← Chapters

အခန်း (၇၉)

Vol. 8 Ch. 79

အခန်း (၇၉)

Vol. 8 Ch. 79

အပြင်လူများ၏ အမြင်တွင် ယွမ်မိသားစု၏ တတိယသားဖြစ်သူ ယွမ်ရုံမှာ ရုပ်ရည်ချောမောပြီး ထက်မြက်ကာ လူအများ၏ အားကျခြင်းကို ခံရသူ ဖြစ်၏။ သို့သော် သူ၏ မိသားစုအတွက်မူ ယွမ်ရုံမှာ အကြီးမားဆုံး ခေါင်းခဲစရာပင်။

ဖေဖေယွမ်နှင့် မေမေယွမ်တို့သည် ယွမ်ရုံအား စိတ်ပိုင်းဆိုင်ရာ စမ်းသပ်မှုများစွာ ခံယူစေခဲ့ရာ ရလဒ်များမှာ အမြဲဆိုသလို တသမတ်တည်း ထွက်ပေါ်ခဲ့သည်။ သူက အလွန်အမင်း အန္တရာယ်ရှိသော လူမှုရေး ခေါင်းပါးသည့် အကျင့်စရိုက်ရှိပြီး သနားကြင်နာစိတ် လုံးဝ မရှိဘဲ သတ္တဝါများနှင့် လူသားများ နှစ်မျိုးလုံးအပေါ်၌ လူသတ်လိုစိတ်ကို မွေးမြူထားသူ ဖြစ်၏။

စိတ်ပညာရှင်များ၏ လမ်းညွှန်မှုအောက်တွင် ဖေဖေယွမ်နှင့် မေမေယွမ်တို့က ယွမ်ရုံအား ကုသရန် ကြိုးပမ်းခဲ့ကြသော်လည်း သူ၏ စိတ်ရင်းအမှန်အရ လူသတ်သမားအဖြစ်သာ ဆက်လက် ရှိနေခဲ့သည်။

အသက်ငါးနှစ်အရွယ်တွင် ယွမ်ရုံမှာ သူ၏ လျှို့ဝှက်ဒိုင်ယာရီ၌ လူသတ်ရန် အစီအစဉ်များကို စတင် ရေးသားခဲ့ပြီး မိသားစုတစ်ခုလုံး၏ နာမည်များကို ရဲတင်းစွာ စာရင်းပြုစုထားခဲ့၏။

ကံမကောင်းစွာဖြင့် ထိုအချိန်က ငယ်ရွယ်၍ အားနည်းနေသေးပြီး သူ၏ စွမ်းရည်များနှင့်တကွ မိဘများ၏ လိမ္မာပါးနပ်မှုကိုပါ အထင်လွဲမှားခဲ့သည်။

ဖေဖေယွမ်နှင့် မေမေယွမ်တို့မှာ သော့ကို ဖျက်၍ သူ၏ ဒိုင်ယာရီကို ဖတ်ရှုပြီးနောက် ခေတ်မီ စိတ်ပိုင်းဆိုင်ရာ ကုသမှုက အလိမ်အညာဖြစ်ကြောင်း ယုံကြည်သွားကြ၏။ သူတို့၏ သားကို စနစ်တကျ ပြုစုပျိုးထောင်ရန်အတွက် ရိုးရာနည်းလမ်းဖြင့် အပြင်းအထန် ရိုက်နှက်ခြင်းကို အသုံးပြုခဲ့ကြသည်။

ယွမ်ရုံက သူ၏ လူသတ်ရန် အစီအစဉ်ကို ထိုနေရာတွင်ပင် စွန့်လွှတ်ခဲ့ရပြီး နောင်တစ်သက်လုံး ဒိုင်ယာရီကို လုံးဝ မရေးတော့ရန် တိတ်တဆိတ် သစ္စာဆိုခဲ့၏။

