အခန်း (၃၁၈၇-၃၁၈၈)
Vol. 212 Ch. 3187-3188
အခန်း ၃၁၈၇ - သက်ရှိများအားလုံးအတွက် အခွင့်အလမ်း
ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော မြားမိုးများက သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသော မဟာဧကရာဇ်လေးပါးကို လုံးဝမတားဆီးနိုင်ပေ။
အဲဒါသည် အရင်ခေတ်များတုန်းကဆိုလျှင် ကောင်းကင်ဘုံကိုးလွှာဝင်္ကပါကို မဟာဧကရာဇ်ကိုးပါးက ထိန်းသိမ်းစောင့်ရှောက်ပေးနေပြီး ၎င်း၏ စွမ်းအားက ယခုထက် များစွာသာလွန်နေပေလိမ့်မည်။
သို့သော်လည်း ယခု ကောင်းကင်ဘုံခုံရုံးမှ အရှင်သုံးပါးက မရှိကြဘဲ ကောင်းကင်ဘုံကိုးလွှာဝင်္ကပါကို ထိန်းချုပ်ဖို့အတွက် ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါးသာ ကျန်ရစ်ခဲ့ကြသည်။ ၎င်း၏ ခွန်အားက သိသိသာသာ များစွာအားနည်းသွား၏။
ဒါ့အပြင် ဒီဘက်မျိုးဆက်မှာ သိုင်းတာအိုပင်မခန္ဓာကဲ့သို့ မူကွဲတစ်ခု ပေါ်ထွန်းလာ၏။
အမြုတေသိုင်းလောကကို ရုတ်သိမ်းပြီးလျှင်တောင် အန္တရာယ်ကို မဖြေရှင်းနိုင်ဘူးဆိုမှတော့ သိုင်းတာအိုပင်မခန္ဓာက အဲဒါကို ဆက်လက်၍ ဖုံးကွယ်မထားတော့ပေ။ သူက အမြုတေသိုင်းလောကကို နောက်တစ်ဖန်ဆင့်ခေါ်ပြီး ၎င်းကို သိုင်းစကြဝဠာနှင့်ပေါင်းစည်းကာ သူ၏ တိုက်ခိုက်ရည်ခွန်အားကို အကန့်အသတ်အထိ တွန်းတင်လိုက်၏။
ကောင်းကင်တစ်ခွင် ပြည့်နှက်နေသော မြားမိုးနှင့် ရင်ဆိုင်ရချိန်မှာ သိုင်းတာအိုပင်မခန္ဓာသည် ဟန့်တားခြင်းမခံရရုံသာမက သူ၏ အလျင်အဟုန်က ပို၍ပင်မြန်ဆန်လာ၏။
သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးတောက်များဖြင့် လောင်ကျွမ်းနေပြီး ဧရာမမီးလုံးတစ်လုံးကဲ့သို့ ကောင်းကင်ဘုံကိုးလွှာဝင်္ကပါကို ပစ်တိုက်ချလိုက်၏။
ဝုန်း…
ကမ္ဘာတုန်လောက်ဖွယ်ရာ မြည်ဟည်းသံနှင့်အတူ တွဲဖက်၍ မီးတောက်များက ဖိတ်စင်ပြန့်ကျဲသွား၏။
သိုင်းတာအိုပင်မခန္ဓာ၏ ပုံရိပ်က နောက်တစ်ဖန် ပြန်လည်ပေါ်ထွက်လာသည်။
ထိတွေ့ရိုက်ခတ်မှုတစ်ခုမျှနှင့် ကောင်းကင်ဘုံကိုးလွှာဝင်္ကပါက အဆက်မပြတ် တုန်ခါသွား၏။
၎င်းအပေါ်မှာ ခတ်နှိပ်ထားသည့် ဓမ္မတာအိုမှော်စာလုံးများကလည်း အဆက်မပြတ် မှိတ်တုတ်မှိတ်တုတ် ဖြစ်လာသည်။
မရေမတွက်နိုင်သော မြားများကလည်း ကြားဖြတ်ဟန့်တားခံလိုက်ရ၏။
တျဲယွဲ့၊ မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့က ထိုအခွင့်အလမ်းကို ချိန်ဆပြီး အနားကိုချဉ်းကပ်ကာ ကောင်းကင်ဘုံကိုးလွှာဝင်္ကပါကို တိုက်ခိုက်လိုက်ကြသည်။
သူတို့သည် သည်ဘက်မျိုးဆက် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ အောင်မြင်ဖို့ အမြင့်မားဆုံးအခွင့်အရေးကို ရရှိနေ၏။ သူတို့က ကောင်းကင်ဘုံခုံရုံးသို့ ဝင်ရောက်နိုင်တော့မည်ကို တွေ့မြင်လိုက်ရပြီး မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့က လုံးဝထိန်ချန်မထားတော့ပေ။ သွေးဓားသုံးလက် ခုတ်ပိုင်းခြင်း၊ ဖျက်ဆီးခြင်းနှင့် သတ်ဖြတ်ခြင်း ထွက်ပေါ်လာပြီးနောက် နောက်ထပ်အုတ်ဂူတစ်လုံးက မိစ္ဆာအရှင်၏ နောက်ဘက်မှာ ပေါ်ထွက်လာ၏။
မိစ္ဆာအရှင်က သူ၏ စတုတ္ထမြောက် သွေးဓားနှိမ်နင်းခြင်းကို ဆင့်ခေါ်လိုက်သည်။
သွေးဓားလေးလက်က အတူတကွထွက်ပေါ်လာပြီး မိစ္ဆာအရှင်အပေါ်မှာ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက သိပ်သည်းစုဖွဲ့၍ အစိုင်အခဲအဖြစ် ဖွဲ့တည်လုနီးပါးပင်။ ၎င်းသည် အလွန်တရာ တစ်မူထူးခြားသော သွေးဆာရက်စက်မှုနှင့်အတူ အလွန်တရာ ကြောက်စရာကောင်းနေသည်။
မိစ္ဆာအရှင်သည် ဗလာကျင်းနေသော အုတ်ဂူအထက်မှာ မတ်တတ်ရပ်ပြီး သူ၏ အနက်ရောင်ဆံပင်က ကခုန်နေ၏။ သွေးချီက သူ့ကိုလွှမ်းခြုံထားပြီး သူက သူ၏ လက်ကို ဝှေ့ယမ်းကာ သွေးဓားသုံးလက်ကို ထိန်းချုပ်၍ ကောင်းကင်ဘုံကိုးလွှာရှိရာသို့ ကြီးမားသော တိုက်ခိုက်မှုတစ်ရပ်ကို ထုတ်ဖော်လိုက်၏။
