အခန်း (၂၈၅+၂၈၆)
Vol. 15 Ch. 285+286
အပိုင်း(၂၈၅)ပြင်းထန်သောတိုက်ပွဲ - ၂
လော်ယွမ်တို့နှစ်ဦး၏ တိုက်ပွဲမှာ လျှပ်တပြက်အတွင်း အပြောင်းအလဲများစွာ ဖြစ်ပေါ်သွားပြီး စက္ကန့်အနည်းငယ်အတွင်းမှာပင် အခြေအနေမှာ လုံးဝပြောင်းပြန်ဖြစ်သွားခဲ့၏။
ဘေးမှ အကဲခတ်လှုပ်ရှားနေသော မျက်မှန်သမား၏မျက်နှာတွင် စိုးရိမ်မှုအရိပ်အယောင် ထင်ဟပ်လာသည်။ သူသည် ချက်ချင်းပင် ရှေ့သို့တိုးဝင်လာပြီး အညှီနံ့တထောင်းထောင်းထနေသော သူ၏လက်သည်းချွန်များဖြင့် လော်ယွမ်ထံသို့ လျင်မြန်စွာ ကုတ်ခြစ်လိုက်၏။ သူ၏အရှိန်မှာ အလွန်မြန်ဆန်လှပြီး ၁၂ပေ၊ ၁၃ပေအကွာအဝေးကို မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည်။
သူ၏လက်သည်းချွန်တို့က တစ်ဖက်လူ၏အဝတ်စကို ထိမိသွားသည့်အထိအတွေ့ကို သူခံစားမိလိုက်သည်နှင့် မျက်နှာတွင် ဝမ်းသာအားရသောအမူအရာ မထိန်းနိုင်ဘဲ ပေါ်လာ၏။ ဤအဆိပ်သည် သွေးစတွေ့သည်နှင့် လည်မျိုကိုပိတ်စေနိုင်၏။ မည်မျှပင်စွမ်းအားကြီးသော ဆင့်ကဲပြောင်းလဲသူဖြစ်စေကာမူ အနည်းငယ်မျှထိမိရုံဖြင့် ချက်ချင်းအသက်ပျောက်ပြီး ညစ်ပတ်သောရေအိုင်အဖြစ်သို့ ပြောင်းလဲသွားပေမည်။
သို့သော် ထိုတစ်ခဏမှာပင် လော်ယွမ်သည် ရုတ်တရက် ဓားကိုဆွဲထုတ်၍ လှည့်လိုက်ပြီး ရှေ့သို့ အားကုန်ခုတ်ပိုင်းချလိုက်၏။ ယပ်တောင်ပုံသဏ္ဌာန် အလင်းတန်းတစ်ခုသည် လေထုထဲတွင် ဖြတ်ခနဲလက်သွားပြီး ပျောက်ကွယ်သွားသည်။
ထိုအချိန်တွင် အချိန်သည် ရပ်တန့်သွားသကဲ့သို့ ထင်မှတ်ရ၏။ မျက်မှန်သမားသည် တစ်ကိုယ်လုံး တောင့်ခဲသွားပြီး မလှုပ်မယှက်ဖြစ်သွားသည်။ သူ၏မျက်နှာတွင် အရုပ်ဆိုးသော အပြုံးတစ်ချက်ပေါ်လာပြီးနောက် မျက်နှာမှသည် ခါးအထိ ရှည်လျားသောသွေးစင်းကြောင်းကြီးတစ်ခု လျင်မြန်စွာပေါ်ထွက်လာ၏။ နောက်တစ်ခဏတွင် သူ၏ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်သွားပြီး မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ လျှောကျသွားတော့သည်။
"မလုပ်နဲ့" ရှဲ့ကြီးသည် မျက်လုံးများပြူးကျယ်ကာ ဒေါသတကြီး ကြည့်နေမိ၏။
ယခုအချိန်တွင် သူ၏မျက်နှာတစ်ခုလုံး သွေးများဖြင့် ပြည့်နှက်နေ၏။ အစောပိုင်းက လော်ယွမ်ဓားဆွဲထုတ်စဉ် မတော်တဆ ခုတ်ရှမိသွားသောကြောင့် သူ၏မျက်နှာတစ်ခုလုံးမှာ လုံးဝကွဲပြတ်သွားခဲ့ပြီး အပေါ်ပိုင်းနှင့် အောက်ပိုင်းဟူ၍ နှစ်ပိုင်းကွဲသွားခဲ့သည်။ မျက်နှာသည် ပြန်လည်စေ့စပ်၍မရနိုင်တော့ဘဲ အတွင်းမှ အသားနီများနှင့် သွေးများမှာ လန်ထွက်နေကာ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး မြင်ရသူတိုင်းကို ထိတ်လန့်တုန်လှုပ်စေ၏။
လော်ယွမ်က ခေါင်းခါလိုက်ပြီး တည်ငြိမ်စွာဆို၏။ "အချိန်အရမ်းဖြုန်းသလိုဖြစ်နေပြီ"
"ဟီဟီဟီ..." သူသည် အာရုံကြောများဖောက်ပြန်သကဲ့သို့ ရယ်မောလိုက်ပြီး သားရဲတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်၏။ "မင်း ကျိုးဝမ်ကို သတ်လိုက်ပြီ... မင်းတော့ သေပြီပဲ... ခေါင်းဆောင်က မင်းကို ဘယ်တော့မှ အလွတ်ပေးမှာမဟုတ်ဘူး"
လော်ယွမ်က အကြည့်ကို ပြန်ရုပ်သိမ်းလိုက်ပြီး မည်သည့်စိတ်ခံစားမှုမျှမရှိသော မျက်လုံးများဖြင့် သူ့ကိုတစ်ဖန်ပြန်ကြည့်ကာ "မင်းအလှည့်လည်း ခဏနေရောက်လာမှာပါ" ဟု ဆို၏။
ရှဲ့ကြီးသည် ထိုစကားကိုကြားသော် စိတ်ထဲတွင် အေးစက်သွားပြီး အလိုအလျောက်ပင် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိသည်။
လော်ယွမ်၏စွမ်းအားကို သူသည် အစပိုင်းတွင် အထင်သေးခဲ့ပြီး သာမန်မျှလောက်သာဟု ထင်မှတ်ခဲ့သည်။ သို့သော် အချိန်ကြာလာသည်နှင့်အမျှ တစ်ဖက်လူ၏စွမ်းအားမှာ ဒုံးပျံတစ်စင်းကဲ့သို့ တစ်စက္ကန့်ချင်း တိုးတက်လာခဲ့သည်။
အစပိုင်းတွင် သူသည် အမြဲတမ်း ခုခံကာကွယ်နေရသော်လည်း သူ၏ကာကွယ်နိုင်စွမ်းကြောင့် ခေတ္တမျှတော့ တောင့်ခံထားနိုင်ခဲ့သည်။ စက္ကန့်အနည်းငယ်ကြာသောအခါတွင်မူ သူသည် လုံးဝ အပြတ်အသတ် ဖိနှိပ်ခံနေရပြီဖြစ်၏။ ထို့အပြင် တိုက်ခိုက်မှု၏အရှိန်အဝါသည် ပို၍ပို၍ ပြင်းထန်လာပြီး သူ၏ခန္ဓာကိုယ်ပင်လျှင် တစစ်စစ်နာကျင်လာကာ ကာကွယ်မှုကို ထိုးဖောက်တော့မည့်အခြေအနေသို့ပင် ရောက်ရှိနေခဲ့သည်။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ သူ၏စွမ်းအားသည် အဆုံးအစမရှိသကဲ့သို့ အလျင်အမြန် ဆက်လက်တိုးတက်နေခြင်းပင်။
