← Chapters

အခန်း (၃၁၉၅-၃၁၉၆)

Vol. 212 Ch. 3195-3196

အခန်း (၃၁၉၅-၃၁၉၆)

Vol. 212 Ch. 3195-3196

အခန်း ၃၁၉၅ - ဘယ်တော့မှဦးမညွှတ်

နီညိုရောင်မျောက်ဝံလောကအရှင်၊ ဝဝအဖိုးအိုနှင့် ပိန်ပိန်အဖိုးအိုတို့သည် အမှုဆောင်မန်တော်ဆန်းကြယ်ကောင်းကင်ဘုံကို သတ်ဖြတ်ဖို့အတွက် သူတို့၏ အသက်များကို တစ်ယောက်ပြီးတစ်ယောက် စွန့်လွှတ်စတေးလိုက်သည်ကို တွေ့မြင်ရသောအခါ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဧကရာဇ်ပညာရှင်များစွာက ရင်ထဲမှာ လှုပ်ခတ်သွားကြသည်။

သူတို့ကိုယ်သူတို့ စွန့်လွှတ်စတေးခဲ့သည် သူရဲကောင်းဆန်သော ဤအပြုအမူများသည် အချိန်အတန်ကြာငြိမ်သက်နေခဲ့သော သူတို့၏ နှလုံးသားကို လှုပ်ခတ်သွားစေ၏။

ဧကရာဇ်များစွာ၏ ခန္ဓာကိုယ်ထဲရှိသွေးများက ပူပြင်းလာပုံရသည်။

ဧကရာဇ်ပညာရှင်တချို့က သူတို့၏ လက်သီးများကို အလိုလိုဆုပ်ထားကြ၏။

ဧကရာဇ်ပညာရှင်တချို့က တစ်စုံတစ်ရာကိုပြုလုပ်ချင်သည့်အလား ရှေ့သို့ခြေတစ်လှမ်းတိုးလိုက်ကြ၏။

ရုတ်တရက် ဧကရာဇ်ပညာရှင်တစ်ဦးက ပြောလိုက်သည်။

“တကယ်တော့ ဒီဘက်မျိုးဆက်မှာ မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ မဟာဧကရီသွေးလိပ်ပြာကြောင့်မဟုတ်ရင် ငါတို့တွေက အခုလို မဆိုင်သလို ဘေးထွက်နေနိုင်မှာမဟုတ်ဘူး… ကောင်းကင်နှင့်မြေကြီးကြား ဒီတိုက်ပွဲမှာ ငါတို့က ပါဝင်ပတ်သက်ဖို့ အတင်းအကျပ်ဖိအားပေးခံရလိမ့်မယ်”

သမိုင်းတစ်လျှောက်မှာ ကောင်ကင်ဘုံဆန့်ကျင်တိုက်ပွဲတိုင်းက အတူတူပင်ဖြစ်ခဲ့သည်။

သူတို့သည် မဆိုင်သလို ဘေးထွက်ချင်နေသည်ဆိုလျှင်ပင် ကောင်းကင်ဘုံခုံရုံးက တစ်ဘက်ဘက်ကို ရွေးချယ်ဖို့ သူတို့ကို အတင်းအကျပ်ဖိအားပေးပေလိမ့်မည်။

သည်ဘက်မျိုးဆက်မှာလည်း အတူတူပင်ဖြစ်ခဲ့သည်။

အစကတော့ သူတို့မှာ ရလဒ်နှစ်ခုသာရှိခဲ့၏။

သူတို့သည် ငရဲနှင့် အဆူရာစစ်တပ်များနှင့် ဆန့်ကျင်တိုက်ခိုက်ရန် ကောင်းကင်ဘုံခုံရုံ၏ ဖိအားပေးခြင်းခံရမည်။

မဟုတ်ပါက သူတို့သည် တမလွန်ဘုံအရှင်၏ သန့်စင်မွမ်းမံခြင်းခံရပြီး အုတ်ဂူများအဖြစ် ပြောင်းလဲသွားကြပေလိမ့်မည်။

နောက်ထပ်ဧကရာဇ်တစ်ဦးက သက်ပြင်းချကာပြောလိုက်၏။

“တကယ်တော့ ဓားကမ္ဘာ.. နီညိုရောင်မျောက်ဝံကမ္ဘာ… အဟာအရိုင်းကမ္ဘာ… ခွန်ဖန်းကမ္ဘာနဲ့ ထျန်ဟွမ်ကမ္ဘာက အဲဒီလူအုပ်စုက ငါတို့အားလုံးအတွက် အရာရာတိုင်းကို ပခုံးထမ်းပေးနေကြတာပဲ”

အစကတော့ ကစဉ့်ကလျားတစ်ခုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို တိုက်ခတ်လာခဲ့ပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးအပေါ် သက်ရောက်စေခဲ့သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ ဓားကမ္ဘာနှင့် ထျန်ဟွမ်ကမ္ဘာမှ ဧကရာဇ်ပညာရှင်များသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအတွက် ကောင်းကင်ဘုံခုံရုံးမှလာသော စစ်တပ်ကို တားဆီးပေးထား၏။

ထို့ကြောင့်ပင် သူတို့သည် မဆိုင်သလို ဘေးထွက်ရပ်နေနိုင်သည့် ဤအခွင့်အရေးကို ရရှိလာကြခြင်းဖြစ်၏။

ဧကရာဇ်တစ်ဦးက မလုံမလဲအမူအရာနှင့်အတူ ကောင်းကင်ဘုံခုံရုံးရှိရာဘက်သို့ကြည့်ပြီး ညင်သာစွာရေရွတ်လိုက်၏။

မဟာဧကရာဇ်အထီးကျန်သိုင်းသခင်က တာအိုတစ်ခုကို တည်ထောင်ပြီး အဲဒါကို သင်ကြားပေးခဲ့တယ်… သူက သက်ရှိတွေအားလုံးကို ကာကွယ်ပေးနေတယ်… အခု သူနဲ့ မဟာဧကရီသွေးလိပ်ပြာက ဘာမှန်းမသိရတဲ့ ကံကြမ္မာနဲ့ ကောင်းကင်ဘုံခုံရုံးကအရှင်တချို့နဲ့ ဆန့်ကျင်တိုက်ခိုက်နေကြတယ်… အဲဒါတွေအားလုံးက နှစ်ပေါင်းမရေမတွက်နိုင်အောင် ငါတို့ကို ရစ်ပတ်ထားတဲ့ အချုပ်အနှောင်တွေကို ချိုးဖျက်ပေးဖို့အတွက်ပဲ… ဒါဆို ငါတို့ကရော… ငါတို့ အခုဘာလုပ်နေကြတာလဲ”

“ငါတို့က ဘေးကနေ စောင့်ကြည့်နေကြတာပဲ”

“ငါတို့က ရွေးချယ်မှုတစ်ခုပြုလုပ်ဖို့အတွက် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲရဲ့ အဆုံးအဖြတ်ရလဒ်တစ်ခုကို စောင့်နေကြတာပဲ”

“ကောင်းကင်ဘုံခုံရုံးက အနိုင်ရမယ်ဆိုရင် ငါတို့တွေက သက်ရောက်မခံရဘဲ ကပ်ဘေးတစ်ခုကနေ ရှောင်လွှဲနိုင်မယ်”

“ကောင်းကင်ဘုံခုံရုံးက ရှုံးနိမ့်သွားမယ်ဆိုရင် ငါတို့တွေက မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းနိုင်မယ်”

