အခန်း (၂၉၁+၂၉၂)
Vol. 15 Ch. 291+292
အပိုင်း(၂၉၁)ထောင်ချောက်
"ရပ်လိုက်"
ရေဆိုးမြောင်း ပြုပြင်ထိန်းသိမ်းရေးအခန်းမှာ စစ်တန်းလျားအနီးတွင် တည်ရှိ၏။ လော်ယွမ် တံခါးမကြီးမှ ထွက်လိုက်သည်နှင့် အစမကောင်း အခြေမလှဖြစ်ခဲ့ရသည်။ စစ်သားတစ်တပ်က အလျင်အမြန်ပြေးလာခဲ့ပြီး ဤနေရာကို ချက်ချင်းပင် ဝိုင်းရံလိုက်ကြ၏။
"မင်း ဘာလာလုပ်တာလဲ... ဒီနေရာက စစ်တပ်ရဲ့ အရေးကြီးနယ်မြေဆိုတာ မင်းမသိဘူးလား"
သူ၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်သောအရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားသော်လည်း ချက်ချင်းပင် ပြန်လည်တည်ငြိမ်သွား၏။ သူက "ထိတ်လန့်တကြား" မျက်နှာပေးဖြင့် "တောင်းပန်ပါတယ်ဗျာ... တောင်းပန်ပါတယ်... ခုတလော နေရတာ နည်းနည်း စိတ်မလန်းလို့ လေညှင်းခံရင်း လျှောက်လာရင်းနဲ့ ဒီဘက်ကိုရောက်လာတာပါ... ဒီနေရာက စစ်တန်းလျားမှန်း ကျွန်တော် တကယ်မသိလိုက်လို့ပါ"
"မင်းရဲ့ သက်သေခံကတ်ပြားထုတ်စမ်း... ငါ စစ်ဆေးကြည့်မယ်"
"သက်သေခံကတ်ပြား ဟုတ်လား... အရာရှိကြီးတို့ရယ် ဘယ်သူက အပြင်ထွက်ရင် ဒီဟာကြီးကို သယ်လာမှာလဲဗျ" လော်ယွမ်က အရိပ်အမြွက်ဆိုလိုက်၏။ "ဒါမှမဟုတ် အရာရှိကြီးတို့ ကျွန်တော်နဲ့ တစ်ခေါက်လိုက်စစ်ကြည့်မလား"
စစ်သားများ၏ သတိကြီးစွာထားသော အမူအရာမှာ အနည်းငယ် ပြေလျော့သွား၏။ သူတို့ အချင်းချင်း မျက်နှာချင်းဆိုင်ကြည့်လိုက်ကြပြီး အလိုရှိတရားခံတစ်ဦးနှင့်လည်း မတူဟု ခံစားမိသဖြင့် လက်ကိုဝှေ့ယမ်းလိုက်ကာ "ဒီတစ်ခါတော့ သတိပဲပေးလိုက်မယ်... သွားတော့ နောက်တစ်ခါ မင်းကို ထပ်တွေ့ရင်တော့ တန်းဖမ်းပစ်မယ်"
"ကျေးဇူးတင်ပါတယ် အရာရှိကြီးတို့... ကျွန်တော် အခုပဲ သွားပါပြီ..." လော်ယွမ်က အလျင်စလို ပြန်ဖြေရင်း ထိုနေရာမှ အမြန်ဆုံးထွက်ခွာလာခဲ့၏။
ဦးဆောင်သောစစ်သားမှာ သူ၏ခါးမှ ကျန်းမာတောက်ဓားနှင့် အစောပိုင်းက ရုတ်တရက်ပေါ်ထွက်လာခဲ့သော သူ၏ပုံရိပ်ကို မြင်ယောင်ရင်း တစ်စုံတစ်ခု မမှန်ကန်သလို မထင်မရှား ခံစားလိုက်မိ၏။ သို့သော် နောက်ဆုံးတွင်မူ မည်သည့်စကားမျှ မဆိုတော့ဘဲ သူ့ကို လွှတ်ပေးလိုက်လေသည်။
