← Chapters

အခန်း (၄၁၆+၄၁၇)

Vol. 28 Ch. 416+417

အခန်း (၄၁၆+၄၁၇)

Vol. 28 Ch. 416+417

Chapter 416

အမှောင်နှင်းညတွင် အဆင့်မြှင့်တင်ခြင်း ၁

【ယန္တရားစကင်ဖတ်မှု အောင်မြင်သည် – ပုံကြမ်းရရှိသည်- Kor စက်ရုံ – ဝင်ရိုးခြောက်ခု စက်မှုလက်တံ】

【ဝါးမျိုမှုအောင်မြင်သည် – +200 ယန္တရားရင်းမြစ်အမှတ်၊ +100 ယန္တရားဝါးမျိုကျွမ်းကျင်မှု】

【ဖြုတ်ချမှု- အပူခံ သံမဏိအတုံး ၁၀၀ ယူနစ်၊ molybdenum-တန်စတင် သံချေးဒဏ်ခံနိုင်ရည်ရှိသော သတ္တုစပ် ၃၀ ယူနစ်၊ တိုက်တေနီယမ် သတ္တုစပ် ၅၀ ယူနစ်၊ ဇာကွန်နီယမ်အ‌ခြေခံ အ‌ရည်‌ပျော်သတ္တုစပ် ၅ ယူနစ်၊ ရိုးရိုးကာဗွန်သံမဏိ ၂၀ ယူနစ်၊ ထို့ပြင် ဂရက်ဖင်း-အလူမီနီယမ် ဝါယာကြိုး၊ ဇာကွန်နီယမ်အ‌ခြေခံ အ‌ရည်‌ပျော်သတ္တုစပ်၊ ဆီလီကွန် ကာဗိုက် ဖိုက်ဘာအားဖြည့်ပစ္စည်းများ… ရရှိသည်။】

ညနေ ၆ နာရီ ၂၀ မိနစ်၊ စီလန် လက်နက်ထုတ်လုပ်ရေးစက်ရုံ၏ အပြင်ဘက်တွင် ညချမ်းအချိန် နီးကပ်လာသည်နှင့်အမျှ နှင်းမုန်တိုင်းသည်လည်း တဝူးဝူးအော်ဟစ်လာသည်။

တောက်ပနေသော စနစ်မြင်ကွင်းမှိန်ပျောက်သွားသည်နှင့် တစ်ပြိုင်နက် လင်းရှန်၏ လက်များမှ ပြာခဲတစ်ပုံသည် လျှောကျသွားသည်။

“အမှတ် ၂၀၀ တောင်ရတယ်… မဆိုးဘူး”

အရေးအကြီးဆုံးအချက်မှာ molybdenum-တန်စတင် သတ္တုစပ်နှင့် တိုက်တေနီယမ် သတ္တုစပ်နှစ်မျိုးစလုံးသည် စစ်ဘက်အဆင့်ပစ္စည်းများဖြစ်သည်။ ထုတ်လုပ်ရေးစက်ရုံတွင် ပြန်လည်အသုံးပြုသည့်အခါ ထိရောက်မှုမှာ များစွာပိုမိုမြင့်မားမည်ဖြစ်သည်။

ထိုအချိန်တွင် ကီကီသည် Arc သတ္တုကျိုလျှပ်စစ်မီးဖို အဖုံးပေါ်တွင် ထိုင်နေပြီး ငြီးငွေ့စွာဖြင့် စိတ်စွမ်းအားကိုအသုံးပြုကာ သူမ၏ရှေ့မှ သတ္တုစများအစုအပုံကို ကစားစရာအတုံးလေးများကဲ့သို့ စုပုံနေသည်။ ထိုသို့ပြုလုပ်ခြင်းသည် သူမ၏စွမ်းရည်ကို သိမ်မွေ့စွာထိန်းချုပ်မှုကို လေ့ကျင့်နေခြင်းဖြစ်သည်။

လင်းရှန် အလုပ်ပြီးဆုံးသည်ကိုမြင်သည်နှင့် သူမအောက်ရှိ လျှပ်စစ်သတ္တုကျိုမီးဖိုကို လက်ညိုးထိုးပြလိုက်သည်။

“နောက်တစ်ခါ ဒီကောင်လား”

လင်းရှန်သည် ကီကီ၏ စိတ်စွမ်းအင်ကို အသုံးပြု၍ ခုန်ကူးကာ မီးဖိုအဖုံးပေါ်သို့ ဆင်းသက်လိုက်သည်။ သူသည် အောက်သို့ကြည့်ကာ

“ဒီကောင်က မြန်မြန်ပြီးလောက်တယ်”

