အခန်း (၄၂၂+၄၂၃)
Vol. 28 Ch. 422+423
Chapter 422
အရုဏ်မတက်မီ တိုက်ခိုက်ခြင်း ၂
သူတို့နှစ်ဦးသည် စင်္ကြံထဲသို့ အလျင်အမြန် ပြေးဝင်လိုက်သည်—သို့သော်လည်း ရှေ့မှ စင်္ကြံတစ်ခုလုံး ပြိုကျနေသည်ကိုသာ တွေ့လိုက်ရသည်။ ထိုအကွာအဝေးတွင် ဘေးချင်းကပ်လျက်ရှိသော B-Block ဓါတ်ခွဲခန်း အဆောက်အအုံ၏ တစ်ဝက်သည် ပျောက်ကွယ်နေပြီး ၎င်း၏နေရာတွင် မြေအောက်မှ အသက်ရှိသော မိုးမျှော်တိုက်ကြီးကဲ့သို့ ထွက်ပေါ်လာသော ဧရာမ တွင်းနက်ပိုးကောင်ကြီးသည် မိုးထိလုနီးပါး အစားထိုးထားသည်။
အဆောက်အအုံ၏ ထိုတစ်ဝက်လုံးသည် တစ်ချက်တည်းဖြင့် ဝါးမျိုခံရခြင်း ဖြစ်သည်။
“သတိထား”
ဟီကျန်းက တင်းကျန်းရီကို နောက်သို့ ဆွဲဆုတ်လိုက်သည်။ သူမ၏ မျက်နှာသည် ဖြူဖျော့နေသည်—သွေးကပ်ဘေးပန်းသည် ထိုအဆောက်အအုံထဲတွင် ရှိနေသေးသည်။
“မြို့ထဲကို သတ္တဝါတွေ ဝင်တိုက်ပြီ”
သူမကို ဘေးကင်းရာသို့ ဆွဲခေါ်သွားပြီး ဟီကျန်းသည် သူ၏ တပ်သားများကို စုစည်းကာ အပြင်သို့ ပြေးထွက်သွားသည်။ စက္ကန့်ပိုင်းအတွင်း သေနတ်သံများနှင့် လေကြောင်းကာကွယ်ရေး ဥသြသံများသည် တစ်ချိန်က တိတ်ဆိတ်ငြိမ်သက်နေခဲ့သော စီလန်မြို့ထဲတွင် ထွက်ပေါ်လာသည်။
ကြီးမားသော မီးမောင်းများက အမှောင်ညကို လင်းထိန်စေပြီး အနက်ရောင်ပိုးကောင်ကြီးကို ထိုးထားသည်။ ၎င်း၏ ကိုယ်ထည်သည် အမည်းရောင်ဘိလပ်မြေတောင်ကြီးကဲ့သို့ နှင်းမုန်တိုင်းအထက်တွင် ထိုးထွက်နေသည်။ ဓါတ်ခွဲခန်း အဆောက်အအုံ၏ အကြွင်းအကျန်များသည် ဖော်ထုတ်ထားသော ကြမ်းပြင်များ၊ သံချောင်းများနှင့် ကွန်ကရစ်များပေါ်တွင် တွယ်ကပ်နေသည်။ ပြတ်တောက်သွားသော ဓါတ်ကြိုးများမှ ပြင်းထန်သော မီးပွားများ ထွက်ပေါ်နေသည်။
ဝီ ဒက် ဒက် ဒက် ဒက် ဒက် အုန်း
မြို့တစ်ခုလုံး၏ ပစ်အားသည် လျင်မြန်စွာ တိုးလာပြီး ပြောင်းရှည်သေနတ်များနှင့် အမြောက်ကြီးများသည် တွင်းနက်ပိုးကောင်ကြီး၏ ကြီးမားသော ကိုယ်ထည်ကို ပစ်ခတ်နေကြသည်။
ဝေါင်းးးးးး
အပျက်အစီးများ ပြိုကျလာသည်နှင့်အမျှ ထိုသတ္တဝါသည် နားကွဲမတတ် အသံတစ်ခုကို ထုတ်လွှတ်ပြီး သူတို့အောက်ရှိ မြေပြင်ကို တုန်ခါသွားစေသည်။
စီလန်မြို့တစ်လျှောက် အသက်ရှင်ကျန်ရစ်သူများသည် ရုတ်တရက် လန့်နိုးသွားကြသည်။ ဗဟိုလမ်းမတွင် ယာဉ်တန်းထောင်ပေါင်းများစွာ၏ ရှေ့မီးများသည် လှိုင်းထနေသကဲ့သို့ လင်းနေသည်။
“ဘာဖြစ်နေတာလဲ”
“ထူးဆန်းတဲ့ သတ္တဝါတွေ ဝင်တိုက်တာဟ”
“ဘယ်မှာလဲ”
“မြို့ထဲမှာ”
“လေကြောင်းကာကွယ်ရေး ဥသြသံ မြည်နေတယ်—”
“မြန်မြန်၊ မင်းတို့ ပစ္စည်းတွေကို ယူ”
