အခန်း (၃၁၉၁-၃၁၉၂)
Vol. 212 Ch. 3191-3192
အခန်း ၃၁၉၁ - ထွက်လမ်းမရှိ
“ယောင်္ကျား…”
တိုက်ပွဲဖြစ်ပေါ်လာတော့မည့်ဆဲဆဲမှာ အင်မော်တယ်ဘုရင်မလင်းလုံက လင်းကျန့်ကိုကြည့်ပြီး ဘာ့ကြောင့်ရယ်မသိ ရင်တထိတ်ထိတ်ဖြစ်နေ၏။ သူမက မနေနိုင်ဘဲ ညင်သာစွာခေါ်လိုက်၏။
“မပူပါနဲ့”
လင်းကျန့်က အင်မော်တယ်ဘုရင်မလင်းလုံ၏ လက်ဖဝါးကို ညင်သာစွာထိပြီး နှစ်သိမ့်ပေးလိုက်၏။
“ထျန်ဟွမ်ကမ္ဘာမှာ ဧကရာဇ်မြောက်ပိုင်းခွန်၊ ဧကရာဇ်တောင်ပိုင်းဖန်းနဲ့ သားရဲဧကရီအမြီးကိုးချောင်းတို့လို အထွတ်အထိပ်ဧကရာဇ်တချို့ရှိနေသေးတယ်… ငါတို့အတွက် မျှောင့်လင့်ချက်လုံးဝမရှိတာ မဟုတ်ဘူး”
ထိုသို့ပြောလိုက်သော်လည်း တကယ်တမ်းမှာ ထျန်ဟွမ်ကမ္ဘာ၏ အခြေအနေက တကယ့်ကို သေရေးရှင်ရေးဖြစ်နေ၏။
ထျန်ဟွမ်ကမ္ဘာမှတစ်ဦးတည်းသောဧကရာဇ်က လင်းကျန့်သာဖြစ်သည်။
မဟာအရိုင်းကမ္ဘာနှင့် ယက္ခိုသ်မျိုးနွယ်မှ ဧကရာဇ်ပညာရှင်များနှင့် ထပ်ပေါင်းလျှင်ပင် သူတို့မှာ အယောက်သုံးဆယ်သာရှိသည်။
ဆန်းကြယ်ကောင်းကင်ဘုံ၏ သခင်လေးကတော့ သူသည် ဧကရာဇ်ပညာရှင်သုံးရာကျော်ကို ဦးဆောင်ပြီး ထျန်ဟွမ်ကမ္ဘာသို့ ချီတက်လာ၏။
ဧကရာဇ်ပညာရှင်များ၏ အရေအတွက်က ထျန်ဟွမ်ကမ္ဘာထက် ဆယ်ဆပိုများနေ၏။
စောစောက ထျန်ဟွမ်ကမ္ဘာကို အထီးကျန်သိုင်းသခင်နှင့် တျဲယွဲ့က ကာကွယ်ပေးနေခဲ့သည်။
ထိုအခိုက်အတန့်မှာ မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ဖြစ်စေ၊ မဟာဧကရီသွေးလိပ်ပြာဖြစ်စေ သူတို့သည် ကောင်းကင်ဘုံခုံရုံး၏ အနက်ပိုင်းထဲသို့ ဝင်ရောက်နေပြီး သူတို့ကိုယ်သူတို့ နှစ်ကိုယ်ခွဲမထုတ်နိုင်ကြပေ။ သူတို့သည် ထျန်ဟွမ်ကမ္ဘာကို ကယ်တင်ပေးနိုင်တော့မည် မဟုတ်ပေ။
ထျန်ဟွမ်ကမ္ဘာက ဤကပ်ဘေးကနေ လွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။
အင်မော်တယ်ဘုရင်မလင်းလုံက စိုးရိမ်ပူပန်နေဆဲဖြစ်သည်။ သူမ၏ နှုတ်ခမ်းကို တင်းတင်းစေ့ပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်၏။
“လူတွေအများကြီးသေရတော့မယ်ထင်တယ်”
“ဒါပေါ့… ဘယ်ရှောင်လွှဲလို့ရပါ့မလဲ”
လင်းကျန့်က သက်ပြင်းချလိုက်၏။
“ဘာပဲပြောပြော ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲဆိုတာ ကလေးကစားစရာမှမဟုတ်တာ… လူတွေကတော့ သေချာပေါက်သေမှာပဲ… ပြီးခဲ့တဲ့ခေတ်တချို့မှာ မရေမတွက်နိုင်တဲ့စီနီယာတွေက နောက်ဆုံးကောင်းကင်ဘုံခုံရုံးကိုတောင် မမြင်တွေ့ရဘဲ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ အသက်ပေးခဲ့ကြရတယ်”
“သူတို့နဲ့ယှဉ်ရင် ငါတို့က ကံကောင်းပါသေးတယ်”
ချီတက်လာနေသည့် ကောင်းကင်ဘုံစစ်တပ်ကို ကြည့်ပြီး လင်းကျန့်က အသက်ပြင်းပြင်းတစ်ချက်ရှိုက်ကာ သူ၏ မျက်လုံးထဲရှိ တိုက်ပွဲဝင်စိတ်ဝိညာဉ်နှင့်အတူ လေထဲသို့ ပျံတက်လိုက်၏။
ဧကရာဇ်မြောက်ပိုင်းခွန်၊ ဧကရာဇ်တောင်ပိုင်းဖန်းနှင့် အခြားဧကရာဇ်ပညာရှင်များ၏ အမူအရာများကလည်း သုန်မှုန်လာကြ၏။
သူတို့သည် နောက်မဆုတ်ကြဘဲ တိုက်ခိုက်ဖို့ပြင်ဆင်ထားကြ၏။
သူတို့နောက်ဆုတ်သည်နှင့် ထျန်ဟွမ်ကမ္ဘာရှိ ဘီလီယံနှင့်ချီသောသက်ရှိများထဲ မည်သူကမှ ချမ်းသာရာရလိမ့်မည် မဟုတ်ပေ။
သူတို့သည် ထျန်ဟွမ်ကမ္ဘာကို ကာကွယ်ရန် ဧကရာဇ်ပညာရှင်သုံးဆယ်ကျော်ကျော်နှင့်အတူ အသေအကြေတိုက်ခိုက်ပြီး ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်များ၏ တိုက်ပွဲရလဒ်ကို စောင့်ဆိုင်းဖို့သာရှိလေသည်။
လေထဲသို့ရောက်ရှိလာပြီး လင်းကျန့်သည် အင်မော်တယ်ဘုရင်မလင်းလုံကို လှည့်ကြည့်လိုက်၏။ သူက ပြုံး၍ ပြောလိုက်၏။
“လင်းလုံ… ငါပြန်လာတာကို စောင့်နေ”
