အခန်း (၃၁၈၅-၃၁၈၆)
Vol. 212 Ch. 3185-3186
အခန်း ၃၁၈၅ - နေ့အလင်းရောင်
အပြာရောင်ကောင်းကင်ဘုံအရှင်နှင့် ဆန်းကြယ်ကောင်းကင်ဘုံအရှင်တို့က လှည့်ကြည့်ပြီး ထိုသည်ကိုတွေ့မြင်သောအခါ သူတို့က ထိတ်လန့်တကြားဖြစ်သွားသည်။
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က သွားရှာပေတော့မည်။ သူတို့နှစ်ယောက်ကလည်း ပြန်လှည့်ပြီး သူ့ကိုကယ်တင်ရဲခြင်းမရှိပေ။
မဟုတ်ပါက သူတို့နှစ်ယောက်သည်လည်း သေသည့်တိုင်အောင် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်၏ ရိုက်နှက်ခြင်းခံရပေလိမ့်မည်။
ထိုအတွေးက သူတို့စိတ်ထဲ ပေါ်ထွက်လာသည့်ခဏမှာပင် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်ထံမှ ချောက်ချားစရာကောင်းသောအော်ဟစ်သံက ထွက်ပေါ်လာ၏။
သိုင်းတာအိုပင်မခန္ဓာ၏ တတိယမြောက်ထိုးချက်က ဆင်းသက်လာပြီး ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၏ ခန္ဓာကိုယ်ကို ကြေမွပျက်စီးသွာစေသည်။
ရွှစ်…
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၏ အမြုတေစိတ်ဝိညာည်က သွေးမြူများကြားကနေ ဖောက်ထွက်ပြီး အဝေးတစ်နေရာဆီသို ပျံသန်းသွားချင်နေ၏။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။
ဝုန်း…
မကောင်းဆိုးဝါးဆန်၍ ကြောက်စရာကောင်းသောအော်ရာတစ်ခုနှင့်အတူ ရှေးဟောင်းဧရာမဂိတ်တံခါးတစ်ချပ်က ဆင်းသက်လာပြီး ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၏ အမြုတေစိတ်ဝိညာဉ်ဆုတ်ခွာရာလမ်းကြောင်းကို ပိတ်ဆို့တားဆီးလိုက်၏။
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိသွားပြီး အလောတကြီးနောက်သို့ ဆုတ်ခွာလိုက်သည်။
သို့သော်လည်း နက်မှောင်နေသော ဧရာမဝဲကတော့က ရှေးဟောင်းဂိတ်တံခါးပေါ်မှာ ရုတ်တရက်ပေါ်ထွက်လာ၏။ ၎င်းသည် အဆုံးမဲ့မိစ္ဆာချီနှင့်အတူ တလိပ်လိပ်ထိုးတက်လာပြီး ကြီးမားသော စုပ်ယူအားတစ်ခုကို ထုတ်ဖော်ကာ သူ့ကို အထဲသို့ဆွဲယူသွင်းချင်နေ၏။
ငရဲဂိတ်တံခါးတစ်ချပ် ဆင်းသက်လာသည်။
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွားသည်။ သိုင်းတာအိုပင်မခန္ဓာ၏ ရည်ရွယ်ချက်ကို သူက နားလည်သဘောပေါက်သွားသောအခါ သူ၏ မျက်လုံးထဲတွင် ရက်စက်ကြမ်းတမ်းသောအကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး သူက သူ၏ အမြုတေစိတ်ဝိညာဉ်ကို ကိုယ်တိုင်ဖောက်ခွဲတော့မည်ဖြစ်သည်။
သို့သော်လည်း နက်မှောင်နေသော မိစ္ဆာချီက ရစ်ပတ်ပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ထဲသို့ စိမ့်ဝင်ထိုးဖောက်လာခဲ့ပြီဖြစ်ကာ သူ့ကိုယ်သူမဖျက်စီးနိုင်စေရန် တားဆီးထား၏။
ထို့နောက် ချက်ချင်းပင် မရေမတွက်နိုင်သော ဖြူဖပ်ဖြူရော်လက်များက မကောင်းဆိုးဝါးဆန်နေသော ဂိတ်တံခါးထဲကနေ ဆန့်တန်းထွက်ပေါ်လာပြီး သူ့ကို ဆွဲယူသွင်းလိုက်၏။
ငရဲဂိတ်တံခါး၏ အခြားတစ်ဘက်က မဟာအဝီစိကို ဦးတည်နေသည်။
မီးတောက်ကောင်းကင်ဘုံအရှင်နှင့် ငရဲအရှင်ကို အကျဉ်းချထားသောနေရာဖြစ်သည်။
မိစ္ဆာအရှင်ပြောပုံအရ ကောင်းကင်ဘုံခုံရုံးမှအရှင်များကို လုံးလုံးလျားလျားသတ်ဖြတ်ဖို့က မဖြစ်နိုင်ပေ။ သူတို့ကို ခန္ဓာနှင့်စိတ်ဝိညာဉ်သေဆုံးသည်အထိ ရိုက်နှက်မည်ဆိုလျှင်တောင် သူတို့က တစ်ကျော့ပြန်လာဦးမည်ဖြစ်သည်။
တစ်နည်းအားဖြင့်ဆိုသော် သူတို့ကိုသတ်ဖြတ်ခြင်းမရှိဘဲ မဟာအဝီစိမှာ အကျဉ်းချခြင်းက သူတို့ကိုကိုင်တွယ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းဖြစ်သည်။