ဤစက်မှုလုပ်ငန်းသုံး လျှပ်စစ်မီးဖိုကြီးသည် အလွန်ကြီးမားပြီး တန် ၃၀ ခန့်ရှိသည်။ သို့သော် ၎င်း၏ယန္တရားဖွဲ့စည်းပုံမှာ ရှုပ်ထွေးလွန်းလှသည်တော့ မဟုတ်ပေ။ လင်းရှန်သည် ပုံကြမ်းကို စကင်ဖတ်ရန် မလိုအပ်သောကြောင့် ၎င်းကို ဝါးမျိုခြင်းသည် စက်ယန္တရားလက်တံများထက် ပိုမိုမြန်ဆန်နိုင်သည်။

【ဝါးမျိုမှုတိုးတက်မှု- 1%】

ထင်သည့်အတိုင်းပင်၊ လင်းရှန်သည် ၎င်း၏ ယန္တရားနှလုံးသားကို အသက်သွင်းပြီး ဝါးမျိုစွမ်းအားကို ထုတ်လွှတ်လိုက်သည်နှင့် တစ်ပြိုင်နက် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။ ဤကြီးမားသော ပစ္စည်းကို ပြီးစီးရန် တစ်နာရီခန့်သာကြာမည်ဟု ခန့်မှန်းရသည် – ကုန်တင်တွဲတစ်တွဲကို ဝါးမျိုခြင်းနှင့် အခက်အခဲခြင်း တူညီပေသည်။

သို့သော်လည်း ညအမှောင်ကျခါနီးလာသည်နှင့်အမျှ လင်းရှန်၏ အာရုံကြောများမှာ အလိုလိုတင်းမာလာသည်။

“မစိုးရိမ်ပါနဲ့”

ကီကီသည် မီးဖိုအဖုံးပေါ်တွင် ပေါ့ပေါ့ပါးပါး ထိုင်နေပြီး လင်းရှန်ကို ကြည့်လိုက်သည်။

“အပြင်မှာ ယာဉ်တန်းတွေ အများကြီးပဲ။ ဒီမြို့ကတော့ စိတ်ချရမှာပါ၊ ဒါ့အပြင်”

သူမသည် သူမ၏ဒူးများကိုဖက်ကာ ပြုံးပြလိုက်သည်။

“ရှင့်ကို ကျွန်မ ကာကွယ်ပေးပါ့မယ်”

လင်းရှန်က သူမကို အလေးအနက်ထား ကြည့်လိုက်သည်။

“သေချာထိုင်နေစမ်း… သတိနဲ့နေ”

“Yes,Sir”

ကီကီသည် ချက်ချင်းပင် ခါးမတ်လိုက်သည်။ စက္ကန့်အနည်းငယ် စဉ်းစားပြီးနောက် သူမသည် ရွေ့လျားကာ လင်းရှန်ဘေးနား၊ သူ၏ကျောဘက်သို့ မျက်နှာမူကာ ထိုင်လိုက်သည်။

“ကျွန်မက နောက်ဘက်ကို စောင့်ကြည့်မယ်… ရှင်က ရှေ့ဘက်ကို ကြည့်ထား… ကျေနပ်ပြီလား”

လင်းရှန်က သူမကို ကြည့်လိုက်ပြီး အသက်ပြင်းပြင်းရှူကာ နောက်ထပ် ဘာမှမပြောတော့ပေ။

ဘီ၊ ဘီ~

“ချန်ဆီရွှမ်”

လင်းရှန်သည် အနန္တရထားနှင့် ချိတ်ဆက်ထားသော သူ၏ ဆက်သွယ်ရေးကိရိယာကို ပြောလိုက်သည်။

“အားလုံး ဘာမှမဖြစ်ပဲ ပြန်ရောက်လာပါပြီ… စိတ်မပူနဲ့တော့” ချန်ဆီရွှမ်က နေထိုင်ရေးတွဲမှ ပြန်ဖြေသည်။ သူမသည် သူမပတ်ဝန်းကျင်မှ စိတ်လှုပ်ရှားနေသော အဖွဲ့ဝင်များကို ကြည့်လိုက်သည်။

“ဘယ်တော့ ပြန်လာမလဲ”

“နှစ်နာရီ၊ သုံးနာရီလောက်ပေါ့” လင်းရှန် ခန့်မှန်းလိုက်သည်။

“ကောင်းပြီ၊ ကျန်တဲ့သူတွေကို ပစ္စည်းတွေ ဂိုဒေါင်ထဲထည့်ပြီး စာရင်းလုပ်ခိုင်းထားလိုက်မယ်”

ရထားပေါ်မှ အခြေအနေများ အတည်ပြုပြီးနောက် လင်းရှန်လည်း အနည်းငယ်စိတ်ပြေလက်ပျောက်ဖြစ်ကာ ညအတွက် ပြင်ဆင်ရန် အာရုံစိုက်လိုက်သည်။