လော်ယွမ် ခေတ္တမျှလျှောက်လှမ်းပြီးနောက် ကိုယ်ကိုတစ်ချက်ဖျတ်ခနဲလှည့်ကာ စစ်သားများ၏ အမြင်အာရုံမှ ပျောက်ကွယ်သွား၏။ ဗုံးခိုကျင်း၏ လမ်းသွယ်များမှာ အရပ်လေးမျက်နှာသို့ ယှက်ဖြာနေသည်။ သို့သော် လော်ယွမ် တွေ့ရှိလိုက်ရသည်မှာ လမ်းဆုံတိုင်းလိုလိုတွင် စစ်သားများ တပ်စွဲထားပြီး အချို့သော အဓိကလမ်းမကြီးများတွင်မူ ကင်းစခန်းများပင် တည်ဆောက်ထားခြင်း ဖြစ်၏။
လော်ယွမ် တစ်လမ်းလုံးလျှောက်လာရာ နာရီဝက်တိုတိုလေးအတွင်းမှာပင် စစ်ဆေးမှုငါးကြိမ်တိုင်တိုင် ကြုံတွေ့ခဲ့ရ၏။ သူသာ စိတ်စွမ်းအင်အရိပ်အမြွက်ကို အသုံးမပြုဘဲ လွတ်မြောက်အောင် မကြိုးစားခဲ့ပါလျှင် သွေးလမ်းခင်း၍ ထိုးဖောက်ထွက်သွားရန်မှတစ်ပါး အခြားလမ်းမရှိတော့ပေ။ နောက်ဆုံးတွင် သူသည် သူနှင့် ပခုံးချင်းပွတ်တိုက်ဖြတ်သွားသော လူတစ်ဦးထံမှ သက်သေခံကတ်ပြားတစ်စောင်ကို အလစ်ယူလိုက်ပြီး ထိုသူ၏ပုံပန်းသဏ္ဌာန်အတိုင်း ပုံပြောင်းလိုက်မှသာ အနှောင့်အယှက်များ ငြိမ်သက်သွားတော့သည်။
မြေပြင်ပေါ်တွင် ညိုမည်းခြောက်သွေ့သွားသော သွေးကွက်များနှင့် ကျည်ဆန်ပေါက်များကို အခါအားလျော်စွာ တွေ့မြင်နေရ၏။ အချို့နေရာများတွင် နံရံများပင် အကြီးအကျယ်ပျက်စီးနေပြီး လမ်းသွယ်များစွာမှာလည်း ပြိုကျပိတ်ဆို့နေခဲ့သည်။ ဤနေရာတွင် တိုက်ပွဲတစ်ရပ် ဖြစ်ပွားခဲ့သည်မှာ ထင်ရှားလှ၏။ ကြည့်ရသည်မှာ မနေ့က သူနှင့်အတူ ထောင်ဖောက်လွတ်မြောက်သွားသော ဆင့်ကဲပြောင်းလဲသူတို့၏ နေ့ရက်များမှာ သိပ်ပြီး သာယာဖြောင့်ဖြူးခြင်း မရှိခဲ့ဟန်တူသည်။
ပုန်ကန်သူများ၏အင်အားစုမှာ ခြေကုပ်မြဲနေခဲ့ပြီဖြစ်ပြီး သူတို့၏ထိန်းချုပ်မှုမှာလည်း ပိုမိုနက်ရှိုင်းလာနေ၏။ အချိန်က လော်ယွမ်ဘက်တွင် ရှိမနေပေ။ အချိန်ကြာမြင့်စွာဆွဲထားလေ အန္တရာယ်ပိုများလေပင်။ လော်ယွမ်သည် သေလားရှင်လားမသိရသေးသော ဟွမ်ကျားဟွေတို့အဖွဲ့ကို သတိရလိုက်မိရာ သူ၏မျက်နှာမှာ ပို၍ပင် စိုးရိမ်ပူပန်လာခဲ့သည်။ ဤအတိုင်း ဆက်လက်၍ အချိန်ဆွဲနေ၍မဖြစ်တော့။