ထိုအတွေးက ဧကရာဇ်အများစု၏ အတွေးဖြစ်သည်။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူက အဲဒါကို ပေါ်ပေါ်ထင်ထင်ထုတ်ဖော်ပြောဆိုလိုက်သည်။

ဧကရာဇ်တစ်ဦးက ပြုံး၍ပြောလိုက်သည်။

“ငါတို့တွေက နဲနဲတော့ တစ်ကိုယ်ကောင်းဆန်ကြတာပဲ… အဲဒါကို နားလည်လို့ရပါတယ်…. ဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူး… ဘာပဲပြောပြော ဘယ်သူကမှ မသေချင်ကြဘူး”

ခဏမျှရပ်တန့်ပြီးနောက် ထိုဧကရာဖ်ပညာရှင်က သူ၏ အပြုံးကို ရုပ်သိမ်းပြီး ပြောလိုက်သည်။

“ဒါပေမယ့် ငါတို့ကိုယ်ငါတို့ ရိုးရိုးသားသားပြန်မေးသင့်တယ်… နောက်ဆုံးမှာ ကောင်းကင်ဘုံခုံရုံးအနိုင်ရသွားမယ်ဆိုရင် ငါတို့တွေက စိတ်သန့်သန့်နဲ့ တကယ်ပဲ ရှင်သန်နိုင်မှာလား”

“ကောင်းကင်ဘုံခုံရုံးက ရှုံးနိမ့်သွားမယ်ဆိုရင်.. ငါတို့တွေက စိတ်ထဲမှာ ဘာစနိုးစနောင့်မှမရှိဘဲ မဟာကမ္ဘာတစ်ထောင်လောကကို တကယ်ပဲ တက်လှမ်းနိုင်မှာလား”

ဧကရာဇ်များစွာက နှုတ်ဆိတ်သွားကြသည်။

သို့သော်လည်း လူတချို့က ဆုံးဖြတ်ချက်ချပြီးသွားပုံရသည်။

ထျန်ဟွမ်ကမ္ဘာမှ စစ်မြေပြင်သည် ဓားကမ္ဘာကထက် ပို၍ပင် အန္တရာယ်များနေ၏။

ဓားကမ္ဘာမှာ အမှုဆောင်တမန်တော်ဆန်းကြယ်ကောင်းကင်ဘုံက ဆက်လက်၍ မရှိတော့ပေ။ ထျန်ဟွမ်ကမ္ဘာဘက်ခြမ်းမှာတော့ ဆန်းကြယ်ကောင်းကင်ဘုံသခင်လေး ရှိနေသေး၏။

ဆူဇီမိုသည် ဧကရာဇ်ပညာရှင်ငါးဆယ်ကျော်ကျော်ကို ထိန်းပေးထားလျှင်တောင် ကောင်းကင်ဘုံခုံရုံးဘက်မှာ ဧကရာဇ်ခုနှစ်ရာဝန်းကျင်ရှိနေဆဲဖြစ်၏။ ထျန်ဟွမ်ကမ္ဘာက သူတို့ကို လုံးဝမခုခံနိုင်ပေ။

အထွတ်အထိပ်ဧကရာဇ်များသည် သူတို့၏ ပကတိလောကများအပေါ်မှီခိုနိုင်ကြ၏။ သူတို့သည် သူတို့၏ ရန်သူနှင့် မတိုက်ခိုက်နိုင်ဘဲ ဒဏ်ရာအပြင်းအထန်ရရှိမည်ဆိုလျှင်တောင် ချက်ချင်းသေရဖို့ မလွယ်ကူပေ။

အန္တိမဧကရာဇ်များသည် အထွတ်အထိပ်ဧကရာဇ်များနှင့် ရင်ဆိုင်ရမှသာလျှင် အန္တရာယ်ကျရောက်လာပေလိမ့်မည်။

သို့သော်လည်း ဤမျှအတိုင်းအတာ ဧကရာဇ်တိုက်ပွဲတစ်ခုမှာ သာမန်ဧကရာဇ်ပညာရှင်များအနေဖြင့် မထိမခိုက်ရှိနေဖို့မဖြစ်နိုင်ဘဲ သူတို့က အကြီးမားဆုံး သေကြေပျက်စီးထိခိုက်မှုနှင့် ကြုံတွေ့ရလေသည်။

ထျန်ဟွမ်ကမ္ဘာမှာ သာမန်ဧကရာဇ်များ၏ သေကြေပျက်စီးမှုအရေအတွက်က လျင်မြန်စွာ မြင့်တက်လာနေ၏။

အခြားတစ်ဘက်မှာ ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးနှင့် ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်ငါးဆယ်ကျော်ကျော်၏ ပူးပေါင်းမှုနှင့်အတူ သူတို့သည် ဆူဇီမိုကို မည်သည့်ထွက်ပေါက်မှမရှိဘဲ လေဟာနယ်တစ်ခုထဲမှာ ဝိုင်းပတ်ထားနိုင်ပြီဖြစ်သည်။

နှစ်ဦးနှစ်ဖက်စလုံးက အရမ်းကိုနီးကပ်နေပြီး ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးထံမှ အမိန့်တစ်ချက်နှင့်အတူ ဆူဇီမိုက နေရာမှာပင် သတ်ဖြတ်ခံရနိုင်သည်။

ထိုစဉ်မှာပင် ထျန်ဟွမ်ကမ္ဘာဘက်ကနေ ဝမ်းနည်းစရာကောင်းသော အော်ဟစ်သံတစ်သံက ထွက်ပေါ်လာ၏။

တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား ဆူဇီမို၏ နှလုံးက ရုတ်တရက်တင်းကျပ်သွားပုံရသည်။ ၎င်းသည် မမြင်ရသောလက်တစ်စုံဖြင့် ဖမ်းညှစ်ခံထားရသည့်အလား သူက အသက်ပင် ကောင်းကောင်းမရှူနိုင်တော့ပေ။

သူက ရုတ်တရက်လှည့်ကြည့်လိုက်၏။

ထျန်ဟွမ်ကမ္ဘာ၏ ရုန်းရင်းဆန်ခတ်ဖြစ်နေသော တိုက်ပွဲနယ်မြေမှာ သွေးသံရဲရဲလူတစ်ယောက်က ရင်ဘတ်မှာ ကြီးမားသော အပေါက်တစ်ပေါက်အဖြစ် ထိုးဖောက်ခံထားရပြီး ပြင်းထန်စွာလွင့်စင်ထွက်သွား၏။ သူ၏ အသက်ဓာတ်အားက ပျက်ပြယ်လာပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က မှေးမှိန်လာခဲ့၏။ သူက ဆက်လက်၍ အသက်မရှင်နိုင်တော့ပေ။

ဆူဇီမို၏ စိတ်က ပေါက်ကွဲထွက်သွားပြီး သူက ရုတ်တရက်မှင်တက်သွား၏။ သူ၏ နှုတ်ခမ်းက အနည်းငယ်တုန်ယင်နေပြီး တီးတိုးရေရွတ်လိုက်၏။

“လူသားဧကရာဇ်…”

“ယောင်္ကျား…”

ထျန်ဟွမ်ကမ္ဘာမှာ အင်မော်တယ်ဘုရင်မလင်းလုံ၏ မျက်လုံးများက ငိုယိုခြင်းဖြင့် နီရဲနေ၏။ သူမသည် ကျယ်လောင်စွာခေါ်ပြီး ထျန်ဟွမ်ကမ္ဘာ၏ အစီအရင်ဝင်္ကပါအပြင်ဘက်သို့ မဆင်မခြင်ပြေးထွက်သွား၏။

