ထွက်ခွာခြင်း
Vol. 4 Ch. 175
“မင်းကို တစ်ခါမှ ဒီလိုမျိုးလုပ်ပေးဖို့ မတောင်းဆိုခဲ့ဘူး။”
နက်ဆန်က ဖွန်တီနာစံအိမ်ရဲ့ဧည့်ခန်းထဲမှာ ထိုင်ရင်းနဲ့ ဆယ်ဗီကို ပြောလိုက်ပါတယ်။ ဆယ်ဗီကတော့ စားပွဲပေါ် စာချုပ်တစ်စောင်ကို တင်လိုက်ရင်းနဲ့ အခုလိုမျိုး ပြောလိုက်ပါပြီ။
“ ဒီအလုပ်ထွက်စာမှာ လက်မှတ်ထိုးပေးပါ၊ စာချုပ်ထဲမှာ ပြောထားသလိုပဲ အသိပေးကာလ တစ်လတိတိ အလုပ်ဆင်းပေးပြီးပြီ။ ကျွန်မကို သွားခွင့်ပေးပါ။”
ဆယ်ဗီက တည်ငြိမ်တဲ့လေသံနဲ့ပြောလိုက်ပေမဲ့ မျက်လုံးတွေက နီရဲလို့နေခဲ့တယ်။ သူ့ပုံစံက ဒီနေရာကနေ ထွက်မသွားချင်တာ အသိသာကြီး။ ဒါပေမဲ့...
“မင်းတကယ်ပဲ ဒီကနေ ထွက်သွားတော့မှာလား။ ဆောင်းယဥ်စွန်းတန်းအချိန်တုန်းက ဖြစ်ခဲ့တဲ့ ကိစ္စတွေကို အခုထိခွင့်မလွှတ်နိုင်သေးဘူးလား။”
ဆောင်းယဥ်စွန်းတန်းဆိုတဲ့ စကားလုံးကိုကြားတော့ ဆယ်ဗီရဲ့ပုံစံက အများကြီးပိုတင်းမာသွားတယ်။ နက်ဆန်က သက်ပြင်းချလိုက်ရင်း...
“ဆယ်ဗီ၊ ကိုယ့်ပုံစံက တင်းကျပ်သလိုဖြစ်နေပေမဲ့ မင်းကိုတကယ်ပဲ တိုက်ပွဲတွေမှာ ဝင်မပါစေချင်ဘူး။ အဲဒီအလုပ်က အန္တရာယ်များပြီးတော့ မင်းနဲ့မသင့်တော်ဘူး”
ဘုန်း...
“ဒါက ကျွန်မရဲ့ဆုံးဖြတ်ချက်ပါနော်။ ရှင်တစ်ခုခု ဖြစ်သွားမှာစိုးလို့ ကျွန်မစိုးရိမ်နေခဲ့တာ။”
ဆယ်ဗီက စားပွဲကို လက်ဝါးနဲ့ရိုက်လိုက်ရင်း ပါးပြင်ပေါ် မျက်ရည်တွေစီးကျလာခဲ့တယ်။ နောက်တော့ သူ့ဝမ်းဗိုက်ကိုသူ ဆုပ်ကိုင်ထားရင်း အဲဒီတုန်းက ခံစားခဲ့ရတဲ့ နာကျင်မှုကို ပြန်တွေးလိုက်မိတော့တာ။
“အဲဒီခံစားချက်က နာကျင်ပြီးကြောက်စရာ ကောင်းလွန်းတယ်။ ဒါပေမဲ့လုပ်မှဖြစ်တော့မှာ မလို့လေ။”
“ဆယ်ဗီ...” နက်ဆန်က ဆယ်ဗီရဲ့ပါးပြင်ကိုထိဖို့ လက်ကိုလှမ်းလိုက်ပေမဲ့ ဆယ်ဗီကနောက်ကို ဆုတ်သွားရင်း မျက်မှောင်ကြုတ်ကာ နာကျင်နေတဲ့ လေသံနဲ့ပြောလိုက်လေရဲ့။
“ဒီလောက်ထိ ကျွန်မကို ဖြူစင်တဲ့မိန်းကလေးအဖြစ် ဆက်ရှိစေချင်နေရင် ကျွန်မကို အလုပ်ထွက်ခွင့် ပေးလိုက်ပါ။ ကျွန်မဘာသာ သာမန်သူနာပြုအနေနဲ့ အလုပ်ဆက်လုပ်နေတာမှ ကောင်းဦးမယ်။”
နက်ဆန်က သူ့မေးကိုယ်သူကိုင်ထားရင်း အကြာကြီး တိတ်ဆိတ်နေခဲ့တယ်။ နောက်ဆုံးတော့ ဖောင်တိန်ကို ကောက်ကိုင်လိုက်ပြီး...