ဤတစ်ကြိမ် သူထွက်လာခဲ့ခြင်းမှာ သတင်းစုံစမ်းရန် သက်သက်တော့မဟုတ်ပေ။ အကယ်၍ အခွင့်အရေးကောင်းတစ်ခု ရရှိခဲ့ပါလျှင် သူသည် ပြဿနာ၏အရင်းအမြစ်ကို တိုက်ရိုက်ရှင်းလင်းပစ်ရန် ဝန်လေးနေမည်မဟုတ်။
လော်ယွမ်သည် သူ၏အတွေးများကို လျင်မြန်စွာ ပြန်လည်စုစည်းလိုက်၏။ အဘယ်ကြောင့်ဆိုသော် မြို့တော်အစိုးရရုံးမှာ မလှမ်းမကမ်းတွင် ရှိနေခဲ့ပြီဖြစ်သောကြောင့်တည်း။
ဤနေရာ၏ ကာကွယ်ရေးမှာ ပို၍ပင် တင်းကျပ်လှ၏။ မျက်မြင်အနေအထားတွင်ပင် စစ်သားတစ်တပ်ခွဲခန့်က လမ်းဘေးတစ်ဖက်တစ်ချက်တွင် သွားလာကင်းလှည့်နေကြပြီး သံချပ်ကာကားနှစ်စီးမှာလည်း အသင့်အနေအထားဖြင့် စက်နှိုးထားလျက်ရှိသည်။ မမြင်နိုင်သော ကင်းပုန်းများကား ပြောဖွယ်ရာမရှိတော့။
လော်ယွမ် အနီးသို့ ချဉ်းကပ်လိုက်သည်နှင့် သူ၏ခန္ဓာကိုယ်ပေါ်သို့ ရှိသလိုလို မရှိသလိုလိုဖြစ်သော အကြည့်များစွာက သူ၏ ရင်ဘတ်နှင့် ကျောပြင်ထက်သို့ စုစည်းကျရောက်လာသည်ကို ခံစားလိုက်ရ၏။ လှည့်ကြည့်ရန်မလိုဘဲ သူသည် လက်ဖြောင့်သေနတ်သမားများ၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပြီဖြစ်ကြောင်း သိလိုက်လေသည်။
သူ၏အမူအရာမှာ တည်ငြိမ်အေးဆေးလျက်ရှိ၏။ ထိုဘက်သို့ မတော်တဆဟန်ဖြင့် တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် အခြားလမ်းသွယ်တစ်ခုဆီသို့ လှည့်ထွက်သွားခဲ့သည်။
ထိုအချိန်တွင် သူ၏ခြေလှမ်းများ ခေတ္တမျှ တုန့်ရပ်သွား၏။ မြို့တော်အစိုးရရုံး၏ တံခါးဝတွင် လူတစ်ဦး ရုတ်တရက်ပေါ်ထွက်လာသည်။ ထိုသူမှာ အခြားသူမဟုတ် မနေ့ကမှ တွေ့ဆုံခဲ့သော ရှန်ကျိရှင်း ပင် ဖြစ်သည်။ ကံဆိုးသည်မှာ သူက ဤနေရာဘက်သို့ တည့်တည့်မတ်မတ် လျှောက်လှမ်းလာနေခြင်းပင် ဖြစ်၏။
လော်ယွမ်သည် ဘေးတစ်ဖက်သို့ အလျင်အမြန် ပုန်းကွယ်လိုက်ပြီး သူ ဖြတ်သန်းသွားသည့်အခိုက်တွင် သူ့ကို ပြင်းထန်စွာ ဆွဲယူလိုက်တော့သည်။
ရှန်ကျိရှင်း၏ ရင်ထဲတွင် ဒိန်းခနဲဖြစ်သွား၏။ သူ၏စွမ်းရည်ကို ထုတ်ဖော်အသုံးပြုရန် ကြံရွယ်လိုက်စဉ်မှာပင် လည်ချောင်းထက်မှ အေးစက်စူးရှသော နာကျင်မှုတစ်ရပ်ကို ခံစားလိုက်ရသည်။
