အခန်း (၂၈၃+၂၈၄)
Vol. 15 Ch. 283+284
အပိုင်း(၂၈၃)သူ့ကိုရှာကြ
ခြေတစ်လှမ်း၊ နှစ်လှမ်း။ အစပိုင်းတွင် အဘိုးအိုတစ်ဦးကဲ့သို့ နှေးကွေးလေးလံသော်လည်း၊ တဖြည်းဖြည်း သူ၏အရှိန်မှာ မြန်ဆန်လာပြီး လှုပ်ရှားမှုများမှာလည်း ပို၍တည်ငြိမ်လာ၏။
မိနစ်အနည်းငယ်အကြာတွင် သာမန်လူတစ်ဦးကဲ့သို့ပင် ဖြစ်သွားသည်။ သူ၏ကိုယ်ပေါ်မှ နာကျင်မှုများ လျင်မြန်စွာ ပျောက်ကွယ်သွားပြီး ပိတ်ဆို့နေသကဲ့သို့ဖြစ်သော ဦးနှောက်သည်လည်း ကြည်လင်ပြတ်သားလာသည်ကို ခံစားလိုက်ရသည်။
ထိုတစ်ခဏတွင် သူသည် မိမိကိုယ်ပေါ်မှ ထူထဲသော သံချပ်ကာကြီးတစ်စုံကို ချွတ်ပစ်လိုက်ရသကဲ့သို့ လွတ်လပ်ပေါ့ပါးမှုကို ပြန်လည်ရရှိသွားသလို ခံစားလိုက်ရ၏။
သို့သော် ဤအခြေအနေက ကြာရှည်မခံနိုင်သည်မှာ ထင်ရှားလှသည်။
အာရုံခံနိုင်စွမ်းများ လျင်မြန်စွာ ကုန်ဆုံးလာသည်နှင့်အမျှ ခေါင်းမူးနောက် လာသည်အထိ ခံစားလိုက်ရပြီး သူ၏ကိုယ်သည် ချက်ချင်းပင် မြေလှိုင်းအခြေအနေမှ လွတ်ထွက်သွားတော့သည်။ စိတ်ခံစားချက်များက သူ၏ကိုယ်ထဲသို့ ပြန်လည်ဝင်ရောက်လာသည့်နည်းတူ ခန္ဓာကိုယ်၏ ပင်ပန်းနွမ်းနယ်မှုနှင့် ဒဏ်ရာမှနာကျင်မှုများပါ တစ်ပါတည်း ပြန်လည်ရောက်ရှိလာသည်။ လော်ယွမ်သည် အနည်းငယ် တွေဝေသွားသလို ခံစားလိုက်ရ၏။
အတော်ကြာမှ လော်ယွမ်သည် ထိုထင်ယောင်ထင်မှားဖြစ်ဖွယ် အစွမ်းထက်မှု၏ စိတ်လှုပ်ရှားဖွယ်အခြေအနေမှ သတိပြန်ဝင်လာပြီး ကုတင်အစွန်းတွင် ဖြည်းညှင်းစွာ ပြန်လည်ထိုင်ချလိုက်သည်။
သူသည် စနစ်၏ အရည်အသွေးပြဇယားကို အလျင်အမြန် ဖွင့်ကြည့်လိုက်သည်။
မြေလှိုင်းအခြေအနေအောက်မှ အလွန်အစွမ်းထက်သော ပြန်လည်ကောင်းမွန်နိုင်စွမ်း၏ အကျိုးသက်ရောက်မှုမှာ အလွန်အံ့ဩဖွယ်ကောင်းလှ၏။ နာရီဝက်ပင်မပြည့်သော အချိန်တိုလေးအတွင်း သူ၏ အဓိကအရည်အချင်းအားလုံးမှာ အပြည့်အဝ ပြန်လည်တိုးတက်လာခဲ့သည်။ ခွန်အား၊ ကြံ့ခိုင်မှု နှင့် လျင်မြန်မှုတို့သည် တစ်မှတ်စီ တိုးလာပြီး အားလုံး ၈ မှတ်စီသို့ ရောက်ရှိသွားသည်။ အကယ်၍ မြေဓာတ်အစွမ်း၏ ထပ်ဆောင်းပေါင်းထည့်မှုကို ထည့်တွက်ပါက ခန္ဓာကိုယ်ကြံ့ခိုင်မှုမှာ ဆယ့်သုံးမှတ်အထိ မြင့်မားသွားပေပြီ။
သို့သော် ထပ်ဆောင်းပေါင်းထည့်လိုက်သော အရည်အချင်းများမှာ ပင်ကိုတိုးတက်လာခြင်းမဟုတ်ပေ။ တစ်နည်းအားဖြင့်ဆိုသော် ၎င်းသည် မှော်ဂိမ်းထဲတွင် အပိုပေါင်းထည့်လိုက်သော အလင်းကွင်းကဲ့သို့ ယာယီအခြေအနေတစ်ခုသာဖြစ်ပြီး ခံနိုင်ရည်ကိုသာ တိုးမြှင့်ပေးကာ ပြန်လည်ကောင်းမွန်နိုင်စွမ်းအပေါ် အကျိုးသက်ရောက်မှု မရှိပေ။
အရေးကြီးဆုံးအချက်မှာ၊ စိတ်စွမ်းအားကို စုစည်းရခြင်းသည် ယခင်ကကဲ့သို့ နာကျင်မှုမရှိတော့ဘဲ အနည်းငယ် မချောမွေ့ရုံသာ ရှိတော့သည်။ အာရုံခံနိုင်စွမ်းမှာလည်း အလွန်အကျွံ အသုံးပြုထားသောကြောင့် ၁၈ပေ၊ ၁၉ပေပတ်လည်အတွင်းသာ ထိန်းသိမ်းထားနိုင်သော်လည်း အနည်းဆုံးတော့ ဦးနှောက်က လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာနေပြီဖြစ်ကြောင်း ပြသနေ၏။
ဤအလွန်အစွမ်းထက်သော ပြန်လည်ကောင်းမွန်နိုင်စွမ်းက အလကားရခြင်းမဟုတ်ပေ။ ၎င်းအတွက် များပြားလှသော အာဟာရများ သို့မဟုတ် စွမ်းအင်များ လိုအပ်၏။ ယခုအချိန်တွင် သူသည် အချိန်အတော်ကြာအောင် မခံစားခဲ့ရသော ဆာလောင်မှုကို ခံစားလိုက်ရသည့်အပြင် နှလုံးနေရာမှ တက်ကြွစွမ်းအင်အစိုင်အခဲ (အပိုင်း၁၉၆တွင် မြွေနဂါးထံမှ ရရှိသော စွမ်းအင်အခဲ) မှာလည်း တစ်ဝက်ခန့် အရည်ပျော်သွားခဲ့ပြီဖြစ်သည်။ အများဆုံး နောက်ထပ်နှစ်ကြိမ်သာ အသုံးပြုနိုင်ပေတော့မည်။
"ဒါပေမဲ့ ဒါလောက်ဆို လုံလောက်တယ်" လော်ယွမ်က သူ၏လက်သီးကို ခပ်တင်းတင်း ဆုပ်လိုက်ရင်း၊ ကိုယ်ခန္ဓာထဲတွင် တိုးပွားလာသော ခွန်အားကို ခံစားလျက် စိတ်ထဲမှ တိတ်တဆိတ် ဆိုလိုက်သည်။
ထိုအချိန်တွင် ပိတ်ထားသော သံတံခါးမှ "ထန်ထန်" ဟူသော ခေါက်သံထွက်လာပြီး သံတံခါးအောက်ခြေမှ အပေါက်ငယ်မှ ပေါက်စီများထည့်ထားသော ဇလုံတစ်လုံးနှင့် ရေတစ်ခွက်ကြီး တွန်းထည့်ပေးလာသည်။
ဝမ်ယွိကျဲသည် ငေးငိုင်နေရာမှ သတိပြန်ဝင်လာပြီး တံခါးဝမှ အစားအစာများကို သွားယူလာသည်။ ထို့နောက် လော်ယွမ်၏ ရှေ့မှ ကြမ်းပြင်လွတ်ပေါ်သို့ စောင့်ချလိုက်ပြီး၊ ပေါက်စီတစ်လုံးကို ကောက်ကိုင်ကာ ထောင့်တစ်နေရာတွင် ဆောင့်ကြောင့်ထိုင်ရင်း အားကုန်ကိုက်စားနေသည်။ ခဏအကြာတွင် သူမ၏ မျက်လုံးများမှာ တဖြည်းဖြည်း စိုစွတ်လာသည်။ သူမ နှာတစ်ချက်ရှုံ့လိုက်ပြီး ပေါက်စီကိုသာ ဆက်လက်၍ စိုက်ကြည့်နေသည်။
