အခန်း (၃၁၈၉-၃၁၉၀)
Vol. 212 Ch. 3189-3190
အခန်း ၃၁၈၉ - အားလုံးပဲ ဂရုစိုက်ကြ
သိုင်းတာအိုပင်မခန္ဓာက ကောင်းကင်ဘုံခုံရုံးသို့ရောက်သည့်အခါ သူက တစ်ဘက်သို့လှည့်ပြီး တွေဝေရှုပ်ထွေးသောအမူအရာတစ်ခုနှင့်အတူ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ရင်းနှီးနေကြသူများကို ကြည့်လိုက်၏။
ထိုအကြည့်မှာ ဝန်လေးမှုနှင့်လွမ်းဆွတ်မှုအငွေ့အသက်တစ်ခုပါဝင်နေ၏။
ယခုအချိန်မှာ သူတို့သည် မိုးကောင်းကင်ကိုးလွှာဝင်္ကပါကိုသာ ဖြတ်ကျော်ရသေးသည်။ သိုသော်လည်း သူတို့သည် ကောင်းကင်ဘုံခုံရုံးမှ ကျန်ရှိနေသော အရှင်ခြောက်ပါးကို မဖိနှိမ်ရသေးပေ။
ကောင်းကင်ဘုံခုံရုံးမှာ သူတို့ချန်ထားရစ်ခဲ့သည့် တာအိုအမှတ်အသားများကိုလည်း မဖျက်ဆီးရသေးပေ။ ဒါ့အပြင် ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါး၏ ခွန်အားက သူတို့၏ အကန့်အသတ်ထိ သေချာပေါက် ရောက်ရှိနေပေလိမ့်မည်။
ဤတိုက်ပွဲသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက တိုက်ပွဲထက် ပို၍ပင် ပြင်းထန်ကြမ်းတမ်းနေနိုင်သည်။
ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက ယခုအချိန်ထိ မပြီးဆုံးသေးပေ။
ကောင်းကင်ဘုံခုံရုံးက ကျယ်ပြောပြီး အကန့်အသတ်မဲ့သည်။ သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသူများသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ရှေ့သို့ဆက်တိုးကြရင်း သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် ဝေးကွာသည်ထက် ဝေးကွာလာပြီး ထိုနေရာကို ဂရုစိုက်မပေးနိုင်တော့ပေ။
“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်... မဟာဧကရီသွေးလိပ်ပြာ”
ဧကရာဇ်ပညာရှင်တစ်ဦးက လှမ်းအော်ပြောလိုက်သည်။
“ခင်ဗျားတို့တွေ နိုင်ရမယ်”
“ခင်ဗျားတို့ ဒီတိုက်ပွဲမှာ သေချာပေါက်နိုင်ရလိမ့်မယ်”
နောက်ထပ်လူတစ်ယောက်က ထပ်မံ၍ အော်ပြောလိုက်၏။၊
“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်… မဟာဧကရီသွေးလိပ်ပြာ… ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်”
“မဟာဧကရာဇ်အထီးကျန်သိုင်းသခင် ဂရုစိုက်ပါ”
“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်… မဟာဧကရီသွေးလိပ်ပြာ… ခင်ဗျားတို့ရှင်သန်ရမယ်”
လိပ်ပြာမျိုးနွယ်မှလူများစွာ၏ အဝတ်များပေါ် မျက်ရည်များက စီးကျလာပြီး သူတို့၏ မျက်ထုံးထဲရှိ နက်ရှိုင်းသောဝန်လေးမှုနှင့်အတူ အော်ပြောလိုက်ကြ၏။
အမျိုးမျိုးသောကမ္ဘာများမှ နောက်ထပ်အသံများကလည်း ပို၍ပို၍ထွက်ပေါ်လာ၏။
မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာသည် ကောင်းကင်ဘုံခုံရုံး၏ ပိုင်နက်နယ်မြေထဲသို့ ဝင်ရောက်တော့မည်ဖြစ်ပြီး ကောင်းကင်ဘုံခုံရုံးမှအရှင်များနှင့် နောက်ဆုံးတိုက်ပွဲဆင်နွဲတော့မည်ကို ပညာရှင်များစွာက သိရှိထားကြ၏။
လူတိုင်းထံမှ အော်ဟစ်အားပေးသံများသည် သူတို့က မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းနိုင်တော့မည်ဖြစ်သောကြောင့်သာလျှင် မဟုတ်ဘဲ သူတို့၏ ရင်ထဲအသဲထဲကနေ လာခြင်းဖြစ်သည်။
မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူမ၏ တာအိုကို အတည်ပြုထားသည့် မဟာဧကရီသွေးလိပ်ပြာတို့ကဲ့သို့ ပညာရှင်များ ရုတ်တရက်ပေါ်ထွက်လာသောကြောင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မျိုးနွယ်စုတစ်သောင်းသက်ရှိများသည် အန္တရာယ်ကနေ ကယ်တင်ခံရပြီး ဒီရေကို ပြန်ပြောင်းစီးဆင်းစေနိုင်ခဲ့သည်။
ဤမဟာဧကရာဇ်နှစ်ပါးကြောင့်ပင် သူတို့သည် ကောင်းကင်ဘုံခုံရုံး၏ အစစ်အမှန်အရောင်အသွေးကို နောက်ဆုံးမှာ မြင်တွေ့ရပြီး ဤဘဝမှာ အတိတ်ကာလက အမှန်တရားများကိုသိရှိသွားကြ၏။