"မသေချင်ရင် မလှုပ်နဲ့" နားနားမှ ကြားလိုက်ရသော လေးနက်သည့်အသံက သူ့ကို တစ်ကိုယ်လုံး အေးစက်သွားစေသော်လည်း မထင်မရှား ရင်းနှီးနေသလို ခံစားလိုက်ရ၏။ သို့သော် သူ စဉ်းစားချိန်ပင် မရလိုက်မီမှာပင် ခေါင်းထဲ မူးဝေသွားပြီး သူ၏ခန္ဓာကိုယ်မှာ ဘေးတစ်ဖက်သို့ လဲကျသွားခဲ့ပြီ ဖြစ်သည်။
"မင်း ဘယ်သူလဲ" ရှန်ကျိရှင်းက သူ၏လည်ပင်းကို ထောက်ထားသော ဓားသွားထိပ်ကိုကြည့်ရင်း ထိတ်လန့်ခြင်း၊ ဒေါသထွက်ခြင်းတို့ဖြင့် "ဒီနေရာက မြို့တော်အစိုးရရုံးရှေ့ပဲ... ငါ့ကိုသတ်ရင် မင်းလည်း အသက်ရှင်နိုင်မှာ မဟုတ်ဘူး"
"တစ်ရက်လေးပဲ မတွေ့ရလိုက်တာ မင်းက သစ္စာဖောက်သွားမယ်လို့ မထင်ထားဘူး" လော်ယွမ်၏ မျက်နှာမှာ သူ၏မူလရုပ်သွင်သို့ ဖြည်းညင်းစွာ ပြန်လည်ပြောင်းလဲသွားပြီး အေးစက်စွာ ဆိုလိုက်၏။
ရှန်ကျိရှင်း၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွား၏။ သူ ပြန်လည်တိုက်ခိုက်ရန် ပြင်ဆင်ထားသော အကြံအစည်များမှာလည်း ချက်ချင်းပင် ပျောက်ကွယ်သွားသည်။ "နာမည်ကျော်ကြားလှသော" လော်ယွမ်ကို ရင်ဆိုင်ရသောအခါ သူ မည်မျှပင် စိတ်ကြီးဝင်နေစေကာမူ သူ၏လက်ရှိစွမ်းရည်ဖြင့် လော်ယွမ်ကို အနိုင်ယူနိုင်လိမ့်မည်ဟု မထင်မိပေ။
သူက လော်ယွမ်ကို စိုက်ကြည့်ရင်း နာကျင်စွာ "မင်းက ငါမှ မဟုတ်တာ... ဒီလိုပြောလို့ရတာပေါ့... ဒါပေမဲ့ ငါကစွန့်စားလို့မရဘူး... သူတို့ဆီမဝင်ရင် ငါသေရုံတင်မကဘူး ငါ့အမေပါ သေရမှာ... ငါသေတာ ကိစ္စမရှိဘူး ဒါပေမဲ့ ငါ့အမေကိုတော့ နည်းနည်းလေးတောင် အထိခိုက်မခံနိုင်ဘူး... အဲ့တော့မင်းဘဲပြောကြည့်လေ ငါဘယ်လိုလုပ်ရမလဲ"
လော်ယွမ်၏ အမူအရာမှာ ခေတ္တမျှ ရပ်သွား၏။ သူသည် မိမိ၏ သေဆုံးသွားပြီဖြစ်သော မိဘနှစ်ပါးကို အမှတ်မထင် သတိရလိုက်မိရာ စိတ်ထဲမှ သတ်ဖြတ်လိုစိတ်မှာ အနည်းငယ် လျော့ပါးသွားခဲ့သည် "ဒါပေမဲ့ ဒါက မင်းသစ္စာဖောက်တဲ့အတွက် အကြောင်းပြချက်မဟုတ်ဘူး... ဒီပုန်ကန်တဲ့အဖွဲ့ရဲ့ ခေါင်းဆောင်က ဘယ်သူလဲငါ့ကိုပြောစမ်း"