ချွင်… ချွင်… ချွင်…
သွေးဓားများက အဆက်မပြတ် ခုတ်ပိုင်းကျဆင်းလာပြီး ကောင်းကင်ဘုံကိုးလွှာဝင်္ကပါနှင့် ထိတွေ့ရိုက်ခတ်ကာ စူးရှသော သတ္ထုချင်းထိခတ်သံ ထွက်ပေါ်လာ၏။
မိစ္ဆာအရှင်၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒက အရမ်းကို သိပ်သည်းကျစ်လျစ်ပြီး သူ၏ ဘေးမှာရှိသော ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့ပင် မျက်မှောင်အနည်းငယ်ကြုတ်လိုက်ကြ၏။
သူတို့သည် အဲဒါကို ခံနိုင်ရည်မရှိသည့်အလား တစ်ယောက်ပြီးတစ်ယောက် ဘေးကိုရှောင်တိမ်းလိုက်ကြ၏။
ဧကရီဆိုးယုတ်သည် စွမ်းအားကြီးမားသော နည်းလမ်းများစွာကို ဆက်တိုက်ထုတ်ဖော်လိုက်သည်။
သူမသည် ကြီးမားသော လှေတစ်စင်းအပေါ်မှာ မတ်တတ်ရပ်ပြီး ကြယ်စင်စုများကို ဖြတ်ကျော်လာ၏။ မရေမတွက်နိုင်သော ချပ်ဝတ်တန်ဆာဆင်ထားသည့်မြင်းများက အေးခဲမြစ်ပြင်ကို ဖြတ်ကျော်ပြီး သူမ၏ ဘေးကို ရောက်ရှိလာ၏။ သူမက ညင်သာစွာ လက်ခုပ်တီးပြီး ဝေဝါး၍ ပုံရိပ်ယောင်ဆန်သော လက်ဝါးအရိပ်များစွာကို ဆင့်ခေါ်လိုက်၏။
ဧကရီဆိုးယုတ်၏ တိုက်ခိုက်မှုအောက်မှာ ကောင်းကင်ဘုံကိုးလွှာဝင်္ကပါပေါ်ရှိ ဓမ္မတာအိုမှော်စာလုံးများက တဖြည်းဖြည်း မှေးမှိန်လာ၏။ သူတို့က နက်ရှိုင်းစွာ အိပ်မောကျပြီး အိပ်မက်တစ်ခုထဲမှာ နစ်မျောသွားသည့်အလားပင်။
ဗြဟ္မာတစ္ဆေမိခင်၏ ခန္ဓာကိုယ်က ပျောက်ကွယ်သွားပြီး သူမသည် ဗြဟ္မာနှင့်အတ္တပေါင်းဆုံခြင်းကို ထုတ်ဖော်ကာ မဟာဗြဟ္မာနှင့်အတူ ပေါင်းစည်းပြီး အဆုံးမဲ့အနက်ရောင်မြူခိုးများအဖြစ် အသွင်ပြောင်းလဲသွား၏။
အနက်ရောင်မြူခိုးများက ကောင်းကင်ဘုံကိုးလွှာဝင်္ကပါထဲသို့ စိမ့်ဝင်ထိုးဖောက်လာခဲ့သည်။
တျဲယွဲ့၏ နောက်ဘက်မှာရှိသော သွေးလိပ်ပြာနယ်မြေဖြစ်စဉ်၏ တောင်ပံများက အနည်းငယ် ညင်သာစွာ တုန်ခါသွားပြီး ဧရာမမုန်တိုင်းတစ်ခု ဖြစ်ပေါ်ကာ လောကကို ဖျက်ဆီးပစ်နေ၏။
ကန့်သတ်မဲ့ သွေးမုန်တိုင်းက အော်မြည်လာပြီး ကောင်းကင်ဘုံကိုးလွှာဝင်္ကပါကို တိုက်ချလိုက်၏။ မုန်တိုင်းကြောင့် မရေမတွက်နိုင်သော မှော်စာလုံးများက စုတ်ပြဲကွာကျလာ၏။
တကယ်တော့ ကြောက်စရာအကောင်းဆုံးမြင်ကွင်းသည် သိုင်းတာအိုပင်မခန္ဓာဘက်မှာ ဖြစ်လေသည်။
သိုင်းတာအိုပင်မခန္ဓာ၏ လောကနှစ်ခုပေါင်းစည်းမှုသည် သူ၏ တိုက်ခိုက်ရည်ခွန်အားကို အကန့်အသတ်အထိ မြှင့်တင်ပေးလိုက်ပြီး ငရဲတံခါးဆယ်ချပ်က တစ်ခုပြီးတစ်ခု တဝုန်းဝုန်း တဒိုင်းဒိုင်း ပစ်ရိုက်ချနေ၏။ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးက မီးတောက်များဖြင့် တောက်လောင်နေပြီး ငရဲဖိနှိမ်မီးဖိုက သူ၏ ဦးခေါင်းထက်မှာ လွင့်မျောနေ၏။ သူက လက်သီးနှစ်ဖက်ကိုမြှောက်ပြီး ကောင်းကင်ဘုံကိုးလွှာဝင်္ကပါကို အဆက်မပြတ် ပစ်ထိုးချလိုက်၏။
သိုင်းတာအိုပင်မခန္ဓာ၏ လက်ရှိတိုက်ခိုက်ရည်ခွန်အားသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အကန့်အသတ်ကို ကျော်လွန်နေခဲ့ပြီဖြစ်သည်။
စောစောက သူ၏ လက်သီးနှင့် ရင်ဆိုင်ရချိန်မှာ အပြာရောင်ကောင်းကင်ဘုံအရှင်၊ ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် ဆန်းကြယ်ကောင်းကင်ဘုံအရှင်တို့ပင် သွေးပွက်ပွက်အန်ခဲ့ရ၏။ ယခု သိုင်းတာအိုပင်မခန္ဓာ၏ ဆက်တိုက်ထိုးချက်များနှင့်အတူ ကောင်းကင်ဘုံကိုးလွှာဝင်္ကပါက အဆက်မပြတ် ယိမ်းထိုးကာ ဓမ္မတာအိုမှော်စာလုံးများစွာက ကြေမွပျက်စီးသွား၏။ သူတို့၏ အလင်းရောင်က မှေးမှိန်ကာ အစီအရင်ဝင်္ကပါကနေ ကွာကျလာ၏။
သိုင်းတာအိုပင်မခန္ဓာ၏ ဦးခေါင်းအထက် အမိုးခုံးသည် နက်ရှိုင်းစွာ ချိုင့်ဝင်သွားခဲ့ပြီဖြစ်ပြီး လုံးလုံးလျားလျား လဲပြိုကျတော့မည်ဆဲဆဲဖြစ်သည်။