ထိုအခိုက်အတန့်မှာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးက နိုးထလာကြသည်။
မဟာဧကရာဇ်နှစ်ပါးသည် သူတို့၏ ရင်ထဲရှိ မျှော်လင့်ချက်ကို ထွန်းညှိပေးလိုက်သည်။
ကောင်းကင်ဘုံကိုးလွှာဝင်္ကပါကို ဖျက်ဆီးပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် မျိုးနွယ်စုတစ်သောင်းသက်ရှိများထံ အဆုံးမဲ့အခွင့်အလမ်းများနှင့် အကျိုးအမြတ်များကို ဆောင်ကျဉ်းပေးလာခဲ့၏။
မဟာဧကရာဇ်အထီးကျန်သိုင်းသခင်သည် သိုင်းတာအိုကို ထိန်ချန်ခြင်းမရှိဘဲ ဖြန့်ဝေပေးခဲ့ပြီး မရေမတွက်နိုင်သော ပညာရှင်များကို အထင်ကြီးလေးစားမိလာစေ၏။
မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာသည် ဤတစ်ခေါက် ထွက်ခွာသွားသည်နှင့် သူတို့သည် ထိုသူနှစ်ယောက်ကို ဘယ်တော့မှ ပြန်မြင်တွေ့ရတော့မည်မဟုတ်ဟု လူတိုင်းက ခပ်ရေးရေးအာရုံခံမိနေကြ၏။
ထို့ကြောင့်ပင် သူတို့က အော်ဟစ်အားပေးလိုက်ကြခြင်းဖြစ်သည်။
ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ အောင်မြင်မည်ဆိုလျှင် မဟာဧကရာဇ်နှစ်ပါးသည် မဟာကမ္ဘာတစ်ထောင်လောကသို့ အတူတကွ တက်လှမ်းသွားကြပေလိမ့်မည်။
ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက ကျရှုံးသွားပြီး မဟာဧကရာဇ်နှစ်ပါးက သေဆုံးသွားမည်ဆိုလျှင်လည်း သူတို့သည် ဘယ်တော့မှ ပြန်လည်ရောက်ရှိလာတော့မည် မဟုတ်ပေ။
ဤနှုတ်ဆက်ခွဲခွာမှုသည် မဟာဧကရာဇ်နှစ်ပါးနှင့် သူတို့၏ နောက်ဆုံးတွေ့ဆုံမှုဖြစ်ကောင်းဖြစ်နိုင်သည်။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်းမှသက်ရှိများ၏ စကားကိုကြားသောအခါ သိုင်းတာအိုပင်မခန္ဓာ၏ ရင်ထဲမှာ အနည်းငယ်လှုတ်ခတ်သွား၏။
သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် မျိုးနွယ်စုတစ်သောင်းမှသက်ရှိများရှိရာဘက်သို့ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။
“မဟာကမ္ဘာတစ်ထောင်လောကမှာ ငါမင်းတို့တွေကို စောင့်မျှော်နေမယ်… အားလုံးပဲ ဂရုစိုက်ကြ”
သူက ထိုသို့ပြောလိုက်သော်လည်း ဤတိုက်ပွဲ၏ ရလဒ်ကို ကြိုတင်မဆုံးဖြတ်ရသေးပေ။
ဒါ့အပြင် ဆူဇီမိုသည် မဟာကမ္ဘာတစ်ထောင်လောကကနေ ဆင်းသက်လာသည့် ဖြစ်လာတော့မည့်ဆဲဆဲခြိမ်းခြောက်မှုတစ်ခုနှင့်လည်း ရင်ဆိုင်နေရ၏။
သူက ရှေ့သို့တက်လှမ်းသည်နှင့် သူက မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းဖို့နေနေသာ အသက်ရှင်နိုင်ပါ့မလားပင် မသေချာပေ။
တျဲယွဲ့ကလည်း စိတ်လှုပ်ရှားယိမ်းယိုင်သွားပြီး ဝန်လေးမှုတစ်ခုကို ခံစားလာရ၏။
သို့သော်လည်း သူမက တစ်စုံတစ်ရာပြောဆိုခြင်း မရှိပေ။
သူမသည် လိပ်ပြာမျိုးနွယ်မှာ သူမ၏ မဟာအရိုင်းသုတ္တန်ကို ချန်ထားခဲ့ပြီဖြစ်သည်။
သူမအနေဖြင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ရစ်ပတ်ချည်နှောင်ထားသောအရာ မရှိလောက်တော့ပေ။
တျဲယွဲ့၏ အမူအရာက မှင်သေသေဖြင့်ရှိနေပြီး တစ်စုံတစ်ရာပြောဆိုခြင်းမရှိပေ။ သို့သော်လည်း သူမသည် လှည့်ကြည့်၍ ညင်သာစွာလက်ပြပြီးနောက် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများကို ကျောပေးလိုက်၏။
ထို့နောက် သူမသည် သိုင်းတာအိုပင်မခန္ဓာနှင့်အတူ ဘေးချင်းယှဉ်ပြီး ကောင်းကင်ဘုံခုံရုံးရှိရာသို့ လျှောက်လှမ်းကာ တိမ်စိုင်များကြား တိုးဝင်ပျောက်ကွယ်သွား၏။
မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့ကလည်း ထပ်ကြပ်မကွာလိုက်ပါသွားပြီး ကောင်းကင်ဘုံခုံရုံးသို့ ဝင်ရောက်သွားကြ၏။
ထျန်ဟွမ်ကမ္ဘာမှာ…။
လင်းကျန့်က ဆူဇီမိုကိုကြည့်ပြီး လေးနက်သောအသံဖြင့်ပြောလိုက်၏။
“ငါက ဧကရာဇ်နယ်ပယ်ကို တက်လှမ်းခဲ့ပြီးပြီ… ငါ ဧကရာဇ်ပညာရှင်တချို့ကို စုဆောင်းပြီး ကောင်းကင်ဘုံခုံရုံးကို အတူတကွ လမ်းဖောက်ကြရင်ကောင်းမလား”
ဆူဇီမို၏ အမူအရာက တည်တံ့သွားပြီး သူ၏ ခေါင်းကို ညင်သာစွာခါပြလိုက်၏။