“ယာဉ်တန်းအားလုံး သတိထားကြ—”
ဝူးးးးးးး~
မြောက်ဘက် လေဆိပ်တွင် လေကြောင်းတိုက်ခိုက်ရေး တပ်စုသည် လျင်မြန်စွာ ထွက်ခွာသည်။ အစွမ်းထက် ဒရက်နော့အမျိုးအစား လေကြောင်းပို့ဆောင်ရေးယာဉ်၏ ကြီးမားသော အင်ဂျင်များက အသက်ဝင်လာကာ လေယာဉ်ပြေးလမ်းပေါ်တွင် အမျိုးမျိုးသော တိုက်လေယာဉ်များသည် စက်နှိုးနေကြပြီးဖြစ်သည်။ ပိုင်းလော့များနှင့် မြေပြင်ဝန်ထမ်းများသည် နေရာအနှံ့ အပြေးအလွှား သွားလာနေကြသည်။
လမ်းများပေါ်တွင် ယာဉ်ကြီးများနှင့် အမြောက်များကို တက္ကသိုလ်ပရဝုဏ်သို့ အလျင်အမြန် ပို့ဆောင်နေကြသည်။
စီလန် စက်မှုတက္ကသိုလ်တွင် တွင်းနက်ပိုးကောင်ကြီးသည် အဆောက်အအုံတစ်ဝက်ကို ဝါးမျိုပြီး မြေပေါ်သို့ ဆယ်မီတာကျော် ပေါက်ကွဲထွက်လာသည်။ တိုက်ခိုက်မှုများသည် ၎င်း၏ အနက်ရောင်ကိုယ်ထည်ကို ထိမှန်နေပြီး အသားစများကို လွင့်စင်စေသည်။
သို့သော် မိနစ်ပိုင်းအကြာတွင် ၎င်းသည် နောက်ထပ် နက်ရှိုင်းသော တုန်ခါမှုကို ထုတ်လွှတ်လိုက်ပြီး—၎င်းသည် မြေအောက်သို့ ပြန်ဆင်းကာ ဖုန်မှုန့်များနှင့် အပျက်အစီးများကို ဆွဲယူကာ ဆုတ်ခွာသွားသည်၊၊
ကြီးမားသော ဝိုင်းရံတိုက်ခိုက်မှု စတင်နေပြီဟု ထင်ရချိန်တွင် တွင်းနက်ပိုးကောင်ကြီးသည် ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ မကြာမီတွင် မြို့သည် ထူးဆန်းစွာ တိတ်ဆိတ်သွားပြန်သည်။
အရှေ့နှင့် တောင်ဘက်မြို့ရိုးပေါ်ရှိ တိုက်ပွဲနယ်မြေများပင် တိတ်ဆိတ်သွားသည်။ နှင်းတစ္ဆေများ၏ မရပ်မနား တိုက်ခိုက်မှုများသည် ရုတ်တရက် ရပ်တန့်သွားသည်။
မြောက်ဘက် ကုန်စည်ပို့ဆောင်ရေး ရထားလမ်း ပလက်ဖောင်းတွင်—
အိပ်ပျော်နေခဲ့သော လင်းရှန်သည် လေကြောင်းကာကွယ်ရေး ဥသြသံများနှင့် တုန်ခါမှုများကြောင့် လန့်နိုးသွားသည်။ ယာယီအလုပ်ရုံ အပြင်ဘက်တွင် ပြုပြင်မှုများနှင့် အဆင့်မြှင့်တင်မှုများ ပြုလုပ်နေကြသော အနန္တရထားအဖွဲ့ဝင်များသည် လုပ်လက်စအရာအားလုံးကို ချထားကာ သူတို့၏ မျက်နှာများ ဖြူဖျော့နေသည်။
“အဲ့ဒီအသံက—ဗဟိုလမ်းမက လာတာ မဟုတ်ဘူးလား”
“ဟုတ်တယ်၊ ငါတို့ တိုက်ခိုက်ခံနေရတာလား”
ဖျတ်—
ခဏအကြာတွင် လင်းရှန်၊ ကီကီ၊ ချန်ဆီရွှမ်၊ ရှုချင်းနှင့် လုရှင်းချန်တို့သည် ရှီတိယွမ်၊ နန်ကျင်းနှင့် လုယောင်တို့အပါအဝင် နဂါးတောင် ၁ မှ လူများနှင့်အတူ ရထားပေါ်မှ ခုန်ဆင်းလာကြသည်။
“သောက်ကျိုးနဲ… ဘာတွေဖြစ်နေတာလဲ—အာရုဏ်တတ်ချိန်နီးနေပြီကို တစ်ခုခုဖြစ်နေတာလား”
ရှီတိယွမ်က ရေရွတ်လိုက်သည်၊၊
“အားဖေး… ချန်တုံ—လေထဲတက်ပြီး ထောက်လှမ်းကြည့်လိုက်”