“ကောင်းပြီလေ....”
...
အဲဒီနောက်...
အဲဒီနောက်တော့ နက်ဆန်ဟာ နာရီပေါင်းများစွာ ကြာတဲ့အထိ တိတ်ဆိတ်နေတဲ့ ဧည့်ခန်းထဲမှာ တစ်ကိုယ်တည်း ထိုင်နေခဲ့မိပါတယ်။ ဆယ်ဗီ အိမ်ကနေ ထွက်ခွာသွားတာကြာပြီဖြစ်ပေမဲ့ သူနေရာကနေ ရွေ့တောင်မရွေ့သေးဘူး။
ခါတိုင်းလိုသာဆိုရင် သူဆယ်ဗီ့ကို တားဆီးမိမှာဆိုပေမဲ့
“သူ့ကိုကာကွယ်ပေးရမယ့်မင်းက ကျရှုံးခဲ့လို့လေ။” အဲဒီအမျိုးသမီးရဲ့သွေးအေးတဲ့ စကားသံတွေက နက်ဆန်ရဲ့စိတ်ထဲမှာ နက်နက်ရှိုင်းရှိုင်း စူးဝင်နေဆဲပဲ။
“ခံရခက်လိုက်တာ....” နက်ဆန်ပြောလိုက်တယ်။
ဒေါက်...
သန့်ရှင်းစင်ကြယ်တဲ့ အိမ်စေဂါဝန်အသစ်ကို ဝတ်ဆင်ထားတဲ့ မော်လီက လက်ထဲမှာကိုင်ထားတဲ့ အိကလဲယားမုန့်ပန်းကန်ကို တမင်သက်သက် အသံမြည်အောင် စားပွဲပေါ်ခပ်ပြင်းပြင်း တင်လိုက်ပါတယ်။
“နောက်ဆုံးတော့လည်း သူ့ကို သွားခွင့်ပေးဖို့အတွက် သခင်ခွင့်ပြုလိုက်ပြီပေါ့။”
နက်ဆန်က မော်လီကိုမော့ကြည့်လိုက်တယ်။ ခါတိုင်း မြင်နေကျအတိုင်းပဲ ကျက်သရေရှိလှပတဲ့ ဒီအမျိုးသမီး အနားမှာ အေးစိမ့်ပြီးကြောက်စရာကောင်းတဲ့ အငွေ့အသက်တွေ ခြံရံထားတယ်။ ဒါပေမဲ့သူက အမှောင်ကျောင်းတော်မှာ နက်ဆန်အပေါ်သစ္စာအရှိဆုံး လူတစ်ယောက်ပါ။
“မိန်းကလေးတွေက နားလည်ရအတော်ခက်တာပဲ မော်လီ။ ငါသူ့ကို ထွက်သွားစေချင်တုန်းက သူပြန်လာတယ်။ ငါသူ့ကိုနေစေချင်တော့ သူထွက်သွားတယ်။” နက်ဆန်က အမှန်အတိုင်းပြောလိုက်တော့ မော်လီက သူ့ပုံစံနဲ့မလိုက်ဖက်စွာ နူးနူးညံ့ညံ့ပြုံးလိုက်တယ်။ အဲဒီနောက် တွန်းလှည်းပေါ်ပါလာတဲ့ ရေနွေးအိုးထဲ လက်ဖက်ခြောက်ထုတ်ဖောက်ထည့်လိုက်ပြီး မလိုင်ပြည့် နွားနို့စစ်စစ်ကို အချိုးကျရောစပ်ကာ နက်ဆန်အတွက် ညနေခင်းလက်ဖက်ရည် ပြင်ဆင်ပေးနေတယ်။
