အခန်း (၈၀)
Vol. 8 Ch. 80
ဘဝမှာ တစ်ခုတည်းသော အရာကို ဆုံးရှုံးရတာ ဘယ်လို ခံစားရလဲ။
၎င်းမှာ မျှော်လင့်ချက် ကင်းမဲ့မှုဖြင့် ပြည့်နေသည့် ဆူနာမီမုန်တိုင်းနှင့် တူပြီး ဟိန်းတက်လာသော လှိုင်းလုံးများက အရာအားလုံးကို ဝါးမျိုသွားကာ အပိုင်းပိုင်း ဆုတ်ဖြဲ၍ နောက်ဆုံး၌ အားလုံးကို မြေမြှုပ်ပစ်လိုက်၏။
တစ်ချိန်က ယွမ်ရုံမှာ ပန်းများကို နူးညံ့စွာ စိုက်ပျိုးခဲ့ပြီး ၎င်းတို့၏ ပွင့်ဖတ်များ တစ်စစဖြင့် ပွင့်လန်းလာသည်ကို ပျော်ရွှင်စွာ ကြည့်ရှုခဲ့သည်။ သို့သော် ယခုမူ ထိုပန်းများက ထင်ရှားသော ကမ္ဘာလောက၏ အလှကို မမြင်နိုင်မီပင် သွေးထွက်သံယိုများကြား၌ ရွှံ့နွံဖြစ်သည်အထိ ဖျက်ဆီးခံလိုက်ရ၏။
တောအုပ်ထဲတွင် အလင်းရောင်ကို ညင်သာစွာ ထွေးပိုက်၍ ပြုံးရယ်နေတတ်သော ညီမလေးမှာ ပန်းများ ပွင့်လန်းရာ အသက် ၁၈နှစ် အရွယ်၌ ဘဝတစ်ပါးသို့ ကူးပြောင်းခဲ့သည်။
ယွမ်ရုံ၏ ဝိညာဉ် တစ်စိတ်တစ်ပိုင်းသည်လည်း သူမနှင့်အတူ သေဆုံးသွားခဲ့၏။
နာကျင်မှု၊ စိတ်ဖိစီးမှု၊ မျှော်လင့်ချက် ကင်းမဲ့မှု၊ နာကျင်နေသော ခေါင်းကို ဆုပ်ကိုင်ထားသော လက်များ၊ သွေးရာများကို ချန်ထားခဲ့သော လက်သည်းချွန်များနှင့် သွေးဆာနေသော သားရဲမှာ သူ၏ အချုပ်အနှောင်မှ လွတ်မြောက်ကာ ဝမ်းနည်းစွာ အော်ဟစ်ငိုကြွေးနေသည်။
သူက မင်းသမီးလေးအတွက် သူရဲကောင်း မဟုတ်တော့ဘဲ ညစ်ညမ်းသော ကျိန်စာအောက်တွင် ပုပ်သိုးနေသည့် စက်ဆုပ်ဖွယ် စာရိတ္တပျက်ပြားသူ တစ်ယောက်သာ ဖြစ်နေခဲ့ပြီပင်။
ယွမ်ရုံက ရုတ်တရက် ငြိမ်သက်သွားပြီး စကားနည်းသွားခဲ့ကာ အမှောင်ထဲ၌ တစ်ယောက်တည်း ထိုင်၍ မျက်လုံးများက ခံစားချက် ကင်းမဲ့စွာ အေးစက်နေခဲ့သည်။
သူ၏ သွယ်လျသော လက်ချောင်းများက သန့်ရှင်းသော ဂွမ်းစအသစ်ကို ကောက်ယူကာ အရက်ပြန်ဆွတ်၍ ဓားသွားများကို ဂရုတစိုက် သုတ်နေ၏။ ဓားသွားများ၏ အစွန်းများက ယခုအခါ အေးစက်စွာ တောက်ပနေပြီး အင်မတန် ချွန်ထက်လျက် ရှိသည်။
သူနှင့်အတူ နှစ်များစွာ တိုက်ပွဲဝင်ခဲ့သော ဝါရင့် ရဲဘော်ဟောင်းများက ယွမ်ရုံကို စိုးရိမ်တကြီး စိုက်ကြည့်နေကြ၏။ သူတို့၏ အသက်အရွယ် ရနေသော မျက်လုံးမှုန်မှုန်များတွင် စိုးရိမ်မှုများ ပြည့်နှက်နေလေသည်။