ဝှစ်—နဂါးတောင် ၁ မှ အတောင်ပါသော စွမ်းအားရှင်တစ်ဦးသည် အားဖေးနှင့်အတူ လေထဲသို့ ပျံတက်သွားသည်။
လင်းရှန်သည် ကီကီနှင့် ချန်ဆီရွှမ်တို့ကို ကြည့်လိုက်သည်။ သူတို့က ခေါင်းညိတ်ပြသည်။
ကီကီသည် ချန်ဆီရွှမ်ကို ဆွဲကိုင်ကာ ကောင်းကင်သို့ တက်သွားသည်။
အပေါ်စီးမှ ချန်ဆီရွှမ်သည် Meteor-3 ရိုင်ဖယ်ကို ထုတ်ယူ၍ တုန်ခါမှု၏ ရင်းမြစ်ကို ခြေရာခံလိုက်သည်။
“တက္ကသိုလ်ဘက်မှာ ဖြစ်နေတာ”
သူမ၏ မျက်နှာအမူယာပြောင်းလဲသွားကာ မြေပြင်သို့ ရောက်သည်နှင့် လင်းရှန်ကို ချက်ချင်း ပြောပြလိုက်သည်။
“ဧရာမ ပိုးကောင်ကြီးပဲ… အဲ့ဒီသတ္တဝါရဲ့ အရှိန်အဝါက အရမ်းပြင်းထန်တယ်”
အားဖေးက တင်းမာစွာဖြင့် ထပ်ပြောသည်။
လင်းရှန်နှင့် ရှီတိယွမ်တို့သည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြသည်—အားလုံးသည် တစ်ခုခု ဆိုးရွားစွာဖြစ်ပျက်နေသည်ကို သဘောပေါက်သွားကြသည်၊၊
ထို့နောက် လေကြောင်းကာကွယ်ရေး ဥသြသံသည် ရုတ်တရက် ရပ်တန့်သွားသည်။
“အချက်ပေးသံ ပြီးသွားပြီလား”
“ကီကီ… ငါ့ကို ဟိုကို ခေါ်သွား”
လင်းရှန်က မတွန့်ဆုတ်ဘဲ သူ၏ အနက်ရောင်လှံရှည်ကို ဆုပ်ကိုင်လိုက်ပြီး ပြောသည်။
“ရှုချင်း... ဆရာမချန်—ရထားကို သတိအနေထားအပြည့်နဲ့ စောင့်ကြည့်ထားပါ”
“ကောင်းပြီ”
ချန်ဆီရွှမ်သည် လင်းရှန်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်။ သူသည် တစ်ညလုံး အလုပ်လုပ်ခဲ့ရပြီး အခု ဆယ်မိနစ်တောင် မနားရသေးဘဲ နောက်ထပ် ပြဿနာတစ်ခုပေါ်လာပြန်သည်။ ထို့အပြင် ဒါရိုက်တာတင်း ရှိနေသည့် နေရာဖြစ်သည်ကို သူမ သိထားသည်—သူမ၏ ရင်ထဲ နစ်မွန်းသွားသည်။
လင်းရှန်နှင့် ကီကီတို့သည် စီလန်စက်မှုတက္ကသိုလ်သို့ ဦးတည်၍ ထွက်ခွာသွားသည်။
“ငါတို့လည်း သွားကြည့်ရအောင်… လု၊ မင်းက ဒီမှာ စောင့်နေ”
ရှီတိယွမ်က နန်ကျင်းနှင့် အားဖေးတို့ကို ခေါ်ကာ ပြောလိုက်သည်။
ယခုအချိန်တွင် တက္ကသိုလ်၏ ဓါတ်ခွဲခန်းအဆောက်အအုံ အပြင်ဘက်ရှိ ကွင်းပြင်သည် တင့်ကားများနှင့် အမြောက်များဖြင့် ပြည့်နှက်နေသည်။ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှ စစ်သား တစ်ထောင်ကျော် စောင့်ကြပ်နေကြသည်။
အဆောက်အဦ B ၏ အုတ်မြစ်နေရာတွင် ဆယ်မီတာကျော် ကျယ်ဝန်းသော ကြီးမားသော တွင်းနက်ကြီးတစ်ခု ပွင့်နေသည်။ မီးမောင်းများက တွင်းနက်ထဲသို့ လင်းထိန်နေစေသည်။ အဆောက်အအုံ၏ တစ်ဝက်သည် အပေါ်တွင် တွဲလောင်းကျနေဆဲဖြစ်ပြီး ပရိဘောဂများ၊ ဖိုင်များ၊ နှင့် ဓါတ်ခွဲခန်းသုံးပစ္စည်းများ အောက်သို့ လိမ့်ကျနေသည်...