“တကယ်တော့ မိန်းကလေးတွေက နားလည်ဖို့ သိပ်မခက်ပါဘူး၊ သခင်။ ကျွန်မတို့တွေ ပြောတဲ့ စကားတွေနဲ့ အပြုအမူတွေက ပြောင်းပြန်ဖြစ်နေရုံပါ။ ပြီးတော့ သူတို့ပြန်ရတဲ့တစ်ဖက်သူရဲ့တုံ့ပြန်မှုအပေါ် ပြင်းပြင်းထန်ထန် ခံစားချက်တွေထားတတ်ကြတယ်။”
နက်ဆန်ကတော့ နားမလည်နိုင်စွာနဲ့ ခေါင်းကိုခါလိုက် မိပါတော့တယ်။ “မင်းဆိုလိုတာက ဆယ်ဗီက ငါဂရုစိုက်တာကို ကြိုက်တယ်ဆိုတဲ့သဘောလား။ ဒါပေမဲ့ဘာလို့ ခါးခါးသီးသီး ဖြစ်နေရတာပါလိမ့်။”
မော်လီက ချက်ချင်းအဖြေမပေးသေးဘဲ ကြွေပန်းကန်ထဲ လက်ဖက်ရည်ဖြည့်ကာ နက်ဆန့်ရှေ့ချပေးတယ်။
“ဒီမိန်းကလေးက သခင့်စောင့်ရှောက်မှုအောက်မှာ နေရတာကို တကယ်သဘောကျပါတယ်။ သခင်ကသူ့ကို နေရောင်မခံနိုင်တဲ့ ပိုးကောင်ပေါက်လေးလို ဆက်ဆံတာကိုပဲ သဘောမကျတာ။ သခင်က သူ့ကို တန်းတူလေးစားမှုမျိုးနဲ့ ဆက်ဆံတာကို လိုချင်တယ် လို့ဆိုရမလား။”
မော်လီရှင်းပြတာကို နက်ဆန်နားထောင်နေပေမဲ့ နားထောင်လေ နားလည်ရ ပိုခက်လေလို့ ခံစားလာရ လေလေပါပဲ။ ဒါကိုကြည့်ရင်း မော်လီကရယ်မော လိုက်ပါတော့တယ်။
“သခင်၊ နားမလည်ရင်လည်း ဆက်စဥ်းစားမနေပါနဲ့။ လက်ဖက်ရည်သောက်ပြီး နားလည်လိုက်တော့။ ခဏနေရင် အစည်းအဝေးရှိသေးတယ်မဟုတ်လား။”
မော်လီက နက်ဆန့်ပခုံးကိုပုတ်ရင်းပြောလိုက်တယ်။ နက်ဆန်လည်း အမှတ်မထင် သူ့အိမ်စေခေါင်းဆောင် မျက်နှာကို အနီးကပ်ကြည့်မိသွားပြီး မျက်မှောင်ကြုတ်လိုက်လေရဲ့။
“မော်လီ၊ မင်းနှုတ်ခမ်းနီဆိုးထားတာလား၊ ပြီးတော့ မိတ်ကပ်နည်းနည်းရှိနေသေးတယ်။”
“.....” နက်ဆန်က မေးလိုက်တော့ မော်လီက သူ့နှုတ်ခမ်းကို လက်ညိုးနဲ့ကန့်လန့်ကာလိုက်ပြီး
“အရေးကြီးတဲ့ကိစ္စမဟုတ်လို့ သခင့်အနေနဲ့ ဒီအတိုင်း မမြင်ချင်ယောင် ဆောင်ပေးလို့မရဘူးလား။”
....
