← Chapters

အခန်း (၂၈၇+၂၈၈)

Vol. 15 Ch. 287+288

အခန်း (၂၈၇+၂၈၈)

Vol. 15 Ch. 287+288

အပိုင်း(၂၈၇)မြေအောက်ရေနုတ်မြောင်း - ၂

မြေအောက်ရေနုတ်မြောင်းထဲသို့ ဝင်လိုက်သည်နှင့် လော်ယွမ်သည် ဆူညံလှုပ်ရှားသွားသည့်အသံကို ကြားလိုက်ရ၏။ သူ၏ခြေထောက်အောက်တွင် မရေမတွက်နိုင်သော အမည်မသိသတ္တဝါလေးများက နေရာအနှံ့ ထွက်ပြေးလွှားနေကြသည်။ အချို့မှာ သူ၏ဘောင်းဘီခြေထောက်ထဲသို့ပင် တိုးဝင်ရန် ကြိုးစားနေကြ၏။

"အား" ဘေးမှ ဝမ်ယွိကျဲ၏ စူးရှစွာအော်ဟစ်လိုက်သံသည် ချက်ချင်းထွက်ပေါ်လာခဲ့၏။

မြေအောက်ရေနုတ်မြောင်းသည် အလင်းရောင်တစ်စိုးတစ်စမျှမရှိဘဲ မည်းမှောင်နေ၏။ လော်ယွမ်၏ အလင်းရောင်နည်းပါးချိန်တွင်မြင်နိုင်သောအစွမ်းပင်လျှင် ဝေဝါးနေသည်။ ဤသို့သောအခြေအနေမျိုးတွင် လူတို့၏ကြောက်ရွံ့စိတ်သည် အဆမတန်ကြီးထွားလာတတ်ရာ သူကိုယ်တိုင်ပင် အနည်းငယ်ကြက်သီးထလာမိသည်။ သူက စိတ်အာရုံကို လှုပ်ရှားလိုက်ရာ မျက်စိဖြင့်မမြင်နိုင်သော ဖိအားလှိုင်းတစ်ခုသည် ချက်ချင်းပင် ကျုံ့ဝင်သွားပြီးနောက် ပြန်လည်ကန်ထွက်သွား၏။ ထိုဖိအားလှိုင်းသည် အလွန်တရာအားနည်းသော အစအနမျှသာဖြစ်သော်လည်း ခြေအောက်မှသတ္တဝါများမှာမူ ကောင်းကင်ဘုံမှဘေးဒဏ်ကျရောက်လာသကဲ့သို့ ခံစားလိုက်ရပြီး အသက်လု၍ ထွက်ပြေးကြတော့သည်။

"ချောက်ခနဲ" မီးခြစ်ခြစ်လိုက်သည့် ပြတ်သားကြည်လင်သောအသံ ထွက်ပေါ်လာပြီး အလင်းရောင်မှိန်မှိန်လေးသည် အမှောင်ထုကို ခက်ခဲစွာထိုးဖောက်ကာ ဤမြေအောက်ရေနုတ်မြောင်းအတွက် တစ်ခုတည်းသောအလင်းရောင်ကို ယူဆောင်လာခဲ့သည်။ ၎င်းမှာ နောက်မှလိုက်ပါလာသော ဆင့်ကဲပြောင်းလဲသူတစ်ဦး၏ လက်ချက်ဖြစ်၏။

ယခုအချိန်တွင် လော်ယွမ်နှင့်အတူ မြေအောက်ရေနုတ်မြောင်းသို့ လိုက်ပါလာသူမှာ လော်ယွမ်တို့လေးယောက်အပြင် အခြားသူသုံးဦးသာ ကျန်တော့သည်။

တစ်ဦးမှာ ယန်ကျိကွမ်ဟုခေါ်ပြီး သက်လတ်ပိုင်းအရွယ်ရှိကာ မျက်နှာမှာ အပူအပင်များဖြင့် ညှိုးငယ်နေ၏။ အချိန်ကာလဒဏ်၏ အမာရွတ်များက သူ၏မျက်နှာပေါ်တွင် ထင်ကျန်နေသည်။ သူ၏လက်ဆစ်များမှာ ကြီးမားကြမ်းတမ်းပြီး အသားအရေမှာလည်း ကြမ်းတမ်းလှရာ ကမ္ဘာမပျက်မီက ဘဝမှာ သိပ်မကောင်းလှကြောင်း ထင်ရှား၏။

နောက်တစ်ဦးမှာ ကျန်းဝူဟုခေါ်ပြီး အရပ်ပု၍တုတ်ခိုင်သော ကိုယ်လုံးကိုယ်ပေါက်ရှိသည်။ အရပ်မှာ ငါးပေနှစ်မပြည့်သော်လည်း အလွန်သန်မာကြံ့ခိုင်သော ခံစားချက်ကိုပေးစွမ်းနိုင်ပြီး မည်သူမျှအထင်မသေးဝံ့ပေ။ သူ၏သန္ဓေပြောင်းအစွမ်းကို လော်ယွမ် မထင်မှတ်ဘဲ မြင်တွေ့ခဲ့ဖူးသည်။ အလွန်ထူးဆန်းပြီး တိုက်ပွဲဖြစ်ပွားချိန်တွင် သူ၏နဖူး၌ တတိယမျက်လုံးတစ်လုံး ပေါ်ထွက်လာတတ်ရာ မည်သို့အသုံးဝင်သည်ကိုမူ မသိရှိပေ။

ကျန်တစ်ဦးမှာမူ ထုံကျန့်လျန်ဟုခေါ်ပြီး မျက်နှာတစ်ပြင်လုံး မုတ်ဆိတ်မွှေးများဖြင့် ဖုံးလွှမ်းနေသောကြောင့် သူ၏မျက်နှာကိုကြည့်၍ အသက်အရွယ်ကို ခန့်မှန်း၍မရပေ။ ခုနက မီးခြစ်လိုက်သူမှာ သူပင်ဖြစ်၏။

မြေအောက်ရေနုတ်မြောင်းသည် ထင်ထားသကဲ့သို့ ညစ်ပတ်နေခြင်းမရှိပေ။ ပိုက်လိုင်းထဲမှရေမှာ အလွန်တိမ်ပြီး ဖိနပ်အောက်ခံခုံကိုပင် မမြုပ်နိုင်ပေ။

ဤနေရာသည် သဲကန္တာရဒေသတွင်ရှိပြီး မိုးရွာသွန်းမှုနည်းပါးလှသည်။ တင်းကျပ်သောရေသုံးစွဲမှုစနစ်ကြောင့် သုံးစွဲပြီးစွန့်ပစ်သောရေများမှာလည်း များစွာနည်းပါးသွား၏။ ထို့အပြင် မရေမတွက်နိုင်သော အဏုဇီဝပိုးမွှားများ စုဝေးနေခြင်းကြောင့် ဤနေရာမှအညစ်အကြေးများမှာ ပေါ်ထွက်လာသည်နှင့် လျင်မြန်စွာပြိုကွဲသွားပြီး အကြွင်းအကျန်နည်းပါးလှသည်။

မြေအောက်ရေနုတ်မြောင်းတစ်ခုလုံးသည် အနံ့အသက်အနည်းငယ်ရှိသည်မှလွဲ၍ လော်ယွမ်စိတ်ကူးထားခဲ့သည်နှင့် များစွာကွာခြားနေ၏။

ဤနေရာသည် အဏုဇီဝပိုးမွှားများအတွက် ပျိုးခင်းတစ်ခုဖြစ်ရုံသာမက မရေမတွက်နိုင်သော သက်ရှိများလည်း ရှင်သန်နေထိုင်ကြသည်။ အစားအစာကွင်းဆက်၏ အောက်ခြေအဆင့်မှ ပိုးမွှားငယ်အမျိုးမျိုးမှအစ၊ အလတ်စားသန္ဓေပြောင်းသတ္တဝါအမျိုးမျိုးအထိ ဤနေရာသည် ပြီးပြည့်စုံသော မြေအောက်ဂေဟစနစ်တစ်ခုကို ဖွဲ့စည်းထားပြီးဖြစ်၏။