“ကျုပ်တို့တွေက ကောင်းကင်ဘုံခုံရုံးကို မသွားခင် သူတို့တွေက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို အရင်စတင်လာရောက်လိမ့်မယ်လို့ ကျုပ်ထင်တယ်”
အင်မော်တယ်ဘုရင်မလင်းလုံကလည်း ခေါင်းညိတ်ပြလိုက်၏။
“အခုချိန်မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ကာကွယ်ပေးနေတဲ့ မဟာဧကရာဇ်တွေမရှိကြတော့ဘူး… ကောင်းကင်ဘုံခုံရုံးက အရှင်တွေက အသေအကြေတိုက်ခိုက်ကြမယ်ဆိုရင် ကောင်းကင်ဘုံခုံရုံးရဲ့ ကျန်ရှိနေတဲ့ စစ်သည်တွေက ဒီကိုဆင်းသက်လာပြီး ငါတို့ကို လက်စားလာချေဖို့ ဖြစ်နိုင်ခြေများတယ်”
ကောင်းကင်ဘုံခုံရုံး၏ ခွန်အားက တကယ့်ကို ထူးခြားအံ့မခန်းဖြစ်သည်။
စောစောက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် မဟာဧကရာဇ်များ၏ တိုက်ပွဲမှာ ကောင်းကင်ဘုံစစ်သည်များနှင့် စစ်ဗိုလ်များသည် မတိုက်ခိုက်ခဲ့ကြသော်လည်း အပြာရောင်ကောင်းကင်ဘုံတစ်ခုတည်းမှာပင် ဧကရာဇ်တစ်ရာကျော်ရှိနေသည့်အချက်သည် တကယ့်ကို တုန်လှုပ်စရာကောင်းနေ၏။
ကံကောင်းထောက်မစွာဖြင့် မိုးကောင်းကင်ကိုးလွှာဝင်္ကပါကို ဖျက်ဆီးပြီးနောက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ သက်ရှိများ၏ အလုံးစုံခွန်အားက ကြီးမားသောအဆင့်တစ်ခုထိ မြင့်တက်လာခဲ့၏။
ဧကရာဇ်ပညာရှင်များ၏ အရေအတွက်နှင့်ခွန်အားကလည်း မြင့်တက်လာခဲ့၏။
သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ဧကရာဇ်များအားလုံးကို စုစည်းနိုင်ခဲ့မည်ဆိုလျှင် သူတို့မှာ တိုက်ခိုက်နိုင်မည့်အခွင့်အရေးတစ်ခုရှိနေ၏။
တကယ်တော့ အဲဒါက သိပ်ပြီးလက်တွေ့မဆန်ပေ။
ယခုအချိန်မှာပင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဆုံးဖြတ်ချက်မပြတ်သားသော ကမ္ဘာတချို့ရှိနေဆဲဖြစ်သည်။
အလင်းကမ္ဘာ၊ ကျောက်တုံးကမ္ဘာနှင့် ကောင်းကင်ဘုံမျက်လုံးကမ္ဘာကဲ့သို့ ထိပ်တန်းကမ္ဘာကြီးများကတော့ ကောင်းကင်ဘုံခုံရုံးအပေါ် သူတို့၏ အကြောက်တရားက သူတို့၏ အရိုးများထဲထိ ဆွဲထင်နေပြီဖြစ်သည်။
သူတို့သည် အမှန်တရားကိုသိရှိထားသည်ဆိုလျှင်တောင် သူတို့သည် ကောင်းကင်ဘုံခုံရုံး၏ ရက်စက်ကြမ်းတမ်းသောအပြုအမူများကို မြင်တွေ့ရပြီးနောက် သူတို့ကို စစ်ကြေညာရဲခြင်းမရှိပေ။
အချိန်ကာလကြာမြင့်စွာကုန်ဆုံးလာပြီးနောက် ဤကမ္ဘာများမှ ပညာရှင်များသည် အလိုလိုသတ္တိကြောင်လာခဲ့ပြီဖြစ်၏။
“ငါစိုးရိမ်နေတာ တစ်ခုရှိတယ်”
အင်မော်တယ်ဘုရင်မလင်းလုံက တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး ရုတ်တရက်မျက်မှောင်ကြုတ်ကာပြောလိုက်၏။
“အခု လောကက ကစဉ့်ကလျားဖြစ်နေပြီ… တက္ကသိုလ်ဂိုဏ်းချုပ်က ဒီအခွင့်အရေးကို အသုံးချပြီး လှုပ်ရှားမှုတစ်ခုပြုလုပ်လာနိုင်တယ်”
ကောင်းကင်ဘုံခုံရုံးစစ်တပ်က ဆင်းသက်လာပြီး ထျန်ဟွမ်ကမ္ဘာ၊ ဓားကမ္ဘာနှင့် ခွန်ဖန်းကမ္ဘာကဲ့သို့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပညာရှင်များနှင့် ဆန့်ကျင်တိုက်ခိုက်မည်ဆိုလျှင် တက္ကသိုလ်ဂိုဏ်းချုပ်၏ ရုတ်တရက်ပေါ်ထွက်လာမှုက သူတို့အပေါ် ကြီးမားသည့် ပျက်စီးထိခိုက်မှု သေချာပေါက်ဖြစ်စေပေလိမ့်မည်။
“မလာလောက်ပါဘူး”
ဆူဇီမိုက ခေါင်းခါပြလိုက်၏။
“တက္ကသိုလ်ဂိုဏ်းချုပ်က လှုပ်ရှားမှုပြုလုပ်တဲ့အချိန်တိုင်း အရမ်းကို သတိကြီးကြီးထားတတ်တယ်… သူက အရင်တုန်းက သိုင်းတာအိုပင်မခန္ဓာကို ရှုံးနိမ့်ခဲ့ပြီးကတည်းက သူက ဇာတ်မြှုပ်ပြီးတော့ သူ့ရဲ့ခြေရာလက်ရာတွေကို ဖျောက်ဖျက်ထားခဲ့တယ်”
“မကြာသေးခင်နှစ်တွေထဲမှာ သူက တစ်ခါဘဲ ပေါ်ထွက်လာခဲ့ဖူးတယ်… ဒါပေမဲ့ အဲဒါပြီးတဲ့နောက် သူက နောက်တစ်ဖန်ပုန်းလျှိုးသွားတယ်”
“သိုင်းတာအိုပင်မခန္ဓာ အသက်ရှင်နေသေးသရွေ့ တက္ကသိုလ်ဂိုဏ်းချုပ်က ကျုပ်တို့နဲ့ တိုက်ခိုက်ဖို့ ပေါ်ထွက်လာရဲမှာမဟုတ်ဘူး”
