အခန်း (၇၈)
Vol. 8 Ch. 78
ယွမ်အိမ်တော်၏ ဧည့်သည်ခန်းထဲရှိ လူများသည် ယွမ်ရုံမှာ မည်သည့် အချိန်မဆို ဝင်လာနိုင်ပြီး သူတို့အားလုံး ဤနေရာတွင် သေဆုံးရတော့မည် ဖြစ်၍ ထိတ်လန့်မှု၊ စိုးရိမ်မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
လူတိုင်းမှ လက်နက်အဖြစ် အသုံးပြုရန် သင့်လျော်သော ပစ္စည်းများကို အသည်းအသန် ရှာဖွေရင်း အခန်းထဲ၌ ပျာယာခတ်နေကြ၏။
ယွမ်ရုံက မည်သူနှင့်မျှ ယှဉ်မရသော ကြောက်စရာကောင်းသည့် လူသတ်စက်တစ်လုံး ဖြစ်သော်လည်း သူတို့အနေဖြင့် သေရမည်ကို ထိုင်စောင့်ပြီး လက်ခံနေ၍ မဖြစ်ပေ။ ခုခံခြင်းအားဖြင့် အသက်ရှင်နိုင်မည့် အခွင့်အရေး တစ်ခု ရှိနေသေးသည်။
ထိုစဉ် လူနှစ်ယောက်သည်လည်း အဝတ်တန်းများကို တစ်ပြိုင်နက်တည်း ရှာဖွေတွေ့ရှိပြီး လုယူတိုက်ခိုက်နေကြ၏။ ဤအခန်းထဲတွင် အဝတ်တန်းတစ်တန်းက ခုခံကာကွယ်ရန် သင့်လျော်သော လက်နက်တစ်ခုအဖြစ် သတ်မှတ်၍ ရသဖြင့် မည်သူကမျှ အလျှော့မပေးလိုကြပေ။
ဆူညံသံများနှင့် အော်ဟစ်သံများကြားတွင် ယွမ်လော့ရီ တစ်ယောက်တည်းကသာ နက်နဲစွာ တွေးတောလျက် မလှုပ်မယှက် ရပ်နေခဲ့သည်။
လူငယ်တစ်ယောက်က ယွမ်လော့ရီအား မနှစ်မြို့စွာ ကြည့်ပြီး တီးတိုးရေရွတ်လိုက်၏။
"ဘယ်သူနဲ့မှ ပေါင်းသင်းမရဘူး သူ့လိုပဲ..."
"ရှူး အဲဒီလို မပြောနဲ့၊ ဒီကောင်မလေးက အခု ငါတို့အတွက် အသက်ကယ်ကြိုးပဲ မင်း စကားများရင် သူ ငါတို့ကို ပူးပေါင်းကူညီမှာ မဟုတ်တော့ဘူး"
ယွမ်လော့ရီ ရုတ်တရက် သူမအပေါ်သို့ စူးစိုက်ကြည့်နေသော အကြည့်တစ်ခုကို ခံစားလိုက်ရသဖြင့် လှည့်ကြည့်လိုက်ရာ
ဆံပင်အတိုနှင့် မိန်းကလေးတစ်ဦးက သူမအား စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။
ထိုမိန်းကလေးမှာ ဝမ်းနည်းပူဆွေးနေပုံရပြီး မျက်လုံးများ နီရဲကာ မျက်ရည်များ ဝဲ၍ ငိုတော့မည့်ဆဲဆဲပင်။
ထိုဆံပင်အတိုနှင့် မိန်းကလေးက ယွမ်လော့ရီအနားသို့ ချဉ်းကပ်လာပြီး သူမ၏ မျက်နှာကို စိုက်ကြည့်လာ၏။
"မင်းတို့ နှစ်ယောက်က တကယ်ကို တူကြတာပဲ၊ ကလေးမလေး မင်း ဘယ်လိုဖြစ်ပြီး ဒီမှာ အဖမ်းခံရတာလဲ"
ယွမ်လော့ရီက ပြန်မဖြေခဲ့ပေ။
ဆံပင်အတိုနှင့် မိန်းကလေးက ဆက်ပြောလာသည်။