ညနေ ၆ နာရီ ၃၀ မိနစ် ညအချိန်ကျရောက်လေပြီ။

အမှောင်ထုသည် မိုးကောင်းကင်ကို ကျရောက်လာပြီး မုန်တိုင်းတိမ်တိုက်များကိုပင် ဝါးမျိုသွားသည်။ အပေါ်မှ မိုးခြိမ်းသံသည် အမှောင်ဖုံးလွှမ်းနေသည်။

လမ်းမများပေါ်မှ ရှုပ်ထွေးနေသော လူအုပ်ကြီးသည် မှော်ဆန်စွာဖြင့် ပျောက်ကွယ်သွားသည်။ ယာဉ်တန်းအားလုံးသည် ညရောက်သည်နှင့် အပြည့်အစုံပြင်ဆင်ကာ အသင့်အနေအထားရှိနေသည်။ လူတိုင်းသည် သတိထားနေကြသည်၊၊ စီလန်မြို့တစ်ခုလုံးကို အေးစိမ့်သောအော်ရာတစ်ခုက တစ်ပြိုင်နက် ဖုံးလွှမ်းလာပုံရသည်။

မြို့၏ အရှေ့ဘက်နှင့် တောင်ဘက်မှ ရုတ်တရက် အမြောက်များ တိုးမြှင့်ပစ်ခတ်လာသည်။ လျှပ်စစ်သံလိုက်အမြောက်များသည် ကောင်းကင်ကို လင်းထိန်စေပြီး မြောက်ဘက်မှ လေယာဉ်များ စတင်ပျံတက်လာသည်။

၎င်းသည် ညတိုင်း ဖြစ်ပွားလေ့ရှိသော အဖြစ်အပျက်တစ်ခုဖြစ်သည်။ စုံစမ်းစစ်ဆေးရေးတပ်ရင်း (၇) သည် အမှောင်ညတိုက်ပွဲအတွက် အသင့်ပြင်ထားပြီးသားဖြစ်သည်။

မိနစ်များစွာ တိတ်ဆိတ်စွာ ကုန်ဆုံးသွားသည်။ နောက်ဆုံးတွင် ဗဟိုရိပ်သာလမ်းတစ်လျှောက်မှ ယာဉ်တန်းများသည် စတင်အနားယူလာသည်။ မီးပုံများနှင့် မီးရောင်များသည် ပြန်လည်လင်းလာပြီး တင်းမာမှုများ လျော့ကျသွားသည်။

နောက်ထပ် ဘေးကင်းသော ညတစ်ည စတင်ခဲ့သည်။

အနန္တရထားနှင့် နဂါးတောင် ၁ မှ အဖွဲ့များသည်လည်း ပြင်ဆင်မှုများ ပြုလုပ်ထားသည်။ သို့သော် ထူးဆန်းသည့် သတ္တဝါများ တိုက်ခိုက်ခြင်းမရှိသောကြောင့် တွဲများအတွင်းရှိ လူတိုင်းသည် တဖြည်းဖြည်း သတိအနေထားကို ဖြေလျှော့လိုက်ကြသည်။

ထိန်းချုပ်ခန်းတွင် ချန်ဆီရွှမ်သည် အပြင်ဘက်ကို ခဏမျှ စောင့်ကြည့်နေပြီးနောက် သတင်းအချက်လက်စင်တာသို့ လျှောက်သွားသည်။ သူမသည် အာရုံခံစနစ်ကိုအသုံးပြုကာ ကင်မရာများအားလုံးကို စစ်ဆေးပြီး အားလုံးပုံမှန်ဖြစ်ကြောင်း အတည်ပြုကာ လင်းရှန်ကို ဆက်သွယ်လိုက်သည်။

“လင်းရှန်… အနန္တ ရထားဘက်မှာ အခြေအနေအားလုံး ရှင်းလင်းတယ်”

မှောင်မည်းနေသော စက်ရုံအတွင်းတွင် လင်းရှန်နှင့် ကီကီတို့သည် အေးခဲနေသော လျှပ်စစ်မီးဖိုပေါ်တွင် ထိုင်နေကြသည်။ ချန်ဆီရွှမ်၏ သတင်းပို့သံကို ကြားသောအခါ နှစ်ဦးစလုံး သက်ပြင်းချလိုက်ကြသည်။

“စီလန်မြို့က တကယ်ပဲ လုံခြုံနေပုံရတယ်”