ညနက်ချိန်ရောက်တော့ ဖွန်တီနာမြို့ရဲ့အိမ်တော်ခန်းမထဲ အမှောင်ကျောင်းတော်ရဲ့ဆီနိတ်တာတွေနဲ့အယ်ဒါဖြစ်တဲ့ နက်ဆန်တို့ စုဝေးမိကြပါပြီ။ စီနီယာအကျဆုံးဖြစ်တဲ့ မော်လီကတော့ အားလုံးရဲ့မျက်နှာတွေကိုကြည့်ရင်း ပြောလိုက်ပါတယ်။
“ဒီနေ့က ၁၀နှစ်အတွင်း အမှောင်ကျောင်းတော်မှာ ပထမဆုံးပြုလုပ်ခဲ့တဲ့ ဆီးနိတ်တွေ့ဆုံမှုပဲ။ သခင်၊ ကျွန်မတို့ပထမဆုံး ဒီအစည်းအဝေးမှာဆွေးနွေးရမယ့် ကိစ္စကတော့ သက်ဆိုင်ရာဆီနိတ်တာတွေကို တာဝန်ကျ နယ်ပယ်တွေဆီ စေလွှတ်ပြီး တာဝန်ထမ်းဆောင်ခိုင်းဖို့ပါ။”
နက်ဆန်က ခေါင်းညိတ်လိုက်ပါတယ်။ ကျောင်းတော် ၆ခုရဲ့ဆီနိတ်တာတွေရဲ့တာဝန်က သူတို့လှုပ်ရှားတဲ့ အဓိကဒေသတွေဆီသွားရောက်ပြီး အဖွဲ့ဝင်တွေရဲ့ အုပ်ချုပ်သူအဖြစ်နဲ့ စည်းကမ်းထိန်းသိမ်းဖို့နဲ့ သဘာဝလွန်ရေးရာအမှုအခင်းတွေကို ကိုင်တွယ်ဖို့ပါ။
“ပါရီမြို့တော်အတွက် ကျွန်မမော်လီ၊ ဖွန်တီနာအတွက် အိုလီရာနာ၊ ရောမအတွက် မက်ဆီမက်၊ ဘာလင်အတွက် ဩတေဗီယန်၊ ဘိုဟီးမီးယားအတွက် မိုက်ကယ်နဲ့ ကွန်စတန်တီနိုပယ်အတွက် နာတာရှာပါ။”
နက်ဆန်က ခေါင်းခါလိုက်တယ်။ “စိန့်ပီတာစဘတ်ဖို့ ဆယ်ဗီရှိမနေဘူး။ ဒီတော့ငါတို့ဘာဆက်လုပ်မလဲ။”
နာတာရှာက ကြားဖြတ်ပြီးဝင်ပြောတယ်။ “အစတည်းက စိန့်ပီတာဇဘတ်က အမှောင်ကျောင်းရဲ့အဝေးဆုံးဌာနခွဲပါ။ သိပ်ပြီးအရေးမပါဘူး။ ဒါပေမဲ့ကျွန်မတို့လက်အောက်မှာ ပူးတွဲပဒေသရာဇ်လဲ ပြန်ရောက်နေပြီဆိုတော့ အဲဘတ်နဲ့သွေးစုပ်ဖုတ်ကောင် မင်းသမီးကို ဆယ်ဗီအစားစေလွှတ်သင့်တယ်လို့ မြင်ပါတယ်။”
နက်ဆန်က တွေးလိုက်တယ်။ ပူးတွဲပဒေသရာဇ်နဲ့ စာချုပ်ချုပ်ထားတာက မိုနီကာဆိုပေမဲ့ တိုက်ပွဲပြီးတဲ့ နေ့မှာပဲ မိုနီကာက လက်ဆောင်ဆိုပြီး အဲဒီစာချုပ်ကို သူ့ဆီလက်ဆင့်ကမ်းပေးခဲ့တာ။
အကျိုးအကြောင်း သင့်တင့်တယ်လို့မြင်ပေမဲ့ အရင်တစ်ပတ်လောက်က နာတာရှာပြောတဲ့ သတင်းအချက်အလက်ဌာနကို ပြန်တွေးမိရင်း...
“ဒါပေမဲ့ မင်းပြောတော့ ပူးတွဲပဒေသရာဇ်ကို ထောက်လှမ်းရေးအတွက်သုံးမလို့ဆို။”
နာတာရှာက ခေါင်းညိတ်လိုက်တယ်။ “စိန့်ပီတာစဘတ်က ဝေးကွာတဲ့အတွက်ကြောင့် ဘုရားကျောင်းကလူတွေ တော်ရုံသတိထားမိဖို့ မဖြစ်နိုင်ဘူး။ ဒီတော့ကျွန်မက သူတို့နှစ်ယောက်ကို ယာယီဆီနိတ်တာတွေအဖြစ် အယောင်ပြခန့်အပ်ပြီး တကယ့်လူတွေကိုတော့ ဘော်လကန်ဒေသထဲမှာ ဆက်လှုပ်ရှားစေချင်တယ်။”
“စိန့်ပီတာစဘတ်ကို စွန့်လွှတ်ပြီး ဘုရားကျောင်းကို ထောက်လှမ်းမှာလား။”
နာတာရှာက တကယ်ကြိုးစားအလုပ်လုပ်နေပြီဆိုတာ နက်ဆန်သိိလိုက်ရတယ်။ ထောက်လှမ်းရေးဌာနက သူတို့အတွက် အများကြီးအထောက်အကူဖြစ်စေမှာပါ။
ဒါပေမဲ့ကောင်စီမှာ တခြားဆွေးနွေးစရာတွေ ရှိနေပါသေးတယ်။ ဒီတစ်ခါတော့ စကားစတာက နက်ဆန်ပါ။ သူက လက်ထဲမှာကိုင်ထားတဲ့လပြည့် မျက်နှာဖုံးကိုထောင်ပြလိုက်ရင်း...