ဖုန့်စန်းထျန်၊ လင်းရွှမ်ကျီနှင့် အခြားသူများက ရှေ့သို့အလောတကြီးတက်လှမ်းလာကြ၏။ သို့သော်လည်း သူတို့သည် အင်မော်တယ်ဘုရင်မလင်းလုံကို မတားဆီးနိုင်ပေ။ သူမသည် နန်းတော်ကိုးဆောင်လှပသိမ်မွေ့ခြေလှမ်းများကို ထုတ်ဖော်ကာ ရိပ်ခနဲဖြတ်ပြေးသွားပြီး ဧကရာဇ်များတိုက်ခိုက်နေသော တိုက်ပွဲနယ်မြေရှိရာသို့ ပြေးဝင်သွား၏။

လင်းလုံသည် အင်မော်တယ်ဘုရင်နယ်ပယ်မှာသာရှိသည်။ ဧကရာဇ်နယ်ပယ်တိုက်ပွဲနယ်မြေသို့ ဝင်ရောက်ခြင်းသည် သူ့ကိုယ်သူ သတ်သေခြင်းနှင့်တူညီနေသည်။

မည်သည့်ဧကရာဇ်ပညာရှင်ကမဆို ထုတ်ဖော်လိုက်သော ကြွင်းကျန်ရစ်သည့်စွမ်းအားက သူမကို သတ်ဖြတ်နိုင်သည်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ သူမသည် အန္တရာယ်ကို မေ့လျော့သွားပုံရ၏။

သူမ၏ မျက်လုံးထဲမှာ လူတစ်ယောက်သာရှိတော့သည်။

“အဖေ.. အမေ…”

လင်းလေ၏ မျက်လုံးက မျက်ရည်များဖြင့် စိုရွှဲနေပြီး သူကလည်း အပြင်ဘက်ကို ပြေးထွက်ချင်၏။ သို့သော်လည်း သူ့ကို ဖုန့်စန်းထျန်က တားဆီးထားသည်။

လင်းလောကိုလည်း လင်းရွှမ်ကျီက တားဆီးထား၏။

ဖုန့်စန်းထျန်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏ လက်သီးနှစ်ဖက်ကို တင်းတင်းဆုပ်ထား၏။ သူ၏ ခန္ဓာကိုယ်က အထိန်းအကွပ်မဲ့စွာ တုန်ယင်နေပြီး သူက အလွန်တရာ စိတ်ထိခိုက်ခံစားနေရသည်။

သူတို့ ထျန်ဟွမ်ကမ္ဘာမှာရှိစဉ်ကတည်းက သူသည် လင်းကျန့်နှင့်သိကျွမ်းခဲ့ပြီး အကြိမ်ပေါင်းများစွာ အတူယှဉ်တွဲတိုက်ခိုက်ခဲ့ကြဖူးသည်။

သူတက်လှမ်းလာပြီး ဤအချိန်ထိ လင်းကျန့်သည် သူ၏ အကောင်းဆုံးညီအစ်ကိုဖြစ်ပြီး သူ၏ရင်ထဲမှာ အစားထိုးမရနိုင်သော အဆင့်အတန်းတစ်ခုကို ရယူထားနိုင်လေသည်။

စောစောက အင်မော်တယ်ဘုရင်မလင်းလုံကဲ့သို့ပင် သူက လင်းကျန့်ရှိရာသို့ ပြေးထွက်သွားချင်၏။

သူသည် လင်းကျန့်နှင့်အတူ အတူတကွသေဆုံးလိုလေသည်။

သို့သော်လည်း လင်းကျန့်က သူ့ကိုလှည့်ကြည့်ပြီးနောက် သူ၏ ခေါင်းကို ညင်သာစွာခါပြကာ လင်းလေနှင့်လင်းလောကို ကြည့်နေ၏။

ထိုအခိုက်အတန့်မှာ ဖုန့်စန်းထျန်က သူ၏ စိတ်ကို ရုတ်တရက်ထိန်းချုပ်လိုက်၏။

သူတို့နှစ်ယောက်သည် တစ်ယောက်၏ စိတ်ဆန္ဒကိုတစ်ယောက် ထုတ်ဖော်ပြောဆိုစရာမလိုဘဲ အလိုလိုနားလည်နိုင်ကြသည်။

လင်းကျန့်သည် လင်းလေနှင့်လင်းလောကို စိုးရိမ်ပူပန်နေ၏။

ဖုန့်စန်းထျန်သည် သူ၏ ရင်ထဲရှိ နာကျင်ခံစားရမှုကို ကြိတ်မှိတ်သည်းခံပြီး လင်းလေကို ထျန်ဟွမ်ကမ္ဘာကနေ ထွက်ခွာမသွားရန် တင်းကျပ်စွာ ဆွဲခေါ်ထားသည်။

ဘေးတစ်ဘက်မှာ လင်းလောသည် ထွက်ခွာသွားသော သူမအမေကို ကြည့်ပြီး တိတ်တဆိတ်ငိုကြွေးကာ သူမ၏ မျက်နှာက မျက်ရည်များဖြင့် ပြည့်နှက်နေပြီဖြစ်၏။

သူမအမေက အန္တရာယ်နှင့်ပတ်သက်၍ သတိမလွတ်သည်ကို သူမသိရှိထားသည်။

သူမအမေသည် အပြင်ဘက်သို့ထွက်သွားခြင်းက အန္တရာယ်များသည်ကို သိရှိသော်လည်း သူမက ဆက်လက်၍ ရှင်သန်ဖို့ စိတ်မရှိတော့သည့်အတွက်ကြောင့်ဖြစ်သည်။

သူမအမေသည် သူမအဖေနှင့်အတူ သေဆုံးလိုလေသည်။

အင်မော်တယ်ဘုရင်မလင်းလုံသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဧကရာဇ်တိုက်ပွဲနယ်မြေသို့ ပြေးထွက်သွားပြီး ဒဏ်ရာရနေသော လင်းကျန့်ကို တင်းကျပ်စွာပွေ့ဖက်ထား၏။ သူမ၏ မျက်လုံးများက စိတ်နှလုံးပူဆွေးမှုနှင့် ယူကျုံးမရဖြစ်မှုနှင့် ပြည့်နှက်နေ၏။

“မင်း..မင်းဘာလို့… အပြင်ကိုထွက်လာတာလဲ… အန္တရာယ်အရမ်းများတယ်”

လင်းကျန့်က အင်မော်တယ်ဘုရင်မလင်းလုံကို ညင်သာစွာကြည့်လိုက်၏။ သူက စကားပြောရင်း သူ့ပါးစပ်ထဲကနေ သွေးများက အဆက်မပြတ်စီးကျလာနေ၏။

သွေးများက ကျိန်းစပ်စွာဖြင့် နီရဲနေ၏။

“ရှင်..ရှင်… ပြန်လာမယ်လို့ ကတိပေးခဲ့တယ် မဟုတ်ဘူးလား…”

အင်မော်တယ်ဘုရင်မလင်းလုံသည် သူမလက်ထဲမှလူက တဖြည်းဖြည်းပို၍ အေးစက်လာနေသည်ကို ခံစားမိနေ၏။ သူမသည် လင်းကျန့်၏ လက်နှစ်ဖက်ကို ပိုမိုတင်းကျပ်စွာပွေ့ဖက်ပြီး ငိုယိုကာမေးလိုက်၏။

“လင်းလုံ… ငါ..ငါ ဒီလမ်းကြောင်းကို မင်းနဲ့အတူ မလျှောက်ပေးနိုင်တော့ဘူး”