သည့်ယခင်က သိုင်းတာအိုပင်မခန္ဓာသည် ဖုန့်တူကို မဟာအဝီစိမှာ အကျဉ်းချချင်ခဲ့သည်။
ကံဆိုးစွာနှင့်ပင် ဖုန့်တူက သူ၏ စိတ်ကူးကို အာရုံခံမိသွားပြီး သူ့ကိုယ်သူအဆုံးစီရင်ဖို့ရွေးချယ်ခဲ့သည်။
ကောင်းကင်ဘုံခုံရုံးမှ အရှင်ရှစ်ဦးကတော့ သူတို့သည် ဝေးကွာလွန်းသော ကောင်းကင်ဘုံခုံရုံးမှာရှိနေခဲ့ပြီး သိုင်းတာအိုပင်မခန္ဓာ၏ နည်းလမ်းများကို လုံးဝမသိရှိထားကြပေ။
ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်က ထိုအချက်ကိုနားလည်သွားသည့်အချိန်မှာ နောက်ကျသွားခဲ့ပြီဖြစ်သည်။
စွမ်းအားကောင်းကင်ဘုံအရှင်က အခြေအနေကို တွေ့မြင်ပြီး သူတို့ကို ကယ်တင်လို့မရနိုင်တော့ဘူးဆိုတာ သိရှိသည့်အချိန်မှာ သူတို့ကလည်း အလွန်တရာပြတ်သားစွာပြုမူလိုက်ကြ၏။
သူတို့သည် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် ဟင်္သပဒါးကောင်းကင်ဘုံအရှင်တို့ကို စွန့်လွှတ်ပြီး သူတို့၏ စစ်တပ်များနှင့်အတူ ကောင်းကင်ဘုံခုံရုံးရှိရာသို့ ပြန်လည်ဆုတ်ခွာသွား၏။
မိုးကောင်းကင်ထက်ရှိ ဧရာမအက်ကွဲကြောင်းများကလည်း ပိတ်ဆို့သွားသည်။
ဤတိုက်ပွဲအပြီးမှာ ကောင်းကင်ဘုံခုံရုံးမှ အရှင်ရှစ်ပါးသည် သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသူများကို မသတ်ဖြတ်နိုင်ခဲ့ရုံသာမက သူတို့သည် မဟာဧကရာဇ်နှစ်ပါးကိုပါ ဆုံးရှုံးခဲ့ရသည်။
“ဟင်္သပဒါးကောင်းကင်ဘုံအရှင်က သေသွားပြီလား”
တျဲယွဲ့သည် စောစောက ဧကရီဆိုးယုတ်၏ တိုက်ခိုက်မှုကို တွေ့မြင်ထားပြီး မေးလိုက်၏။
ဧကရီဆိုးယုတ်က သူမ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“သူက လောလောဆယ်တော့ သေသွားတယ်… ဒါပေမဲ့ သူတစ်ကျော့ပြန်လာလိမ့်မယ်”
ခဏမျှရပ်တန့်ပြီးနောက် ဧကရီဆိုးယုတ်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ သူက ပြန်ပြီးရှင်သန်လာမယ်ဆိုရင်တောင် အချိန်တိုအတွင်းမှာ သူ့ရဲ့အထွတ်အထိပ်အခြေအနေကို ပြန်ရောက်နိုင်မှာမဟုတ်ဘူး.. သူအနားယူအားဖြည့်ဖို့အတွက် အချိန်အတော်ကြာယူရလိမ့်မယ်”
“ဒီဘက်မျိုးဆက်က ငါတို့ရဲ့ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွက် အကောင်းဆုံးအခွင့်အလမ်းပဲ”
အစက ကောင်းကင်ဘုံခုံရုံးမှာ အရှင်ကိုးပါးရှိနေခဲ့ပြီး ယခုတော့ ခြောက်ပါးသာကျန်တော့သည်။ သူတို့ဘက်မှာ မဟာဧကရာဇ်ငါးပါးရှိနေဆဲဖြစ်သည်။
ဗြဟ္မာတစ္ဆေမိခင်က ပြောလိုက်သည်။
“သူတို့ဘက်မှာ မဟာဧကရာဇ်ခြောက်ပါးပဲကျန်တော့မယ်ဆိုရင်တောင် သူတို့က အသေအကြေခုခံဖို့အတွက် မိုးကောင်းကင်ကိုးလွှာဝင်္ကပါကို အသုံးချမယ်ဆိုရင် ငါတို့တွေက အချိန်တိုအတွင်းမှာ ချိုးဖျက်နိုင်မှာ မဟုတ်တော့ဘူး”
“အဲလိုအတိအကျပြောလို့ မရဘူး”
မိစ္ဆာအရှင်က ထိုသို့ပြောပြီး သူ၏ အကြည့်က သိုင်းတာအိုပင်မခန္ဓာထံ ဆင်းသက်ရောက်ရှိသွားသည်။
သိုင်းတာအိုပင်မခန္ဓာ၏ အကြည့်က မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရှိရာဘက်သို့ ရွေ့လျားသွား၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ပညာရှင်များသည် ရင်တထိတ်ထိတ်ဖြစ်လာပြီး သူတို့၏ ခန္ဓာကိုယ်များက အေးစက်တောင့်တင်းလာ၏။
ဒီဘက်မျိုးဆက်မှာ ကောင်းကင်ဘုံခုံရုံးသည် ကောင်းကင်နှင့်မြေကြီးကြား ဤတိုက်ပွဲမှာ ရှုံးနိမ့်သွားပြီး သူတို့ကို အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ချန်ထားခဲ့လိမ့်မည်ဟု သူတို့က ထင်မှတ်မထားခဲ့ပေ။