လော်ယွမ်က သူမ၏ စိတ်အပြောင်းအလဲကို နားမလည်နိုင်စွာဖြင့် "အကောင်းကြီးကနေ ဘာလို့ငိုနေတာလဲ" ဟု မေးလိုက်သည်။
လော်ယွမ် မမေးလျှင် တော်သေး၏၊ မေးလိုက်သောအခါ မျက်ရည်များမှာ ပို၍ပင် ကျဆင်းလာတော့သည်။
"ကျွန်မ... ရှင့်ကို စကားမပြောချင်ဘူး... ရှင်က လူလိမ်ကြီး" ဝမ်ယွိကျဲသည် ရှိုက်ငိုရင်း မုန်းတီးစွာ ဆိုလိုက်သည်။
လွန်ခဲ့သောရက်များအတွင်း သူမသည် အလုပ်များစွာကို လုပ်ကိုင်ခဲ့ရသည်။ အထူးသဖြင့် အစပိုင်းရက်များတွင် လော်ယွမ် အဖျားအလွန်ကြီးသောကြောင့် သူမ နေ့စဉ် ဆယ်ကြိမ်မက သူ၏ကိုယ်ကို ရေပတ်တိုက်ပေးခဲ့ရပြီး ညဘက်တွင်လည်း အနားမရပေ။ တစ်ခါတစ်ရံ မှေးခနဲအိပ်ပျော်သွားစဉ် အိပ်မက်ထဲမှ ရေသောက်ချင်သည်ဟု အော်သံကြားလျှင်ပင် ထ၍ ရေတိုက်ခဲ့ရသည်။ သူသတိပြန်လည်လာပြီးနောက် အခြေအနေမှာ ကောင်းမွန်လာသော်လည်း သူမ နေ့စဉ် စိုးရိမ်ပူပန်နေခဲ့ရပြီး တစ်ခုခုမှားယွင်းသွားကာ အသက်ပါ ဆုံးရှုံးသွားမည်ကို ကြောက်ရွံ့နေခဲ့ရသည်။
သူကတော့အလွန်နေနိုင်လွန်းသည် အမြန်ပြန်ကောင်းနိုင်သည့် အထူးအစွမ်းရှိနေလျက်နှင့် ဘာတစ်ခွန်းမှ မပြောခဲ့ပေ။ အထူးသဖြင့် စောစောက... သူမ မည်မျှစိတ်ပူပြီး မည်မျှကြောက်လန့်သွားသည်ကို သူမှသိပါလေစ။ စိတ်ထဲမှ နာကျင်ခံပြင်းမှုများကို တွေးမိလေ၊ ဝမ်ယွိကျဲ၏ မျက်ရည်များမှာ မထိန်းနိုင်အောင် ကျဆင်းလာလေဖြစ်သည်။
လော်ယွမ်သည် တစ်ချက်ကြောင်သွားပြီး၊ မျက်နှာတွင် အားနာရိပ်ဖြင့် ဆိုလိုက်သည်။ "တကယ်တော့ ငါ့ရဲ့ ဒီပြန်ကောင်းနိုင်စွမ်းက သုံးချင်တိုင်းသုံးလို့မရလို့ပါ... ငါက ခုတင်ပေါ်မှာပဲအိပ်နေပြီး အပြင်းထူနေတာမဟုတ်ပါဘူး... ဒါပေမဲ့ ဒီအတောအတွင်း ငါ့ကိုပြုစုပေးခဲ့တဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်"
လော်ယွမ်၏ ယဉ်ကျေးဟန်ဆောင်သော်လည်း တကယ်တမ်းတွင် ခပ်စိမ်းစိမ်းနိုင်လှသော စကားကို ကြားသောအခါ၊ မိန်းကလေး၏ ထိလွယ်ရှလွယ်သော နှလုံးသားမှာ အနည်းငယ် နာကျင်သွားသည်။ ဝမ်ယွိကျဲ၏ မျက်နှာမှာလည်း အေးစက်သွားပြီး မျက်နှာလွှဲကာ ရှိုက်ငိုရင်း ဆိုလိုက်သည်။ "ရှင့်ရဲ့ကျေးဇူးတင်စကား ကျွန်မ မလိုပါဘူး... တခြားလူတစ်ယောက်ဖြစ်နေရင်တောင် ကျွန်မ ဒီအတိုင်း ကူညီမှာပဲ"
---------------------------------------------------------------------------------------------------
ဤဖြစ်ရပ်လေးတစ်ခုပြီးနောက် လော်ယွမ်သည် သူမက သူ့အပေါ် သိသိသာသာ အေးစက်သွားသည်ကို ခံစားမိလိုက်သည်။
လော်ယွမ်သည် အကြောင်းရင်းကို အနည်းငယ် နားလည်သဘောပေါက်မိသော်လည်း၊ မည်သို့မျှ တုံ့ပြန်ခြင်းမပြုခဲ့ပေ။ သူ၏ အချစ်မေတ္တာကြွေးများမှာ များလွန်းနေပြီဖြစ်သည်။ ဟွမ်ကျားဟွေနှင့် ကျိုးယလီသာမက ဝမ်ရှီရှီ၏ နှလုံးသားတစ်ခုလုံးမှာလည်း သူ့အပေါ်တွင်သာ ရှိနေသည်။ ထို့ထက်မက သူငယ်ချင်းအဖြစ်ပင် မဆက်ဆံနိုင်တော့အောင် သူနာကျင်စေခဲ့မိသည့် ဝမ်ရှကွမ်လည်း ရှိသေးရာ သူ ထပ်မံ၍ အရှုပ်အရှင်းများ မလိုချင်တော့ပေ။
ထို့အပြင် ယခု သူ၏စိတ်မှာ အကျဉ်းအကျပ်ထဲတွင် ကျရောက်နေပြီး အန္တရာယ်များ ဝန်းကျင်နေချိန်တွင် ဤကဲ့သို့သော နှလုံးသားရေးရာများကို စိတ်ဝင်စားနေရန် အချိန်မရှိပေ။
ညစာစားပြီးနောက် လော်ယွမ်သည် ဤကိစ္စကို ဘေးသို့ ဖယ်ထားလိုက်ပြီး ခုတင်ပေါ်တွင် လှဲလျောင်းကာ မျက်လုံးမှိတ်၍ တရားထိုင်နေ လိုက်သည်။ သူက အာရုံခံနိုင်စွမ်းနှင့် စိတ်စွမ်းအားတို့ အမြန်ဆုံး ပြန်လည်ကောင်းမွန်လာစေရန် ကြိုးစားနေခြင်းဖြစ်၏။
သူ၏ တရားထိုင်ခြင်းသည် ပုံစံခွက်များဖြင့် ချည်နှောင်ထားခြင်းမရှိတော့ဘဲ ထိုင်လျက်ဖြစ်စေ၊ လှဲလျောင်းလျက်ဖြစ်စေ ပြုလုပ်နိုင်၏။ မျက်လုံးမှိတ်လိုက်ပြီး မကြာမီမှာပင် သူ၏စိတ်ထဲမှ အတွေးများမှာ တဖြည်းဖြည်း တည်ငြိမ်သွားပြီး လှိုင်းတံပိုးများ မထတော့ပေ။
ဝမ်ယွိကျဲသည် စားပြီးသည်နှင့် အသေကောင်ကဲ့သို့ အိပ်နေသော လော်ယွမ်ကို မုန်းတီးစွာ တစ်ချက်ကြည့်လိုက်ပြီးနောက် သူမ၏ ခုတင်ပေါ်သို့ တက်ကာ ငေးငိုင်ထိုင်နေမိသည်။ တစ်ခါတစ်ရံတွင် စောစောက မိမိ၏ရှင်းပြချက် မပြည့်စုံခဲ့၍ သူအထင်အမြင်လွဲမှားသွားမည်ကို စိုးရိမ်မိသည်။ တစ်ခါတစ်ရံတွင် မိမိက သူ့အပေါ် အေးစက်လွန်းသွားသဖြင့် သူ စိတ်ဆိုးသွားမည်လောဟု တွေးပူမိပြန်သည်။
ထိုတစ်ခဏတွင် သူမ၏စိတ်ထဲ၌ အတွေးများ ပတ်ချာလည်ရိုက်နေတော့သည်။
........................................................................................................................