ယွမ်ရုံတစ်ယောက် ကြီးပြင်းလာပြီး ပိုမို သန်မာလာသည်နှင့်အမျှ မေမေယွမ်မှာ ပို၍ပင် စိုးရိမ်ပူပန်လာခဲ့၏။ သူမ၏ သားမှာ ထိန်းချုပ်ရန် ခဲယဥ်းလွန်းသည်။ မထိန်းချုပ်ဘဲ ထားပါက နေရာတိုင်း၌ အဖျက်များ ပြုလုပ်လိမ့်မည် ဖြစ်ပြီး အပြစ်မဲ့သူ များစွာမှာ သူ၏ လက်ချက်ဖြင့် ဘဝဆုံးရလိမ့်မည်။

သို့သော် ယွမ်လော့ရီ မွေးလာခြင်းက အရာအားလုံးကို ပြောင်းလဲပစ်ခဲ့၏။

ကိုးနှစ်အရွယ် ယွမ်ရုံက စူးစမ်းလိုစိတ်ဖြင့် မေးလာသည်။

"မေမေ၊ ဒီကလေးက ဘယ်သူလဲ"

မေမေယွမ်က ပြန်ဖြေလိုက်၏။

"သူက သားရဲ့ ညီမလေး ယွမ်လော့ရီပေါ့"

"သား အနီးကပ် သွားကြည့်လို့ရလား"

"မရဘူး၊ သားသွားလို့ မရဘူး"

"ဘာလို့လဲ"

"ညီမလေးက သားရဲ့ အစ်ကိုတွေနဲ့ မတူဘူး၊ ကလေးနုနုလေးမို့လို့ သားက သူ့ကို ထိခိုက်စေနိုင်တယ်"

"သားက တစ်ချက်လေးပဲ ကြည့်ချင်တာ"

"လုံးဝ မရဘူး"

ယွမ်ရုံမှာ အမြဲတမ်းလိုလိုပင် ဖယ်ကြဉ်ခံခဲ့ရ၏။ သူ ဘာမှားခဲ့သည်ကို မသိခဲ့ပေ။ ကံကြမ္မာက သူ့အား ဤစရိုက်ကို ပေးသနားခဲ့သဖြင့် လက်ခံလိုက်သော်လည်း သူ၏ ပတ်ဝန်းကျင်ရှိ လူများကမူ ထိတ်လန့်ခဲ့ကြသည်။

သို့သော် အတားအဆီး အ‌သေးအဖွဲက ဘာမျှ မဟုတ်ပေ။ နောက်ဆုံးတွင် ယွမ်ရုံ သူ့ညီမလေးကို မြင်လိုက်ရ၏။ သို့သော် အစ်ကိုကြီး ယွမ်အောင်း၏ ရိုက်နှက်မှုကြောင့် သွားတစ်ချောင်း ဆုံးရှုံး၍ အလဲအထပ် လုပ်ခဲ့ရသည်။

ထို့နောက် အံ့သြဖွယ် အရာတစ်ခု ဖြစ်လာခဲ့၏။

သတင်းကောင်းမှာ ယွမ်ရုံတွင် သနားကြင်နာစိတ် တိုးလာခဲ့ခြင်းပင်။

သို့သော် ယွမ်လော့ရီ တစ်ဦးတည်း အပေါ်၌သာ ဖြစ်၏။

ထိုကလေးငယ်လေး ပြုံးလိုက်သောအခါ သူ ပျော်ရွှင်သည့် အလင်းရောင်ကို မြင်လိုက်ရပြီး ထိုအခါမှ သူ အမှောင်ထုထဲတွင် ဖြည်းဖြည်းချင်း နစ်မွန်းနေခဲ့သည်ကို သတိပြုမိတော့သည်။

ဆက်တိုက် သတ်ဖြတ်နေခြင်းက အတော်ပင် ပျင်းစရာကောင်းလှ၏။ ယွမ်ရုံက သူ တည်ရှိနေရခြင်း၏ ရည်ရွယ်ချက်ကို မသိဘဲ သွေးပင်လယ်ထဲ၌ တစ်ယောက်တည်း လှည့်လည်နေခဲ့သည်။