ကီကီ အသက်ရှူထုတ်လိုက်သည်။

ဝိုးတဝါးတောက်ပနေသော စိတ်စွမ်းအင် အကာကွယ်တစ်ခုသည် သူတို့ပတ်လည်တွင် ဝန်းရံထားသည်။ ၎င်းသည် ထင်ယောင်ထင်မှားဖြစ်ခြင်း ဖြစ်နိုင်သော်လည်း၊ အကာကွယ်အတွင်းတွင် လေထုသည် အလွန်အေးနေသည်ဟု မခံစားရတော့ပေ။

“မြို့ထဲက ဖုတ်ကောင်တွေနဲ့ ထူးဆန်းတဲ့ သတ္တဝါတွေတော့ ရှင်းလင်းပြီးပြီ၊ ဖီးနစ်က မြို့ပြင်ကို စောင့်ရှောက်နေတယ်၊ ထပ်ပြီး မြို့ကာကွယ်ရေး လက်နက်တွေအားလုံးလည်း ရှိတယ်… အတော်လေးခိုင်မာတယ်”

လင်းရှန်၏ အမူအရာသည် အနည်းငယ်ပြေလျော့သွားသည်။ သူ၏အကြည့်သည် စက်ရုံအတွင်းပိုင်း အမှောင်ထုကို ရောက်သွားသည်၊၊ မြင့်မားသော ပြတင်းပေါက်များမှတစ်ဆင့် အနီးနားရှိ ယာဉ်တန်းစခန်းများမှ မီးရောင်များသည် အဝေးမှ ညင်သာစွာ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသည်။

“နားချင်နေပြီ… မြန်မြန်လုပ်”

ကီကီသည် သူမ၏ နှုတ်ခမ်းများကို ဆူကာ “ဗိုက်လည်းဆာနေပြီ”

“အင်းပါ”

“ပြီးခါနီးပါပြီ”

လင်းရှန်က တီးတိုးပြောလိုက်သည်။

အခြားသော ယာဉ်တန်းများကို သတိမပေးမိစေရန် သူတို့၏ အသံများမှာ တိုးညှင်းနေသည်။ လင်းရှန်သည် မီးပင် မဖွင့်ခဲ့ပေ။

အမှောင်ထဲတွင် ကီကီသည် လင်းရှန်၏ ပခုံးကို မှီကာ

“လင်းရှန်… ကျွန်မတို့ နွေးထွေးတဲ့နေရာ တစ်နေရာကို ရောက်နိုင်မယ်လို့ ရှင်ထင်လား”

သူသည် မဟုတ်ဘူးဟု ပြောရန် ပါးစပ်ဖွင့်လိုက်သော်လည်း ချက်ချင်းပင် အလေးအနက်ထားကာ ပြန်ဖြေလိုက်သည်။

“အမှောင်ဒီရေတွေက နေလုံးကို ပိတ်ဆို့ထားတယ်၊ ပိုပြီးတော့ပဲ အေးလာလိမ့်မယ်… ဒါပေမဲ့ ငါတို့သာ အေးစက်နေတဲ့ လေပွေထဲကနေ လွတ်မြောက်နိုင်မယ်ဆိုရင် အရာတွေက နည်းနည်း ပိုကောင်းလာနိုင်ပါတယ်”

“ရှင်က ကျွန်မကို စိတ်ချမ်းသာအောင် နည်းနည်းလေးတောင် မလိမ်နိုင်ဘူးနော်” ကီကီက ညည်းတွားလိုက်သည်။

“တကယ်တော့” လင်းရှန်က မေးလိုက်သည်။

“မင်းက ကျင်းဟိုင်ကို အမြဲတမ်းပြောနေတာ…အဲဒါ အမှန်လား ဒါမှမဟုတ် ဖန်တီးထားတာလား”

—

ကီကီသည် နောက်သို့ လှဲချလိုက်ပြီး လင်းရှန်၏ ဒူးပေါ်တွင် သူမ၏ ခေါင်းကို တင်လိုက်သည်။ အမှောင်ထုကြားမှ သူမသည် သူ့ကို မော့ကြည့်လိုက်သည်။

“ရှင်က ဘယ်လိုထင်လဲ”

လင်းရှန်သည် သူမ ပိုအဆင်ပြေစေရန် သူမ၏ ဦးခေါင်းအောက်သို့ လက်ကို လျှောထည့်လိုက်ပြီးနောက် ပြောလိုက်သည်။

“မင်းမိသားစုက ဘယ်လောက်ချမ်းသာလဲဆိုတာ ပြောထားတော့… ငါတို့ ကျင်းဟိုင်ကို သွားပြီးတော့ အပေးအယူလုပ်နိုင်မယ်လို့ ငါအမြဲတမ်း တွေးခဲ့တာ… ရထားကို နည်းပညာအသစ်တွေနဲ့ အဆင့်မြှင့်မယ်… မင်းဂရုမစိုက်ဘူးမလား”