ဤအချိန်တွင် အခြားအခန်းတစ်ခန်း၌။
ထိုအခန်းထဲတွင် မီးခိုးများဖြင့် အငွေ့တလူလူထွက်နေပြီး မြေပြင်ပေါ်တွင် ဆေးလိပ်တိုများ ပြန့်ကျဲနေသည်။ လှည့်ပတ်နေသော မီးခိုးငွေ့များကြောင့် မီးလောင်နေသော နေရာတစ်ခုသို့ ရောက်နေသကဲ့သို့ပင်။
"ဒီရက်ပိုင်းအတွင်း မြေအောက်ကေဘယ်လ်ကြိုးတွေ ဖြတ်ပြီးသွားပြီ... ဂြိုဟ်တုဖုန်းတွေကိုလည်း လျှို့ဝှက်စနစ်အသစ်ထည့်သွင်းဖို့ အကြောင်းပြချက်နဲ့ သိမ်းထားလိုက်ပြီ... အခု လျှပ်စစ်သံလိုက်မုန်တိုင်းကြောင့်ပါ ကန္တာရမြို့က တခြားနေရာတွေနဲ့ အဆက်အသွယ်ပြတ်သွားပြီ" မျက်မှန်နှင့်လူက ပြုံးရင်း ဆိုသည်။
စုယွီက ခေါင်းညိတ်လိုက်ပြီး "ကောင်းတယ်... အနည်းဆုံးတော့ အချိန်တိုအတွင်း လူတွေ ရုန်းရင်းဆန်ခတ်မဖြစ်တော့ဘူးပေါ့... ငါတို့လုံးဝအခြေကျသွားရင်တော့ ဘာမှစိတ်ပူနေစရာမလိုတော့ဘူး" ဟု ဆိုသည်။
ထို့နောက် သူက ရှဲ့ ကြီးဘက်သို့ လှည့်ကြည့်လိုက်သည်။
"အော်... စစ်တပ်ကိုလည်း အခြေခံအားဖြင့် ထိန်းချုပ်နိုင်ပြီပြောရမယ်... တပ်မမှူးလျိုက အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးတယ်လေ" ရှဲ့ ကြီးက ဆေးလိပ်ကို အလျင်အမြန် လွှင့်ပစ်လိုက်ပြီး ထရပ်ကာ ဆိုလိုက်သည်။ သူ၏ကိုယ်ပေါ်မှ သွေးညှီနံ့သင်းသင်းတစ်ခု ရနေပြီး သူ၏နည်းလမ်းများက သိပ်မငြိမ်းချမ်းခဲ့သည်မှာ ထင်ရှား၏။
"သိမ်းငှက်မျက်လုံး... မင်းကရော" စုယွီက ရုပ်ရည်သာမန်ရှိသော်လည်း သိမ်းငှက်ကဲ့သို့ ထက်မြက်သော မျက်လုံးများရှိသည့် လူတစ်ဦးကို လေးနက်စွာ လှမ်းမေးလိုက်သည်။
"ဒီရက်ပိုင်း အစိုးရဌာနတွေ ပုံမှန်လည်ပတ်နေတယ်... အခြေအနေကိုရိပ်မိတဲ့သူတချို့ကိုတော့ လူသိရှင်ကြား ရှင်းလင်းလိုက်တယ်... အော်... သီးသန့်စစ်မေးလိုက်တာကို ပြောတာ... အခုပြဿနာရှာချင်တဲ့ကောင်တွေပါ မရှိတော့ဘူး" သိမ်းငှက်မျက်လုံးက မျက်ခုံးပင့်ကာ နောက်လိုက်သည်။
အားလုံးက ဟားတိုက်၍ ရယ်မောလိုက်ကြသည်။
စုယွီက မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီး သူ၏လက်အောက်မှ လူများမှာ အရည်အချင်းမပြည့်ဝကြောင်း ပထမဆုံးအကြိမ် ခံစားလိုက်ရသည်။ တစ်ယောက်၊ နှစ်ယောက်မှလွဲ၍ အများစုမှာ အသုံးမကျသူများသာ ဖြစ်ကြသည်။
သူက စားပွဲကိုခေါက်လိုက်သည်။ "အခု ငါတို့ ဖမ်းထားတဲ့ ဆင့်ကဲပြောင်းလဲသူတွေရဲ့ ပြဿနာကို ဆွေးနွေးဖို့လိုတယ်... ရှဲ့ ကြီး ဒီရက်ပိုင်း ထောင်ဖောက်ပြေးတဲ့သူ ရှိသေးလား"
"စစ်သားတစ်တပ်ရင်းက ထောင်အနီးမှာ နေ့ရောညပါ ကင်းလှည့်နေတယ်လေ... မနာခံတဲ့ ခေါင်းမာတဲ့ကောင်တွေကို အကုန်ရှင်းပစ်လိုက်ပြီ... အခု ကျန်တဲ့ ငပျော့လေးတွေက လုံးဝကိုငြိမ်ဝပ်နေကြတာ" ရှဲ့ ကြီးက ဂုဏ်ယူစွာ ဆိုလိုက်သည်။ သေခြင်းနှင့်ရှင်ခြင်းကို အဆုံးအဖြတ်ပေးနိုင်သော ဤအာဏာကြီးက ကမ္ဘာမပျက်မီက ကိုယ်ခံပညာသင်တန်းဆရာတစ်ဦးဖြစ်ခဲ့သော သူ့ကို သာယာယစ်မူးစေခဲ့သည်။
"နည်းလမ်းက နည်းနည်းကြမ်းတမ်းသွားပေမယ့် ခုလိုခေတ်ပျက်ကြီးမှာ ပြင်းထန်တဲ့ဥပဒေကို သုံးရမှာပဲ... ငါတို့ရဲ့ အစွမ်းအစကိုမြင်မှ ဒီလူတွေကို ငါတို့ ထိန်းချုပ်နိုင်မှာ... အမော်ရဲ့ စိတ်ညှို့ပညာက ဆင့်ကဲပြောင်းလဲသူတွေအပေါ်မှာပဲ အသုံးဝင်လို့ပေါ့... မဟုတ်ရင် ဒီလောက် ဒုက္ခခံစရာမလိုဘူး" စုယွီက တည်ငြိမ်စွာ ဆိုသည်။ ထိုအချိန်တွင် သူ တစ်စုံတစ်ခုကို သတိရသွားသည်။ "အရပ်သား ဆင့်ကဲပြောင်းလဲသူတွေကိုလည်း အမြန်ဆုံး စစ်ဆေးဖို့လိုတယ်... အရင်တစ်ခေါက်ကလို ကိစ္စမျိုး ငါထပ်မဖြစ်ချင်ဘူး"
နောက်ဆုံးစကားကို ဆိုသောအခါ သူ၏မျက်နှာတွင် သတ်ဖြတ်လိုသော အငွေ့အသက်များ ပြည့်နှက်နေသည်။ ဤကန္တာရမြို့ငယ်လေးတွင် ဤမျှ အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူတစ်ဦး ပုန်းအောင်းနေလိမ့်မည်ဟု သူ လုံးဝမထင်မှတ်ခဲ့ပေ။ အကယ်၍ တစ်ဖက်လူတွင် တိုက်ပွဲအတွေ့အကြုံသာ မရှိခဲ့ပါက သူကိုယ်တိုင် ပေါ့ဆမှုကြောင့် အသက်ပင် ဆုံးရှုံးသွားနိုင်ခဲ့သည်။
"ကန္တာရမြို့မှာ သူတို့ရဲ့ အတွင်းလူ သေချာပေါက်ရှိရမယ်... မဟုတ်ရင် ဒီလောက်အချိန်ကြာတာတောင် ရှာမတွေ့တာ မဖြစ်နိုင်ဘူး" မျက်မှန်နှင့်လူက သူ၏မျက်မှန်ကို ပင့်တင်ရင်း လေးနက်စွာ ဆိုသည်။
"သူတို့ကို ဆက်ရှာခိုင်းထား... ပြီးတော့ စားနပ်ရိက္ခာ ခွဲဝေမှုကို တင်းတင်းကျပ်ကျပ် ထိန်းချုပ်ထားလိုက်... သူတို့ မနေနိုင်တော့တဲ့အခါ ကိုယ်တိုင် ထွက်လာလိမ့်မယ်" စုယွီက အေးစက်စွာ ဆိုလိုက်သည်။
ထိုအချိန်တွင် အစည်းအဝေးခန်းမတံခါး ရုတ်တရက်ပွင့်လာပြီး အမမော်က အခြားသူများကို ဂရုမစိုက်ဘဲ ဝင်လာသည်။ စာရွက်စာတမ်းတစ်ခုကို ထုတ်ပေးရင်း လေးနက်စွာ ဆိုသည်။ "ငါတို့ ပြဿနာတတ်ပြီ"
စုယွီက ယူကြည့်လိုက်ပြီး ပါးစပ်မှရေရွတ်လိုက်သည်။ "လော်ယွမ်"
ထို့နောက် အေးစက်စွာ အမိန့်ပေးလိုက်သည်။ "သူ့ကို ချက်ချင်း ရှာကြစမ်း"
..............................................................................................................................