လင်းကျန့်က သက်ပြင်းလိုက်ချပြီး သူ၏ အော်ရာက ပိုမိုအားနည်းသွား၏။

တစ်ချိန်တည်းမှာပင် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးသည် သူ၏လက်ကိုဝေ့ယမ်းကာ အမိန့်ပေးလိုက်၏။

ဧကရာဇ်ပညာရှင်ငါးဆယ်က ဆူဇီမိုကို အပြီးသတ် သတ်ဖြတ်လိုပြီး တစ်ချိန်တည်းမှာ တိုက်ခိုက်လိုက်ကြသည်။ သို့သော်လည်း သူတို့၏ တိုက်ခိုက်မှုများသည် ဆူဇီမိုထံသို့ ဆင်းသက်သောအခါ မည်သည့်အရာကိုမှ မထိပေ။

ဆူဇီမိုသည် နေရာကနေပျောက်ကွယ်ကာ လေဟာနယ်ထဲသို့ရောက်ရှိသွားပုံရပြီး အလွန်တရာထူးဆန်းသောအခြေအနေတစ်ရပ်သို့ ဝင်ရောက်သွား၏။

၎င်းသည် သူ၏ ဗလာနယ်အခြေအနေဖြစ်သည်။

ဧကရာဇ်ပညာရှင်များစွာသည် ဤကဲ့သို့သောနည်းလမ်းတစ်ခုကို မတွေ့မြင်ဖူးဘဲ အနည်းငယ်မှင်တက်သွားကြ၏။

ဤအခွင့်အလမ်းကိုချိန်ဆပြီး ဆူဇီမိုသည် အတိတ်နှင့်ပစ္စပ္ပုန်ကိုတိုက်ခိုက်ခြင်းကို ထုတ်ဖော်ပြီး သူ၏ ဘဝသက်တမ်းကို လောင်ကျွမ်းစေလိုက်၏။ သူ၏ ခွန်အားက အကန့်အသတ်ထိမြင့်တက်လာပြီး သူက ထျန်ဟွမ်ကမ္ဘာရှိရာဘက်သို့ ပြေးထွက်သွား၏။

သူ၏ ဘေးပတ်လည် အရပ်ဆယ်မျက်နှာမှာ အထွတ်အထိပ်ဧကရာဇ်ဆယ်ဦးကျော်က စောင့်ကြပ်နေ၏။

ဆူဇီမိုသည် အရာရာတိုင်းကို လျစ်လျူရှုပြီး သူ၏ မျိုးဆက်သွေးနယ်မြေ၊ ကောင်းကင်လိုဏ်ဂူငါးခုနှင့် သူ၏ ဝှက်ဖဲများအားလုံးကို ထုတ်ဖော်ကာ ပြေးထွက်သွား၏။

ဝုန်း…

ကောင်းကင်ဘုံခုံရုံးမှ အထွတ်အထိပ်ဧကရာဇ်တစ်ဦးက တိုက်ခိုက်လိုက်ပြီး ဆူဇီမို၏ ကောင်းကင်လိုဏ်ဂူငါးခုက ချက်ချင်းနီးပါးကြေမွပျက်စီသွားသည်။

မျိုးဆက်သွေးနယ်မြေကလည်း ကြေမွသွားသည်။

ပေတစ်သိန်းမြင့်မားသော တိုက်ပွဲဝင်ဝိညာဉ်က ပြင်းထန်စွာယိမ်းထိုးပြီး သိပ်မကြာခင် ပျက်ပြယ်သွားသည်။

ဖွီ…

ဆူဇီမိုက ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး သွေးများစွာကို ထွေးထုတ်လိုက်ရ၏။ သူ၏ ကျောမှာရှိသော အစိမ်းရောင်ဝတ်ရုံက စုတ်ပြဲသွားပြီး ဖွာလန်ကြဲနေသော အသားစများ၊ သွေးများနှင့်အတူ ဧရာမလက်ဝါးရာတစ်ခု ပေါ်ထွက်လာ၏။

အဲဒါကို သတိမထားမိသည့်အလား ဆူဇီမိုက ဝိုင်းပတ်ပိတ်ဆို့မှုကို ချိုးဖျက်ထွက်လိုက်၏။ သူ၏မျက်လုံးများက နီရဲနေပြီး ပြင်းထန်သောဒဏ်ရာများနှင့်အတူ သူ၏ ဘဝသက်တမ်းကို လောင်ကျွမ်းစေကာ ထျန်ဟွမ်ကမ္ဘာရှိရာဘက်သို့‌ ပြေးထွက်သွား၏။

သူက အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာဖြစ်သည်။

သူသည် သူ၏ သွေးနှင့်အတူ လူသားဧကရာဇ်ကို ကယ်တင်ကောင်းကယ်တင်ပေးနိုင်ပေလိမ့်မည်။

ထိုသည်ကိုတွေ့မြင်သောအခါ ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးက လှောင်ရယ်လိုက်၏။

ဆူဇီမိုသည် သူတို့၏ ဝိုင်းပတ်ပိတ်ဆို့မှုကနေ ဖောက်ထွက်သွားသော်လည်း သူက ဒဏ်ရာအပြင်းအထန်ရရှိကာ လမ်းဆုံးကို ရောက်ရှိနေပြီဖြစ်သည်။

သူတို့က ဆက်လက်၍ လိုက်လံဖမ်းဆီးမည်ဆိုလျှင် ဆူဇီမိုက သိပ်ကြာကြာတောင့်ခံနိုင်တော့မည် မဟုတ်ပေ။

ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးက ဧကရာဇ်ပညာရှင်ငါးဆယ်ကျော်နှင့်အတူ နောက်ကနေ ထပ်ကြပ်မကွာလိုက်ပါလာ၏။

“အစ်ကိုလင်း…”

ဆူဇီမိုက ရှေ့သို့ပြေးတက်သွားပြီး သူ၏ လက်ကောက်ဝတ်ကို လှီးဖြတ်လိုက်၏။ သူက စီးကျလာသောသွေးကို လင်းကျန့်၏ ပါးစပ်ထဲသို့ ထည့်ပေးပြီး တုန်ယင်နေသောအသံဖြင့်ပြောလိုက်၏။

“မျိုချလိုက်… အဲဒါကို မြန်မြန်မျိုချလိုက်…”

တစ်ချိန်တည်းမှာပင် သူသည် အသက်ဓာတ်ကြာလက်ညှိုးကို ထုတ်ဖော်ပြီး လင်းကျန့်၏ ခန္ဓာကိုယ်ထဲသို့ အသက်ဓာတ်အားကို ပို့လွှတ်ပေးနေ၏။

သို့သော်လည်း လင်းကျန့်၏ ခန္ဓာကိုယ်က ယိုယွင်းပျက်စီးနေပြီဖြစ်သည်။ သူ၏ အသက်ဓာတ်အားက ဝင်ရောက်သွားသော်လည်း ၎င်းကို ထိန်မထားနိုင်ဘဲ သိပ်မကြာခင် ပျက်ပြယ်သွား၏။

သူ၏ အစိမ်းရောင်ကြာပန်းသွေးသည် လင်းကျန့်၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းသွားသောအခါ မည်သည့်တုံ့ပြန်မှုမှ ရှိမလာခဲ့ပေ။ ၎င်းသည် လင်းကျန့်ကို နောက်ထပ်တစ်ခဏကြာ ထိန်းထားနိုင်ရုံသာဖြစ်သည်။