“ကျွန်မတို့က ခိုးဖို့ ညှိနေတာလား”

ကီကီက အလိုလို တုံ့ပြန်လိုက်သည်၊၊ထို့နောက် ချက်ချင်းပင် သူမကိုယ်သူမ ထိန်းချုပ်လိုက်ပြီး အသံသေးသေးလေးဖြင့် အကြောင်းအရာကို ပြောင်းလိုက်သည်။

“ကျွန်မဆိုလိုတာက… မိသားစုဆီကနေ ကျွန်မခိုးမှာမဟုတ်ဘူး”

Chapter 417

အမှောင်နှင်းညတွင် အဆင့်မြှင့်တင်ခြင်း ၂

လင်းရှန်က ရယ်လိုက်သည်။ “မြေအောက်မြို့တော် အမှန် ၉ ကနေ ကြယ်တာရာကောင်းကင် တွန်းကန်အားစနစ်ကို ခိုးယူဖို့ မင်းရဲ့အထောက်အထားကို အသုံးပြုချင်တုန်းက မင်းအရမ်းစိတ်လှုပ်ရှားခဲ့တယ်လေ”

“အဟမ်း... အင်း၊ အဲဒါနဲ့ပတ်သက်ပြီးတော့”

ကီကီသည် ခဏတာ စကားမပြောနိုင်ဘဲ တိတ်ဆိတ်သွားသည်။

“လင်းရှန်”

“အင်း”

“ကျွန်မ အေးတယ်” ကီကီသည် သူ့ရင်ခွင်ထဲသို့ ဝင်ကာ ကပ်လိုက်သည်။

လင်းရှန် သက်ပြင်းချလိုက်ပြီး ဘာမှမပြောဘဲ သူမကို ပိုမိုတင်းကြပ်စွာ ပွေ့ဖက်လိုက်သည်။

【ဝါးမျိုမှုတိုးတက်မှု- 88%】

“လင်းရှန်”

“အင်း”

“ကျွန်မမိသားစုကို အတူတူ သွားလုကြရအောင်”

“……………”

အမှောင်ထဲတွင် လင်းရှန်သည် သူမ၏ အသက်ရှူသံသည် သူ၏မျက်နှာကို ညင်သာစွာ ထိနေသည်ကို ခံစားလိုက်ရသည်။ သူသည် သူမ၏အမူအရာကို မမြင်ရသော်လည်း သူ၏ခေါင်းကို နှိမ့်ချလိုက်သည်။ သူမ၏ မျက်လုံးများက တောက်ပနေပြီး သူ့ကို မော့ကြည့်နေသည်ကို ခံစားနိုင်လေသည်။

“ကောင်းပြီလေ”

ခဏအကြာတွင် နူးညံ့သော လက်တစ်စုံသည် သူ၏လည်ပင်းကို ပတ်လာပြီး နွေးထွေးသောလေသည် သူ၏နှုတ်ခမ်းများကို ထိလာသည်။ ထို့နောက် ညင်သာသော…သိမ်မွေ့သော အနမ်းတစ်ခု ရောက်လာသည်။

လင်းရှန်၏ နှလုံးသားသည် အခုန်မြန်လာသည်။ သူစကားမပြောတော့ပဲ သူမကို ပြန်နမ်းလိုက်သည်။

အမှောင်ထဲတွင် ဘာသံမှ မကြားရပဲ တိတ်ဆိတ်နေသည်၊၊

သူမ၏ ပုံမှန် မီးလိုပူပြင်းသော စရိုက်ရှိသော်လည်း ကီကီ၏ အနမ်းမှာ အံ့အားသင့်စရာကောင်းလောက်အောင် နူးညံ့နေသည်ကို သူ သတိထားမိသည်။ ရှက်ရွံ့နေဟန်ပင် ရှိကာ နူးညံ့ပြီး စွဲမက်ဖွယ်ကောင်းလှသည်။

သူတို့ တစ်ဦးကိုတစ်ဦး မမြင်ရသောကြောင့် အသက်ရှူသံကိုသာ ခံစားရသောကြောင့် မျှော်လင့်မထားသော ပိုရင်းနီးမှုတစ်ခုက တိတ်ဆိတ်စွာနှင့် ရုတ်တရက် ပေါ်ပေါက်လာသည်။ လင်းရှန်သည် အချိန်ကိုပင် မေ့သွားသည်။

【ဝါးမျိုမှုအောင်မြင်သည် – +150 ယန္တရားရင်းမြစ်အမှတ်၊ +100 ယန္တရားဝါးမျိုကျွမ်းကျင်မှု】

