အခန်း (၄၂၀+၄၂၁)
Vol. 28 Ch. 420+421
Chapter 420
အမှောင်နှင်းညတွင် အဆင့်မြှင့်တင်ခြင်း ၅
“လင်းရှန်”
ချန်ဆီရွှမ်၏ အသံသည် နောက်ဆုံးတွင် သူ့ကို လက်တွေ့အခြေနေဆီသို့ ပြန်ဆွဲခေါ်သွားသည်။ သူသည် မော့ကြည့်လိုက်သောအခါ သူမသည် စိုးရိမ်တကြီးဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို တွေ့ရသည်။
“ရှင် ဆယ်မိနစ်ကျော်လောက် ငြိမ်နေခဲ့တာ… အဆင်ပြေရဲ့လား”
လင်းရှန်သည် သူ၏ မျက်လုံးများကို ပွတ်လိုက်သည်။ သူ၏ ညာဘက်လက်မှ မြင်ကွင်းပေါ်တွင် မပြီးဆုံးသေးသော မူလီတစ်ခုသည် သုံးပုံတစ်ပုံသာ ပြီးစီးသေးသည်။ သူသည် လုပ်ငန်းစဉ်ကို ဖျက်သိမ်းလိုက်သောအခါ အစိတ်အပိုင်းသည် အပိုင်းပိုင်းကွဲကာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသည်။
သူသည် အတွဲ ၁၁ တွင် ထိုင်နေသည်။ ကြီးမားသော စက်ရုပ်လက်တံတစ်ခုသည် သူ့ရှေ့တွင် အသစ်တပ်ဆင်ထားသည်။ အမိုးဖွင့် ထွက်ပေါက်သည် အပြည့်ဖွင့်ထားသည်။ အစိတ်အပိုင်းများသည် သူ့ပတ်လည်တွင် ပြန့်ကျဲနေသည်။ အလျားလိုက် စက်ရုပ်ဂိုဒေါင်တွဲသည် ဆယ်လီကို တင်းတင်းကျပ်ကျပ် ညှပ်ထားပြီး အနောက်ဘက်တွင် အားသွင်းကြိုးများ ချိတ်ဆက်ထားသည်။ PX-05 စက်ရုပ်သည် ကျည်ဆန်မတင်မီ စမ်းသပ်မှု ပြုလုပ်နေသည်။
သူ၏ မျက်လုံးများ နီရဲနေပြီး မတ်တပ်ရပ်ရန် ချန်ဆီရွှမ်၏ အကူအညီ လိုအပ်နေသည်။ ပြင်းထန်သော ပင်ပန်းနွမ်းနယ်မှုလှိုင်းလုံးသည် ချောက်ထဲသို့ ကျသွားသကဲ့သို့ သူ့ကို ရိုက်ခတ်နေလေသည်၊၊
ပြီးဆုံးရန် များစွာကျန်နေသေးသည်။ သူ စက်ရုပ် PX-05 ၄ခု တည်ဆောက်ရန် မှန်းထားပြီး တစ်ခုသာ ပြီးသေးသည်။ ဝင်ရိုးခြောက်ခု စက်ယန္တရားလက်တံနှစ်ခု စီစဉ်ထားသည်။ သူသည် 1130 များအကြောင်းကို မပြောနှင့်… အလိုအလျောက် ကျည်ခွံဖိစက်ကိုပင် မစရသေးပေ၊၊
သူ၏ မူလအစီအစဉ်အရ ၎င်းအားလုံးသည် နေ့အချိန်များအပါအဝင် နှစ်ရက်အပြည့် ကြာမြင့်မည်ဖြစ်သည်။
ဤအဆင့်အထိ တစ်ညတည်းဖြင့် ရောက်ရှိလာခြင်းသည် သူထင်ထားသည်ထက် ကျော်လွန်နေသည်။
ဟူး~
အပြင်ဘက်တွင် အလုပ်များ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သည်။ ဂဟေဆော်ခြင်းနှင့် ဖြတ်တောက်ခြင်း အသံများက မရပ်မနားထွက်ပေါ်နေသည်။
ကီကီသည်လည်း တစ်ညလုံး အလုပ်လုပ်ခဲ့သည်။ ပေါင်းစပ်ပါဝါစနစ်သည် မပြီးဆုံးသေးပေ။
ချန်ဆီရွှမ်သည် လင်းရှန်ကို ထိုင်ခိုင်းပြီး ပူနွေးသောဟင်းချိုတစ်ပန်းကန်ကို ပေးလိုက်သည်။ သူသည် အနည်းငယ် သတိပြန်ဝင်လာပြီး စာရင်းစလုပ်သည်။
“အပြင်ဘက် သံချပ်ကာ၊ arc ကြိမ်နှုန်းမြှင့်စက်၊ လေယာဉ်ပစ်အမြောက်တွေ၊ အာရုံခံစနစ်အဆင့်မြှင့်တင်မှုတွေ၊ ရှာဖွေရေးရေဒါနှင့် ပစ်မှတ်ထိန်းချုပ်ရေးရေဒါ၊ လုံခြုံရေးစနစ် အဓိကအရာတွေ အားလုံးပြီးပြီ”
