အခန်း (၄၂၆+၄၂၇)
Vol. 28 Ch. 426+427
Chapter 426
အရုဏ်မတက်မီ တိုက်ခိုက်ခြင်း ၆
“ကောင်းပြီ။ ဒါဆို ကျုပ်တို့ စကြဝဠာယာဉ်တန်းက တောင်ဘက်ကို တာဝန်ယူမယ်” ချင်ရွှမ်မင်က လက်ပိုက်လျက် ပြောသည်။
“အဲ့ဒီမှာ ယာဉ်တန်း အများကြီး ရှိတယ်။ ကျုပ်တို့က အကာကွယ်လိုင်းကို ထိန်းထားနိုင်ပါတယ်”
“ကျုပ်က မြောက်ဘက်ကို ယူမယ်” ချီလီက ဝင်ပြောသည်။
“အဲ့ဒီမှာ ရထားအဖွဲ့တွေ အများကြီး အခြေစိုက်ထားတယ်။ နည်းနည်း နေရာကျပ်ပေမယ့် သူတို့မှာ ပစ်အားအများကြီးနဲ့ လေဆိပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးတွေ ရှိတယ်”
“ဒါဆိုရင် ဖန်းလန်တောင် အနောက်ဘက်ဧရိယာကို ကျုပ်တို့ တာဝန်ထားလိုက်”
ရှီတိယွမ်က လင်းရှန်ကို ကြည့်ပြီးနောက် ကျိုးယန်ကို ယုံကြည်မှုဖြင့် လှည့်ကြည့်သည်။
“အဲ့ဒီမှာ လူအများကြီး မရှိဘူး၊ ဒါပေမဲ့ ဒါက တောင်တန်းကို နောက်ခံထားတယ်။ ပြီးတော့ ကျုပ်တို့ ပျော့ညံ့တဲ့သူတွေ မဟုတ်ဘူး…. ငါပြောတာ မှန်တာမလား ညီလေးလင်း”
လင်းရှန်က ခေါင်းညိတ်လိုက်ပြီးနောက် ဝေ့ကီရှုနှင့် တင်းကျန်းရီတို့ကို လှည့်ကြည့်လိုက်သည်။
“ကျုပ်က အဆင်ပြေပါတယ်။ မင်းတို့ရဲ့ နောက်အစီအစဉ်တွေက ဘာတွေလဲ”
တင်းကျန်းရီ၏ အမူယာသည် တည်ငြိမ်ပြီး လေးနက်နေသည်။
“ကျွန်မတို့ အစုလိုက်အပြုံလိုက် စမ်းသပ်မှုတွေကို ချက်ချင်း စတင်ဖို့ လိုအပ်တယ်။ အဲ့ဒါ မအောင်မြင်ရင် မြို့ပြင်မှာ စမ်းသပ်မှုတွေ လုပ်ဖို့ စဉ်းစားရလိမ့်မယ်”
အခြေအနေက သူမ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားသော်လည်း အန္တရာယ်က သူမအတွက် စိုးရိမ်စရာ မဟုတ်ပေ။ သူမကို စိတ်အနှောင့်အယှက် ဖြစ်စေသည်မှာ သုတေသနတိုးတက်မှု ရပ်တန့်နေခြင်းပင်။
“ကျွန်တော်လည်း သဘောတူတယ်” ဝေ့ကီရှုက သူ့မျက်မှန်ကို ပင့်တင်လိုက်သည်။
“အဘိုးကြီးကောင်းက ဒဏ်ရာရထားတယ်။ ပါမောက္ခတင်းနဲ့ ပါမောက္ခကျန်းတို့ကို ဓါတ်ခွဲခန်းမှာ အခြေအနေတွေကို ကိုင်တွယ်စေဖို့ ကျွန်တော် အကြံပြုတယ်။ ကျွန်တော်က အဖွဲ့လိုက် စမ်းသပ်မှုတွေကို တာဝန်ယူပါ့မယ်”
“ကျုပ်ကိုလည်း ထည့်တွက်လိုက်ပါ”
ယုဟန်သည် သူ့ပါးပြင်ပေါ်မှ ဖုန်မှုန့်များကို ပုတ်ထုတ်လိုက်ပြီး အလျင်အမြန် ရှေ့သို့ တက်လာသည်။
“ကျုပ်တို့ လူအင်အား မလုံလောက်ဘူး။ အင်ပါယာပရောဂျက်အဖွဲ့က အထောက်အကူပြုဝန်ထမ်းအားလုံးကို အခုပဲ ဒီကို ခေါ်လာခဲ့ပါ့မယ်”