ရုတ်တရက်၊ စနစ်မြင်ကွင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် လင်းရှန်သည် လက်တွေ့ဆီသို့ ရောက်သွားသည်။ သူတို့အောက်မှ လျှပ်စစ်မီးဖိုသည် ပြာမှုန်များအဖြစ် လွင့်ပျံနေရင်း ပျောက်ကွယ်သွားသည်။ သူ၏ ဟန်ချက်ကို ထိန်းမထားနိုင်တော့ပေ။

သူတို့သည် ထိုအခိုက်အတန့်တွင် နစ်မွန်းနေသဖြင့် ရုတ်တရက် ပြုတ်ကျသွားခြင်းသည် သူတို့၏ အနမ်းကို ပြတ်တောက်စေသည်။

“အား”

ကီကီ အော်ဟစ်လိုက်ပြီး မြေကြီးပေါ် မကျမီ သူတို့နှစ်ဦးလုံးကို မြှင့်တင်ရန် သူမ၏ စွမ်းရည်ကို အလိုလိုအသက်သွင်းလိုက်သည်။

“ဟူး.. ခွေးကျ ကျတော့မလို့”

မြေပြင်ပေါ် ဆင်းသက်ပြီးနောက် လင်းရှန် အသက်ရှူထုတ်လိုက်သည်။

“ဟုတ်တယ်… ဟွန့်… နောက်တစ်ခါ ပိုသတိထား”

ကီကီသည် ရှုပ်ထွေးစွာဖြင့် ဘာမှမဖြစ်သလို ဟန်ဆောင်ကာ ပြန်ဖြေလိုက်သည်။

ကလစ်။

လင်းရှန်သည် ဓာတ်မီးကို ဖွင့်လိုက်သည်။ ကီကီသည် ချက်ချင်းပင် မီးရောင်ကို ရှောင်လိုက်ပြီး အမြန်ထောက်ပြလိုက်သည်။

“ဟေး… ရှင်လုပ်ရဦးမယ့် တခြားစက်တွေရှိသေးတယ် မဟုတ်လား”

“ဟုတ်တယ်”

လင်းရှန်သည် သူမ ရှက်နေသည်ကို သိသောကြောင့် သူလည်း အတူတူ ပါဝင်သရုပ်ဆောင်ကာ အလိုအလျောက် ကျည်ခွံဖိစက်ကို ဝါးမျိုရန် စတင်လိုက်သည်။

【ယန္တရားစကင်ဖတ်မှု အောင်မြင်သည် – ပုံကြမ်းရရှိသည်- Kor စက်ရုံ – အလိုလျောက်ကျည်ခွံဖိစက်】

【ဝါးမျိုမှုအောင်မြင်သည် – +100 ယန္တရားရင်းမြစ်အမှတ်၊ +50 ယန္တရားဝါးမျိုကျွမ်းကျင်မှု】

ဤပစ္စည်းသည် ဝင်ရိုးခြောက်ခု စက်မှုလက်တံထက် ပိုမိုရိုးရှင်းသည်။ လင်းရှန်သည် စကင်ဖတ်ခြင်းနှင့် ဝါးမျိုခြင်းတို့ကို တစ်နာရီအောက်တွင် အပြီးသတ်လိုက်သည်။ သူ၏ ဖြုတ်ချစင်တာသည် ယခုအခါ အဆင့်မြင့်ပစ္စည်းများဖြင့် ပြည့်နှက်နေပြီဖြစ်သည်။

အရာအားလုံး ပြီးသွားသောအခါ သူတို့နှစ်ဦးသည် အနောက်ဘက် မီးရထားကုန်တင်ဘူတာသို့ တန်းတန်းမတ်မတ် သွားကြသည်။

အနောက်ဘက် ကုန်တင်ဘူတာရုံတွင် လေနှင့် နှင်းများသည် တဝူးဝူးအော်ဟစ်နေသည်။

နဂါးတောင် ၁ သည် နှင်းများဖုံးလွှမ်းနေသော သံလမ်းပေါ်တွင် နားနေသည်။ မီတာတစ်ထောင်ရှည်သော ရထားသည် နွေးထွေးသော အဝါရောင်မီးများဖြင့် တောက်ပနေသည်။ ရေခဲဖုံးနေသော ပြတင်းပေါက်များနောက်ကွယ်တွင် လူရိပ်များ လှုပ်ရှားနေပြီး တွဲများကို အသက်ရှူသံနှင့် စကားပြောသံများဖြင့် ပြည့်စေသည်။

အဖွဲ့ဝင်များသည် သူတို့၏ ရိက္ခာများကို စားရင်း စကားပြောနေကြသည်။ မိခင်များသည် အိပ်ယာသစ်များ ပြုလုပ်နေကြသည်။ အမျိုးသားများသည် အိမ်သုံးပစ္စည်းများကို ပြင်ဆင်ကြသည်။ ကလေးများသည် စင်္ကြံများတွင် ကစားနေကြသည်။