ဆူဇီမိုက ရင်ထဲမှာ တဖြည်းဖြည်းဆို့နင့်လာ၏။

သူ့အတွက်တော့ လင်းကျန့်သည် လူသားဧကရာဇ်သာမဟုတ်ဘဲ စီနီယာတစ်ဦးနှင့် မိတ်ဆွေးကောင်းတစ်ဦးလည်းဖြစ်သည်။

လင်းကျန့်သည် ထာဝရလူသားဧကရာဇ်ဖြစ်ပြီး သူအလေးစားရဆုံးပုဂ္ဂိုလ်ဖြစ်သည်။

ကမ္ဘာဦးမျိုးနွယ်ကိုးစုကို အနိုင်ယူရန် လူသားမျိုးနွယ်ကို ဦးဆောင်ခဲ့သူ၊ လူသားမျိုးနွယ်ကို မှောင်မိုက်၍ ချောက်ချားစရာကောင်းသော အချိန်ကာလထဲကနေ ဆွဲထုတ်ပြီး လူသားမျိုးနွယ်ပိုင်ဆိုင်သည့် ဂုဏ်ကျက်သရေထွန်းတောက်သော ခေတ်တစ်ခေတ်ကို ဖန်တီးပေးခဲ့သူ…။

အထက်ဘုံသို့ တက်လှမ်းပြီးနောက် ဘယ်သူကများ ထျန်ဟွမ်ကမ္ဘာမှ လူသားမျိုးနွယ်ကို ဆက်ပြီးဂရုစိုက်နေဦးမှာလဲ။ သူကတော့ လူသားမျိုးနွယ်ကို အန္တရာယ်ကနေ ကယ်တင်ရန် သူ့အသက်နှင့်ရင်းကာ စွန့်စားပြီး အတင်းအကျပ်ဆင်းသက်လာခဲ့၏။

ထာဝရလူသားဧကရာဇ်သည် ထျန်ဟွမ်ကုန်းမြေတိုက်၏ အမှတ်သင်္ကေတနှင့် ယုံကြည်မှုတစ်ခုဖြစ်ခဲ့သည်။

သို့သော်ယခု တစ်ခါက လောကမှာ စိုးမိုးခြယ်လှယ်ခဲ့ပြီး တစ်ဘဝလုံးစာတိုက်ခိုက်ခဲ့သော လူသားဧကရာဇ်သည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ သေရတော့မည်ဖြစ်သည်။

ဆူဇီမိုက အဲဒါကို လက်မခံလိုပေ။

တကယ်ဆို လက်ရှိဖြစ်ပျက်နေသည့်အရာရာတိုင်းက အိပ်မက်တစ်ခုသာဖြစ်ပါစေဟု သူကမျှော်လင့်နေ၏။

“ဇီမို… မရတာကို အတင်းလုပ်ယူမနေနဲ့”

လင်းကျန့်က ပြုံးလိုက်ပြီး သူ၏ မျက်နှာက အနည်းငယ်နီမြန်းသွား၏။ သူက မသေခင် နောက်ဆုံးအကြိမ်သတိကပ်လာခြင်းဖြစ်သည့်အလားပင်။

“ငါက မဟာကမ္ဘာတစ်ထောင်လောကကို မတက်လှမ်းနိုင်ပေမယ့် ငါ့ရဲ့ဘဝက အတော်လေးခမ်းနားခဲ့သားပဲ… ငါ ဘယ်တုန်းကမှ ဦးမညွှတ်ခဲ့ဘူး.. ငါ့မှာ ဘာနောင်တမှမရှိဘူး”

“ငါက မင်းတို့နဲ့အတူဆက်ပြီး မတိုက်ခိုက်နိုင်တော့တာကိုပဲ…”

ဆူဇီမိုက သူ၏ ခေါင်းကို တိတ်တဆိတ်ငုံ့လိုက်ပြီး သူ၏ မျက်လုံးများက နီရဲလာ၏။

ဘယ်တုန်းကမှ ဦးမညွှတ်ခဲ့ဘဲ မည်သည့်နောင်တမှ မရှိခဲ့ပေ။ ထိုသည်က ထာဝရလူသားဧကရာဇ်၏ ဘဝဖြစ်သည်။

လင်းကျန့်က အင်မော်တယ်ဘုရင်မလင်းလုံကို တစ်ဖန်ကြည့်ပြီး ညင်သာစွာပြောလိုက်၏။

“လင်းလုံ… ငါမင်းတို့တွေကို အနာဂတ်မှာ ဆက်ပြီး ကာကွယ်မပေးနိုင်တော့ဘူး… လေအာနဲ့လောအာကို ငါမင်းဆီကိုပဲ အပ်ခဲ့တော့မယ်”

အင်မော်တယ်ဘုရင်မလင်းလုံက အလွန်တရာစိတ်ထိခိုက်ခံစားနေရ၏။ သူမက တစ်စုံတစ်ရာကိုပြောချင်သော်လည်း မပြောရက်သည့်အလား သူမ၏ နှုတ်ခမ်းက အနည်းငယ်တုန်ယင်နေ၏။

လင်းကျန့်က လင်းလေနှင့်လင်းလောကို သူမထံအပ်နှံခြင်းသည် အကြောင်းပြချက်တစ်ခုမျှသာဖြစ်သည်ကို သူမက သိရှိထား၏။ သူက သူမကိုဆက်လက်၍ ရှင်သန်စေလို၏။

သေအံ့ဆဲဆဲလင်းကျန့်ကိုကြည့်ပြီး အင်မော်တယ်ဘုရင်မလင်းလုံက မငြင်းဆန်ရက်တော့ဘဲ သူမ၏ မျက်လုံးထဲရှိ မျက်ရည်စများနှင့်အတူ ခေါင်းညိတ်ပြလိုက်ရ၏။

လင်းကျန့်က နောက်ဆုံးအကြိမ်ပြုံးပြီး သူ၏ မျက်လုံးနှစ်ဖက်ကို ဖြည်းဖြည်းချင်းမှိတ်လိုက်၏။

ထာဝရလူသားဧကရာဇ်က သေဆုံးသွားလေပြီ။

ကောင်းကင်နှင့်မြေကြီးက ပူဆွေးဝမ်းနည်းမှုကို အတူတကွခံစားနေရပေမည်။

အခန်း ၃၁၉၆ - ကြယ်တာရာအိပ်မက် ပြန်လည်ပေါ်ထွက်လာခြင်း

တိုက်ပွဲ၏ လက်ရှိအခြေအနေအရောက်မှာ ဧကရာဇ်များစွာက သေဆုံးခဲ့ရပြီဖြစ်သည်။

တကယ်ဆို ကောင်းကင်ဘုံခုံရုံးမှ အရှင်များနှင့် တမလွန်ဘုံအရှင်ကဲ့သို့ ပညာရှင်များပင်လျှင် သေဆုံးခဲ့ရသည်။

လင်းကျန့်သည် သာမန်ဧကရာဇ်တစ်ဦးသာဖြစ်ပြီး ထင်ရှားပေါ်လွင်မနေပေ။ သူ၏ သေဆုံးမှုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်းသက်ရှိများအတွက် တုန်လှုပ်စရာကောင်းနေလိမ့်မည် မဟုတ်ပေ။

သို့သော်လည်း ထျန်ဟွမ်ကုန်းမြေတိုက်မှ လူတိုင်းအတွက် ဤသေဆုံးမှုသည် အလွန်တရာနက်ရှိုင်းသော နာကျင်မှုတစ်ခုဖြစ်သည်။ ဆူဇီမိုသည် မခံမရပ်နိုင်အောင် ပူဆွေးသောကရောက်နေ၏။ သူက သူ၏ ရင်ဘတ်ကို အုပ်ကိုင်ထားပြီး သူ၏ ရင်ထဲမှာ စူးရှသော နာကျင်မှုတစ်ခုကို ခံစားနေရ၏။