မသိလိုက်မသိဘာသာ အချိန်တစ်ခုကြာသွားပြီးနောက်…
ဝုန်း…
ပို၍ပင်ကျယ်လောင်သော ပေါက်ကွဲသံက လောကကို လှုပ်ခါသွားစေ၏။
လောကရှိ မရေမတွက်နိုင်သော သက်ရှိများ၏ ရှေ့မှာ အဆုံးမဲ့အရောင်အဝါဖြင့် တောက်ပနေသော ကောင်းကင်ဘုံကိုးလွှာ အမိုးခုံးမှာ ဧရာမအပေါက်တစ်ပေါက်သည် သိုင်းတာအိုပင်မခန္ဓာ၏ ထိုးချက်ဖြင့် ဖြစ်ပေါ်လာ၏။
ကောင်းကင်ဘုံကိုးလွှာဝင်္ကပါက ကျိုးပျက်သွားခဲ့ပြီဖြစ်သည်။
၎င်းသည် အပေါက်တစ်ပေါက်သာဖြစ်သော်လည်း ၎င်းသည် ကောင်းကင်ဘုံကိုးလွှာဝင်္ကပါ၏ စွမ်းအားကို ကြီးမားစွာ လျော့ကျသွားစေပြီး ပြန်လည်မဖာထေးနိုင်သော အားနည်းချက်များ ထွက်ပေါ်လာ၏။
ဘုန်း… ဘုန်း… ဘုန်း…
ကျယ်လောင်သော ပေါက်ကွဲသံလေးသံက ဆက်တိုက်ထွက်ပေါ်လာ၏။
တျဲယွဲ့၊ မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့၏ တိုက်ခိုက်မှုများအောက်မှာ ကောင်းကင်ဘုံကိုးလွှာဝင်္ကပါက ကျိုးပျက်သွားလေသည်။
ဖျောက်… ဖျောက်… ဖျောက်…
ဧရာမစွမ်းအားတစ်ခုက ကောင်းကင်ဘုံကိုးလွှာဝင်္ကပါထံသို့ အဆက်မပြတ် ဖြန့်ကြက်သွား၏။
ပြိုးပြိုးပြက်ပြက်တောက်ပနေသော အမိုးခုံးက သိပ်သည်းသော အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လာခဲ့သည်။
ကောင်းကင်ဘုံကိုးလွှာဝင်္ကပါသည် သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသော မဟာဧကရာဇ်လေးပါး၏ ပူးပေါင်းတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့ဘဲ နောက်ဆုံးမှာ ကြေမွပျက်စီးသွားခဲ့ပြီဖြစ်သည်။
အချိန်ခဏကြာပြီးနောက် ကျယ်လောင်သော ပေါက်ကွဲတစ်သံ ထွက်ပေါ်လာ၏။
လူတိုင်း၏ ရှေ့မှောက်မှာ ကောင်းကင်ဘုံကိုးလွှာ၏ အမိုးခုံးက ပြိုကျသွား၏။ ထို့နောက် ချက်ချင်းပင် ကြွယ်ဝသန့်စင်သော အဆုံးမဲ့ကောင်းကင်နှင့်မြေကြီးအမြုတေချီစီးကြောင်းတစ်ခုက အမိုးခုံး၏ နောက်ဘက်ကနေ ခံ့ညားထည်ဝါသောပုံစံဖြင့် တလိပ်လိပ်တိုးထွက်လာပြီး တုန်လှုပ်စရာကောင်းသော ဆူနာမီတစ်ခုကဲ့သို့ ကောင်းကင်တစ်ခွင် ဖုံးအုပ်သွား၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးသည် ကြက်သေသေနေသော အမူအရာများနှင့်အတူ မှင်တက်နေကြ၏။
သည့်ယခင်က ကောင်းကင်ဘုံကိုးလွှာသည် ခုံရုံးအဖြစ်ထမ်းဆောင်ပြီး ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ချိပ်ပိတ်ထားသည်ဟု သိုင်းတာအိုပင်မခန္ဓာက ဆိုခဲ့သည်။ ထို့ကြောင့်ပင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ အမြုတေချီက အရမ်းကိုပါးလွှာပြီး သက်ရှိများအားလုံးအဖို့ ကျင့်ကြံဖို့ ခက်ခဲလာသည်ဟု သူက ဆိုခဲ့သည်။
ထိုအချိန်တုန်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ထိုအချက်ကို မယုံကြည်သောလူ များစွာရှိနေခဲ့ဆဲဖြစ်၏။
ဤအခိုက်အတန့်မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများသည် အဲဒါကို သူတို့၏မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့လိုက်ရပြီး သူတို့က နောက်ဆုံးနားလည်သဘောပေါက်သွားကြ၏။
“ကောင်းကင်ဘုံကိုးလွှာက ခုံရုံးအဖြစ် ထမ်းဆောင်နေခဲ့တာလား… ဒီနှစ်တွေထဲမှာ ကောင်းကင်ဘုံခုံရုံးက ဘယ်လောက်တောင် ကြီးလေးတဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့ကြတာလဲ”
“ကောင်းကင်ဘုံခုံရုံးက အဲ့ဒီလူတွေက မိုးမြင့်နန်းထက်မှာ စံမြန်းနေခဲ့ကြတယ်… သူတို့က ငါတို့တွေကို လူသားတွေလိုတောင်မှ လုံးဝမသတ်မှတ်ခဲ့ဘူး… သူတို့တွေက ကောင်းကင်နှင့်မြေကြီးအမြုတေချီ တစ်စွန်းတစ်စကိုပဲ ငါတို့အတွက် ချန်ပေးထားပြီး ဒါတောင် ငါတို့က အဲဒါအတွက် တစ်ယောက်ကိုတစ်ယောက် အသေအကြေတိုက်ခိုက်နေခဲ့ကြရတယ်”