စစ်မှုထမ်းဟောင်းများသည် လူငယ်များကို သေနတ်ကိုင်တွယ်မှုကို လေ့ကျင့်ပေးနေကြသည်။ ထမင်းစားခန်းမှ ဟင်းချို၏ရနံ့သည် အေးခဲနေသော ညကို ဆန့်ကျင်ကာ လူတိုင်းကို နွေးထွေးစေသည်။

တစ်နေ့တာ အနားယူပြီးနောက် နဂါးတောင် ၁ အဖွဲ့သည် စီလန်မြို့၌ ပထမဆုံးသော ငြိမ်းချမ်းသောညကို အတွေ့အကြုံရရှိခဲ့သည်။ လေထုသည် ပေါ့ပါးပြီး ပျော်ရွှင်စရာ ကောင်းနေသည်။

များစွာသောသူတို့သည် အသုံးဝင်သော သို့မဟုတ် ရှားပါးသော ပစ္စည်းများကို လဲလှယ်ခဲ့ကြသည်။ ရယ်သံများသည် တွဲများတစ်လျှောက် ပဲ့တင်ထပ်နေလေသည်။

အနန္တရထားပေါ်တွင် လူနေတွဲများနှင့် ထမင်းစားတွဲတို့သည် အလားတူပင် သက်ဝင်လှုပ်ရှားနေသည်။ ဖီးနစ်မှ ရရှိသော ပစ္စည်းများသည် စံနှုန်းမီ စည်သွတ်ဘူးများ သို့မဟုတ် ဘီစကစ်များထက် များစွာပိုကောင်းသည်။

လင်းရှန်နှင့် ကီကီတို့ ပြန်ရောက်သောအခါ ပူနွေးသောဟင်းချိုများကို ချက်ပြီးခါစဖြစ်ပြီး အနံ့သည် လေထုထဲတွင် ပြည့်နေပြီး သူတို့၏ ဗိုက်များကို အော်မြည်စေသည်။

စည်သွတ်ထားသော ငါး၊ ဝက်သားဆီပြန်၊ အမဲသားဆီပြန်၊ ငါးမျိုးစုံ အမဲသား၊ ဝက်ပေါင်ခြောက်၊ ကြက်သားများ ရှိသည်။ နှမ်းမွှေးနှင့် မြေပဲကဲ့သို့သော အရသာရှိသော ဘီစကစ်များပင် ရှိနေသည်။

ထို့အပြင် ချန်ဆီရွှမ်နှင့် ရှောင်ယွမ်တို့သည် အပူပေးအစားအစာများကို အပြည့်အဝ ပူနွေးသောဟင်းလျာများအဖြစ် ပြောင်းလဲပေးခဲ့သည်။

ထို့အပြင် ချောကလက်၊ အမာစားသကြားလုံး၊ ပီကေနှင့် စိတ်ဖိစီးမှုလျှော့ချရန်အတွက် ဆေးလိပ်များပင် ရှိနေသည်။

“ကြည့်စမ်း… ကျွန်မ ဒီဟာကို လက်သည်းညှပ်နဲ့ လဲလာတာ”

မြောင်လုသည် ရှေးဟောင်း ဂီတဖွင့်စက်ကို မြှောက်ပြလိုက်ပြီး ပြုံးနေသည်။ သူမသည် ခလုတ်ကို နှိပ်လိုက်သောအခါ ရှေးဟောင်း မြောက်အမေရိကားသီချင်း “Let It Snow” သည် လေထုထဲတွင် ပြန့်လွင့်လာသည်။ ပျော်ရွှင်ဖွယ် တေးသွားသည် တွဲတစ်တွဲလုံးကို အသက်ဝင်သွားစေသည်၊၊

လုချန်သည် သူ၏ ဝါယာကြိုး-ချည်နှောင်ထားသော အလွန်ကောင်းမွန်သော Kevlar လက်ချောင်းမပါသော တိုက်ခိုက်ရေးလက်အိတ်တစ်စုံကို ရရှိခဲ့သည်။ သူသည် ၎င်းတို့ကို ထုတ်ကြွားရန် ပြင်ဆင်နေချိန်တွင် ရှုချင်းက သူ့ကို ဆွဲကာ နောက်တွဲတွင် ကူညီရန် ခေါ်သွားလေသည်။