"မင်း ပြောင်းလဲသွားပြီ"
ယွမ်ရုံက ဂရုမစိုက်ခဲ့ပေ။
ဤသည်မှာ ကြင်နာမှု ကင်းမဲ့၍ သွေးအေးပြီး အလွန်အမင်း သွေးဆာလောင်လှသော သူ၏ စစ်မှန်သည့် ကိုယ်ပိုင်ပုံစံပင် ဖြစ်သည်။ သူ၏ နူးညံ့သောဘက်ခြမ်းမှာ သူ့ညီမလေးအတွက်သာ ဖြစ်ပြီး ယင်းက သူမနှင့်အတူ သေဆုံးသွားခဲ့ပြီ ဖြစ်၏။
သူ၏ ညီမလေး အသက်ရှင်စဉ်က ယွမ်ရုံမှာ ပုံမှန်လူတစ်ယောက်ကဲ့သို့ နေထိုင်ရန် အမြဲ ကြိုးစားတုပခဲ့သည်။
တောအုပ်အိမ်လေးထဲတွင် ငယ်ရွယ်သော သူသည် သူ နှစ်သက်သော အရာများကိုသာ ပြသတတ်ခဲ့သောကြောင့် ထိုသွေးထွက်သံယို မြင်ကွင်းများက သူ၏ ၆နှစ်အရွယ် ညီမလေးအတွက် ကြောက်မက်ဖွယ် အမှတ်တရများကို ချန်ထားခဲ့၏။ သူမအား သူ့ကို မကြောက်စေချင်တော့ပေ။
သူတို့ ပြောတာတော့ 'လူသတ်တာက တရားမျှတမှုကို ထိန်းသိမ်းဖို့' တဲ့။
ထို့ကြောင့် ယွမ်ရုံက သူ၏ မကောင်းဆိုးဝါး ဗီဇများကို ဖိနှိပ်ခဲ့ပြီး အပြစ်ရှိသူများကိုသာ သတ်ဖြတ်ခဲ့သည်။
သူတို့က ပြောတယ်။
'ယွမ်ရုံ သူ့ကို ခွင့်လွှတ်လိုက်ပါ၊ မင်း ဒေါသထွက်နေရင် ကလေးတွေတောင် မင်းအနားကို ကပ်ရဲမှာ မဟုတ်ဘူး' တဲ့။
ထို့ကြောင့် ယွမ်ရုံ လူအများ၏ အသိဉာဏ် ကင်းမဲ့မှုကို သည်းခံခဲ့၏။
သူတို့က 'လူတွေက အချင်းချင်း ကူညီရိုင်းပင်းရမယ်' လို့လည်း ပြောခဲ့ကြတယ်။
ထို့ကြောင့် ယွမ်ရုံ သူ၏ ရဲဘော်များကို ကယ်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့၏။ ရက်စက်သော လူသတ်သမား ဖြစ်သော်လည်း သူသည် ကမ္ဘာလောက၏ အမြင်၌ သူရဲကောင်းတစ်ဦး ဖြစ်လာခဲ့သည်။ အဆုံးမရှိသော ပန်းများနှင့် ကျေးဇူးတင်မှုများကို လက်ခံရရှိခဲ့ပြီး ဂုဏ်ကျက်သရေနှင့် တရားမျှတမှု လွှမ်းခြုံခဲ့၏။
တစ်ခါတစ်ရံတွင် ယွမ်ရုံ၏ ပြတင်းပေါက် အနားမှ ကြောင်လေးများ ဖြတ်သွားတတ်သည်။ သူတို့၏ အမွေးများမှာ နေရောင်ခြည်ထဲ၌ တောက်ပနေပြီး အရိပ်နှင့် အလင်းရောင်များကြားတွင် တစ်စုံတစ်ရာကို ဖမ်းရန် လက်သေးသေးလေးများအား ဆန့်ထုတ်၍ ခုန်ပေါက်ဆော့ကစားနေကြ၏။
ယခင်က ဤမြင်ကွင်းမျိုးကို မြင်သောအခါ ထိုအလွန်အမင်း တက်ကြွနေသည့် သတ္တဝါငယ်လေးများကို မည်သို့ သတ်ရမည်ကိုသာ စဉ်းစားခဲ့သည်။
သို့သော် ယခုမူ သူတို့က သူ၏ ညီမလေးအား သတိရစေ၏။