သူ၏ကာကွယ်နိုင်စွမ်းမှာ အဆုံးမရှိမဟုတ်ကြောင်း သူကောင်းကောင်းသိ၏။ သူ၏သန္ဓေပြောင်းအစွမ်းမှာ တစ်ဖက်လူတိုက်ခိုက်လာသည့်အခိုက်အတန့်တွင် ဖိအားကို အနီးအနားပတ်ဝန်းကျင်သို့ ဖြန့်ကျက်ပေးပို့ခြင်းဖြစ်ပြီး ထိခိုက်ခံရသည့်ဧရိယာကို ကျယ်ပြန့်စေကာ ဧရိယာတစ်ခုချင်းစီအလိုက် ဖိအားကို အနိမ့်ဆုံးသို့ လျှော့ချခြင်းပင်ဖြစ်သည်။ ဤစွမ်းရည်ဖြင့် သူသည် ကျည်ဆန်များနှင့် ဓားလှံများကို မကြောက်မရွံ့ရင်ဆိုင်နိုင်ခဲ့သည်။ မည်မျှပင် သံချပ်ကာကိုထိုးဖောက်နိုင်သော ကျည်ဆန်ဖြစ်စေ၊ မည်မျှပင် ထက်မြက်သော ဓားသွားဖြစ်စေ သူ၏အဖို့ အယားပြေကုတ်ခြစ်လိုက်သကဲ့သို့သာ ဖြစ်၏။ ဆင့်ကဲပြောင်းလဲသူများကို အကြီးအကျယ်ရှင်းလင်းသုတ်သင်စဉ်က သူသည် ဤစွမ်းရည်ကို အားကိုး၍ စစ်စခန်းမှ ထွက်ပြေးလွတ်မြောက်ခဲ့ခြင်းဖြစ်သည်။
သို့သော် သူသည် ကြီးမားသော သန္ဓေပြောင်းသတ္တဝါများကို မရင်ဆိုင်နိုင်ပေ။ ထိုသတ္တဝါများ၏ တိုက်ခိုက်မှုသည် သူ၏ကာကွယ်မှုအားလုံးကို ချက်ချင်းထိုးဖောက်နိုင်ပြီး သူ့ကို အသားစိုင်အဖြစ် ကြေမွသွားစေနိုင်သည်။ ထိုနည်းတူစွာပင် သူသည် အမြောက်ကျည်များကိုလည်း မခုခံနိုင်ပေ။ အမြောက်ကျည်ပေါက်ကွဲမှု၏ အင်အားသည် သူ့ကို အစိတ်စိတ်အမွှာမွှာဖြစ်သွားစေရန် လုံလောက်၏။
ရှဲ့ကြီးသည် လော်ယွမ်၏စကားကြောင့် စိတ်လှုပ်ရှားကာ မျက်နှာအမူအရာပြောင်းလဲနေစဉ်မှာပင် လော်ယွမ်သည် ရုတ်တရက် လှုပ်ရှားလိုက်တော့သည်။ သူသည် ကျန်းမာတောက်ဓားကို ဆွဲယူကာ ခြေလှမ်းအနည်းငယ် လျင်မြန်စွာလှမ်းလိုက်ရာ သူ၏ခန္ဓာကိုယ်သည် ပုံရိပ်ယောင်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသကဲ့သို့ ထင်ရ၏။ ခန္ဓာကိုယ်၏ လျင်မြန်သောရွေ့လျားမှုအရှိန်ကို အခွင့်ကောင်းယူလျက် သူသည် ဓားကိုလက်နှစ်ဖက်ဖြင့်ကိုင်ကာ ခြေလှမ်းကျဲကြီးလှမ်း၍ အားကုန်ထိုးစိုက်လိုက်သည်။ ခွန်အားသည် ခြေဖျားမှစတင်စီးဆင်းလာပြီး ခါး၏လှည့်ပတ်မှုမှတစ်ဆင့် ကျောရိုးဆစ်ကြီးအတိုင်း လက်မောင်းများဆီသို့ ကူးပြောင်းသွားသည်။ တစ်ကိုယ်လုံးရှိ ခွန်အားသည် အဆင့်ဆင့်ဆက်သွယ်စီးဆင်းသွားပြီး ဓားသွားထိပ်တွင် စုစည်းသွား၏။
ရှဲ့ကြီး သတိပြန်ဝင်လာချိန်တွင် ဓားသွားက သူ၏ရှေ့မှောက်သို့ ရောက်ရှိနေခဲ့ချေပြီ။ သူ၏လက်နှစ်ဖက်ကို ကန့်လန့်ဖြတ်ကာကွယ်လိုက်စဉ် ဓားထိပ်သည် သူ၏နဖူးမှအရေပြားကို ထိတွေ့သွားခဲ့ပြီဖြစ်သည်။
သုညဒသမတစ်စက္ကန့်မျှသာ တုံ့ဆိုင်းသွားပြီးနောက် ထိုပါးလွှာသော ဆီအလွှာကဲ့သို့သော (အကာအကွယ်)သည် ချက်ချင်းပင် ထိုးဖောက်ခံလိုက်ရပြီး ဓားသည် သူ၏ဦးခေါင်းနောက်ဘက်မှ ထွက်သွားသည်။
ရှဲ့ကြီး၏ မျက်နှာအမူအရာသည် ချက်ချင်းတောင့်ခဲသွားပြီး မျက်လုံးများပြူးကျယ်လျက် လည်ချောင်းမှ ''အွတ်အွတ်'' မြည်သံများထွက်လာကာ ကျိန်ဆဲရန် ကြိုးစားနေပုံရ၏။ ထို့နောက် လော်ယွမ်က ဓားကို နောက်ပြန်တစ်ချက်လွှဲလိုက်ရာ ဤတစ်ကြိမ်တွင် သူ၏သန္ဓေပြောင်းအစွမ်းက လုံးဝအလုပ်မလုပ်တော့ပေ။ ဦးခေါင်းသည် ထက်မြက်သောဓားသွား၏ တစ်ချက်တည်းသော ခုတ်ချက်ဖြင့် လည်ပင်းမှပြတ်ထွက်ကာ ကောင်းကင်သို့ လွင့်စဉ်တက်သွားသည်။ လည်ပင်းမှ သွေးများက ပန်းထွက်လာ၏။ မူလနေရာတွင် ခေတ္တမျှ ယိမ်းထိုးနေပြီးနောက် ကြီးမားသောကိုယ်လုံးကြီးသည် မြေပြင်ပေါ်သို့ ''ဘုတ်'' ကနဲ လဲကျသွားတော့သည်။
လော်ယွမ်သည် မူလနေရာတွင် မတ်မတ် ရပ်နေ၏။ သွေးစက်များသည် ဓားထိပ်မှ မြေပေါ်သို့တစ်စက်ချင်းကျဆင်းလာပြီး မကြာမီမှာပင် ဓားမှာ မူလအတိုင်း ပြန်လည်တောက်ပလာသည်။
