူငယ်ချင်း စစ်ပြန် ကာယဆရာ အသစ် ဖြစ်သည်ကို သတိရသွားခဲ့သည်။

ထိုသူက အော်ပြောလာ၏။

“ယွမ်ရုံ မင်းညီမအရှေ့မှာ မင်းဘာလုပ်လိုက်မိပြီလဲ ပြန်ကြည့်ဦး”

ယွမ်ရုံက ရပ်သွားပြီး ယွမ်လော့ရီဘက်သို့ လှည့်ကြည့်လိုက်သည်။ မှဲ့တစ်ပေါက် မစွန်းခဲ့ရသည့် ကောင်မလေးမှာ ယခုတော့ သွေးများ ပေကျံနေပြီး လူသေအလောင်းများ ကြားတွင် တုန်ယင်နေလျက် မျက်လုံးအပြူးသားဖြင့် သူ့အား ဗလာသက်သက် စိုက်ကြည့်နေခဲ့၏။

တစ်ချိန်က ခြောက်နှစ်အရွယ် ယွမ်လော့ရီသည်လည်း တောအုပ်ထဲရှိ သေးငယ်သော သစ်သားအိမ်လေး၌ သူ့ကို ထိုကဲ့သို့ ကြည့်ခဲ့ဖူးသည်။

သူမက ထောင့်‌လေးတွင် ကပ်ကာ ငိုယိုလျက် ပြောနေခဲ့၏။

“ဒါက သမီးအိမ် မဟုတ်ဘူး”

“သွေးတွေကို မုန်းတယ်”

“သမီး ယုန်သေတွေကို မုန်းတယ်”

“ကိုကို ကျေးဇူးပြုပြီး သမီးကို ပြန်သွားခွင့်ပေးပါ”

ယခု သွေးနံ့များ လှိုင်လှိုင်ထနေသည့် အခန်းထဲရှိ ဆယ့်တစ်နှစ်အရွယ် ယွမ်လော့ရီ၏ အကြည့်မှာ ယွမ်ရုံကို ရပ်တန့်သွားစေခဲ့သည်။ သူမအား သူ့ကို မကြောက်သွားစေချင်ပေ။ ထိုကဲ့သို့ စက္ကန့် အနည်းငယ် အာရုံလွှဲသွားခြင်းမှာ စစ်ပြန်တစ်ယောက်အတွက် အခြေအနေကို ပြောင်းပြန်လှန်ရန် လုံလောက်၏။

ထိုဆရာက ယွမ်ရုံကို တွန်း၍ ယွမ်လော့ရီထံ ပြေးလာပြီး သူမကို ဆွဲခေါ်ကာ အခန်းထဲသို့ အလျင်အမြန် ပြေးသွား၍ တံခါးကို လော့ခ်ချလိုက်သည်။

ထိုနေရာ၌ ပုန်းအောင်းနေသည့် အခြား သူများလည်း ရှိပြီး အကူအညီမဲ့၍ ကြောက်ရွံ့နေကြ၏။

ထိုဆရာက အော်ပြောလိုက်လေသည်။

“တံခါးကို လော့ခ်ချထားတာလောက်နဲ့ မရသေးဘူး၊ အားလုံး တံခါးရှေ့မှာ ပိတ်ထားဖို့ တစ်ခုခုရှာကြ”

ထို့နောက် လူတိုင်း စတင် လှုပ်ရှားလာကြပြီး သူတို့ ယူလာနိုင်သမျှကို တံခါးထံသို့ ယူလာခဲ့ကြ၏။

“ဘန်း ဘန်း ဘန်း”

ယွမ်ရုံက အထဲသို့ ဝင်ရန် ကြိုးစားနေသဖြင့် တံခါးမှာ ပြင်းထန်စွာ လှုပ်ယမ်းလာပြီး ဖုန်များ ထွက်လာခဲ့သည်။

လူတိုင်းမှာ တံခါးကို ထိန်းထားရန် ကြိုးစားနေကြပြီး တစ်ခဏကြာပြီးနောက် အရာအားလုံး တိတ်ဆိတ်သွားခဲ့၏။