“အတွင်းပိုင်းအတွက်ကတော့”
“အခုတော့ အနားယူလိုက်ပါဦး” ချန်ဆီရွှမ်က ညင်သာစွာ ဖြတ်ပြောလိုက်သည်။
“ကီကီနဲ့ လုချန်တို့က ဆားကစ်နဲ့ပတ်သက်ပြီး ပြီးလုနီးပါးဖြစ်နေပြီ… ဆယ်လီရဲ့ သိုလှောင်မှုပြဿနာတွေ ဖြေရှင်းပြီးပြီ၊ စက်ရုပ်တွေနဲ့ စက်ယန္တရားလက်တံတွေက အရေးမကြီးသေးဘူး…ကျွန်မတို့မှာလူတွေ ရှိသေးတယ်လေ… ရှုချင်းနဲ့ ကျွန်မက ရေနဲ့ အပူပေးစနစ်တွေကို နှစ်ခါစစ်ဆေးပြီးပြီ၊၊ ကျန်တာက ကျည်ဆန်ထုတ်လုပ်တာနဲ့ 1130 တွေ တပ်ဆင်တာပဲ… ရှင် အနားယူပြီးတာနဲ့ ကျန်တာတွေကို အချိန်ယူပြီး ပြီးအောင်လုပ်လို့ရပြီ”
လင်းရှန်သည် ဟင်းချိုကို တစ်ငုံသောက်ပြီး သူမကို ပွေ့ဖက်လိုက်ကာ သူမ၏ ဦးခေါင်းနှင့် ထိကပ်ကာ အနားယူလိုက်သည်။
“ငါ ဝတ်စုံတွေလည်း ပိုလုပ်ချင်သေးတယ်၊ မြောင်လု၊ လုချန်နဲ့ ရှောင်ယွမ်တို့အတွက်…”
“မစိုးရိမ်ပါနဲ့” ချန်ဆီရွှမ်သည် နာရီကို ကြည့်ကာ ညင်သာစွာ ပြောသည်။
“မနက် ၁၀ နာရီတောင် ရှိနေပြီ… ရှင်က ညတည်းက စပြီး စွမ်းရည်ကို ဆယ့်ငါးနာရီ ဆက်တိုက်သုံးနေခဲ့တာ… ရှင်က ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ လိုတယ်”
လင်းရှန် ခေါင်းညိတ်လိုက်သည်။ သူသည် တခြားဘာမှ ထုတ်လုပ်၍မရတော့ပေ — ပစ္စည်းများ ကုန်သွားပြီဖြစ်သည်။
သို့တိုင် ငြိမ်းချမ်းသောည၏ အလုပ်သည် အကျိုးကျေးဇူးကိုခံစားရသည်။ ကာကွယ်ရေးစနစ်သည် အခြေခံအားဖြင့် ပြီးစီးနေပြီဖြစ်သည်။ ကျန်ရှိနေသည်မှာ ပစ်ခတ်စွမ်းအား အဆင့်မြှင့်တင်မှုများသာ ဖြစ်သည်။
“ငါ လူနေတွဲကိုလည်း ပြန်ပြင်ချင်တယ်၊၊ မိုနီကာရဲ့ ယာဉ်တန်းမှာ အဲဒီပျားအုံပုံစံ အပြင်အဆင်မျိုး ရှိတယ်”
“မလိုပါဘူး” ချန်ဆီရွှမ်က မော့ကြည့်ကာ ပြောသည်။
“ဒီအတိုင်းလည်း ကောင်းပါတယ်၊ လူတိုင်း သက်တောင့်သက်သာရှိပါတယ်၊၊ အပြင်ဘက်က ခိုင်ခံ့နေသမျှ ကျွန်မတို့အားလုံး လုံခြုံတယ်လို့ ခံစားရတယ်”
လင်းရှန်သည် နောက်ဆုံးတွင် အနည်းငယ် စိတ်သက်သာရာရသွားသည်။ ယန္တရားထုတ်လုပ်မှု အဆင့် ၅ ဖြစ်သောကြောင့် သူသည် 1130 များ၊ သံလိုက်အမြောက်များနှင့် PX-05 များကို ပိုမိုမြန်ဆန်စွာ ထုတ်လုပ်နိုင်မည်ဖြစ်သည်။ မစ်ဆိုင်းစနစ်ကိုပင် ဖြန့်ကျက်နိုင်မည်ဖြစ်သည်။ ထိုအတွေးတစ်ခုတည်းပင် သူ၏ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကို လျှော့ချလိုက်သည်။
ထို့နောက် တစ်ခုခုကို သူ သတိရလိုက်သည် — သူ၏ ကျွမ်းကျင်မှု အဆင့်တက်သွားသည်။ R&D Center (သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးစင်တာ) ကရော ဘယ်လိုလဲ။