ထောင်ထဲတွင် ကျန်ရှိနေသော စစ်သားများသည် နောက်ကျမှ ရောက်ရှိလာကြသည်။ လော်ယွမ်၏မျက်နှာကို မမြင်ရသေးမီမှာပင် သူသည် ယခင်နည်းအတိုင်းပင် ဖြေရှင်းလိုက်ရာ အားလုံး သတိလစ်မေ့မြောသွားကြသည်။ မကြာမီမှာပင် ထောင်တစ်ခုလုံးတွင် အစောင့်အကြပ်အင်အား မရှိတော့ချေ။
ထောင်တံခါးများကို သူက တစ်ခန်းပြီးတစ်ခန်း ဖျက်ဆီးဖွင့်လှစ်လိုက်ရာ ဆင့်ကဲပြောင်းလဲသူအများအပြား ထောင်ထဲမှ ထွက်ပြေးလွတ်မြောက်လာကြသည်။ အချို့က ကျေးဇူးတင်မဆုံးဖြစ်နေကြပြီး အချို့ကမူ လှည့်ပင်မကြည့်ဘဲ ထွက်ပြေးသွားကြသည်။ အချို့မှာမူ ဆဲဆိုကြိမ်းမောင်းရင်း ထောင်ထဲမှ တစ်လှမ်းမျှမခွာဘဲ သေမည့်တိုင် နေမည်ဟုဆိုကြသည်။
ကမ္ဘာပျက်ပြီးနောက်ပိုင်းတွင် အစိုးရ၏ဩဇာအာဏာသည် လျော့နည်းသွားခြင်းမရှိသည့်အပြင် ပိုမိုအားကောင်းလာသည်ဟု ဆိုရမည်။ လူအများစုသည် ဤအဖြစ်အပျက်တွင် တစ်စုံတစ်ခုမှားယွင်းနေသည်ကို မသဲမကွဲသိရှိနေကြသော်လည်း "ထောင်ဖောက်ပြေး" သည့်အပြစ်ကို ကြောက်ရွံ့သောကြောင့် မည်သူမျှ မလှန်ရဲကြပေ။
အချို့ကမူ အာဏာပိုင်တွေထံမှ မျက်နှာရလိုဇောဖြင့် လော်ယွမ်ကို တိုက်ခိုက်ရန် ကြိုးစားကြသော်လည်း သူ၏လက်ချက်ဖြင့် ထိုနေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားကြသည်။ သွေးညှီနံ့များက စင်္ကြံလမ်းတစ်ခုလုံးတွင် ပျံ့နှံ့သွားသောအခါ လူတိုင်း မျက်နှာလွှဲသွားကြပြီး မည်သည့်စကားမျှ မဆိုဝံ့ကြတော့ချေ။
လော်ယွမ်သည် ဝမ်ယွိကျဲနှင့် ပြန်လည်ဆုံစည်းပြီးနောက် ရှူကျစ်ချန်၏ ထောင်ခန်းကို လျင်မြန်စွာ ရှာဖွေတွေ့ရှိခဲ့သည်။ ပုန်ကန်မှု၏ "ခေါင်းဆောင်" အဖြစ် သူသည် အထူးဆက်ဆံမှုခံခဲ့ရသည်မှာ ထင်ရှား၏။ ထောင်ခန်းသည် နိမ့်ကျကျဉ်းမြောင်းပြီး အလွန်မှောင်မိုက်နေကာ အတွင်းသို့ရောက်လျှင် ထိုင်နေရုံသာ တတ်နိုင်ပြီး မတ်တပ်မရပ်နိုင်ပေ။ ကာကွယ်မှုမှာလည်း ပိုမိုအားကောင်းလှသည်။
သို့သော်ငြားလည်း ဓားတစ်ချက်တည်းဖြင့် ပွင့်ထွက်သွားခဲ့သည်။ ရက်အနည်းငယ်မျှ မတွေ့လိုက်ရဘဲ သူသည် အလွန်ပင်ပိန်လှီချုံးကျနေ၏။ တံခါးပွင့်လာသောအခါ သူသည် အနည်းငယ်ပင် ကျုံ့သွားမိသည်။ လော်ယွမ်၏ ဓားကိုင်ထားသောပုံရိပ်ကို မြင်မှသာ သူ၏ထုံထိုင်းနေသော မျက်လုံးများတွင် အလင်းရောင်တစ်ချက် ပြန်လည်တောက်ပလာသည်။
"ဆရာယွမ်... ဒီလိုဒဏ်ရာလောက်နဲ့ ခင်ဗျားကို သူတို့မတားနိုင်မှန်း ကျွန်တော်သိပြီးသားပါ" သူက အားနည်းစွာဆို၏။
"အရင်ဆုံး အပြင်ထွက်ပြီးမှ ပြောကြတာပေါ့"
"ဟုတ်တယ်... အရင်ဆုံးအပြင်ထွက်ရအောင်" သူက တုန်တုန်ယင်ယင်ဖြင့် မတ်တပ်ရပ်လိုက်ပြီး သူ၏အသံမှာ နိမ့်ကျသွားသည်။
ထို့နောက် သူတို့နှစ်ဦးသည် အနီးအနားမှအခန်းများတွင် ရှောင်ပိုင်ဟုန်နှင့် ရှန်ကျိရှင်းတို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ လူစုသည် မနှောင့်နှေးဝံ့ဘဲ ထောင်ဧရိယာမှ အလျင်အမြန် ထွက်ခွာခဲ့ကြသည်။ ဝမ်ယွိကျဲသည် အစပိုင်းတွင် ထောင်ဖောက်ပြေးသင့်မပြေးသင့် ချီတုံချတုံဖြစ်နေခဲ့သော်လည်း လော်ယွမ်၏ မည်သည့်အမူအရာမျှမရှိသော မျက်နှာကို မြင်သောအခါ နှုတ်ခမ်းများလှုပ်ရှားသွားသော်လည်း စကားတစ်ခွန်းမျှ မဆိုဝံ့တော့ဘဲ နောက်ဆုံးတွင် ခြေလှမ်းမှန်မှန်ဖြင့် လူအုပ်နောက်သို့ လိုက်ပါပြေးလွှားသွားတော့သည်။
မျက်စိလျင်သော ဆင့်ကဲပြောင်းလဲသူအချို့သည် ဤလူစုကို တွေ့သောအခါ အလျင်အမြန် လိုက်ပါလာကြသည်။ ထောင်ဖောက်ပြေးခြင်းသည် တစ်ခါတည်းနှင့် ပြီးပြတ်သွားမည့်ကိစ္စမဟုတ်ဘဲ ထောင်ပြေးပြီးနောက် လိုက်လံဖမ်းဆီးမှုများကို မည်သို့ရှောင်တိမ်းရမည်ကသာ အဓိကဖြစ်ကြောင်း သူတို့နားလည်ကြသည်။
"ကျွန်တော်တို့ ဘယ်ကိုသွားကြမလဲ" ရှူကျစ်ချန်က ပြေးလွှားရင်း လော်ယွမ်ကို မေးလိုက်သည်။
ဤမေးခွန်းတွင် နက်နဲသော အဓိပ္ပာယ်ပါဝင်နေ၏။ သာမန်မေးခွန်းတစ်ခုဟု ထင်ရသော်လည်း အမှန်တကယ်တွင် ဤမေးခွန်းသည် မေးခွန်းသက်သက်မဟုတ်ဘဲ သူ၏ခေါင်းဆောင်မှုအာဏာကို မသိမသာ လွှဲအပ်ပေးခြင်းဖြစ်ပြီး နိုင်ငံရေးအရဆိုလျှင် ဤသည်မှာ "ဘက်ရွေးချယ်ခြင်း" ပင်တည်း။