သို့သော် ယခုမူ သူ၏ ဘဝက ယွမ်လော့ရီကြောင့် အဓိပ္ပာယ်ရှိလာခဲ့၏။

ယွမ်မိသားစုမှ ယွမ်ရုံအား ယွမ်လော့ရီ အနားသို့ ချဉ်းကပ်ခြင်းကို တားမြစ်ထားသောကြောင့် သူ သစ်ပင်များ အောက်တွင် ပုန်းအောင်းကာ ကလေးငယ်ကို အဝေးမှ ငေးကြည့်၍ လှပသော စက္ကန့်တိုင်းကို တန်ဖိုးထားခဲ့သည်။

သူမ၏ အနီးအနား၌ တစ်စုံတစ်ယောက် ရှိနေကြောင်း သိလိုက်ရသကဲ့သို့ ထိုကလေးငယ်လေးက သူ့အား ပြန်ကြည့်ကာ ပျော်ရွှင်စွာ ပြုံးပြပြီး လက်သေးသေးလေးများကို ဆန့်ထုတ်ခဲ့၏။

ယွမ်ရုံမှာ မွေးဖွားလာချိန်မှစ၍ အန္တရာယ်ရှိသူ ဖြစ်ခဲ့သည်။ အိမ်၌ သေစေနိုင်လောက်သော ညီအစ်ကို အချင်းချင်း ပြိုင်ဆိုင်မှုများတွင် တက်ကြွစွာ ပါဝင်ခဲ့၏။ အပြင်လောကတွင် သာမန်လူများက သူ့အား သွေးများဖြင့် ဖုံးလွှမ်းနေသည်ကို မြင်သည်နှင့် ထိတ်လန့်တကြား ထွက်ပြေးကြလိမ့်မည်။

သို့သော် ယွမ်လော့ရီကမူ ယွမ်ရုံကို မြင်သောအခါ ပြုံးပြတတ်၏။ သူမက သူ့ကိုပင် ထိတွေ့ချင်ခဲ့သည်။

အံ့သြစရာပဲ၊ ထောင့်မှာ ပုန်းနေတာကို ရှာတွေ့သွားခဲ့ပြီ။

သူမကို ဘယ်လို ကျေးဇူးဆပ်ရမလဲ။

သူမရဲ့ ကျန်ရှိနေတဲ့ ဘဝတစ်လျှောက်လုံးကို ကာကွယ်ပေးရမယ်။

ချစ်ရတဲ့ ညီမလေး၊ ဒီလိုလေးပဲ ဆက်ပြုံးပြီး ကြီးပြင်းလာပါ။

သို့သော် သူ၏ ဆန္ဒနှင့် ထပ်တူမကျစွာ သုံးနှစ်အရွယ် ယွမ်လော့ရီမှာ မကြာခဏဆိုသလို ငိုကြွေးတတ်၏။ တစ်ကိုယ်ကောင်းဆန်သော ဒုတိယအစ်ကို ယွမ်ဖာ့က ယွမ်လော့ရီအား အခန်းထဲ ပိတ်ထားကာ ဂိမ်းကစားရန် ပြေးထွက်လေ့ ရှိသည်။

ဒေါသထွက်နေသော ယွမ်ရုံမှာ သူ့ညီမလေး၏ အုပ်ထိန်းခွင့်ကို လက်ဝါးကြီးအုပ်ရန် ကြိုးပမ်းရင်း ယွမ်ဖာ့အား ထိုးကြိတ်ခဲ့၏။ ပြင်းထန်သော တိုက်ပွဲအပြီးတွင် ယွမ်ရုံက နောက်တစ်ကြိမ် သေလုနီးပါး ရိုက်နှက်ခံခဲ့ရပြန်သည်။