ကျိုးယန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
“ခင်ဗျား နောက်ထပ် တိုက်ခိုက်မှုတစ်ခုအတွက် အသင့်ပြင်ထားသင့်တယ်။ ကျုပ်က ငလျင်စောင့်ကြည့်ရေးအဖွဲ့ကို တာဝန်ပေးလိုက်မယ်။ အဲ့ဒီအရာက ဘာခြေရာမှ မကျန်ဘဲ ရွေ့လျားသွားနိုင်မှာမဟုတ်ဘူး။ ဘေးကင်းစေဖို့အတွက် သုတေသနအဖွဲ့က အရန်ရွှေ့ပြောင်းရေး နေရာအများကြီး လိုအပ်တယ်”
“ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ပဲ” ဟီကျန်းက ခေါင်းညိတ်လိုက်သည်။
“အဖွဲ့ကို တကယ်ပစ်မှတ်ထားနေတာဆိုရင် ဒါက ထပ်ဖြစ်နိုင်တယ်”
“ကျုပ်က သီးသန့် အစောင့်တပ်ဖွဲ့ကို စီစဉ်လိုက်မယ်” ဝမ်ကျိုးက ထပ်ပြောသည်။
ကျိုးယန်က ခေါင်းညိတ်လိုက်ပြီးနောက် ဖီးနစ်တံဆိပ်ပါ ဆက်သွယ်ရေးကိရိယာကို ထုတ်ကာ ကြိမ်နှုန်းကို ချိန်ညှိလိုက်သည်။ သူသည် လင်းရှန်နှင့် အခြားယာဉ်တန်းခေါင်းဆောင်များဆီသို့ လှည့်လိုက်သည်။
“ဖီးနစ်ရဲ့ စေလွှတ်မှုနဲ့ ဆက်သွယ်ရေး အားလုံးဟာ အခုကစပြီး ဖီးနစ်တံဆိပ်ကနေတစ်ဆင့် သွားရမယ်”
“ရပြီ”
“နားလည်ပါပြီ” လူတိုင်း တုံ့ပြန်လိုက်ကြသည်။
“အားလုံးပဲ…”
ကျိုးယန်က အဖွဲ့ကို စိုက်ကြည့်ရင်း ပြောသည်။
“မုန်တိုင်းတစ်ခု လာတော့မယ်—အတူတကွ ရပ်တည်ပြီး ရင်ဆိုင်ကြမယ်”
ထို့နောက် သူ၏ ကုတ်အင်္ကျီကို ခါလိုက်ပြီး လူအုပ်ကို အလျင်အမြန် ဦးဆောင်သွားသည်။
ကျိုးယု၏ စကားများမှ လေးလံသော ခံစားချက်က လူတိုင်းအပေါ် ကျရောက်လာသည်။
ဟန်ကျွမ့်နှင့် အခြားသူများသည် လင်းရှန်နှင့် ရှီတိယွမ်တို့ကို လှည့်ကြည့်လိုက်သည်။ ယာဉ်တန်းခေါင်းဆောင်များသည် အကြည့်များကို ဖလှယ်ပြီးနောက် လျင်မြန်စွာ ထွက်ခွာသွားကြသည်။ မိနစ်အနည်းငယ်အတွင်း မြို့၏ ငြိမ်းချမ်းသော လေထုသည် ပြိုကွဲသွားတော့ပေမည်။
သူတို့အထက်တွင် မှောင်မိုက်သော ကောင်းကင်က နိမ့်ဆင်းနေသည်။ ပြင်းထန်သော ဆီးနှင်းမုန်တိုင်းအောက်တွင် စီလန်မြို့သည် တင်းမာပြီး သေဆုံးခြင်း အော်ရာများ ဖုံးလွှမ်းလာသည်။
ဝေ့ကီရှုသည် ဝမ်းနည်းမှုနှင့် ယူကျုံးမရဖြစ်နေသော မျက်လုံးများဖြင့် အဝေးရှိ အောက်ခြေမသိရသော တွင်းပေါက်ကြီးဆီသို့ သူ့အကြည့်ကို လှည့်လိုက်သည်။
လွန်ခဲ့သည့် မိနစ်သုံးဆယ်ကမှ သုတေသီဒါဇင်ပေါင်းများစွာသည် သူ၏ ဘေးတွင် အလုပ်လုပ်နေကြကာ—အမှောင်အမှတ်သား၏ အမှန်တရားကို ဖော်ထုတ်ရန် အခွင့်အရေးအတွက် ညလုံးပေါက် အလုပ်လုပ်နေကြသည်။ ယခုမူ တစ်ခဏအတွင်း ထိုရင်းနှီးသော မျက်နှာများအားလုံး ပျောက်ကွယ်သွားပြီ။