ညသန်းခေါင်ယံတွင် ခုတင်ပေါ်တွင် လှဲလျောင်းနေသော လော်ယွမ်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်သည်။ အချုပ်ခန်းထဲတွင် မှောင်မည်းနေ၏။
သူ ဖြည်းညှင်းစွာ ထထိုင်လိုက်ပြီး ကျန်းမာတောက်ဓား၏ တည်နေရာကို အာရုံခံစားလိုက်သည်။ စောစောက တရားထိုင်နေစဉ်၊ သူ၏စိတ်ဝိညာဉ် အထက်မြက်ဆုံးအချိန်တွင် ကျန်းမာတောက်ဓား၏ အငွေ့အသက်ကို ရုတ်တရက် ဖမ်းယူမိလိုက်သည်။
အချိန်ကြာမြင့်စွာ စိတ်စွမ်းအားဖြင့် သန့်စင်ခဲ့မှုကြောင့် ဤဓားတွင် သူ၏ စိတ်အမှတ်အသားကျန်ရှိနေသည်။ အလွန်အမင်း ဝေးကွာမနေပါက သူ ရှင်းလင်းစွာ အာရုံခံစားနိုင်ပြီး ထိုစိတ်အမှတ်အသားမှတစ်ဆင့် အနီးအနားမှ အခြေအနေများကိုပင် မပီမသ ခံစားသိရှိနိုင်သည်။
လွန်ခဲ့သောရက်များအတွင်း ဦးနှောက်ဒဏ်ရာရရှိခဲ့သောကြောင့် သူ၏စိတ်အာရုံမှာ ထိုင်းမှိုင်းနေခဲ့ပြီး ယခုအချိန်မှသာ ပြန်လည်ရှင်းလင်းလာခဲ့ခြင်းဖြစ်သည်။
အာရုံခံစားမှုအရ ကျန်းမာတောက်ဓားသည် ဤနေရာနှင့် မဝေးလှ။ မျဉ်းဖြောင့်အတိုင်းဆိုလျှင် အကွာအဝေး ပေ၁၆၀၀၊ ၁၇၀၀ခန့်မှ အများဆုံး ပေ၃၀၀၀ထက် မပိုပေ။
သူ ယခု ဓားကို ပြန်ခေါ်သင့်၊ မခေါ်သင့် တွေဝေနေမိသည်။ ကျန်းမာတောက်ဓားသည် သူ၏ကိုယ်ခန္ဓာအစိတ်အပိုင်းတစ်ခု၊ သွေးကြောများ၏ အဆက်တစ်ပိုင်းသဖွယ် ဖြစ်နေချေပြီ။ အထူးသဖြင့် ကန္တာရမြို့တွင် ရှိစဉ်က အသေအချာ သန့်စင်ခဲ့မှုကြောင့် ၎င်းသည် သူ၏စိတ်ဆန္ဒအတိုင်း ရွေ့လျားနိုင်ပြီဖြစ်သည်။ လှုပ်ရှားမှုမှာ နှေးကွေးပြီး ဒဏ္ဍာရီလာ "ဓားပျံ" များကဲ့သို့ ကြောက်မက်ဖွယ်အစွမ်း မရှိသေးသော်လည်း၊ ပြန်လည်ခေါ်ယူရန်အတွက်မူ လုံလောက်နေပြီဖြစ်သည်။ ယခု သူ၏စိတ်တစ်ချက် လှုပ်ရှားလိုက်ရုံဖြင့် ဓားသည် သူ့လက်ထဲသို့ အလိုလို ရောက်ရှိလာပေလိမ့်မည်။
သူ ခဏမျှ တွေဝေသွားပြီးနောက် ပြန်လည်ခေါ်ယူလိုသော စိတ်ဆန္ဒကို စွန့်လွှတ်လိုက်သည်။ ယခု သူ၏ကိုယ်ခန္ဓာမှာ မကောင်းသေးပေ။ ဓားရရှိလာလျှင်လည်း သိပ်အသုံးဝင်မည်မဟုတ်။ ထို့အပြင် ရန်သူကိုလှန့်လိုက်သကဲ့သို့ဖြစ်သွားကာ မခန့်မှန်းနိုင်သော အပြောင်းအလဲများ ဖြစ်ပေါ်လာနိုင်၏။
ထို့နောက် သူ၏စိတ်သည် တစ်ဖန်ပြန်လည် တည်ငြိမ်သွားပြီး စိတ်စွမ်းအားကို စုစည်းကာ မိမိ၏ကိုယ်ခန္ဓာကို ပြန်လည်ကုသနေတော့သည်။
..................................................................................................................
နောက်တစ်နေ့မနက် အကျဉ်းထောင်၏ မီးများ လင်းလာသည်နှင့် သူ ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။ ညသန်းခေါင်မတိုင်မီက မြေလှိုင်းဖြင့် တစ်ကြိမ်ထပ်မံ ကုသခဲ့ပြီးနောက် ညသန်းခေါင်ကျော်အချိန်တွင် ခုတင်ပေါ်တွင် လှဲလျောင်းနေသော သူ၏တစ်ကိုယ်လုံးမှာ ယားယံ၍ မခံမရပ်နိုင်အောင် ဖြစ်လာပြီး စိတ်မတည်မငြိမ် ဖြစ်စေခဲ့သည်။ ထို့ကြောင့် မီးလင်းသည်နှင့် သူ၏ကိုယ်ခန္ဓာ ဘာဖြစ်နေသည်ကို ကြည့်ရန် ပြင်ဆင်လိုက်သည်။
အပေါ်ထပ်ခုတင်မှလည်း လှုပ်ရှားသံများ ထွက်ပေါ်လာပြီး အိပ်ရာထရန် ပြင်ဆင်နေပုံရသည်။ လော်ယွမ်က အလျင်အမြန် ဆိုလိုက်သည်။ "ခဏနေဦး... ငါအဝတ်လဲမလို့"
"အင်း" ဝမ်ယွိကျဲ၏ ရှက်ရွံ့သံ ထွက်လာပြီး တစ်ဖန်ပြန်လှဲချလိုက်ပုံရသည်။
ဖမ်းဆီးခံရစဉ် ဓားနှင့် ပိုက်ဆံအိတ်မှလွဲ၍ အဝတ်အစားနှင့် အတွင်းခံပစ္စည်းများ ပါမသွားခဲ့ပေ။ ကိုယ်ပေါ်တွင် ဝတ်ဆင်ထားသည်မှာ မူလဝတ်စုံပင်ဖြစ်ရာ သူ့စိတ်ထဲတွင် အနည်းငယ် သက်သာရာရသွားသည်။
သူ၏ကိုယ်ပေါ်မှ ပစ္စည်းကိရိယာများမှာ မနည်းလှပေ။ အပြင်ဘက်တွင် "လွင့်မျော အားကစားဝတ်စုံ" (အပြာရင့်ရောင်အဆင့်) ရှိပြီး ၎င်းမှာ မုန်တိုင်းငှက်၏ အတောင်များဖြင့် ပြုလုပ်ထားသည်။ အဆင့်မမြင့်သော်လည်း ၎င်း၏ထူးခြားသော "လေစီးကြောင်းထိန်းညှိခြင်း" စွမ်းရည်ကြောင့် ယခုအချိန်အထိ ဆက်လက်အသုံးပြုနေဆဲဖြစ်သည်။
အတွင်းဘက်တွင် အစိမ်းရောင်အဆင့်ရှိ လိပ်နဂါးဥမှ ဂျယ်လီဖြင့် ပြုလုပ်ထားသော "ကျည်ကာအင်္ကျီ" ရှိပြီး "ထိခိုက်မှုတန်ပြန်ခြင်း" နှင့် "စွမ်းအင်စုပ်ယူခြင်း" စွမ်းရည်များ ပါဝင်သည်။ အတွင်းခံမှာမူ နောက်ဆုံးပေါင်းစပ်ထားသော "ပလာစမာစက်ကွင်း အတွင်းခံ" ဖြစ်ပြီး ၎င်းမှာလည်း အစိမ်းရောင်အဆင့်ပင်။ ထို့အပြင် အာရုံခံစားမှု ဖုံးကွယ်နိုင်သော "ကိုယ်ပျောက်လူစိမ်း၏ ဦးချို" နှင့် "တစ္ဆေသစ်ပင်၏ နှလုံးသား" တို့လည်း ရှိနေပြီး တစ်ခုချင်းစီတွင် ကိုယ်ပိုင်အသုံးဝင်မှုများ ရှိကြသည်။
လော်ယွမ်က အဝတ်အစားများကို ချွတ်လိုက်သောအခါ ခန္ဓာကိုယ်ယားယံခြင်း၏ တရားခံကို တွေ့ရှိလိုက်ရသည်။ တစ်ညတာအတွင်း သူ၏ခန္ဓာကိုယ်သည် အရေပြားအသေများဖြင့် ပြည့်နှက်နေပြီး အလွှာလိုက် အလွှာလိုက် ထပ်နေကာ ခန္ဓာကိုယ်ကြီးပင် ပိုမိုကြီးမားသွားသကဲ့သို့ ထင်ရသည်။ မြင်ရသူကို ခေါင်းနပန်းကြီးစေပြီး ကြက်သီးမွေးညင်းများ ထသွားစေသည်။
ဤအရေပြားအသေများမှာ ကိုယ်ခန္ဓာမှ သေဆုံးသွားသော ဆဲလ်များဖြစ်ပြီး ကိုယ်ခန္ဓာလုပ်ဆောင်ချက်များ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာသည်နှင့်အမျှ အားကောင်းသော ခန္ဓာကိုယ်ကြံ့ခိုင်မှုက ပုံမှန်အတိုင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ ဤအရေပြားအသေများသည် တက်ကြွသော ဇီဝဖြစ်စဉ်နှင့်အတူ ကိုယ်ခန္ဓာအပြင်ဘက်သို့ စွန့်ထုတ်လိုက်ခြင်းဖြစ်သည်။
လော်ယွမ်က အရေပြားအသေများကို ဆွဲခွာကြည့်ရာ အဝတ်စုတ်တစ်စကို ဆွဲဖြဲလိုက်သည့်အလား အသံထွက်ပေါ်လာသည်။
ဤအရေပြားအသေများမှာ အလွန်မာကျောလှသည်။ လူသားတို့၏ မွေးရာပါ အကန့်အသတ်ကြောင့် ကာကွယ်နိုင်စွမ်းမှာ သန္ဓေပြောင်းသတ္တဝါများထက် များစွာလျော့နည်းသော်လည်း လော်ယွမ်၏ ဆယ့်လေးမှတ်ရှိသော ခန္ဓာကိုယ်ကြံ့ခိုင်မှုမှ ဖြစ်ပေါ်လာသော အရေပြားအသေများမှာ အပြာနုရောင်အဆင့် သတ္တဝါ၏ သားရေနှင့်ပင် နှိုင်းယှဉ်နိုင်ပေသည်။ သူက ပေါက်ပြဲနေသော အစမှ အနည်းငယ်သာ ဆွဲခွာလိုက်ရသေးသည်၊ အားကုန်ခမ်းသွားသလို ခံစားလိုက်ရသည်။
ယခုအချိန်တွင် သူ၏ခွန်အားမှာ ပြန်လည်ကောင်းမွန်လာခြင်း မရှိသေးဘဲ၊ သာမန်လူတစ်ဦးထက်သာ အနည်းငယ် ပိုအားကောင်းနေပြီး အကောင်းဆုံးအခြေအနေနှင့် နှိုင်းယှဉ်၍ မရသေးပေ။
သူ အသက်ကို ခက်ခက်ခဲခဲ ရှူလိုက်ပြီး ပြင်းထန်သော အရေပြားရောဂါရနေသကဲ့သို့ဖြစ်သော မိမိ၏တစ်ကိုယ်လုံးကို ကူကယ်ရာမဲ့စွာ ကြည့်ရင်း၊ တစ်ချိန်တည်းမှာပင် ရယ်ချင်စိတ်ဖြစ်လာသည်။ မိမိကိုယ်ကို ဂုဏ်ယူရမည်လော၊ သို့မဟုတ် မိမိကိုယ်ကို လှောင်ပြောင်ရမည်လော မသိတော့ပေ။ ယခု သူသည် မိမိကိုယ်ကိုပင် ထိခိုက်စေနိုင်သော ခွန်အားမရှိတော့ပေ။
သို့သော် အချိန်သိပ်မလိုတော့ပေ။ နောက်ထပ် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် ကုသပြီးလျှင် သူ၏ကိုယ်ခန္ဓာသည် အကောင်းဆုံးအခြေအနေသို့ ပြန်လည်ရောက်ရှိတော့မည်ဖြစ်သည်။ ထိုအခါ ဤသာမန် အချုပ်ခန်းလေးက သူ့ကို တားဆီးနိုင်တော့မည် မဟုတ်ပေ။
ဆက်ရန်...