ကောင်းကင်ဘုံခုံရုံးကနေ တလိပ်လိပ်ကျဆင်းလာသော ကောင်းကင်နှင့်မြေကြီးအမြုတေချီသည် အရမ်းကို သိပ်သည်းများပြားပြီး အမြုတေချီသမုဒ္ဒရာတစ်စင်းကဲ့သို့ ပြောင်းလဲလုနီးပါးပင်။ ၎င်းသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကဆီ တိုးဝင်လာပြီး ဘီလီယံနှင့်ချီသော ကြယ်စင်စုများကို လှည့်ပတ်စီးဆင်းကာ နေရာအနှံ့အပြား အမြုတေချီမိုးများကို ရွာသွန်းကျဆင်းလာစေ၏။
အမြုတေချီမိုးက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ခုလုံးကို ဖုံးအုပ်သွား၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အစွန်ဖျားမှာရှိသော ထျန်ဟွမ်ကမ္ဘာပင်လျှင် သိပ်သည်းသော မိုးရေဖြင့် လွှမ်းခြုံခြင်းခံလိုက်ရ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အစွန်းဖျားမှာရှိသော မူလက ခြောက်သွေ့၍ အသက်ဓာတ်ကင်းမဲ့နေသော ကြယ်များသည် တစ်ခုပြီးတစ်ခု နိုးထလာပြီး ပြန်လည်မွေးဖွားလာကြ၏။ အထီးကျန်သိုင်းသခင်သည် သက်ရှိများအားလုံးထံ တာအိုနှင့်သိုင်းပညာကို သင်ကြားပေးခဲ့သည်။ ထို့သို့ဖြင့် သိုင်းတာအိုကို လက်ဆင့်ကမ်းနိုင်မည်ဖြစ်သည်။ သို့သော်လည်း ၎င်းထံကနေ မည်သူကမှ အကျိုးအမြတ်ကို ချက်ချင်းရရှိနိုင်မည်မဟုတ်ပေ။
ယခု ကောင်းကင်ဘုံကိုးလွှာဝင်္ကပါက ကြေမွပျက်စီးသွားသည့်ခဏမှာပင် အမြုတေချီမိုးက ကောင်းကင်ထက်ကနေ ရွာသွန်းဆင်းသက်လာ၏။ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများအတွက် ဤသည်ကား စဉ်းစားကြည့်၍မရနိုင်သော အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။
သက်ရှိများအားလုံး သို့မဟုတ် အားအနည်းဆုံး သက်ရှိပုံစံများပင်လျှင် ၎င်းထံကနေ အကျိုးအမြတ်ကို ရရှိကြပေလိမ့်မည်။ သက်ရှိများအားလုံးနီးပါးသည် ထိုအခိုက်အတန့်မှာ အဆင့်ချိုးဖျက်တက်လှမ်းမည့် အခွင့်အလမ်းတစ်ခုကို ခံစားမိလာကြ၏။ ကျင့်ကြံရေးအရင်းအမြစ်များ ပြတ်လပ်မှုကြောင့် ပါရမီအရည်အချင်းရှိသော လူများပင်လျှင် အဟန့်အတားများစွာနှင့် ကြုံတွေ့နေရ၏။ ယခု သူတို့သည် ဤကဲ့သို့ အခွင့်အလမ်းတစ်ရပ်ကို ရရှိလာပြီး သူတို့ထဲမှများစွာက အဆင့်သေး နှစ်ဆင့်သုံးဆင့်ကို တစ်ခါတည်း ချိုးဖျက်တက်လှမ်းလာကြ၏။
အမြုတေချီမိုးသည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးအတွက် တိုက်ရိုက်အကျဆုံး သက်ရောက်မှုတစ်ခုမျှသာဖြစ်သည်။
ကောင်းကင်ဘုံကိုးလွှာဝင်္ကပါ ကျိုးပျက်သွားပြီးနောက် လူတိုင်းသည် ဒဏ္ဍာရီလာကောင်းကင်ဘုံခုံရုံးကို နောက်ဆုံးမြင်တွေ့လိုက်ရသည်။
ထိုအခိုက်အတန့်မှာ မြူခိုးများကို ဖြတ်ကျော်ပြီး သူတို့၏ မြင်ကွင်းက ပိုမိုရှင်းလင်းကျယ်ပြန့်သွားသည့်အလား ဧကရာဇ်နယ်ပယ်ပညာရှင်များစွာက ခံစားလိုက်ရ၏။
ရှေ့လမ်းကြောင်းမှာရှိသော မြူခိုးများက ချက်ချင်းပင် ပျက်ပြယ်သွားလေသည်။
အစကတော့ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအနေဖြင့် သူတို့သည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းပြီးနောက် ၎င်းသည် လမ်းဆုံးကို ရောက်ရှိသွားသည့်အလားပင်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ရှေ့မှာရှိသောလမ်းက အဆုံးမဲ့နေသည်ကို ဧကရာဇ်ပညာရှင်များက နားလည်သိရှိသွား၏။
ဧကရာဇ်ပညာရှင်တချို့သည် သူတို့၏ ကျင့်ကြံမှုနယ်ပယ် အဟန့်အတားများက စတင်၍ ပြေလျော့လာသည်ဟုပင် ခံစားလိုက်ရ၏။
အခန်း ၃၁၈၈ - ကောင်းကင်ဘုံခုံရုံး၏ ဆိုးယုတ်မှုများ
ကောင်းကင်ဘုံခုံရုံးမှာရှိသော ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ခေတ်တချို့ကြာအောင် စုဆောင်းထားခဲ့သည်။ နှစ်ပေါင်းမရေမတွက်နိုင်အောင် ကြာခဲ့ပြီးနောက် ၎င်းသည် ကောင်းကင်ဘုံခုံရုံးမှာ အမြုတေချီပင်လယ်တစ်ခုကိုပင် ဖြစ်ပေါ်လာစေခဲ့သည်။