သူ၏ ရင်ဘတ်ကနေ လာသော နွေးထွေးမှုတစ်စွန်းတစ်စက သူ၏ နာကျင်မှုတချို့ကို သက်သာစေနိုင်ပုံရသည်။

၎င်းသည် သူ့အား ဧကရီဆိုးယုတ်ပေးထားသော ကျောက်စိမ်းဆွဲသီးဖြစ်သည်။

ကျောက်စိမ်းဆွဲသီးကို သူ၏ သိုလှောင်အိတ်ထဲမှာ ထည့်မထားနိုင်ဘဲ သူက ဝတ်ရုံစကြားထဲမှာ ထည့်ထားရ၏။

အချိန်တချို့မှာ ကျောက်စိမ်းဆွဲသီးသည် ပူနွေးလာတတ်သည်။ ဆူဇီမိုသည် လိုက်လံတိုက်ခိုက်ခြင်းခံနေရပြီး ဧကရာဇ်ပညာရှင်များစွာဖြင့် ဝိုင်းပတ်ခံထားရကာ စိတ်အာရုံပျံ့လွင့်ဖို့ အချိန်မရခဲ့ပေ။ ထို့ကြောင့် သူသည် ကျောက်စိမ်းဆွဲသီး၏ ပြောင်းလဲမှုများကို စိတ်အာရုံများစွာမစိုက်ခဲ့မိပေ။

ဧကရာဇ်တိုက်ပွဲက သွေးသံရဲရဲနှင့် ရက်စက်ကြမ်းတမ်းနေဆဲဖြစ်ပြီး လင်းကျန့်၏ သေဆုံးမှုမျှနှင့် ရပ်တန့်မသွားပေ။

အင်မော်တယ်ဘုရင်မလင်းလုံသည် လင်းကျန့်၏ တဖြည်းဖြည်းအေးစက်လာသော ရုပ်အလောင်းကို ထွေးပွေ့ထားဆဲဖြစ်၏။ သူမသည် တိုက်ပွဲနယ်မြေထဲမှာ ရောက်ရှိနေပြီး အချိန်မရွေးသေဆုံးသွားနိုင်သည်။

ဧကရာဇ်မြောက်ပိုင်းခွန်၊ ဧကရာဇ်တောင်ပိုင်းဖန်း၊ နဂါးဧကရီဆီးနှင်းနှင့် အခြားသူများသည် ဧကရာဇ်ပညာရှင်များစွာကို ဦးဆောင်ပြီး အင်မော်တယ်ဘုရင်မလင်းလုံနှင့် အခြားသူများရှိရာသို့ ချဉ်းကပ်လာကာ သူတို့ကို ကာကွယ်ဖို့ အတတ်နိုင်ဆုံးကြိုးစားပေးနေ၏။

သို့သော်လည်း သူတို့က သိပ်ကြာကြာ တောင့်ခံမထားနိုင်ပေ။

ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးက ဧကရာဇ်ပညာရှင် ၅၀ကျော်ကျော်နှင့်အတူ ဝင်ရောက်လာပြီဖြစ်၏။

နဂါးဧကရီဆီးနှင်းက ရှေ့သို့ထွက်ပြီး ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးရှိရာသို့ ပစ်ဝင်သွား၏။

သူတို့နှစ်ယောက်က တိုက်ခိုက်ဖလှယ်ပြီး ချက်ချင်းဆိုသလိုပင် နဂါးဧကရီဆီးနှင်းသည် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေး၏ တိုက်ခိုက်မှုဖြင့် လွင့်စင်ထွက်သွား၏။ သူမ၏ ခန္ဓာကိုယ်ကနေ မရေမတွက်နိုင်သော နဂါးကြေးခွံများ ကွာကျသွားပြီး သူမ၏ ကြီးမားသောနဂါးခန္ဓာက ကြယ်တာရာကောင်းကင်ထဲသို့ ပြင်းထန်စွာလွင့်ထွက်ကာ ဒဏ်ရာများဖြင့် စကာပေါက်ဖြစ်သွား၏။

နဂါးဧကရီဆီးနှင်းသည် သူမ၏ အရွယ်ကောင်းကို ကျော်လွန်လာခဲ့ပြီဖြစ်ပြီး သူမမှာ ဘဝသက်တမ်းများစွာ မကျန်ရှိတော့ပေ။ ဤတိုက်ပွဲအပြီးမှာ သူမသည် လမ်းဆုံးကို ရောက်ရှိသွားခဲ့ပြီဖြစ်သည်။

ယခု သူမသည် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေး၏ လက်ချက်ဖြင့် ဒဏ်ရာအပြင်းအထန်ရရှိပြီး ခဏကြာ လှုပ်ရှားရုန်းကန်ပြီးနောက် အားအင်ချိနဲ့စွာဖြင့် လဲပြိုကျကာ သူမ၏ ထွက်သက်ကို တဖြည်းဖြည်းဆုံးရှုံးသွားရ၏။

နဂါးဧကရီဆီးနှင်းက သေဆုံးသွားခဲ့လေပြီ။

“အထီးကျန်သိုင်းသခင်… သေစမ်း”

ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးက ချဉ်းကပ်လာပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာကာ ဆူဇီမိုရှိရာသို့ လောကတစ်ခုကို တွန်းပို့လိုက်၏။

ဆူဇီမိုသည် ငေးငိုင်နေဆဲဖြစ်ပြီး လင်းကျန့်၏ သေဆုံးမှုကနေ ယခုအချိန်ထိ သတိပြန်မကပ်လာနိုင်သေးပေ။

“ဇီမို…”

“အထီးကျန်သိုင်းသခင်…”

ဘေးပတ်ဝန်းကျင်လူများက ထိုသည်ကို တွေ့မြင်သောအခါ သူတို့က တုန်လှုပ်သွားပြီး တစ်ယောက်ပြီးတစ်ယောက် လှမ်းအော်လိုက်ကြ၏။

ထျန်ဟွမ်ကမ္ဘာမှာ ပုံရိပ်များစွာက လေထဲသို့ တစ်ယောက်ပြီးတစ်ယောက် ပျံတက်လာကြ၏။ သူတို့ထဲမှတချို့သည် ပကတိစိတ်ဝိညာဉ်နယ်ပယ်နှင့် အင်မော်တယ်ဘုရင်နယ်ပယ်မှာသာ ရှိကြ၏။ သို့သော်လည်း သူတို့သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဧကရာဇ်နယ်ပယ်တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာကြ၏။ သားရဲဧကရီအမြီးကိုးချောင်း၊ သားရဲဧကရာဇ်နတ်ဆင်နှင့် သားရဲဧကရာဇ်ပိုင်ကျဲ့ အပါအဝင် မဟာအရိုင်းကမ္ဘာမှ ဧကရာဇ်များသည်လည်း ဆူဇီမိုရှိရာသို့ တစ်ယောက်ပြီးတစ်ယောက် ပြေးဝင်လာကြ၏။

ဆန်းကြယ်ကောင်းကင်ဘုံသခင်လေး ထုတ်ဖော်ထားသော ဧရာမလောကသည် ဆူဇီမိုကို ဝါးမျိုပစ်ချင်ရုံသာမက ၎င်းသည် ဆူဇီမို၏ ဘေးမှာရှိသော အင်မော်တယ်ဘုရင်မလင်းလုံနှင့် လင်းကျန့်ကိုပါ ဝါးမျိုပစ်ချင်နေ၏။