"ထားပါတော့ ငါလည်း ဘယ်လို အဖမ်းခံရမှန်း မသိပါဘူး နိုးလာတော့ ဒီနေရာကို ရောက်နေတာ"
"ငါ့ အထက်တန်းကျောင်းက အတန်းဖော်တွေကို မြင်လိုက်တာနဲ့ ငါ နားလည်သွားတယ် ဒါက လက်စားချေတာပဲ"
"သူတို့ အားလုံးက ဆွေကြီးမျိုးကြီး မိသားစုတွေက ဆင်းသက်လာတဲ့ သူတွေလေ ငါ့မိဘတွေက သာမန် အလုပ်သမား လူတန်းစားတွေ၊ ငါ သူတို့ကို တကယ် မစခဲ့သင့်ပေမဲ့ သူတို့က ယွမ်လော့ရီကို အနိုင်ကျင့်ခိုင်းတော့ ငါလည်း လုပ်ခဲ့ရတယ်"
"သူရဲ့ ဘောပင်တွေကို ဖွက်တာ အိမ်စာပေါ် ကော်ဖီ ဖိတ်ပစ်တာ၊ အဲလို အသေးအမွှားလေးတွေပေါ့"
"ဒါပေမဲ့ ယွမ်လော့ရီ ကျောင်းထွက်သွားပြီးနောက်ပိုင်း ငါကပဲ ဒိုင်ခံ အကြဉ်ခံရတဲ့ ဒုတိယမြောက်လူ ဖြစ်လာမယ်လို့ လုံးဝ မမျှော်လင့်ခဲ့ဘူး၊ သူ ခံစားခဲ့ရတဲ့ဟာမျိုးကို ကိုယ်တိုင် ကြုံရတော့မှ ဆက်တိုက် ဖြစ်နေတဲ့ အသေးစား ကိစ္စလေးတွေက ဘယ်လောက် နာကျင်စေလဲဆိုတာ ငါ သဘောပေါက်ခဲ့တယ်"
"နောက်ဆုံးတော့ ငါလည်း ကျောင်းထွက်ခဲ့ရတယ်၊ ဝင်ခွင့်စာမေးပွဲမှာ ခရိုင် ထိပ်ဆုံး အယောက် ၁၀၀ စာရင်းထဲ ဝင်ခဲ့လို့ ငါ့မိဘတွေက ငါ့အပေါ် မျှော်လင့်ချက်တွေ အများကြီး ထားခဲ့ကြတာ၊ အခုတော့ ရပ်တည်နိုင်ဖို့အတွက် အလုပ်ကြမ်းတွေပဲ လုပ်နေရတော့တယ် တကယ် ဘဝဆုံးတာပဲ"
ဆံပင်အတိုနှင့် မိန်းကလေး ကျန်းရွှင့်ယင်းက သူမ၏ အိတ်ကပ်ထဲမှ ငွေရောင် ခက်ရင်း တစ်ခုကို ထုတ်၍ ယွမ်လော့ရီအား ပေးလိုက်၏။
"ဒါကို ယူထားလိုက်၊ အချိန်တန်ရင် မင်း ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အထောက်အကူ ဖြစ်ကောင်းဖြစ်လိမ့်မယ်"
ယွမ်လော့ရီက ခေါင်းကို ခါယမ်း၍ ငြင်းလိုက်သည်။
သူမ အထက်တန်းကျောင်း တက်စဉ်က မှတ်ဉာဏ် အပိုင်းအစလေးများကို ပြန်လည် မြင်ယောင်လာ၏။ ကျန်းရွှင့်ယင်းမှာ သူမအား အနည်းငယ် အကျပ်အတည်း ဖြစ်အောင် လုပ်ဖူးခဲ့သော်လည်း ယင်းတို့မှာ အတင်းအကျပ် ခိုင်းစေခံရခြင်း ဖြစ်သည်ကို ယွမ်လော့ရီ သိလေသည်။
"ယူလိုက်ပါ"
ကျန်းရွှင့်ယင်းက အတင်းအကျပ် ပြော၍ ယွမ်လော့ရီ၏ လက်ကို ဆွဲယူကာ ခက်ရင်းကို သူမ၏ လက်ထဲ အတင်း ထည့်ပေးပြီး လှည့်ထွက်သွားခဲ့၏။
သူမ မိန်းကလေး အုပ်စုငယ် တစ်ခုနှင့် ပြန်သွားပေါင်းလိုက်သည်။
ချမ်းသာသည့် မိန်းကလေး တစ်ယောက်က သူမအား ဆူပူလာ၏။