ယွမ်ရုံက သူ၏ အားအနည်းဆုံး နှစ်များတွင် သူ အကာကွယ်ပေးချင်ဆုံးသူနှင့် တွေ့ဆုံခဲ့ရ၏။

ယင်းက ယွမ်ရုံအား ကြီးမားသော ဆင်းရဲဒုက္ခကို ခံစားစေခဲ့သည်။

ယွမ်ရုံတစ်ယောက် ညနက်၌ သူ့ညီမလေး၏ ငိုသံများကို ထပ်မံ ကြားရပြန်ရာ သူ၏ နှလုံးသားက ပူပန်မှု၊ စိုးရိမ်စိတ်ဖြင့် နာကျင်သွားခဲ့၏။

နှင်းများဖြင့် စိုစွတ်နေ‌သော မြက်ခင်းများကို နင်းလျှောက်ရင်း အပြာရောင် နွေပန်းရိုင်းများ ထူထပ်စွာ ပေါက်ရောက်နေသည့် နေရာအား ရှောင်ကွင်းကာ အဖြူရောင် လိုက်ကာများမှတစ်ဆင့် တုန်ရီလျက် ကုပ်ကုပ်လေး ငိုကြွေးနေသော သူ၏ ညီမလေးကို ချောင်းကြည့်လိုက်သည်။

"မငိုပါနဲ့ကွာ၊ ကိုကို ပုံပြင်ပြောပြရမလား"

ယွမ်လော့ရီက ထိုအသံကို ကြား၍ ပြတင်းပေါက် အပြင်ဘက်သို့ အံ့အားသင့်စွာ ကြည့်လိုက်ရာ ပန်းပြာပြာများကြားမှ ကောင်ချောလေးကို မြင်လိုက်ရ၏။

သူက ဒဏ္ဍာရီလာ ရေသူထီးနှင့် တူလေသည်။ ကြယ်များဖြင့် လင်းလက် တောက်ပနေသော သမုဒ္ဒရာထဲမှ ပေါ်ထွက်လာပြီး သင်္ဘောလက်ရန်းပေါ် မှီကာ ရှေးဟောင်းကဗျာများကို ပျော်ရွှင်စွာ သီဆိုလျက် လူသားတစ်ယောက်ကို သူ၏ ကမ္ဘာအား မြင်တွေ့ရန် ဖိတ်ခေါ်နေသည့်အလားပင်။

ယွမ်လော့ရီက အငိုရပ်သွားပြီး ပြတင်းပေါက်နားသို့ ချဉ်းကပ်လာသည်။

ယွမ်ရုံက မေးလိုက်၏။

"ညီမလေး၊ ကိုကို ဘယ်သူလဲဆိုတာ သိလား"

ယွမ်လော့ရီက ပြန်ဖြေလာသည်။

"တတိယကိုကို‌မလား၊ အမြဲတမ်း အနားမှာ သမီးကို စောင့်ကြည့်နေတဲ့သူ"

သူ့ညီမလေးက သူ့ကို မှတ်မိနေသောကြောင့် ယွမ်ရုံမှာ လေထဲ မြောက်တက်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ ဤမျှသော ပျော်ရွှင်မှုကို ပထမဆုံး အကြိမ်အဖြစ် ခံစားရပြီး သူ့ကိုယ်သူ တဖြည်းဖြည်း နူးညံ့လာသည်ကို သတိပြုမိလိုက်သည်။

ယွမ်လော့ရီ၏ ပါးပြင်တွင် မျက်ရည်များဖြင့် စိုစွတ်နေဆဲပင်။ ယွမ်ရုံက လက်ကို ဆန့်ကာ ကျန်ရှိနေသော မျက်ရည်များကို ညင်သာစွာ သုတ်ပေးလိုက်၏။