"ဘယ်ကိုသွားနေဦးမှာလဲ... အခုသူတို့ကို တခါတည်း ရှင်းပစ်လိုက်ရင်ပြီးရောမှတ်လား" ရှောင်ပိုင်ဟုန်မှာမူ အများကြီးမစဉ်းစားနိုင်ဘဲ ဤရက်ပိုင်းအတွင်း သူ၏စိတ်ထဲတွင် ဒေါသများပြည့်နှက်နေသဖြင့် အသံကျယ်ကြီးဖြင့် အော်ပြောလိုက်သည်။
"ဒါဆို ခင်ဗျားက ဒီပုန်ကန်မှုရဲ့ အဓိကတရားခံ ဘယ်သူလဲဆိုတာ သိလို့လား... ဘယ်သူတွေပါနေလဲဆိုတာရောသိလား... သူတို့ရဲ့အင်အားက ဘယ်လောက်ရှိလဲ... စစ်တပ်အပေါ် ဘယ်လောက်ထိန်းချုပ်နိုင်လဲဆိုတာရော သိလို့လား... ဘာတခုမှမသိပဲနဲ့ ခင်ဗျားက ဘယ်ကိုသွားပြီး ဘယ်သူ့ကို တစ်ခါတည်း ရှင်းပစ်ချင်နေတာလဲ" ရှူကျစ်ချန်က အေးစက်စွာ ဆို၏။
"အဲ့ဒီလောက် ရှုပ်ထွေးစရာလိုလို့လား..." ရှောင်ပိုင်ဟုန်က ရှက်ရွံ့စွာဆိုလိုက်သော်လည်း သူ၏အသံမှာ များစွာတိုးကျသွားသည်။
"ကျွန်တော် အရင်ဆုံး အိမ်ပြန်ပြီး အခြေအနေကို တစ်ချက်ကြည့်လိုက်ဦးမယ်" ဤအချိန်တွင် လော်ယွမ်၏ "မြေလှိုင်း" အခြေအနေမှာ ပျောက်ကွယ်သွားခဲ့ပြီဖြစ်ပြီး စိတ်ခံစားမှုများ ခန္ဓာကိုယ်ထဲသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ သူက ခဏစဉ်းစားပြီးနောက် "အင်းပေါ့... ခင်ဗျားတို့လည်း အိမ်အရင်ပြန်ချင်ပြန်လို့ရတယ်... ဒါပေမဲ့ သတိတော့ မပြတ်ထားဖို့လိုတယ်"
လူတိုင်း ချက်ချင်းပင် တိတ်ဆိတ်သွားကြသည်။ မည်သူမျှ ကျောက်တုံးထဲမှ ထွက်လာသူမဟုတ်ပေ။ ကမ္ဘာပျက်ကပ်အတွင်း မိဘဆွေမျိုးများ မရှိတော့သော်လည်း ဤနေရာတွင် မိသားစုအသစ်များ ပြန်လည်ဖွဲ့စည်းထားကြပြီဖြစ်သည်။ ထောင်ဖောက်ပြေးခြင်းကဲ့သို့ ကြီးမားသောကိစ္စကို မည်သို့မျှ ကြာရှည်ဖုံးကွယ်ထားနိုင်မည်မဟုတ်ပေ။ အထူးသဖြင့် ဆင့်ကဲပြောင်းလဲသူအများအပြား ထွက်ပြေးလာသောအခါ ယခုအချိန်တွင် သူတို့၏အိမ်များသည် အဓိကစောင့်ကြည့်ခံနေရလောက်ပြီဖြစ်သည်။
"ကျွန်တော်တော့ မသွားတော့ဘူး... ကျွန်တော့်ဇနီးက မျှော်လင့်ချက်မြို့ (ရှီးဝမ်)မှာ အလုပ်လုပ်တာ... ဒီမှာ မိသားစုတစ်ယောက်မှမရှိဘူး" ရှူကျစ်ချန်က ဆို၏။
"ကျွန်တော်လည်း မသွားတော့ဘူး... သွားလည်း အခြေအနေက ပိုကောင်းလာမှာမဟုတ်ဘူး... မသွားလည်း ဒီထက်ပိုမဆိုးနိုင်တော့ဘူးလေ" ရှောင်ပိုင်ဟုန်က အံကြိတ်ကာ ဆို၏။
"ဒါ... ဒါဆို ကျွန်မလည်း မပြန်တော့ဘူး" ဝမ်ယွိကျဲသည် မိမိကိုယ်ကို ရုတ်တရက် ထောင်ပြေးတစ်ယောက်ဖြစ်သွားသည်ကို တွေးမိသောအခါ မျက်နှာမှာ ညှိုးငယ်သွားသည်။
"ကျွန်တော် တစ်ခေါက်သွားမှဖြစ်မယ်... ကျွန်တော့်အမေကို ကြည့်ပေးမယ့်သူမရှိဘူး" ရှန်ကျိရှင်း၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး အတန်ကြာမှ လေးနက်စွာဆို၏။ "ကျွန်တော်တော့ ခင်ဗျားတို့နဲ့အတူ မလိုက်တော့ဘူး... အရင်သွားနှင့်ပြီ" သူက ပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။
လူအချို့ စကားမပြောကြဘဲ မျက်စိတစ်မှိတ်အတွင်း ဆင့်ကဲပြောင်းလဲသူအချို့ ထပ်မံထွက်ခွာသွားကြသည်။ လော်ယွမ်လည်း အတင်းအကျပ်မတားမြစ်တော့ပေ။
ကန္တာရမြို့သည် မူလကတည်းက မြို့ငယ်လေးတစ်မြို့ဖြစ်ပြီး ဗုံးခိုကျင်းမှာမူ ဤမြို့၏ ငါးပုံတစ်ပုံပင်မရှိပေ။ လူအချို့မှာ ဆင့်ကဲပြောင်းလဲသူများဖြစ်ကြရာ ခန္ဓာကိုယ်အားနည်းနေသော်လည်း သာမန်လူထက် များစွာသာလွန်သည်။ ဆယ်မိနစ်ကျော်အတွင်းမှာပင် လော်ယွမ်သည် သူနေထိုင်ရာ ဂိုဒေါင်ဧရိယာသို့ ရောက်ရှိလာခဲ့သည်။
သူတို့၏လှုပ်ရှားမှု လျင်မြန်သောကြောင့်လော၊ သို့မဟုတ် တစ်ဖက်အဖွဲ့အစည်း၏ ထိန်းချုပ်မှု မပြီးမြောက်သေးသောကြောင့်လောမသိ လမ်းတစ်လျှောက်တွင် လော်ယွမ်သည် မည်သည့်သံသယဖြစ်ဖွယ်လူကိုမျှ မတွေ့ခဲ့ရပေ။ ဤသည်မှာ သတင်းကောင်းတစ်ခုဖြစ်၏။ ၎င်းမှာ သူတို့၏ထိန်းချုပ်နိုင်စွမ်းသည် အလုံးစုံမပြီးမြောက်သေးဘဲ အနည်းဆုံးတော့ လက်ညှိုးညွှန်ရာ ရေဖြစ်သည့်အဆင့်သို့ မရောက်သေးကြောင်း ပြသနေသည်။
အမှန်တကယ်တွင် ဤအချက်ကို အစောပိုင်းက သတ်ဖြတ်ခဲ့သော လူသန်ကြီး (ရှဲ့ကြီး) ၏စကားထဲတွင် အရိပ်အမြွက်တွေ့မြင်နိုင်ခဲ့သည်။ ထို့ကြောင့်ပင် တစ်ဖက်လူသည် သူ့ကိုမတွေ့မီက အလွန်အံ့ဩသွားခဲ့ခြင်းဖြစ်ပြီး ၎င်းမှာ သူတို့ထံတွင် သူ၏ဓာတ်ပုံအချက်အလက်နှင့် နေရပ်လိပ်စာမရှိကြောင်း ထင်ရှားနေသည်။