ဆရာက တံခါးနားသို့ ကပ်၍ အပြင်ဘက်မှ အသံများကို နားထောင်နေရင်း ပြောလိုက်သည်။

“ယွမ်ရုံက တံခါးဖျက်ဝင်ဖို့အတွက် နောက်ထပ် နည်းလမ်းတစ်ခုကို ရှာနေတာပဲ”

ထိုကဲ့သို့ တစ်ခဏမျှ လုံခြုံမှုဖြင့် အခန်းထဲရှိ လူတိုင်းမှာ စိတ်သက်သာရာ မရသွားနိုင်ပေ။ သူတို့က ယွမ်လော့ရီအား အနည်းငယ် ခါးသီးမှု၊ ကြောက်ရွံ့မှု၊ အသက်ရှင်ရန် မျှော်လင့်ချက်တစ်ခု ရှိလာ၍ စိတ်သက်သာရာ ရသွားမှု စသည့် အကြည့်မျိုးစုံ ခံစားချက်မျိုးစုံဖြင့် ကြည့်နေကြ၏။

တစ်ချိန်တည်းမှာပင် ယွမ်လော့ရီသည်လည်း သူမ ရင်းနှီးနေသော မျက်နှာတစ်ချို့အား မှတ်မိသွားလေသည်။ လူအများစုမှာ သူမ၏ အတန်းဖော်ဟောင်းများ ဖြစ်ကြ၏။ သူတို့မှာ သူမကို လှောင်ပြောင်ခဲ့သည့် သူများ သို့မဟုတ် သူမအား ရည်ရွယ်ချက်ရှိရှိဖြင့် အရာရာ ခက်ခဲအောင် လုပ်ခဲ့သည့် သူများပင်။

ယွမ်လော့ရီအား အမြဲတစေ အနိုင်ကျင့်ခဲ့သည့် အထက်တန်းကျောင်းမှ အတန်းဖော် တစ်ယောက်မှာ အရှေ့သို့ ထွက်လာကာ သူမကို ​ဒေါသတကြီး လက်ညှိုးထိုးလာသည်။

“နင့်အစ်ကိုက လူသတ်သမားပဲ”

“ငါတို့က နင်သေရတာနဲ့ ဘာမှမဆိုင်နေဘူးလေ”

“ငါတို့ကို ဘာလို့ ဒီကို ခေါ်လာခဲ့တာလဲ”

အတန်း A၏ ခေါင်းဆောင် ဝမ်ရှောင်လည်း ရှိနေသည်။ အရွယ်ရောက်ပြီးသား လူတစ်ယောက် အနေနှင့် သူမတွင် ငယ်စဥ်ကကဲ့သို့ မောက်မာမှုများ မရှိတော့ဘဲ ကုန်းကွကွဖြင့် ဘေးဘီသို့ စိုးရိမ်တကြီး ကြည့်နေ၏။

သူမ ငိုယိုလျက် ပြောလာသည်။

“ယွမ်လော့ရီ ကျေးဇူးပြုပြီး နင့်အစ်ကိုကို ငါတို့ကို လွတ်ပေးဖို့ ပြောပေးပါနော်”

“ငါ အရင်တုန်းက မရင့်ကျက်ဘဲ မိုက်မဲမိခဲ့တာပါ၊ ငါ့မိဘတွေက ခဏခဏ ရန်ဖြစ်တော့ ငါ့ခံစားချက်တွေကို ဖွင့်ထုတ်ဖို့ နင့်ကို လှောင်ပြောင်ပြီး အနိုင်ကျင့်ခဲ့မိတာပါ”

“ဒါပေမဲ့ ငါတို့တွေ အထက်တန်း ရောက်တော့ အတန်း မတူတော့ဘူးလေ၊ ဂျူနီယာ အထက်တန်း သုံးနှစ်ကလွဲရင် ငါ နင့်ကို ဘာမှ မလုပ်ခဲ့ပါဘူး”