"စိတ်မကောင်းမဖြစ်ပါနဲ့တော့၊ သိပ်လှတဲ့ မင်းသမီးလေး၊ ကြောက်ဖို့ကောင်းတဲ့ နဂါးတစ်ကောင်နဲ့ သတ္တိရှိတဲ့ သူရဲကောင်းတစ်ယောက် အကြောင်း ပုံပြင်ကောင်းလေး ပြောပြမယ်လေ"

ယွမ်လော့ရီက ခေါင်းငြိမ့်၍ စိတ်ကူးယဉ် ခရီးစဉ်ကို စိတ်အားထက်သန်စွာ စောင့်မျှော်နေလေသည်။ အစ်ကိုကြီး ယွမ်အောင်း နိုင်ငံခြားသို့ သွားစဥ်ကတည်းက သူမနှင့်အတူ ဆော့ကစားရန် သို့မဟုတ် ပုံပြင် ပြောပြရန် မည်သူမျှ မရှိခဲ့ပေ။ သူမ တတိယအစ်ကို ယွမ်ရုံကို မျက်လုံး အပြူးသားလေးနှင့် မျှော်လင့်ချက် အပြည့်ဖြင့် ကြည့်နေခဲ့၏။

"ဝေးလံတဲ့ တိုင်းပြည် တစ်ပြည်မှာ နဂါးတစ်ကောင်က မင်းသမီးလေးကို ပြန်ပေးဆွဲသွားခဲ့လေသတဲ့"

"ဘုရင်ကြီးက ငိုယိုပြီး သူ့သမီးကို ကယ်နိုင်တဲ့ သူတိုင်းကို ရွှေတောင်ကြီး တစ်တောင် ပေးမယ်လို့ ကြေညာခဲ့တာပေါ့"

"ဒါပေမဲ့ နိုင်ငံထဲက ဓားသမား အားလုံးက နဂါးကို ကြောက်ကြတယ်၊ ဘာလို့လဲဆိုတော့ နဂါးရဲ့ ပါးစပ်က မီးတွေ မှုတ်နိုင်တဲ့အပြင် သူ့ရဲ့ ခြေသည်းတွေကလည်း ဘယ်သံချပ်ကာကိုမဆို ဖောက်ထွင်းနိုင်ပြီး အမြီးက ဘယ်အရာကိုမဆို နှစ်ပိုင်း ပိုင်းနိုင်လို့ပဲ"

"ပိုကြောက်စရာကောင်းတာက နဂါးရဲ့ အကြေးခွံကို ဘယ်ဓားနဲ့မှ မထွင်းဖောက်နိုင်ဘူး"

ယွမ်လော့ရီက ကလေးများ အားလုံး ချစ်မြတ်နိုးသည့် ရှေးဟောင်းပုံပြင်ကို စိတ်ဝင်တစား နားထောင်လျက် သူမ၏ အစောပိုင်း ဝမ်းနည်းမှုများကို မေ့လျော့သွားကာ စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။

"ပြီးတော့ ဘာဆက်ဖြစ်လဲ"

ယွမ်ရုံက ဆက်ပြောလာ၏။

"ပြီးလည်းပြီးရော ဒုက္ခရောက်နေတဲ့ ခရီးသွား ကဗျာဆရာ တစ်ယောက်က ရှေ့ကို ထွက်လာပါလေရော"

"သူက 'အရှင်မင်းကြီး၊ ကျွန်တော် ငတ်ပြတ်တော့မယ့် အချိန်မှာ မင်းသမီးလေးက ကျွန်တော့်ကို ပေါင်မုန့်နဲ့ရေ ပေးခဲ့ဖူးပါတယ်၊ ဒါကြောင့် ဒီကျေးဇူးကို ပြန်ဆပ်ဖို့ ကျွန်တော် လာခဲ့တာပါ ကျွန်တော် နဂါးကို သတ်ပါ့မယ်' လို့ ပြောလာခဲ့တယ်"