သို့သော် စိတ်ထဲမှ မသဲမကွဲမျှော်လင့်ချက်သည် သတ်မှတ်နေရာသို့ ရောက်သောအခါ လွင့်ပြယ်သွားခဲ့သည်။
အဆောင်တံခါးမှာ ပွင့်နေပြီး အတွင်းထဲတွင် လူတစ်ယောက်မျှမရှိပေ။ လူအများစု၏စောင်များကို လှန်လှောထားပြီး ထိုင်ခုံအချို့မှာ ဟိုမှဒီမှ လဲကျနေကာ ပစ္စည်းများ ပြန့်ကျဲနေ၏။ သို့သော် သူက ဗီရိုကို ဖွင့်ကြည့်လိုက်သောအခါ လော်ယွမ်သည် တိတ်တဆိတ် သက်ပြင်းချလိုက်မိသည်။ အတွင်းထဲရှိ လူတိုင်း၏အထုပ်အပိုးများနှင့် အဝတ်အစားများမှာ ပျောက်ကွယ်နေသည်။
ဤသည်မှာ အဖမ်းခံရခြင်းနှင့်မတူဘဲ ထွက်ပြေးလွတ်မြောက်သွားခြင်းနှင့် ပိုတူ၏။ သို့မဟုတ်လျှင် အဝတ်အစားများပင် ချန်ထားခဲ့မည်မဟုတ်ပေ။
"ဆရာယွမ်... ဒီမှာ စာတစ်စောင်ရှိတယ်" ရှူကျစ်ချန်က စားပွဲငယ်တစ်ခုပေါ်တွင် တွေ့ရှိလိုက်သည်။
လော်ယွမ်က အလျင်အမြန်လျှောက်သွားပြီး ယူကြည့်လိုက်သည်။
"ဘေးကင်းလုံခြုံတယ်... စိတ်မပူပါနဲ့"
အောက်ခြေတွင် ရိုးရှင်းသော ပုံကြမ်းတစ်ပုံရှိ၏။ နေလုံးတစ်လုံးကို ဆွဲထားပုံရပြီး ဘေးတွင် တိမ်တိုက်အချို့ကို ဆွဲထားသည်။ လက်ရေးမှာ ဟွမ်ကျားဟွေ၏ လက်ရေးဖြစ်သည်မှာ ထင်ရှားပြီး ထိုပုံကြမ်းမှာမူ ဝမ်ရှီရှီ၏ လက်ရာဖြစ်သည်မှာ သေချာသည်။
စာတိုသည် သူ့အတွက် ရည်ရွယ်ရေးထားသည်မှာ တစ်ချက်ကြည့်ရုံဖြင့် သိသာသော်လည်း ထိုအဓိပ္ပာယ်မရှိသော ပုံကြမ်းကရော မည်သည်ကိုဆိုလိုသနည်း။
"နေလုံး... တိမ်တိုက်" လော်ယွမ်က စိတ်ထဲတွင် စဉ်းစားလိုက်သည်။ "သူတို့ အခုရှိနေတဲ့ နေရာလိပ်စာလား... ဒါမှမဟုတ် အထူးအဓိပ္ပာယ်တစ်ခုခုများလား"
"ဒီဗုံးခိုကျင်းမှာ တခြားပုန်းအောင်းစရာနေရာ ဘာတွေရှိလဲ" လော်ယွမ်က လူအချို့ကို လှည့်မေးလိုက်သည်။
"ဗုံးခိုကျင်းက ကြီးမားသလိုထင်ရပေမယ့် အများစုက ဂိုဒေါင်တွေပဲရှိတာ... တခြားနေရာတွေက လူတွေအရမ်းထူထပ်တော့ ပုန်းစရာနေရာ လုံးဝမရှိဘူး" ရှူကျစ်ချန်က ခဏစဉ်းစားပြီးနောက် "တကယ်တမ်း ပုန်းလို့ရတဲ့နေရာဆိုလို့ လေဝင်လေထွက်ပိုက်လိုင်းတွေနဲ့ မြေအောက်ရေမြောင်းတွေပဲ ရှိတယ်"
"တကယ်လို့ အချိန်ကြာကြာ ပုန်းအောင်းမယ်ဆိုရင် အစားအသောက်နဲ့ သောက်သုံးရေကိုပါ ထည့်စဉ်းစားရမယ်... ဗုံးခိုကျင်းက အစားအသောက်ကို လူအလိုက် ခွဲဝေပေးတာလေ... အဲ့ဒီတော့ တစ်ခုတည်းသော ရွေးချယ်စရာက ရေမြောင်းပဲရှိတယ်"
ဤနေရာများသည် ပုံထဲမှအရာများနှင့် လုံးဝမသက်ဆိုင်ပေ။ ဤသည်မှာ အမှတ်မထင်ဆွဲထားသည့် ပုံကြမ်းတစ်ခုသာ ဖြစ်နိုင်သည်။ လော်ယွမ်သည် ဤအကြောင်းကို ဆက်မတွေးတော့ဘဲ ရှူကျစ်ချန်၏စကားထဲမှ အဓိပ္ပာယ်ကို ကြားလိုက်ရသဖြင့် သံသယဖြင့် "မြေအောက်ရေမြောင်း... ရေတော့ရှိနိုင်တယ် ဒါပေမဲ့ အစားအသောက် ဘယ်လိုလုပ်ရှိနိုင်မှာလဲ... ခင်ဗျားဆိုလိုတာက..."
လော်ယွမ် အနည်းငယ် ခန့်မှန်းမိသွားသည်။
"ဟုတ်တယ်... ဒီရေမြောင်းက ကန္တာရမြို့နဲ့ ဗုံးခိုကျင်းကို ဆက်သွယ်ထားတာ... ပတ်ဝန်းကျင်က စိုစွတ်ပြီး အညစ်အကြေးရေတွေ အများကြီးရှိနေလို့ အဲ့ဒီမှာ မြေအောက်သတ္တဝါတွေ အမြောက်အမြား စုဝေးနေကြတယ်လေ... ပိုးမွှားလှိုင်းမတိုင်ခင် စစ်တပ်က တစ်လတစ်ခါလောက် သွားရှင်းလင်းရတယ်... အခု နောက်ဆုံးတစ်ခေါက် ရှင်းလင်းပြီးတာမှ လဝက်တောင်မပြည့်သေးဘူး"
လော်ယွမ်၏ မျက်လုံးများ တောက်ပသွား၏။ ခန္ဓာကိုယ်ကို ပြန်လည်ပြုပြင်ရန် "မြေလှိုင်း" အစွမ်းကို အကြိမ်ကြိမ်အသုံးပြုခဲ့သောကြောင့် နှလုံးထဲမှ တက်ကြွစွမ်းအင်အစိုင်အခဲသည် လုံးဝကုန်ဆုံးသွားခဲ့ရုံသာမက ခန္ဓာကိုယ်ထဲမှ ကျန်ရှိနေသော စွမ်းအင်စုဆောင်းမှုများပါ ကုန်စင်သွားခဲ့သည်။ ယခုအချိန်တွင် သူသည် ကိုယ်ရောစိတ်ပါ ပင်ပန်းနွမ်းနယ်နေသည့်အပြင် ပြင်းထန်သောဆာလောင်မှုဒဏ်ကို တစ်ကိုယ်လုံးတွင် ခံစားနေရသည်။
ယခုအချိန်တွင် သူ၏ရှေ့တွင် နွားတစ်ကောင်လုံး ချထားလျှင်ပင် သူ အကုန်စားပစ်နိုင်လောက်သည်။ သူက ချက်ချင်းပင် ဆုံးဖြတ်လိုက်သည်။ "ဒါဆို အဲ့ဒီကို သွားကြမယ်"
ဆက်ရန်...