“ပြီးတော့ နင့်ကိုလည်း ကြီးကြီးမားမား ပြဿနာ မဖြစ်စေခဲ့ဘူး‌လေ အတော်လေးလည်း ကြာနေပြီမလား၊ ငါ့ရဲ့ အခက်အခဲကို နင် နားမလည်နိုင်ဘူးလားဟင်”

ယွမ်လော့ရီ နားလည်သွားလေပြီ။ သူမအစ်ကိုများ၏ လူသတ်စက်ကွင်းမှာ ကျယ်ပြန့်လာခြင်း ဖြစ်၏။ အစ်ကိုအကြီးဆုံးမှာ တိုက်ရိုက် ပတ်သက်နေသည့် သူများကို သတ်၍ ဒုတိယအစ်ကိုမှာ သွယ်ဝိုက် ပတ်သက်နေသည့် သူများကို သတ်ပြစ်လေသည်။

တတိယအစ်ကိုအတွက်မူ သူမအား မပျော်ရွှင်အောင် လုပ်သူများ အားလုံးက အပြစ်ရှိ၏။

သူတို့၏ ညီမလေး သေဆုံးသွားပြီးနောက် အလွန်အကျွံ ကာကွယ်ချင်စိတ်မှ အရူးအမူး သတ်ဖြတ်မှုသို့ ပြောင်းသွားခဲ့သည်။

ယွမ်ရုံအတွက်မူ သူတို့၏ ညီမလေးမှာ မြင့်မြတ်ပြီး ထိတွေ့၍ မရန်ိုင်သဖြင့် ဤလူများက သူတို့၏ အပြစ်အတွက် အသက်နှင့်သာ ပေးဆပ်ရမည်ပင်။

ကာယဆရာက အသံကို မြှင့်ကာ အော်လိုက်၏။

“နိုးထကြတော့”

“ယွမ်လော့ရီက သေသွားပြီ၊ ဒီကလေးမလေးက သူနဲ့ တူရုံလေးပဲ”

“သူကို ယွမ်ရုံက တစ်နေနေရာကနေ ပြန်ပေးဆွဲလာတာပဲ ဖြစ်ရမယ်၊ အသက်ငယ်ငယ်လေးနဲ့ ဒီလိုကိစ္စထဲမှာ ပတ်သက်နေရတာ သနားစရာပဲ”

ဝမ်ရှောင်က မျက်ရည်များ ကျလာခဲ့သည်။

“ဆရာ ဘာတွေအော်နေတာလဲ ဆရာပြောတော့ ဆရာက ဒီကို သမီးတို့ကို ကယ်ဖို့ လာခဲ့တာဆို၊ သမီးတို့ ဆရာ့နောက်ကို လိုက်ရင်း အခု လူတွေ အများကြီး သေကုန်ကြပြီ”

“သမီး သည်းမခံနိုင်တော့ဘူး”

“ငါ အိမ်ပြန်ချင်တယ်”

မိန်းကလေးများမှာ သူမ၏ ဘေးတွင် ဝိုင်းနေကာ အတူ ငိုယိုနေကြပြီး အလွန် သနားစရာကောင်းသည်ဟု ခံစားလိုက်ရ၏။

ကာယဆရာက သက်ပြင်းချလိုက်သည်။ သူငယ်ချင်း တစ်ယောက်အနေနှင့် သူ ယွမ်ရုံ၏ ပြောင်းလဲမှုများအား သတိပြုမိပြီး ယခုတလော လူများစွာ ပျောက်ဆုံးနေကြသည်နှင့် ပတ်သတ်၍ လိုက်ရှာရင်းမှ ယွမ်ရုံ၏ ရာဇဝတ်မှုများကို မြင်တွေ့လိုက်ရ၏။

ထိုလူများအား ကယ်တင်ရန် သူ ရည်ရွယ်ခဲ့သော်လည်း ယခု‌‌တော့ သူကိုယ်တိုင်ပင် ယွမ်အိမ်တော်၌ ပိတ်မိနေတော့သည်။