“ပါမောက္ခဝေ့… သွားဖို့ အချိန်တန်ပြီ”
ဟီကျန်း၏ လက်ထောက် ရှောင်ဟယ်သည် သုတေသနအဖွဲ့၏ ရွှေ့ပြောင်းမှုကို လုံခြုံစေရန် တာဝန်ယူထားသူ ဖြစ်သည်။ ဝေ့ကီရှုက စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ သူသည် ညင်သာစွာ တွန်းလိုက်သည်။
လေကာစောင်ဖြင့် ပတ်ထားသော ယုဟန်သည် ဝေ့ကီရှုကို လှမ်းကြည့်လိုက်သည်။ သူ တစ်ခုခု ပြောချင်သော်လည်း မပြောနိုင်ခဲ့ပေ။ သူ့ရင်ထဲမှ အရာများသည် အလွန်လေးလံနေသည်—သူသည် သူ့လုပ်ဖော်ကိုင်ဖက်များ သူ့မျက်စိရှေ့တွင် ပျောက်ကွယ်သွားသည်ကို မြင်ခဲ့ရသည်။ အော်ဟစ်သံ တစ်ခုမှပင် မကြားခဲ့ရပေ၊၊
တင်းကျန်းရီသည် ရပ်နေပြီး ဤအရာအားလုံးကို ကြည့်နေသည်။ လင်းရှန်နှင့် ကီကီတို့သည် လျှောက်လာကြသည်။
“ဒါရိုက်တာတင်း”
“ကျွန်မရဲ့ သုတေသနကို သံသယမရှိပဲ ယုံကြည်ပေးလို့ ကျေးဇူးတင်ပါတယ်”
တင်းကျန်းရီက ဝေ့ကီရှုဘက်ကို ဆက်ကြည့်နေရင်း နူးညံ့စွာသောအသံဖြင့် ပြောသည်။
“သံသယမရှိတာ မဟုတ်ပါဘူး” လင်းရှန်က တုံ့ပြန်သည်။
တင်းကျန်းရီသည် ရှုပ်ထွေးစွာဖြင့် သူ့ကို ကြည့်လိုက်သည်။
“အရင်က မင်းရဲ့ ထောက်ခံမှုကိုပဲ လိုချင်ခဲ့တာ… အခုတော့ မင်းက ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်ပြီး အနန္တရထားဆီ ဘေးကင်းစွာ ပြန်လာဖို့ ငါလိုအပ်တယ်”
လင်းရှန်က လေးနက်စွာဖြင့် ပြောလိုက်သည်။
ရလဒ်များနှင့် ပိုနီးလာလေ၊ ပို၍ ဂယက်ထလာလေပင်။ လင်းရှန်သည် လေထဲတွင် ဆိုးညစ်သော အရာတစ်ခုခုကို ခံစားနေရသည်။ ကစားခံနေရသည်ဟူသော အသက်ရှူကျပ်စေသည့် ခံစားချက်တစ်ခု…။ အကယ်၍ အရင်က သူသည် အမှောင်အမှတ်သား သုတေသနကို ဖီးနစ်ထံ လွှဲပြောင်းပေးပြီး အပြီးသတ်ချင်ခဲ့သော်လည်း အခု—ထိုသုတေသီများအားလုံး ထိုတွင်းပေါက်ထဲတွင် ပျောက်ဆုံးသွားသည်ကို မြင်ပြီးနောက်… ဝေ့၊ ယုနှင့် တင်းတို့ အန္တရာယ်ကျရောက်နေသည်ကို မြင်ပြီးနောက်—သူသည် ကျိုးယု တွေးခဲ့သည့်အတိုင်း တွေးနေသည်။
ဖြစ်နိုင်တာက ဒီသုတေသနက... အမှောင်ထဲက တစ်ခုခုကို အမှန်တကယ် ဒေါသထွက်စေခဲ့ပြီး ခြိမ်းခြောက်ခံရတယ်လို့ ခံစားရစေခဲ့တာပဲ၊၊
ပြီးတော့ ထိုအရာက ပိုမှန်လာလေ၊ လင်းရှန် ပိုခံစားမိလေ—သူသည် အမှောင်ထုကို အဆုံးတိုင် တိုက်ခိုက်ရပေမည်။