သူ အမြန်ဖွင့်လိုက်သည် — ထင်သည့်အတိုင်းပင် မက်ဆေ့ချ်တစ်ခု ပေါ်လာသည်။
[သုတေသန ပြီးစီးပါပြီ။ ပုံကြမ်းအသစ်- Black Hawk – အသံတိတ်မုဆိုးစွမ်းအားဝတ်စုံ]
လင်းရှန်သည် ပုံကြမ်းကို ဆွဲထုတ်လိုက်ပြီး မျက်လုံးများ ပြူးကျယ်စွာ စိုက်ကြည့်လိုက်သည်။
“ဒါက စွမ်းအားဝတ်စုံသက်သက်မဟုတ်ဘူး၊၊ ကိုယ်လုံးအပြည့် သံချပ်ကာပဲ”
သူ၏ နှလုံးသားသည် ခုန်ပေါက်လာသည်။ သံချပ်ကာတွင် အရန် ခုန်ပျံဂျက်များနှင့် ဆင်းသက်ရေး Booster များ ပါဝင်သည် — အနိမ့်ပျံသန်းနိုင်စွမ်းရှိသည်။ ၎င်းသည် သံမဏိစက်ရုပ် တိုက်ခိုက်ရေး၏ အနာဂတ်ကဲ့သို့ ခံစားရသည်။
သို့သော်လည်း သူသည် ရှေ့မတိုးချင်သေးပေ။ စိတ်လှုပ်ရှားနေသော်လည်း ၎င်းကို အဆင့်မြှင့်တင်နိုင်ပါ့မလားဟု သူတွေးမိသည်။
သူသည် ပုံကြမ်းကို R&D Center သို့ ပြန်ထည့်ရန် ကြိုးစားသည်။
[ထည့်သွင်း၍မရပါ၊ R&D အဆင့် အပြည့်ဖြစ်သည်။ ဆက်လက်လုပ်ဆောင်ရန် ယန္တရားနှလုံးသားကို အဆင့်မြှင့်ပါ]
[R&D Center တွင် အရေးကြီးသော ယန္တရား သတင်းအချက်အလက်-လုပ်ဆောင်ခြင်း ယူနစ်များ မရှိပါ။ ဆက်လက်လုပ်ဆောင်၍ မရပါ]
“ဘာလဲ… ဒါက အဆင့်ပြဿနာသက်သက် မဟုတ်ဘူး၊ အစိတ်အပိုင်းတွေ ပျောက်နေတာလား”
သူသည် မက်ဆေ့ချ်ကို ကြည့်ပြီး စိတ်ရှုပ်ထွေးနေသည်။ ဤသည်မှာ သူ ဤကဲ့သို့ ကန့်သတ်ချက်မျိုးကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ R&D Center သည် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်ဟု သူထင်ခဲ့သည် — အနည်းငယ်နှေးကွေးသွားမည်ဟုသာ ထင်ခဲ့သည်။ သူသည် အထူးအချက်အလက် ယူနစ်မျိုး လိုအပ်မည်ဟု မထင်မှတ်ခဲ့ပေ။
လင်းရှန် သက်ပြင်းချလိုက်သည်။
“ထားလိုက်ပါ… ငါ Black Hawk ကိုတောင် မတည်ဆောက်ရသေးဘူး… ရှေ့မတိုးသေးတာ ကောင်းပါတယ်”
ယခုအချိန်တွင် သူတို့တွင် TRP ဝတ်စုံသုံးခုသာ ရှိသည်။ ဖြန့်ကျက်ခြင်းတောင် မလုပ်ရသေးပေ။ အဆင့်မြင့်ပစ္စည်းများဆီသို့ တိုက်ရိုက်ခုန်ကူးခြင်းသည် အလွန်အကျွံ ဖြစ်လိမ့်မည်။
ထို့ကြောင့် လင်းရှန်သည် G3 လျှပ်စစ်သံလိုက်အမြောက်၏ ပုံကြမ်းကို ထည့်လိုက်သည်။
[ကိရိယာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး အချိန်: 3 Days 20 Hours]
“ကောင်းပြီ၊ သုံးရက်ပဲ”
သူသည် လုပ်ငန်းစဉ်ကို အတည်ပြုလိုက်သည်။
[G3 လျှပ်စစ်သံလိုက်အမြောက် (ပုံကြမ်း) သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်ဆဲ: 3 Days 19 Hours 59 Minutes]
“ကောင်းပြီ… သွားမယ်… မိုးလင်းလာပြီ… အိပ်ဖို့ အချိန်ရောက်ပြီ”
လင်းရှန်သည် မတ်တပ်ရပ်ပြီး ချန်ဆီရွှမ်၏ လက်ကို ဆွဲကိုင်ကာ နောက်ဆုံးတွင် အနားယူရန် စီစဉ်လိုက်သည်။