အပိုင်း(၂၈၄)ပြင်းထန်သောတိုက်ပွဲ - ၁
လော်ယွမ် အဝတ်အစားများ လဲလှယ်ဝတ်ဆင်ပြီးသည်နှင့် တံခါးဝမှ "ဒုန်း ဒုန်း ဒုန်း" ဟူသော တံခါးခေါက်သံများ ထွက်ပေါ်လာ၏။
"စစ်ဆေးရေးဝင်ပါမယ်... အတွင်းကလူတွေ လက်နှစ်ဖက်ကို ခေါင်းနောက်ပစ်ထားပြီး မြေပြင်ပေါ်ထိုင်ချပါ... ဒါက သတိပေးတာမဟုတ်ဘူး အမိန့်ပေးနေတာ... ငါ ထပ်ပြောမယ် အတွင်းကလူတွေ လက်နှစ်ဖက်ကို ခေါင်းနောက်ပစ်ထားပြီး မြေပြင်ပေါ်ထိုင်ချ..."
ကုတင်ပေါ်တွင် လှဲလျောင်းနေသော ဝမ်ယွိကျဲမှာ လန့်ဖျပ်ကာ ချက်ချင်းခုန်ဆင်းလိုက်၏။ သူစိမ်းယောက်ျားတစ်ဦးရှိနေသောကြောင့် ဤရက်ပိုင်းများတွင် သူမသည် အဝတ်အစားမချွတ်ဘဲ အိပ်စက်လေ့ရှိရာ အဝတ်အစားပြန်ဝတ်ရသည့်ဒုက္ခမှ ကင်းဝေးသွားသည်။ လော်ယွမ်ကမူ ဖိနပ်ကို ဖြည်းညင်းစွာစီးနေဆဲဖြစ်သည်ကို မြင်သောအခါ သူမက စိုးရိမ်တကြီးဖြင့် "ဟာ... ရှင်ဘာလုပ်နေတာလဲ မြန်မြန်လုပ်... ဒီစစ်သားတွေက ပြောလို့ဆိုလို့ကောင်းတာမဟုတ်ဘူး... ကြာနေရင် သူတို့ ကတကယ်သေနတ်နဲ့ပစ်မှာ" ဟု လှမ်းအော်လိုက်သည်။
နှလုံးအိမ်ထဲမှ နှလုံးခုန်သံများက တဒုန်းဒုန်းမြည်ဟည်းနေပြီး ပြင်းထန်သောသွေးစီးကြောင်းတို့သည် သွေးကြောများတစ်လျှောက် တစ်ကိုယ်လုံးသို့ ပျံ့နှံ့စီးဆင်းသွားကာ သူ၏မျက်နှာမှာ တဖြည်းဖြည်း နီမြန်းတက်လာ၏။ သူ ဖိနပ်ကိုစီး၍ အပြီးတွင်မူ သူ၏မျက်နှာမှာ အေးစက်တည်ငြိမ်သော အမူအရာသို့ ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။
"အသင့်ပြင်ထား... ငါတို့ အပြင်ထွက်တော့မယ်"
"...ကိုး... ရှစ်... ခုနစ်..." အပြင်ဘက်မှ စစ်သားများက စတင်ရေတွက်နေ၏။
"ရှင် ဘာတွေပြောနေတာလဲ... ရှင့်ဦးနှောက် ချောင်သွားပြီလား... မြန်မြန်ကျွန်မနဲ့အတူ ထိုင်ချလိုက်" ဝမ်ယွိကျဲက စိုးရိမ်တကြီးဖြင့် လော်ယွမ်၏လက်မောင်းကို အားကုန်ဆွဲလိုက်သည်။ သို့သော် မူလက အားနည်းချိနဲ့နေသော လော်ယွမ်မှာ ယခုအခါ ခြေထောက်များက မြေကြီးထဲတွင် အမြစ်တွယ်နေသည့်အလား သူမ မည်သို့ပင် အားကုန်ဆွဲစေကာမူ လုံးဝလှုပ်မလာခဲ့ပေ။
"...ခြောက်... ငါး... လေး..."
"ငါဘယ်သူလဲလို့ မင်းငါ့ကို အမြဲမေးနေခဲ့တာ မဟုတ်လား" လော်ယွမ်က ခေါင်းကိုအနည်းငယ်စောင်း၍ မေးလိုက်သည်။
"...သုံး... နှစ်... တစ်"
သူ၏ တောင့်တင်းမတ်မတ်ရပ်နေသော ကိုယ်ဟန်မှ မမြင်နိုင်သော ဩဇာစက်ကွင်းတစ်ခု ပျံ့နှံ့ထွက်ပေါ်နေသည့်အလားပင်။ ထိုစိတ်ကို လွှမ်းမိုးနိုင်သော အရှိန်အဝါကြောင့် မူလက ဂနာမငြိမ်ဖြစ်နေသော ဝမ်ယွိကျဲမှာ ရုတ်တရက် တည်ငြိမ်သွား၏။ သူမ၏နှလုံးသားကမူ တဒုန်းဒုန်းခုန်နေလျက် "ဒါ... ဒါဆို ရှင်ကဘယ်သူလဲ" ဟု တီးတိုးရေရွတ်လိုက်မိသည်။
"လော်ယွမ်" လော်ယွမ်၏ နှုတ်ခမ်းထောင့်များက အနည်းငယ်ကွေးတက်သွားရာ ပြုံးနေသကဲ့သို့ ထင်ရသော်လည်း သူ၏မျက်လုံးများထဲတွင်မူ အရယ်အပြုံးအရိပ်အယောင်လုံးဝမရှိဘဲ အဆုံးမဲ့သော အေးစက်မှုများသာ ကျန်ရှိနေတော့သည်။
ထိုအချိန်တွင် တံခါးမှာ "ဝုန်း" ခနဲ ပွင့်ထွက်သွားပြီး လက်နက်အပြည့်အစုံတပ်ဆင်ထားသော စစ်သားတစ်စုမှာ ဝံပုလွေများ၊ ကျားများကဲ့သို့ တံခါးမှ တိုးဝင်လာကြသည်။ အတွင်းမှမြင်ကွင်းကိုတွေ့သောအခါ သူတို့၏အမူအရာမှာ ခေတ္တမျှကြောင်အသွားပြီးနောက် ချက်ချင်းပင် "အားလုံး အသင့်ပြင်ထား... ပစ်..." ဟု ဟိန်းဟောက်အော်လိုက်သည်။
စကားသံပင် မဆုံးသေးခင်မှာပင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက် တစ်ခုက ဤကျဉ်းမြောင်းသော နေရာလေးအတွင်းသို့ ရုတ်တရက် ကျရောက်လာ၏။
စစ်သားတစ်စုလုံး၏ ခန္ဓာကိုယ်များမှာ တစ်ချက်တုန်ခါသွားပြီးနောက် အမူအရာများ တောင့်တင်းသွားကြသည်။ နောက်တစ်ခဏတွင် သူတို့အားလုံး မြေပြင်ပေါ်သို့ တစ်ပြိုင်နက်တည်း လဲကျသွားကြတော့၏။ ထိုစစ်သားများ၏ ဟာလာဟင်းလင်းဖြစ်နေသော မျက်လုံးများကို ကြည့်လျှင် သူတို့ကိုယ်အတွင်းမှ ဝိညာဉ်ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း သိနိုင်၏။
ဤသည်မှာ လော်ယွမ်၏ ဩဇာစက်ကွင်းကို အသုံးပြု၍ လူသားများကို အားကုန်တိုက်ခိုက်ခဲ့သည့် ပထမဆုံးအကြိမ်ဖြစ်ပြီး အကျိုးသက်ရောက်မှုမှာ သူထင်ထားသည်ထက်ပင် ပို၍ကောင်းမွန်နေခဲ့သည်။
အကယ်၍ ပုံမှန်အခြေအနေတွင်ရှိသော လော်ယွမ်သာဆိုလျှင် သူ၏စိတ်ထဲတွင် သနားကြင်နာစိတ် အနည်းငယ်ရှိနေနိုင်သေး၏။ သို့သော် ယခုအချိန်တွင်မူ သူ၌ ဤသို့သော အသုံးမဝင်သည့် စိတ်ခံစားချက်များ လုံးဝမရှိတော့ဘဲ အေးစက်သော ဆင်ခြင်တုံတရားသာ ကျန်ရှိတော့သည်။