အင်မော်တယ်ဘုရင်မလင်းလုံက အားတက်သရော ခေါင်းညိတ်ပြလိုက်၏။
“ဇီမို… မသွားနဲ့”
အင်မော်တယ်ဘုရင်မလင်းလုံ၏ အကြည့်က ရွေ့လျားသွား၏။ သူမသည် ဆန်းကြယ်ကောင်းကင်ဘုံစစ်တပ်နှင့် မီးတောက်ကောင်းကင်ဘုံစစ်တပ်ရှိရာသို့ သွားရောက်ဖို့ လှုပ်ရှားနေသော ဆူဇီမိုကို တွေ့မြင်သောအခါ တုန်လှုပ်သွား၏။
“ဇီမို…”
တစ်ချိန်တည်းမှာပင် တခြားသောအသံနှစ်သံထွက်ပေါ်လာ၏။
ထိုအသံများသည် ယွင်ကျူးနှင့်မိုချင်ထံမှဖြစ်၏။
“မပူပါနဲ့ ငါအဆင်ပြေပါတယ်”
ဆူဇီမိုက ပြုံးပြလိုက်ပြီး ရပ်တန့်ခြင်းမရှိပေ။
တစ်ခဏချင်းမှာပင် သူက လင်းကျန့်နှင့် အခြားသောဧကရာဇ်ပညာရှင်များဘေးသို့ ရောက်ရှိလာ၏။
တကယ်တမ်းမှာ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ပါဝင်ဖို့ စိတ်ကူးမရှိခဲ့ပေ။
ဆူဇီမိုသည် ထွက်လမ်းတစ်ခုကို တွေ့မြင်ထားခဲ့သောကြောင့်ဖြစ်သည်။
သို့သော်လည်း ဤအခြေအနေအရောက်မှာ သူ့မှာ မည်သည့်ထွက်လမ်းမှမရှိတော့ပေ။
ထျန်ဟွမ်ကမ္ဘာအတွက်လည်း မည်သည့်ထွက်လမ်းမှ မရှိပေ။
သူသည် ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ ရောက်ရှိနေ၏။
သူ၏ အမြုတေစိတ်ဝိညာဉ်က ဧကရာဇ်နယ်ပယ်ကို ရောက်ရှိနေပြီဖြစ်သည်။
သူ၏ ကောင်းကင်လိုဏ်ဂူငါးခုကို တစ်ချိန်တည်းမှာထုတ်ဖော်ပြီး သူ၏ မျိုးဆက်သွေးနယ်မြေနှင့် ထပ်ပေါင်းမည်ဆိုလျှင် သူသည် သာမန်ဧကရာဇ်များကို သေချာပေါက်သတ်ဖြတ်နိုင်ပေလိမ့်မည်။
သူသည် အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းကို ထုတ်ဖော်ပြီး သူ၏ ဘဝသက်တမ်းကို စွန့်လွှတ်စတေးခံမည်ဆိုလျှင် သူသည် အန္တိမဧကရာဇ်များနှင့် ဆန့်ကျင်တိုက်ခိုက်နိုင်ပေလိမ့်မည်။
တကယ်တော့ အထွတ်အထိပ်ဧကရာဇ်တစ်ဦးနှင့်ရင်ဆိုင်ရလျှင် သူ၏ လက်ရှိနည်းလမ်းများအားလုံးက သုံးစားရတော့မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ နှစ်ဦးနှစ်ဘက်ကြားကွာဟချက်ကို အရမ်းကိုကြီးမားနေ၏။ သို့သော်လည်း သူ့မှာ အာဒိကပ္ပသမဂ္ဂယင်ယန်ထွက်ပြေးခြင်းနှင့် လှုပ်ရှားခြင်းနည်းစနစ်နှင့် လျှို့ဝှက်အတတ်များစွာရှိထားပြီး အထွတ်အထိပ်ဧကရာဇ်တစ်ဦးအနေဖြင့်ပင် သူ့ကိုသတ်ဖြတ်ဖို့က အင်မတန်ခဲယဉ်းပေလိမ့်မည်။
“သူ့ကိုသတ်…”
လူအုပ်ကြားထဲမှ ဆူဇီမိုကို တွေ့မြင်သောအခါ ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးက သူ၏လက်ကိုဝေ့ယမ်းကာ အမိန့်ပေးလိုက်၏။
သူသည် ဆူဇီမိုကို ကိုယ်တိုင်ပင်သတ်ဖြတ်လို၏။
သို့သော်လည်း ဆူဇီမိုကို သတ်ဖြတ်ပြီးနောက် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်အာရုံက သူ့အပေါ်ကျရောက်လာမည်ကို သူက စိုးရိမ်ပူပန်နေဆဲဖြစ်၏။
ထို့ကြောင့်ပင် သူက အကဲစမ်းရန် သူ၏ ဧကရာဇ်ပညာရှင်များကို အမိန့်ပေးလိုက်ခြင်းဖြစ်သည်။ တကယ်တမ်းမှာ သိုင်းတာအိုပင်မခန္ဓာသည် ကောင်းကင်ဘုံခုံရုံး၏ အနက်ပိုင်းထဲသို့ ဝင်ရောက်သွားခဲ့ပြီဖြစ်ပြီး ကောင်းကင်ဘုံခုံရုံးမှ အရှင်နှစ်ပါးနှင့် အကြိတ်အနယ်တိုက်ခိုက်နေရ၏။ သူသည် အဆုံးစွန်ထိ တိုက်ခိုက်နေရပြီး လုံးဝပြန်လှည့်မလာနိုင်ပေ။
ဆူဇီမိုက ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာသာရှိသည်ကို တွေ့မြင်သောအခါ ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်ပညာရှင်နှစ်ဦးက သူ့ကို အတည်အတံ့မမှတ်ယူကြပေ။ သာမန်ဧကရာဇ်နှစ်ဦးက လှုပ်ရှားမှုပြုလုပ်ပြီး ဆူဇီမိုထံသို့ ခုန်ဝင်လာကြ၏။
ဆူဇီမိုသည် အခွင့်အလမ်းကိုချိန်ဆပြီး လင်းကျန့်၊ ဧကရာဇ်မြောက်ပိုင်းခွန်နှင့် အခြားသူများနှင့် လူချင်းခွဲထွက်ကာ အခြားတစ်ဘက်သို့ရောက်ရှိသွား၏။
ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်နှစ်ဦးရောက်ရှိလာသောအခါ ဆူဇီမိုသည် အရင်စတင်တိုက်ခိုက်လိုက်၏။ သူ၏ ပကတိကောင်းကင်လိုဏ်ဂူငါးခုကို ထိန်ချန်ခြင်းမရှိဘဲ ဆင့်ခေါ်ပြီး ဧကရာဇ်နှစ်ဦးကို ဖိနှိမ်လိုက်၏။
“အား…”
ဧကရာဇ်နှစ်ဦး၏ အမူအရာက ရုတ်ချည်းပြောင်းလဲသွား၏။ သူတို့သည် ယခင်က ဤကဲ့သို့သောမြင်ကွင်းတစ်ခုကို ဘယ်တုန်းကမှ မတွေ့မြင်ခဲ့ဖူးပေ။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ ကောင်းကင်လိုဏ်ဂူငါးခုက သူတို့ကိုလွှမ်းခြုံလာပြီးနောက် သူတို့သည် သန်မာသော အန္တရာယ်အငွေ့အသက်တစ်ခုကို ခံစားနေရ၏။
ဝုန်း… ဝုန်း…
ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်နှစ်ဦးက စဉ်းစားနေဖို့အချိန်မရဘဲ သူတို့၏ လောကများကို အလောတကြီးမြှောက်တင်လိုက်ကြ၏။
ဝုန်း…
ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်နှစ်ဦး၏ လောကများက လုံးလုံးလျားလျားစုဖွဲ့မလာနိုင်ခင် ဆူဇီမို၏ ပကတိကောင်းကင်လိုဏ်ဂူငါးခုက သူတို့ကို အုပ်မိုးသွားခဲ့ပြီဖြစ်သည်။
သူတို့သည် မိုးကြိုးပစ်ချခံလိုက်ရသည့်အလား ဆတ်ခနဲတုန်ယင်သွားပြီး သွေးများကို ထွေးထုတ်ကာ အလောတကြီးနောက်သို့ဆုတ်ခွာလိုက်၏။
သူတို့မှာ အသက်ရှူချိန်တချို့ရရှိပြီး သူတို့၏ သွေးချီကို လှည့်ပတ်သည်နှင့် သူတို့သည် သူတို့၏ လောကများကို နောက်တစ်ဖန်မြှောက်တင်ကာ ပြန်လည်သတ်ဖြတ်နိုင်မည်ဖြစ်၏။
သို့သော်လည်း ဆူဇီမိုတိုက်ခိုက်လိုက်သည့်ခဏမှာပင် သူက ကောင်းကင်လိုဏ်ဂူငါးခု၏ လွှမ်းခြုံမှုအောက်မှာ ချင်းဖျင်ဓားကို တိတ်တဆိတ်ထုတ်လွှတ်လိုက်၏။
ကောင်းကင်လိုဏ်ဂူငါးခု၏ အော်ရာက အရမ်းကို ခံ့ညားထည်ဝါပြီး လောကတစ်ခုထက် မနိမ့်ကျပေ။
ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်နှစ်ပါးသည် တုန်လှုပ်နေပြီး ကောင်းကင်လိုဏ်ဂူငါးခုထဲမှာ ပုန်းကွယ်နေသည့် ချင်းဖျင်ဓားကို သတိမထားမိခဲ့ကြပေ။
အစိမ်းရောင်အလင်းတစ်ခုဖျတ်ခနဲလက်သွား၏။
ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်နှစ်ပါးက တုံ့ပြန်ပြီး တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိသည့်အချိန်မှာ နောက်ကျသွားခဲ့ပြီဖြစ်သည်။
သူတို့နှစ်ယောက်သည် သူတို့၏ နှာရောင်မှ အနည်းငယ်အေးစက်နေသော စူးရှသည့်နာကျင်မှုတစ်ခုကိုသာ ခံစားလိုက်ရ၏။ နောက်ခဏ၌ သူတို့နှစ်ယောက်သည် အသိစိတ်ပျောက်ဆုံးပြီး ကြယ်တာရာကောင်းကင်ထဲကနေ ကျဆင်းသွား၏။
သူတို့၏ အသိစိတ်များထဲမှာ သူတို့၏ အမြုတေစိတ်ဝိညာဉ်များက ချင်းဖျင်ဓားဖြင့် ထိုးဖောက်ခံရပြီး သူတို့က သေဆုံးသွားကြ၏။
“ဟမ်…”
ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးက မျက်မှောင်အနည်းငယ်ကြုတ်လိုက်သည်။
ကောင်းကင်ဘုံခုံရုံးမှ အခြားသောဧကရာဇ်များကလည်း လှည့်ကြည့်လာကြသည်။
နှစ်ဦးနှစ်ဖက်တွေ့ဆုံမိသည့်ခဏမှာပင် ကောင်းကင်ဘုံခုံရုံးသည် အင်မော်တယ်ဘုရင်တစ်ပါး၏ လက်ချက်ဖြင့် ဧကရာဇ်နှစ်ပါးကို ဆုံးရှုံးခဲ့ရပြီဖြစ်သည်။
“ဟေး… ဆန်းကြယ်ကောင်းကင်ဘုံသခင်လေး.. မင်းငါ့ကိုသတ်ချင်တယ်ဆိုရင် ကိုယ်တိုင်လာသတ်လေ.. ဘာလို့ အခြားသူတွေကို အသေခံခိုင်းနေတာလဲ”
ဆန်းကြယ်ကောင်းကင်ဘုံသခင်လေး၏ စိတ်ကို ဖတ်မိနိုင်သည့်အလား ဆူဇီမိုက ရုတ်တရက် ကျယ်လောင်စွာရယ်မောလိုက်၏။
ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးသည် သူ၏ အတွေးအကြံ ဖော်ထုတ်ခံရပြီးနောက် သူ၏ အမူအရာက ညိုမည်းသွားပြီး အေးစက်စွာနှာတစ်ချက်မှုတ်လိုက်၏။
“မင်းက သေချင်တယ်ဆိုမှတော့ ငါက မင်းဆန္ဒကို ဖြည်ပေးရတာပေါ့”