နှစ်ပေါင်းမရေမတွက်နိုင်အောင် သူတို့သည် ကောင်းကင်ဘုံခုံရုံးအတွက် တာဝန်ထမ်းဆောင်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို စောင့်ကြည့်ပေးခဲ့သည်။ ထိုသို့ဆိုလျှင်တောင် သူတို့သည် ကောင်းကင်ဘုံခုံရုံးသို့ ခြေချပြီး မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းခွင့်ပင် မရရှိခဲ့ပေ။
ယခု သူတို့သည် ဤနေရာမှာ ပစ်စလက်ခတ်စွန့်ပစ်ခံထားခဲ့ရလေပြီ။
ကောင်းကင်ဘုံခုံရုံးမှအရှင်တချို့ ထွက်ခွာသွားစဉ်က သူတို့ကို လှည့်ပင်မကြည့်ခဲ့ပေ။’
သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ခတ်သွား၏။
ရွှစ်… ရွှစ်… ရွှစ်…
ငရဲဂိတ်တံခါးများက လေဟာနယ်ကိုဆုတ်ဖြဲပြီး မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသို့ ဆင်းသက်ကာ ကျန်ရှိနေသော အပြစ်သားကုန်းမြေရှစ်ခုကို ပြင်းထန်ကြမ်းတမ်းစွာ ပစ်တိုက်ချလိုက်၏။
အပြစ်သားကုန်းမြေရှစ်ခုမှာ ဖျက်ဆီး၍မရနိုင်သော တည်ဆောက်မှုပုံသဏ္ဍာန်ငယ်များရှိနေကြသည်။
အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာသည် တမလွန်ကိုးဘုံအပြစ်သားကုန်းမြေကို ခြေမွှဖျက်ဆီးဖို့အတွက် မဟာဧကရီဗြဟ္မာတစ္ဆေမိခင်၏ သွေးကိုမှီခိုခဲ့ရ၏။
ယခုအချိန်မှာ သူသည် မည်သူတစ်ဦးတစ်ယောက်၏ အကူအညီကိုမှ ဆက်လက်၍မလိုအပ်တော့ပေ။ ငရဲဂိတ်တံခါးဆယ်ချပ် ဆင်းသက်လာရုံမျှနှင့် ၎င်းသည် အပြစ်သားကုန်းမြေရှစ်ခု ခံနိုင်ရည်ရှိသော တစ်စုံတစ်ရာမဟုတ်ဘဲ သူတို့က ကြေမွပျက်စီးသွား၏။
ထိုနေရာမှာ တစ်ဘဝလုံးစာအကျဉ်းချခံထားရသော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များသည် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရိသွေးလိပ်ပြာတည်ထောင်ထားသောခေတ်မှာ နေ့အလင်းရောင်ကို နောက်ဆုံးတွေ့မြင်လိုက်ရသည်။
မဟာဧကရာဇ်တိုက်ပွဲကနေ ဖြစ်ပေါ်လာသော ရုတ်ရုတ်သဲသဲအခြေအနေက အရမ်းကိုကြီးမားခဲ့သည်။
ဓမ္မတာအိုများက ပြိုးပြိုးပြက်ပြက်ပုံစံဖြင့် ယှက်ဖြာသွားခဲ့သည်။ အပြစ်သားကုန်းမြေဆယ်ခုမှ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များပင် အရာအရာတိုင်းကို ရှင်းရှင်းလင်းလင်းတွေ့မြင်နိုင်ခဲ့သည်။
သူတို့ လွတ်မြောက်လာပြီးနောက် သူတို့သည် အတန်ကြာအောင်မှင်တက်နေပြီး ခဏကြာသည်အထိ လက်ရှိအခြေအနေကို မယုံကြည်နိုင်ကြပေ။
အချိန်ကြာလာသည်နှင့်အမျှ လူတိုင်းသည် သူတို့က သူတို့၏ လွတ်လပ်ခွင့်ကို ပြန်လည်ရရှိလာပြီဆိုတာ တဖြည်းဖြည်းနားလည်သဘောပေါက်လာကြ၏။
ဘီလီယံနှင့်ချီသော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များက ကျယ်လောင်စွာဖြင့် ဟစ်ကြွေးလိုက်ကြ၏။
မရေမတွက်နိုင်သော ဟစ်ကြွေးသံများကြားမှာ ဟိန်းဟောက်သံများနှင့် ငိုကြွေးသံများလည်းရှိနေ၏။
ဘယ်သူက ဘယ်လိုစတင်လိုက်သည်မသိပေ။ လူတစ်ယောက်က သူ၏ မျက်နှာပေါ်စီးကျနေသောမျက်ရည်စများနှင့်အတူ သိုင်းတာအိုပင်မခန္ဓာရှိရာဘက်သို့ ဒူးထောက်ချလိုက်၏။
ထို့နောက်ချက်ချင်းပင် ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များစွာက မြေပြင်ပေါ်မှာ တစ်ယောက်ပြီးတစ်ယောက်ဒူးထောက်ချပြီး ကျေးဇူးတင်ရှိနေသောမျက်လုံးများနှင့် မနှိုင်းယှဉ်သာအောင် ရိုသေလေးစားသောအမူအရာနှင့်အတူ ဝေးကွာလွန်းသော ကြယ်တာရာကောင်းကင်ထဲမှာ ရပ်နေသည့် ခရမ်းရောင်ဝတ်အမျိုးသားကို ကြည့်လိုက်ကြ၏။
မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့ကလည်း လောကမှာ မတ်တတ်ရပ်နေကြ၏။