ဗရူးး
ကြီးမားသော နှင်းတောသုံးယာဉ်တစ်စီး ဝင်လာသည်။ တံခါးပွင့်လာပြီး ထူထဲသော ကုတ်အင်္ကျီ ဝတ်ဆင်ထားသည့် အရပ်ရှည်သော၊ ပိန်ပိန်ပါးပါး သက်လတ်ပိုင်း အမျိုးသားတစ်ဦးသည် နှင်းများကြားထဲ အလျင်အမြန် လျှောက်လာသည်။
သူ၏နောက်တွင် ဝမ်ကျိုးအပါအဝင် ကြယ်မီးတောက်အဖွဲ့မှ ညလမ်းလျှောက်သူအဖွဲ့မှ လူတစ်ဒါဇင်ကျော် လိုက်ပါလာသည်။
ထိုလူ၏ ထက်မြက်သော အကြည့်နှင့် လင်းယုန်ကဲ့သို့သော မျက်လုံးများက မယိမ်းယိုင်နိုင်သော တောင်တစ်ခုကဲ့သို့သော အော်ရာမျိုးကို ထုတ်လွှတ်နေသည်။
စီလန်ရှိ ဖီးနစ်အကြီးအကဲ—ကျိုးယု။
“ဟီကျန်း ဘယ်မှာလဲ” သူသည် အနီးရှိ အရာရှိတစ်ဦးကို လှည့်၍ တင်းမာစွာ မေးလိုက်သည်။
“သတင်းပို့ပါတယ်၊ ဒါရိုက်တာကျိုး—တပ်မှူးဟီက ဟိုဘက်မှာပါ” အရာရှိက သူ့အား အကျဉ်းချုပ် ရှင်းပြရင်း စက်ပစ္စည်းတစ်ခုကို လှမ်းပေးလိုက်သည်။
“အဆောက်အအုံ ပြိုကျသွတယ်။ ပါမောက္ခကောင်းနဲ့ ပါမောက္ခကျန်းတို့က တိုက်ခိုက်မှုအတွင်း အဆောက်အဦ A ရဲ့ ဆေးဘက်ဆိုင်ရာ တွဲဆီ ရွှေ့ပြောင်းလိုက်ရတယ်—သေဆုံးသူ မရှိပါဘူး။ ဒါပေမဲ့ B-Block မှာ အလုပ်လုပ်နေတဲ့ လူသုံးဆယ်ကျော် ရှိနေသေးတယ်။ အနည်းငယ်ကိုပဲ ဆွဲထုတ်နိုင်ပါသေးတယ်”
ကျိုးယုသည် စက်ပစ္စည်းကို လှမ်းယူလိုက်ပြီးနောက် ဝမ်ကျိုးကို လှည့်ကြည့်လိုက်သည်။
“ကြယ်မီးတောက်အဖွဲ့”
“ဟုတ်ကဲ့၊ ဆရာ”
ဝမ်ကျိုး၏ မျက်နှာထားသည် အေးစက်သွားသည်။
“ကျင်းထျန်း၊ ဝမ်မိုချန်း… ငါနဲ့ လိုက်ခဲ့”
ဆွစ်
သူ၏ လက်ကို ခါလိုက်သည်နှင့် သတ္တုချောင်း နှစ်ချောင်းထွက်လာကာ သူ့နောက်သို့ ပစ်ချလိုက်ပြီး လေထဲသို့ ပျံတက်သွားသည်။ အရပ်ရှည်သူတစ်ဦးနှင့် အရပ်ပုသူတစ်ဦး—ညလမ်းလျှောက်သူနှစ်ဦးသည် သတ္တုချောင်းများကို ဖမ်းဆုပ်ကာ သူ့နောက်သို့ လိုက်ပါသွားကြသည်။
Chapter 423
အရုဏ်မတက်မီ တိုက်ခိုက်ခြင်း ၃
သံလိုက်စွမ်းရည်
ဘဇ် ဘဇ် ဘဇ်~