“မင်းတို့ ဒီမျက်နှာဖုံးနဲ့ပတ်သက်ပြီး တစ်ခုခုသိထားရင် ငါ့ကိုပြောပါ။ အဲဒီညပြီးတော့ မယ်တော်နတ်ဘုရားမနဲ့ ဆက်သွယ်ဖို့ငါကြိုးစားခဲ့ပေမဲ့ မအောင်မြင်ခဲ့ဘူး။”
မော်လီကတော့ လပြည့်ညမျက်နှာဖုံးကိုကြည့်ရင်း... “လပြည့်ညမျက်နှာဖုံးက နှစ်ထောင်ပေါင်းများစွာကတည်းက အမှောင်ကျောင်းရဲ့အယ်ဒါတွေ လက်ဆင့်ကမ်းလာခဲ့တဲ့ ရတနာတစ်ခုပါသခင်။ ဒီအတိုင်း အမွေခံပစ္စည်းတစ်ခုလို့တော့ ကျွန်မမထင်ဘူး။”
ဆီနိတ်တာတွေထဲက အသက်အကြီးဆုံးဖြစ်တဲ့ ဩတေဗီယန်ကလည်း “ကျုပ်သိသလောက်တော့ မျက်နှာဖုံးရဲ့စွမ်းအားကို အသုံးပြုနိုင်တဲ့အယ်ဒါတွေက တကယ့်အစစ်အမှန်အယ်ဒါအဆင့်ဖြစ်တဲ့ ရှေးအယ်ဒါ စွမ်းအားတွေကို ထုတ်သုံးနိုင်တယ်လို့ဆိုပါတယ်။ ဒါပေမဲ့ ၈၅ဆက်မြောက် သခင်ကြီးလက်ထက်ကစပြီး မျက်နှာဖုံးကိုအမှန်တကယ် အသုံးချနိုင်တဲ့သူဆိုတာ မရှိတော့ပါဘူး။”
ဆီနိတ်တာမိုက်ကယ်ကလည်း ပြောလိုက်ပါတယ်။ “ဒါပေမဲ့သခင်က လက်ရှိကျောင်းခြောက်ကျောင်း အယ်ဒါတွေနဲ့တန်းတူ စွမ်းအားရှိနေပြီးဖြစ်တာမလို့ မျက်နှာဖုံးကိုမသုံးနိုင်ရင်လည်း ကိစ္စမရှိပါဘူး။ ဆီနိတ်တာ ၇ယောက်လုံးလည်း အတူပြန်ရှိနေပြီပဲ။ အမှောင်ကျောင်းတော်က စစ်ကြီးမတိုင်ခင်က အခြေအနေကို ပြန်ရောက်လာဖို့မခက်ပါဘူး။”
နက်ဆန်က တိတ်ဆိတ်စွာနဲ့ မျက်နှာဖုံးကိုကြည့်ရင်း သူ့စိတ်ထဲမှာ မအေးချမ်းနိုင်ဖြစ်နေခဲ့တယ်။ ဆားဗီးရပ် သတ်ဖြတ်တာခံလိုက်ရတဲ့ဆယ်ဗီနဲ့ သူ့လည်ပင်းကို ဆုပ်ကိုင်ထားခဲ့တဲ့ အိနာနာတို့ရဲ့ပုံရိပ်၊ ဆီနိတ်တာ ရော့ဝဲလ်ကို ရဟန်းမင်းပီးယပ်က သတ်လိုက်တဲ့ ပုံရိပ်၊ အိနာနာကို ကောင်မရှင်နာမင်းကြီးက တစ်ချက်တည်း ပြန်ချိပ်ပိတ်လိုက်တဲ့ ပုံရိပ်တွေကို ပြန်မြင်ယောင်ပြီးနောက်မှာတော့ နှုတ်ခမ်းကို ဖိကိုက်ထားလိုက်မိတယ်။
“ငါက သနားစရာကောင်းလောက်အောင် အားနည်းသေးတယ်။ ငါချစ်တဲ့သူတွေအားလုံးကို ကာကွယ်ပေးဖို့မပြောနဲ့ ငါ့အသက်ကိုငါတောင် မကာကွယ်နိုင်သေးဘူး။”