ဝမ်ယွိကျဲ၏ မျက်နှာမှာ ဖြူဖျော့သွားပြီး ဦးနှောက်မှာ လုံးဝဗလာကျင်းဖြစ်သွား၏။ တစ်ဝက်မှာ လော်ယွမ်၏ ဩဇာစက်ကွင်းအရှိန်ကြောင့် လန့်ဖျပ်သွားခြင်းဖြစ်ပြီး ကျန်တစ်ဝက်မှာမူ ရုတ်တရက်ဖြစ်ပေါ်လာသော သတ်ဖြတ်မှုကြောင့် ဘာမှတုံ့ပြန်နိုင်ခြင်း မရှိတော့ပေ။
လော်ယွမ်က သေနတ်တစ်လက်ကို ကောက်ယူလိုက်ပြီး အတွင်းမှကျည်ဆန်များကို ထုတ်ယူလိုက်သည်။ ထို့နောက် သေနတ်ကိုလွှင့်ပစ်လိုက်ပြီး ကျည်ဆန်များကို လက်ထဲတွင် ဆုပ်ကိုင်ထားလိုက်၏။ ပြီးနောက် ဝမ်ယွိကျဲကို ဆွဲခေါ်ကာ မြေပြင်ပေါ်ရှိ အလောင်းများကို ကျော်နင်း၍ အပြင်ဘက်သို့ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။
လမ်းချိုးထောင့်ရှိ ကင်းလှည့်စစ်သားအချို့မှာ အခြေအနေမမှန်သည်ကို တွေ့ရှိပြီး သေနတ်မြှောက်ရန် ပြင်လိုက်စဉ်မှာပင် လော်ယွမ်၏ ပြင်းထန်သော လက်တစ်ချက်ဝှေ့ယမ်းမှုနှင့် ကြုံတွေ့လိုက်ရသည်။ လေးလံသော အဖြိုက်အနက်သတ္တုအူတိုင်ကျည်ဆန်အချို့မှာ လေထဲတွင် "တဝှီးဝှီး" မြည်ဟည်းသံပေးလျက် မုန်တိုင်းတစ်ခုနှယ် လျင်မြန်စွာ ပစ်လွှတ်ထွက်သွား၏။
"ဖောက်... ဖောက်..." ဟူသော အသံပျော့အချို့နှင့်အတူ အလောင်းများမှာ မြေပြင်ပေါ်သို့ လဲကျသွားကြ၏။
ထိုအချိန်တွင် သူ ရုတ်တရက်ရပ်တန့်လိုက်ပြီး နေရာတွင်ပင် ခေတ္တမျှစောင့်ဆိုင်းနေလိုက်သည်။ ထို့နောက် သူ၏လက်ကို ဆန့်တန်းလိုက်ရာ လမ်းသွယ်၏အဆုံးမှ ကျန်းမာတောက်ဓားတစ်လက်မှာ ဖြည်းညင်းစွာ ပျံဝဲလာပြီး စက္ကန့်အနည်းငယ်အကြာတွင် လော်ယွမ်၏လက်ထဲသို့ ရောက်ရှိလာခဲ့သည်။
ကမ္ဘာပျက်ကပ် စတင်ချိန်မှစ၍ သူနှင့်အတူ အမြဲရှိနေခဲ့သော ဤကျန်းမာတောက်ဓားကို ဆုပ်ကိုင်လိုက်မိသောအခါ အေးစက်သောဆင်ခြင်တုံတရားအခြေအနေတွင် ရှိနေသော လော်ယွမ်၏မျက်နှာပေါ်၌ပင် ဝမ်းမြောက်မှုအရိပ်အယောင်တစ်စွန်းတစ်စ ပေါ်ထွက်လာခဲ့သည်။
ခြေလှမ်းအနည်းငယ်မျှ မလှမ်းရသေးမီမှာပင် နားစည်ကွဲမတတ် ကျယ်လောင်သော အချက်ပေးဥဩသံတစ်ခုက အကျဉ်းထောင်ဧရိယာတစ်ခုလုံးတွင် ရုတ်တရက် မြည်ဟည်းလာတော့သည်။
ဤနေရာသည် အဓိကစောင့်ကြည့်ထိန်းချုပ်ထားသော ဧရိယာဖြစ်သည့်အလျောက် သေးငယ်သော မူမမှန်မှုတိုင်းမှာ နေရာအနှံ့တွင်ရှိသော ကင်မရာများ၏အမြင်မှ လွတ်မြောက်နိုင်မည်မဟုတ်ပေ။ အသံတိတ်ထွက်ခွာသွားရန်မှာ လုံးဝမဖြစ်နိုင်သည့် ကိစ္စတစ်ခုပင် ဖြစ်၏။
သို့သော် လော်ယွမ်ကလည်း ဤမျှလွယ်ကူစွာ ထွက်ခွာသွားနိုင်မည်ဟု မတွေးထားခဲ့ပေ။
မြေကြီး၏စွမ်းအင်များ ခြေဖဝါးအောက်မှနေ၍ အဆက်မပြတ်စီးဝင်လာသည်ကို ခံစားမိနေ၏။ သူ၏ခန္ဓာကိုယ်မှာ လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာပြီး ကြီးမားသောစွမ်းအားများက သူ၏ခန္ဓာကိုယ်ထဲသို့ တစ်ဖန်ပြန်လည် ဝင်ရောက်လာခဲ့သည်။
ထိုအချိန်တွင် နားစည်ကွဲမတတ်ကျယ်လောင်သော ဥဩသံနှင့်အတူ များပြားလှသော ခြေသံများ အရပ်လေးမျက်နှာမှ ဤနေရာသို့ လျင်မြန်စွာ ချဉ်းကပ်လာနေသည်ကို သူ၏စူးရှသောနားများက ရှင်းလင်းစွာ ကြားနေရ၏။ သူ ဝိုင်းရံပိတ်ဆို့ခြင်းခံလိုက်ရပြီဖြစ်ကြောင်း သူ နားလည်လိုက်သည်။
"မင်း အရင်ပုန်းနေလိုက်" လော်ယွမ်က စိတ်လှုပ်ရှားမှုကြောင့် ကြောင်ငေးနေဆဲဖြစ်သော ဝမ်ယွိကျဲဘက်သို့ လှည့်ပြောလိုက်သည်။ တစ်ချိန်တည်းမှာပင် မျက်နှာချင်းဆိုင်မှ သံတံခါးတစ်ချပ်ကို ဓားဖြင့်ခုတ်ပိုင်းဖွင့်လှစ်လိုက်ပြီး အတွင်းမှ အကျဉ်းသားများ၏ ကြောင်တက်တက်အမူအရာများကို ဂရုမစိုက်ဘဲ သူမကို အတွင်းသို့ တွန်းထည့်လိုက်သည်။
"မ... မလုပ်နဲ့... လော်ယွမ် ရှင့်စိတ်ကိုထိန်းပါ... ရှင်အသက်ရှင်ရမယ်" လော်ယွမ်၏ တွန်းလိုက်မှုကြောင့် ဝမ်ယွိကျဲမှာ ရုတ်တရက် သတိပြန်ဝင်လာပြီး အားကုန်အော်ပြောလိုက်သည်။
လော်ယွမ်က အမူအရာမဲ့စွာဖြင့် လှည့်ထွက်သွား၏။ ဓားရိုးကိုဆုပ်ကိုင်ထားသော သူ၏လက်များမှာ တဖြည်းဖြည်း တင်းကျပ်လာသည်။ ခြေလှမ်းအနည်းငယ်လှမ်းပြီးနောက် သူ၏အရှိန်မှာ ပို၍ပို၍ မြန်ဆန်လာပြီး နောက်ဆုံးတွင် အားကုန်ပြေးလွှားတော့သည်။ ပေ၃၀ကျော်ရှည်သော လမ်းသွယ်တစ်ခုလုံးမှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားပြီး လမ်းချိုးထောင့်သို့ ချဉ်းကပ်သွားသောအခါ...