မြေပြင်ပေါ်ရှိ သံမဏိချောင်းများသည် ဝမ်ကျိုး၏ စွမ်းအားအောက်တွင် တုန်ခါကာ တဝီဝီ မြည်လာပြီး သူတို့သုံးဦးကို နက်ရှိုင်းသော တွင်းနက်အဝဆီသို့ အလျင်အမြန် မြှင့်တင်ပေးလိုက်သည်။
တစ်ချိန်တည်းမှာပင် ဟီကျန်းသည် အဆောက်အဦ B ၏ အကြွင်းအကျန်များထဲမှ ကယ်ဆယ်ရေးလုပ်ငန်းများကို ကိုယ်တိုင်ဦးဆောင်နေသည်။
ဝေ့ကီရှုနှင့် တင်းကျန်းရီတို့သည် အဖွဲ့နောက်တွင် ရပ်နေကြပြီး တုန်လှုပ်မှုကြောင့် တောင့်တင်းနေပုံရသည်။
ထိုစဉ် စစ်သားများက ဖုန်မှုန့်များ ဖုံးလွှမ်းနေသော သုတေသီတစ်ဦးကို ယိုင်နေသော အဆောက်အအုံမှ ဆွဲထုတ်လိုက်သည်။ ဝေ့ကီရှု ထိတ်လန့်တကြား ပြေးသွားသည်။
“ပါမောက္ခဝမ်—ပါမောက္ခယု ဘယ်မှာလဲ”
ထိုလူ၏ မျက်နှာသည် သွေးများနှင့် ဖုန်မှုန့်များ ဖုံးလွှမ်းနေသည်။ သူသည် လက်ကို တုန်တုန်ရီရီဖြင့် ယမ်းပြရင်း မောဟိုက်စွာဖြင့် ပြောလိုက်သည်။
“သူတို့... သူတို့ ကျသွားပြီ။ အားလုံး ပျောက်ကွယ်သွားပြီ…. အားလုံးပဲ”
ဝေ့ကီရှု၏ မျက်နှာတစ်ခုလုံး ဖြူဖျော့သွားသည်။ သူ တုန်ယင်နေသည်—ထိုအခန်းထဲတွင် သုတေသီ နှစ်ဆယ်ကျော် ရှိနေခဲ့သည်။
“အဖွဲ့ခေါင်းဆောင်ယုကရော…. သူ အထဲမှာ ရှိနေတုန်း မဟုတ်လား”
“အဖွဲ့ခေါင်းဆောင်ယုက ဒီမှာ”
စကားလုံးများ ပဲ့တင်ထပ်၍ မပြီးသေးခင်မှာပင် ရှောင်ဟယ်နှင့် စစ်သားအချို့သည် အပျက်အစီးများနှင့် မီးခိုးများကြားမှ အပြေးအလွှား ထွက်လာပြီး ခေါင်းမှ ခြေအဆုံး ဖုန်မှုန့်များ ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုကို ကာကွယ်ပေးထားသည်။ လူတိုင်း ကြည့်လိုက်သောအခါ—၎င်းသည် တကယ်ပင် ယုဟန် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။ ထိုမျှမက သူသည် အပင်စိုက်ပျိုးသည့် ဖန်အိမ်တစ်လုံးကို ပွေ့ထားပြီး အထဲတွင် သွေးကပ်ဘေးပန်းရှိနေသည်ကို တွေ့လိုက်ရသည်။
တင်းကျန်းရီ၏ မျက်လုံးများသည် ၎င်းကို မြင်လိုက်သည်နှင့် ချက်ချင်း လင်းလက်လာပြီး သူမသည် ဝေ့ကီရှုနှင့်အတူ အလျင်အမြန် ပြေးသွားသည်။
အဟွတ် အဟွတ် အဟွတ်...