သူမကြောင့်ပင် အချိန်ကာလတစ်လျှောက် မတော်တဆ ကြုံတွေ့ရသော ရှုခင်းများက အဓိပ္ပာယ်ရှိလာခဲ့သည်။
တိမ်များကြားမှ တိုးထွက်လာသော နေရောင်ခြည်၊ စီးဆင်းနေသော ချောင်းငယ်လေး၊ တောက်ပနေသော ပိုးစုန်းကြူးများ။ ယင်းတို့ အားလုံးက သူ၏ ညီမလေးနှင့် တူသော်လည်း ယွမ်ရုံမှာမူ သူမ၏ အလှနှင့် နှိုင်းယှဉ်လျှင် အားလုံးက မှေးမှိန်သည်ဟု ခံစားရသည်။
ယွမ်ရုံက အားလပ်ချိန်များတွင် မြောက်ကြယ်ပွင့်ကို ငေးကြည့်လေ့ရှိ၏။ ညကောင်းကင်ယံရှိ ၎င်း၏ တည်ငြိမ်သော အလင်းရောင်မှာ လမ်းပျောက်နေသော ရေတပ်သားများကို ဆိပ်ကမ်းသို့ ပြန်လည် ပို့ဆောင်ပေးသကဲ့သို့ ယွမ်လော့ရီသည်လည်း မြောက်အရပ်တွင် ရှိနေခဲ့သည်။
တစ်နေ့တွင် သူ သူမ၏ ဘေးသို့ ပြန်သွားကာ သူ့ငယ်ဘဝ၌ သစ္စာဆိုခဲ့သည့် သူမအား ကာကွယ်ရန် ဆန္ဒကို ဖြည့်ဆည်းမည် ဖြစ်၏။
သို့သော် ယွမ်ရုံ ပြန်ရောက်လာသောအခါ သူ၏ ဘဝကို အဓိပ္ပာယ်ရှိစေသူက သူ့ထက် ဦးစွာ ထွက်ခွာသွားနှင့်ပြီပင်။
အစ်ကိုကြီး ယွမ်အောင်းက ပြောလာခဲ့၏။
"သူတို့က ညီမလေးကို အသရေဖျက်တယ် စော်ကားတယ် လှည့်ဖြားတယ်၊ တရားမျှတမှုလို့ အော်နေတဲ့ အချိန်မှာ တုတ်တွေနဲ့ ညီမလေးရဲ့ အရိုးတွေကို ကြေမွအောင် ရိုက်ချိုးခဲ့တယ်"
"ညီမလေးက ငါတို့အားလုံးကို အမြဲတမ်း စောင့်နေခဲ့တာ"
"ညီမလေးက ဘယ်တော့မှ အရှုံးမပေးခဲ့ဘူး"
"ငါတို့ ညီမလေးအတွက် လက်စားချေရမယ်"
ထို့ကြောင့် ယွမ်ရုံလည်း သူတို့အားလုံးနှင့် အလားတူ လုပ်ဆောင်ခဲ့၏။
ပထမဆုံးလူကို သတ်သည့်အခါ ယွမ်ရုံ ထိုသူ၏ မျက်လုံးများထဲရှိ ကြောက်ရွံ့မှုကို မြင်နိုင်ခဲ့သည်။ ရက်ပေါင်းများစွာ လိုက်လံဖမ်းဆီးခံရပြီးနောက် ထိုလူမှာ စီရင်မှုကို ရင်ဆိုင်ရတော့မည်။
ဓားသွားက ဆက်လက် ဖိထားသဖြင့် အရေပြားကို ထိုးဖောက်၍ ရင်ညွန့်ရိုးကို ဖြတ်တောက်ကာ အရိုင်းဆန်စွာ ခုန်နေသော နှလုံးသားရှေ့၌ ခေတ္တ ရပ်တန့်သွား၏။
ထိုလူက ငိုယို၍ တောင်းပန်လာသည်။
"ကျွန်တော် မှားသွားပါတယ် ခင်ဗျားရဲ့ ညီမလေးကို ထိခိုက်အောင် မလုပ်ခဲ့သင့်ပါဘူး၊ ကျွန်တော့်ရဲ့ စည်းစိမ်အားလုံးကို ခင်ဗျားကို ပေးပါ့မယ်ဗျာ ကျွန်တော့် အသက်ကို ချမ်းသာပေးပါ"
ယွမ်ရုံက အေးစက်စွာ ပြောလိုက်၏။