ရထား၏ အပြင်ဘက် သံချပ်ကာ ပြီးစီးသွားပြီဖြစ်ပြီး လက်နက်စနစ်များသည် ကြီးမားသော အားဖြည့်မှုကို ရရှိခဲ့သည်။ မနက်ခင်း နီးကပ်လာသည်နှင့်အမျှ သူ ပိုမိုစိတ်အေးချမ်းလာသည်။
သူမ၏ လက်ကို ကိုင်ထားစဉ် ချန်ဆီရွှမ်သည် သူ့ကို ကြည့်ပြီး ကျီစယ်လိုက်သည်၊၊
“ရှင် ဒီလောက်ပင်ပန်းနေတာ… ရှင့်မှာ မကောင်းတဲ့ အကြံစည်တွေ ရှိနေတုန်းပဲလို့ မပြောနဲ့နော်”
လင်းရှန်က ရွှင်မြူးနေသော အမူယာဖြင် အကြောဆန့်လိုက်သည်။
“မင်းပြောသလိုပဲလေ”
ထိုစကားကို ကြားသောအခါ သူမ၏ နှလုံးသားသည် နူးညံ့သွားသည်။ သူသည် သူမနှင့် ပထမဆုံး ရင်းနှီးလာစဉ်က အရိုင်းဆန်မှုနှင့် စိတ်မသက်မသာဖြစ်မှုများ ပျောက်ကွယ်သွားပြီး သူ့စကားကို နားထောင်နေသည်ကို သူမ သိနိုင်သည်။
ကလောင် ကလောင် ကလောင်~
မနက်ခင်း နီးကပ်လာသော်လည်း စီလန်မြို့သည် ည၏ ဖုံးလွှမ်းမှုအောက်တွင် ရှိနေဆဲဖြစ်သည်။ အော်ဟစ်နေသော လေနှင့် နှင်းများကြားတွင် ကုန်တင်ဘူတာ၏ ယာယီအလုပ်ရုံတွင် ဆောက်လုပ်ရေးလုပ်ငန်းများ အဆက်မပြတ်ဖြစ်ပေါ်နေသည်၊၊
လင်းရှန်သည် အတွဲ ၁ ထဲသို့ အမောတကော ဝင်သွားသည်။ သူ့တွင် ရေချိုးရန် အချိန်မရှိပေ — သူသည် အိပ်ယာပေါ်သို့ လဲကျသွားသည်။ ပင်ပန်းနွမ်းနယ်မှုက သူ၏စိတ်ကို ဖုံးလွှမ်းထားသော်လည်း အောင်မြင်စွာ အဆင့်မြှင့်တင်မှု တိုးတက်မှုသည် သူ့ကို နက်ရှိုင်းသော စိတ်ကျေနပ်မှုဖြင့် ပြည့်စေသည်။
သူ အိပ်ပျော်လုနီးနီးတွင် —
ကြီးမားသော တုန်ခါမှုတစ်ခု ရုတ်တရက် ဖြစ်ပေါ်လာသည်၊၊
—
စီလန် စက်မှုတက္ကသိုလ် – ဖီးနစ် သုတေသနအဖွဲ့ ယာယီအခြေစိုက်စခန်း
တစ်ချိန်က နဂါးနိုင်ငံ၏ စစ်ဘက်သုတေသီများစွာကို လေ့ကျင့်ပေးခဲ့သော ထိပ်တန်းကာကွယ်ရေး အင်ဂျင်နီယာကျောင်းတစ်ခုဖြစ်သည်။ သို့သော် ယခုအခါ ပြတ်တောက်နေသော ရှေ့တံခါးသည် နှင်းများကို ဆန့်ကျင်ကာ ပွင့်နေပြီး စာကြည့်တိုက်၏ မှန်များသည် အက်ကြောင်းများဖြင့် ပြည့်နှက်နေသည်။
သန်းခေါင်ယံမှစ၍ ယခုအချိန်အထိ ဓာတ်ခွဲခန်းအဆောက်အအုံသည် တောက်ပစွာ လင်းထိန်နေသည်။
လက်နက်ကိုင် ဖီးနစ်စစ်သားများသည် ဝင်ပေါက်တိုင်းကို စောင့်ကြပ်နေကြသည်။ ဤနေရာသည် တိုက်ပွဲတစ်ခုကို ကြုံတွေ့ခဲ့ရသည်မှာ ထင်ရှားသည် — ခြောက်သွေ့နေသော သွေးများသည် စင်္ကြံနံရံများကို စွန်းထင်းနေသည်။
ဓာတ်ခွဲခန်းတစ်ခုအတွင်းတွင် တင်းကျန်းရီသည် အကြီးတန်းသုတေသီအဖွဲ့တစ်ဖွဲ့နှင့် နက်နက်ရှိုင်းရှိုင်း ဆွေးနွေးနေသည်။
ဝုန်း… ဓာတ်ခွဲခန်းတံခါးများ ပွင့်ထွက်သွားသည်။ ဖရိုဖရဲဖြစ်နေသော ဝေ့ကီရှုသည် မောဟိုက်စွာဖြင့် အထဲသို့ အပြေးဝင်လာသည်။
“ပါမောက္ခ တင်းကျန်းရီ… တစ်ခုခု ဖြစ်သွားပြီ”
ဖျတ် ဖျတ် ဖျတ်