ယုဟန်သည် သွေးကပ်ဘေးပန်းကို ဆက်လက် ဆုပ်ကိုင်ထားရင်း တုန်ရီစွာ ထွက်လာပြီး တင်းကျန်းရီကို မြင်သည်နှင့် ချက်ချင်း လှမ်းပေးလိုက်သည်။
“စကန်နာ... ငါတို့ မထွက်လာခင်အထိ ဖွင့်ထားတုန်းပဲ။ ငါ စစ်ဆေးပြီးပြီ။ သွေးကပ်ဘေးပန်းက မပြောင်းလဲဘူး”
ကယ်ဆယ်ရေးများကို ကာကွယ်ပေးနေသော ရှောင်ဟယ်က ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး ထပ်ပြောသည်။
“ကျွန်တော်တို့ သူ့ကို အပြင်ခေါ်ထုတ်ခဲ့ပေမယ့် သူက အဲ့ဒီအရာကို ပြန်ယူဖို့ အထဲကို ပြန်ဝင်သွားဖို့ အတင်းအကျပ် တောင်းဆိုတယ်။ ဒါက အရမ်း အရေးကြီးတယ်လို့ ပြောတယ်”
ဝေ့ကီရှုက အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ပြီးနောက် ဟီကျန်းကို အလျင်အမြန် လှည့်ကြည့်လိုက်သည်။ “ဟုတ်တယ်—ဟုတ်တယ်… ဒါက အရေးကြီးတယ်… ဒီအမှောင်သတ္တဝါတွေ ဘယ်လို တိုက်ခိုက်လဲဆိုတာကို သိရှိဖို့ ကျွန်တော်တို့ ဒါကို အားကိုးနေရတာပါ”
ဟီကျန်းက စဉ်းစားဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ထိုစဉ် နောက်ဘက်မှ ခြေသံများ ချဉ်းကပ်လာသည်။ သူတို့ လှည့်ကြည့်လိုက်သောအခါ ကျိုးယုသည် အဖွဲ့တစ်ဖွဲ့ကို လျင်မြန်သော အရှိန်ဖြင့် ဦးဆောင်လာသည်ကို တွေ့လိုက်ရသည်။
“အဘိုးကြီးကျိုး”
“ဟီကျန်း အခြေအနေ ဘယ်လိုရှိလဲ”
ဟီကျန်း မျက်မှောင်ကြုတ်လိုက်သည်။
“ဒီတိုက်ခိုက်မှုဖြစ်တဲ့အချိန် ကျွန်တော် ဒီနေရာမှာပဲ ရှိနေခဲ့တယ်။ ဘာသတိပေးချက်မှ မရှိဘူး… အဲ့ဒီအရာက မြေအောက်ကနေ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး သုတေသနအဆောက်အအုံကို တိုက်ခိုက်ခဲ့တာ။ အဆောက်ဦ A မှာ အလုပ်လုပ်နေတဲ့ လူသုံးဆယ်ကျော် ရှိတယ်။ ကျွန်တော်တို့ ကိုးယောက်ကိုပဲ ကယ်ဆယ်နိုင်ခဲ့သေးတယ်”
သူသည် ဝေ့ကီရှုနှင့် တင်းကျန်းရီတို့ကို လက်ညှိုးထိုးပြသည်။
“ဓါတ်ခွဲခန်းမှာ အစောပိုင်း တိုက်ခိုက်မှု တစ်ခုလည်း ဖြစ်ခဲ့သေးတယ်—ပါမောက္ခကောင်း၊ ပါမောက္ခကျန်း နှစ်ဦးလုံး ဒဏ်ရာရခဲ့တယ်။ သူတို့ကို ခုတော့ ဆေးပေးခန်းကို ရွှေ့ထားတယ်—အနည်းဆုံးတော့ သူတို့ ဘေးကင်းတယ်”
ဝှစ် ဝှစ်~
ထိုစဉ် မြေအောက်ဥမင်လိုဏ်ခေါင်းကို ထောက်လှမ်းနေခဲ့သော ဝမ်ကျိုးနှင့် အခြားနှစ်ဦးတို့သည် အပေါ်မှ ပျံသန်းဝင်ရောက်လာကာ ပြန်လာကြသည်။