တင်းကျန်းရီသည် လင်းရှန်၏ မျက်လုံးများထဲမှ ထိုခိုင်မာသော အကြည့်ကို မြင်သောအခါ ခေတ္တရပ်သွားသည်။ သူမ၏ တည်ငြိမ်သော အမူအရာသည် စိတ်လှုပ်ရှားမှုဖြင့် လှုပ်ရှားသွားသည်။ သူမသည် သူမ၏ နှုတ်ခမ်းများကို ဖိကိုက်ပြီး ခေါင်းညိတ်လိုက်သည်။
“ကျွန်မ ကတိပေးပါတယ်”
ထို့နောက် သူမက ရွှေ့ပြောင်းရန် ပြင်ဆင်ထားသည့် ယာဉ်များဆီသို့ လျှောက်သွားသည်။
ဝေ့ကီရှုနှင့် အခြားသူများ ထွက်ခွာသွားပြီးနောက် ထိုကြောက်မက်ဖွယ် တွင်းပေါက်ကြီး၏ ပတ်ဝန်းကျင်ကို စောင့်ကြပ်နေသည့် စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှ စစ်သားများသာ ကျန်တော့သည်။
ဆွစ်—
ရုတ်တရက် ကောင်းကင်သည် လင်းလက်လာသည်။ လေသည် ပို၍ ကျယ်လောင်စွာ တိုက်ခတ်နေသည်၊၊ မိုးကြိုးများသည် မိုးကုပ်စက်ဝိုင်းတစ်လျှောက် ကျယ်လောင်စွာ ထစ်ချုန်းပြီး အေးစက်သောလေပွေ၏ အလယ်ဗဟိုကို ပစ်ချနေသည်၊၊ ၎င်းသည် ကမ္ဘာမြေကို တရားစီရင်ခြင်းကဲ့သို့ ဖိနှိပ်နေသည်။
၁၁:၃၀ နာရီ။ အရုဏ်တက်လာသည်။
ထူးဆန်းသည့် သတ္တဝါများ တွင်းပေါက်ဝမှ ထွက်ပေါ်လာခြင်းကို တားဆီးရန် ကျိုးယုသည် စစ်သားများ၊ ညလမ်းလျှောက်သူများနှင့် စစ်ရေးအင်ဂျင်နီယာများကို ထိုအပေါက်ကို ယာယီ ချိတ်ပိတ်ရန် အမိန့်ပေးခဲ့သည်။
လင်းရှန်နှင့် ကီကီတို့သည် ရင်ပြင်တွင် ရပ်နေပြီး ဤအရာကို တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။
“ကျွန်မတို့ အခု ဘာလုပ်ကြမလဲ”
ကီကီက မေးလိုက်သည်၊၊ သူမ၏ ရှူထုတ်လိုက်သောလေများသည် လေထဲတွင် အငွေ့ပျံနေလေသည်၊၊
“ပြန်သွားမယ်”
“ပြီးတော့ ဘာလုပ်မှာလဲ”
“အိပ်မယ်”
လင်းရှန်သည် ချက်ချင်း လှည့်လိုက်သည်။ သူ အနားယူရမည်။ သူ တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်အားပြည့်ဖို့ လိုပေသည်—အဘယ်ကြောင့်ဆိုသော် သူသည် အနန္တရထား၏ တိုက်ခိုက်ရေးစွမ်းအားကို နောက်တစ်ကြိမ် အဆင့်မြှင့်တင်ရတော့မည် ဖြစ်သည်။
ဆိုးရွားသော တစ်စုံတစ်ရာသည် စီလန်မြို့ဆီသို့ တဖြည်းဖြည်း ပို၍ ချဉ်းကပ်လာနေသည်ကို သူ ခံစားနိုင်လေသည်။
Chapter 427
ကောင်းကင်ပေါ်မှာ ၁
ဩဂုတ်လ ၃၀ ရက်နေ့၊ ကမ္ဘာပျက်ကပ် ၉၃ရက်မြောက်နေ့ — စီလန်မြို့ကြီး ရွှေ့ပြောင်းခြင်းမပြုမီ ၁ ရက်အလို။