ရွှစ်…
ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးက ချက်ချင်းပင် မဟူရာကုန်းလိပ်အထွတ်အမြတ်တောကောင် အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲလိုက်၏။ သူသည် ကိုးရိုးကားရားနိုင်သည့်ပုံပေါ်နေသော်လည်း သူ၏ ခြေလေးဖက်က ကြယ်တာရာကောင်းကင်ထဲမှာ လှုပ်ရှားသွားပြီး သူ၏ အောက်ဘက်မှ သမုဒ္ဒရာလှိုင်းလုံးတစ်လုံးပေါ်ထွက်လာသည့်အလားပင်။
ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးက ထိုလှိုင်းလုံးပေါ် နင်းပြီး ကြေက်ခမန်းလိလိအမြန်နှုန်းဖြင့် ရောက်ရှိလာ၏။
ဆူဇီမိုက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ လှည့်ထွက်ပြေးလိုက်၏။
သူသည် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးနှင့်ရင်ဆိုင်ရာမှာ အနိုင်ရဖို့အခွင့်အရေးလုံးဝမရှိပေ။ သူသည် သာမန်ဧကရာဇ်နှစ်ဦးကို သတ်ဖြတ်ခဲ့သော်လည်း သူက အန္တိမဧကရာဇ်တစ်ပါးကို သတ်ဖြတ်နိုင်မည်ဆိုလျှင်တောင် အခြေအနေပေါ် သက်ရောက်မှုရှိလိမ့်မည် မဟုတ်ပေ။
လင်းကျန့်နှင့်အခြားသူများအပေါ် ဖိအားကို လျှော့ချပေးဖို့ တစ်ခုတည်းသောနည်းလမ်းက ကောင်းကင်ဘုံခုံရုံးမှ အသန်မာဆုံးဧကရာဇ်များ သို့မဟုတ် အခြားသောအထွတ်အထိပ်ဧကရာဇ်များနှင့်အတူ သူက တတ်နိုင်သမျှအချိန်ဆွဲပေးထားဖို့ပင်။
ဓားကမ္ဘာမှ တိုက်ပွဲကတော့ လုံးလုံးလျားလျားပေါက်ကွဲထွက်ပေါ်လာ၏။ ဓားကမ္ဘာမှ ဧကရာဇ်ပညာရှင်များအပြင် သိုင်းတာအိုပင်မခန္ဓာသည် အနီးနားမှာငရဲစစ်တပ်တစ်တပ်လုံးကိုလည်း ချန်ထားရစ်ခဲ့၏။
ငရဲစစ်တပ်နှင့် ကောင်းကင်ဘုံခုံရုံးစစ်တပ်က ရန်သူများဖြစ်ကြသည်။ ပြောစရာမလိုအောင်ပင် နှစ်ဦးနှစ်ဖက်က ပြင်းထန်ကြမ်းတမ်းစွာ ပစ်တိုက်ရင်ဆိုင်ပြီး အလွန်တရာချောက်ချားစရာကောင်းသော တိုက်ပွဲတစ်ခု ပေါ်ထွက်လာ၏။
ချက်ချင်းပင် သက်ရှိပေါင်းထောင်ချီက သေဆုံးသွားကြ၏။ သံသရဖူဆောင်းအဖိုးအို၊ ပိန်ပိန်အဖိုးအိုနှင့် ဝဝအဖိုးအိုတို့၏ ဦးဆောင်မှုအောက်မှာ ဓားကမ္ဘာက တိုက်ပွဲနယ်မြေထဲသို့ဝင်ရောက်ပူးပေါင်းလိုက်ကြ၏။
ငရဲကမ္ဘာမှာ လူအရေအတွက်များစွာရှိနေသော်လည်း ငရဲကမ္ဘာ၏ ကောင်းကင်နှင့်မြေကြီးနိယာမများက ကြေမွပျက်စီးခဲ့ပြီး မဟာတာအိုက ပြီးပြည်စုံမှုမရှိတော့သည့်အတွက်ကြောင့် ငရဲသက်ရှိများ၏ ကျင့်ကြံမှုနယ်ပယ်များသည် ကောင်းကင်လိုဏ်ဂူနယ်ပယ်မှာ အမြဲတမ်းရပ်တန့်နေခဲ့ကြ၏။
သူတို့ကို နောက်ပိုင်းမှာ သိုင်းတာအိုပင်မခန္ဓာက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ခေါ်ဆောင်လာခဲ့သော်လည်း အချိန်မလုံလောက်မှုကြောင့် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာပြီးလျှင်တောင် သူတို့၏ ကျင့်ကြံမှုနယ်ပယ်တိုးတက်မှုက အကန့်အသတ်ရှိနေဆဲဖြစ်သည်။
ယခု အမှုဆောင်တမန်တော်ဆန်းကြယ်ကောင်းကင်ဘုံဦးဆောင်လာသည့် ကောင်းကင်ဘုံခုံရုံးစစ်တပ်နှင့် ရင်ဆိုင်ရချိန်မှာ ကွာဟချက်က ချက်ချင်းပင် သိသာထင်ရှားလာခဲ့သည်။
အမှုဆောင်တမန်တော် ဆန်းကြယ်ကောင်းကင်ဘုံက ငရဲစစ်တပ်များကြားမှာ ထင်တိုင်းကြဲသတ်ဖြတ်နေပြီး မည်သူကမှ သူထက်ရှမှုကို မတားဆီးနိုင်ပေ။
သူဖြတ်သွားရာနေရာတိုင်းမှာ လူတိုင်းက လဲကျပြီး အလောင်းများက နောက်မှာကျန်ရစ်ခဲ့၏။
ဤတိုင်းသာဆက်သွားလျှင် ဓားကမ္ဘာနှင့် ငရဲကမ္ဘာက သိပ်မကြာခင် သတ်ဖြတ််ခံရပေတော့မည်။
အခန်း ၃၁၉၂ - ကောင်းကင်ဘုံကိုးလွှာ ရေလွှမ်းမိုးခြင်း၊
ကောင်းကင်ဘုံခုံရုံး…
မဟာဧကရာဇ် ၁၁ပါးကြား တိုက်ပွဲသည် ကောင်းကင်ဘုံခုံရုံးကို ဖျက်ဆီးပစ်လိုက်ပြီး အပျက်အစီးပုံများအဖြစ် ပြောင်းလဲသွားစေသည်။