“သူ လွတ်သွားပြီ။ ကျွန်တော်တို့ အရမ်းနက်နက်ရှိုင်းရှိုင်း မလိုက်ရဲခဲ့ဘူး။ ဒါဟာ အင်ပါယာအဖွဲ့က ဒရာကာမာရေခဲချိုင့်ဝှမ်းမှာ သတင်းပို့ခဲ့တဲ့ အကောင်ပဲလားဆိုတာတော့ မသိသေးဘူး”
ဝမ်ကျိုးက ကျိုးယုကို သတင်းပို့လိုက်သည်။
ယုဟန်က ရှေ့သို့ တက်လာသည်။ သူ့မျက်နှာသည် မြေမှုန့်များ စွန်းထင်းနေပြီး သူ့အသံက တုန်ယင်နေသည်။
“ဟုတ်တယ်… သေချာပေါက် အဲ့ဒီအကောင်ပဲ… ငါတို့ ဆုတ်ခွာတုန်းက သူ့ကို ငါတို့ တိုက်ခိုက်ခဲ့တဲ့ ဒဏ်ရာတွေကို မြင်ခဲ့ရတယ်”
တွင်းနက်ပိုးကောင်ကြီး ထွက်ပေါ်လာချိန်တွင် သူသည် တံခါးအနီးတွင် ရပ်နေခဲ့သည်။ သူကြားခဲ့ရသည်မှာ နားကွဲမတတ် အသံကိုသာ—ထို့နောက် အဆောက်အအုံတစ်ခုလုံးသည် သူ့လုပ်ဖော်ကိုင်ဖက်များနှင့်အတူ ချက်ချင်း ပျောက်ကွယ်သွားသည်။ ငရဲတစ်ခုအလား မြင်ကွင်းက သူ့ကို မြေပြင်ပေါ် လဲကျလုနီးပါး ဖြစ်စေခဲ့သည်။ သို့သော် ထိုအချိန်အခိုက်အတန့်တွင် သူ မြင်လိုက်ရသည်—အနက်ရောင်ပိုးကောင်ကြီး၏ ကိုယ်ပေါ်တွင် ကြီးမားသော ထိုးဖောက်ဒဏ်ရာတစ်ခုနှင့် အားဖေး၏ လေဆာရောင်ခြည်က ချန်ထားခဲ့သော နက်ရှိုင်းသော မီးလောင်ဒဏ်ရာတစ်ခုဖြစ်သည်။
ထိုအချိန်တွင် သူ သိလိုက်ရသည်—ထိုအရာသည် ဒရာကာမာရေခဲချိုင့်ဝှမ်းမှာ သူတို့ ရင်ဆိုင်ခဲ့ရသည့် ပိုးကောင်ကြီးပင်…
ဒီစကားကို ကြားသောအခါ ဟီကျန်း၏ မျက်နှာသည် မှောင်မိုက်သွားသည်။
“A-Class ထူးဆန်းသတ္တဝါက ဒီနေရာကို ရုတ်တရက် ဝင်တိုက်တာလား။ အဘိုးကြီးကျိုး… ဒါက တကယ်ကို မကောင်းတဲ့ လက္ခဏာပဲ”
ကျိုးယု၏ မျက်နှာထားသည် တင်းမာသွားပြီး သူ၏ မျက်လုံးများသည် အေးစက်သောလေများတိုက်ခတ်မှုကြောင့် တစ္ဆေများသရဲများ၏ ငိုညည်းသံလို ထွက်ပေါ်နေသည့် တွင်းပေါက်ကြီးကို စိုက်ကြည့်လိုက်သည်၊၊
ဖီးနစ်ဝန်ထမ်းများသည် သုတေသန အဆောက်အအုံမှ ကျန်ရှိသော သုတေသီများနှင့် ပစ္စည်းများကို အလျင်အမြန် ရွှေ့ပြောင်းရန် ပြင်ဆင်နေကြသည်။
“သတင်းပို့ပါတယ်”
ကျိုးယု၏ ဆက်သွယ်ရေး ကိရိယာမှ အသံတစ်ခု ထွက်ပေါ်လာသည်။
“ဒါရိုက်တာကျိုး၊ ယာဉ်တန်းခေါင်းဆောင် အများအပြား ရောက်လာပါပြီ။ အရေအတွက် တိုးလာနေပါတယ်—အခုဆို တစ်ရာကျော်ပါပြီ”
“ဖီးနစ်တံဆိပ်ပါတဲ့ ယာဉ်တန်းတွေကိုပဲ ဝင်ခွင့်ပြုပါ”
“ကောင်းပါပြီ ဆရာ”