သို့သော်လည်း ထိုအခိုက်အတန့်မှာ ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များ လွတ်မြောက်လာပြီးနောက် သူတို့ပထမဆုံးဒူးထောက်ကာ ကျေးဇူးတင်ရှိသည့်သူက မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ဖြစ်နေသည်။
သူတို့သည် ခေတ်အတော်များများနှင့် နှစ်ပေါင်းမရေမတွက်နိုင်အောင် အကျဉ်းချခံထားခဲ့ရသည်။ သူတို့မျိုးနွယ်၏ မျိုးဆက်သွေးအပေါ် မှတ်မိသိရှိမှု၏ အာရုံခံစိတ်ကပင် လျော့ကျသည်ထက် လျော့ကျလာခဲ့၏။
သူတို့မှာ စိတ်ပျက်အားငယ်မှုနှင့် သူတို့ရင်ထဲရှိ မုန်းတီးမှုသာလျှင် ကျန်တော့သည်။
သူတို့ကို မျှော်လင့်ချက်ပေးပြီး ကယ်တင်ပေးသည့်သူက မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ဖြစ်သည်။
ဝုန်း… ဝုန်း… ဝုန်း…
ဆိုးယုတ်မိစ္ဆာတချို့နှင့် အပြစ်သားစိတ်ဝိညာဉ်တချို့သည် အပြစ်သားကုန်းမြေများ၏ ကန့်သတ်မှုများကနေ လွတ်မြောက့်ပြီး ဘေးပတ်ဝန်းကျင်မှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီနှင့် မဟာတာအိုနိယာမများကို အာရုံခံမိသွားကြသည်။ နှစ်ပေါင်းများစွာ ဖိနှိမ်ခံထားရသော သူတို့၏ ကျင့်ကြံမှုနယ်ပယ်အဟန့်အတားများက ပြေလျော့သွားပြီး သူတို့က တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖျက်တက်လှမ်းလာကြသည်။
“သတ်… သတ်… သတ်…”
လွတ်မြောက်လာပြီးနောက် နှစ်ပေါင်းများစွာကြာအောင် ဆိုးယုတ်မိစ္ဆာများနှင့်အပြစ်သားစိတ်ဝိညာဉ်များ၏ ရင်ထဲမှာ ဖိနှိမ်ထားသည့် မုန်းတီးမှုများက လုံးလုံးလျားလျား ပေါက်ကွဲထွက်ပေါ်လာသည်။
ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များစွာက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာရှိရာသို့ ချီတက်သွားကြ၏။
သူတို့ကြားမှာ ဧကရာဇ်ပညာရှင်များ မရှိပေ။ သို့သော်လည်း သူတို့အတွက်တော့ သေရမည်ကို ဆက်လက်၍ ကြောက်ရွံ့မနေတော့ပေ။
ငရဲဂိတ်တံခါးဆယ်ချပ်က လမ်းဖွင့်ပေးပြီးနောက် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ဧကရာဇ်ပညာရှင်များရှိရာသို့ ပစ်တိုက်ချလိုက်၏။
မွန်မြတ်ကောင်းကင်ဘုံလောကအရှင်တွေလား…၊ အထွတ်အထိပ်ဧကရာဇ်တွေလား… သူတို့ထဲ မည်သူကမှ ငရဲဂိတ်တံခါးဆယ်ချပ်၏ မွှေနှောက်သောင်းကျန်းမှုကို မခုခံနိုင်ပေ။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှာ ညည်းတွားအော်ဟစ်သံများ ပွက်ပွက်ညံသွားပြီး မရေမတွက်နိုင်သောကျင့်ကြံသူများက ခြေဦးတည့်ရာလှည့်ထွက်ပြေးနေကြ၏။
သံသရဖူဆောင်းအဖိုးအို၊ ဧကရာဇ်မြောက်ပိုင်းခွန်၊ နဂါးဧကရီဆီးနှင်း၊ မျောက်ဝံအိုကြီးနှင့်အခြားသူများက မွန်မြတ်ကောင်းကင်ဘုံကမ္ဘာကို တိုက်ခိုက်ရန် တစ်ယောက်ပြီးတစ်ယောက်အမိန့်ပေးလိုက်ကြ၏။
မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ကံကြမ္မာကို ဆုံးဖြတ်ပြီးသွားခဲ့ပြီ။
နှစ်ပေါင်းမရေမတွက်နိုင်အောင်တည်ရှိခဲ့သော မွန်မြတ်ကောင်းကင်ဘုံကမ္ဘာသည် နောက်ဆုံး သည်ဘက်မျိုးဆက်မှာ ဖျက်ဆီးခံရတော့မည်ဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာနှင့် အချိန်များစွာဖြုန်းမနေပေ။ ထိုအစား သူက ကောင်းကင်ထက်ကိုမော့ကြည့်ပြီး ကောင်းကင်ဘုံခုံရုံးရှိရာသို့ ပျံသန်းသွား၏။
ယခုအချိန်မှာ ကောင်းကင်ဘုံခုံရုံးတွင် အရှင်ခြောက်ပါးသာကျန်တော့သည်။