လူအိုကြီးရွှမ်ကလည်း ခေါင်းညိတ်ပြလိုက်၏။
“အခြေအနေက အခုချိန်မှာ ကစဉ့်ကလျားဖြစ်နေပေမယ့် ဇီမို့မှာ မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ မဟာဧကရီသွေးလိပ်ပြာရှိနေသေးတယ်… တက္ကသိုလ်ဂိုဏ်းချုပ်က အခုချိန်ပေါ်ထွက်လာမယ်ဆိုရင် အဲဒါက သူ့ကိုယ်သူသတ်သေတာနဲ့ တူနေလိမ့်မယ်”
“သူက အမြဲတမ်းသတိကြီးကြီးထားတတ်တယ်… သူ့မှာ အနိုင်ရဖို့ ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုမရှိဘဲ တိုက်ခိုက်မှာမဟုတ်ဘူး”
“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ မဟာဧကရီသွေးလိပ်ပြာရှိနေတာကို မပြောနဲ့ သူတို့နှစ်ယောက်က မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းသွားမယ်ဆိုရင်တောင် သူ့ဘက်မှာ အနိုင်ရဖို့အခွင့်အရေးရာနှုန်းပြည့်မရှိသရွေ့ သူက ပေါ်ထွက်လာရဲမှာမဟုတ်ဘူး”
လူအိုကြီးရွှမ်သည် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် နှစ်ပေါင်းများစွာ သိကျွမ်းလာခဲ့ပြီး သူ့အကြောင်းကောင်းကောင်းသိထား၏။
လူအိုကြီးရွှမ်ပြောသည်မှာ မှန်လေသည်။ အရင်တုန်းက တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမိုနှင့် ရင်ဆိုင်ရာမှာ သူ၏ ဝှက်ဖဲများကို ထုတ်ဖော်ပြသခဲ့စဉ်က သူ၏ တွက်ချက်မှုများက တကယ်ပင်ဟာကွက်မဲ့ပြီး သူ့မှာ ၁၀၀ ရာခိုင်နှုန်း ယုံကြည်မှုရှိနေခဲ့၏။
ထိုစဉ်တုန်းက တက္ကသိုလ်ဂိုဏ်းချုပ်မတွက်ချက်နိုင်သောမူကွဲတစ်ခု ဧကရာဇ်ဂူသင်္ချိုင်းပေါ်ထွက်လာခြင်းကြောင့်သာ သူ၏ အစီအစဉ်များက ပျက်စီးသွားခဲ့ရသည်။
ဧကရာဇ်ဂူသင်္ချုင်း၏ ပိုင်ရှင်သည် တမလွန်ဘုံ၏ အရှင် လျှို့ဝှက်ဆန်းကြယ်သော မဟာဧကရာဇ်ဖုန့်တူဖြစ်သည်။ တက္ကသိုလ်ဂိုဏ်းချုပ်၏ ဂမ္ဘီရအတွက်အချက်စွမ်းရည်က ဘယ်လောက်ပင်သန်မာအားကောင်းသည်ဖြစ်စေ သူက ထိုအရာကို တွက်ချက်နိုင်မည်မဟုတ်ပေ။
. . . . .
ကောင်းကင်ဘုံခုံရုံးမှာ...။
ဝုန်း…
သိုင်းတာအိုပင်မခန္ဓာက ဆင်းသက်လာပြီး ရှေ့သို့ခြေတစ်လှမ်းယူကာ ရှေ့မှာရှိသော ဧရာမကောင်းကင်ဘုံဂိတ်တံခါးကို ခြေမွှဖျက်ဆီးလိုက်၏။ သူက ကောင်းကင်ဘုံခုံရုံး၏ အနက်ပိုင်းထဲသို့ လှမ်းဝင်လာကာ မည်သူကမှ သူ့ကို တားဆီးရဲခြင်းမရှိပေ။
ရှေ့မှာ ခါးသီးသော တိုက်ပွဲတစ်ခု သေချာပေါက်စောင့်ကြိုနေသည်ကို သူကောင်းကောင်းသိထားသည်။
သူသည် ကောင်းကင်ဘုံခုံရုံးသို့ ဝင်ရောက်လာခဲ့ပြီဖြစ်ပြီး ဤအဟန့်အတားကို ချိုးဖျက်ပြီးမှ မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းနိုင်မည်ဖြစ်သည်။
ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါးကတော့ သူတို့သည် သူတို့၏ နောက်ဆုံးခံစစ်စည်းကြောင်းကို ကာကွယ်ဖို့အတွက် သေချာပေါက် အတတ်နိုင်ဆုံးကြိုးစားကြပေလိမ့်မည်။
ရှေ့မှာလူခြောက်ယောက်က ပေါ်ထွက်လာပြီး တစ်နေရာစီခွဲပြီး ရပ်နေကြ၏။ သူတို့က သိုင်းတာအိုပင်မခန္ဓာ၊ တျဲယွဲ့၊ မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့ကို မျက်နှာချင်းဆိုင်လိုက်ကြ၏။ တိုက်ပွဲက နောက်တစ်ဖန်စတင်လာခဲ့လေပြီ။
အခန်း ၃၁၉၀ - ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒက ဓားသွားဖြစ်လာမယ်
ကောင်းကင်ဘုံခုံရုံးသို့ ရောက်ရှိလာပြီးနောက် တျဲယွဲ့သည် သူမ၏ တာအိုအမှတ်အသား ဖိနှိမ်ခံနေရသည်ကို ရှင်းရှင်းလင်းလင်းအာရုံခံမိလိုက်၏။
သူမ၏ ဓမ္မတာအိုသည် ကောင်းကင်ဘုံခုံရုံးမှာ အားနည်းလာပြီး သူမ၏ တိုက်ခိုက်ရည်ခွန်အားကို ၎င်း၏ အကန့်အသတ်ထိ မထုတ်ဖော်နိုင်တော့ဟုလည်း အဓိပ္ပါယ်ရလေသည်။
မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့က မည်သည့်အရာကိုမှ မခံစားရပေ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူ၏ တိုက်ခိုက်ရည်ခွန်အားက အတိုင်းအတာတစ်ခုထိ ဖိနှိမ်ခံထားရပြီး ဤနေရာမှာလည်း အတူတူပင်ဖြစ်သည်။ သို့သော်လည်း ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါး၏ တိုက်ခိုက်ရည်ခွန်အားက မြင့်တက်လာပေလိမ့်မည်။
သူတို့အနေဖြင့် ကောင်းကင်ဘုံခုံရုံးမှ အရှင်များနှင့် နောက်တစ်ဖန်ရင်ဆိုင်ရာမှာ အသာစီးရရှိဖို့ မလွယ်ကူတော့ပေ။
သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစကြဝဠာနှင့် အမြုတေသိုင်းလောကပင်လျှင် ကြီးမားသော ဖိအားတစ်ခုကို ခံစားနေရ၏။
အစက ဒဏ်ရာရရှိထားသော အပြာရောင်ကောင်းကင်ဘုံအရှင်နှင့် ဆန်းကြယ်ကောင်းကင်ဘုံအရှင်တို့က ပြန်လည်သက်သာလာပုံရသည်။
သိုင်းတာအိုပင်မခန္ဓာနှင့် အခြားမဟာဧကရာဇ်လေးပါး ကောင်းကင်ဘုံခုံရုံးထဲသို့ ဝင်ရောက်လာပြီးနောက် ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါး၏ စိတ်အာရုံအားလုံးနီးပါးက သိုင်းတာအိုပင်မခန္ဓာအပေါ်မှာ ကျရောက်နေ၏။
သူတို့အတွက်တော့ အကြီးမားဆုံးခြိမ်းခြောက်မှုက သိုင်းတာအိုပင်မခန္ဓာဖြစ်သည်။
သိုင်းတာအိုပင်မခန္ဓာကို ဖိနှိမ်နိုင်သရွေ့ မဟာဧကရီသွေးလိပ်ပြာနှင့် ကျန်သုံးယောက်က ကောင်းကင်ဘုံခုံရုံးမှာ သူတို့ကို အနိုင်ရရှိဖို့ လွယ်ကူလိမ့်မည်မဟုတ်ပေ။
“သတ်…”
ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါးက အရင်စတင်တိုက်ခိုက်လိုက်ကြ၏။ အတွေးတစ်ချက်နှင်အတူ သူတို့က သူတို့၏ မူပိုင်လက်နက်များကို ဆင့်ခေါ်လိုက်ကြ၏။
ရွှစ်… ရွှစ်.. ရွှစ်…
ကောင်းကင်ဘုံစွမ်းအား အထွတ်အမြတ်ချိပ်စည်း၊ ကောင်းကင်ဘုံအပြာရောင်အထွတ်အမြတ်လက်သည်း၊ ကောင်းကင်ဘုံဆောင်းဦးအထွတ်အမြတ်တူ၊ ကောင်းကင်ဘုံဆန်းကြယ်အထွတ်အမြတ်ဒိုင်းကာ၊ ကောင်းကင်ဘုံတမလွန်အထွတ်အမြတ်ကားချပ်၊ ကောင်းကင်ဘုံပေါ်ထွန်းမှု အထွတ်အမြတ်ဓားသွား၊ ကောင်းကင်ဘုံဟင်္သပဒါးအထွတ်အမြတ်ဓား၊ ကောင်းကင်ဘုံမီးတောက်အထွတ်အမြတ်မီးဖို၊ ကောင်းကင်ဘုံမီးပဒေသာအထွတ်အမြတ်ကျော့ကွင်း…။
နတ်ဘုရားလက်နက်ကိုးခုက လေထုကို ဆုတ်ဖြဲလာ၏။ ဖိနှိမ်ခံထားရသော မီးတောက်ကောင်းကင်ဘုံအရှင်နှင့် ပေါ်ထွန်းမှုကောင်းကင်အရှင်အပြင် မကြာသေးခင်ကမှ ဟင်္သပဒါးကောင်းကင်ဘုံအရှင်တို့၏ နတ်ဘုရားလက်နက်မျးကပင် ကောင်းကင်ဘုံခုံရုံးမှာ ပေါ်ထွက်လာကြသည်။
ယခုအချိန်မှာ နတ်ဘုရားလက်နက်များအားလုံးသည် သိုင်းတာအိုပင်မခန္ဓာရှိရာသို့ ပစ်ဝင်လာ၏။
ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါးက သိုင်းတာအိုပင်မခန္ဓာကို ပူးပေါင်းတိုက်ခိုက်လိုက်ခြင်းနှင့်လည်း တူညီလေသည်။
တျဲယွဲ့က ထိုသည်ကိုတွေ့မြင်သောအခါ သူမက ချက်ချင်းပင် ဝင်ရောက်တိုက်ခိုက်လိုက်၏။
မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့ကလည်း တိုက်ခိုက်လိုက်ကြပြီး တိုက်ခိုက်မှုလှိုင်းတစ်လှိုင်းကို ထွက်ပေါ်လာစေ၏။
သူတို့၏ မူပိုင်လက်နက်များ မရှိလျှင်ပင် စွမ်းအားကောင်းကင်ဘုံအရှင်၊ တမလွန်ကောင်းကင်ဘုံအရှင်၊ မီးပဒေသာကောင်းကင်ဘုံအရှင်နှင့် ဆောင်းဦးကောင်းကင်ဘုံအရှင်တို့က တျဲယွဲ့၊ မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့နှင့်ရင်ဆိုင်ရာမှာ အရေးနိမ့်ခြင်း မရှိပေ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တျဲယွဲ့သည် တစ်ယောက်တည်းနှင့် သူတို့ထဲမှနှစ်ယောက်ကို တိုက်ခိုက်နိုင်ခဲ့သည်။
သို့သော်လည်း ကောင်းကင်ဘုံခုံရုံးမှာ တျဲယွဲ့သည် ကောင်းကင်ဘုံခုံရုံးမှ အရှင်တစ်ပါးကိုသာ တားဆီးထားနိုင်သည်။
အပြာရောင်ကောင်းကင်ဘုံအရှင်နှင့် ဆန်းကြယ်ကောင်းကင်ဘုံအရှင်တို့က သိုင်းတာအိုပင်မခန္ဓာကို တိုက်ခိုက်ဖို့ အာရုံစိုက်ထားကြဆဲဖြစ်၏။