ရှန်ကျိရှင်းက အနည်းငယ်ရွှေ့သွားသော ဓားသွားထိပ်ကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ သူ၏အသက် လုံခြုံသွားပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူ၏မျက်လုံးများက တဖျပ်ဖျပ်ဖြစ်သွားပြီး "စွမ်းအားကြီးတဲ့ ဆင့်ကဲပြောင်းလဲသူတစ်ယောက်ပဲ... အရမ်းကြောက်ဖို့ကောင်းတယ် မင်းလက်လျှော့လိုက်တာ ပိုကောင်းမယ်... သူ့အစွမ်းက အဆင့်ငါးထက်တောင် ကျော်နေနိုင်တယ်"
"သူ ဘယ်မှာလဲ" လော်ယွမ်က စကားဖြတ်မေးလိုက်သည်။
"ဒီအထဲမှာပဲ... သူက ပုံမှန်ဆို လူရှေ့မထွက်ဘူး ဒါပေမဲ့ ငါခုနကမှ သူနဲ့တွေ့ခဲရတာ" ရှန်ကျိရှင်းက ပြောသည်။
"ငါ့ကို ခေါ်သွားပေး" လော်ယွမ်က ဆို၏။
"ဒါက..." ရှန်ကျိရှင်း တွေဝေသွား၏။ လော်ယွမ်၏ မျက်နှာထားမှာ တဖြည်းဖြည်း အေးစက်လာသည်ကို မြင်သောအခါ သူ အလျင်အမြန်ပင် "ကောင်းပြီလေ... ဒါပေမဲ့ ဒီနေရာက စစ်ဆေးရေး အရမ်းတင်းကျပ်တယ်... ဓားကို ငါ့ဆီပေးထားမှရမယ်... မင်းရဲ့ အနေအထားကလည်း ကိုယ်တိုင်လာအဖမ်းခံတဲ့ ဆင့်ကဲပြောင်းလဲသူတစ်ယောက်အနေနဲ့ ဖြစ်ရမယ်"
လော်ယွမ် ခေါင်းညိတ်သဘောတူသည်ကို မြင်သောအခါ ရှန်ကျိရှင်း၏ အမူအရာမှာလည်း ပြေလျော့သွား၏။ သူ၏ ရှုပ်ပွနေသော အဝတ်အစားများကို သပ်ရပ်အောင် အနည်းငယ်ပြင်ဆင်လိုက်ပြီး လော်ယွမ်၏ ကျန်းမာတောက်ဓားကို လှမ်းယူလိုက်ကာ "ငါ့နောက်လိုက်ခဲ့... စကားမပြောနဲ့" ဟု ဆို၏။
လော်ယွမ်သည် သူ၏မျက်နှာကို လျင်မြန်စွာ ပြောင်းလဲလိုက်ရာ မကြာမီမှာပင် ရှောင်ပိုက်ဟုန်၏ ပုံစံသို့ ပြောင်းလဲသွား၏။ မူလပုံစံထက် အနည်းငယ်ပိန်ပြီး အရပ်မှာလည်း စင်တီမီတာအနည်းငယ် ပိုရှည်နေသည်သာ။ သို့သော် ရင်းနှီးသူတစ်ဦးမဟုတ်ပါက မည်သည့်ကွာခြားချက်ကိုမျှ သတိပြုမိနိုင်မည်မဟုတ်ပေ။
ရှန်ကျိရှင်း၏ စိတ်ထဲတွင် အံ့ဩသွားမိသော်လည်း လော်ယွမ်မှာ အစောပိုင်းက တစ်ကြိမ်ပြောင်းလဲပြထားပြီးဖြစ်သောကြောင့် အထူးအဆန်းဟု မမြင်တော့ပေ။
ရင်းနှီးသူတစ်ဦး၏ ဦးဆောင်မှုဖြင့် တစ်လမ်းလုံး အလွန်ချောမွေ့ခဲ့၏။ တံခါးဝမှ ကင်းစောင့်များမှာ အခြေအနေအသေးစိတ်ကိုသာ အနည်းငယ်မေးမြန်းပြီးနောက် လျင်မြန်စွာပင် ဝင်ခွင့်ပြုလိုက်သည်။ ဤသူများ၏ ကြောက်ရွံ့ရိုသေသော အကြည့်များကို ထောက်ရှုလျှင် ရှန်ကျိရှင်း၏ ဤနေရာမှ အဆင့်အတန်းမှာ မနိမ့်ကျကြောင်း ထင်ရှားလှ၏။