"ခန္ဓာကိုယ် တောင့်တင်းတဲ့ ဓားသမားတွေက သူ့ကို လှောင်ပြီး 'မင်းက ခြေထောက်လည်း မသန်ဘူး လက်မောင်းကလည်း ကျူရိုးလို ပိန်ချုံးကျနေတာ ဘယ်လိုများ နဂါးကို သတ်နိုင်မှာတုန်း' လို့ ပြောကြရော"

"ခရီးသွား ကဗျာဆရာက ဘာမှ ပြန်မပြောဘဲနဲ့ ကြေးနီဓားဟောင်း တစ်ချောင်းကို ယူပြီး တစ်ယောက်တည်း နဂါးတောင်ကို ထွက်သွားခဲ့တယ်"

"နဂါးကြီးက ရွှေ၊ ငွေနဲ့ ကျောက်မျက်ရတနာပုံပေါ်မှာ ကွေးကွေးလေး နေနေပြီး သူ အသက်ရှူလိုက်တိုင်းလည်း နှာခေါင်းပေါက်ကနေ မီးတွေ ပွင့်ပြီး ဟောက်သံပေးနေတယ်၊ မင်းသမီးလေးကတော့ အဲအနားမှာဘဲ သံကြိုးခတ်ခံထားရပြီး တိုးတိုးတိတ်တိတ် မျက်ရည်ကျနေခဲ့ရှာတာပေါ့"

"ခရီးသွား ကဗျာဆရာက မင်းသမီးလေးနား ချဉ်းကပ်ပြီး 'မင်းသမီးလေး၊ ကျွန်တော်က တစ်ချိန်က မြင့်မြတ်တဲ့ သူရဲကောင်းတစ်ဦးပါ ဒါပေမဲ့ ယုတ်ညံ့တဲ့ ကျိန်စာကြောင့် ကျွန်တော့် စွမ်းအားတွေ ဆုံးရှုံးသွားခဲ့ပါတယ်၊ မင်းသမီးလေးရဲ့ မြင့်မြတ်တဲ့ စွမ်းအားနဲ့ ကျွန်တော့် ဝိညာဉ်ကို သန့်စင်ပေးမယ်ဆိုရင် မကောင်းဆိုးဝါး နဂါးကို သတ်ပြီး မင်းသမီးကို ကယ်ဖို့ ခွန်အားတွေ ပြန်ရလာမှာပါ' လို့ ပြောလိုက်တယ်"

"မင်းသမီးလေးက သူ ဝမ်းနည်းနေချိန်မှာ အားပေးဖို့အတွက် ပုလွေမှုတ်ပေးလေ့ရှိတဲ့ ခရီးသွား ကဗျာဆရာကို သတိရသွားတယ်"

"အဲဒါနဲ့ မင်းသမီးလေးက သူ့ရဲ့ ရွှေရောင်ဆံပင်တွေကို သပ်တင်လိုက်ပြီး သံချေးတက်နေတဲ့ ကြေးနီဓားကို အလေးအမြတ်ထားပြီး အနမ်းတစ်ခု ပေးလိုက်တာနဲ့ သံချေးတွေက ချက်ချင်းဆိုသလို ပျောက်သွားပြီး ငွေရောင်ဓားက တောက်ပတဲ့ အလင်းနဲ့ လင်းလက်လာခဲ့တယ်၊ မြင့်မြတ်တဲ့ သူရဲကောင်းကလည်း သူ့ စွမ်းအားတွေကို ပြန်ရသွားခဲ့တာပေါ့"

"နောက်ဆုံးမှာတော့ သူက မကောင်းဆိုးဝါး နဂါးကို သတ်ပြီး မင်းသမီးလေးကို ကယ်ခဲ့တယ်တဲ့"

ပုံပြင်ကို နားထောင်ပြီးနောက် ယွမ်လော့ရီက ဝမ်းမြောက်ဝမ်းသာ လက်ခုပ်တီးလိုက်သည်။

"သူက တိုင်းပြည်ရဲ့ အစွမ်းအထက်ဆုံး သူရဲကောင်းပဲ"