ရှားရှားသည် တစ်နည်းနည်းဖြင့် ဆေးဖြန်းပုံးတစ်ပုံးနှင့် အရောင်ခြယ်ဆေးဘူးတစ်လုံးကို ရရှိခဲ့သည်။ သူမသည် တွဲ ၁၁ တွင် ဓာတ်ငွေ့ကာမျက်နှာဖုံးကို ဝတ်ဆင်ကာ ဆယ်လီကို ပြန်လည်ဆေးခြယ်နေသည်။ သူမသည် မီးပစ်လက်နက်ပေါ်တွင် သူမ၏ ကိုယ်ပိုင်ဖန်တီးထားသော မီးကာတစ်ခုကို တပ်ဆင်ထားသည်။

တင်းကျန်းရီ၏ အကြံဉာဏ်ကို လိုက်နာပြီးနောက် ချန်ဆီရွှမ်သည် တွဲ ၄မှ ဟင်းသီးဟင်းရွက်အခြေခံစခန်းမှ လတ်ဆတ်သော အသီးအနှံများကို ခူးဆွတ်ပြီး အခြားယာဉ်တန်းများမှ လဲလှယ်ရရှိထားသော ဟင်းခတ်အမွှေးအကြိုင်များကို အသုံးပြုကာ ဟင်းချိုအိုးကြီးတစ်လုံးကို ချက်ပြုတ်ခဲ့သည်။

အသီးအနှံဟင်းချိုသည် အမှောင်ကြောက်ရွံ့ခြင်း စွမ်းအင်ကို ထိန်းချုပ်နိုင်ပြီး စွမ်းရည်တိုးတက်မှုကို အထောက်အကူပြုနိုင်ကြောင်း ဖီးနစ်ထံမှ သိရှိခဲ့ပြီးနောက် တွဲ၄ သည် စိတ်ပိုင်းဆိုင်ရာ လန်းဆန်းမှုအတွက် နေရာတစ်ခုနှင့် အရေးပါသော အစားအစာအရင်းအမြစ်ဖြစ်သည့် သဘာဝတောတစ်ခုဖြစ်လာခဲ့သည်။

အတွဲ ၅ တွင် လုရှင်းချန်သည် နွေးထွေးသော ခံစားချက်များကို နှစ်သက်နေသည်။ လက်ဖက်ရည်ဖျော်စက်သည် ပွက်ပွက်ဆူနေပြီး သူသည် သူ၏လက်နက်များကို သန့်ရှင်းရေးလုပ်နေသော တာလို့ကို ခွက်သေးသေးလေးတစ်လုံးကို ကမ်းပေးသည်။ တာလို့သည် ဂရုတစိုက် ယူလိုက်ပြီး တစ်ကြိမ်တည်းဖြင့် ကုန်အောင်သောက်ကာ ခေါင်းညိတ်ပြီးနောက် နောက်ထပ်တောင်းလိုက်သည်။

လင်းရှန်သည် သူ၏ ယန္တရားနှလုံးသားကို အသုံးပြု၍ ရထားကို စစ်ဆေးနေပြီး လုံးဝ ငြိမ်းချမ်းနေသည်ကို ခံစားရသည်။

ကျိအန်းမြို့မှ ထွက်ပြေးလာပြီးနောက် ဤမျှ စိတ်ကျေနပ်မှုကို ခံစားရသည်မှာ ကြာပြီဖြစ်သည်။

“ဒီလိုညမျိုးတွေ ပိုများလာမယ်လို့ မျှော်လင့်ပါတယ်”

သူသည် ထမင်းစားခန်းတွင် ဟင်းချိုပူတစ်ပန်းကန်ကို ကိုင်ဆောင်ထားရင်း စုဝေးနေသော အဖွဲ့ဝင်များကို ပြောလိုက်သည်။

“ဟုတ်တယ်၊ တကယ်ပဲ၊ ဒီလောက် အနားမယူရတာ ကြာပြီ”

မြောင်လုက သူမ၏ ပေါ့ပေါ့ပါးပါးပုံစံဖြင့် ပထမဆုံး ဝင်ပြောလိုက်သည်။

“ကျနော်တို့ ဒီရထားကို ကမ္ဘာပေါ်မှာ အလုံခြုံဆုံး ခံတပ်အဖြစ် ပြောင်းလဲပစ်လိုက်ရုံပဲ… အာ့လိုဆို ပြဿနာရှင်းသွားပြီ” လုချန်သည် တစ်ဖက်သတ်ယုံကြည်မှုမျိုးဖြင့် ပြုံးလိုက်သည်။

လုရှင်းချန်သည် သူ၏ ဟင်းချိုပူပူပန်းကန်ကို မှုတ်လိုက်ပြီး လျှို့ဝှက်ဆန်းကြယ်သော အသံဖြင့်

“မရသေးဘူး၊ ဒီကမ္ဘာကနေ မကောင်းဆိုးဝါးတွေ အားလုံးကို ရှင်းလင်းလိုက်မှသာ ငါတို့ တကယ်အနားယူနိုင်မယ်”

All Chapters