မြို့တော်အစိုးရရုံးမှာ နေရာအလွန်ကျယ်ဝန်းပြီး ရုံးခန်းပေါင်းများစွာ၊ စင်္ကြံလမ်းများ ငါးခု၊ ခြောက်ခုခန့် ရှိ၏။ အတွင်း၌ လူများ သွားလာလှုပ်ရှားနေကြပြီး အလျင်လိုသော ခြေလှမ်းများဖြင့် ပြည့်နှက်နေသည်။ ပရင်တာများ၏ "ကျစ်ကျစ်" မြည်သံမှာ မစဲထွက်ပေါ်နေပြီး အလွန်အလုပ်များနေသည့်ပုံပင်။ အကယ်၍ ကန္တာရမြို့သည် သိမ်းပိုက်ခြင်းခံထားရသည်ကိုသာ သူ ကြိုတင်မသိခဲ့ပါလျှင် အစောပိုင်းက ဖြစ်ပျက်ခဲ့သမျှအားလုံးမှာ သူ၏စိတ်ထင်ယောင်ထင်မှားမှုများသာဟု လော်ယွမ် ထင်မှတ်သွားမိနိုင်၏။
လော်ယွမ်သည် မြို့တော်ဝန်ရုံးခန်းကို ဖြတ်ကျော်သွားရာ တံခါးမှာ ပွင့်ဟလျက်ရှိ၏။ သူ အတွင်းသို့ လှမ်းကြည့်လိုက်သောအခါ လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးမှာ စာရွက်စာတမ်းများကို ငုံ့ဖတ်နေသည်ကို တွေ့လိုက်ရသည်။ သူ ခေါင်းမော့မကြည့်သော်လည်း လော်ယွမ်ကမူ ထိုသူမှာ အရင်က အကြိမ်အနည်းငယ် တွေ့ဆုံခဲ့ဖူးသော မြို့တော်ဝန်စွန်း ဖြစ်ကြောင်း မှတ်မိလိုက်သည်။
အစောပိုင်းက ရှူကျိချန် ပြောကြားခဲ့သော တပ်မမှူးလျိုအကြောင်းကို ပြန်တွေးမိသောအခါ သူ၏မျက်နှာပေါ်မှ သံသယများမှာ ပိုမိုနက်ရှိုင်းလာခဲ့၏။ ဤလူများအားလုံး အမှန်တကယ်ပင် စိတ်ထိန်းချုပ်ခြင်း ခံထားရသည်လော။
ထူးခြားမှုတစ်စုံတစ်ရာကို ခံစားမိလိုက်ဟန်ဖြင့် မြို့တော်ဝန်စွန်းက တံခါးဝသို့ အမှတ်မထင် မော့ကြည့်လိုက်၏။ သူ၏အမူအရာမှာ တည်ငြိမ်အေးဆေးနေပြီး မည်သည့်ထူးခြားမှုမှ မတွေ့ရသောအခါ လော်ယွမ်လည်း သူ၏အကြည့်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။
"ဘယ်လောက်လိုသေးလဲ"
"သိပ်မလိုတော့ဘူး" ရှန်ကျိရှင်း၏ မျက်နှာထားမှာ အနည်းငယ် တင်းမာနေ၏။
စင်္ကြံလမ်းအဆုံးတွင် သံတံခါးကြီးတစ်ချပ်ရှိနေပြီး စစ်သားလေးဦးက ဘေးတစ်ဖက်တစ်ချက်စီတွင် ခွဲရပ်နေကြ၏။ သူတို့နှစ်ဦး လာသည်ကိုမြင်သောအခါ စစ်သားများမှာ မည်သည့်မေးခွန်းမျှ မမေးမြန်းဘဲ နံရံပေါ်ရှိခလုတ်ကို ချက်ချင်းနှိပ်ကာ တံခါးမကြီးကို ဖွင့်ပေးလိုက်သည်။