ငရဲ၊ အဆူရာ၊ တစ္ဆေမျိုးနွယ်နှင့် ကောင်းကင်ဘုံခုံရုံးစစ်တပ်ကြား တိုက်ပွဲမှာ ၎င်းသည် ယခင်ကကဲ့သို့ သုခဘုံနှင့် ဆက်လက်၍ မတူညီတော့ပေ။ အလောင်းများက နေရာတိုင်းမှာ ပြန့်ကျဲပြီး သွေးများက စီးဆင်းနေ၏။
ကောင်းကင်ဘုံခုံရုံးမှ မဟာဧကရာဇ်များကြား တိုက်ပွဲသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာကထက် ပို၍ပင် ပြင်းထန်နေ၏။
ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါးသည် မည်သို့ပင်ဆိုစေ မဟာကမ္ဘာတစ်ထောင်လောကကနေ လာခဲ့ကြပြီး သူတို့မှာ ဝှက်ဖဲများစွာရှိနေ၏။ ကောင်းကင်ဘုံခုံရုံးမှာ ရှိနေခြင်းဖြင့် သူတို့သည် သူတို့၏ တိုက်ခိုက်ရည်ခွန်အားကို အကန့်အသတ်အထိ ထုတ်ဖော်နိုင်ကြသည်။
သိုင်းတာအိုပင်မခန္ဓာသည် သိပ်သည်းပြင်းထန်သော တိုက်ခိုက်ရည်ခွန်အားကို ပိုင်ဆိုင်ထားပြီး အသာစီးရရှိထားဆဲဖြစ်သော်လည်း အပြာရောင်ကောင်းကင်ဘုံအရှင်နှင့် ဆန်းကြယ်ကောင်းကင်ဘုံအရှင်က တစ်လှမ်းပြီးတစ်လှမ်း နောက်သို့ဆုတ်ပေးနေရလျှင်တောင် သူတို့နှစ်ယောက်က သူ့ကို တားဆီးထားနိုင်ဆဲဖြစ်၏။
နှစ်ဖက်စလုံးက စွမ်းအင်အမြောက်အများကို သုံးစွဲခဲ့ရ၏။
သိုင်းတာအိုပင်မခန္ဓာသည် ယခုတစ်ခေါက် တိုက်ခိုက်နေခဲ့သည်မှာ အတော်ကြာခဲ့ပြီဖြစ်ပြီး ပထမဆုံး ကောင်းကင်ဘုံခုံရုံးစစ်တပ်၊ အမှုဆောင်တမန်တော်တချို့နှင့် တိုက်ခိုက်ခဲ့၏။ ထို့နောက် သူသည် ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် တမလွန်ဘုံအရှင်နှင့် ဆက်လက်တိုက်ခိုက်ခဲ့၏။ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ တိုက်ပွဲပြီးနောက် သူသည် ကောင်းကင်ဘုံခုံရုံးသို့ ဆက်လက်တက်လှမ်းပြီး ကောင်းကင်ဘုံခုံရုံးရှိ အရှင်နှစ်ပါးနှင့် ဆက်လက်တိုက်ခိုက်နေ၏။
အဆက်မပြတ်တိုက်ခိုက်ပြီးနောက် သူပင်လျှင် အနည်းငယ်သော ပင်ပန်းနွမ်းလျမှုကို ခံစားလာရသည်။
ယခု သူတို့သည် ကောင်းကင်ဘုံခုံရုံးမှာ ရောက်ရှိနေပြီး ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါး၏ တိုက်ခိုက်ရည်ခွန်အားက သူတို့၏ အထွတ်အထိပ်ကို ရောက်ရှိနေရုံသာမက သူတို့သည် အဆုံးမဲ့ထောက်ပံ့မှုကိုပါ ရရှိနေပုံရသည်ကို သိုင်းတာအိုပင်မခန္ဓာက ခပ်ရေးရေးအာရုံခံမိနိုင်သည်။
ထိုကြောင့်မဟုတ်လျှင် အပြာရောင်ကောင်းကင်ဘုံအရှင်နှင့် ဆန်းကြယ်ကောင်းကင်ဘုံအရှင်က ဤမျှအထိ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။
မည်သို့ပင်ဆိုစေ ဤကောင်းကင်ဘုံခုံရုံးကို ကောင်းကင်ဘုံခုံရုံးမှ အရှင်ကိုးပါး၏ တာအိုအမှတ်အသားများဖြင့် အားဖြည့်ထောက်ပံ့ပေးထား၏။
သူတို့၏ တာအိုအမှတ်အသားများက ဖျက်ဆီးမခံရသရွေ့ ကောင်းကင်ဘုံခုံရုံးမှ အရှင်များသည် တိုက်ပွဲနယ်မြေမှာ ကြီးမားသော အားသာချက်ကို ရရှိနေပေလိမ့်မည်။
သိုင်းတာအိုပင်မခန္ဓာက ရင်တစ်ချက်ထိတ်သွားပြီး သူ၏ စိတ်ထဲမှာ ရဲတင်းသော အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာသည်။
သူ၏ လက်ရှိခွန်အားအရ လောကနှစ်ခုကို ပေါင်းစည်းထားမည်ဆိုလျှင်တောင်၊ မီးတောက်ကိုးခုကို ထုတ်ဖော်ထားမည်ဆိုလျှင်တောင် သူသည် ကောင်းကင်ဘုံခုံရုံး၏ တာအိုအမှတ်အသားကိုးခုကို ဖျက်ဆီးနိုင်လိမ့်မည် မဟုတ်ပေ။
သူသည် အဲဒါကိုပြုလုပ်နိုင်ဖို့ တစ်ခုတည်းသောနည်းလမ်းမှာ အခြားစွမ်းအားများ၏ အကူအညီကို ရယူဖို့ပင်။
ထိုသို့အတွေးဖြင့် သိုင်းတာအိုပင်မခန္ဓာသည် ဆက်လက်၍ တွေဝေတုံ့ဆိုင်းမနေတော့ပေ။ အဝီစိဂိတ်တံခါးကလွဲလျှင် ကျန်ရှိနေသော ငရဲဂိတ်တံခါးကိုးခုက ပွင့်သွား၏။
ဝေါ…