ကောင်းကင်ဘုံကိုးလွှာဝင်္ကပါက စွမ်းအားကြီးမားသည်ဆိုသော်လည်း ကောင်းကင်ဘုံခုံရုံးမှ အရှင်သုံးပါးမရှိဘဲ သူတို့မှာ အားနည်းချက်များသေချာပေါက်ရှိနေပေလိမ့်မည်။
သူ့အပေါ်ကျရောက်နေသည့် အန္တရာယ်အငွေ့အသက်ခံစားချက်က ပိုမိုအားကောင်းလာနေ၏။ သူသည် မိုးကောင်းကင်ကိုးလွှာဝင်္ကပါကို တတ်နိုင်သမျှမြန်မြန်ချိုးဖျက်ပြီး ကောင်းကင်ဘုံခုံရုံးသို့ သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်ရပေမည်။
သူသည် မတော်တဆဖြစ်ရပ်တစ်ခုနှင့်ကြုံတွေ့ပြီး အချိန်မတိုင်ခင် သေဆုံးသွားမည်ဆိုလျှင်တော့…။
ကျန်ရှိနေသော သူတို့လေးယောက်… တျဲယွဲ့၊ မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့သည် ကောင်းကင်ဘုံခုံရုံး၏ အရှင်ခြောက်ပါးနှင့်ရင်ဆိုင်ရာမှာ အနိုင်ရလဒ်ကို ဖော်ဆောင်နိုင်ချင်မှ ဖော်ဆောင်နိုင်ပေလိမ့်မည်။
အခန်း ၃၁၈၆ - ကောင်းကင်ဘုံတာအိုနိယာမများ
တျဲယွဲ့က ဖျတ်ခနဲဆို သိုင်းတာအိုပင်မခန္ဓာ၏ ဘေးသို့ ရောက်ရှိလာပြီး သူ့ကို တားဆီးလိုက်၏။
“မဟာဧကရာဇ်ရှစ်ဦးထဲက နှစ်ဦးက သေဆုံးသွားပြီ… သူတို့ထဲက တစ်ယောက်ကို နင်က မဟာအဝီစိမှာတောင်မှ ချုပ်နှောင်ထားတယ်… လက်ရှိအခြေအနေအရဆို ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို လောနေစရာမလိုတော့ဘူး… တကယ်တမ်း စိုးရိမ်ပူပန်သင့်တာက ကောင်းကင်ဘုံခုံရုံးပဲ”
တျဲယွဲ့က စဉ်းစားရခက်နေ၏။
သိုင်းတာအိုပင်မခန္ဓာသည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်လာသည့် ခဏမှာပင် ဤကဲ့သို့သော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်လာသည်။
သူက နောက်ထပ်အချိန်ရပြီး ပကတိဧကနယ်ပယ်အထိ ကျင့်ကြံမည်ဆိုလျှင် အနိုင်ရဖို့ သူတို့၏ အခွင့်အရေးက ပို၍ပင်မြင့်မားလာပေလိမ့်မည်။
ဟင်္သပဒါးကောင်းကင်ဘုံအရှင်က ထိုအချိန်အတောအတွင်း ပြန်လည်ရှင်သန်ပြီး တစ်ကျော့ပြန်လာမည်ဆိုလျှင်တောင် သူတို့မှာ ပကတိအားသာချက်ရှိနေပေဦးမည်။
သိုင်းတာအိုပင်မခန္ဓာကလည်း ရိုးရှင်းသော ထိုသဘောတရားကို နားလည်နိုင်မည်မဟုတ်ဟု သူမ မယုံပေ။
ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာက တစ်ခုခုမူမမှန်သည်ကို သူမ ခပ်ရေးရေး အာရုံခံမိနေ၏။ ထို့ကြောင့်ပင် သူမက အမီလိုက်လာပြီး သူ့ကိုတားဆီးလိုက်ခြင်းဖြစ်သည်။
“အဲဒါဆို နောက်ကျသွားလိမ့်မယ်”
သိုင်းတာအိုပင်မခန္ဓာက ခဏမျှငြိမ်သက်နေပြီးနောက် ညင်သာစွာ ပြောလိုက်သည်။
သူသည် အမြုတေသိုင်းလောက၏ အန္တရာယ်နှင့်ပတ်သက်၍ တျဲယွဲ့ကို ဘယ်တုန်းကမှ ပြောမပြခဲ့ဖူးပေ။
သူသည်လည်းပဲ ယခုအချိန်မှာ ရပ်တန့်ပြီး ဆက်လက်၍ ကျင့်ကြံလို၏။
သို့သော်လည်း စောစောက ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်တချို့ ဆုတ်ခွာသွားသည့်အချိန်မှာပင် သူက အမြုတေသိုင်းလောကကို ပယ်ဖျက်ခဲ့ပြီဖြစ်၏။ ထိုသို့ဆိုလျှင်တောင် သူ့အပေါ်ကျရောက်နေသော အန္တရာယ်အငွေ့အသက်က ပျောက်ကွယ်မသွားပေ။
သူသည် တစ်ချိန်လုံး စောင့်ကြည့်ခံနေရပြီဖြစ်သည်။
သူတို့နှစ်ယောက်စလုံးက စိတ်ချင်းဆက်နေကြ၏။
ဒါ့အပြင် ဤကျင့်ကြံမှုနယ်ပယ်မှာ တျဲယွဲ့သည် ရှင်းပြစရာများစွာမလိုဘဲ အကြမ်းဖျင်းခန့်မှန်းမိသွားပြီဖြစ်သည်။
ခဏမျှငြိမ်သက်ပြီးနောက် တျဲယွဲ့က မေးလိုက်သည်။
“နင်က သေသွားမှာလား”
“ဖြစ်လောက်တယ်”
သိုင်းတာအိုပင်မခန္ဓာက ပြောလိုက်၏။
အန္တရာယ်၏ အရင်းအမြစ်က မဟာကမ္ဘာတစ်ထောင်လောကကနေ လာသည်ကိုသာ သူက ဆုံးဖြတ်နိုင်သည်။