"ဘာလို့ ငါ့ကို မပေးဘဲ သူ့ကို ပေးလိုက်ရတာလဲ"
ကျန်းရွှင့်ယင်းက ပြန်ဖြေလိုက်သည်။
"နင့်မှာ တံမြက်စည်း ရှိပြီးသားလေ သူ့မှာ ဘာမှ မရှိဘူး၊ ကာကွယ်ဖို့ လက်နက်ရဖို့ဆိုတာ သူ့လို လူကောင်သေးသေးလေးအတွက် အရမ်းခက်တယ်"
အခြား မိန်းကလေးများကလည်း ဒေါသထွက်ပြီး ကျန်းရွှင့်ယင်းကို ဝိုင်းဝန်း ဆူပူကြ၏။
"နင်လည်းလေ အထက်တန်းကျောင်းတုန်းကလိုပဲ နုံအနေတာ"
"အဲစိတ္တဇကောင်က သူ့ကို သူ့ညီမလို သဘောထားတာ၊ သူ လုံးဝ ထိခိုက်မှာ မဟုတ်ဘူး"
"သူ ဝင်လာတဲ့အချိန်ကျရင် ငါတို့ သူ့ကို လူသားဒိုင်းအဖြစ် သုံးရလိမ့်မယ်"
ထိုကဲ့သို့ ပြောဆိုနေကြရာမှ သူတို့၏ မကောင်းသည့် အကျင့်များ ပေါ်သွားလျှင် ယွမ်လော့ရီ ထွက်ပြေးသွားမည် စိုးသဖြင့် ရုတ်တရက် တိတ်ဆိတ်သွားကြသည်။
"ဒုန်း!"
အလွန် ပြင်းထန်သော ပေါက်ကွဲသံနောက်တွင် မြေပြင်က အနည်းငယ် တုန်ခါသွား၏။
မျက်နှာကျက်တွင် အက်ကွဲကြောင်း များစွာ ပေါ်လာပြီး ကြီးမားသော အပျက်အစီးများက စတင် ပြိုကျလာသည်။
လူများက ထိတ်လန့်တကြား အော်ဟစ်ကြတော့၏။
"သူ ရောက်လာပြီ"
ကာယဆရာက အော်ပြောလာသည်။
"သူ မျက်နှာကျက်ကနေ ဖောက်ဝင်ဖို့ ကြိုးစားနေတာ ဒီနေရာကနေ ထွက်ပြေးကြတော့"
"ဒုန်း! ဒုန်း! ဒုန်း!"
မိုးခြိမ်းသံကဲ့သို့သော အသံများက ဆက်တိုက် ထွက်ပေါ်နေပြီး စက်တစ်မျိုးမျိုးမှ အရှိန်အပြည့်ဖြင့် ထိုးဆောင့်နေသလိုပင်။ မျက်နှာကျက်မှာလည်း အက်ကွဲကာ ပြိုကျနေခဲ့၏။
မျက်နှာကျက်က ကြာကြာခံတော့မည် မဟုတ်မှန်း သိလိုက်ရသောအခါ လူတိုင်း တံခါးဝသို့ အပြေးအလွှား သွားကြပြီး သူတို့ ပိတ်ပင်ထားသည့် ပစ္စည်းများကို ထိပ်ထိပ်ပျာပျာဖြင့် ဖယ်ရှားကြတော့သည်။
နောက်ဆုံး၌ တံခါးဝက ရှင်းလင်းသွားလေ၏။
ချမ်းသာသည့် မိန်းကလေး တစ်ဦးက ကျန်းရွှင့်ယင်းအား ရိုက်ထုတ်ပစ်လိုက်ပြီး တံခါးကို ဖွင့်ကာ ဦးစွာ ထွက်ပြေးခဲ့သည်။
သို့သော်လည်း သူမကို ကြိုဆိုနေသည်မှာ ထွင်းဖောက်နိုင်သည့် အေးစက်သော အလင်းရောင်တစ်ခု ဖြစ်ပြီး ချွန်ထက်သည့် ဓားသွားတစ်ခုက သူမ၏ အသက်ကို ချက်ချင်း နုတ်ယူလိုက်လေ၏။
သွေးများ ပန်းထွက်လာကာ ခေတ္တမျှ ထိတ်လန့်သွားကြပြီးနောက် တံခါးအပြင်ဘက်၌ ရပ်နေသူကို လူတိုင်း မြင်လိုက်ရသည်။ ယင်းမှာ သေမင်း၏ ကိုယ်ပွားပမာ ဖြစ်သော ယွမ်ရုံပင်။