ဧရာမ ဂိတ်တံခါးကိုးခုထဲကနေ ရေများစီးဆင်းနေသော အသံထွက်ပေါ်လာ၏။
နောက်ခဏ၌ ငရဲညှဉ်းပန်းနှိပ်စက်စိမ့်စမ်း၊ ငရဲသိပ်သည်းလေးလံစိမ့်စမ်း၊ ငရဲအဝါရောင်စိမ့်စမ်း၊ ငရဲဆီးနှင်းစိမ့်စမ်း၊ ငရဲယင်စိမ့်စမ်း၊ ငရဲကြည်လင်အေးမြစိမ့်စမ်း၊ ငရဲနိမ့်ကျစိမ့်စမ်း၊ ငရဲခါးသက်စိမ့်စမ်းနှင့် ငရဲကန့်သတ်မဲ့စိမ့်စမ်းတို့က ပေါ်ထွက်လာသည်။
တစ်ချိန်တည်းနီးပါးမှာပင် ငရဲစိမ့်စမ်းကိုးခုက ပေါ်ထွက်လာကြ၏။
အခြားတစ်ဖက်မှာ တျဲယွဲ့က ထိုသည်ကို တွေ့မြင်သောအခါ သူမ၏ တောင်ပံများက အနည်းငယ် လှုပ်ခတ်သွားပြီး သွေးနီရောင်မုန်တိုင်းတစ်ခုကို ဖန်တီးကာ ငရဲ၏ စိမ့်စမ်းကိုးခုအပေါ် ဆင်းသက်သွားစေ၏။
မုန်တိုင်းသည် ငရဲစိမ့်စမ်းကိုးခုကို တိုက်ခတ်ပြီး ကောင်းကင်ထက်သို့ တလိပ်လိပ်ထိုးတက်သွား၏။
မုန်တိုင်းအပြီးမှာ မိုးများက ရွာသွန်းကျဆင်းလာ၏။
ပြင်းထန်ကြမ်းတမ်းသော လေပြင်းမုန်တိုင်းက အော်မြည်တိုက်ခတ်ပြီး လျှပ်စီးများက တဖျတ်ဖျတ်လက်နေသည်။
ငရဲစိမ့်စမ်းကိုးခုသည် ကောင်းကင်ဘုံကိုးလွှာသို့ သွန်းလောင်းကျဆင်းလာသည့် သည်းထန်သောမိုးအဖြစ် ပြောင်းလဲသွားလေသည်။
ဤသည်မှာ သိုင်းတာအိုပင်မခန္ဓာနှင့် တျဲယွဲ့၏ ပူးပေါင်းတိုက်ခိုက်မှုဖြစ်ပြီး ကောင်းကင်ဘုံခုံရုံးစစ်တပ်အပေါ် တကယ်ပင် ကြီးမားသည့် ပျက်စီးတိုက်ခိုက်မှုဖြစ်စေ၏။ ပထမဆုံးထိခိုက်ခံစားရသည်မှာ ကောင်းကင်ဘုံခုံရုံးစစ်တပ်မှ စစ်သည်များစွာပင် ဖြစ်သည်။
ကောင်းကင်ဘုံခုံရုံးမှ အင်မော်တယ်နန်းတော်နှင့် အဆောက်အအုံများစွာသည် ငရဲစိမ့်စမ်းကိုးခု၏ သွန်းလောင်းကျဆင်းမှုကို ခံနိုင်ရည်မရှိပေ။
အင်မော်တယ်ဆေးပင်နှင့် စိတ်ဝိညာဉ်အပင်များစွာက တစ်ပင်ပြီးတစ်ပင် ညှိုးခြောက်သွားကြသည်။
သို့သော်လည်း ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါးသည် ငရဲစိမ့်စမ်းကိုးခု၏ မိုးရေစက်များမှာ သက်ရောက်ခံရမှု မရှိသည့်ပုံပင်။
“ဟားဟားဟား”
သိုင်းတာအိုပင်မခန္ဓာ၏ ရည်ရွယ်ချက်ကို ပြောနိုင်သည့်အလား အပြာရောင်ကောင်းကင်ဘုံအရှင်က ဟားတိုက်ရယ်မောလိုက်၏။
“အထီးကျန်သိုင်းသခင်… မင်းက ငရဲစိမ့်စမ်းကိုးခုလောက်နဲ့ ကောင်းကင်ဘုံခုံရုံးမှာ ငါတို့ချန်ထားတဲ့ တာအိုအမှတ်အသားတွေကို ဖျက်ဆီးပစ်ချင်နေတယ်ပေါ့”
“အိပ်မက်သာ ဆက်မက်နေလိုက်”
“ဟုတ်ပါ့မလား”
သိုင်းတာအိုပင်မခန္ဓာက ငြင်းဆန်နေခြင်းမရှိဘဲ မှင်သေသေဖြင့်သာ ပြောလိုက်၏။
ငရဲစိမ့်စမ်းကိုးခုသည် ဧကရာဇ်များကိုပင် သက်ရောက်စေနိုင်သည့် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်မျိုးကို ပိုင်ဆိုင်ထား၏။
သို့သော်လည်း ငရဲစိမ့်စမ်းကိုးခုသည် မဟာဧကရာဇ်များနှင့် ရင်ဆိုင်ရာမှာ အသုံးဝင်မှုများစွာ ရှိလိမ့်မည်မဟုတ်ဟု သိုင်းတာအိုပင်မခန္ဓာက ကြိုတင်မျှော်လင့်ထားပြီးသားဖြစ်သည်။
သူသည် ငရဲဂိတ်တံခါးကိုးခုကိုသုံးပြီး သူဆွဲဆောင်လိုသည့်အရာမှာ ငရဲစိမ့်စမ်းကိုးခုမဟုတ်ဘဲ ငရဲစိမ့်စမ်းကိုးခု၏ အရင်းအမြစ် တမလွန်ဘုံမြစ်ဖြစ်သည်။
သူသည် တမလွန်မြစ်နှင့်အတူ ကောင်းကင်ဘုံခုံရုံးကို ဆွဲယူနှစ်မြှုပ်ပြီး ကောင်းကင်ဘုံကိုးလွှာကို ရေလွှမ်းမိုးစေချင်၏။ သူသည် တမလွန်မြစ်၏ စွမ်းအားကို အသုံးချပြီး ကောင်းကင်ဘုံခုံရုံးမှ အရှင်ကိုးပါး၏ တာအိုအမှတ်အသားများကို ဖျက်ဆီးပစ်ချင်၏။
ဝေါ… ဝေါ…
ငရဲဂိတ်တံခါးကိုးခု၏ အနက်ပိုင်းထဲကနေ တဝေါဝေါအသံများ ထွက်ပေါ်လာပြီး လူတိုင်းကို ရင်တထိတ်ထိတ်ဖြစ်သွားစေ၏။
ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါးက ငရဲဂိတ်တံခါးကိုးခုကနေ ထွက်ပေါ်လာသည့် အော်ရာကို အာရုံခံမိသောအခါ သူတို့က ရင်တလှပ်လှပ်ဖြစ်သွားပြီး သူတို့၏ အမူအရာများက ရုတ်ချည်းပြောင်းလဲသွားကြသည်။