အပိုင်း(၂၈၆)မြေအောက်ရေနုတ်မြောင်း - ၁
လော်ယွမ်တို့အဖွဲ့ ထွက်ခွာသွားပြီး မကြာမီမှာပင် အကျဉ်းထောင်အတွင်းမှ ပေါက်ကွဲမှုသဖွယ် ဧရာမအသံကြီးတစ်သံ ထွက်ပေါ်လာ၏။ မီးခိုးငွေ့နှင့် ဖုန်မှုန့်များ လွင့်ပျံနေသည်။ ဝေဝါးသော မီးခိုးမြူများကြားမှတစ်ဆင့် တစ်ကိုယ်လုံး လျှပ်စီးများ ရစ်ပတ်နေသော အမျိုးသားတစ်ဦးသည် မြင်ကွင်းထဲသို့ ဖြည်းညင်းစွာ ပေါ်ထွက်လာခဲ့၏။
သူ၏ ပေါ်ထွက်လာပုံ အရှိန်အဝါမှာ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းလှ၏။ ထို့ထက်ပို၍ မယုံနိုင်စရာ ကောင်းသည်မှာ သူသည် လေထဲတွင် ပျံဝဲနေခြင်းပင် ဖြစ်သည်။
စူးယွီ၏ မျက်နှာမှာ ပျက်ယွင်းနေ၏။ သူ သတင်းရရှိ၍ အပြေးအလွှား ရောက်ရှိလာသောအခါတွင်မူ နောက်ကျသွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ အလောင်းနှစ်လောင်းမှာ မြေပြင်ပေါ်၌ သနားစဖွယ် လဲလျောင်းနေပြီး ထို့အပြင် သေသည် ရှင်သည် မသိနိုင်သော စစ်သားများလည်း မရေမတွက်နိုင်အောင် ရှိနေ၏။
"တကယ့်ကို အသုံးမကျတဲ့ကောင်တွေပဲ" ဟု စူးယွီက အေးစက်စွာ ဆို၏။ ဤလက်အောက်ငယ်သားနှစ်ဦးအပေါ် သူ များစွာ အရေးစိုက်ခြင်းမရှိပေ။ သူ ကိုယ်ပိုင်အင်အားစု တည်ထောင်၍ အင်ပါယာချဲ့ထွင်သည့် လမ်းစဉ်ကို လျှောက်လှမ်းရန် ဆုံးဖြတ်လိုက်သည့်အချိန်မှစ၍ သူ၏စိတ်နှလုံးမှာ လုံလောက်စွာ မာကျောနေပြီဟု ယူဆခဲ့သည်။ ကမ္ဘာပျက်ကာလကြီးတွင် လုံလောက်အောင် အေးစက်ရက်စက်ပြီး ပြတ်သားနိုင်မှသာလျှင် ရှင်သန်နိုင်မည်ဖြစ်ပြီး ပို၍ ကောင်းမွန်စွာ အသက်ရှင်နိုင်မည် ဖြစ်၏။
"ဒါပေမဲ့ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကငါမွေးထားတဲ့ခွေးတွေပဲ... အဆင့်ငါးဆိုတာ အရမ်းစွမ်းပေမယ့် ငါကတော့ မျက်စိထဲတောင်မထည့်ဘူး... လော်ယွမ် မင်း ငါ့လက်ကပြေးမလွတ်နိုင်ပါဘူး"
………………………………………………………………………………………………………………………………………
ဗုံးခိုကျင်းသည် မြေအောက်နက်ရှိုင်းသော နေရာတွင် ရှိသောကြောင့် မိုးကြီးရေလျှံမှုအတွက် ရေနုတ်မြောင်းများ မလိုအပ်ပေ။ ထို့ကြောင့် မြေအောက်လမ်းဖုံးများဟု ခေါ်ဆိုကြသည့်အရာများလည်း မရှိချေ။ မြေအောက်ရေနုတ်မြောင်းဆီသို့ ရောက်ရှိရန် လမ်းကြောင်းနှစ်ခုသာ ရှိ၏။ တစ်ခုမှာ ပြုပြင်ထိန်းသိမ်းရေးနှင့် ရှင်းလင်းရေးအတွက် အသုံးပြုသော သီးသန့်လမ်းကြောင်းဖြစ်ပြီး နောက်တစ်ခုမှာမူ အိမ်သာခွက်များကို ဖြတ်သန်း၍ အောက်သို့ တိုက်ရိုက်ဆက်သွယ်ထားသော မိလ္လာပိုက်လိုင်း ဖြစ်သည်။
ဒုတိယလမ်းကြောင်းကိုမူ သဘာဝအတိုင်းပင် ပယ်ချလိုက်ရ၏။ ထိုနေရာ၏ ညစ်ညမ်းမှုကို ထည့်မတွက်လျှင်ပင် လမ်းကြောင်းကိုယ်တိုင်မှာ အလွန်တရာ ကျဉ်းမြောင်းလှပြီး ခန္ဓာကိုယ် ဖြတ်သန်းရန် လုံးဝမဖြစ်နိုင်ပေ။ ပိုက်ကိုဖျက်စီးလိုက်လျှင် ရနိုင်မည်ဖြစ်သော်လည်း ဤသို့ပြုလုပ်ပါက အလွယ်တကူ တွေ့ရှိနိုင်ရုံသာမက လမ်းကြောင်း ပျက်စီးသွားမှုကြောင့် မြေအောက်ရေနုတ်မြောင်းအတွင်းမှ သက်ရှိများ ပျံ့နှံ့ထွက်ပေါ်လာစေနိုင်ပြီး လုံခြုံရေးဆိုင်ရာ အန္တရာယ်တစ်ရပ် ဖြစ်ပေါ်စေနိုင်၏။
လူအချို့မှာ တာဝန်ထမ်းဆောင်ဆဲ စစ်သားများ သို့မဟုတ် အရံတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ ဝမ်ယွိကျဲပင်လျှင် လစဉ် တစ်ပတ်ကြာ စစ်ရေးလေ့ကျင့်မှုကို တက်ရောက်ရ၏။ သူတို့၏ လှုပ်ရှားဆောင်ရွက်နိုင်စွမ်းမှာ အလွန်တရာ အားကောင်းလှပြီး ဆုံးဖြတ်ချက်တစ်ခု ချပြီးသည်နှင့် မည်သည့်အခါမျှ တွန့်ဆုတ်ကြန့်ကြာနေလေ့မရှိပေ။
ဖမ်းဝရမ်း မထွက်သေးသောကြောင့် သူတို့ လမ်းတစ်လျှောက်တွင် လူအများအပြားနှင့် တွေ့ဆုံခဲ့ရသော်လည်း စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်လင့်ကစား အန္တရာယ်ကင်းခဲ့၏။ လော်ယွမ်က အနည်းငယ် သက်ပြင်းချလိုက်မိသည်။ မည်သို့ပင်ဆိုစေ မတတ်သာသည့် အခြေအနေသို့ မရောက်လျှင် လော်ယွမ်ကလည်း လူများကို ပေါ့ပေါ့ဆဆ သတ်ဖြတ်လိုခြင်း မရှိပေ။
သို့သော် လော်ယွမ်ကို မျက်မှောင်ကြုတ်သွားစေသည်မှာ မြေအောက်ရေနုတ်မြောင်း ပြုပြင်ထိန်းသိမ်းရေးအခန်း၏ တည်နေရာသည် စစ်စခန်းနှင့် ပေ၃၀၀ပင် မကွာသော နေရာတွင် ရှိနေခြင်း ဖြစ်၏။ အန္တရာယ်အလွန်များသော ဇုန်တစ်ခုအနေဖြင့် မြေအောက်ရေနုတ်မြောင်းသည် အမြဲတစေ အဓိက သတိထားစောင့်ကြပ်ရသည့် နေရာဖြစ်၏။ စစ်စခန်းအနီးတွင် တည်ရှိနေခြင်းမှာ ပြဿနာတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ချက်ချင်း အချိန်မီ ဖြေရှင်းနိုင်ရန် ဖြစ်ပေသည်။