"အားးးး"
လူအများက ကြောက်လန့်တကြား ပြေးလွှားကြကုန်၏။ သို့သော် ယွမ်ရုံ၏ ကြီးမားသော အမျက်ဒေါသကြောင့် သူတို့၏ ခုခံမှုမှာ အချည်းနှီးပင်။
ဒေါသဖြင့် လောင်မြိုက်နေသော ယွမ်ရုံက ဓားနှစ်လက်ကို ကိုင်ကာ လူသတ်ယန္တရားစစ်စစ် ဖြစ်နေခဲ့သည်။
ဒီမလောက်လေး မလောက်စားတွေက သူ့ညီမလေးကို ခေါ်သွားခဲ့တယ်။
သူ သည်းမခံနိုင်တော့ပေ။
နာကျင်မှုက သူ၏ တည်ငြိမ်မှုကို တိုက်စားပစ်လိုက်၍ လိုက်လံ ခုတ်ထစ်၊ ပိုင်းဖြတ်ကာ အလောင်းများပေါ် နင်းလျှောက်ရင်း ထိုလုပ်ရပ်များကို အဆုံးမရှိ ထပ်ခါတလဲလဲ လုပ်ဆောင်နေသည့် အကြင်နာမဲ့ လူသတ်သမား တစ်ယောက် အဖြစ်သာ ကျန်ရစ်တော့၏။
လူတစ်ယောက်က အခုတ်ခံရသော်လည်း အော်ဟစ်လျက် မြေပြင်ပေါ်တွင် ရုန်းကန် တွားသွားနေသေးသည်။
"ကျွန်တော့်ကို မသတ်ပါနဲ့၊ ကျွန်တော် တကယ် ဘာမှ မလုပ်ခဲ့ပါဘူး"
ယွမ်ရုံက အရိုးကွဲမတတ် အေးစက်လှသည့် လှောင်ပြောင်သံဖြင့် ရယ်မောလိုက်၏။
ဘာမှ မလုပ်ခဲ့ဘူးတဲ့လား။
သူ့ညီမ သေဆုံးပြီးနောက် ဤလူက ကြည့်ရှုသူ ရရှိရန် ဗီဒီယိုတစ်ခုကို ရည်ရွယ်ချက်ရှိရှိ တင်ခဲ့သည်။
[ ဟေ့ လူတွေ ငါက ယွမ်လော့ရီရဲ့ အထက်တန်းကျောင်းက အတန်းဖော်ပဲ၊ သူက ဖျားနေခဲ့တာ သေသွားတာ ကောင်းချက်ပဲ၊ မဟုတ်ရင် နောက်ကျ ကပ်ဆိုး ဖြစ်လာမှာ ]
"ခရက်ခ်"
ယွမ်ရုံ၏ အမျက်ဒေါသက သူ့ဓားသွားကို အရှိန်ဖြင့် မောင်းနှင်စေရာ တောက်ပသော သွေးနီရောင်များ ပန်းထွက်လာခဲ့၏။ ထိုအရောင်မှာ သူ့ညီမလေး၏ ဂူဗိမာန်ပေါ် ကျရောက်သည့် နေဝင်ချိန်နှင့် ဆင်တူနေခဲ့သည်။
ထိုနေ့မှ အသေးစိတ် အဖြစ်အပျက်တိုင်းက ယွမ်ရုံ၏ ခေါင်းထဲတွင် ဆက်တိုက် မှတ်မိနေဆဲပင်။
သူ ညီမဖြစ်သူ၏ အုတ်ဂူရှေ့၌ ရပ်၍ အုတ်ဂူကျောက်ပြားပေါ်တွင် ဆိုးယုတ်စွာ ခြယ်သထားသော နံရံမှုတ်ဆေးပန်းချီများကို စိုက်ကြည့်နေခဲ့သည်။ သူ တင်ထားခဲ့သော ပန်းအသစ်များမှာလည်း ရွှံ့များထဲတွင် ပျက်စီးလျက် ပြန့်ကျဲနေခဲ့၏။
ယွမ်လော့ရီ ဆုံးပါးသွားပြီးနောက် ယွမ်မိသားစုမှာ အရှိန်အဝါ မှေးမှိန် ကျဆင်းသွားခဲ့သည်။ ထိုတစ်ည အတွင်းမှာပင် လူမှုကွန်ရက်ပေါ်၌ အတန်းဖော်များ ရေတွက်မရအောင် ပေါ်ထွက်လာကာ ယင်ကောင်များပမာ ဝိုင်းအုံ၍ Likes နှင့် Shares ဟူသော သာယာမှုများဖြင့် အဆုံးမရှိ ပျော်မွေ့နေကြ၏။