"အဓိပ္ပာယ်မှမရှိတာ၊ ဘာပဲလုပ်လုပ် ငါ့ညီမလေးက ပြန်ရှင်လာမှာ မဟုတ်ဘူး"
ထိုလူ ပိုမို ကြာရှည်စွာ ဒုက္ခခံစားရစေရန် ယွမ်ရုံက သူ၏ ညစ်ညမ်းသော နှလုံးသားကို ဓားသွားဖြင့် ဖြည်းညင်းစွာ ထိုးဖောက်လိုက်သည်။
ကောင်းကင်ယံ၌ အော်ဟစ်သံ တစ်ခုက ပဲ့တင်ထပ်သွားခဲ့၏။ သွေးများက မြေကြီးတွင် စိုရွဲသွားပြီး အပြစ်များကို ဆေးကြောကာ သန့်စင်သော ဝိညာဉ်ကို နှစ်သိမ့်ပေးခဲ့သည်။
အလောင်းကို ဖယ်ရှားနေစဉ် သစ်ပင်ထိပ်များမှ အမည်မသိ ငှက်တစ်ကောင်က ပျံသန်းသွား၏။ ၎င်း၏ တောင်ပံခတ်သံ သဲ့သဲ့လေးက ယွမ်ရုံ၏ အာရုံကို ဖမ်းစားလိုက်လေသည်။
သူ လှမ်းကြည့်လိုက်ရာ လိမ္မော်နီရောင် သမ်းနေသော ကောင်းကင်ပြင်ကြီးအား တွေ့လိုက်ရ၏။ သာယာလှသည့် လေပြည်လေညင်းလေးမှ ငှက်၏ အတောင်ပံများကို ပင့်တင်ပေးလိုက်ရာ တောက်ပနေသော ဆည်းဆာရောင်ခြည်ကြားတွင် ပျံဝဲနေသော ငှက်မှာ တစ်ပတ်လှိမ့်ချည်၊ နိမ့်ချည်၊ မြင့်ချည်နှင့် ဘဝ၏ ပျော်ရွှင်မှုကို အပူအပင်ကင်းစွာ၊ လွတ်လပ်စွာနှင့် အပြည့်အဝ ခံစားနေလေသည်။
အရမ်း လှတာပဲ။
ညီမလေးသာ ဒီလောက် ပေါ့ပေါ့ပါးပါး လွတ်လပ်နိုင်ခဲ့ရင်…
သူ ရှေ့ဆက်သွားလေလေ၊ လူများအား ပိုသတ်မိလေလေဖြင့် အမှန်တရားက ပိုရှင်းလင်းလာလေသည်။ ယွမ်ရုံက သူ့ညီမလေး ဘဝတွင် ခံစားခဲ့ရသည်များကို မြင်လာပြီး သူ့တွင် အပြစ်ရှိသည်ဟု ခံစားလာရ၏။
သူမ၏ နွေးထွေးမှုကိုသာ လောဘတကြီး စုပ်ယူခဲ့ပြီး သူမ အေးစက်သော ချောက်နက်ထဲသို့ ကျသွားသည်ကို သတိမထားမိခဲ့ပေ။
သူက ယခင်အတိုင်းပင် ရှိနေဆဲဖြစ်ပြီး သူ၏ ညီမလေးကိုသာ ထိခိုက်နစ်နာစေခဲ့သည်။ သူက အစ်ကိုဆိုးတစ်ယောက်ပင်။ ဖြစ်နိုင်သည်မှာ သူတို့ နှစ်ယောက်လုံး အစကတည်းက မတွေ့ခဲ့ကြသင့်ပေ။ သူ၏ ပျက်စီးနေသော ဝိညာဉ်က ပို၍ပင် နာကျင်လာခဲ့၏။
သူ သူ့ညီမလေး၏ သင်္ချိုင်းသို့ သွားရောက်၍ နောင်တရလိုသော်လည်း အုတ်ဂူကို ရုပ်ပျက်ဆင်းပျက် ဖြစ်ရန် ဆေးနီများ ပေကျံအောင် သုတ်ထားသည်ကိုသာ တွေ့လိုက်ရသည်။
သူ လုံးဝ ပြိုလဲသွားရန် စက္ကန့်ပိုင်းသာ လိုတော့၏။
ယခုအခါ ယွမ်အိမ်တော်ပျက်၌ ခြောက်ခြားဖွယ်ရာ လရောင်အောက်တွင် ယွမ်ရုံတစ်ယောက် သူ၏ ဓားကို လွှဲရင်း မုန်းတီးမှုများက မြင့်တက်လာကာ ထိုးချက်တိုင်းက ပြင်းထန်ပြီး ရက်စက်လွန်းသည်။ သူ သွေးမိုးများကြား၌ ရေချိုးရင်း မပင်မပန်း ဆက်လက် သတ်ဖြတ်နေခဲ့၏။