လင်းရှန်သည် သူ၏ ကြက်သွေးရောင်ဖီးနစ်တံဆိပ်ကို ပထမဆုံး အသုံးပြုရသည့်အချိန်က ယခုလို အခြေအနေမျိုး ဖြစ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ရာနှင့်ချီသော ယာဉ်တန်းဝင်များသည် သတင်းအချက်အလက်များ ရယူရန် မျှော်လင့်ချက်ဖြင့် အခင်းဖြစ်ပွားရာသို့ အပြေးအလွှား ရောက်လာကြသော်လည်း ယာဉ်တန်းဆယ်ခုခန့်သာ စက်မှုတက္ကသိုလ် မြေပြင်သို့ ဝင်ရောက်ခွင့် ရခဲ့သည်။
၎င်းတို့သည် ဖီးနစ်၏ တရားဝင်ပူးပေါင်းဆောင်ရွက်သူများ ဖြစ်သည်—သူတို့၏ ခွန်အားနှင့် ယုံကြည်စိတ်ချရမှုကို အသိအမှတ်ပြုထားသည်။ ယခုလို အရေးကြီးသည့် အချိန်မျိုးတွင် သူတို့သည် အသက်ရှင်ကျန်ရစ်သူတွေကြားမှာ စံပြပုဂ္ဂိုလ်များအဖြစ် သတ်မှတ်ခံရပြီး ဖီးနစ်နဲ့ ပူးတွဲစစ်ဆင်ရေးများတွင် ပူးပေါင်းဆောင်ရွက်နိုင်ကြပေသည်။
သူတို့ထဲတွင် လင်းရှန်နှင့် ကီကီတို့သာ လမ်းလျှောက်၍ ရောက်လာကြသည်—တကယ်တော့ ပျံသန်းလာခြင်း ဖြစ်သည်။ ကျန်သူများသည် အမျိုးမျိုးသော ယာဉ်များဖြင့် ရောက်လာကြပြီး စစ်တပ်၏ အစောင့်အရှောက်ဖြင့် တစ်ဒါဇင်ခန့်သည် ကျောင်းဝင်းရှိ ရင်ပြင်သို့ ဝင်ရောက်လာသည်။
ရှီတိယွမ်၊ ချီလီနှင့် လင်းရှန်တို့အပြင် ကျန်သူများမှာလည်း ထင်ရှားသော ပုဂ္ဂိုလ်များဖြစ်ကြသည်—Arctic Wind မဟာမိတ်မှ ဟန်ကျွမ့်နှင့် လေစိမ်း… စကြဝဠာယာဉ်တန်းမှ ချင်ရွှမ်မင်တို့ ဖြစ်သည်။
အဝေးမှနေ၍ လင်းရှန်သည် တစ်စိတ်တစ်ပိုင်း ပြိုကျနေသော အဆောက်အအုံနှင့် မီးမောင်းများအောက်ရှိ ကြီးမားသော တွင်းနက်ကြီးကို တွေ့လိုက်ရသည်။ သူ့စိတ်နှလုံး မွန်းကျပ်သွားသည်။ သူနှင့် ကီကီတို့သည် အလျင်အမြန် သွားကြပြီး စစ်သားများကြားမှ တင်းကျန်းရီ၊ ဝေ့ကီရှုနှင့် ဒဏ်ရာရထားသော ယုဟန်တို့ကို ချက်ချင်း တွေ့လိုက်ရသည်။
“ကပ္ပတိန်လင်း”
ဝေ့ကီရှုသည် လင်းရှန်ကို မြင်လိုက်သည်နှင့် လက်ဝှေ့ယမ်းပြလိုက်သည်။
ကျိုးယု၊ ဟီကျန်းနှင့် ဝမ်ကျိုးတို့သည်လည်း လှည့်ကြည့်လိုက်ကြသည်။
“အနန္တယာဉ်တန်းက လင်းရှန် ဖြစ်ရမယ်”
ကျိုးယုက ရှေ့သို့ တက်လာပြီး လက်ဆန့်တန်းလိုက်သည်။
“ကျုပ်က စီလန်မြို့ရဲ့ စစ်ရေးအကြီးအကဲ ကျိုးယုပါ။ ဒါက စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (၇) ရဲ့ ဟီကျန်းပဲ… လူချင်းတွေ့ဖူးတာ ဒါပထမဆုံးအကြိမ်ပါ… ဒါပေမဲ့ ခဗျားရဲ့ မှတ်တမ်းကို ကျုပ်ဖတ်ဖူးတယ်။ ဝေ့ကီရှုကလည်း ခဗျားအကြောင်းကို ပြောပြထားတယ်”
လင်းရှန်က အံ့သြစွာဖြင့် သူတို့နှင့် လက်ဆွဲနှုတ်ဆက်လိုက်သည်။