လမ်းတစ်လျှောက်တွင် သန္ဓေပြောင်းသတ္တဝါအမျိုးမျိုးကို နေရာအနှံ့တွေ့မြင်နိုင်၏။ သို့သော် မကြာခဏရှင်းလင်းမှုများကြောင့် ဤသတ္တဝါအများစုမှာ စွမ်းအားမကြီးမားကြပေ။ အပြာနုရောင်အဆင့်ရှိသော သတ္တဝါများပင် ရှားပါးလှပြီး အပြာရောင်အဆင့်မှာမူ အရိပ်အယောင်မျှပင် မတွေ့ရပေ။

"ဒီနေရာမှာ မြွေတွေ ဘာလို့ဒီလောက်များနေရတာလဲ" ရှောင်ပိုင်ဟုန်က လမ်းတွင်ပိတ်ဆို့နေပြီး အစာစားလွန်း၍ ဖောင်းကားနေသော လက်မောင်းလုံးခန့်ရှိ မြွေကြီးတစ်ကောင်ကို ယန်ကျိကွမ်က အလွယ်တကူ ခေါင်းကိုလိမ်ချိုးကာ လက်မောင်းတွင် ကျွမ်းကျင်စွာပတ်လိုက်သည်ကို မြင်ပြီးနောက် ပြောလိုက်သည်။

ဤသည်မှာ ပထမဆုံးအကြိမ်မဟုတ်တော့ပေ။ သူ၏ကိုယ်ပေါ်တွင် ထမ်းပိုးထားသော အရောင်အသွေးစုံလင်သည့် အဆိပ်ပြင်းမြွေသုံးကောင်ကို ကြည့်ရုံဖြင့် ဤနေရာတွင် မြွေအလွန်ပေါများကြောင်း သိနိုင်၏။

"မြေအောက်ရေနုတ်မြောင်းမှာ အပေါဆုံးက မြွေနဲ့ကြွက်ပဲလေ... ပြီးတော့ ကင်းမြီးကောက်တွေ ကင်းခြေများတွေလည်းရှိတယ်... ဒီလိုနေရာမျိုးက အဆိပ်ရှိတဲ့အကောင်တွေ ပေါတယ်လို့ ပြောရမယ်" ရှူကျစ်ချန်က မျက်နှာထားတည်တည်ဖြင့် ပြောလိုက်သည်။

ရှောင်ပိုင်ဟုန်က ထိုစကားကိုကြားသော် ယန်ကျိကွမ်အား စပ်စုစွာဖြင့် "အကိုယန်... ခင်ဗျားကမြွေဖမ်းတာ တော်တော်ကျွမ်းတာပဲ... ဘယ်လိုလေ့ကျင့်ထားတာလဲ" ဟု မေးလိုက်သည်။

လော်ယွမ်လည်း စပ်စုစွာဖြင့် လှမ်းကြည့်လိုက်မိသည်။ ဤလမ်းတစ်လျှောက်လုံးတွင် မြွေကမည်သို့ပင်တုံ့ပြန်စေကာမူ၊ တိုက်ခိုက်မှုမည်မျှပင် လျင်မြန်စေကာမူ ယန်ကျိကွမ်၏ ဖြည်းညင်းတည်ငြိမ်သော ဖမ်းဆီးမှုမှ မလွတ်မြောက်နိုင်ခဲ့ပေ။

"ကျွန်တော်က အရင်ကတောင်သူလယ်သမားလေ... တခြားပညာလည်း ဘာမှမတတ်ဘူး... စက်ရုံတွေမှာလည်း အလုပ်မလုပ်ချင်တော့ လယ်ထဲမဆင်းရတဲ့ အချိန်တွေမှာ မြွေတွေလိုက်ဖမ်းပြီး ရောင်းစားရင်းနဲ့ တဖြည်းဖြည်း ကျွမ်းလာတာပဲ" ယန်ကျိကွမ်က ခေါင်းခါလျက် ခါးသက်စွာရယ်မောရင်း ပြောလိုက်၏။

………………………………………………………………………………………………………………………………

မကြာမီမှာပင် သူတို့အဖွဲ့သည် အနည်းငယ်မြင့်ပြီး ခြောက်သွေ့သောနေရာတစ်ခုတွင် ရပ်တန့်ကာ အနားယူကြသည်။

လမ်းတစ်လျှောက် အမဲလိုက်ရရှိသော သန္ဓေပြောင်းသတ္တဝါများကို တစ်ကောင်ချင်းစီ အရေခွံခွာကြ၏။

အတွင်းမှအဆီများကို ထုတ်ယူပြီးနောက် မီးရှို့လိုက်သည်။ ဤသန္ဓေပြောင်းသတ္တဝါများ၏အဆီသည် ဆီပါဝင်မှုအလွန်မြင့်မားပြီး မီးရှို့လိုက်သည်နှင့် လောင်ကျွမ်းလွယ်သည်။ ထို့အပြင် ထွက်ပေါ်လာသော မွှေးကြိုင်သောအနံ့ပြင်းပြင်းက မြေအောက်ရေနုတ်မြောင်း၏ အနံ့ဆိုးများကိုပင် အတော်အတန် လွှမ်းမိုးသွားစေသည်။

လော်ယွမ်က အရေခွံခွာထားသော မြွေတစ်ကောင်ကို သူ၏ဓားရိုးတွင်ထိုးသီကာ မီးပေါ်တွင် ဖြည်းညင်းစွာကင်နေ၏။ မကြာမီမှာပင် မွှေးကြိုင်သောအဆီများက တစက်စက်ကျလာသည်။ သူက ဝမ်းဗိုက်ထဲမှဆာလောင်မှုကို အောင့်အီးထားရင်း ဆက်လက်ကင်နေသည်။ မြေအောက်သတ္တဝါများတွင် ကပ်ပါးပိုးကောင်များ အလွန်များပြားသည်။ ဤသည်မှာ ယခင်အရေခွံခွာစဉ်ကတည်းက တွေ့ရှိခဲ့ပြီးဖြစ်သည်။ သတ္တဝါဆယ်ကောင်တွင် သုံးကောင်မှာ ကပ်ပါးပိုးများရှိနေ၏။

ဤမြွေတွင် ကပ်ပါးကောင်များရှိ၊ မရှိမျက်စိဖြင့်မမြင်နိုင်သော်လည်း သူက မိမိ၏အစာခြေနိုင်စွမ်းကို စမ်းသပ်မနေချင်တော့ပေ။

ဖြူဖွေးသောမြွေသားသည် မကြာမီမှာပင် ရွှေဝါရောင်သန်းလာပြီး အဆီများဖြင့် စိုရွှဲလာမှ လော်ယွမ်က ဓားကိုပြန်ယူလိုက်သည်။

အစပိုင်းတွင် သူက အိန္ဒြေရရစားသုံးရန် ကြံရွယ်ထားသော်လည်း အစာသည် ဝမ်းဗိုက်ထဲသို့ရောက်သည်နှင့် ဆာလောင်မှုမှာ လုံးဝနိုးထလာသကဲ့သို့ရှိပြီး အစာအိမ်တစ်ခုလုံး မီးလောင်နေသကဲ့သို့ ပူလောင်လာရာ မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ဘဲ အားရပါးရ မျိုချတော့သည်။

မကြာမီမှာပင် ငါးပေါင်၊ ခြောက်ပေါင်ခန့်ရှိသော မြွေသားသည် သူ၏အစာအိမ်ထဲသို့ ရောက်ရှိသွားတော့သည်။

သူ၏ဝမ်းဗိုက်မှာ ဖောင်းကားနေသော်လည်း ဆာလောင်မှုမှာ အနည်းငယ်သာပြေပျောက်သွားသည်။ ဤတစ်ကြိမ်ဒဏ်ရာကုသရန်အတွက် သူသည် ခန္ဓာကိုယ်ထဲမှသိုလှောင်ထားသောစွမ်းအင်များကို ကုန်စင်အောင်သုံးစွဲခဲ့ရုံသာမက ခန္ဓာကိုယ်မှာပင် အနည်းငယ်ပိန်လှီသွားခဲ့ရာ စွမ်းအင်အမြန်ဆုံးပြန်လည်ဖြည့်တင်းရန် လိုအပ်နေသည်။