ယခု ၎င်းက သွန်လောင်းကျဆင်းလာပြီး ထိုအချင်းအရာက မည်ကဲ့သို့သော မြင်ကွင်းမျိုး ဖြစ်လာမလဲ။
ခေတ်ပေါင်းများစွာကြာအောင် စုစည်းထားသော ကောင်းကင်နှင့်မြေကြီးအမြုတေချီများက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ရုတ်တရက် သွန်လောင်းကျဆင်းလာခြင်းသည်။ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအတွက် ကောင်းချီးမင်္ဂလာဖြင့် ဆေးကြောပေးမှုနှင့် တူနေ၏။
ကောင်းကင်လိုဏ်ဂူငါးခုကို ကျင့်ကြံပြီးနောက် ဆူဇီမို အဆင့်ချိုးဖျက်တက်လှမ်းဖို့အတွက် လိုအပ်သော ကောင်းကင်နှင့်မြေကြီးအမြုတေချီပမာဏက စဉ်းစားကြည့်၍ မရနိုင်အောင်ပင်။
သူသည် မကြာသေးခင်ကမှ ကောင်းကင်လိုဏ်ဂူအကြီးနယ်ပယ်သို့ တက်လှမ်းလာခါစဖြစ်သည်။ ပုံမှန်အခြေအနေမှာဆိုလျှင် သူ့အနေဖြင့် ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ကျင့်ကြံရန် အနည်းဆုံး နှစ်ပေါင်းတစ်သောင်း အချိန်ယူရပေလိမ့်မည်။
သို့သော် ယခု အမြုတေချီမိုးဖြင့် ဆေးကြောသန့်စင်မှုကို လက်ခံရရှိပြီးနောက်…
ကောင်းကင်လိုဏ်ဂူငါးခုက ပေါ်ထွက်လာပြီး ကောင်းကင်ဘုံခုံရုံးမှ ဆင်းသက်လာသော ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ရူးသွပ်စွာဖြင့် စုပ်ယူဝါးမျိုနေ၏။ သိပ်မကြာခင် ကောင်းကင်လိုဏ်ဂူငါးခုထဲရှိ အမြုတေချီက ၎င်း၏ အထွတ်အထိပ်အထိ စုဆောင်းမိလာ၏။
ဝုန်း… ဝုန်း… ဝုန်း… ဝုန်း… ဝုန်း…
ကျယ်လောင်သော မြည်သံများနှင့်အတူ တွဲဖက်ပြီး ကောင်းကင်လိုဏ်ဂူငါးခုက နောက်တစ်ဖန် အသွင်ပြောင်းလဲသွား၏။
ပကတိကောင်းကင်လိုဏ်ဂူများ…
ဆူဇီမိုသည် အထွတ်အထိပ်အင်မော်တယ်ဘုရင်တစ်ပါးအဖြစ် တက်လှမ်းလာခဲ့ပြီဖြစ်သည်။
သူ၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်ကလည်း တိုးမြင့်လာပြီး ဧကရာဇ်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းသွား၏။
အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ ကောင်းကင်လိုဏ်ဂူငါးခုပင် အဆင့်ချိုးဖျက်တက်လှမ်းလာနိုင်ခဲ့သည်ဆိုလျှင် အခြားသော သက်ရှိများနှင့် ကျင့်ကြံသူများသည် ဤကဲ့သို့ ကြီးမားသော ကောင်းကင်နှင့်မြေကြီးအမြုတေချီ၏ သွန်းလောင်းမှုကို လက်ခံရရှိပြီးနောက် တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖျက်တက်လှမ်းလာကြပေလိမ့်မည်။
အစက ယွင်ထင်သည် အာကာသသက်ရှိနယ်ပယ်၏ အထွတ်အထိပ်အထိ ကျင့်ကြံထားခဲ့သည်။ ကောင်းကင်နှင့်မြေကြီးအမြုတေချီ ဆင်းသက်လာသည့်ခဏမှာပင် သူက ဗလာနယ်ဝိညာဉ်နယ်ပယ်သို့ ချိုးဖျက်တက်လှမ်းသွား၏။
အမြုတေချီက သူ၏ ခန္ဓာကိုယ်ထဲမှာ လှည့်ပတ်စီးဆင်းနေစဉ် သူ၏ ခန္ဓာကိုယ်ထဲရှိ အမြုတေချီက နောက်တစ်ဖန် ပို၍ပို၍ စုဆောင်းမိလာ၏။ သူသည် နောက်တစ်ဖန် အဆင့်ချိုးဖျက်တက်လှမ်းပြီး သုခဘုံလေဟာနယ်နယ်ပယ်သို့ တိုက်ရိုက်ဝင်ရောက်သွား၏။
ယွင်ထင်သည် ပကတိဧကနယ်ပယ်မှာ အဆင့်သေးနှစ်ဆင့်ကို တစ်ခါတည်း ချိုးဖျက်တက်လှမ်းနိုင်ခြင်းသည် သူ၏ ကြောက်စရာကောင်းသော ပါရမီအရည်အချင်းကို သက်သေပြပေးနေ၏။
အခြားတစ်ယောက်ယောက်သာဆိုလျှင် သူတို့၏ အမြုတေစိတ်ဝိညာဉ်နယ်ပယ်က လုံလောက်မှုမရှိဘဲ သူတို့သည် ပကတိဧကနယ်ပယ်တွင် ပြီးပြည့်စုံသည့် နားလည်ဆင်ခြင်မှုတစ်ခုကို လိုအပ်နေပါက အဆုံးမဲ့အမြုတေချီက သူတို့၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာမည်ဆိုလျှင်တောင် ဤကဲ့သို့သော သက်ရောက်မှုတစ်ခုကို ရရှိဖို့ လွယ်ကူလိမ့်မည် မဟုတ်ပေ။
ယွင်ထင်က ဝမ်းသာပျော်ရွှင်နေ၏။
သူသည် ဆူဇီမို၏ အစစ်အမှန်သရုပ်သကန်ကို သိရှိသွားပြီးကတည်းက သူသည် ထိုသူကို လိုက်မီအောင် ကြိုးစားဖို့ကို လက်လျှော့လိုက်ပြီဖြစ်သည်။