ဤအချိန်တွင် စစ်စခန်း၏ တံခါးဝ၌ အစောင့်အကြပ်များမှာ အလွန်တင်းကျပ်လှ၏။ ငါးလှမ်းတစ်ဖွဲ့၊ ဆယ်လှမ်းတစ်ကင်း ချထားသည်။ ထို့အပြင် အနီးအနားတွင် လျှို့ဝှက်ကင်းပုန်းများလည်း ရှိနေသေးရာ ကာကွယ်ရေးစနစ်မှာ လုံးဝ ဟာကွက်မရှိပေ။ သူတို့၏ မျက်စိရှေ့မှောက်တွင် ဤအတိုင်း တိတ်တဆိတ် ဖြတ်သန်းသွားရန်မှာ လုံးဝ မဖြစ်နိုင်ချေ။
"ဒီနေရာက အစောင့်အကြပ်တွေ ဒီလောက် တင်းကျပ်သွားမယ်လို့ မထင်ထားဘူးဗျာ... အရင်က လေးယောက်ပဲ ရှိတာ... ဒါပေမဲ့ သူတို့ ကျွန်တော့်ကို သိကြမှာပါ... ကျွန်တော် သွားပြီး သူတို့နဲ့ စကားပြောကြည့်လိုက်မယ်" ရှုကျစ်ချန်က ရုတ်တရက် ပြောလိုက်၏။
"မဖြစ်ဘူး... ခင်ဗျားက အခု ထောင်ပြေးတရားခံလေ... သူပုန်ခေါင်းဆောင်ဖြစ်နေတာ... သာမန်လူတွေက မသိသေးပေမဲ့ သူတို့တွေကတော့ သေချာပေါက် သိမှာပဲ... ခင်ဗျား သွားရင် သေလမ်းပဲ ရှိတယ်" လော်ယွမ်က ပြောလိုက်ပြီး နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချကာ "ကျွန်တော်ပဲ လုပ်လိုက်ပါ့မယ်"
ဤအခြေအနေသို့ ရောက်မှတော့ ဤသို့သာ ပြုလုပ်ရန် ရှိတော့၏။ သူတို့က မိမိကို အနားသို့ ချဉ်းကပ်ခွင့်ပြုရန် မျှော်လင့်ရုံသာ ရှိသည်။ သို့မှသာ သူ၏ အရှိန်အဝါဖြင့် ဖိနှိပ်နိုင်မည် ဖြစ်၏။ သို့မဟုတ်ပါက နောက်ပြန်ဆုတ်ရုံမှတစ်ပါး အခြားလမ်းမရှိတော့ပေ။
သူသည် ခေတ်မီလက်နက်များ၏ စွမ်းအားကို မည်သည့်အခါမျှ အထင်သေးဝံ့ခြင်း မရှိခဲ့ပေ။ ကြောက်မက်ဖွယ်ကောင်းသော အစုလိုက်အပြုံလိုက် ဖျက်ဆီးနိုင်စွမ်းရှိသည့် လက်နက်များကို ထည့်မတွက်လျှင်ပင် ယခုခေတ်ပေါ် ရိုင်ဖယ်သေနတ်များကပင် သူ့ကို အလွန်အမင်း သတိထားစေ၏။
ကြံ့ခိုင်မှု ၁၅ မှတ်သည် သူ၏ခန္ဓာကိုယ်ဖြင့် ပစ္စတိုကျည်ဆန်များကို တားဆီးနိုင်သော်လည်း အသံထက် နှစ်ဆနီးပါး မြန်သော သံချပ်ကာဖောက်ကျည်ဆန်များကိုမူ လုံးဝ တားဆီးနိုင်မည် မဟုတ်ပေ။ ယခင်က သူ စစ်တပ်ရင်းတစ်ရင်းကို အလွယ်တကူ အောင်နိုင်ခဲ့ခြင်းမှာ မြေနေရာ အသာစီးရမှုနှင့် အာရုံခံနိုင်စွမ်းကြောင့် ရရှိသော တစ်ဖက်သတ် သတင်းအချက်အလက် ရှင်းလင်းမြင်သာမှု၏ အားသာချက်များကြောင့်သာ ဖြစ်၏။ သို့မဟုတ်ပါက အနားသို့ မချဉ်းကပ်မီမှာပင် တစ်ပြိုင်နက်တည်း ပစ်ခတ်ခြင်း ခံရပါက သူလည်း မတတ်သာဘဲ နောက်ဆုတ်ရကာ အသက်လု ပြေးလွှားရမည်သာ ဖြစ်ပေလိမ့်မည်။
သူ၏ ယခုအစွမ်းသတ္တိဖြင့်၊ တစ္ဆေသရဲကဲ့သို့ လျှို့ဝှက်ဆန်းကြယ်သော လုပ်ကြံသတ်ဖြတ်သူတစ်ဦးအနေဖြင့် သန္ဓေပြောင်းသတ္တဝါများကို သတ်ဖြတ်နိုင်သော်လည်း စနစ်တကျ ဖွဲ့စည်းထားသော စစ်တပ်တစ်ခုနှင့် တိုက်ရိုက် ရင်ဆိုင်တိုက်ခိုက်ပါက သေလမ်းတစ်လမ်းသာ ရှိပေလိမ့်မည်။ ဤသည်မှာပင် လော်ယွမ် အကျဉ်းထောင်မှ ထွက်လာပြီးနောက် ယာယီနောက်ဆုတ်ရန် ရွေးချယ်ခဲ့ခြင်း၏ အကြောင်းရင်း ဖြစ်၏။
"အန္တရာယ်အရမ်းများတယ်... ကျွန်မလုပ်မယ်" ထိုအချိန်တွင် ဝမ်ယွိကျဲက ရုတ်တရက် ပြောလိုက်၏။
"မင်းက..." လော်ယွမ်က ငြင်းပယ်ရန် ကြံလိုက်စဉ် တစ်ဖက်လူ၏ ဆင့်ကဲပြောင်းလဲသူ ဖြစ်ခြင်းကို ရုတ်တရက် သတိရလိုက်မိပြီး ပါးစပ်မှ ထွက်သွားသော စကားမှာ "မင်း သေချာလို့လား"
"ကျွန်မရဲ့ အစွမ်းက အလင်းကို ထိန်းချုပ်တာ... တိုက်ခိုက်နိုင်စွမ်းက မမြင့်ပေမဲ့... သူတို့ရဲ့ မျက်လုံးတွေကို လှည့်စားနိုင်တယ်... တကယ်လို့ သူတို့က ကျွန်မတို့ဘက်ကိုပဲ တမင်စိုက်မကြည့်နေဘူးဆိုရင် ကျွန်မ ခုနှစ်ဆယ်၊ ရှစ်ဆယ်ရာခိုင်နှုန်းသေချာတယ်" ဝမ်ယွိကျဲက အနည်းငယ် ဂုဏ်ယူစွာ ဆိုသည်။ "ဒါပေမဲ့ နည်းနည်းတော့ ပြင်ဆင်ရဦးမယ်"
"ဒီလောက်ဆို ရတယ်" ရှောင်ပိုင်ဟုန်က ချက်ချင်း ပြောလိုက်သည်။ "တံခါးသော့ဖွင့်ဖို့ကိစ္စ ကျွန်တော့တာဝန်ထားလိုက်"
သူက သတ္တုစွမ်းရည် ဆင့်ကဲပြောင်းလဲသူ ဖြစ်သည်။ သတ္တုကို ပုံသဏ္ဌာန်ပြောင်းလဲနိုင်သူအတွက် သော့ဖွင့်ခြင်းမှာ အလွန်လွယ်ကူသော ကိစ္စရပ်တစ်ခု ဖြစ်၏။ အကြိမ်အနည်းငယ် စမ်းသပ်ကြည့်ရုံဖြင့် ထိုနည်းစနစ်ကို အလွယ်တကူ ကျွမ်းကျင်သွားနိုင်ပေသည်။
ထိုအချိန်တွင် စစ်စခန်း၏ တံခါးမကြီးမှ စစ်သားအမြောက်အမြား ရုတ်တရက် ထွက်ပေါ်လာပြီး စစ်စခန်းမှ အမြန် ထွက်ခွာသွားကြသည်။ လော်ယွမ်က တိတ်တဆိတ် ရေတွက်နေ၏။ မကြာမီ အရေအတွက်မှာ တစ်ထောင်ကျော်သွားသည်။ သူ၏စိတ်ထဲတွင် မကောင်းသော နိမိတ်ကို ခံစားလိုက်ရသည်။