မြို့တော်သည် ပြင်းထန်သော ဆီးနှင်းမုန်တိုင်းအောက်တွင် လှုပ်ရှားသက်ဝင်နေသည်၊၊ အပူချိန်မှာ အနုတ် ၆၀ ဒီဂရီအထိ ထိုးကျသွားခဲ့သည်။ အရာအားလုံးသည် အဖြူရောင်ဆီးနှင်းထုဖြစ်နေပြီး ရေခဲချောင်းများက အဆောက်အအုံများမှ လှံများသဖွယ် တွဲလောင်းကျနေသည်။ လမ်းများပေါ်တွင် ဆီးနှင်းများသည် လေတိုက်ခတ်ရာအတိုင်း လှိုင်းထန်စွာ လွင့်ပျံနေသည်။
ဗဟိုလမ်းမအနီးတွင် ရွှေ့ပြောင်းရန် ပြင်ဆင်နေသည့် ယာဉ်တန်းများဖြင့် လမ်းများ ပိတ်ဆို့နေသည်။ အသက်ရှင်ကျန်ရစ်သူ အများအပြား၏ မျက်နှာများတွင် စိတ်ပင်ပန်းနွမ်းနယ်မှုများ ပြည့်နေသည်၊၊ မြို့အနှံ့ ကြေညာချက်များသည် အများပြည်သူနှင့် ယာဉ်တန်းဆက်သွယ်ရေးလှိုင်းများတစ်လျှောက် အဆက်မပြတ် ပဲ့တင်ထပ်နေသည်။
စကားလုံးနှစ်လုံးသည် နေရာတိုင်းတွင် လွှမ်းမိုးထားသည်။
ရွှေ့ပြောင်းပါ၊ ကာကွယ်ပါ။
ထိုရိုးရှင်းသော စကားလုံးနှစ်လုံးသည် မြို့ထဲတွင် စုဝေးနေကြသည့် ထောင်ပေါင်းများစွာသော လူများအတွက် ကြီးမားသော ကြောက်ရွံ့ထိတ်လန့်မှုကို ယူဆောင်လာခဲ့သည်။ စီလန်မြို့တွင် တစ်ချိန်က လွှမ်းခြုံနေသော စိတ်သက်သာရာရသည့် တည်ငြိမ်မှုများသည် မိုးမလင်းမီက ဖြစ်ပွားခဲ့သော ငလျင်နှင့် တိုက်ခိုက်မှုများကြောင့် လုံးဝပျက်စီးသွားခဲ့သည်။
လူတိုင်း သိထားသည့် အချက်တစ်ချက်မှာ- စီလန်မြို့သည် နောက်ထပ် စိတ်ချရသော နေရာမဟုတ်တော့ပေ။ သူတို့ကို စောင့်ကြိုနေသည်မှာ တိုက်ပွဲများနှင့် သေခြင်းတရား၏ အရိပ်မည်းသာဖြစ်သည်။
“ငါတို့ ဘယ်ကို ရွှေ့ပြောင်းရမှာလဲ”
“မသိဘူး… အမိန့်အတိုင်း လိုက်နာရုံပဲ… မေးနေလည်း ဘာမှ မထူးဘူး”
“သွားပြီ... ငါတို့ အသက်ရှင်ပါ့ဦးမလား။ မြို့ထဲမှာ ကြီးမားတဲ့ ထူးဆန်းတဲ့သတ္တဝါတွေ ရောက်နေတယ်လို့ ကြားတယ်။ ဖီးနစ်တောင် အချိန်မီ မတုံ့ပြန်နိုင်ဘူးတဲ့”
“တော်ပြီ…. ဒီလောက်ကြောက်မနေကြနဲ့”
“မင်းနောက်က ယာဉ်နဲ့ ကပ်ထား”
“မြင့်တဲ့ အဆောက်အအုံတွေနဲ့ ဝေးဝေးနေကြ… ဘယ်မှာရပ်ရမလဲဆိုတာ သတိထား”
“ဖြတ်သွားခွင့်ပေးလိုက်… ယာဉ်ပေါ်က ဆီးနှင်းတွေကို နာရီတိုင်း ရှင်းပေးကြ…. ပျင်းမနေနဲ့”
ဆီးနှင်းဖုံးနေသော လမ်းများသည် ကားရှေ့ဘမ်ပါချင်း ထိလုနီးပါး ပြည့်ကျပ်နေသည်။ ဖီးနစ်၏ ညွှန်ကြားချက်အောက်တွင် ယာဉ်တန်းများသည် ဧရိယာအသီးသီးသို့ ဖြန့်ကျက်သွားခဲ့သည်။