တင်းကျန်းရီနှင့် ဝေ့ကီရှုတို့သည် လက်နက်ကိုင်အစောင့်များဘေးတွင် ခြံရံကာ အောက်ထပ်သို့ အမြန်သွားလိုက်ကြသည်။
“ဘာတွေဖြစ်နေတာလဲ”
“စမ်းသပ်မှုအတွင်း နမူနာ ၁၃ က ဘာတုံ့ပြန်မှုမှ မပြသေးဘူး… ဝိညာဥ်လှိုင်း ဖတ်ရှုမှုမှာ လှိုင်းတစ်ချက်တောင် မရှိဘူး”
ဝေ့ကီရှု၏ ခြေလှမ်းများ မြန်လာသည်။
“ကျွန်တော် ခုနကမှ သတင်းရတယ်… ခေါင်းဆောင်ယုရဲ့ အဖွဲ့က ဝိညာဥ်လှိုင်း ဖတ်ဖို့ ကြိုးစားခဲ့တယ်… ဘာမှမတွေ့ဘူး၊ လူအိုကြီးကောင်းက စိတ်ပျက်ပြီး ပစ်မှတ်ထားလျှပ်စစ်လှုံ့ဆော်မှုကို အမိန့်ပေးလိုက်တယ်… အဲဒါက ရိုးရိုး စမ်းသပ်မှုတစ်ခုပဲ… ဒါပေမဲ့ နမူနာက ရုတ်တရက် ထိန်းချုပ်မရပဲ ရူးသွပ်သွားတယ်”
Chapter 421
အရုဏ်မတက်မီ တိုက်ခိုက်ခြင်း ၁
တင်းကျန်းရီ မျက်မှောင်ကြုတ်လိုက်သည်။
“တစ်ယောက်ယောက် ဒဏ်ရာရသွားလား”
“လူသုံးယောက် ဒဏ်ရာရသွားတယ်လို့ ပြောတယ်။ အဘိုးကြီးကောင်းကို ဆေးကုသဆောင် အမြန်ပို့လိုက်ရတယ်—အခြေနေအတော်ဆိုးတယ်”
ဝေ့ကီရှုက အနက်ရောင်ကိုင်းနှင့် မျက်မှန်ကို ချွတ်၍ သုတ်ရင်း ပြောကာ လျှောက်လာသည်။
“ရှေ့တန်းက မွန်းစတားလှိုင်းရဲ့ ဖိအားက ပြင်းထန်လွန်းတယ်။ အမိန့်ပေးဌာနက ဒါက ထူးဆန်းတဲ့သတ္တဝါတစ်ခုခုက လှုံ့ဆော်ပေးတယ်လို့ သံသယရှိတယ်၊၊ ကျွန်တော်တို့ရဲ့ လက်ရှိ စမ်းသပ်မှုကို အနီးကပ် စောင့်ကြည့်နေပါတယ်။ ထူးခြားတာ တစ်ခုခုဖြစ်နေလား သူတို့သိချင်နေကြတယ်”
“ဒါက အမှောင် အမှတ်သားတစ်ခုသက်သက်ဆိုရင် ကျွန်မတို့ မြင်တွေ့ခဲ့ရတာတွေအရ အဆင့်မြင့် အမှတ်သားတွေ မရှိသေးဘူး၊၊ မဟုတ်ရင် ဒီနှစ်ရက်အတွင်း ဒီလောက် အေးချမ်းနေမှာ မဟုတ်ဘူး”
တင်းကျန်းရီက လျှောက်ရင်း တုံ့ပြန်လိုက်သည်။
“ဒါပေမဲ့ အမိန့်ပေးဌာနက ဒီအမှတ်သားတွေကနေတဆင့် တခြားထောက်လှမ်းရေး အချက်အလက်တွေကို စုဆောင်းဖို့ ကြိုးစားနေတယ်။ ခုချိန်ထိ ဘာလက္ခဏာမှ မတွေ့ရသေးဘူး”
“ဒါပေမဲ့ ထူးဆန်းတယ်”
ဝေ့ကီရှုက ပြောသည်။
“ကျွန်တော်တို့ ရှေ့တန်းကနေ ဖမ်းမိတဲ့ နှင်းတစ္ဆေ နမူနာအကောင်နှစ်ဆယ်ကျော်ကို ထိန်းချုပ်စမ်းသပ်မှုတွေ အများကြီးလုပ်ခဲ့ပြီးပြီ၊၊ ဒါပေမဲ့ တစ်ကောင်မှ ပါမောက္ခတင်းရဲ့ အရင်စမ်းသပ်မှုက ကန့်သတ်ချက်တွေနဲ့ ကိုက်ညီတာ မရှိဘူး။ အခုလည်း နံပါတ် ၁၃ က အကြောင်းရင်းမရှိဘဲ ရုတ်တရက် ရူးသွပ်သွားတယ်။ ပတ်ဝန်းကျင်နဲ့များ ဆက်စပ်နေတာလား”
“အဲ့ဒါက ကျွန်မကို အရှုပ်ထွေးဆုံး ဖြစ်စေတာပဲ”