ဒါက မည်ကဲ့သို့သော စွမ်းအားမျိုးလဲ…
ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါးက အဲ့ဒါကို ပုံဖော်မနိုင်ခင် တမလွန်မြစ်၏ နက်မှောင်၍ လျှို့ဝှက်ဆန်းကြယ်သော ရေများက ကမ္ဘာဖျက်ရေစီးကြောင်းများအဖြစ် အသွင်ပြောင်းလဲပြီး ကောင်းကင်ဘုံခုံရုံးရှိရာသို့ တရဟောကျဆင်းလာ၏။
ကျယ်ပြောသော ကောင်းကင်ဘုံခုံရုံးသည် သိပ်မကြာခင် တမလွန်မြစ်ရေအောက် နစ်မြှုပ်သွားသည်။
ကောင်းကင်ဘုံခုံရုံးမှာ ချန်ထားရစ်သော တာအိုအမှတ်အသားကိုးခု၏ စွမ်းအားကလည်း သိသိသာသာ အားပျော့လာ၏။
တမလွန်မြစ်က မည်သည့်နေရာကနေ ဆင်းသက်လာသည် သို့မဟုတ် ၎င်းက မည်ကဲ့သို့ ဖြစ်ပေါ်လာသည်ကို သိုင်းတာအိုပင်မခန္ဓာ မသိရှိပေ။
သို့သော်လည်း သူသည် တမလွန်မြစ်ထဲမှာ နှစ်ပေါင်းတစ်ရာကြာအောင် လွင့်မျောနေခဲ့ပြီး မြစ်ရေထဲမှာ အလွန်တရာ အင်အားကြီးမားသော စွမ်းအားတစ်ခု ရှိနေသည်ကို အာရုံခံမိခဲ့သည်။
ယခု ငရဲဂိတ်တံခါးကိုးခုကနေတစ်ဆင့် ငရဲမှ ကောင်းကင်ဘုံခုံရုံးသို့ တမလွန်မြစ်ရေများ တရကြမ်းစီးဆင်းလာခြင်းကို သိုင်းတာအိုပင်မခန္ဓာ၏ အမြုတေစိတ်ဝိညာဉ်ကပင် ခံနိုင်ရည်မရှိပေ။
အဆက်မပြတ် တိုက်ခိုက်ပြီးနောက် သူက စွမ်းအင်များစွာကို သုံးစွဲခဲ့ရပြီဖြစ်၏။
ယခု သူသည် တမလွန်မြစ်ရေကို ယူဆောင်လာပြီးနောက် သူ၏ အမြုတေစိတ်ဝိညာဉ်က အလွန်တရာ အားပျော့သွားခဲ့ပြီဖြစ်သည်။
တမလွန်မြစ်သည် အလွန်တရာ သန်မာပြီး ငရဲဂိတ်တံခါးကိုးခုကပင် ထိုဝန်ထုပ်ဝန်ပိုးကို ခံနိုင်ရည်မရှိပေ။
တမလွန်မြစ်က အဆက်မပြတ် တလိပ်လိပ်ထိုးတက်လာပြီး သိုင်းတာအိုပင်မခန္ဓာ၏ အမြုတေစိတ်ဝိညာဉ်က အားပျော့လာစဉ် ငရဲဂိတ်တံခါးကိုးခုကလည်း အက်ကွဲကြောင်းများဖြင့် ပြည့်နှက်လာ၏။
သိပ်မကြာခင် သူတို့က ကြေမွပျက်စီးသွားသည်။
ငရဲဂိတ်တံခါးကိုးခု ပြိုကျသွားသော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ ရည်ရွယ်ချက်က အထမြောက်သွားခဲ့ပြီဖြစ်သည်။
ကောင်းကင်ဘုံကိုးလွှာသည် တမလွန်မြစ်ရေအောက် နစ်မြုပ်သွားခဲ့ပြီဖြစ်သည်။
ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါး၏ စွမ်းအားကလည်း တဖြည်းဖြည်း လျော့ကျပျက်ပြယ်လာ၏။ ထိုလျော့ကျမှုက သိသာထင်ရှားမှုမရှိသော်လည်း အနည်းငယ်သော အပြောင်းအလဲက လက်ရှိအခြေအနေအပေါ် ကြီးမားသည့် သက်ရောက်မှုတစ်ခု ရှိလာပေလိမ့်မည်။
ဝုန်း… ဝုန်း… ဝုန်း…
တိုက်ပွဲ၏ ဤအဆင့်ရောက်ထိ နှစ်ဦးနှစ်ဖက်စလုံးက သူတို့၏ အကန့်အသတ်များနီးပါးအထိ ရောက်ရှိလာခဲ့ကြ၏။ သိုင်းတာအိုပင်မခန္ဓာ၏ အမြုတေစိတ်ဝိညာဉ်က အားနည်းလာပြီး သူ၏လောကများကလည်း အဆက်မပြတ် ထိတွေ့ရိုက်ခတ်ပြီးနောက် အလွန်တရာ ကြွပ်ဆတ်လာ၏။ သူတို့က အရမ်းကိုအားနည်းနေပြီး တစ်ခုပြီးတစ်ခုပြိုကျကာ ဘာမှမကျန်ရှိတော့ပေ။
သိုင်းစကြဝဠာကပင်လျှင် ၎င်းကို ခံနိုင်ရည်မရှိဘဲ အပိုင်းပိုင်းကြေမွသွား၏။
လောကနှစ်ခု၏ ပေါင်းစည်းမှုသည် သိုင်းတာအိုပင်မခန္ဓာ၏ တိုက်ခိုက်ရည်ခွန်အားကို အဆုံးစွန်အထိ တကယ်ပင် မြှင့်တင်ပေးပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ ကောင်းကင်ဘုံတာအိုနိယာမများ၏ အကန့်အသတ်များကို တကယ်ပင် ကျော်လွန်သွားစေခဲ့၏။
သို့သော် ယခု အဆက်မပြတ်တိုက်ခိုက်ပြီးနောက် စွမ်းအင်ကုန်ဆုံးမှုက အရမ်းကိုကြီးမားပြီး သိုင်းစကြဝဠာက ဆက်လက်၍ တောင့်မခံနိုင်တော့ပေ။ ကြေမွပျက်စီးသွားပြီးနောက် လောကနှစ်ခုက ပေါင်းစည်းနိုင်တော့မည် မဟုတ်ပေ။