သို့သော်လည်း အဲဒါက လူပုဂ္ဂိုလ်လား၊ တစ်ခုခုလား သို့မဟုတ် ဘာမှန်းမသိရသော အဟန့်အတားတချို့ သို့မဟုတ် နိယာမတချို့လား သူ မသိပေ။
သူသည် ဤကပ်ဘေးကနေ ရှင်သန်နိုင်ပါ့မလား မသိရပေ။
မဟာကမ္ဘာတစ်ထောင်လောက၏ စွမ်းအားက သူ့အပေါ်ကျရောက်လာသည့်အချိန်မှာ အမြုတေသိုင်းလောကထဲတွင် တိတ်ဆိတ်ငြိမ်သက်နေခဲ့သော တမလွန်ဘုံရတနာကြေးမုံက အနည်းငယ် ဂနာမငြိမ်ဖြစ်လာခဲ့သည်။
အဲဒီမှာ ကြောက်ရွံ့ခြင်း၊ စိုးရိမ်ပူပန်ခြင်းနှင့် အမျက်ဒေါသခံစားချက်တို့က တမလွန်ဘုံရတနာကြေးမုံကနေ ဖြာထွက်လာ၏။ သို့သော်လည်း အခြားမည်သည့်အရာထက်မဆို မုန်းတီးမှုက ပိုသာနေ၏။
တမလွန်ဘုံရတနာကြေးမုံထဲမှာ သိုင်းတာအိုပင်မခန္ဓာပင် မချိုးနှိမ်နိုင်သော အလွန်တရာ မိစ္ဆာဆန်သည့် သက်ရှိပုံစံတစ်ခု ပုန်းအောင်းနေ၏။
ထို့ကြောင့် သူက ဤရတနာကို ဘယ်တုန်းကမှ အသုံးမပြုခဲ့ပေ။
ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် သူသည် ဤရတနာကို အသုံးပြုမှု မရှိတော့ဘဲ အမြုတေသိုင်းလောကထဲမှာသာ အမြဲတမ်းထည့်ထားလေသည်။
တျဲယွဲ့က နှုတ်ဆိတ်နေပြီး တစ်စုံတစ်ရာပြောဆိုခြင်း မရှိတော့ပေ။ သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာက သူမ၏ ရင်ထဲမှ စိုးရိမ်ပူပန်မှုကို ပြောနိုင်သည်။
“အဲဒါက ဘာမှမဖြစ်ပါဘူး”
သိုင်းတာအိုပင်မခန္ဓာကပြုံးပြီး နှစ်သိမ့်ပေးလိုက်သည်။
“ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ သွေးထွက်သံယိုတွေ၊ သေဆုံးမှုတွေမရှိဘဲ အဲဒါက ဘယ်လိုလုပ်အောင်မြင်နိုင်ပါ့မလဲ… ဒီလိုဆိုမှတော့ အဲဒါကို ငါနဲ့အရင်စတင်လိုက်တာပေါ့”
“နောက်ပြီး ဒီခန္ဓာက ဖျက်ဆီးခံရမယ်ဆိုရင်တောင် ငါ့ရဲ့ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ ရှိနေသေးတယ်… ငါက အမှန်တကယ်သေဆုံးသွားမှာ မဟုတ်ဘူး”
တျဲယွဲ့က နှုတ်ဆိတ်နေ၏။
ထိုသို့ဆိုသော်လည်း သိုင်းတာအိုပင်မခန္ဓာသည် ဆူဇီမိုအတွက် အလွန်တရာထူးခြားသော အဓိပ္ပာယ်တစ်ခုရှိနေသည်ကို သူမ သိထားသည်။
ထိုစဥ်မှာပင် ဧကရီဆိုးယုတ်က သူတို့နှစ်ယောက်ဘေးသို့ ရောက်ရှိလာ၏။
“ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို အချိန်ဆွဲထားဖို့ မဖြစ်နိုင်တာ မဟုတ်ဘူး… မဟာကမ္ဘာတစ်ထောင်လောကက ပညာရှင်တွေ ဒီအချိန်အတောအတွင်း ကောင်းကင်ဘုံခုံရုံးကို ဆင်းသက်လာမှာကို နင်က စိုးရိမ်စရာမလိုဘူး”
“သုံးဘုံလောကကြားမှာ အဟန့်အတားတစ်ခုရှိတယ်… အဲဒါကို ကောင်းကင်ဘုံတာအိုနိယာမတွေက ကာကွယ်ပေးထားတယ်… လူတိုင်းက သာမန်ကာလျှံကာ ဆင်းသက်မလာနိုင်ဘူး”
အောက်ဘုံလောကကနေ အထက်ဘုံသို့ တက်လှမ်းခြင်းသည် သဘာဝနှင့် ကောင်းကင်ဘုံတာအိုနိယာမများနှင့်အတူ စီးမျောလိုက်ပါသည့် ဖြစ်စဥ်တစ်ခုသာဖြစ်သည်။
သို့သော်လည်း ၎င်းကိုဆန့်ကျင်ခြင်းက ကောင်းကင်ဘုံကို တက်လှမ်းရသလောက် ခဲယဉ်းလေသည်။
သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့ကလည်း ထိုအကြောင်းကို သိရှိထား၏။
အရင်တုန်းက အင်မော်တယ်ဘုရင်ပညာရှင်တစ်ဦးနေဖြင့် လူသားဧကရာဇ်လင်းကျန့်သည် အောက်ဘုံလောကသို့ အတင်းအကျပ်ဆင်းသက်လာခဲ့၏။ သူ၏ တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာ လျော့ကျသွားရုံသာမက သူသည် ဒဏ်ရာအပြင်းအထန်ရရှိပြီး နှစ်ပေါင်းများစွာကြာသည်အထိ ပြန်လည်မကုသနိုင်ခဲ့ပေ။
ဧကရာဇ်ပညာရှင်များသည် နိယာမများ၏ ကန့်သတ်ချက်များကို ချိုးဖျက်ပြီး ကမ္ဘာငယ်တစ်ထောင်လောကသို့ ဆင်းသက်နိုင်သည့် အဓိကအကြောင်းအရင်းမှာ ဧကရာဇ်ပညာရှင်များသည် အစကတည်းက မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းသင့်သောကြောင့်ဖြစ်သည်။