[ ဒီအမှုက မတရား စွပ်စွဲခံရတာ လုံးဝမဟုတ်ဘူး၊ ငါက သူ့အတန်းဖော်ပဲ ကျောင်းမှာ သူက အမြဲတမ်း တစ်ကောင်ကြွက်လေ ]
[ ငါက ဒီအမှုရဲ့ အသေးစိတ်ကို ပြောပြနိုင်တဲ့ အတွင်းလူပဲ၊ သူက အိမ်ကနေ မောင်းထုတ်ခံရတဲ့ အမွေခံသမီးတုလေ မကျေနပ်ချက်တွေနဲ့ အိမ်ပြန်ပြီး မွေးစားအမေကို သတ်ခဲ့တာ ]
[ ရုပ်ကလေးက ချောပေမဲ့ ကွယ်ရာမှာကျ အတော်လေး လူလည်ကျတယ်လို့ သတင်းထွက်ခဲ့တာ ]
[ သူ့အစ်ကိုတွေက သူ အပြစ် မရှိဘူးလို့ အခုထိ ငြင်းနေပြီး အမှုကို ပြန်စစ်ဆေးဖို့ တောင်းဆိုနေကြတယ်၊ တစ်မိသားစုလုံး စိတ်မနှံ့ကြဘူး သူတို့က အားလုံးကို တောင်းပန်ရမှာ ]
[ လူသတ်သမားအတွက် အောက်မေ့ဖွယ်ပွဲတွေတောင် လုပ်ရဲသေးတယ်၊ သူ့ရဲ့ ဂူသင်္ချိုင်းဆိုတာက ရှိတောင် မရှိနေသင့်ဘူး ]
ယွမ်ရုံမှာ လူအများမှ မလျော်မကန် ပြုထားကြသော အုတ်ဂူကို မြင်လိုက်ရသည့်အခါ သူ၏ နောက်ဆုံးသော စိတ်တည်ငြိမ်မှု အပိုင်းအစများ ပျက်စီးသွားခဲ့သည်။
ဒေါသ ပြင်းထန်ပြီး ဝမ်းနည်းကြေကွဲမှုဖြင့် သွေးများ ပေကျံလျက် အော်ဟစ်နေသည့် သားရဲ တစ်ကောင်ပမာ လက်စားချေရန်အတွက် သူ၏ နောက်ဆုံးထွက်သက်ကိုပင် စတေးရန် ဆန္ဒရှိနေခဲ့၏။
လူတိုင်း အပြစ်ရှိတယ်။ လူတိုင်း သေရမယ်။
အဆုံးမရှိသော သွေးနီရောင် မုန်တိုင်းက ဓားသွားများနှင့်အတူ ရောက်ရှိလာခဲ့ပြီး အော်ဟစ်သံများ၊ ငိုကြွေးသံများကြားတွင် ယွမ်ရုံက ထိုလူများ၏ မကောင်းမှုများကို အပြတ်ဖြတ်ပစ်လိုက်သည်။
ထိုကလေးမှာ ကမ္ဘာပေါ်တွင် အနူးညံ့ဆုံးသူ ဖြစ်၏။
မည်သူက သူမအား ဤမျှ ရက်စက်စွာ ထိခိုက်နစ်နာအောင် ပြုလုပ်ရဲရသနည်း။
ယွမ်ရုံ သူမ၏ အပြုံးကို ချစ်မြတ်နိုးလေသည်။
နွေဦးအစ၌ ပွင့်လန်းသော ပန်းလေး တစ်ပွင့်ကဲ့သို့ သို့မဟုတ် ဆောင်းတွင်း အလယ်တွင် အကိုင်းအခက်များအပေါ် ကျရောက်သော နွေးထွေးသည့် နေရောင်ခြည်ကဲ့သို့ ထိုအပြုံးကို မည်သည့်အခါမျှ မငြီးငွေ့ဘဲ စိုက်ကြည့်နိုင်ခဲ့၏။
ထို့ကြောင့် ညတိုင်း ယွမ်လော့ရီ ငိုနေသည်ကို ကြားသောအခါ သူ သူမ၏ ပြတင်းပေါက်သို့ ခိုးကြောင်ခိုးဝှက် သွားခဲ့သည်။
"မငိုပါနဲ့တော့၊ ကိုကို ပုံပြင်ပြောပြရမလား”