ကံမကောင်းသည်မှာ ဤနေရာရှိ သန္ဓေပြောင်းသတ္တဝါများ၏အဆင့်မှာ မမြင့်မားခြင်းပင်ဖြစ်သည်။ အကယ်၍ အစိမ်းရောင်အဆင့်အသားသာရှိပါက ကီလိုဂရမ်အနည်းငယ်မျှဖြင့် လုံလောက်ပေလိမ့်မည်။ သူသည် ယခင်က မိမိသတ်ဖြတ်ခဲ့သော ပိုးကောင်ကြီးကို မရလိုက်သည့်အတွက် အနည်းငယ်နှမြောတသဖြစ်မိသည်။ မစ်ရှင်အတွ့အကြုံမှတ်ရရှိခဲ့သော်လည်း တိုက်ပွဲမှရရှိသောပစ္စည်းများမှာမူ တစ်ခုမျှမရရှိခဲ့ပေ။ ထို့ကြောင့်ယခုအခါ အရေအတွက်ဖြင့်သာ ဖြည့်တင်းရတော့မည်။

သူက ဝမ်းဗိုက်ကိုပွတ်သပ်လိုက်ပြီး စိတ်စွမ်းအားဖြင့် အစာအိမ်ကို လျင်မြန်စွာလှုပ်ရှားစေကာ အစာခြေရည်များကို အရှိန်မြှင့်ထုတ်လွှတ်စေသည်။

ငါးမိနစ်အတွင်းမှာပင် ခန္ဓာကိုယ်ထဲမှမြွေသားကို တစ်ဝက်ခန့်ခြေဖျက်ပြီးသွားခဲ့ရာ သူကနောက်တစ်ကြိမ် အားရပါးရဆက်စားတော့သည်။

ဤသို့ဖြင့် သူက တစ်ခါတစ်ရံ အားရပါးရစားလိုက်၊ တစ်ခါတစ်ရံ အနားယူ၍အစာခြေလိုက်ဖြင့် မိနစ်နှစ်ဆယ်မပြည့်မီမှာပင် ဆယ်ပေါင်ကျော်လေးသော မြွေကြီးတစ်ကောင်လုံး သူ၏အစာအိမ်ထဲသို့ ရောက်ရှိသွားတော့သည်။ သို့သော် ဤသည်မှာ အစပျိုးရုံမျှသာရှိသေးသည်။ လူတိုင်း၏အံ့ဩနေသောမျက်လုံးများကြားတွင် လော်ယွမ်၏ကျန်းမာတောက်ဓားသည် သန္ဓေပြောင်းကြွက်တစ်ကောင်ကို ထပ်မံထိုးသီကာ မီးပေါ်တွင် တင်ကင်နေပြန်သည်…

……………………………………………………………………………………………………………………

ဆင့်ကဲပြောင်းလဲသူများ၏ အစာစားနှုန်းမှာ ကြီးမားသော်လည်း လော်ယွမ်ကဲ့သို့ ချဲ့ကားလွန်းခြင်းမရှိပေ။

ညနေခင်းတစ်ခုလုံး သူသည် ရူးသွပ်မတတ် အဆက်မပြတ်စားသုံးနေခဲ့သည်။ ကြားထဲတွင် အစာမလုံလောက်သောကြောင့် သူကိုယ်တိုင် အပြင်သို့နှစ်ခေါက်ထွက်ကာ သန္ဓေပြောင်းသတ္တဝါအများအပြားကို ဖမ်းဆီးယူဆောင်လာခဲ့ရသည်။ နောက်ဆုံးတွင် အခြားသူများပင် မကြည့်ရက်တော့ဘဲ အကင်ဝိုင်းကူကင်ပေးကြသည်။

နာရီကိုကြည့်လိုက်ရာ ညရှစ်နာရီနီးပါးရောက်မှသာ သူရပ်တန့်လိုက်တော့သည်။

တွက်ချက်ကြည့်လျှင် အချိန်တိုအတွင်းမှာပင် ပေါင်နှစ်ရာ၊ သုံးရာခန့်ရှိသော အစာများ သူ၏ဝမ်းဗိုက်ထဲသို့ ဝင်ရောက်သွားခဲ့ပြီး အစာကြွင်းအစာကျန်များစွန့်ထုတ်ရန်ပင် အကြိမ်လေးငါးဆယ်ခန့် သွားခဲ့ရသည်။ အားကောင်းသောခန္ဓာကိုယ်ကြံ့ခိုင်မှုက ယူဆောင်လာသော ကြောက်မက်ဖွယ်ကောင်းသည့် အစာခြေစွမ်းရည်မှာ အထင်းသားပေါ်လွင်နေခဲ့ပြီဖြစ်သည်။

ယခုအခါ ဆာလောင်မှုမှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီး တစ်ကိုယ်လုံး နွေးထွေးနေတော့သည်။ မူလက တစ်ဆယ့်လေးမှတ်တွင် ရပ်တန့်နေသော ခန္ဓာကိုယ်ကြံ့ခိုင်မှုသည်လည်း နောက်ဆုံးတွင် တစ်ဆယ့်ငါးမှတ်သို့ ခုန်တက်သွားပြီး အစွမ်းအပြည့်ပြန်လည်ရရှိသွားတော့သည်။

ခန္ဓာကိုယ်ထဲမှ ပြည့်လျှံနေသောစွမ်းအားကို ခံစားရင်း စိတ်ထဲမှနောက်ဆုံးစိုးရိမ်ပူပန်မှုအစအနသည်လည်း လွင့်ပြယ်သွားခဲ့သည်။

သူက ထောင့်တစ်နေရာကို တစ်ယောက်တည်းရှာဖွေကာ အဝတ်အစားများချွတ်ပြီး ခန္ဓာကိုယ်မှအရေပြားအသေများကို ဆွဲခွာလိုက်သည်။ လူသားနှင့်မတူတော့သော ကြမ်းတမ်းခိုင်မာသည့်အရေပြားကို ကြည့်ရင်း လော်ယွမ်၏စိတ်ထဲတွင် လှုပ်ရှားသွားသည်။ ဤအရေပြားများသည် သူ၏ပတ်လည်တွင် လေထဲ၌ဝဲပျံနေပြီး ဖြည်းညင်းစွာလည်ပတ်နေကြ၏။

သူသည် ဤအရေပြားများနှင့် အာရုံခံဆက်သွယ်မှုရှိနေဆဲဖြစ်ပြီး ကျန်းမာတောက်ဓားကဲ့သို့ပင် ထိန်းချုပ်ရွှေ့လျားနိုင်သည်ကို အံ့ဩစွာတွေ့ရှိလိုက်ရသည်။ မူလက လွှင့်ပစ်ရန်ပြင်ဆင်ထားသော်လည်း ယခုအခါ ဂရုတစိုက်ပြန်လည်သိမ်းဆည်းလိုက်သည်။

သူသည် မိမိကိုယ်တိုင် သာမန်လူတစ်ယောက်မဟုတ်တော့ကြောင်း ရုတ်တရက်သဘောပေါက်သွားသည်။

ဒဏ္ဍာရီပုံပြင်များတွင် နတ်ဆိုးများသည် လူအသွင်ပြောင်းလဲသောအခါ မိမိတို့၏အကြေးခွံ၊ ဦးချိုများကို တန်ခိုးပြလက်နက်များအဖြစ် အသုံးပြုကြသည်။ အဘယ်ကြောင့်ဆိုသော် မိမိတို့၏အကြေးခွံ၊ ဦးချိုများမှာ သာမန်သံထက်မာကျောရုံသာမက မိမိကိုယ်တိုင်နှင့် အာရုံခံဆက်သွယ်နိုင်သော စွမ်းရည်ရှိသောကြောင့်ဖြစ်ပေလိမ့်မည်။ သူ၏ဤအခြေအနေသည်လည်း ဒဏ္ဍာရီပုံပြင်များနှင့် မည်မျှဆင်တူနေပါသနည်း။