ယွမ်ရုံက ပြုံး၍ ပြောလိုက်၏။

"အင်း မင်းသမီးလေးသာ သူ့နှလုံးသားထဲမှာ ရှိနေပြီး မြင့်မြတ်တဲ့ ဓားကို ကိုင်ထားရင် ဘယ်သူမှ သူ့ကို မနိုင်ဘူး"

"တတိယကိုကိုကရော အစွမ်းအထက်ဆုံး သူရဲကောင်းလား"

"မဟုတ်ဘူး၊ လုံးဝ မဟုတ်ဘူး...ကိုကိုက သူတို့လောက် ဘယ်လိုမှ မသန်မာပါဘူး"

ယွမ်ရုံက သူ ခံစားခဲ့ရသော သူ့အစ်ကိုများ သို့မဟုတ် မိဘများထံမှ နာကျင်သည့် ရိုက်နှက်မှုများကို ပြန်သတိရမိပြီး သူ မည်သည့်အချိန်မှ ပိုသန်မာလာမည်အား သေချာ မသိခဲ့ပေ။

ယွမ်လော့ရီက သူမ၏ တတိယအစ်ကို ဝမ်းနည်းနေသည်ကို ရိပ်မိလိုက်၏။

"တတိယကိုကို၊ အနားကိုလာ"

ယွမ်ရုံက ပြောသည့်အတိုင်း လုပ်လာသည်။

"ဒီလိုလား"

ယွမ်လော့ရီက ခြေဖျားထောက်လိုက်ပြီး ယွမ်ရုံ၏ နဖူးပေါ်သို့ အနမ်း သေးသေးလေး ပေး၍ ပျော်ရွှင်စွာ ပြုံးလိုက်၏။

"အခု ကိုကို မင်းသမီးလေးရဲ့ အနမ်းကို ရသွားပြီဆိုတော့ မြင့်မြတ်တဲ့ သူရဲကောင်း ဖြစ်သွားပြီ”

ယွမ်ရုံက ခေတ္တမျှ မှင်သက်သွားလေသည်။ သူ အသက်ငယ်ပေါင်းများစွာကို သတ်ခဲ့ဖူးသော်လည်း ဤအခိုက်အတန့်၌ သူ၏ မွေးရာပါ အကုသိုလ်စိတ်က တကယ်တမ်း သန့်စင်သွားခဲ့ပြီဟု ခံစားလိုက်ရ၏။

သူက လခြမ်းကွေးသဏ္ဌာန်နှင့် တူသည်ပင်။ အပြင်ဘက်၌ ချွန်ထက်သော အစွန်းများ ရှိနေသော်လည်း အတွင်း၌မူ သူမအတွက် နူးညံ့မှုကို ဖုံးကွယ်ထားသည်။

ယွမ်ရုံက ယွမ်လော့ရီ၏ လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်ပြီး ညင်သာစွာ ပြောလာ၏။

"ဒါဆို အရှင်မင်းသမီး၊ မင်းသမီးလေးကို ထာဝရ ကာကွယ်ခွင့်ပြုပါ"

သုံးနှစ်အရွယ် ယွမ်လော့ရီက ယွမ်ရုံမှာ သူ့ဝိညာဉ်ကို တိုင်တည်၍ ကတိသစ္စာပြုနေသည်ကို နားမလည်သေးပေ။

ထိုအခိုက်အတန့်တွင် ယွမ်ရုံက နောင်အနာဂတ်၌ သူ၏ ညီမလေးကို ကာကွယ်ရန် ရှုံးနိမ့်လိမ့်မည် ဖြစ်ပြီး မကောင်းဆိုးဝါး နဂါးအား အရှုံးပေးရလိမ့်မည်ကို မသိခဲ့ပေ။

မင်းသမီးလေးကမူ အမှောင်ထုထဲ၌ နာကျင်စွာ သေဆုံးရလိမ့်မည်ပင်။

All Chapters