လူများက အော်ဟစ်၊ ငိုကြွေး၍ ထွက်ပြေးကြပြီး အဓိပ္ပာယ်မရှိသော ခုခံမှုများ ပြုလုပ်နေကြသည်။
သူတို့ အပြစ်ရှိလား။
သာမန်စံနှုန်းများအရ သူတို့၏ လုပ်ရပ်များက ရာဇဝတ်မှု မမြောက်ပေ။ ၎င်းတို့မှာ ကိုယ်ကျင့်တရား ပျက်ပြား၍ မောက်မာခြင်းသာဖြစ်ပြီး များသောအားဖြင့် ဝေဖန်ခြင်း၊ ပညာပေးခြင်းနှင့် ဖြေရှင်းနိုင်သည့် ကိစ္စများ ဖြစ်၏။
သို့သော် ယွမ်ရုံအတွက်မူ သူတို့သည် ခွင့်လွှတ်၍ မရသော သူများပင်။
လူအနည်းငယ်က ယွမ်လော့ရီဘက်သို့
ကြောက်လန့်တကြား ပြေးလာကြ၏။ သူမအား လူသားဒိုင်းအဖြစ် အသုံးပြုရန် ရည်ရွယ်ပြီး တရားမျှတမှု သို့မဟုတ် ပုံရိပ်ကောင်းကို လုံးဝ စွန့်လွှတ်ကာ ဓားကို ယွမ်လော့ရီ၏ လည်ပင်းသို့ တေ့၍ ယွမ်ရုံအား လက်နက်ချရန် တောင်းဆိုနေကြသည်။
ယွမ်ရုံက ထိုအကြံကို သေချာပေါက် ရိပ်မိ၍ ရှေ့သို့ တိုးဝင်ကာ သူတို့အား သေခြင်းတရားကို ပေးအပ်လိုက်၏။
သူ၏ မိတ်ဆွေဟောင်း တစ်ဦးမှာ ဆံပင်များ မီးခိုးရောင်သန်းနေပြီ ဖြစ်သော်လည်း ယွမ်ရုံအား ရပ်တန့်ရန် ကြိုးစားနေပြီး ယွမ်ရုံကို ဝမ်းနည်းမှု၊ ဒေါသများဖြင့် ကြည့်ရင်း အော်ဟစ်လာသည်။
"မင်း ဘာလုပ်နေတာလဲ"
ယွမ်ရုံက လှောင်ပြုံးလိုက်၏။
သူက ယွမ်ရုံကို တရားမျှတမှု၏ သူရဲကောင်းအဖြစ် မြင်နေဆဲပင်။
ယင်းက သူ၏ ညီမလေးမှ ဖန်တီးပေးခဲ့သော အံ့ဖွယ်တစ်ခုမျှသာ ဖြစ်ပြီး သူမ ထွက်ခွာသွားခြင်းနှင့်အတူ ပျောက်ကွယ်သွားရမည့် အရာ ဖြစ်လေ၏။
တသွင်သွင် လွင့်ပျံနေသော သွေးစက်များကြားတွင် ယွမ်ရုံက သူ၏ ဓားကို လွှဲ၍ လူများအား ပိုမို သတ်ဖြတ်ပြီး အလောင်းများပေါ် ရူးမိုက်စွာ တက်နင်းနေခဲ့သည်။
"လူတိုင်း အပြစ်ရှိတယ်၊ လူတိုင်း သေကိုသေရမယ်"
သူ ကိုယ်တိုင် အပါအဝင်ပေါ့။
သူ၏ မကောင်းဆိုးဝါး ဝိညာဉ်မှာ သေဆုံးပြီးနောက် ငရဲသို့ ဆင်းရဲဒုက္ခခံရန် ဆင်းသက်ရမည်မှာ အသေအချာပင်။
နှမြောစရာဘဲ၊ သူ့ ညီမလေးကတော့ ကောင်းကင်ဘုံမှာ ရှိနေမှာ။
ယွမ်ရုံ ဓားကို ဝှေ့ယမ်းရင်း သူ၏ မိတ်ဆွေဟောင်းဘက်သို့ တိုးဝင် ချဉ်းကပ်လိုက်သည်။
"ဘန်း!"