ကောင်းကင်ဘုံခုံရုံး၏ တည်ရှိမှုကြောင့် ဧကရာဇ်နယ်ပယ်ပညာရှင်များသည် မတက်လှမ်းနိုင်ဘဲ ဧကရာဇ်များစွာက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပိတ်မိနေ၏။
သဘောတရားအရ ကောင်းကင်ဘုံခုံရုံး၏ တည်ရှိမှုသည် သုံးဘုံလောက၏ သဘာဝနိယာမများကို ချိုးဖျက်ပြီး မရေမတွက်နိုင်သော ကပ်ဘေးများကို ဖြစ်ပေါ်စေခဲ့သည်။
ရုတ်တရက် တျဲယွဲ့က မေးလိုက်၏။
“အရင်တုန်းက ကောင်းကင်ဘုံခုံရုံးရဲ့ အရှင်တွေက ဘယ်လိုဆင်းသက်လာခဲ့တာလဲ”
ဤမေးခွန်းက အလွန်တရာ အရေးကြီးလေသည်။
အဲဒီမှာ သုံးဘုံလောက၏ လောကနိယာမများ ရှိနေသည်ဆိုမှတော့ ယေဘုယျအားဖြင့်ပြောရလျှင် ကောင်းကင်ဘုံခုံရုံးမှအရှင်များကဲ့သို့ပညာရှင်များသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ရောက်ရှိမလာသင့်ပေ။
ဧကရီဆိုးယုတ်က မှင်သေသေဖြင့် ပြောလိုက်၏။
“အရင်တုန်းက မဟာကမ္ဘာတစ်ထောင်လောကမှာ ကိစ္စတစ်ခုဖြစ်သွားခဲ့တယ်… အဲဒါက မဟာကမ္ဘာတစ်ထောင်လောကနဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ နိယာမအဟန့်အတားတွေကို ကြေမွပျက်စီးသွားစေခဲ့တယ်… အဲဒါကြောင့်ပဲ ငါတို့လိုလူတွေ ဒီကိုကျဆင်းလာခဲ့တာပဲ”
ဧကရီဆိုးယုတ်က ထိုစကားကို သာမန်ကာလျှံကာ ပြောဆိုလိုက်သော်လည်း ထိုစဥ်တုန်းက မဟာကမ္ဘာတစ်ထောင်လောကမှာ ဖြစ်ပျက်ခဲ့သောအရာက သေးငယ်သောကိစ္စတစ်ခု သေချာပေါက်မဟုတ်သည်ကို သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့က ပြောနိုင်ကြသည်။
သုံးဘုံလောက၏ လောကအဟန့်အတားများပင်လျှင် ကြေမွပျက်စီးသွားရ၏။ ဒါက မည်ကဲ့သို့သော စွမ်းအားမျိုးလဲ။
ဧကရီဆိုးယုတ်က ဆက်ပြောလိုက်သည်။
“ပြီးခဲ့တဲ့နှစ်တွေထဲမှာ မဟာကမ္ဘာတစ်ထောင်လောကနဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ လောကအဟန့်အတားတွေကို ပြန်လည်ပြင်ဆင်လို့ ပြီးသလောက်နီးပါးရှိသွားပြီ… မဟာကမ္ဘာတစ်ထောင်လောကက ပညာရှင်တွေ ဆင်းသက်လာဖို့ မလွယ်တော့ဘူး”
ရုတ်တရက် သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။
“တိုက်ပွဲခေတ်တုန်းက မဟာဧကရာဇ်တိုက်ပွဲက စွမ်းအားကောင်းကင်ဘုံအရှင်နဲ့ အသေအကြေတိုက်ခိုက်ခဲ့တယ်… သူက သေဆုံးပြီး ပြန်လည်ရှင်သန်လာခဲ့ပေမဲ့ သူက ဘာလို့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ ကောင်းကင်ဘုံခုံရုံးမှာ ရှိနေသေးတာလဲ”
စွမ်းအားကောင်းကင်ဘုံအရှင်သည် မဟာကမ္ဘာတစ်ထောင်လောကကနေ ရောက်ရှိလာသည်ဆိုလျှင် သူသည် မဟာဧကရာဇ်တိုက်ပွဲ၏ သတ်ဖြတ်ခြင်းခံရပြီးနောက် မဟာကမ္ဘာတစ်ထောင်လောကသို့ ပြန်လည်ရောက်ရှိသွားသင့်လေသည်။
“အဲဒါက ကောင်းကင်ဘုံခုံရုံး တည်ရှိနေရတဲ့ နောက်ထပ်အကြောင်းအရင်းပဲ”
ဧကရီဆိုးယုတ်က ပြောလိုက်သည်။
“သူတို့တွေက ကောင်းကင်ဘုံကိုးလွှာမှာ သူတို့ရဲ့တာအိုအမှတ်အသားတစ်စစီကို ချန်ထားတယ်… ကောင်းကင်ဘုံကိုးလွှာက ဖျက်ဆီးမခံရဘဲ သူတို့ရဲ့တာအိုအမှတ်အသားတွေက မပျောက်ပျက်သရွေ့ သူတို့က သေဆုံးသွားမယ်ဆိုရင်တောင် ကောင်းကင်ဘုံကိုးလွှာမှာ ပြန်ပြီးရှင်သန်လာနိုင်တယ်”
သိုင်းတာအိုပင်မခန္ဓာက လေးနက်သောအသံဖြင့် ပြောလိုက်၏။
“ပြောရမယ်ဆိုရင် ကောင်းကင်ဘုံကိုးလွှာမှာ သူတို့ရဲ့ ပြန်လည်မွေးဖွားရာလမ်းကြောင်းကို အပြီးသတ်ဖြတ်တောက်ဖို့အတွက်ဆိုရင် ငါတို့တွေက သူတို့ကို ထာဝရအကျဥ်းချရင်ချ မဟုတ်ရင် သူတို့ကို သေတဲ့အထိ ရိုက်နှက်ရမှာပေါ့… နောက်ပြီး ငါတို့တွေက ကောင်းကင်ဘုံကိုးလွှာကို ဖျက်ဆီးပြီး သူတို့ရဲ့ တာအိုအမှတ်အသားတွေကို ချေဖျက်ရမှာပေါ့”