ဆူဇီမိုက ရင်တစ်ချက်ထိတ်သွားပြီး ရုတ်တရက် နိုးထလာ၏။

လင်းကျန့်က သေဆုံးသွားပြီဖြစ်သည်။ အင်မော်တယ်ဘုရင်မလင်းလုံကို ထိုကဲ့သို့ အဖြစ်မခံနိုင်ပေ။

သူက သူ၏ အသက်ကို စွန့်လွှတ်ရမည်ဆိုလျှင်တောင် သူသည် အင်မော်တယ်ဘုရင်မလင်းလုံကို ကာကွယ်ပေးရပေမည်။

သို့သော်လည်း လက်ရှိအခြေအနေက တကယ်ပင် မကောင်းတော့ပေ။

သူက ဒဏ်ရာအပြင်းအထန်ရရှိထားပြီး လင်းကျန့်၏ သေဆုံးမှုကနေ ယခုတင် ပြန်လည်နိုးထလာခါစ ဖြစ်၏။ ဆူဇီမို၏ စိတ်က တွေဝေငေးမောနေ၏။ သူ့ရှေ့မှ မြင်ကွင်းသည် အိပ်မက်တစ်ခုမျှ ဖြစ်စေဖို့သာ သူက မျှော်လင့်နေ၏။

သူသည် အင်မော်တယ်ဘုရင်မလင်းလုံရှေ့မှာ အလိုလိုမတ်တတ်ထရပ်လိုက်၏။ သူ၏ စိတ်အာရုံလွင့်မျောနေသော အခြေအနေမှာ သူသည် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးရှိရာသို့ ရိုက်ချလိုက်၏။

ထိုတိုက်ခိုက်မှုမှာ မည်သည့်မျိုးဆက်သွေးနယ်မြေ၊ မည်သည့်ကောင်းကင်လိုဏ်ဂူ၊ မည်သည့်နတ်ဘုရားစွမ်းအား သို့မဟုတ် မည်သည့်လျှို့ဝှက်အတတ်မှ မပါရှိပေ။

ထိုလက်ဝါးရိုက်ချက်သည် နူးညံ့ပျော့ပျောင်း၍ စွမ်းအားကင်းမဲ့နေပုံရ၏။

“ဟဲဟဲ”

ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးက လှောင်ရယ်လိုက်သည်။

သူထင်မှတ်ထားသည့်အတိုင်းပင် ဆူဇီမိုက သူ၏လမ်းဆုံးကို ရောက်နှင့်နေပြီဖြစ်သည်။

“မင်းက ငါ့လက်အောက်က အထွတ်အထိပ်ဧကရာဇ်တွေကိုတောင် မနိုင်ဘဲ ငါ့ကို ဘာနဲ့တိုက်ခိုက်မလို့လဲ”

ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးက တောက်လောင်ပြင်းပြသော အကြည့်နှင့်အတူ လှောင်ရယ်လိုက်၏။

သားရဲဧကရီအမြီးကိုးချောင်း၊ သားရဲဧကရာဇ်နတ်ဆင်၊ သားရဲဧကရာဇ်ပိုင်ကျဲနှင့် အခြားသူများသည် သူတို့၏ နောက်ဘက်မှ ကောင်းကင်ဘုံခုံရုံးဧကရာဇ်များ၏ တိုက်ခိုက်မှုများကို လျစ်လျူရှုပြီး ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးထံ သတ်ဖြတ်ကွက်များကို ဆက်တိုက်ထုတ်ဖော်လိုက်ကြ၏။

“ငါသတ်ချင်တဲ့သူကို ဘယ်သူကမှ မကယ်နိုင်စေရဘူး”

ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးက ဟိန်းဟောက်လိုက်ပြီး လှုပ်ရှားယိမ်းယိုင်သွားခြင်းမရှိပေ။

သူသည် ဆူဇီမိုကို သတ်ဖြတ်ပြီးမှ သားရဲဧကရီအမြီးကိုးချောင်းနှင့် အခြားသူများ၏ တိုက်ခိုက်မှုများကို တည်ငြိမ်စွာ တိုက်ခိုက်ခုခံနိုင်သည်ဟု ပကတိယုံကြည်မှုရှိလေသည်။

ဆူဇီမို၏ လက်ဖဝါးက သူ၏ လောကနှင့် ထိတွေ့သည့်ခဏမှာပင် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေး၏ အမူအရာက သူ၏ မျက်နှာပေါ်မှာ အေးခဲတောင့်တင်းသွား၏။

“ဟမ်…”

သူသည် ထင်ယောင်ထင်မှားခံစားချက်တစ်ခုကို ရရှိလိုက်သည့်အလား သူ၏ နှလုံးမှ တစ်မူထူးခြားစွာ မြန်ဆန်လာသော နှလုံးခုန်သံကို ခံစားမိလိုက်၏။

ဖရိုဖရဲနှင့် သွေးသံရဲရဲတိုက်ပွဲနယ်မြေက ရုတ်တရက် ပျောက်ကွယ်သွားပုံရသည်။

သူသည် ရေလှိုင်းများနှင့်အတူ ဝဲဂယက်များ ဖြာထွက်နေသည့် ကြည်လင်သော ရေကန်တစ်ကန်ထဲမှာ လွင့်မျောနေသည့်အလားပင်။ သူသည် မိုးကောင်းကင်ထက်ရှိ တောက်ပသော ကြယ်စင်စုများကိုကြည့်ပြီး တစ်မူထူးခြားသော တည်ငြိမ်အေးချမ်းမှုကို ရရှိနေ၏။

ချက်ချင်းပင် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးက ငေးငိုင်သွား၏။ သူက တွေဝေယစ်မူးနေပြီး မိန်းမောသွားပုံရလေသည်။

တိုက်ပွဲနယ်မြေမှာ လူတိုင်း၏ မျက်စိရှေ့မှောက်မှာပင် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးက ရုတ်တရက်ရပ်တန့်သွားပြီး ဘာကြောင့်ရယ်မသိ သူ၏ မျက်နှာပေါ်မှာ ကျေနပ်အားရနေသော အပြုံးတစ်ခု ပေါ်ထွက်လာ၏။

သူ၏ ဘေးပတ်လည်ရှိ ကြောက်စရာကောင်းသော လောကသည် ဆူဇီမို၏ လက်ဝါးရိုက်ချက်ဖြင့် တိတ်တဆိတ် တစ်စစီပြိုကွဲသွား၏။

“ကြယ်တာရာအိပ်မက်”

တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးက ဆတ်ခနဲတုန်ယင်သွားပြီး ရုတ်တရက် နိုးထလာ၏။

ထိုအရာသည် ဧကရီဆိုးယုတ်၏ ဓမ္မတာအိုဖြစ်သည်။

ဟင်္သပဒါးကောင်းကင်ဘုံအရှင် သေဆုံးသွားရသည့် အကြောင်းအရင်းမှာ သူသည် ဧကရီဆိုးယုတ်၏ လျှို့ဝှက်အတတ်ဖြင့် စစချင်းမှာ ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး အရေးနိမ့်သွားခဲ့သောကြောင့်ဖြစ်၏။ သူသည် ဧကရီဆိုးယုတ်၏ နောက်ထပ်တိုက်ခိုက်မှုများကနေ ရုန်းထွက်မလာနိုင်တော့ပေ။