*အဟွတ် အဟွတ်*

သူ ပါးစပ်ကို ပိတ်ကာ ချောင်းဆိုးမိလိုက်ပြီး ရင်ဘတ်ထဲ၌ စူးရှသည့် နာကျင်မှုအား ခံစားလိုက်ရသည်။ ထို့နောက် လက်ဖဝါးအား ကြည့်လိုက်မိချိန်တွင်တော့ သွေးများကို တွေ့လိုက်ရ၏။ သူ၏ အတွင်းပိုင်း ဒဏ်ရာများမှာ ပြင်းထန်နေပြီး သူ ဘယ်လောက်ကြာကြာ ဆက်ထိန်းထားနိုင်မည်ကို သူ မသိပေ။

သွေးပျက်ဖွယ် ကောင်းလှသော ခြောက်ခြားစရာ ကိစ္စများအား ကြုံတွေ့ခဲ့ရ၍ ငိုယိုနေကြသည့် ကျောင်းသား ကျောင်းသူများကို ကြည့်ရင်းနှင့် သူကိုယ်တိုင် သွေးပျက်နေပါက လူတိုင်း ပြိုလဲသွား နိုင်သည်ဟု အတွေး ဝင်လာလေသည်။

ထို့ကြောင့် ကာယဆရာမှာ သူ၏ လက်ပေါ်ရှိ သွေးများကို တိတ်တဆိတ်ပင် သုတ်လိုက်ပြီး

မည်သူ့ကိုမျှ မပြောရန် ဆုံးဖြတ်လိုက်၏။

အခြားသူများနှင့် ယှဥ်လျှင် ယွမ်လော့ရီမှာ ပို၍ တည်ငြိမ်နေခဲ့သည်။ သူမ မျက်နှာပေါ်ရှိ သွေးများကို သူမ၏ အင်္ကျီစနှင့် သုတ်၍ ပြတင်းပေါက်နားသို့ လျှောက်သွားကာ ဘောင်ပေါ်သို့ လက်တင်လိုက်၏။

ယွမ်မိသားစုမှာ လုံခြုံရေးကို အထူး အလေးထားသည်။ ပြတင်းပေါက်များမှာ ကျည်ကာပြီး တံခါးများက အလွန် ခိုင်မာ၏။ ထို့ကြောင့် ယွမ်ရုံ ဝင်လာချင်လျှင် သူ အထူးပစ္စည်းများ ရှာရန် လိုအပ်သည်။ သူ ဤနေရာသို့ ဝင်လာနိုင်ရန် အချိန်တစ်ခုသာ လိုလေ၏။

ယွမ်လော့ရီမှလွဲ၍ ဤနေရာရှိ လူများမှာ ခေါင်းပေါ်၌ သေဆုံးမည့် အချိန် သတ်မှတ်ချက် တစ်ခု‌ ရှိနေသကဲ့သို့ပင်။ နောက်ဆုံး တစ်စက္ကန့် ကုန်ဆုံးသွားချိန်၌ တတိယအစ်ကိုယွမ်ရုံ ဝင်လာပြီး သူတို့၏ အသက်များကို နှုတ်ယူသွားမည် ဖြစ်သည်။

ယွမ်လော့ရီမှာမူ ယွမ်ရုံက သူမအား ကာကွယ်ပေးရန်ဟု ခေါင်းစဉ် တပ်ကာ အဝေးသို့ ခေါ်သွားမည် ဖြစ်သော်လည်း ၎င်းမှာ အကျဉ်းချခံရခြင်း သက်သက်သာ ဖြစ်ပြီး ယွမ်လော့ရီ မလိုချင်သည့် အရာပင်။

ပြတင်းပေါက် အပြင်ဘက် လရောင်‌ ဖျော့ဖျော့ အောက်တွင် ယွမ်မိသားစု၏ ဥယျာဥ်ထဲ၌ မြက်ပင်လေးများမှာ လေပြေလေးကြောင့် ယိမ်းသွားပြီး ပန်းပွင့်လေး အနည်းငယ် တိတ်တဆိတ် ပွင့်လန်းလာလေ၏။

ပန်းပွင့်ချပ်များမှာ ပေါ့ပါး၍ မှောင်မိုက်နေသည့် ည၌ ရွှေရောင် တောက်ပလျက် ပျက်စီးနေသည့် ယွမ်အိမ်တော်အား တက်ကြွ လန်းဆန်းသွားစေသည်။