“အမှန်ပဲ”
ဧကရီဆိုးယုတ်က ခေါင်းညိတ်ပြလိုက်၏။
ထိုသို့ဆိုသော်လည်း ပြီးခဲ့သည့် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲများမှာ သူတို့သည် ဘယ်တုန်းကမှ ကောင်းကင်ဘုံခုံရုံးသို့ မဝင်ရောက်နိုင်ခဲ့ကြပေ။
တိုက်ပွဲသည် အမြဲတမ်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာသာ ဖြစ်ပွားခဲ့သည်။
“ဒါဆိုရင်လည်း ကောင်းကင်ဘုံကိုးလွှာကို ဖျက်ဆီးကြတာပေါ့”
သိုင်းတာအိုပင်မခန္ဓာက မိုးကောင်းကင်ကိုမော့ကြည့်ပြီး ကောင်းကင်ထက်သို့ တစ်ဖန်ပျံတက်သွား၏။
တျဲယွဲ့က သူ့ကို ထပ်မံ၍ မဖျောင်းဖျတော့ဘဲ သိုင်းတာအိုပင်မခန္ဓာနှင့်အတူ ကောင်းကင်ဘုံခုံရုံးရှိရာသို့ လိုက်ပါသွားလေသည်။
မိစ္ဆာအရှင် ဧကရီဆိုးယုတ်နဲ့ ဗြဟ္မာတစ္ဆေမိခင်တို့က အကြည့်ချင်းဖလှယ်ပြီး သူတို့ကို တားဆီးခြင်းမရှိဘဲ နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါသွားကြ၏။
သူတို့က ကောင်းကင်ဘုံခုံရုံးနှင့် ပိုမိုနီးကပ်လာလေလေ သူတို့အပေါ်ကျရောက်နေသော ဖိအားက ပို၍ကြီးမားလာလေပင်။
တကယ်တမ်းမှာ သူတို့၏ ကျင့်ကြံမှုနယ်ပယ်အရ သူတို့သည် ထိုဖိအားကို လုံးဝမခံစားရသင့်ပေ။ ထိုအစား သူတို့သည် မဟာကမ္ဘာတစ်ထောင်လောက၏ ခေါ်သံကို ခံစားမိပြီး တက်လှမ်းရပေလိမ့်မည်။
ထိုဖိအားသည် တကယ်တော့ ကောင်းကင်ဘုံခုံရုံးကနေ လာခြင်းသာဖြစ်သည်။
ရွှစ်…
သိုင်းတာအိုပင်မခန္ဓာက ငရဲဂိတ်တံခါးဆယ်ချပ်နဲ့အတူ လမ်းဖွင့်ပြီး မြူခိုးအလွှာများကို ဖောက်ထွက်လိုက်၏။ ကျယ်ပြော၍ အကန့်အသတ်မဲ့သော အဟန့်အတားတစ်ခုက ပေါ်ထွက်လာပြီး ၎င်းသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို အုပ်မိုးထားသည့် ဧရာမအမိုးခုံးတစ်ခုနှင့်တူနေသည်။
ကြီးမားသော ဤအမိုးခုံးအပေါ်မှာ ကောင်းကင်ဘုံကိုးလွှာကို ကိုယ်စားပြုသည့် နယ်မြေဒေသကိုးခုကို ခပ်ရေးရေးပိုင်းခြားထား၏။
ထိုအခိုက်အတန့်မှာ အမိုးခုံးပေါ်ရှိ မရေမတွက်နိုင်သော မှော်စာလုံးများက ပေါ်ထွက်လာပြီး ပြိုးပြိုးပြက်ပြက် အလင်းရောင်နှင့်အတူ တောက်ပကာ အဆုံးမဲ့အလင်းရောင်ခြည်များကို ပစ်လွှတ်ထုတ်ဖော်ပေးနေ၏။ ကောင်းကင်တစ်ခွင်ပြည့်နှက်နေသော မြားမိုးများကဲ့သို့ သူတို့သည် သိုင်းတာအိုပင်မခန္ဓာ၊ တျဲယွဲ့၊ မိစ္ဆာအရှင် ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့ရှိရာသို့ ကျဆင်းလာလေသည်။
ကောင်းကင်ဘုံကိုးလွှာဝင်္ကပါက အသက်ဝင်နေပြီဖြစ်၏။
သူတို့သည် ကောင်းကင်ဘုံခုံရုံးသို့ သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်ချင်သည်ဆိုလျှင် ကောင်းကင်ဘုံကိုးလွှာဝင်္ကပါက ပထမဆုံးအတားအဆီးဖြစ်သည်။
ငရဲဖိနှိမ်မီးဖိုက သိုင်းတာအိုပင်မခန္ဓာ၏ ဦးခေါင်းထက်မှာ ရစ်ဝဲနေပြီး အထွတ်အမြတ်ဝိညာဥ်လေးခုက သူ့ကိုလှည့်ပတ်နေ၏။ ဂါထာမန္တန်ရွတ်ဖတ်သံက ပဲ့တင်ထပ်ထွက်ပေါ်လာပြီး ဗုဒ္ဓပုံရိပ်များက ပေါ်ထွက်လာကာ သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ မြားမိုးများရှိရာသို့ ပစ်ဝင်သွား၏။
တျဲယွဲ့၊ မိစ္ဆာအရှင် ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့ကလည်း သူတို့ကိုယ်ပိုင်နည်းလမ်းများကို အသီးသီးအသုံးပြုကာ ကောင်းကင်ဘုံကိုးလွှာဝင်္ကပါရှိရာသို့ ပျံသန်းသွားကြ၏။