ယာဉ်တန်းများအတွင်း၌ အလွန်အေးသော ရာသီဥတုနှင့် ထူထပ်သော ဆီးနှင်းများကြောင့် မြင်ကွင်းအားလုံး ပိတ်ဆို့နေသည်။ ဝိုက်ဘာများ အပြည့်အဝ လည်ပတ်နေသော်လည်း အချည်းနှီးသာ။ ကျည်ကာမှန်များတွင် ရေခဲများ အတန်ကြာ ခဲနေခဲ့ပြီး အပူပေးစက်များကို အပြည့်ဖွင့်ထားသော်လည်း ယာဉ်မောင်းများ၏ လက်နှင့် ခြေထောက်များသည် အအေးဒဏ်ကြောင့် နီရဲနေခဲ့သည်။
“အချို့ယာဉ်တန်းတွေ မိုးမလင်းခင်ကတည်းက အစောကြီးထွက်သွားကြတယ်”
“ထားလိုက်ပါ… ဒီလို ရာသီဥတုမှာ အဓိကအဖွဲ့နဲ့ မလိုက်ရင် သေဖို့ပဲ ရှိတယ်… ဖီးနစ်နဲ့ အတူနေတာက ပိုကောင်းတဲ့ အခွင့်အရေးပဲ”
“သူတို့တောင် မခုခံနိုင်ရင် ဘယ်လိုလုပ်မလဲ”
“မင်းက ဘာလို့ ကျက်သရေမရှိတဲ့ စကားတွေ ပြောနေတာလဲ။ ဖီးနစ် ကျသွားရင် တခြားသူတွေရော အခွင့်အရေး ရှိမယ်လို့ မင်း ထင်လို့လား။ ပိုကောင်းတဲ့ အစီအစဉ် ရှိလား”
“မနေ့ညက ပန်းခြံမှာ အပူပေးစက်ပျက်ပြီး ကားတစ်စီးလုံး အေးခဲပြီး သေသွားတယ်လို့ ကြားတယ်”
“အပူပေးစက်နဲ့ အပူပေးပစ္စည်းတွေ အခုပဲ လဲလှယ်ကြ”
“ကားက တုံကျိုးလမ်းမမှာ ပျက်သွားတယ်။ ရှေ့မှာ လမ်းလွှဲရမယ်… ပြုပြင်ရေးအဖွဲ့တွေ ဝင်လို့ မရဘူး”
“…”
ဆက်သွယ်ရေးလှိုင်းများအားလုံးတွင် တင်းမာမှုနှင့် ကြောက်ရွံ့မှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည်၊၊
အရှေ့ဘက်တွင် Northwind မဟာမိတ်သည် ယာဉ်ပေါင်းတစ်ထောင်ကျော်ကို ဦးဆောင်ကာ အရှေ့ပန်းခြံ၊ မြို့တော်ကုန်သွယ်ရေးပလာဇာနှင့် ပိုင်ယုမြစ်တစ်လျှောက် အဓိကနေရာများသို့ ဦးတည်နေသည်။ ၎င်းတို့သည် စုံစမ်းစစ်ဆေးရေးတပ်ရင်း (၇) ၏ တပ်ခွဲ ၂ အနီးတွင် ရှိသည်။ လက်နက်ကြီးများနှင့် ကျည်ဆန်များကို အရှေ့ပိုင်းကာကွယ်ရေးနယ်မြေထဲသို့ ပုံအောထည့်သွင်းထားသည်။
တောင်ဘက်တွင် အကြီးဆုံးယာဉ်တန်းနယ်မြေသည် လုံးဝ ရွှေ့ပြောင်းနိုင်ခြင်းမရှိပေ။ ဖီးနစ်၏ အမိန့်အောက်တွင် ၎င်းတို့သည် လူနေကျဲပါးသော ရပ်ကွက်များသို့ ရွေ့သွားကြသည်၊၊ ကျောင်းအားကစားကွင်းများကို စုစည်းရာနေရာများအဖြစ် ပြောင်းလဲခဲ့သည်။
မြောက်ဘက်တွင် ချီလီနှင့် ကျိုးလီတို့၏ ကမ္ဘာပျက်ကပ်ရထား ဒါဇင်ပေါင်းများစွာနှင့် ပူးပေါင်းယာဉ်တန်းများ၊ မိုနီကာ၏ ဘုရင်မ မိုနီကာရထားပင် နေရာယူထားသည်။ လက်နက်အင်အားမှာ ကြီးမားလှသည်။ မြောက်ပိုင်းလေဆိပ်သည် လေကြောင်းစစ်ဆင်ရေးအတွက် ဖွင့်လှစ်ထားသောကြောင့် ဤဧရိယာသည် အတော်အတန် ကျယ်ဝန်းပေသည်။