ယွမ်အိမ်တော်၏ လေးလံသော ခြံတံခါးကြီးက ရုတ်တရက် အသံမြည်လာ၏။
"ကလစ်!"
သော့ဖွင့်သံ ထွက်ပေါ်လာလေသည်။
ယွမ်ရုံက သူ၏ သတ်ဖြတ်မှုများကို ရပ်တန့်လိုက်ပြီး ဝင်ပေါက်ဘက်သို့ ကြည့်လိုက်၏။
အပြင်မှ တစ်စုံတစ်ယောက်က တံခါးကို တွန်းဖွင့်လိုက်လေသည်။
တံခါး အက်ကွဲကြောင်းမှတဆင့် ကြယ်ရောင်စုံ ညကောင်းကင်ယံက မြင်ကွင်းထဲသို့ ဖြည်းညင်းစွာ ရောက်ရှိလာ၏။ လေညင်းများက တိုးဝင်လာပြီး အခန်းထဲမှ သွေးနံ့ဆိုးကို ဖယ်ရှားကာ အပြင်ဘက်သို့ ငေးကြည့်နေသော ယွမ်လော့ရီ၏ နဖူးပေါ်ရှိ ဆံနွယ်များကို ညင်သာစွာ သပ်ပေးနေသည်။
ထိုနေရာတွင် အရပ်ရှည်ရှည် ပုံရိပ်တစ်ခုက နောက်ခံ အလင်းရောင်နှင့်အတူ ရပ်နေ၏။
ထိုလူမှာ ဟင်းသီးဟင်းရွက်များ၊ သစ်သီးများနှင့် ပေါင်မုန့်ရှည်တစ်လုံး ထည့်ထားသော စက္ကူအိတ်ကြီးကို ပွေ့ပိုက်ထားလေသည်။
ယွမ်ဖာ့၏ အကြည့်က အလောင်းများ၊ သွေးအိုင်များနှင့် ပြန့်ကျဲနေသော အခန်းကို ဝေ့ဝဲကြည့်ရှုလိုက်ပြီး နောက်ဆုံးတွင် သူ၏ ညီငယ် ယွမ်ရုံ အပေါ်သို့ ကျရောက်သွား၏။
သူက အခြားသူများ၏ ကြိုးစားအားထုတ်မှုကို ဘယ်တော့မှ မလေးစားခဲ့သည်မှာ သိသာနေသည်။ ယွမ်ဖာ့တစ်ယောက် နှစ်ပတ်ကြာ ပင်ပင်ပန်းပန်း သန့်ရှင်းရေး လုပ်ထားခဲ့သော ယွမ်အိမ်တော်မှာ ခဏလေးနှင့် ပျက်စီးသွားခဲ့ပြီ ဖြစ်၏။
ဒေါသထွက်နေသော ယွမ်ဖာ့က သူ၏ ကျည်အပြည့် ဖြည့်ထားသော ပစ္စတိုကို ဆွဲထုတ်လိုက်တော့သည်။