သို့သော်လည်း ဤကြယ်တာရာအိပ်မက်သည် အားနည်းချက်များစွာဖြင့် ပြည့်နှက်နေပြီး ဧကရီဆိုးယုတ် ထုတ်ဖော်သော အိပ်မက်ထက် များစွာနိမ့်ကျနေ၏။

မဟုတ်ပါက ဆန်းကြယ်ကောင်းကင်ဘုံသခင်လေး၏ အစွမ်းအစအရ သူသည် ထိုအိပ်မက်ထဲကနေ သူ့ဘာသာသူ ရုန်းထွက်လာနိုင်လိမ့်မည် မဟုတ်ပေ။

ဆူဇီမိုသည် ကြောက်စရာကောင်းသော တိုက်ဆိုင်မှုတချို့ဖြင့် ထိုလျှို့ဝှက်အတတ်ကို ထုတ်ဖော်မိလိုက်ခြင်းဖြစ်သည်။

သိုင်းတာအိုပင်မခန္ဓာသည် တစ်ခါက ဧကရီဆိုးယုတ်၏ အိပ်မက်ထဲသို့ ဆွဲခေါ်သွင်းခံရပြီး တစ်ဘဝလုံးစာ ရှင်သန်နေထိုင်ခဲ့ကာ မရေမတွက်နိုင်သော စမ်းသပ်ချက်များကို ဖြတ်ကျော်ခဲ့၏။

တစ်နည်းအားဖြင့်ဆိုသော် ဧကရီဆိုးယုတ်၏ ဓမ္မတာအိုက ထိုတစ်ဘဝလုံးစာမှာ သူ့အပေါ် ကျရောက်နေခဲ့၏။

ဧကရီဆိုးယုတ်က ကြယ်တာရာအိပ်မက်ကို ယခင်က ထုတ်ဖော်ခဲ့သည်ကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ထားခဲ့၏။ ပို၍အရေးပါသည်မှာ သူသည် စိတ်အာရုံလွင့်မျောနေသော အခြေအနေတစ်ခုမှာ ယခုတင် ကျဆင်းသွားခဲ့ပြီး သူ၏ အတွေးများအားလုံးကို စုစည်းကာ အရာရာတိုင်းက အိပ်မက်တစ်ခုဖြစ်ဖို့သာ မျှော်လင့်နေခဲ့၏။

သူ၏ ဝတ်ရုံစကြားရှိ ကျောက်စိမ်းဆွဲသီး၏ အားဖြည့်ထောက်ပံ့မှုနှင့်အတူ သူ၏ လက်ဝါးရိုက်ချက်မှာ ဧကရီဆိုးယုတ်၏ အိပ်မက်ဓမ္မတာအို တစ်စွန်းတစ်စ ပါဝင်လာခဲ့၏။

ထိုတစ်စွန်းတစ်စကပင် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးကို ထိခိုက်ခံစားရစေဖို့ လုံလောက်လေသည်။ သူသည် အားနည်းချက်ရှိနေသော ကြယ်တာရာအိပ်မက်ထဲကနေ ရုန်းထွက်လာနိုင်ခဲ့လျှင်တောင် သူ၏ လောကက ပျက်ပြယ်သွားခဲ့ပြီဖြစ်၏။

ပို၍အရေးပါသည်မှာ သားရဲဧကရီအမြီးကိုးချောင်း၊ သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားသူများကဲ့သို့ ဧကရာဇ်ပညာရှင်များ၏ သတ်ဖြတ်ကွက်များက သူ့အပေါ်ကို ဆင်းသက်လာခဲ့ပြီဖြစ်သည်။

ဝုန်း.. ဝုန်း… ဝုန်း…

သားရဲဧကရီအမြီးကိုးချောင်း၊ သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားသူများထံမှ နတ်ဘုရားလက်နက်များနှင့် လျှို့ဝှက်အတတ်များသည် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေး၏ သေကွင်းသေကွက်များကို ထိခတ်လာခဲ့၏။

ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးသည် အိပ်မက်တစ်ခုထဲမှာ ပိတ်မိနေခဲ့ပြီး လောကတစ်ခု၏ ကာကွယ်မှုမရှိဘဲ သူ၏ ခြေလက်များနှင့် ဦးခေါင်းကိုလည်း လိပ်ကျောခွံထဲသို့ ဖုံးကွယ်ဖို့ အချိန်မရဘဲ လုံးလုံးလျားလျား ပေါ်ထွက်နေ၏။ သူသည် သားရဲဧကရီအမြီးကိုးချောင်းနှင့် အခြားသော ဧကရာဇ်များစွာ၏ စိတ်ကြိုက်တိုက်ခိုက်နိုင်သော ပစ်မှတ်တစ်ခုဖြစ်သွားခဲ့သည်။

သားရဲဧကရီအမြီးကိုးချောင်းနှင့် သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားသူများပင် ဤကဲ့သို့ဖြစ်ပျက်လာမည်ဟု မျှော်လင့်မထားခဲ့ပေ။

လိပ်ကျောခွံ၏ ကာကွယ်မှုမရှိလျှင်တောင် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးက မနှိုင်းယှဉ်သာအောင် စွမ်းအားကြီးမားနေဆဲဖြစ်၏။

သားရဲဧကရီအမြီးကိုးချောင်းနှင့် အခြားသော ဧကရာဇ်ပညာရှင်များ၏ နတ်ဘုရားလက်နက်များသည် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေး၏ ဦးခေါင်းပေါ်သို့ တဖုန်းဖုန်းကျရောက်လာ၏။

အချက်လေးငါးဆယ် ကျရောက်လာပြီးနောက် သူ၏ ဦးခေါင်းက ကြေမွသွားလေသည်။

အထွတ်အထိပ်ဧကရာဇ်များကြား တိုက်ပွဲတစ်ပွဲ၏ ရလဒ်ကို စိတ်အာရုံပျံ့လွင့်သွားသည့် တဒင်္ဂမှာပင် အဆုံးအဖြတ်ပေးနိုင်သည်။

ဒါ့အပြင် ဤကဲ့သို့ ရုန်းရင်းဆန်ခတ်ဖြစ်နေသော တိုက်ပွဲတစ်ခုမှာ ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးသည် အိပ်မက်တစ်ခုထဲမှာ ပိတ်မိနေခဲ့ပြီး နေရာမှာတင် အေးခဲတောင့်တင်းကာ သူက သေရဖို့ ကံပါသွားခဲ့လေပြီ။

ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးသည် သူက ဆူဇီမိုကို မသတ်ဖြတ်နိုင်ရုံသာမက သူက အရင်ရောက်ရှိလာချိန်မှာတောင် သူ၏ အသက်ကို ဆုံးရှုံးရလိမ့်မည်ဟု လုံးဝထင်မှတ်ထားခဲ့လိမ့်မည် မဟုတ်ပေ။

သူက ငေးငိုင်ရာကနေ နိုးထလာသည့်ခဏမှာပင် သူ၏ ဦးခေါင်းမှ စူးရှသော နာကျင်မှုတစ်ခုကို ခံစားလိုက်ရပြီး သူ၏ အမြင်အာရုံက မှောင်ကျသွား၏။

သူက စူးစူးဝါးဝါးမအော်ဟစ်နိုင်ခင်မှာပင် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးသည် သူ၏ ဦးနှောက်များ ဖိတ်စင်ပြန့်ကြဲသည်အထိ ထုရိုက်ခံလိုက်ရပြီး သူ၏ အမြုတေစိတ်ဝိညာဉ်က ပျက်စီးကာ နေရာမှာတင် သေဆုံးသွား၏။

All Chapters