ဤတစ်ခေါက်မှာ သူတို့ဘက်တွင် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်မရှိသော်လည်း သူတို့မှာ နတ်ဘုရားလက်နက်ကိုးခုရှိနေ၏။
နတ်ဘုရားလက်နက်ကိုးခုမှာ ကောင်းကင်ဘုံကိုးလွှာ၏ စိတ်ဆန္ဒနှင့် တာအိုအမှတ်အသားတို့ ပါဝင်နေပြီး ကောင်းကင်ဘုံကိုးလွှာ၏ စွမ်းအားကို စုစည်းထား၏။
သိုင်းတာအိုပင်မခန္ဓာသည် ငရဲဖိနှိမ်မီးဖိုနှင့် ငရဲဂိတ်တံခါးဆယ်ချပ်နှင့်အတူ သူတို့နှင့် ဆန့်ကျင်တိုက်ခိုက်ပြီး ကောင်းကင်ဘုံခုံရုံး၏ အထက်မှာ ကမ္ဘာတုန်လောက်ဖွယ်ရာမြည်ဟည်းသံကို ထွက်ပေါ်လာစေ၏။
“ကောင်းကင်ဘုံကိုးလွှာက ခုံရုံးအဖြစ်ထမ်းဆောင်ပြီး ကောင်းကင်ဘုံရဲ့စိတ်ဆန္ဒက ဓားသွားဖြစ်လာမယ်”
ထိုစဉ်မှာပင် ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါးက တစ်ချိန်တည်းမှာအော်ဟစ်လိုက်ပြီး လက်ဟန်ချိပ်စည်းများကို ဆင့်ခေါ်လိုက်ကြ၏။
ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါး၏ တာအိုအမှတ်အသားများက သိပ်သည်းစုဖွဲ့လာ၏။ တစ်ချိန်တည်းမှာပင် အခြားသောကောင်းကင်ဘုံသုံးခုမှ တာအိုအမှတ်အသားများက ရောက်ရှိလာပြီး သူတို့ခြောက်ယောက်၏ တာအိုအမှတ်အသားများနှင့် ပေါင်းစည်းသွား၏။
ကောင်းကင်ဘုံကိုးလွှာ၏ တာအိုအမှတ်အသားများက ပေါင်းစည်းပြီး ရှေးဟောင်းဆေဘာတစ်လက်အဖြစ် အသွင်ပြောင်းလဲသွားသည်။
ရွှစ်…
ဆေဘာက လောကိုဖြတ်ကျော်ပြီး ခုတ်ပိုင်းကျဆင်းလာ၏။
ဝုန်း…
သိုင်းတာအိုပင်မခန္ဓာက သူ၏ လက်သီးကို မြှောက်ပြီး ဆေဘာကိုခုခံကာ အလွန်တရာကျယ်လောင်သောအသံ ထွက်ပေါ်လာ၏။
ဆေဘာမှာ ကောင်းကင်ဘုံကိုးလွှာ၏ စိတ်ဆန္ဒပါဝင်နေ၏။
သိုင်းတာအိုပင်မခန္ဓာကတော့ သူ၏ လက်သီးသည် သိုင်းတာအိုစိတ်ဆန္ဒဖြင့် ပြည့်နှက်နေ၏။
ထိုအခိုက်အတန့်မှာ ၎င်းသည် သိုင်းတာအိုက ကောင်းကင်ဘုံခုံရုံး၏ စိတ်ဆန္ဒနှင့် ရင်ဆိုင်ဆန့်ကျင်နေရခြင်းဖြစ်သည်။
ဤသည်မှာ သူ့တာအိုအနေဖြင့် ကောင်းကင်ဘုံနှင့် အမှန်တကယ် ဆန့်ကျင်ရခြင်းဖြစ်သည်။
ဝုန်း… ဝုန်း… ဝုန်း…
အပြာရောင်ကောင်းကင်ဘုံအရှင်နှင့် ဆန်းကြယ်ကောင်းကင်ဘုံအရှင်တို့ကသာ သိုင်းတာအိုပင်မခန္ဓာနှင့် ဆန့်ကျင်တိုက်ခိုက်နေသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာ သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံကိုးလွှာ၏ စွမ်းအားနှင့် ရင်ဆိုင်နေရခြင်းဖြစ်သည်။
အပြာရောင်ကောင်းကင်ဘုံအရှင်သည် ကောင်းကင်ဘုံ၏ စိတ်ဆန္ဒဆေဘာကို ကိုင်ဆွဲထားပြီး ဆန်းကြယ်ကောင်းကင်ဘုံအရှင်က သူ၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲလိုက်၏။
သူသည် သူ၏ ကျောထက်ရှိ တုတ်ခိုင်သန်မာသော လိပ်ကျော်ခွံနှင့် ခုခံရေးနည်းလမ်းများစွာကို အသုံးပြုပြီး သိုင်းတာအိုပင်မခန္ဓာ၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကို အတတ်နိုင်ဆုံးခုခံနေ၏။
သူတို့နှစ်ယောက်၏ တိုက်စစ်နှင့် ခံစစ်က အလွန်တရာအချိတ်အဆက်မိနေ၏။
သိုင်းတာအိုပင်မခန္ဓာ၏ နှစ်ထပ်ဆင့်လောကကို ပေါင်းစည်းထားသည်ဆိုလျှင်တောင် သူတို့နှစ်ယောက်ကို ချက်ချင်းဖိနှိမ်ဖို့က မလွယ်ကူပေ။
ကျန်ရှိနေသာ မဟာဧကရာဇ်တွဲဆိုင်းလေးဆိုင်း၏ သတ်ဖြတ်တိုက်ခိုက်ခြင်းကလည်း တစ်မူထူးခြားစွာ ပြင်းထန်ကြမ်းတမ်းနေ၏။
တျဲယွဲ့သည် တမလွန်ကောင်းကင်ဘုံအရှင်နှင့် ရင်ဆိုင်ရာမှာ အသာစီးရရှိထားရုံမျှသာဖြစ်၏။
ဧကရီဆိုးယုတ်နှင့် မီးပဒေသာကောင်းကင်ဘုံအရှင်ကြား တိုက်ပွဲရလဒ်ကို လောလောဆယ်မှာ အဆုံးဖြတ်မပေးနိုင်ပေ။
မိစ္ဆာအရှင်သည် သွေးဓားလေးလက်ကို ဆင့်ခေါ်ပြီး စွမ်းအားကောင်းကင်ဘုံအရှင်နှင့် ကွာခြားမှုများစွာမရှိဘဲ တိုက်ခိုက်နေ၏။
အခြားတစ်ဘက်မှာတော့ ဗြဟ္မာတစ္ဆေမိခင်သည် ဆောင်းဦးကောင်းကင်ဘုံအရှင်နှင့် ရင်ဆိုင်ရာမှာ အရေးနိမ့်နေ၏။