သို့သော် သူ၏အရေပြားသည် သန္ဓေပြောင်းသတ္တဝါများ၏အကြေးခွံ၊ ဦးချိုများကဲ့သို့ မွေးရာပါကောင်းမွန်သော ပစ္စည်းများနှင့် မယှဉ်နိုင်သည်မှာ သေချာသည်။ သို့သော် မိမိကိုယ်တိုင်နှင့် အာရုံခံဆက်သွယ်နိုင်သည့် ဤအချက်တစ်ခုတည်းဖြင့်ပင် အသုံးဝင်လှပေပြီ။

နေရာညွှန်ပြကိရိယာအဖြစ် အသုံးပြုကာ ပတ်ဝန်းကျင်အခြေအနေကို အာရုံခံနိုင်ရုံမျှဖြင့် လော်ယွမ်အတွက်မူ အစိမ်းရောင်အဆင့်ပစ္စည်းတစ်ခု၏ တန်ဖိုးနှင့်ညီမျှနေပြီဖြစ်သည်။

ထိုအချိန်တွင် သူ၏စိတ်ထဲ၌ "ငါ့အရေပြားက ဘာအဆင့်ရှိသလဲမသိဘူး" ဟု တွေးလိုက်မိသည်။

ထိုအတွေးဝင်လာသည်နှင့် သူသည် မိမိ၏အရေပြားအသေကို "အမျိုးအမည်ခွဲခြားအစွမ်း" အသုံးပြုလိုက်တော့သည်။

ဆက်ရန်...

အပိုင်း(၂၈၈)မြေအောက်ရေနုတ်မြောင်း - ၃

အမည် - လူသား ဆင့်ကဲပြောင်းလဲသူ၏ အရေပြားဆဲလ်သေ

ရှားပါးမှု - အစိမ်းနုရောင်

အလေးချိန် - ၃၀ ဂရမ်

ထပ်တိုးအစွမ်း - စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုကို ခုခံခြင်း

သုံးသပ်ချက် - ဤသည်မှာ အစွမ်းထက်သော လူသား ဆင့်ကဲပြောင်းလဲသူတစ်ဦးထံမှ ကွာကျလာသော အရေပြားဆဲလ်သေ ဖြစ်သည်။ သို့သော် သေဆုံးသွားသော အရေပြားဖြစ်သည့်တိုင် အပေါ်၌ သူ၏ စိတ်စွမ်းအားက စွဲထင်မှတ်နှိပ်ထားဆဲဖြစ်၏။ ကိုယ်နှင့်မကွာ ဆောင်ထားပါက စိတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုအချို့ကို ခုခံနိုင်စွမ်းရှိသည်။

လူသားမျိုးနွယ်သည် အမှန်တကယ်ပင် အစွမ်းထက်သော သတ္တဝါမျိုး မဟုတ်ပေ။ အရည်အသွေးများက သာမန်မျှသာဖြစ်ပြီး ထပ်တိုးအစွမ်းမှာလည်း သူက အမြဲတစေ စိတ်စွမ်းအားဖြင့် သန့်စင်မထားခဲ့ပါက ''မရှိ'' ဟုပင် ဖြစ်နေမည်မှာ သေချာ၏။ သို့သော် လော်ယွမ် အံ့ဩသွားသည်မှာ စနစ်၏ သူ့အပေါ် အကဲဖြတ်မှုက ဤမျှ မြင့်မားနေခြင်းပင်ဖြစ်သည်။

ယေဘုယျအားဖြင့် စနစ်၏ အကဲဖြတ်စံနှုန်းများအရ သတ္တဝါ၏ အဆင့်နှင့် ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းများ၏ အဆင့်သည် တူညီလေ့ရှိ၏။ သံမဏိကဲ့သို့ မာကျောသော လက်သည်းခြေသည်းများဖြစ်စေ၊ ပျော့ညံ့သော အတွင်းကလီစာများဖြစ်စေ အဆင့်တစ်ခုတည်း၌သာ ရှိနေမည်ဖြစ်ပြီး အစိမ်းနုရောင်အဆင့် သတ္တဝါတစ်ကောင်၌ အစိမ်းရောင်အဆင့်ရှိသော အကြေးခွံများ ရှိနေမည်မဟုတ်ပေ။ သူ၏ အရေပြားဆဲလ်သေကို အစိမ်းနုရောင်အဆင့်ဟု အကဲဖြတ်ခြင်းသည် သူကိုယ်တိုင် အစိမ်းနုရောင်အဆင့် သတ္တဝါတစ်ဦး ဖြစ်နေပြီဖြစ်ကြောင်း ညွှန်ပြနေသည်ပင်။

ဤအချက်က လော်ယွမ်ကို အနည်းငယ် အံ့ဩသွားစေ၏။ အဘယ်ကြောင့်ဆိုသော် စနစ်၏ ဤအကဲဖြတ်စံနှုန်းသည် တိုက်ခိုက်ရေးအစွမ်းနှင့် မသက်ဆိုင်ဘဲ သွေးသားထဲမှ စွမ်းအင်အဆင့်အတန်းကိုသာ အခြေခံသောကြောင့်ဖြစ်သည်။ သူသည် လူသားတစ်ဦး၏ ခန္ဓာကိုယ်ဖြင့် မသိလိုက်မသိဘာသာပင် စွမ်းအင်အဆင့်အတန်းက အစိမ်းနုရောင် သန္ဓေပြောင်းသတ္တဝါတစ်ကောင်နှင့် ညီမျှနေခဲ့လေပြီ။ ဤသည်မှာ မကြာသေးမီက ခန္ဓာကိုယ်၏ ဇီဝပြောင်းလဲမှုနှင့် သက်ဆိုင်နေခြင်း ဖြစ်တန်ရာ၏။

သို့သော် ဤအရာများတွင် ကြီးမားသော အဓိပ္ပာယ် မရှိလှပေ။ စွမ်းအားကိုလည်း တိုးမြင့်စေမည်မဟုတ်သကဲ့သို့ အထူးအကျိုးကျေးဇူးလည်း မရှိချေ။ လော်ယွမ်သည် ခဏတာ အံ့ဩသွားပြီးနောက် ဆက်လက်၍ အာရုံမစိုက်တော့ပေ။

သူသည် တစ်ပေါင်ကျော်ခန့် လေးလံသော အရေပြားဆဲလ်သေများကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထည့်လိုက်ပြီးနောက် ပေါ့ပါးစွာပင် ပြန်လှည့်ထွက်ခွာလာခဲ့သည်။

လူအုပ်စုသည် မအိပ်စက်ကြသေးဘဲ မီးပုံကို ဝိုင်းဖွဲ့ထိုင်နေကြပြီး ဟိုတစ်ခွန်း ဒီတစ်ခွန်း ပြောဆိုနေကြ၏။

လော်ယွမ်က ပြုံးရင်း မေးလိုက်သည်။ "ခင်ဗျားတို့ ဘာတွေ ပြောနေကြတာလဲ"

"ဒီတစ်ခေါက် ပုန်ကန်တဲ့ကိစ္စနဲ့ ပတ်သက်ပြီးပြောနေတာလေ... စောစောက ပြောကြည့်ကြရင်း သံသယဖြစ်စရာအချက်တွေ အများကြီး တွေ့လိုက်ရတယ်" ရှူကျစ်ချန်က ပြောလိုက်သည်။

လော်ယွမ်၏ အပြုံးရုတ်သိမ်းသွားပြီး မီးပုံဘေး၌ ဝင်ထိုင်လိုက်သည်။ "ဘာ သံသယဖြစ်စရာအချက်တွေလဲ"

လော်ယွမ်၏ မေးခွန်းကို ကြားသောအခါ ရှူကျစ်ချန်သည် ခန္ဓာကိုယ်ကို အနည်းငယ် မတ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။ "သံသယဖြစ်စရာအချက်တွေက အများကြီးပဲ... ပထမဆုံးအနေနဲ့ ဒီတစ်ခေါက် ပုန်ကန်တဲ့ကိစ္စက ဘာလှုပ်ရှားမှုမှတောင် မရှိသလောက်ပဲ... ပြီးတော့ ပုန်ကန်ပြီးတဲ့နောက်မှာလည်း အရမ်းကို တည်ငြိမ်လွန်းနေတယ်... ဆူပူအုံကြွတဲ့အရိပ်အယောင်တစ်စက်မှ မတွေ့ရဘူး... ဒါက ဖြစ်ရိုးဖြစ်စဉ်နဲ့ ဘယ်လိုမှမကိုက်ညီဘူး"