လော်ယွမ်ကလည်း ခေါင်းညိတ်လိုက်သည်။ "ဘယ်လောက်ကြာဦးမှာလဲ"
"အခုရပြီ... ဒါပေမဲ့ အားလုံး တစ်ယောက်နဲ့တစ်ယောက် နီးနီးကပ်ကပ် နေတာ ပိုကောင်းတယ်"
လော်ယွမ် လှည့်ကြည့်လိုက်မှ ဝမ်ယွိကျဲ၏ နဖူးတွင် ချွေးများဖြင့် ပြည့်နှက်နေသည်ကို တွေ့လိုက်ရ၏။ လော်ယွမ် အချက်ပြစရာမလိုဘဲ လူအုပ်စုသည် ဝမ်ယွိကျဲကို ဗဟိုပြု၍ အလျင်အမြန် စုစည်းလိုက်ကြသည်။
"ကျွန်မတို့ သွားလို့ရပြီ" ဝမ်ယွိကျဲက မျက်မှောင်အနည်းငယ် ကြုတ်ရင်း ဆို၏။
ပတ်ဝန်းကျင်တွင် မည်သည့်ပြောင်းလဲမှုမျှ ဖြစ်ပေါ်ခြင်းမရှိသကဲ့သို့ ရှိရာ လူတိုင်း၏ စိတ်ထဲတွင် စိုးရိမ်ထိတ်လန့်နေကြ၏။ သို့သော် ခြေလှမ်းအနည်းငယ် လှမ်းလိုက်သည်နှင့် ရုတ်တရက် ပြောင်းလဲမှုတစ်ရပ် ဖြစ်ပေါ်လာပြီး ရှေ့မှ မြင်ကွင်းသည် မျက်စိရှေ့သို့ လျင်မြန်စွာ ဆွဲယူခံလိုက်ရသကဲ့သို့ ဖြစ်သွား၏။
"ဘယ်လိုဖြစ်တာလဲ... ငါပဲအမြင်မှားတာလား" ရှောင်ပိုင်ဟုန်က အံ့ဩသော မျက်နှာဖြင့် ဆို၏။
"ဒါက အလင်းယိုင်တာဖြစ်မယ်... ငါတို့မြင်ရတဲ့ အရာဝတ္ထုတွေက အနားကို ဆွဲယူခံရတယ်ဆိုတော့ တစ်ဖက်က ငါတို့ကို ကြည့်ရင် ငါတို့က ဟိုးအဝေးကြီးမှာ ရှိနေသလိုမျိုးဖြစ်နေမှာ... ငါတို့ အခု ရှေ့ကို တိုးနေပေမဲ့ သူတို့အမြင်မှာတော့ ငါတို့က မူလနေရာမှာပဲ ရှိနေတုန်းပဲ ဖြစ်လိမ့်မယ်" လော်ယွမ်၏ တွေးခေါ်မှုမှာ ထက်မြက်လှပြီး အဝေးသို့ ရောက်သွားမည့် အကွာအဝေးနှင့် သွားနေသော အရှိန်ကို တွက်ချက်ပြီးနောက် ဤသို့ ရှင်းပြလိုက်၏။
ဝမ်ယွိကျဲသည် အစွမ်းကုန် ထိန်းချုပ်နေရသောကြောင့် စကားမပြောနိုင်သော်လည်း သူမ၏မျက်လုံးများမှာမူ အနည်းငယ် အရောင်တောက်သွား၏။
သူမ၏ အလင်းယိုင်စေသည့် အစွမ်းမှာ အံ့မခန်းပင် ဖြစ်၏။ စစ်သားအချို့ ဤနေရာသို့ အကြိမ်ကြိမ် ဝှေ့ကြည့်ခဲ့ကြသော်လည်း သူတို့ လုံးဝ မရှိနေသကဲ့သို့ လုံးဝ မမြင်တွေ့သွားကြသည်ကို လော်ယွမ် သတိပြုမိလိုက်၏။
လူ၏မျက်လုံးများ မြင်နိုင်ခြင်းမှာ အလင်းပြန်ခြင်းကြောင့် ဖြစ်၏။ အလင်းကို ထိန်းချုပ်နိုင်ခြင်းမှာ တစ်ဖက်လူ၏ အမြင်အာရုံကို ထိန်းချုပ်နိုင်ခြင်းဟု အဓိပ္ပာယ်ရသည်။ သင် မြင်တွေ့ရသည်မှာ သူ သင့်ကို မြင်စေလိုသည့် အရာများသာ ဖြစ်၏။ ဤစွမ်းရည်ကိုသာ စနစ်တကျ မြှင့်တင်နိုင်မည်ဆိုပါက တိုက်ရိုက်သတ်ဖြတ်နိုင်စွမ်း မရှိသော်ငြားလည်း အမှန်နှင့်အမှားကို ခွဲခြားမရနိုင်အောင် ပြုလုပ်နိုင်ပြီး ပုံရိပ်ယောင်များပင် ဖန်တီးနိုင်ပေလိမ့်မည်။
မြေအောက်ရေနုတ်မြောင်း ပြုပြင်ထိန်းသိမ်းရေးအခန်းနှင့် နီးကပ်လာသည်နှင့်အမျှ လော်ယွမ်သည် ဝမ်ယွိကျဲက ချွေးများ ပိုမိုထွက်လာပြီး မျက်နှာလည်း ပို၍ ဖြူဖျော့လာသည်ကို တွေ့လိုက်ရ၏။ ဤမျှ ကျယ်ပြန့်သော နေရာကို အလင်းထိန်းချုပ်ခြင်းမှာ သူမ၏စွမ်းရည်ထက် အနည်းငယ် ကျော်လွန်နေကြောင်း ထင်ရှား၏။
ပေ၃၀ခန့် အကွာအဝေးသို့ ရောက်သောအခါ သူမ၏ခန္ဓာကိုယ်မှာ ယိမ်းထိုးလာပြီး တစ်ကိုယ်လုံး ချွေးများဖြင့် စိုရွှဲနေပြီ ဖြစ်၏။ သို့သော် သူမ၏အသွင်မှာ နူးညံ့ပျော့ပျောင်းသော်လည်း အတွင်းစိတ်မှာမူ သာမန်လူထက် ကျော်လွန်သော ကြံ့ခိုင်မှုတစ်ရပ် ရှိနေ၏။ လူတိုင်းက သူမအတွက် ရင်တမမ ဖြစ်နေချိန်တွင် သူမက အံကြိတ်ကာ တံခါးပေါက်ဝအထိ အတင်း ကြိုးစားခဲ့သည်။
ရှောင်ပိုင်ဟုန်က တံခါးမကြီးကို လျင်မြန်စွာ ဖွင့်လိုက်ပြီး တိတ်တဆိတ် ပြန်ပိတ်လိုက်ပြီးမှသာ ဝမ်ယွိကျဲသည် တစ်ကိုယ်လုံး ပျော့ခွေကျသွားပြီး လော်ယွမ်၏ ကိုယ်ပေါ်သို့ ယိုင်နဲ့နဲ့ မှီကျသွားကာ မျက်မှောင်အနည်းငယ် ကြုတ်သွား၏။
ပြုပြင်ထိန်းသိမ်းရေးအခန်း၏ နေရာမှာ ကျယ်ဝန်းလှပြီး တစ်ချက်ကြည့်ရုံဖြင့် စတုရန်းပေ ရာပေါင်းများစွာ မက ရှိပေသည်။ ပတ်ဝန်းကျင်တွင် မည်သည့် ပရိဘောဂမျှမရှိဘဲ ဟာလာဟင်းလင်း ဖြစ်နေ၏။ ဤသည်မှာ တပ်ဖွဲ့ကြီးများ ဝင်ရောက်ရန် လွယ်ကူစေရန် ပြုလုပ်ထားကြောင်း ထင်ရှားသည်။ ထောင့်တစ်နေရာတွင်သာ မြေအောက်သို့ တိုက်ရိုက် ဆင်းသွားသော လှေကားပုံစံ လမ်းကြောင်းတစ်ခု ရှိနေ၏။
အောက်ဘက် ၁၆ပေ၊ ၁၇ပေခန့် တွင် သံမဏိတံခါးကြီးတစ်ချပ် ရှိနေသေး၏။ ရှောင်ပိုင်ဟုန်က အနီးအနားရှိ လျှပ်စစ်ပုံးကို ဖွင့်လိုက်ပြီး ဖွင့်သည့်ခလုတ်ကို နှိပ်လိုက်သည်။ ဟိုက်ဒရောလစ် လေမှုတ်ထုတ်သံတစ်ချက်နှင့်အတူ ဤသံမဏိတံခါးကြီးသည် ချက်ချင်း ဖြည်းညင်းစွာ ပွင့်လာတော့၏။
ဆက်ရန်...