နက်ဆန်က တီးတိုးရေရွတ်လိုက်ရုံဆိုပေမဲ့ ဘေးမှာ ရှိနေခဲ့တဲ့မော်လီကတော့ ကြားဖြစ်အောင်ကြားလိုက် ပါသေးတယ်။ မော်လီက ဂါဝန်အနားစကိုလက်နဲ့ကိုင်ကာ ဦးညွှတ်လိုက်ပြီး
“ ရွှေစိတ်တော်မညိုးပါနဲ့သခင်။ သခင်သာအလိုရှိရင် ဒီအစေခံက စွမ်းအားကြီးလာနိုင်တဲ့နည်းလမ်းတွေကို ရှာဖွေပေးနိုင်တဲ့နည်းလမ်းတစ်ခု သိထားတယ်လို့ ပြောပါရစေ။”
နက်ဆန်က အားကိုးတကြီးနဲ့မော်လီကို ကြည့်လိုက်တယ်။ မော်လီကလည်းပဲ
“ကျွန်မအုပ်ချုပ်ရမယ့် ပါရီမြို့တော်မှာ အမှောင်ကျောင်းရဲ့အဓိကမှတ်တမ်းထားသိုရာ မဟာစာကြည့်ခန်းကြီးရှိပါတယ်။ စစ်ပွဲပြီးတဲ့နောက်မှာ ဆီနိတ်တာမရှိတာမလို့ အဲဒီနေရာကိုစီမံနေတဲ့သူ မရှိပေမဲ့ အဲဒီကိုကျွန်မရောက်သွားရင် တစ်ခုခုရှာတွေ့နိုင်မယ်လို့ မျှော်လင့်ပါတယ်။”
နက်ဆန်က ခေါင်းညိတ်လိုက်တယ်။ အဲဒီနောက်တော့ အဆုံးသတ်အနေနဲ့ပြောလိုက်တယ်။
“လောလောဆယ်ဦးစားပေးကိစ္စကတော့ အမှောင် ကျောင်းတော်ရဲ့ယန္တရားနဲ့အင်အားစုတွေ ပြန်လည်ပတ်အောင်လုပ်ရရင်း ဘုရားကျောင်းကို စောင့်ကြည့်ရမယ်။”
....
အမှောင်ကျောင်းတော်မှာ အစည်းအဝေးလုပ်နေသလို EUOCရဲ့ကောင်မရှင်နာရုံးခန်းထဲမှာလည်းပဲ ဂျော်ဒန်၊ အယ်မာနဲ့ ဒါလီယာတို့က ကောင်မရှင်နာမင်းကြီးနဲ့ အတူတူရှိနေခဲ့ပါတယ်။
“ဒီတော့ ငါ့သီအိုရီက အမှန်အတိုင်းဖြစ်နေတာပဲ။ သူတော်စင်ရဲ့စွမ်းအားတွေကို ပုံတူပွားဖို့အတွက် ဖြစ်နိုင်တယ်။ နောက်ဆုံးတော့ ယာဝေကလည်းပဲ နတ်ဘုရားတစ်ပါးပဲ။”
ကောင်မရှင်နာက ပျော်မြူးနေတဲ့ပုံစံနဲ့ လက်ခုပ်တီးရင်း ထိုင်ခုံမှာဝင်ထိုင်လိုက်တယ်။ ဒါပေမဲ့မကြာခင်မှာပဲ သူ့လက်က တဆတ်ဆတ်တုန်ယင်လာပြီး လဲပြိုကျ သွားတော့မလိုဖြစ်သွားတယ်။ ဒါပေမဲ့ သူကကိုယ်ကို ပြန်မတ်လိုက်ပြီး နံရံကိုငေးကြောင်ကြည့်နေရင်း ပါးစပ်ကနေသွားရည်တွေ စီးကျနေတဲ့ဒါလီယာကို ကြည့်လိုက်တယ်။
“ဒါပေမဲ့အဲဒီအရာက ဘာဖြစ်နေတာလဲ။ ကြည့်ရတာ ပုံမှန်အသိစိတ်မရှိသလိုပဲ။”