တင်းကျန်းရီက မဲ့ပြုံးဖြင့် ပြောသည်။ သူတို့နှစ်ဦးသည် ဘေးရှိ အဆောက်အအုံသို့ အမြန်သွားကာ တံခါးကို တွန်းဖွင့်လိုက်သောအခါ အခန်းထဲတွင် လူများ ပြည့်နှက်နေသည်ကို တွေ့ရသည်။ အချို့က ရပ်နေကြပြီး… အချို့က ကြမ်းပြင်ပေါ်တွင် ထိုင်နေကြသည်—အားလုံးသည် သိပ္ပံအဖွဲ့နှင့် အင်ပါယာအဖွဲ့မှ သုတေသီဝန်ထမ်းများဖြစ်သည်။ ဖီးနစ်ဆေးဘက်ဆိုင်ရာ ဝန်ထမ်းများက ဒဏ်ရာရသူများကို ကုသပေးနေကြပြီး ကောင်းစီချန်းသည် ယာယီကုတင်ပေါ်တွင် လဲလျောင်းနေသည်။ သူ၏ နှင်းဝတ်စုံသည် စုတ်ပြဲကာ သွေးများပေကျံနေပြီး သိသိသာသာကို ထိခိုက်သွားပုံရသည်၊၊
စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှ စစ်သားအချို့လည်း ရှိနေသည်။ ဘေးတွင် ရပ်နေသော ကြံ့ခိုင်သည့် အရာရှိတစ်ဦးသည် တင်းကျန်းရီနှင့် ဝေ့ကီရှုတို့ ဝင်လာသည်ကို မြင်သောအခါ လှည့်၍ အရိုအသေပေးလိုက်သည်။
“တပ်မှူးဟီ အခြေအနေ ဘယ်လိုရှိလဲ”
စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (၇) ၏ တပ်မှူး ဟီကျန်းသည် လေးထောင့်ကျသော မျက်နှာရှိပြီး အမြဲတမ်း မျက်မှောင်ကြုတ်နေတတ်သောကြောင့် ဆက်ဆံရ လွယ်ကူသူမဟုတ်ဟု ထင်ရသည်။
သို့သော် သူ့ကို ကောင်းစွာ သိသူများကမူ သူသည် လက်အောက်ခံများနှင့် အခြားဌာနများနှင့် တရင်းတနှီး ဆက်ဆံတတ်ပြီး စစ်မြေပြင်တွင်သာလျှင် အလုပ်ကို အလေးထားသူဖြစ်ကြောင်း သိကြသည်။
“သူ့ကို ထိန်းမထားနိုင်ဘူး။ သူ့ခေါင်းနှစ်ခြမ်းမကွဲသွားအောင် တားထားရတယ်—သူက ဓါတ်ခွဲခန်းဆီ သွားချင်နေတုန်းပဲ” ဟီကျန်းက ပြောကာ သူ့လက်ထောက်ကို တစ်ချက်ကြည့်လိုက်သည်။
“ရှောင်ဟယ် အခြေအနေကို ရှင်းပြလိုက်”
“ဟုတ်ကဲ့၊ ဆရာ”
ရှောင်ဟယ်အမည်ရှိ လူငယ်စစ်သားတစ်ဦးက တင်းကျန်းရီနှင့် ဝေ့ကီရှုတို့အား ချက်ချင်း ပြောပြသည်။
“ပါမောက္ခကောင်းနဲ့ အဖွဲ့ခေါင်းဆောင်ယုတို့က စမ်းသပ်ခံ နံပါတ် ၁၃ ကို အမှောင်အမှတ်သားရဲ့ တုံ့ပြန်မှုကို လေ့လာဖို့အတွက် လျှပ်စစ်လှုံ့ဆော်မှု ပေးဖို့ ပြင်ဆင်နေကြတာပါ။ ဒါပေမဲ့ ရုတ်တရက် အဲ့ဒီသတ္တဝါက ရူးသွပ်သွားတယ်။ ချုပ်နှောင်ထားတာတွေကနေ သူ့ခြေလက်တွေကို ကိုက်ဖြတ်ပြီး သုတေသီဝန်ထမ်းတွေကို တိုက်ခိုက်ခဲ့တယ်။ ကံကောင်းစွာနဲ့ပဲ ကျွန်တော်တို့ အချိန်မီ ရောက်လာတာပဲ”
“သူ့ ခြေလက်တွေကို ကိုက်ဖြတ်ပြီး ထွက်ပြေးသွားတာလား”
တင်းကျန်းရီ၏ မျက်ခုံးများ တွန့်ချိုးသွားသည်။ သူမသည် ဒဏ်ရာရထားသော အခြားသုတေသီများကို လှည့်ကြည့်လိုက်သည်။
“ကျွန်မတို့ လျှပ်စစ်လှုံ့ဆော်မှု စမ်းသပ်မှုတွေ အရင်က လုပ်ခဲ့ပြီးပြီ… ဘာလို့ ဒီတစ်ကြိမ်မှ ဖြစ်ရတာလဲ။ တစ်ခုခု လွဲချော်သွားတာ ရှိလို့လား”
ဖရိုဖရဲပုံစံနှင့် သုတေသီအချို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြီး ခေါင်းခါလိုက်ကြသည်။
“အားလုံးက ပုံမှန် လုပ်ထုံးလုပ်နည်းအတိုင်းပါပဲ”
“ဗို့အား သတ်မှတ်ချက်တွေလည်း အတူတူပါပဲ...”