"ပုန်ကန်တာကို အပြတ်အသတ် နှိမ်နင်းလိုက်လို့ မဖြစ်နိုင်ဘူးလား... ဆန့်ကျင်ဘက်အဖွဲ့တွေက ပြန်လည်ခုခံချိန်မရခင်မှာ နှိမ်နင်းခံလိုက်ရတာမျိုးလေ" လော်ယွမ်က ခဏတာ စဉ်းစားပြီး ပြောလိုက်သည်။

"ဒီလိုဖြစ်နိုင်ခြေလည်း ရှိတာပေါ့လေ... ဒါက ပထမအချက်ပဲ... ဒုတိယ သံသယဖြစ်စရာအချက်က ဒီတစ်ခေါက် ပုန်ကန်တဲ့ကိစ္စမှာ ခင်ဗျားကိုပါ ဆွဲထည့်ထားပြီး ခင်ဗျားက ဒီအကြောင်းကို ဘာမှမသိထားတာပဲ... တကယ်လို့ ကျွန်တော်သာဆိုရင်တော့ ခင်ဗျားကို အရင်ဆုံးထိန်းချုပ်လိုက်မှာပဲ... ဘယ်လိုနည်းလမ်းကိုပဲ သုံးရသုံးရ... ဖြားယောင်းသတ်ဖြတ်တာပဲဖြစ်ဖြစ်... ဖိနှိပ်ချုပ်ကိုင်တာပဲဖြစ်ဖြစ် လုပ်မှာပဲ... အခုလို အပြင်မှာ လွတ်လွတ်လပ်လပ် နေခိုင်းပြီး အချိန်မရွေးပြဿနာရှာနိုင်တဲ့အဖြစ်မျိုး အဖြစ်ခံမှာမဟုတ်ဘူး"

"ဒီအချက်ကိုတော့ ကျွန်တော် သိတယ်... သူတို့က ကန္တာရမြို့က လူတွေ မဟုတ်ဘူး... ရှေ့တန်းက ဒဏ်ရာရသူတွေနဲ့အတူ ရောက်လာတဲ့သူတွေပဲ... လေလွင့်သူတွေတောင် ဖြစ်နိုင်တယ်" လော်ယွမ်သည် ယခင်က ခုတ်သတ်ခဲ့သော လူနှစ်ဦးကို ပြန်တွေးမိပြီး ပြောလိုက်သည်။

"ဒါက အခုအချိန်အထိ ကြားခဲ့ရသမျှထဲမှာ အကောင်းဆုံးသတင်းပဲ... ဒါဆို သူတို့ ကန္တာရမြို့မှာ ခြေကုပ်သိပ်မရှိသေးဘူးဆိုတဲ့အဓိပ္ပါယ်ပဲ... ဒါပေမဲ့ တဖက်ကစဉ်းစားကြည့်ရင်လည်း သူတို့ဘယ်လောက်တောင် အစွမ်းထက်လည်းဆိုတာ ပြနေတယ်... လေလွင့်သူသုံးလေးယောက်လောက်နဲ့ ဒီလိုအခြေအနေအထိ လုပ်နိုင်တာ ကျွန်တော်ဖြင့် တွေးလို့တောင်မရဘူး"

"ပြီးတော့ ကျွန်တော် အမြဲတမ်း ထူးဆန်းတယ်လို့ ခံစားနေရတဲ့ ကိစ္စတစ်ခု ရှိသေးတယ်... ပြီးခဲ့တဲ့တစ်ခေါက် ဆင့်ကဲပြောင်းလဲသူတွေကို ဖမ်းဆီးတဲ့ စစ်ဆင်ရေးမှာ တပ်မမှူးလျိုက ကိုယ်တိုင်ဦးဆောင်ခဲ့တယ်တဲ့... ဒါက လုံးဝ ဖြစ်ရိုးဖြစ်စဉ်နဲ့ မကိုက်ညီဘူး... စစ်တပ်ရဲ့ အဓိက စီမံခန့်ခွဲသူတယောက်အနေနဲ့ သူက ပထမဆုံးအချိန်မှာပဲ အကျယ်ချုပ်ခံထားရသင့်တာ... စစ်တပ်ကို ဆက်လက်ထိန်းချုပ်ခွင့် မရှိသင့်တော့ဘူး"

"သူ့အကြောင်းကို ကျွန်တော် ကောင်းကောင်းသိတယ်... သူက ဒီလိုကိစ္စမျိုးမှာ ပါဝင်ပတ်သက်မယ့်လူစားမျိုး လုံးဝမဟုတ်ဘူး... ပြီးတော့ သူက သိပ်မကြာခင်ကမှ ကုန်းတွင်းပိုင်းကို ပြောင်းရွှေ့ဖို့ လုပ်နေတာ... ဒီလိုလုပ်ဖို့ ပိုလို့တောင် မလိုအပ်သေးတယ်" ရှူကျစ်ချန်က ခဏရပ်လိုက်ပြီး ရုတ်တရက် မျက်နှာထားတည်ကြည်စွာဖြင့် ပြောလိုက်သည်။ "အထူးဆန်းဆုံးကတော့ သူက ကျွန်တော့်ကို သူစိမ်းဆန်နေသလို ခံစားရတာပဲ"

"ဖုန်ကော်ဟွာနဲ့ နည်းနည်းဆင်တယ်လို့ မခံစားရဘူးလား" ရှောင်ပိုင်ဟုန်က ရုတ်တရက် ပြောလိုက်သည်။

ရှူကျစ်ချန်၏ မျက်နှာသည် ချက်ချင်းပင် ကြည့်ရဆိုးသွားပြီး အချိန်အတော်ကြာမှ ပြောလိုက်သည်။ "မင်း အခုလို ပြောလိုက်မှပဲ တကယ် နည်းနည်းတူသလိုပဲ... ဒါပေမဲ့ ဖုန်ကော်ဟွာလောက်တော့ မဆိုးရွားဘူး"

ဝမ်ယိကျဲက ဝင်ပြောလိုက်သည်။ သူမသည် ယခုအခါ ကန္တာရမြို့၏ အခြေအနေကို နားလည်သွားပြီဖြစ်၍ စိုးရိမ်စွာဖြင့် ပြောလိုက်သည်။ "တယောက်ယောက်က သူ့ပုံစံဟန်ဆောင်နေတာများလား"

"သက်သေတော့မရှိဘူး... ဒါပေမဲ့ ဆင့်ကဲပြောင်းလဲသူတွေရဲ့ အစွမ်းတွေက အရမ်းများလွန်းတော့ 'X-Men' ထဲက 'Mystique' လိုမျိုး ပုံစံပြောင်းနိုင်တာမျိုးလည်း မဖြစ်နိုင်ဘူးလို့ မပြောနိုင်ဘူး" ရှူကျစ်ချန်က ပြောလိုက်သည်။

(Mystique ဆိုတာက X-Men ဇာတ်ကားထဲက တခြားသူရဲ့အသွင်ကို ရုပ်ရော အသံရော အမူအကျင့်ရော ပုံတူကူးပြီး အသွင်ပြောင်းနိုင်တဲ့ သန္ဓေပြောင်းလူသားတယောက်ပါ)

"တကယ်လို့သာ ဒီလိုအစွမ်းဆိုရင်တော့ မလွယ်ဘူး... ကျွန်တော်တို့ သူ့ကို ရှာဖို့တော်တော်ခက်သွားလိမ့်မယ်" လော်ယွမ်က မျက်နှာထားတည်ကြည်စွာဖြင့် ပြောလိုက်သည်။ ကန္တာရမြို့၌ အနည်းဆုံး လူတစ်သိန်းနီးပါး ရှိရာ ပုံသဏ္ဌာန်ပြောင်းလဲလိုက်သည်နှင့် ဖမ်းဆီးရန် ခက်ခဲသွားပေလိမ့်မည်။

"အဲ့တာအသွင်ပြောင်းအစွမ်းမဟုတ်ဘူး... စိတ်ကိုထိန်းချုပ်တဲ့အစွမ်း" အချိန်တိုင်း တိတ်ဆိတ်နေသော ထုံကျန့်လျန်က ရုတ်တရက် ထပြောလိုက်သည်။