ဂျော်ဒန်က ခေါင်းညိတ်လိုက်ပြီး “ဟုတ်၊ ဓားသူတော်စင်နဲ့တိုက်ပွဲမှာ ဦးနောက်အစိတ်အပိုင်း တချို့တလေထိခိုက်သွားပုံပေါ်တယ်။ တချို့သာမန် အသိစိတ်တွေတောင် မရှိတော့သလိုပဲ။”
“ပြန်ကောင်းလာဖို့ ရာခိုင်နှုန်းဘယ်လောက်ရှိလဲ။”
“သုံးဆယ်ရာခိုင်နှုန်းအောက်ပါ။”
ဂျော်ဒန်က အမှန်အတိုင်းဖြေလိုက်တော့ ကောင်မရှင်နာက စိတ်ပျက်သွားပုံနဲ့။
“ဒါဆိုရင် အသုံးမဝင်တော့ဘူး။ ဖျက်ဆီးပြီး အသစ်တစ်ခုဆောက်ရအောင်။ ငါတို့သိချင်တဲ့ကိစ္စကို သိထားပြီးပြီလေ။”
ဂျော်ဒန်ကမငြင်းဘဲ လက်ခံမလို့ပြင်နေတဲ့အချိန်မှာပဲ အယ်မာက ကြားဝင်လိုက်ပြီး ဒါလီယာ့ပခုံးနှစ်ဖက်ကို ဆုပ်ကိုင်ရင်းပြောလိုက်တယ်။
“ခဏနေပါဦး၊ ဒီကောင်မလေးက ဓားသူတော်စင်ရဲ့ စွမ်းအားတော်တော်များများကို ကူးယူထားတာနော်။ သူပြန်နိုးထလာရင် အယ်ဒါတစ်ယောက်ဖြစ်လာမှာပဲ။ နည်းနည်းပြန်စဥ်းစားပါဦး။”
ကောင်မရှင်နာက အယ်မာဖြတ်ပြောတာကို သဘောမကျတဲ့ပုံစံနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ အယ်မာကကြောက်ရွံနေပြီး နဖူးကနေ ဇောချွေးတချို့ စီးကျလာပေမဲ့ နာမည်တချို့ကိုစတင်ရေရွတ်ပါတယ်။
“အလိုင်ဂျက်၊ အဗျာဟန်၊ မောရှေ...”
ဒီတော့မှ ကောင်မရှင်နာက လက်ဝါးကာပြလိုက်ရင်း “ကျုပ်မင်းကို သုံးလအချိန်ပေးမယ်။ ပြန်ကောင်းအောင် မလုပ်နိုင်ရင်တော့ မင်းရောသူရော ဇာတ်သိမ်းသွားလိမ့်မယ်။”
....
အခန်းအပြင်ကိုရောက်တော့ အယ်မာကသက်ပြင်းချ လိုက်ပါတယ်။ ဂျော်ဒန်ကတော့ စေးကရပ်ကိုမီးညိရင်း
“ဘယ်လိုဖြစ်တာလဲ စီနီယာ။ ခင်ဗျားအရင်က ဒီကောင်မလေးကို အရုပ်တစ်ရုပ်လိုပဲ ဆက်ဆံခဲ့တာပါ။”
“ဒါက ငါ့ကိစ္စပါ ဂျော်ဒန်”
အယ်မာကတော့ ဒါလီယာလက်ကိုဆွဲရင်း ဂျော်ဒန့်ကို ဘာမှဆက်မပြောဘဲ ရှေ့ဆက်လျှောက်သွားပါတယ်။ ဒါပေမဲ့ သူ့စိတ်ထဲမှာတော့ ဒါလီယာပြောခဲ့ဖူးတဲ့စကားတစ်ခွန်း ရှိနေပါသေးတယ်။
“သူ့ကို အနိုင်မကျင့်နဲ့။”