မဟာဧကရာဇ်လေးဦးသည် ကောင်းကင်ဘုံခုံရုံးမှာ မြောက်ကနေတောင်၊ အရှေ့ကနေအနောက် သူတစ်ပြန်ကိုယ်တစ်ပြန် ဆန့်ကျင်တိုက်ခိုက်နေကြ၏။ စွမ်းအားကြီးမားသော တုန်ခါလှိုင်းက ကောင်းကင်ဘုံခုံရုံးကို ကြီးမားစွာပျက်စီးသွားစေ၏။
မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့၏ အဆူရာစစ်တပ်၊ တောကောင်စစ်တပ်နှင့် တစ္ဆေစစ်တပ်တို့က ကောင်းကင်ဘုံခုံရုံးမှာ ထင်တိုင်းကြဲသတ်ဖြတ်လာကြ၏။
သူတို့သည် ကောင်းကင်ဘုံစစ်သည်များနှင့် စစ်ဗိုလ်များနှင့်အတူ ရုန်းရင်းဆန်ခတ်တိုက်ခိုက်နေကြပြီး အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲကာ သွေးမြစ်ချောင်းများက စီးဆင်းနေ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ …။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးသည် ကောင်းကင်ဘုံခုံရုံးမှ တိုက်ပွဲကို မတွေ့မြင်နိုင်သော်လည်း ကောင်းကင်ဘုံခုံရုံး၏ အနက်ပိုင်းထဲကနေ ထွက်ပေါ်လာသည့် သိပ်သည်းပြင်းထန်သော တုန်ခါလှိုင်းကို ခံစားမိနိုင်ကြ၏။
ကောင်းကင်ထက်ရှိတိမ်စိုင်ကိုးခုက ကြေမွပျက်စီးသွားပြီဖြစ်သည်။
အချိန်ကြာလာသည်နှင့်အမျှ မရေမတွက်နိုင်သောရှားရှားပါးပါး တစ်မူထူးခြားရတနာများ၊ အင်မော်တယ်ဆေးပင်များ၊ စိတ်ဝိညာဉ်ရတနာများနှင့် သဘာဝရတနာများက ကောင်းကင်ဘုံခုံရုံးကနေ ကျဆင်းလာပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ခွင် ပြန့်ကျဲသွား၏။
ဤသည်မှာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအတွက် ကြီးမားသော နောက်ထပ်အခွင့်အလမ်းတစ်ရပ်ဖြစ်သည်။
သို့သော်လည်း ထိုရတနာများ ကျဆင်းလာခြင်းနှင့်အတူ ကောင်းကင်တစ်ခွင်အုပ်မိုးထားသည့် ကောင်းကင်ဘုံခုံရုံးစစ်တပ်ကလည်း ရောက်ရှိလာ၏။
ကောင်းကင်ဘုံခုံရုံးသည် စွမ်းအားကောင်းကင်ဘုံ၊ တမလွန်ကောင်းကင်ဘုံ၊ ဆောင်းဦးကောင်းကင်ဘုံ၊ မီးပဒေသာကောင်းကင်ဘုံနှင့် ဟင်္သပဒါးကောင်းကင်ဘုံတို့၏ စစ်တပ်များနှင့်အတူ အဆူရာစစ်တပ်၊ တောကောင်စစ်တပ်နှင့် တစ္ဆေစစ်တပ်တို့ကို ခုခံရင်ဆိုင်နေ၏။
အပြာရောင်ကောင်းကင်ဘုံ၊ ပေါ်ထွန်းမှုကောင်းကင်ဘုံ၊ ဆန်းကြယ်ကောင်းကင်ဘုံနှင့် မီးတောက်ကောင်းကင်ဘုံတို့၏ စစ်တပ်များက မချင့်မရဲဖြစ်နေကြပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ တစ်ကျောပြန်လာကြသည်။
ကောင်းကင်ဘုံခုံရုံးမှ ဤကောင်းကင်ဘုံလေးခုသည် မဟာအရိုင်းကမ္ဘာတိုက်ပွဲမှာ တစ်ခါက ကြီးမားသောပျက်စီးထိခိုက်ဆုံးရှုံးမှုနှင့် ကြုံတွေ့ခဲ့ရပြိး စံအိမ်ဧကရာဇ်နှစ်ဆယ့်ရှစ်ပါးထဲမှ ထက်ဝက်နီးပါးက သတ်ဖြတ်ခံခဲ့ရ၏။
ယခင်တိုက်ပွဲမှာ အမှုဆောင်တမန်တော်လေးဦးထဲတွင် နှစ်ဦးက သိုင်းတာအိုပင်မခန္ဓာ၏ သတ်ဖြတ်ခြင်းခံရပြီး တစ်ဦးက တျဲယွဲ့၏ သတ်ဖြတ်ခြင်းခံခဲ့ရ၏။
အမှုဆောင်တမန်တော် ဆန်းကြယ်ကောင်းကင်ဘုံသာလျှင် ကျန်ရစ်ခဲ့လေသည်။
ဆန်းကြယ်ကောင်းကင်ဘုံမှ သခင်လေးသည်လည်း သခင်လေးများအားလုံးကြားမှာ တစ်ဦးတည်းကျန်ရစ်နေသူဖြစ်သည်။
ဤသည်က ကောင်းကင်ဘုံလေးခုအတွက် လက်မခံနိုင်သော ဆုံးရှုံးမှုတစ်ရပ်ဖြစ်၏။
ယခုအချိန်မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ မဟာဧကရာဇ်များသည် ကောင်းကင်ဘုံခုံရုံး၏ အနက်ပိုင်းထဲမှာ ပိတ်မိနေပြီး အခြားမည်သည့်အရာကိုမှ ဂရုစိုက်မပေးနိုင်ပေ။ အမှုတောင်တမန်တော် ဆန်းကြယ်ကောင်းကင်ဘုံနှင့် သခင်လေး၏ ဦးဆောင်မှုအောက်မှာ ကောင်းကင်ဘုံကိုးခုမှ စစ်တပ်များက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန််လည်ရောက်ရှိလာပြီး သတ်ဖြတ်ဖို့ ပြင်ဆင်ထားကြ၏။
ထိန်သိမ်းစောင့်ရှောက်ပေးနေသည့် မဟာဧကရာဇ်တစ်ပါးမရှိဘဲ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် သူတို့၏ မျက်လုံးထဲမှာ ခုတ်ပိုင်းခံရမည့် စဉ်းတီတုံးပေါ်မှ အသားများကဲ့သို့ဖြစ်နေ၏။
“သတ်… သူတို့အားလုံးကို သတ်ကြ..”