"မင်းက ဘယ်လိုသိတာလဲ" လော်ယွမ်က ချက်ချင်းပင် သူ့ကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ဘာလို့လဲဆိုတော့ ကျွန်တော့်မှာလည်း အဲ့လိုဆင်တူတဲ့အစွမ်းမျိုး ရှိနေလို့ပဲ" မည်းမှောင်သော ပတ်ဝန်းကျင်၌ သူ၏ မျက်လုံးအစုံသည် မှိန်ဖျော့သော အလင်းရောင်တစ်မျိုးကို လက်ခနဲ ထုတ်လွှတ်လိုက်သည်။ လူတိုင်း၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားသည်ကို မြင်သောအခါ သူက အလျင်အမြန် ရှင်းပြလိုက်သည်။ "ခင်ဗျားတို့ ထင်သလိုမျိုးတော့ မဟုတ်ပါဘူး... ကျွန်တော့်အစွမ်းက စိတ်နဲ့တိုက်ခိုက်တာမျိုးပဲ... 'စိတ်ဝိညာဉ် တိုက်ခိုက်မှု' နဲ့ ဆင်တူတယ်... ဒါပေမဲ့ ဒီအစွမ်းကြောင့်ပဲ ကျွန်တော်က အဲ့လိုအစွမ်းမျိုးကို အာရုံခံရအရမ်းလွယ်တယ်"

"တကယ်တော့ သာမန်လူတစ်ယောက်ရဲ့ စိတ်စွမ်းအား လှိုင်းတုန်ခါတာက အားကောင်းတာပဲဖြစ်ဖြစ် အားနည်းတာပဲဖြစ်ဖြစ် ပုံမှန်ဆိုရင် စည်းချက်ကျပြီး လိုက်လျောညီထွေရှိတယ်... ဒါပေမဲ့ တပ်မမှူးလျိုရဲ့ စိတ်စွမ်းအား လှိုင်းတုန်ခါတာက တော်တော့်ကိုရှုပ်ထွေးတယ်... ပြီးတော့ သူ့စိတ်ထဲမှာ တခြား စိတ်စွမ်းအား လှိုင်းတုန်ခါမှုတစ်ခုလည်း ရောယှက်နေတယ်... ထိန်းချုပ်ခံထားရတာ လုံးဝထင်ရှားတယ်"

လူတိုင်း၏ မျက်နှာသည် ပြောင်းလဲသွားပြီး ရှူကျစ်ချန်က အလျင်အမြန် မေးလိုက်သည်။ "ခင်ဗျားအဲ့ဒါကို ပြန်ဖြေပေးလို့ရလား"

ထုံကျန့်လျန်က ခေါင်းခါလိုက်သည်။ "မရလောက်ဘူး... စိတ်နဲ့ပတ်သတ်တဲ့ ဆင့်ကဲပြောင်းလဲသူတွေချင်း တူပေမယ့် ကျွန်တော့်အစွမ်းက တိုက်ခိုက်ရေးအမျိုးအစားလေ... စိတ်ကို သိမ်သိမ်မွေ့မွေ့ထိန်းချုပ်နိုင်စွမ်းမရှိဘူး... ပြီးတော့ တစ်ဖက်လူရဲ့ အစွမ်းက ကျွန်တော့်ထက် အများကြီး ပိုအားကောင်းနေတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး"

လော်ယွမ်၏ စိတ်ထဲ၌ လှုပ်ရှားသွားသည်။ စိတ်စွမ်းအင်ဆိုသည်မှာ အတိအကျ မည်သည်ကိုဆိုမှန်း သူ မသိပေ။ သူ၏ နားလည်မှုအရ စိတ်စွမ်းအင် ဆိုသည်မှာ အာရုံခံစားမှုနှင့် စိတ်စွမ်းအား တို့၏ ပေါင်းစပ်မှုပင် ဖြစ်၏။ ထိုအထဲ၌ အာရုံခံစားမှုသည် စိတ်စွမ်းအင်၏ ဧရိယာ သို့မဟုတ် ပမာဏကို ဖော်ပြပြီး စိတ်စွမ်းအား ကမူ အရည်အသွေး သို့မဟုတ် သိပ်သည်းမှုကို ဖော်ပြသည်။ နှစ်ခုလုံးသည် တစ်ခုတည်း၏ မျက်နှာစာနှစ်ဖက် ဖြစ်၏။ သူ၏ ဆယ့်ငါးမှတ်အထက်ရှိသော စိတ်စွမ်းအား နှင့် အာရုံခံစားမှုအရဆိုလျှင် သူ၏ စိတ်စွမ်းအင်သည်လည်း အားနည်းခြင်းမရှိပေ။

စနစ်တကျ သင်ယူလေ့လာမှု မရှိသည့်အတွက် ထိရောက်သော ကျွမ်းကျင်မှုတစ်ခုမျှ မရှိခဲ့ခြင်းသာ ဖြစ်သည်။ 'အရိပ်အမြွက်ပေးခြင်း' ကဲ့သို့သော ကြမ်းတမ်းသည့် အသုံးချမှုမျိုးသည် တန်ဖိုးရှိသော အရာကို ဖြုန်းတီးပစ်ခြင်းပင် ဖြစ်၏။

လော်ယွမ်က ချက်ချင်းပင် မေးလိုက်သည်။ "တခုလောက်မေးချင်လို့... ကျွန်တော် ခင်ဗျားရဲ့ အစွမ်းကို အရမ်း စိတ်ဝင်စားတယ်... 'စိတ်ဝိညာဉ် တိုက်ခိုက်မှု' ဆိုတာ ဘယ်လိုပုံစံဖြစ်ပေါ်လာပြီး ဘယ်လို ထုတ်လွှတ်ရသလဲဆိုတာ ဖော်ပြပေးလို့ရမလား"

ထုံကျန့်လျန်၏ အမူအရာသည် ခဏတာ တုန့်ဆိုင်းသွားပြီး ခေတ္တမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။ "ဆရာယွမ်... ဒီအစွမ်းက ကျွန်တော့်အတွက်တော့ အရမ်းလွယ်ကူပြီးရိုးရှင်းတယ်... မွေးကတည်းက တတ်မြောက်လာသလိုမျိုးပဲ... ဒါပေမဲ့ ဒီလိုအစွမ်းမျိုးမရှိတဲ့လူတစ်ယောက်အတွက်တော့ ကျွမ်းကျင်ပိုင်နိုင်ဖို့ အရမ်းခက်တယ်... မဖြစ်နိုင်ဘူးလို့တောင် ဆိုလို့ရတယ်... ကျွန်တော်က ရှင်းပြချင်ရင်တောင် ဘယ်လိုရှင်းပြရမှန်းမသိဘူး... ကျွန်တော် အကြမ်းဖျင်းလောက်ပဲ ရှင်းပြပေးနိုင်မယ်"

လူတိုင်း၏ မျက်လုံးများ အရောင်တောက်သွားပြီး အာရုံစိုက် နားထောင်လိုက်ကြသည်။

"ယေဘုယျအားဖြင့် သာမန်လူတွေရဲ့ စိတ်စွမ်းအင်တွေက ပျံ့လွင့်နေတတ်တယ်... စိတ်စွမ်းအင်တိုက်ခိုက်မှုတစ်ခု ဖြစ်ပေါ်စေချင်ရင် ပထမဆုံး စိတ်ကို စုစည်းတည်ငြိမ်စေပြီး ပျံ့လွင့်နေတဲ့စိတ်စွမ်းအင်ကို ပြန်ရုပ်သိမ်းရမယ်... ပြီးရင် တစ်စုတစ်စည်းတည်းဖြစ်အောင် ကျုံ့လိုက်ပြီးမှ ယပ်တောင်ပုံသဏ္ဌာန်အတိုင်း ပန်းထုတ်လိုက်ရတယ်" ကျန်းဝူက ပြောလိုက်သည်။

"ဒါဆို ဘယ်လိုကျုံ့ရမှာလဲ... ဘယ်လို ပန်းထုတ်ရမှာလဲ... ဒီလိုအပေါ်ရံရှင်းပြတာမျိုးနဲ့ ဘယ်လို စလုပ်ရမှန်းတောင် မသိဘူး" ရှောင်ပိုင်ဟုန်က နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။