ယခုအချိန်မှာ သူသည် ဆူဇီမို၏ တပည့် ပေမင်ရွှယ်ကို ပစ်မှတ်ထားနေပြီဖြစ်၏။
သူ၏ အကြည့်က ရွေ့လျားသွားပြီး ပေမင်ရွှယ်ကို အလိုလိုလှည့်ကြည့်လိုက်၏။ သို့သော်လည်း သူက မှင်တက်သွားရသည်။
ပေမင်ရွှယ်ကလည်း အဆင့်ချိုးဖျက်တက်လှမ်းသွား၏။
ဒါ့အပြင် သူမသည် နယ်ပယ်အကြီးတစ်ခုကို ကျော်ဖျက်ပြီး ပကတိအစစ်အမှန်သိုင်းနယ်ပယ်ကနေ သိုင်းပိုင်နက်နယ်မြေနယ်ပယ်သို့ တက်လှမ်းသွား၏။
ပေမင်ရွှယ်သည် သူမကိုယ်ပိုင် ပိုင်နက်နယ်မြေတစ်ခုကို ကျင့်ကြံလာနိုင်၏။
ဤပိုင်နက်နယ်မြေထဲမှာ ဓားချီက ထကြွသောင်းကျန်းနေပြီး မရေမတွက်နိုင်သော ဓားတေးသံများ ထွက်ပေါ်နေ၏။
ထိုအရာသည် သိုင်းတာအို၏ သီးသန့်မူပိုင် ထူးခြားမှုတစ်ခုလည်းဖြစ်၏။
သိုင်းတာအိုမှာ လျှောက်လှမ်းသူများစွာသည် အနာဂတ်မှာ တူညီသော ထိုလမ်းကြောင်းကို လျှောက်လှမ်းမည့်သူ များစွာရှိလိမ့်မည် မဟုတ်ပေ။
သိုင်းတာအိုကျင့်ကြံသူများ စုဖွဲ့ထားသည့် သိုင်းစိတ်ဝိညာဉ်များက ကွဲပြားခြားနားကြပေလိမ့်မည်။ သူတို့က သူတို့ကိုယ်ပိုင်လမ်းကြောင်းကို လျှောက်လှမ်းရင်း အနာဂတ်မှာ အဆုံးမဲ့ဖြစ်နိုင်ခြေများ ပေါ်ထွက်လာကြပေလိမ့်မည်။
အထီးကျန်သိုင်းသခင်၏ အကြီးဆုံးတပည့်အနေဖြင့် ပေမင်ရွှယ်သည် သိုင်းတာအိုကို အပြည့်အဝဆက်ခံရရှိထား၏။ သို့သော်လည်း သူမ၏ တာအိုက သိုင်းတာအိုပင်မခန္ဓာနှင့် အလွန်တရာ ကွဲပြားခြားနားနေ၏။
သိုင်းတာအို၏ အနာဂတ်သည် အဆုံးမဲ့ဖြစ်နိုင်ခြေများနှင့်အတူ သေချာပေါက် ကြီးကျယ်ခမ်းနားကာ ကျယ်ပြန့်လာပေလိမ့်မည်။
မပြောင်းမလဲ ကျန်ရှိနေမည့် တစ်ခုတည်းသောအရာမှာ သိုင်းတာအို၏ စိတ်ဝိညာဉ်ဖြစ်သည်။
မျောက်၊ ညဝိညာဉ်၊ ကျား၊ ချင်ချင်၊ မြေခွေးလေး၊ ရွှေခြင်္သေ့၊ စိတ်ခံစားချက်ခုနှစ်မျိုးမိစ္ဆာတပ်မှူးများ၊ ယန်ပေးချန်၊ မင်းကျန်၊ နတ်ဆိုးမကျိနှင့် အခြားသူများကလည်း တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖျက်တက်လှမ်းသွားကြ၏။ အင်မော်တယ်ဘုရင်မ လင်းလုံနှင့် ဖုန့်စန်းထျန်သည် ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ချက်ချင်းပင် ရောက်ရှိသွားကြ၏။
ယက္ခဘုရင်အကြောက်တရားကတော့ သူသည် ဧကရာဇ်နယ်ပယ်သို့ တိုက်ရိုက်တက်လှမ်းသွားသည်။
လင်းကျန့်ကလည်း ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းသွား၏။
တကယ်ဆို ဘဝသက်တမ်းကုန်ဆုံးတော့မည့်ဆဲဆဲ ဘုရင်များနှင့် ဧကရာဇ်တစ်ပိုင်းတချို့ပင် တစ်ယောက်ပြီးတစ်ယောက် အဆင့်ချိုးဖျက်တက်လှမ်းပြီး ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်လာကြ၏။ သူတို့၏ ဘဝသက်တမ်းများက ဆပွားမြင့်တက်လာပြီး သူတို့သည် အသစ်တစ်ဖန်မွေးဖွားလာသော ဘဝများကို ရရှိလာကြ၏။
ဤသည်မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်းသက်ရှိများအတွက် စဉ်းစားကြည့်၍မရနိုင်သော အခွင့်အလမ်းတစ်ရပ်ဖြစ်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အလုံးစုံခွန်အားကို ကြီးမားသော အတိုင်းအတာတစ်ခုဖြင့် မြင့်တက်လာစေပေလိမ့်မည်။
ကောင်းကင်ဘုံခုံရုံးသည် ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ခေတ်အဆက်အဆက် စုဆောင်းထားခဲ့ပြီး ယခု သူတို့အားလုံးက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်းသက်ရှိများထံ သွန်းလောင်းကျဆင်းလာ၏။ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအပေါ် ဆောင်ကျဉ်းပေးလာမည့် ပြောင်းလဲမှုများကို စဉ်းစားကြည့်နိုင်သည်။
ကောင်းကင်နှင့်မြေကြီးအမြုတေချီနှင့် ဤကဲ့သို့သော အခွင့်အလမ်းများကို အစကတည်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ပိုင်ဆိုင်သင့်ခဲ့သည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တံခါးပိတ်ကျင့်ကြံနေသော ဧကရာဇ်ပညာရှင်များစွာကလည်း ထိုအခိုက်အတန့်မှာ နိုးထလာကြ၏။