“အပြောင်းအလဲ တစ်ခုတော့ ရှိခဲ့တယ်”
ပါမောက္ခကောင်းက သူ့ခုတင်ပေါ်မှနေ၍ ရုတ်တရက် ထထိုင်ရန် ကြိုးစားလိုက်သည်။ ဝေ့ကီရှုက အလျင်အမြန် သွားရောက် ကူညီလိုက်သည်။
“ပါမောက္ခ… ဘာဖြစ်ခဲ့တာလဲ”
ကောင်းစီချန်းသည် သူ၏ ကွဲနေသော မျက်မှန်ကို ပြင်ဝတ်လိုက်ပြီး စိုးရိမ်တကြီးဖြင့် ပြောသည်။
“စမ်းသပ်ခံက တုံ့ပြန်မှု မရှိလို့ ပါမောက္ခကျန်းနဲ့ ငါက စမ်းသပ်မှု အကွာအဝေးကို လျှော့ချဖို့ ဆွေးနွေးခဲ့ကြတယ်။ ဘယ်လိုပဲ လှုံ့ဆော်ပါစေ… သူက တုံ့ပြန်မှု မရှိဘူး—သွေးကပ်ဘေးပန်းကို သူ့အနားကို မယူလာခင် အထိပဲ… အဲ့ဒီအခါမှ သူ ရုတ်တရက် ပေါက်ကွဲသွားတယ်… အဲ့ဒီသတ္တဝါက ပန်းကို အထူးခံစားနိုင်စွမ်းရှိတယ်လို့ ငါထင်တယ်”
“ကျေးဇူးပြုပြီး မလှုပ်ရှားပါနဲ့ ပါမောက္ခ… ဆရာ့မှာ အတွင်းသွေးယိုစီးမှုတွေ ရှိနေတုန်းပါပဲ”
ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတစ်ဦးက သူ့ကို လျင်မြန်စွာ ဖိချလိုက်သည်။
“ဆရာ”
ဝေ့ကီရှုက သူ့ကို ညင်သာစွာ ပြန်လဲလျောင်းခိုင်းသည်။
“ဆရာဝန် ပြောတာ နားထောင်ပါဦး… သိပ်ပြီး မလှုပ်ရှားပါနဲ့”
“ဒါပေမဲ့... နောက်ထပ် တစ်ခုရှိသေးတယ်။ စမ်းသပ်ခံ နံပါတ် ၁၃ ရူးသွပ်သွားတဲ့အခါ တခြားအကောင် တစ်ဒါဇင်ကျော်လောက်ကလည်း တစ်ပြိုင်နက်တည်း ရူးသွပ်လာကြတယ်။ သူတို့ကို သီးခြား အခန်းတွေမှာ သော့ခတ်ထားတာကြောင့် ဘယ်သူမှ မလွတ်မြောက်ခဲ့ဘူး၊၊ ဒါပေမဲ့ သူတို့အားလုံးက တစ်ကောင်နဲ့ တစ်ကောင် အဝေးကြီးမှာ ရှိကြတယ်”
ခေါင်းပေါ်တွင်ဆံပင်များသိပ်မရှိတော့သော ပါမောက္ခကျန်းက ပြောလိုက်သည်။ သူ၏ မျက်နှာသည် ပင်ပန်းနွမ်းနယ်နေပြီး တိုက်ခိုက်မှုတွင် ဒဏ်ရာရခဲ့သောကြောင့် အကြီးအကျယ် တုန်လှုပ်နေပုံရသည်။
တင်းကျန်းရီ၏ မျက်နှာထားသည် တင်းမာသွားသည်။ သူမသည် မိုးရေမြို့တွင် အယောင်ဆောင်တစ်ကောင်က သူတို့အဖွဲ့ကို ချောင်းမြောင်းတိုက်ခိုက်ရန် ကြိုးစားခဲ့စဉ်က သူမသည် သွေးကပ်ဘေးပန်းကြောင့်သာ အသက်ရှင်ခဲ့ရသည်ကို ရုတ်တရက် သတိရလိုက်သည်။ အဲ့ဒီတုန်းကတောင် သူမသည် ထူးဆန်းသည့် သတ္တဝါများသည် သွေးကပ်ဘေးပန်းကို တစ်နည်းတစ်ဖုံဖြင့် အလွန်အမင်း တုံ့ပြန်မှုရှိပုံရသည်ကို သတိပြုမိခဲ့သည်။