အနောက်ဘက် ဖန်းလန်တောင်အောက်တွင် အနန္တရထားနှင့် နဂါးတောင် ၁ တို့ရှိသည့် အနောက် ကုန်တင်ရထားဘူတာရုံ တည်ရှိသည်။ ဤနေရာသည် တစ်ချိန်က စီလန်သတ္တုတွင်းအဖွဲ့၏ စက်မှုဇုန်ဖြစ်ပြီး အဓိကအားဖြင့် အိပ်ဆောင်များဖြင့် ပြည့်နှက်နေသည်။ မြေပြင်အနေအထား ပွင့်လင်းပြီး တောင်၏ ကာကွယ်မှုကြောင့် လေနှင့်ဆီးနှင်းတို့က အားသိပ်မပြင်းပေ။ သို့သော်လည်း ၎င်းသည် ရွှေ့ပြောင်းရေးလမ်းကြောင်းများနှင့် အဝေးဆုံးဖြစ်ရာ လူနည်းစုသာ ဤနေရာတွင် ရပ်နားရန် ရွေးချယ်ခဲ့ကြသည်။ ရထားနှစ်စီးအပြင် အခြားယာဉ်တန်း အနည်းငယ်သာ အနီးအနားတွင် စခန်းချနေသည်။
ရထားယာဉ်တန်းများ၏ ကောင်းကျိုးသည်… တစ်စီးပေါ် ရောက်သည်နှင့် မည်သည့်အချိန်မဆို ထွက်ခွာရန် အသင့်ဖြစ်နေခြင်းပင်။
နဂါးတောင် ၁ အတွင်း၌ အဖွဲ့သားများသည် လှုပ်ရှားမှုများနှင့် ရှုပ်ယှက်ခတ်နေသည်။ ပြန်ရောက်ပြီးနောက် ရှီတိယွမ်သည် အားလပ်ချိန်အားလုံးကို ဖျက်သိမ်းပြီး တိုက်ပွဲအတွက် အပြည့်အဝ ပြင်ဆင်ရန် အမိန့်ပေးခဲ့သည်။ ရထားအတွင်းပိုင်းရှိ လေထုသည် တင်းမာလာခဲ့သည်။
အပူချိန်ကျဆင်းလာမှုကြောင့် အပူပေးစနစ်ကို စွမ်းရည်အပြည့်အဝ အသုံးပြုနေရသည်။ ရထားတွဲများ၏ အဆက်နေရာများမှ ရေနွေးငွေ့များသည် အဆက်မပြတ် ထွက်ပေါ်နေသည်။
မကြာသေးမီက စွမ်းရည်စမ်းသပ်မှုနှင့် ဘုရင်မ မိုနီကာကို လေ့လာမှုအပြီးတွင် ရှီတိယွမ်သည် နဂါားတောင် ၁ ၏ ကာကွယ်ရေးပုံစံကို အကြီးအကျယ် ချိန်ညှိခဲ့သည်။ အင်ဂျင်နီယာအဖွဲ့မှ လက်နက်ကြီးများနှင့် လေယာဉ်ပစ်အမြောက်များကို ဖြန့်ကျက်ထားသည်။ အနန္တရထား၏ မော်ဂျူးစိတ်ကြိုက်ပြင်ဆင်မှုနှင့် မတူဘဲ နဂါးတောင် ၁သည် လေယာဉ်ပစ်အမြောက်များကို ခေါင်မိုးလက်နက်စခန်းများတွင်သာ တပ်ဆင်နိုင်သည်။ ကျည်ဖြည့်တင်းမှုသည် လူလိုအပ်ပြီး ပစ်ခတ်မှုကို ရထားတွဲတစ်ခုစီရှိ ဝန်ထမ်းများက ကိုင်တွယ်ရသည်။
အနန္တရထားပေါ်တွင် ချန်ဆီရွှမ်နှင့် ရှားရှားတို့သည် သတင်းအချက်အလက်စင်တာတွင် ထိုင်လျက် မော်နီတာများကို စိုက်ကြည့်နေကြသည်။ ဆက်သွယ်ရေးကိရိယာတစ်ခုနှင့် ကြက်သွေးရောင်ဖီးနစ်တံဆိပ်တစ်ခုကို စားပွဲပေါ်တွင် တင်ထားသည်။ လင်းရှန်၊ ကီကီ၊ မီးတောက်၊ တာလို့နှင့် ရှုချင်းကဲ့သို့သော အဓိကတိုက်ခိုက်ရေးသမားများသည် တစ်ညလုံး အလုပ်လုပ်နေခဲ့ပြီးနောက် နောက်ဆုံးတွင် အနားယူနေကြသည်။ ချန်ဆီရွှမ်သည် အခြေအနေများ ဤမျှ မြန်ဆန်စွာ တင်းမာလာလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ ညဦးပိုင်းရောက်ရန် နာရီအနည်းငယ်သာ လိုတော့သဖြင့် လင်းရှန်က လူတိုင်းကို တတ်နိုင်သမျှ အနားယူရန် အမိန့်ပေးခဲ့သည်။