"ကျွန်တော်လည်း မသိဘူး... အားလုံးက ဆင့်ကဲပြောင်းလဲသူတွေပဲဆိုတော့ ကိုယ်တိုင်လည်း ခံစားမိကြမှာပါ" ကျန်းဝူက ခါးသီးစွာ ပြုံးရင်း ပြောလိုက်သည်။ အမှန်အတိုင်းပြောရလျှင် ဤသို့ အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူများနှင့် စကားပြောရသည်မှာ အလွန်အမင်း ဖိအားများလှသည်။ အကယ်၍သာ အခြားသူများဖြစ်ပါက သူ၏ လျှို့ဝှက်ချက်များကို ဤမျှ ရှင်းလင်းစွာ ပြောပြမည်မဟုတ်ပေ။

ရှောင်ပိုင်ဟုန် စဉ်းစားကြည့်လိုက်တော့လည်း ဟုတ်နေသည်။ သူ၏ သတ္တုထိန်းချုပ်နိုင်စွမ်းကဲ့သို့ပင်။ ယခုအချိန်အထိ သူ မည်သို့ လုပ်ဆောင်နိုင်ခဲ့သည်ကို ရှင်းရှင်းလင်းလင်း မသိရှိသေးဘဲ ဗီဇစိတ်ကဲ့သို့ပင် ဆင့်ကဲပြောင်းလဲသူ ဖြစ်လာပြီးနောက် တစ်ညအတွင်းမှာပင် ထိန်းချုပ်နိုင်ခဲ့ခြင်းဖြစ်သည်။

အခြားသူများလည်း ကြားရုံသာ ကြားလိုက်ပြီး စမ်းသပ်ကြည့်ရန် စိတ်ကူးမရှိကြချေ။ လော်ယွမ်တစ်ဦးတည်းသာလျှင် အတွေးနက်နေဟန်တူသည်။

သူ၏ အာရုံခံစားမှုသည် အမြဲတစေ ပျံ့လွင့်နေပြီး ရုပ်သိမ်း၍မရ၊ စုစည်း၍မရခဲ့ပေ။ ထို့ကြောင့် ဤသည်မှာ အာရုံခံစားမှု၏ ပုံသေအခြေအနေဟု သူ အမြဲတမ်း ထင်မှတ်ခဲ့သည်။ တစ်စုတစ်စည်းတည်းဖြစ်အောင် စုစည်းပြီး တိုက်ခိုက်ရန် အသုံးပြုနိုင်လိမ့်မည်ဟု လုံးဝ မတွေးထင်ခဲ့မိပေ။

ကျန်းဝူ၏ နှုတ်မှ ဤသတင်းကို မရရှိခဲ့ပါက သူသည် အချိန်အတော်ကြာသည့်တိုင်အောင် နားလည်နိုင်မည်မဟုတ်ပေ။

သူ၏ စိတ်ကူးတစ်ချက် လှုပ်ရှားလိုက်ပြီး အာရုံခံစားမှုကို ကျုံ့ရန် ကြိုးစားလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်းပင် အာရုံခံစားမှုသည် တည်ငြိမ်နေသောရေကန်တစ်ခုကဲ့သို့ တစ်စက်ကလေးမျှ မလှုပ်မယှက် ရှိနေသည်။

"ကျန်းဝူက ဒီအစွမ်းနဲ့ ဆင့်ကဲပြောင်းလဲတဲ့သူဆိုတော့ ပါရမီပါလာပြီးသားပဲ... အာရုံခံစားမှုကို ထိန်းချုပ်တာက ထမင်းစားရေသောက်သလို ရိုးရှင်းတယ်... ငါကတော့ လူတစ်ယောက်ဖြစ်ပြီး ငါးတစ်ကောင်လို ရေထဲမှာ အသက်ရှူဖို့ကြိုးစားသလိုဖြစ်နေတာဆိုတော့ အရမ်းခက်နေတာ... ဒါပေမဲ့ အတင်းအကျပ် ထိန်းချုပ်ကြည့်ရင်ရော" သူက စိတ်ထဲ၌ တိတ်တဆိတ် တွေးလိုက်ပြီး ခဏတာ စဉ်းစားလိုက်သည်။ စိတ်စွမ်းအားသည် လျင်မြန်စွာ စုစည်းသွားပြီး အမှောင်ထဲ၌ သူ၏ မျက်လုံးများသည် ရုတ်တရက် မှိန်ဖျော့သော အလင်းရောင်ကို ထုတ်လွှတ်လိုက်သည်။ ဤတစ်ကြိမ်၌ အာရုံခံစားမှုသည် နောက်ဆုံး၌ လှုပ်ရှားလာခဲ့သည်။

လော်ယွမ်သည် မိမိ၏ အာရုံခံစားနိုင်သည့် ဧရိယာသည် ဖြည်းညင်းစွာ ကျုံ့ဝင်လာနေပြီး ဦးနှောက်ထဲမှ ပုံရိပ်များသည်လည်း တဖြည်းဖြည်း ဝေဝါးလာသည်ကို ခံစားလိုက်ရသည်။

ကျန်းဝူသည် ရုတ်တရက် မော့ကြည့်လိုက်ပြီး လော်ယွမ်ကို တုန်လှုပ်စွာဖြင့် မယုံနိုင်သော အမူအရာဖြင့် ကြည့်လိုက်သည်။ အခြားသူများသည် လော်ယွမ်၏ ပြောင်းလဲမှုကို မခံစားမိသော်လည်း သူက စိတ်နှင့်ပတ်သတ်သည့် ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် မိမိနှင့် ဆင်တူသော အစွမ်းကိုမူ ရှင်းလင်းစွာ "မြင်" နေရ၏။

သူ ခံစားမိလိုက်သည်မှာ ယခင်က လှိုင်းမထသော ကန်တစ်ခုကဲ့သို့ သူ လုံးဝ မခံစားမိခဲ့သော စိတ်စွမ်းအင်သည် လျင်မြန်စွာ ပြန်လည်ကျုံ့ဝင်လာမှသာလျှင် အတွင်းမှ လှိုင်းလုံးကြီးများ ထကြွနေသည်ကို ခံစားမိလိုက်ရခြင်းဖြစ်သည်။ ဒီရေကဲ့သို့ပင် ဤနေရာသို့ စုစည်းလာပြီး အဆုံးမရှိ၊ ကုန်ဆုံးခြင်းမရှိသည့်အလားပင်။

မူလက သူသည် လော်ယွမ်၏ စိတ်စွမ်းအင် လှိုင်းတုန်ခါမှုသည် နက်နဲပြီး ဖိနှိပ်မှုရှိသည်ဟုသာ ခံစားခဲ့ရသည်။ သူ၏ စိတ်စွမ်းအင်က ဤမျှ အားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းကာ ပျံ့လွင့်နိုင်သည့် ဧရိယာက ဤမျှ ကျယ်ပြန့်လိမ့်မည်ဟု လုံးဝ ထင်မှတ်မထားခဲ့ပေ။

သို့သော် ထိုအချိန်၌ လော်ယွမ်သည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်၏။ သူ တွေ့ရှိလိုက်သည်မှာ အာရုံခံစားမှုသည် ပေ ၆၀ ပတ်လည်သို့ ကျုံ့ဝင်သွားပြီးနောက် ဆက်လက်၍ ကျုံ့ဝင်၍မရတော့ဘဲ လော်ယွမ်၏ စိတ်စွမ်းအား မည်သို့ပင် တွန်းအားပေးစေကာမူ တစ်စက်ကလေးမျှ မလှုပ်ရှားတော့ဘဲ အဆုံးစွန်သို့ ရောက်ရှိသွားဟန်တူသည်။

(ဒီမှာ will ကို စိတ်စွမ်းအားလို့ ပြန်ထားပြီး Mental Energy ကို စိတ်စွမ်းအင်လို့ ပြန်ထားပါတယ်။ စိတ်စွမ်းအင် ဖြစ်လာဖို့ စိတ်စွမ်းအား နဲ့ အာရုံခံစားမှုတို့လိုအပ်ပါတယ်)