နှစ်ပေါင်းသန်းချီအောင် တစ်ဆို့နေခဲ့သော ဧကရာဇ်ပညာရှင်တချို့၏ အဟန့်အတားများကလည်း စတင်၍ ပြေလျော့လာ၏။
သာမန်ဧကရာဇ်တချို့က အန္တိမဧကရာဇ်များအဖြစ် ပြောင်းလဲသွားကြ၏။
အန္တိမဧကရာဇ်တချို့က အထွတ်အထိပ်ဧကရာဇ်များ ဖြစ်လာကြသည်။
အထွတ်အထိပ်ဧကရာဇ်ပညာရှင်များသည် ထပ်မံ၍ မတက်လှမ်းနိုင်သော်လည်း သူတို့၏ ဓမ္မတာအိုပေါ် နားလည်ဆင်ခြင်မှုက နောက်တစ်ဆင့်အထိ မြင့်တက်လာကြ၏။ ကောင်းကင်ဘုံကိုးလွှာဝင်္ကပါကို ချိုးဖျက်ပြီးနောက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်း သက်ရှိများအားလုံးက ထူးဆန်းသော ခံစားချက်တစ်ခုကို ရရှိလာကြသည်။
ကျင့်ကြံမှုက ယခင်ကထက် များစွာပိုမို လွယ်ကူချောမွေ့လာပုံရသည်။
သူတို့၏ ဦးခေါင်းထက်မှာ ဖိထားသည့် မကိုင်လှုပ်နိုင်သော တောင်တစ်လုံးက ရုတ်တရက်ပြိုကျပျက်ပြယ်သွားပြီး လူတိုင်းက လွတ်လပ်ပေါ့ပါးသွားသည့်အလားပင်။
တဖြည်းဖြည်း မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် သူတို့က အစကတည်းက ဤမျှအထိ ခက်ခဲခက်ခဲ ကျင့်ကြံစရာမလိုခဲ့သင့်ကြောင်း နားလည်သဘောပေါက်လာကြ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သဘာဝမဆန်မှုများစွာနှင့် သူတို့တွေ့ကြုံခံစားခဲ့ရသော ထိခိုက်နစ်နာမှုများသည် ကောင်းကင်ဘုံခုံရုံးကနေ အရင်းခံလာခဲ့သည်။
တကယ်ဆို ဧကရာဇ်ပညာရှင်တချို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အော်ရာတစ်ခုကိုပင် ခပ်ရေးရေး အာရုံခံမိနိုင်ကြ၏။
ဤအခိုက်အတန့်မှသာ ဧကရာဇ်ပညာရှင်များသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းနိုင်မည့် မျှော်လင့်ချက်တစ်စွန်းတစ်စကို နောက်ဆုံးမှာ တွေ့မြင်လာကြရ၏။ ကောင်းကင်ဘုံကိုးလွှာဝင်္ကပါက ဖျက်ဆီးခံလိုက်ရပြီး ကောင်းကင်ဘုံခုံရုံးသည် သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသူများ၏ ရှေ့မှာ လုံးလုံးလျားလျား ပေါ်ထွက်လာ၏။ ကောင်းကင်ဘုံခုံရုံးဟု ခေါ်ဆိုသောအရာကို ဧရာမ လွင့်မျောတိမ်စိုင်ကိုးခုဖြင့် ချိတ်ဆက်ထားပြီး မြေဆီလွှာများနှင့် သဲများက ရောထွေးနေ၏။ တကယ်ဆို သိုင်းတာအိုပင်မခန္ဓာသည် လွင့်မျောတိမ်စိုင်ကိုးခုထံမှ ရင်းနှီးနေကျ အော်ရာတစ်ခုကိုပင် ရရှိနေ၏။
သက်ရှိမြေဆီလွှာ…
ဤသည်ကား သူ၏ ယခင်ခန့်မှန်းချက်နှင့် တူညီသလောက်နီးပါးပင်။
ဖန်တီးခြင်းကြာပဒုမ္မာကနေ ဆင်းသက်လာသော သက်ရှိမြေဆီလွှာသည် ကောင်းကင်ဘုံကိုးလွှာမှ သက်ရှိမြေဆီလွှာနှင့် အတူတူပင်ဖြစ်သည်။
လွင့်မျောတိမ်စိုင်များအထက်မှာ အင်မော်တယ်ကျွန်းများကို တွေ့မြင်နိုင်၏။ ကောင်းကင်ဘုံနန်းတော်များသည် တောက်ပခံ့ညားသော အရောင်အဝါများစွာနှင့်အတူ ရောထွေးယှက်ဖြာနေ၏။ ကောင်းကင်ဘုံနန်းတော်များ၏ ရှေ့တည့်တည့်မှာ ကြီးမားသော ကောင်းကင်ဘုံဂိတ်တံခါးများက ခံ့ညားထည်ဝါသော အော်ရာများကို ဖြာထုတ်ပေးနေ၏။ သူတို့ကို ဖန်သားများဖြင့် ပြုလုပ်ထားပြီး ဂမ္ဘီရညှို့ဓာတ်က တောက်ပခံ့ညားသော အရောင်အဆင်းများနှင့်အတူ လှည့်ပတ်စီးဆင်းနေ၏။ ကျောက်စိမ်းများကို နှစ်မြှုပ်ထားပြီး သူတို့က တဖျတ်ဖျတ်တလက်လက် အလင်းရောင်များဖြင့် တောက်ပနေလေသည်။
ကောင်းကင်ဘုံဂိတ်တံခါးများ၏ တစ်ဖက်တစ်ချက်စီမှာ သတ်ဖြတ်လိုစိတ်ဖြင့် စောင့်ကြပ်နေသော ကောင်းကင်ဘုံစစ်သည်များနှင့် စစ်ဗိုလ်များစွာ ရှိနေ၏။
တုတ်ခိုင်ကြီးမားသော ဧရာမကျောက်တိုင်ကိုးတိုင်က ကောင်းကင်ဘုံခုံရုံး၏ အထက် တိမ်စိုင်များ၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားပြီး သူတို့ကို မိုးပြာရောင်နဂါး အထွတ်အမြတ်တောကောင်များက ရစ်ပတ်နေ၏။