ငရဲဂိတ်တံခါးများနှင့် သိုင်းစကြဝဠာမရှိဘဲ သိုင်းတာအိုပင်မခန္ဓာသည် ယခုအချိန်မှာ အရိုးရှင်းဆုံးနတ်ဘုရားစွမ်းအားများနှင့် လျှို့ဝှက်အတတ်များကိုပင် မထုတ်ဖော်နိုင်တော့ပေ။
တျဲယွဲ့၊ မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့ကလည်း အတူတူပင်ဖြစ်သည်။
တာအိုအမှတ်အသားများက တမလွန်မြစ်ရေဖြင့် တိုက်စားခံရပြီးနောက် သူတို့က ညိုမည်းသွားလေသည်။ ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါးသည် သူတို့၏ လမ်းဆုံးကို ရောက်ရှိနေကြပြီဖြစ်သည်။
တိုက်ပွဲ၏ ဤအဆင့်အရောက်မှာ မဟာဧကရာဇ်ပညာရှင် ၁၁ဦးသည် အနီးကပ်တိုက်ခိုက်ရည်မှာ စတင်တိုက်ခိုက်လိုက်ကြရပြီဖြစ်သည်။ ဤနေရာမှာ ကမ္ဘာတုန်လှုပ်ဖွယ်ရာ မြင်ကွင်းမျိုး ပေါ်ထွက်မလာတော့ပေ။ ထိုအစား သူတို့သည် လက်သီးချင်းပစ်ရိုက်ခြင်း၊ သူတို့၏ လက်သည်းများကို လွှဲယမ်းခြင်းနှင့် ရူးသွပ်စွာ ကိုက်ခဲခြင်းတို့ကို ပြုလုပ်လာကြရ၏။
ချောက်ချားစရာပုံစံဖြင့် အရိုးများက ကျိုးပဲ့ပြီး အသားစများက ဖိတ်စင်ပြန့်ကျဲလာ၏။ နှစ်ဦးနှစ်ဖက်စလုံးက စိတ်ပိုင်းဖြတ်ထားကြပြီး သူတို့၏ တာအိုနှလုံးသားများက ယိမ်းယိုင်မှုမရှိကြပေ။
ကောင်းကင်ဘုံခုံရုံးမှ အရှင်ခြောက်ပါးသည် သေချာပေါက် နောက်သို့ဆုတ်ပေးလိမ့်မည် သို့မဟုတ် သိုင်းတာအိုပင်မခန္ဓာနှင့် အခြားသူများကို ကျော်ဖြတ်ခွင့်ပေးလိမ့်မည် မဟုတ်ပေ။
သိုင်းတာအိုပင်မခန္ဓာ၊ တျဲယွဲ့၊ မိစ္ဆာအရှင်နှင့် အခြားသူများကတော့ သူတို့သည်လည်း သည်ဘက်မျိုးဆက်မှာ ကောင်းကင်ဘုံခုံရုံးကို ဖျက်ဆီးဖို့ စိတ်ပိုင်းဖြတ်ထားကြပြီဖြစ်သည်။
နှစ်ဦးနှစ်ဖက်စလုံးက သူတို့၏ ရင်ထဲရှိ စွမ်းအားကြီးမားသော စိတ်စွမ်းအားတစ်ခုအပေါ် မှီခိုပြီး ဆက်လက်၍ တိုက်ခိုက်နေကြ၏။ တကယ်ပင် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ဝှက်ဖဲများနှင့် နည်းလမ်းများစွာကို အသုံးပြုခဲ့ပြီးပြီဖြစ်သည်။ သို့သော်လည်း သူ၏ ခန္ဓာကိုယ်က အမြုတေသိုင်းလောကပင်ဖြစ်သည်။
သူသည် လောကတစ်ခုကို မြှောက်မတင်နိုင်လျှင်တောင် သိုင်းတာအိုခန္ဓာနှင့်အတူ သိုင်းတာအိုပင်မခန္ဓာသည် အရာရာတိုင်းကို ဖယ်ရှားရှင်းလင်းပြီး စွမ်းအားကြီးမားသော ရန်သူများကို ဖိနှိမ်နိုင်သေးသည်။
နှစ်ဦးနှစ်ဖက်က သူတို့၏ အကန့်အသတ်များအထိ ဖိအားပေးခံထားရသည့်အခါ သိုင်းတာအိုပင်မခန္ဓာသည် နောက်ဆုံးမှာ အသာစီးအနည်းငယ်ရရှိလာခဲ့သည်။
သိုင်းတာအိုပင်မခန္ဓာသည် သူ၏ လက်သီးနှစ်ဖက်ကိုမြှောက်ပြီး သိပ်သည်းလေးလံသော တောင်ထွတ်တစ်စုံကဲ့သို့ အဆက်မပြတ် ပစ်ရိုက်ချနေ၏။
အပြာရောင်ကောင်းကင်ဘုံအရှင်၏ ခန္ဓာကိုယ်မှာ ကြေးခွံများစွာက ကွာကျပြီး သူ၏ အသားများက စိစိညက်ညက်ကြေကာ ဖွာလန်ကြဲလာ၏။
ဆန်းကြယ်ကောင်းကင်ဘုံအရှင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို သူ၏ ထူထဲသော လိပ်ကျောခွံထဲမှာ ဖုံးကွယ်ထားပြီး သူက အပေါ်ယံဒဏ်ရာတချို့သာ ရရှိထားသည့်ပုံပေါ်သည်။
သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာ၏ လက်သီးကနေ ထွက်ပေါ်လာသော တုန်လှုပ်စရာကောင်းသည့် စွမ်းအားက သူ၏ လိပ်ကျောခွံကိုပင် ထိုးဖောက်ပြီး သူ၏ ကိုယ်တွင်းအင်္ဂါများကို ပုံပျက်သွားစေ၏။ သူ၏ အင်္ဂါခြောက်ခုက ပျက်စီးထိခိုက်သွားပြီး သူ၏ အရိုးများက တဖျောက်ဖျောက်မြည်လာ၏။ သူ၏ သွားများက ယိုင်နဲ့လာပြီး သူ့ပါးစပ်ထဲမှာ သွေးများက ပြည့်နှက်နေပြီဖြစ်သည်။
ဤအတိုင်းသာဆက်သွားလျှင် သိုင်းတာအိုပင်မခန္ဓာသည် သူ၏ ထူထဲသော လိပ်ကျောခွံကနေတစ်ဆင့်ပင် တုန်လှုပ်စရာကောင်းသော ရိုက်ခတ်မှုဖြင့် သူ့ကိုပင် သတ်ဖြတ်နိုင်လောက်လေသည်။