ထို့အပြင် သူ၏ နဖူးကြောသည် ဖောင်းကြွလာပြီး တစ်စုံတစ်ခု ထိုးထွက်လာတော့မည့်အလား ခံစားလိုက်ရသည်။ တစ်ဖက်လူ၏ ထူးခြားသော တတိယမျက်လုံးကို ပြန်တွေးကြည့်မိသောအခါ၊ စိတ်စွမ်းအား တိုက်ခိုက်မှု ထုတ်လွှတ်ရန် မျက်လုံးတစ်လုံး လိုအပ်နေသည်လော။

အကြောင်းရင်းကို မသိသော်လည်း သူသည် ရုတ်တရက် ရှေးဟောင်းယဉ်ကျေးမှုများစွာမှ နတ်ဘုရားရုပ်တုများ၊ ဘာသာရေးခေါင်းဆောင်များ၏ မျက်နှာဖုံးများ၊ သို့မဟုတ် အိန္ဒိယမှ ဗုဒ္ဓဆင်းတုတော်များ၊ တာအိုဘာသာမှ နတ်ဘုရားရုပ်တုများ၏ နဖူးပြင်၌ ဤမျက်လုံးတစ်လုံးကို တူညီစွာ ထွင်းထုထားသည်ကို သတိရသွားသည်။ ရှေးဟောင်း ဂရိဒဿနပညာရှင်များက ၎င်းကို "စိတ်ဝိညာဉ်၏ပလ္လင်" ဟု ခေါ်တွင်ခဲ့ကြသည်။ ယုံကြည်မှုနှင့် ဘာသာတရားအမျိုးမျိုး၌လည်း နတ်ဘုရား၏ အရာအားလုံးကို မြင်နိုင်သော မျက်လုံးကို ဖော်ပြရန် အလားတူ အမှတ်အသားများ ရှိကြသည်။

လူသားတို့၏ ဦးနှောက်ခန္ဓာဗေဒပုံအရ နဖူးကြောသည် လျှို့ဝှက်ဆန်းကြယ်သော ပိုင်နီယယ်လ် ဂလင်း နေရာဖြစ်ပြီး စိတ်ဝိညာဉ်၏ နေထိုင်ရာအဖြစ် အများဆုံး ယူဆခြင်းခံရသည်။

ထို့အတူပင် တာအိုဘာသာနှင့် ဗုဒ္ဓဘာသာ၌လည်း 'တတိယမျက်လုံး' (နတ်မျက်စိ) ဖွင့်ခြင်းဟူသော အဆိုရှိ၏။ သို့သော် ဤသည်မှာ တကယ့်မျက်လုံးကို ပြောဆိုခြင်းမဟုတ်ဘဲ နဖူးကြော၌ အမှန်တကယ်မရှိသော အမှန်တရားကို မြင်နိုင်သည့် မျက်လုံးတစ်လုံး ဖွင့်လှစ်ခြင်းပင်ဖြစ်သည်။

သို့သော် သူသည် ခဏတာ တုံ့ဆိုင်းသွားပြီးနောက် မစွန့်စားသေးရန် ဆုံးဖြတ်လိုက်သည်။ ဦးနှောက်သည် အရေးကြီးဆုံးနေရာဖြစ်ပြီး အလွန်အမင်း ပျော့ညံ့လှရာ အနည်းငယ်မျှ ထိခိုက်သွားသည့်တိုင် အသက်ဆုံးရှုံးသွားနိုင်သည်။

သူသည် ဤဘက်ဆိုင်ရာ အသိပညာ အလွန်နည်းပါးလှရာ မဆင်မခြင် စမ်းသပ်ကြည့်ပါက အန္တရာယ် အလွန်ကြီးမားလှသည်။ နောင်တွင် တည်ငြိမ်သွားမှ ဗုဒ္ဓနှင့် တာအိုကျမ်းစာအချို့ကို ရှာဖွေဖတ်ရှုကြည့်မှ ဖြစ်မည်။ ဤအရာများ အများစုသည် အတုအယောင်များဖြစ်သော်လည်း အချို့သော အရိပ်အမြွက်များက သူ့အား အသိဉာဏ်အလင်းရောင်အချို့ ယူဆောင်လာပေးနိုင်သေးသည်။

ဤသို့ တွေးမိသောအခါ သူ၏ စိတ်ကူးတစ်ချက် လှုပ်ရှားလိုက်ပြီး စိတ်စွမ်းအားသည် ချက်ချင်း ပျံ့လွင့်ထွက်သွားသည်။ တင်းကျပ်စွာ ချည်နှောင်ခံထားရသော အာရုံခံစားမှုသည် အဆုံးစွန်ထိ ဖိသိပ်ခံထားရသော စပရင်တစ်ခုကဲ့သို့ လွှတ်လိုက်သည်နှင့် လျှပ်စီးကဲ့သို့ လျင်မြန်စွာ ပျံ့နှံ့ထွက်သွားတော့သည်။

အနီးအနားမှ လူများသည် ကျန်းဝူမှလွဲ၍ အားလုံး၏ ဦးနှောက်သည် ရုတ်တရက် ဗလာကျင်းသွားပြီး တစ်ကိုယ်လုံး တောင့်တင်းသွားသည်ဟု ခံစားလိုက်ရသည်။

ရှူကျစ်ချန်နှင့် ရှောင်ပိုင်ဟုန်တို့သည် စိတ်စွမ်းအား အားကောင်းသည့်အတွက် အနည်းငယ် သက်သာသေးသည်။ ချက်ချင်းဆိုသလို စိတ်ပြန်ငြိမ်သွားပြီးနောက် သတိပြန်လည်လာခဲ့ကြသည်။ ဝမ်ယိကျဲက ဒုတိယဖြစ်ပြီး အားအနည်းဆုံးဖြစ်သော ထုံကျန့်လျန်မှာမူ နှစ်စက္ကန့်၊ သုံးစက္ကန့်ကြာမှသာလျှင် သတိပြန်လည်လာခဲ့သည်။

စောစောက ထူးဆန်းသော အခြေအနေကြောင့် လူတိုင်းသည် ကြီးမားသော ရန်သူတစ်ဦးနှင့် ရင်ဆိုင်နေရသည့်အလား ဖြစ်သွားကြသည်။ လော်ယွမ်က ခါးသီးစွာ ပြုံးရင်း ရှင်းပြလိုက်မှသာလျှင် နောက်ဆုံး၌ သက်ပြင်းချနိုင်သွားကြသည်။ သို့သော် လူတိုင်းက လော်ယွမ်ကို နောက်တစ်ကြိမ် ပြန်ကြည့်သည့်အခါ အမူအရာ၌ ရိုသေကြောက်ရွံ့မှုအနည်းငယ် ပါဝင်နေလေပြီ။

တိုက်ပွဲတွင် ချက်ချင်းဆိုသလို အပြောင်းအလဲများစွာ ဖြစ်ပေါ်နိုင်ပြီး အနည်းငယ်မျှ သတိလွတ်သွားသည်နှင့် အသက်ဆုံးရှုံးသွားနိုင်သည်။ အကယ်၍သာ ဤအခြေအနေမျိုး စစ်မြေပြင်၌ ဖြစ်ပွားခဲ့ပါက အသက်ကိုးချောင်း ပိုင်ဆိုင်ထားသည့်တိုင်အောင် လုံလောက်မည်မဟုတ်ပေ။

အမှန်တကယ်တွင် စိတ်ထဲ၌ အခါးသီးဆုံးနှင့် ပြောမထွက်နိုင်အောင် ခံစားနေရသူမှာ ကျန်းဝူပင် ဖြစ်သည်။ မိမိက ဂုဏ်ယူရသော သန္ဓေပြောင်းအစွမ်းကို အခြားသူက အလွယ်တကူ ကူးယူလိုက်နိုင်လိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ စောစောက တိုက်ခိုက်မှုသည် မပြီးပြည့်စုံသေးဘဲ အသုံးချမှုသည်လည်း အလွန်ကြမ်းတမ်းနေသေးသော်လည်း အတော်လေး စွမ်းအားကြီးမားနေလေပြီ။

ဆက်ရန်...

All Chapters