ထိုပန်းလေးများသည် သူမငယ်စဉ်က ကြိုက်နှစ်သက်ခဲ့သဖြင့် ဒုတိယအစ်ကို ယွမ်ဖာ့မှ စိုက်ပေးခဲ့ခြင်း ဖြစ်၏။

ပူပြင်းသည့် ရာသီဥတုတွင် ထိုနူးညံလှပသော ပန်းလေးများ ပွင့်လန်းလာစေရန် နေ့စဥ် ရေလောင်း‌ပေးရန် လိုအပ်လေသည်။ ထိုစဉ် သူမ သန့်စင်ထားသော အခန်းနှင့် ဆေးကြောထားသည့် အမွှေးဖွဖွနှင့် ယုန်ရုပ်‌လေးကို ပြန်လည် သတိရသွား၏။

ဒုတိယအစ်ကိုယွမ်ဖာ့မှာ ပျောက်ဆုံးသွားခြင်း မဟုတ်ဘဲ တမင်သက်သက် ပုန်းနေခြင်းသာ ဖြစ်ပြီး ယွမ်အိမ်တော်ကို သန့်ရှင်းရန်နှင့် သူ၏ စိတ်အခြေအနေ တိုးတက်လာစေရန် ပန်းများအား စိုက်ပျိုးနေခြင်း ဖြစ်နိုင်သည်ဟု ယွမ်လော့ရီ ကောက်ချက်ချလိုက်သည်။

တံခါးအပြင်ဘက်တွင်တော့ တတိယအစ်ကိုက လျှောက်လမ်းမှ အလျင်အမြန် ထွက်သွားပြီး သူ၏ မျက်လုံးများမှာ မည်းမှောင်၍ သတ်ဖြတ်ချင်စိတ်များနှင့် ပြည့်နေကာ ယခင်ကထက်ပင် ပိုကြောက်စရာကောင်းနေ၏။

အဲဒီ ယုတ်မာတဲ့ သူတွေက သူ့ညီမလေးကို ခေါ်သွားကြပြီ။

သူတို့တွေ သူမ အနားကို ဘယ်လိုလုပ် ထပ်လာရဲရတာလဲ။

သူတို့ ယွမ်လော့ရီကို ခွင့်လွှတ်ပေးရန် တောင်းဆိုနေကြသည် ဟူသော အတွေးမှာ သူ့ကို ဒေါသထွက်စေသည်။ သူတို့ထဲက မည်သူက သူ့ညီမလေး၏ နာကျင်မှုအား နားလည်နိုင်မည်နည်း။

သူတို့တွေ အားလုံးက အပြစ်ရှိပြီးတော့ သေကို သေရမယ်။

အား။

သူ့ညီမလေးကို ပျောက်သွားပြီးတော့ ပြန်ရှာတွေ့ခဲ့ပြီ။

သူ့မှတ်ဥာဏ်ထဲကလိုပင် ပြီးပြည့်စုံပြီး လှုပ်ရှားမှုတိုင်းက သူ့နှလုံးသားကို ညှို့ယူနေသည်။

ထိုပျော်ရွှင်မှု၊ ကျေနပ်မှုများနှင့်အတူ အပြစ်ရှိစိတ်က ကပ်ပါလာနေ၏။

ယွမ်ရုံသည် အိမ်မှ နှစ်ပေါင်းများစွာ ထွက်သွားခဲ့ပြီး သူ၏ ညီမလေး သေဆုံးမှသာ ပြန်လာခဲ့သည်။ အစ်ကိုတစ်ယောက်အနေနှင့် အပြစ်ရှိစိတ်ကို ခံစားနေရပြီး ထိုအပြစ်ရှိစိတ် ပြေပျောက်စေရန် နည်းလမ်းမှာ သူ့ညီမလေးအား နာကျင်စေခဲ့သည့် သူများကို တစ်ယောက်မကျန် သတ်ပြစ်ရန်သာ ဖြစ်၏။

All Chapters