သူ ရုတ်တရက် ပေါ့ပါးစွာခုန်တက်လိုက်ရာ သူ၏ခန္ဓာကိုယ်မှာ ပျံသန်းနေသောငှက်တစ်ကောင်နှယ် ကောင်းကင်သို့ လွင့်တက်သွားပြီး ချက်ချင်းပင် ၂၄၊ ၂၅ပေအကွာသို့ ကျော်လွှားသွားသည်။ ခြေဖျားက နံရံကို ညင်သာစွာတစ်ချက်ထိလိုက်ပြီးနောက် လူအုပ်ကြားထဲသို့ ပေါ့ပါးစွာ ကျဆင်းသွားတော့၏။
လမ်းချိုးထောင့်မှ ကွေ့ထွက်လာသော စစ်သားများမှာ တုံ့ပြန်ချိန်ပင်မရလိုက်ဘဲ သေချာပင်မမြင်လိုက်ရခင်မှာပင် ဖြတ်ခနဲပေါ်လာသော ဩဇာစက်ကွင်း၏အရှိန်ကြောင့် ပါးစပ်မှ အမြှုပ်များထွက်ကာ မေ့မြောသွားကြသည်။ လော်ယွမ်မှာမူ ထိုနေရာတွင် ကြာမြင့်စွာကတည်းက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
ဗုံးခိုကျင်း၏ မြေအနေအထားမှာ ရှုပ်ထွေးလှပြီး နေရာတိုင်းတွင် လမ်းသွယ်များရှိနေသည်။ စင်္ကြံတိုင်း၊ အခန်းတိုင်းမှာ အတူတူပင်ဖြစ်နေသဖြင့် ရှင်းလင်းသော အမှတ်အသား သို့မဟုတ် မြေပုံမရှိဘဲ အတွင်း၌ လမ်းပျောက်ရန် အလွန်လွယ်ကူလှ၏။
သို့သော် လော်ယွမ်ကမူ သူတို့လာစဉ်က ခြေသံများ၏တည်နေရာကို အခြေခံ၍ ထွက်ပေါက်ကို ခန့်မှန်းနိုင်ခဲ့သည်။ ဗုံးခိုကျင်း၏ နေရာမှာ အကန့်အသတ်ရှိသောကြောင့် ဖြစ်နိုင်သည်၊ အကျဉ်းထောင်ဧရိယာမှာ သိပ်မကျယ်ဝန်းလှပေ။ လော်ယွမ် တစ်မိနစ်ကျော်ခန့် ပြေးလွှားပြီးနောက်မှာပင် ထွက်ပေါက်အနီးသို့ ရောက်ရှိလာခဲ့သည်။
ထိုအချိန်တွင် သူ၏ခြေလှမ်းများ ရုတ်တရက်နှေးကွေးသွားသည်။ သူ ရင်းနှီးသောလူတစ်ယောက်ကို တွေ့လိုက်ရ၏။
"မင်းက လော်ယွမ်ဆိုတာကိုး... ကန္တာရမြို့ရဲ့ တစ်ဦးတည်းသော အဆင့်ငါး ဆင့်ကဲပြောင်းလဲသူပေါ့" ရှဲ့ကြီးက ဟားတိုက်ရယ်မောလိုက်ပြီး "မင်းက ငါတို့ရဲ့ အရင်အိမ်နီးချင်းဖြစ်နေလိမ့်မယ်လို့ဘယ်သူက ထင်မှာလဲ... ငါတို့ကို တော်တော်ရှာရအောင် လုပ်လိုက်တာပဲ"
လော်ယွမ်က အမူအရာမဲ့သော မျက်နှာထားဖြင့် တစ်လှမ်းချင်းစီ တိုးကပ်သွား၏။
တစ်ဖက်လူက တစ်လှမ်းချင်းစီ တိုးကပ်လာသည်ကိုကြည့်ရင်း သူ၏အပြုံးမှာ တဖြည်းဖြည်း တည်တံ့မနေနိုင်တော့ဘဲ မျက်နှာမှာ လေးနက်သွားသည်။ လူမှာနာမည်၊ သစ်ပင်မှာအရိပ် ဟူသောစကားပုံအတိုင်းပင်။ အစိုးရမှ အသိအမှတ်ပြုထားသော အဆင့်ငါး ဆင့်ကဲပြောင်းလဲသူတစ်ဦးဖြစ်သည့်အလျောက် သူ ဒဏ်ရာအပြင်းအထန်ရထားသည်ဟူသော သတင်းများရှိနေလျှင်ပင် လုံးဝပေါ့ဆ၍မဖြစ်ပေ။ အနည်းဆုံးတော့ အပေါ်ယံကြည့်လျှင် တစ်ဖက်လူမှာ မည်သည့်ထူးခြားမှုမှ ရှိမနေပေ။
"ငါ့အထင်တော့... ငါတို့ သူသေကိုယ်သေ တိုက်ခိုက်စရာမလိုပါဘူး... ငါတို့ ဆွေးနွေးလို့ရပါတယ်..." ရှဲ့ကြီးက ခြောက်ကပ်စွာရယ်ရင်း ဆိုလိုက်သည်။
"မင်းအချိန်ဆွဲနေလည်း အပိုပဲ... အားလုံးသေရမှာပဲ" လော်ယွမ်က ခပ်ပေါ့ပေါ့ဆိုလိုက်သည်။
ရှဲ့ကြီးက အလိုအလျောက် မျက်နှာကျက်ကို မော့ကြည့်လိုက်သည်။ မျက်နှာကျက်ပေါ်တွင် အိမ်မြှောင်တစ်ကောင်ကဲ့သို့ တွယ်ကပ်သွားလာနေပြီး တိုက်ပွဲအတွင်း ချောင်းမြောင်းတိုက်ခိုက်ရန် ပြင်ဆင်နေသော မျက်မှန်သမားမှာ ချက်ချင်းပင် မျက်နှာပျက်သွား၏။ ယခုအခါ အကောင်းဆုံးအချိန်ဟုတ်မဟုတ်ကို သူ ဂရုမစိုက်နိုင်တော့ဘဲ အလျင်အမြန် ခုန်ဆင်းလာခဲ့သည်။
ဤအခြေအနေသို့ ရောက်ရှိလာမှတော့ ရှဲ့ကြီးလည်း စိတ်ကိုဒုံးဒုံးချလိုက်ပြီး ဟိန်းဟောက်သံတစ်ချက်ပေးကာ သူ၏ကြွက်သားများမှာ တင်းမာလာပြီး သူ၏အရပ်မှာ မကောင်းဆိုးဝါးနတ်ဘုရားတစ်ပါးနှယ် ချက်ချင်းပင် မြင့်တက်လာသည်။ ပို၍အံ့ဩစရာကောင်းသည်မှာ သူ၏အရေပြားပေါ်တွင် အဆီပြန်နေသော အလင်းရောင်တစ်လွှာ ဖုံးအုပ်သွားခြင်းပင်။
သူ၏ခြေထောက်များက မြေကြီးကို အားကုန်ကန်ထွက်လိုက်ရာ ခိုင်မာသောကွန်ကရစ်မြေပြင်မှာ သူ၏နင်းခြေမှုကြောင့် ချိုင့်ခွက်နက်ကြီးတစ်ခု ဖြစ်ပေါ်သွားသည်။ နောက်တစ်ခဏတွင် သူသည် အမြောက်ဆန်တစ်ခုပမာ လော်ယွမ်ထံသို့ ပျံသန်းသွားတော့သည်။
လော်ယွမ်က နေရာတွင်ပင် မလှုပ်မယှက်ရပ်နေ၏။ မျက်မှန်သမား မြေပြင်ပေါ်သို့ ကျရောက်ခါနီးမှသာ သူသည် လျင်မြန်စွာ နောက်သို့ ခြေတစ်လှမ်းဆုတ်လိုက်သည်။ သူ၏ညာလက်မှာ အရိပ်တစ်ခုပမာ လျင်မြန်လှသဖြင့် လူတိုင်း၏အမြင်တွင် အနည်းငယ်ဝေဝါးသွားသလို ခံစားလိုက်ရသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ယပ်တောင်ပုံသဏ္ဌာန် အလင်းတန်းတစ်ခုက အပေါ်ဘက်သို့ တစောင်းပြေးဝင်သွား၏။
လော်ယွမ်ထင်မှတ်မထားသည်မှာ မျက်မှန်သမား၏ တုံ့ပြန်မှုကလည်း မနှေးခြင်းပင်။ အန္တရာယ်နှင့် ရင်ဆိုင်ရချိန်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှာ အရိုးမရှိသကဲ့သို့ တစ်ခွေတည်း လုံးထွေးသွားပြီး ခါးအားကိုအသုံးပြုကာ လေထဲတွင် ဝ.၁ စက္ကန့်မျှ ရပ်တန့်နေလိုက်သည်။ လော်ယွမ်၏ ဓားအလင်းတန်းကို မနည်းရှောင်တိမ်းလိုက်ပြီးနောက် မြေပြင်ပေါ်သို့ ပေါ့ပါးစွာ ကျဆင်းလာခဲ့သည်။
သူ၏လက်နက်မှာ သတ္တုဖြင့်ပြုလုပ်ထားသော ချွန်ထက်သည့်လက်သည်းတစ်စုံဖြစ်ပြီး အပေါ်တွင် အဆင့်ငါး သတ္တဝါတစ်ကောင်၏ အဆိပ်စွယ်မှ အဆိပ်ပြင်းကို သုတ်လိမ်းထားရာ သွေးစို့သည်နှင့် အသက်ပျောက်စေနိုင်၏။ ဤလက်သည်းတစ်စုံမှာ သူ၏ သာလွန်ကောင်းမွန်သော လျင်မြန်ဖျတ်လတ်မှု၊ အရိုးမရှိသကဲ့သို့ ပျော့ပျောင်းသော ခန္ဓာကိုယ်တို့နှင့် ပေါင်းစပ်လိုက်သောအခါ လူကို တစ္ဆေတစ်ကောင်ကဲ့သို့ ပေါ့ပါးဖျတ်လတ်သော ခံစားချက်ကို ပေးစွမ်းသည်။