တံတားကိုးစင်းသည် လွင့်မျောတိမ်စိုင်ကိုးခုကို ဖြတ်ကျော်ပြီး သူတို့ကို ချိတ်ဆက်ထား၏။ လွမ့်နှင့် ဖီးနစ်များက သူတို့အပေါ်မှာ ကခုန်နေပြီး ဟင်္သပဒါးငှက်များက သံရှည်ဆွဲ၍ အော်မြည်နေကြ၏။
ကောင်းကင်ဘုံခုံရုံးသည် သူတို့၏ မြင်ကွင်းတစ်ခုလုံးမှာ ပြည့်နှက်နေ၏။ ၎င်းသည် မရေမတွက်နိုင်သော စိတ်ဝိညာဉ်ပစ္စည်းများ၊ အင်မော်တယ်ဆေးပင်များ၊ သစ်ပင်များနှင့် ကျော်ကြားသော ပန်းပင်နှင့် အပင်များစွာဖြင့် ပြည့်နှက်နေ၏။ သိုင်းတာအိုပင်မခန္ဓာပင် သူတို့အားလုံး၏ အမည်ကို မသိရှိပေ။
ထိုအပင်များနှင့် စိတ်ဝိညာဉ်ပစ္စည်းများထဲ များစွာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဆိတ်သုဉ်းပျောက်ကွယ်နေပြီဖြစ်သည်။
သို့သော်လည်း သူတို့ကို ကောင်းကင်ဘုံခုံရုံးတွင် နေရာတိုင်းမှာ တွေ့မြင်နိုင်၏။
တည်ဆောက်သူသစ်ပင်ကဲ့သို့ ကောင်းကင်နှင့်မြေကြီး စိတ်ဝိညာဉ်ရင်းမြစ်တစ်ခုအနေဖြင့်ပင်လျှင် ကောင်းကင်ဘုံခုံရုံးမှာ ပေါက်ရောက်နေသောအပင်က ထျန်ဟွမ်ကမ္ဘာမှာရှိသော အပင်ထက် များစွာပိုမိုကြီးမားတုတ်ခိုင်နေ၏။
ဤအရာများအားလုံးသည် ကောင်းကင်ဘုံခုံရုံး၏ အပေါ်ယံမျှသာ ဖြစ်သည်။ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ ပြုပြင်မွမ်းမံထားသော ထျန်ဟွမ်ကမ္ဘာသည် လူတိုင်း၏ မျက်လုံးထဲမှာ သုခဘုံတစ်ခုကဲ့သို့ ဖြစ်နေပေလိမ့်မည်။
သို့သော်လည်း သူတို့သည် ကောင်းကင်ဘုံခုံရုံးမှ မြင်ကွင်းကို တွေ့မြင်သောအခါ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် အစစ်အမှန်သုခဘုံက ဘာလဲဆိုတာ နားလည်သဘောပေါက်သွား၏။
ကောင်းကင်ဘုံခုံရုံးနှင့်ယှဉ်လျှင် သူတို့ရှင်သန်နေထိုင်သော ကျင့်ကြံရာနေရာသည် ဝက်ခြံများ၊ မြင်းဇောင်းများနှင့် တူနေ၏။
လောကမှာ ဖြစ်ပွားသော ကစဉ့်ကလျားတိုင်းအပြီး၌ နောက်ဆုံးအနိုင်ရရှိသူအနေဖြင့် ကောင်းကင်ဘုံခုံရုံးသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ရတနာများစွာကို သိမ်းပိုက်လုယူထားခဲ့ပေလိမ့်မည်။ ကောင်းကင်ဘုံခုံရုံးသည် လက်ရှိအခြေအနေကို ရရှိလာဖို့အတွက် ခေတ်တချို့ကြာအောင် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို အနိုင်ကျင့်ဖိနှိမ်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အမြုတေများစွာကို အတင်းအဓမ္မ လုယူခဲ့ကြပေလိမ့်မည်။
ကောင်းကင်ဘုံခုံရုံးမှာ အရာရာတိုင်းကိုကြည့်ပြီး မည်သူကမှ အဲဒါကို ရှင်းပြနေစရာ မလိုတော့ပေ။
ကောင်းကင်ဘုံခုံရုံးသည် သူတို့ကို အနိုင်ကျင့်နင်းချေပြီး သူတို့ပိုင်ဆိုင်ခဲ့သည့် အရာရာတိုင်းကို လုယက်ယူဆောင်ကာ ကောင်းကင်နှင့်မြေကြီးအမြုတေချီကို ချိပ်ပိတ်ထားခဲ့၏။ ထိုသူများသည် သူတို့ကို ခြံမွေးတိရစ္ဆာန်များအဖြစ် ပြုမူဆက်ဆံခဲ့ရုံသာမက သူတို့ကို အသုံးချခြင်း၊ လှည့်စားခြင်း၊ သူတို့၏ ဂုဏ်သိက္ခာကို နင်းချေခြင်းနှင့် သူတို့၏ ကံကြမ္မာများကို စိတ်ရှိသလို ကိုင်တွယ်ထိန်းချုပ်ခြင်းများပင် ပြုလုပ်ခဲ့ကြ၏။
ဤအချိန်မှာ စိတ်ဓာတ်အနည်းငယ်ပြင်းပြသော မည်သည့်ကျင့်ကြံသူမဆို ကောင်းကင်ဘုံခုံရုံးအပေါ် ထိန်းချုပ်မရသော အမျက်ဒေါသတစ်ခုကို ခံစားကြရပေလိမ့်မည်။
ရှေးဟောင်းမဟာဧကရာဇ်များသည် သူတို့ မနိုင်ဘူးဆိုတာ သိနေလျှင်တောင် ခေါင်းမာစွာဖြင့် ရှေ့သို့သာ တက်လှမ်းပြီး ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို ဘာကြောင့်ထပ်တလဲလဲ ကြိုးပမ်းခဲ့ကြသလဲ ထိုအခိုက်အတန့်မှသာ သူတို့က နားလည်သဘောပေါက်သွားကြသည်။
ကောင်းကင်ဘုံခုံရုံး၏ ဆိုးယုတ်မှုများက တိုင်းတာ၍ မရနိုင်အောင်ပင် ရှိခဲ့သည်။