နောက်တွဲများတွင် မြောင်လု၊ လုချန်နှင့် ရှောင်ယွမ်တို့သည် လင်းရှန် မနေ့ညက ပြုလုပ်ခဲ့သည့် အစိတ်အပိုင်းများကို စီစစ်နေကြပြီး အသုံးပြုရန် ပြင်ဆင်နေကြသည်။
“အာ... ခေါင်းဆောင်လင်းက ဒီနေ့တော့ စိတ်အပန်းဖြေပြီး အနားယူချိန် ရနိုင်ပြီလို့ ပြောနေတာကို…”
မြောင်လု သက်ပြင်းချလိုက်သည်။
“အခုတော့ အားလုံးသွားပြီ”
“ပိုဆိုးနိုင်သေးတယ်”
လုချန်က ပြန်ဖြေသည်။
“အနည်းဆုံးတော့ ဘာမှ မဖြစ်သေးဘူးပေါ့။ တစ်ညလုံး မအိပ်ဘဲ အနားယူနေတုန်း ထပ်တိုက်ခိုက်ခံရရင်လား… ငါတို့ လုံးဝ ပျက်စီးသွားမှာ”
“ကဲပါ… နေ့ခင်းဘက်ပဲ ရှိပါသေးတယ်”
မြောင်လုက အလုပ်လုပ်နေရင်း တီးတိုးပြောသည်။
“ဟုတ်တယ်… နောက်ထပ် နာရီအနည်းငယ်လောက်ပဲ”
လုချန်က မျက်နှာအမူယာမည်းမှောင်သွားသည်၊၊
“ခေါင်းဆောင်လင်းက အပြင်ဘက် သံချပ်ကာကို အပြီးသတ်ဖို့အတွက် အနားမယူဘဲ နှစ်ညလုံး စိတ်ပူနေခဲ့တာ…”
“အဲ့ဒါကို တွေးလိုက်ရုံနဲ့ကို ပင်ပန်းလာပြီ...”
မြောင်လုက ရေရွတ်သည်။
အစိတ်အပိုင်းများကို တိတ်ဆိတ်စွာ ကောက်ယူနေသည့် ရှောင်ယွမ်က နောက်ဆုံးတွင် မေးလိုက်သည်၊ “ခေါင်းဆောင်လင်းက... တအားကြီး အလုပ်လုပ်နေတယ်လို့ မထင်ဘူးလား”
မြောင်လုက နှုတ်ခမ်းဆူလိုက်သည်။
“မသိဘူး… ငါ ဒီရထားပေါ် ရောက်ကတည်းက သူတကယ်အနားယူတာ တစ်ခါမှ မမြင်ဖူးဘူးဆိုတာပဲ သိတယ်”
ရှောင်ယွမ်သည် ရထားရှေ့ဘက်သို့ တစ်ချက်မျှ ကြည့်လိုက်သည်။ မျက်လုံးများက တိတ်ဆိတ်သောအတွေးများဖြင့် လင်းလက်နေသည်။
စီလန်မြို့အနှံ့တွင် လေထုသည် တင်းမာမှုဖြင့် ပြည့်နှက်နေသည်။ သို့တိုင်… မြို့တော်သို့ ယာဉ်တန်းများ ပို၍ ရောက်ရှိလာသည်။ နှင်းတစ္ဆေအုပ်များမှ ထွက်ပြေးလာသော ဒဏ်ရာရအသက်ရှင်ကျန်ရစ်သူများကို မြို့တော်၏ ကာကွယ်ရေးယူနစ်များက ကယ်တင်ခဲ့သည်။
ဘီ-ဘီပ်။ ဘီ-ဘီပ်။
Alarm မြည်လာသည်။
လင်းရှန် အလျင်အမြန်နိုးလာပြီး အချိန်ကို စစ်ဆေးသည်—၁၅:၀၀ နာရီ။ သုံးနာရီသာ အိပ်စက်ခဲ့သည်။ သူ၏ ခေါင်းသည် ပို၍ ကြည်လင်လာသည်။ သူ၏ ယန္တရားနှလုံးသားကို ဖွင့်လိုက်သောအခါ စွမ်းအင်များ ပြန်လည်ရောက်ရှိလာသည်ကို ခံစားရပြီး ရထားပေါ်တွင်လည်း သတိပေးချက်များ မရှိပေ။ သူ အိပ်ပျော်နေစဉ် ဘာမှ မဖြစ်ခဲ့ပေ။