လော်ယွမ်၏ မျက်မှောင်များ အနည်းငယ်ကြုတ်သွားသည်။ သူ၏အခြေအနေမှာ အပြည့်အဝပြန်လည်ကောင်းမွန်လာခြင်းမရှိသေးဘဲ ခန္ဓာကိုယ်စွမ်းရည်များမှာလည်း ဆယ့်သုံး၊ ဆယ့်လေးမှတ်ခန့်သာ ရှိနေသဖြင့် တစ်ခဏအတွင်းမှာပင် တိုက်ကွက်လွဲချော်သွားခြင်းဖြစ်သည်။
မျက်မှန်သမား မြေပြင်ပေါ်သို့ ကျရောက်သည်နှင့် လူထွားကြီး၏တိုက်ခိုက်မှုမှာ ရောက်ရှိလာခဲ့သည်။ သူသည် ဒေါသထွက်နေသော နဂါးကြီးတစ်ကောင်နှယ် တိုက်ခိုက်မှုမရောက်ရှိမီမှာပင် လေပြင်းများက မျက်နှာကို လာရိုက်ခတ်သည်။ သူသည် ပြင်းထန်ကြမ်းတမ်းသော သိုင်းပညာတစ်မျိုးမျိုးကို လေ့ကျင့်ထားဟန်တူပြီး လှုပ်ရှားမှုတိုင်းမှာ အားကောင်းပြီး လေးလံလှသည်။
သို့သော် လော်ယွမ်၏မျက်လုံးထဲတွင်မူ အမှားအယွင်းများ၊ ဟာကွက်များဖြင့် ပြည့်နှက်နေ၏။ သူ၏ခန္ဓာကိုယ်စွမ်းရည်များမှာ များစွာလျော့ကျနေသော်လည်း သူ၏အမြင်မှာ နဂိုအတိုင်းရှိနေသေးသည်။ သူ့ကို သိုင်းပညာရှင်တစ်ဦးဟု ခေါ်ဆိုလျှင်ပင် လွန်မည်မဟုတ်ပေ။
သူ၏ဦးခေါင်းမှာ အနည်းငယ်တိမ်းစောင်းသွားပြီး ထိုပြင်းထန်သောလက်သီးချက်ကို ဆံတစ်ခြည်မျှင်စာမျှဖြင့် ရှောင်တိမ်းလိုက်သည်။ တစ်ချိန်တည်းမှာပင် သူ၏အခြားလက်တစ်ဖက်က တစ်ဖက်လူ၏ဆံပင်ကို တိတ်တဆိတ်ဆွဲကိုင်လိုက်ပြီး ကျန်းမာတောက်ဓား၏အစွန်ထိပ်ဖြင့် သူ၏နားထင်ကို ပြင်းထန်စွာ ထိုးစိုက်လိုက်သည်။
သို့သော် လော်ယွမ် ထင်မှတ်မထားသည်မှာ အစိမ်းရောင်အဆင့် သတ္တဝါများကိုပင် သတ်ဖြတ်နိုင်သော အလွန်ထက်ရှသည့် ကျန်းမာတောက်ဓားမှာ ယခုတစ်ကြိမ်တွင် အောင်မြင်မှုမရရှိဘဲ ဓားသွားထိပ်မှာ သူ၏အရေပြားပေါ်မှ ချောမွေ့သောအဆီအလွှာ၏ တင်းကျပ်စွာ တားဆီးခြင်းကို ခံလိုက်ရခြင်းပင်။
လော်ယွမ်၏ စိတ်ခံစားချက်မှာ လုံးဝလှုပ်ရှားသွားခြင်းမရှိပေ။ ဓားသွားထိပ်မှာ အထက်အောက်လှုပ်ရှားသွားပြီး တိမ်တိုက်များရွေ့လျား၊ ရေများစီးဆင်းသကဲ့သို့ သူ၏ခါး၊ လည်ပင်း၊ ကျောရိုးတို့ကို သုံးချက်ဆက်တိုက် ထိုးစိုက်လိုက်ပြီးနောက် ခြေထောက်ဖြင့် ကန်ထုတ်လိုက်သည်။
"ဒါပဲလား... တော်တော်ပျော့တာပဲ စောစောက ငါစိုးရိမ်နေခဲ့ရတာတွေ အလကားပဲ" ရှဲ့ကြီးက ခြေလှမ်းအနည်းငယ်နောက်ဆုတ်လိုက်ပြီး တည်ငြိမ်စွာရပ်တန့်လိုက်သည်။ သူ၏ကိုယ်ပေါ်တွင် ဒဏ်ရာတစ်စက်မျှမရှိဘဲ ရူးသွပ်စွာ ရယ်မောလိုက်သည်။
လော်ယွမ်၏ မျက်လုံးများက တဖျပ်ဖျပ်လက်သွားပြီး စကားတစ်ခွန်းမျှမဆိုပေ။ တစ်ဖက်လူ၏ ခုခံစွမ်းအားမှာ အံ့မခန်းဖြစ်သော်လည်း ဤမျှလောက် အားကောင်းနေရန် မဖြစ်နိုင်ပေ။ မိမိ ထည့်မတွက်မိသော ဟာကွက်တစ်ခုခု ရှိနေရမည်ဖြစ်သည်။
အတွေးများ ဖြတ်ပြေးသွားစဉ်မှာပင် မျက်မှန်သမားနှင့် လူထွားကြီးမှာ ညှပ်တိုက်သည့်အနေအထားဖြင့် သူ့ထံသို့ ထပ်မံတိုက်ခိုက်လာကြသည်။ လူထွားကြီးက လော်ယွမ်၏ ပုံရိပ်ကို တင်းကျပ်စွာ ပိတ်ဆို့ထားပြီး မျက်မှန်သမားမှာမူ တစ္ဆေတစ်ကောင်ကဲ့သို့ လှည့်ပတ်သွားလာရင်း လော်ယွမ်၏ တိုက်ခိုက်မှုဟာကွက်ကို ရှာဖွေနေသည်။
သူတို့နှစ်ဦးမှာ တစ်ဦးကအား၊ တစ်ဦးကအမြန်နှုန်း၊ တစ်ဦးကမာ၊ တစ်ဦးကပျော့၊ တစ်ဦးကအလင်း၊ တစ်ဦးကအမှောင်၊ အချိတ်အဆက်မိမိ ပူးပေါင်းတိုက်ခိုက်ကြရာ အဆင့်ငါး သတ္တဝါတစ်ကောင်ပင်ဖြစ်စေကာမူ ပေါ့ဆလိုက်ပါက အသက်ဆုံးရှုံးသွားနိုင်၏။ ဤသည်မှာပင် သူတို့ လော်ယွမ်ကို ရင်ဆိုင်ရဲသည့် ယုံကြည်ချက်ပင် ဖြစ်သည်။
လော်ယွမ် ထပ်မံတိုးဝင်တိုက်ခိုက်လိုက်သည်။ ရှေ့ဆက်တိုက်ပွဲများမှာ မရေရာလှသဖြင့် သူ၏စိတ်စွမ်းအင်ကို ဤနေရာတွင် မဖြုန်းတီးချင်ပေ။ တစ်ဖက်လူ၏ တိုက်ခိုက်မှုကို ပေါ့ပါးစွာရှောင်တိမ်းလိုက်ပြီးနောက် သူ၏လက်များမှာ ယခင်ထက်ပို၍ အံ့မခန်းဖွယ်အရှိန်တစ်ခု ချက်ချင်းပေါက်ကွဲထွက်လာသည်။ ကျန်းမာတောက်ဓားမှာ လျှပ်စီးကြောင်းတစ်ခုပမာ တစ်ဖက်လူ၏ အဓိကနေရာများဖြစ်သော လည်ပင်း၊ မျက်လုံး၊ ပေါင်ကြား၊ စအိုဝတို့ကိုပင် ခုတ်ပိုင်းတိုက်ခိုက်လိုက်သည်။ သို့သော် ဓားသွားမှာ အဆီအလွှာထဲသို့ ထိုးစိုက်ဝင်ရောက်သွားသော်လည်း လှိုင်းဂယက်များ ထသွားသည်မှလွဲ၍ ဒဏ်ရာတစ်စက်မျှ မရရှိခဲ့ပေ။
လော်ယွမ်၏ မုန်တိုင်းသဖွယ် တိုက်ခိုက်မှုအောက်တွင် ကလေးတစ်ယောက်ကဲ့သို့ လုံးဝပြန်လည်ခုခံနိုင်ခြင်းမရှိသောကြောင့် ရှဲ့ကြီးမှာ ရှက်ရွံ့ဒေါသထွက်ကာ ဟိန်းဟောက်လိုက်သည်။ သို့သော် သူ၏ပါးစပ် ဟလိုက်သည်နှင့်တစ်ပြိုင်နက် ချွန်ထက်စူးရှသော အလင်းတန်းတစ်ခု သူ၏မျက်စိရှေ့တွင် လျင်မြန်စွာ ကြီးမားလာသည်ကို တွေ့လိုက်ရသည်။
ရှဲ့ကြီး၏ မျက်လုံးသူငယ်အိမ်များမှာ ချက်ချင်းကျုံ့ဝင်သွားသည်။ သူ ပါးစပ်ကို အလျင်အမြန်ပြန်ပိတ်ရန် ကြိုးစားရင်း တစ်ချိန်တည်းမှာပင် အစွမ်းကုန် ရှောင်တိမ်းလိုက်သည်။
သို့သော် သူ၏လှုပ်ရှားမှုမှာ အလွန်နှေးကွေးသွားခဲ့သည်။ သူ ပါးစပ်မပိတ်မီမှာပင် ဓားသွားထိပ်တစ်ခုက သူ၏ပါးစပ်ပေါက်ကို ချက်ချင်းထိုးဖောက်ဝင်ရောက်သွားပြီး ပါးရိုးကိုဖောက်ကာ ထွက်ပေါ်လာခဲ့သည်။ အရေးကြီးသည့်အချိန်တွင် သူ အနည်းငယ်မရှောင်တိမ်းလိုက်နိုင်ပါက ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားနိုင်ပေသည်။
ဆက်ရန်...