သူမသည် အခန်းထဲမှ ဒဏ်ရာရထားသော သုတေသီများကို လှည့်ကြည့်လိုက်ပြီး သူမ၏ စိတ်နှလုံးသည် နစ်မွန်းသွားသည်။ သူမသည် ဖီးနစ်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းက သုတေသနလုပ်ငန်းစဉ်ကို ချောမွေ့စေလိမ့်မည်ဟု မျှော်လင့်ခဲ့သည်—သူမသည် ဖော်မြူလာ၏ နောက်ဆုံး တွက်ချက်မှုများကိုပင် ပြီးစီးခဲ့ပြီးဖြစ်သည်။
ဝေ့ကီရှုနှင့် ယုဟန်တို့သည် သူမ၏ ကန့်သတ်ချက်များကို အသုံးပြု၍ ညီမျှခြင်းကိုပင် ဒီဇိုင်းထုတ်ခဲ့သည်။ လိုအပ်သည်မှာ ပန်း၏ တုံ့ပြန်မှုများအပေါ် အခြေခံ၍ ပြောင်းပြန်တွက်ချက်ကာ အလွန်သန့်စင်သော ဂျာမေနီယမ် ထောက်လှမ်းကိရိယာကို အသုံးပြု၍ အမှောင် အမှတ်သားဖြစ်နိုင်ခြေ မြင့်မားမှုကို တိုင်းတာရန်သာဖြစ်သည်၊၊
သို့သော် ထူးဆန်းစွာပင် ဖမ်းဆီးရမိသော သတ္တဝါများဖြင့် ထိန်းချုပ်စမ်းသပ်မှုများစွာ ပြုလုပ်ပြီးနောက်တွင်ပင် အမှောင်အမှတ်သားများကို မတွေ့ရှိရပေ။ သွေးကပ်ဘေးပန်းမှ တုံ့ပြန်မှုတစ်ခုပင် မရှိခဲ့ပေ။
ဤရှင်းပြ၍မရသော ရလဒ်က တင်းကျန်းရီကိုပင် ရှုပ်ထွေးစေခဲ့သည်။
ဟီကျန်းသည် သူ၏ လက်ပတ်နာရီကို စစ်ဆေးပြီးနောက် သူမကို လှည့်ကြည့်လိုက်သည်။
“ပါမောက္ခတင်း… မင်းက အဖွဲ့လိုက် စမ်းသပ်မှုအတွက် နမူနာထပ်လိုတယ်လို့ ပြောခဲ့တယ်။ မင်းက အရေအတွက်တစ်ခု ပြောပေးနိုင်မလား။ ကျုပ်က အထူးတပ်ဖွဲ့ကို ချက်ချင်း စေလွှတ်ပေးပါ့မယ်”
“ဟုတ်တယ်...” ကုတင်ပေါ်တွင် ဖြူဖျော့ကာ အားနည်းနေသော ကောင်းစီချန်းက တီးတိုးပြောသည်။
“ပါမောက္ခတင်းရဲ့ ကန့်သတ်ချက်တွေကို ငါ သေချာဂရုတစိုက် ပြန်လည်သုံးသပ်ခဲ့တယ်။ ဒီနှင်းတစ္ဆေတွေက တစ်ကောင်းချင်းစီအတွက် အရမ်း သီးခြားဖြစ်နေနိုင်တယ်... အဖွဲ့လိုက် စမ်းသပ်မှုက တကယ်ကို လိုအပ်ပါတယ်...”
အုန်း
နားကွဲလုနီးပါး ကျယ်လောင်သော ပေါက်ကွဲသံကြီးက အဆောက်အအုံတစ်ခုလုံးကို တုန်ခါသွားစေသည်။ ကြမ်းပြင် တုန်ခါသွားပြီး အင်္ဂတေ အပိုင်းအစများ မိုးရွာသကဲ့သို့ ကျလာကာ မီးလုံးများသည် အလွန်ပြင်းထန်သော ပေါက်ကွဲမှုကြီးတစ်ခု ထိမှန်သကဲ့သို့ တဖျတ်ဖျတ် လင်းလာသည်။
“ရှောင်ဟယ်၊ လီလော့… သိပ္ပံပညာရှင်တွေကို ကာကွယ်ထားကြ”
ရှုပ်ထွေးမှုများကြားတွင် ဟီကျန်းသည် ပထမဆုံး တုံ့ပြန်သူဖြစ်ပြီး သုတေသီများကို စောင့်ကြပ်ရန် အမိန့်များပေးလိုက်သည်။
ဖုန်မှုန့်များ ကျလာပြီး သူ မော့ကြည့်လိုက်သောအခါ တင်းကျန်းရီသည် အပြင်သို့ အလျင်အမြန် ထွက်သွားသည်ကို တွေ့လိုက်ရသည်။ သူလည်း ချက်ချင်း နောက်က လိုက်သွားသည်။