အမှုဆောင်တမန်တော်ဆန်းကြယ်ကောင်းကင်ဘုံက ဓားကမ္ဘာရှိရာဘက်သို့ လက်ညှိုးထိုးလိုက်၏။
အခြားတစ်ဘက်မှာဆန်းကြယ်ကောင်းကင်ဘုံ၏ သခင်လေးက ဆန်းကြယ်ကောင်းကင်ဘုံနှင့် မီးတောက်ကောင်းကင်ဘုံ၏ စစ်တပ်များကို ထျန်ဟွမ်ကမ္ဘာရှိရာသို့ ဦးဆောင်လိုက်၏။
“သူတို့တွေရောက်လာကြပြီပဲ”
ဓားကမ္ဘာနှင့် ထျန်ဟွမ်ကမ္ဘာ၏ ဧကရာဇ်များ၏ အမူအရာက သုန်မှုန်သွားကြ၏။
မဟာဧကရာဇ်အထီးကျန်သိုင်းသခင်သည် ကောင်းကင်ဘုံကိုးလွှာဝင်္ကပါကို ဖျက်ဆီးပြီး အမြုတေကိုးခုကို ရွာသွန်းကျဆင်းစေကာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အလုံးစုံတိုက်ခိုက်ရည်ခွန်အားကို ကြီးမားစွာမြှင့်တင်ပေးခဲ့သည်ဆိုလျှင်တောင် နှစ်ဦးနှစ်ဘက်ကြား ခွန်အားကွာဟချက်က အလွန်တရာခြားနားနေဆဲဖြစ်၏။
ကောင်းကင်ဘုံလေးခုမှာ ဧကရာဇ်ပညာရှင်လေးရာကျော်ရှိနေ၏။
ဧကရာဇ်ပညာရှင်များ၏ အစီးအနင်းတောကောင်များအပါအဝင် သူတို့မှာ ဧကရာဇ်ပညာရှင် ခုနှစ်ရာကျော်လောက် ရှိကြပေလိမ့်မည်။
ဒါ့အပြင် ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်လေးရာသည် အထွတ်အမြတ်တောကောင်မျိုးနွယ်မှ ဖြစ်လျှင်ဖြစ် မဟုတ်လျှင် သူတို့၏ ခန္ဓာကိုယ်များထဲမှာ အထွတ်အမြတ်တောကောင်းမျိုးဆက်သွေးများ လှည့်ပတ်စီးဆင်းနေ၏။
သူတို့၏ တိုက်ခိုက်ရည်ခွန်အားသည် ကောင်းကင်ဘုံကို ဖီဆန်ပြီး သူတို့တစ်ယောက်ချင်းစီက ဧကရာဇ်ဆယ်ဦးလောက်ကို ထိန်းထားနိုင်ကြသည်။
ဤကောင်းကင်ဘုံခုံရုံး ဧကရာဇ်များ၏ အစီးအနင်းတောကောင်များကပင် နဂါးများနှင့်ဖီးနစ်များဖြစ်နေကြသည်။
ဓားကမ္ဘာ၊ ထျန်ဟွမ်ကမ္ဘာ၊ ခွန်ဖန်းကမ္ဘာ၊ နဂါးကမ္ဘာ၊ ပန်းကမ္ဘာ၊ မဟာအရိုင်းကမ္ဘာ၊ နီညိုရောင်မျောက်ဝံကမ္ဘာ၊ ငရဲကမ္ဘာနှင့် ယက္ခိုသ်အပြစ်သားကုန်းမြေတို့မှာတော့ သူတို့ဘက်မှာ စုစုပေါင်းဧကရာဇ်ပညာရှင်တစ်ရာကျော်ကျော်သာရှိကြ၏။
သူတို့ဘက်မှာ အထွတ်အထိပ်ဧကရာဇ်များက ပို၍ပင် လျော့နည်းလေသည်။
သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ဧကရာဇ်များအားလုံးကို မစုစည်းနိုင်သရွေ့…။
စောစောက ကံအားလျော်စွာ ရရှိလာသော အခွင့်အလမ်းများနှင့်အတူ မရေမတွက်နိုင်သော ဧကရာဇ်ပညာရှင်များက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မွေးဖွားပေါ်ထွက်လာပြီး တံခါးပိတ်ကျင့်ကြံနေသော ဧကရာဇ်ပညာရှင်များစွာကလည်း နိုးထလာကြ၏။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဧကရာဇ်ပညာရှင်များအားလုံးကို စုစည်းနိုင်မည်ဆိုလျှင် သူတို့သည် ကောင်းကင်ဘုံလေးခုနှင့် သေချာပေါက် ဆန့်ကျင်တိုက်ခိုက်နိုင်ပေလိမ့်မည်။
သို့သော်လည်း ထိုသို့ပြုလုပ်ဖို့က လက်တွေ့မဆန်ပေ။
ကောင်းကင်ဘုံခုံရုံးမှ တိုက်ပွဲ၏ ရလဒ်ကို မဆုံးဖြတ်ရသေးပေ။
ကမ္ဘာတချို့မှ ဧကရာဇ်ပညာရှင်တချို့သည် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာကို ကျေးဇူးတင်ရှိနေပြီး ကူညီပေးလိုသည်ဆိုလျှင်တောင် သူတို့က စိုးရိမ်ပူပန်နေကြဆဲဖြစ်သည်။