လော်ယွမ်က ရှန်ကျိရှင်းကို အံ့အားသင့်သော အကြည့်ဖြင့် တစ်ချက်ကြည့်လိုက်၏။
ရှန်ကျိရှင်း၏ မျက်နှာမှာ တင်းမာနေပြီး စကားတစ်ခွန်းမျှမဆိုသော်လည်း သူ၏ခန္ဓာကိုယ်မှာမူ အနည်းငယ် တုန်ယင်လာခဲ့၏။
လော်ယွမ်၏ မျက်မှောင်များ ကြုတ်သွားသော်လည်း သူ၏အမူအရာမှာ တဖြည်းဖြည်း တည်ကြည်လေးနက်လာ၏။ ရှန်ကျိရှင်းကို ဤမျှအထိ ကြောက်ရွံ့စေနိုင်သည်ဆိုလျှင် တစ်ဖက်လူ၏အစွမ်းမှာ မနိမ့်ကျနိုင်သည်မှာ သေချာလှ၏။
တံခါးမကြီးမှာ ဖြည်းညင်းစွာ ပွင့်ဟလာခဲ့၏။
အမြင်အာရုံအတိုင်း လိုက်ကြည့်လိုက်ရာ အတွင်းပိုင်းမှာ အလွန်ကျယ်ဝန်းလှပြီး ဘတ်စကတ်ဘောကွင်းတစ်ကွင်းစာခန့် ရှိ၏။ ဤမျှကြီးမားသော နေရာလွတ်ကြီးထဲတွင် ဘေးဘက်၌ မျက်နှာကြက်အထိ ထိုးထွက်နေသော သံမျှော်စင်ကြီးအချို့မှလွဲ၍ အခြားမည်သည့်အရာမျှမရှိ။ လူ၏လက်မောင်းအရွယ်အစားရှိသော ကြေးနန်းကြိုးများက မျှော်စင်၏ကိုယ်ထည်ကို သိပ်သည်းစွာ ရစ်ပတ်ထား၏။ မျှော်စင်တစ်ခုစီ၏ စုစုပေါင်းအလေးချိန်မှာ အနည်းဆုံး တန်ချိန်ဆယ်ဂဏန်းခန့် ရှိပေလိမ့်မည်။
"လျှပ်စစ်သံလိုက်မျှော်စင်" သူ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွား၏။
ထိုအချိန်တွင် တံခါးမကြီးမှာ "ဝုန်း" ခနဲ ပိတ်သွားပြီး ထို့နောက်တွင်မူ လက်ခုပ်တီးသံတစ်ရပ်က ခန်းမကြီး၏ ရှေ့ဘက်စင်္ကြံမှ ထွက်ပေါ်လာခဲ့သည်။
"ထိပ်တန်းအဆင့် ဆင့်ကဲပြောင်းလဲသူတစ်ယောက်နဲ့ ထိုက်တန်ပါပေတယ်... မင်းကို ငါ စောင့်နေတာ ကြာပြီ" စူးယွီက အမှောင်ထုထဲမှ ဖြည်းညင်းစွာ လျှောက်လှမ်းထွက်လာခဲ့၏။
သူ၏ပေါ်ထွက်လာမှုနှင့်အတူ ခန်းမကျယ်ကြီးထဲတွင် လွင့်နေသော လျှပ်စစ်လှိုင်းများ ရုတ်တရက် ပြည့်နှက်သွားပြီး လော်ယွမ်၏ ဆံပင်များကိုပင် ညင်သာစွာ လွင့်ပျံထောင်တက်စေခဲ့သည်။
သူ၏အကြည့်မှာ ရုတ်တရက် အေးစက်စူးရှသွား၏။ သူ၏မည်သူမည်ဝါဖြစ်ကြောင်းကို တစ်ဖက်လူက ရှင်းရှင်းလင်းလင်း သိရှိထားပြီးဖြစ်ရာ ဤသည်မှာ ထောင်ချောက်တစ်ခုဖြစ်ကြောင်း သူ မစဉ်းစားဘဲ သိလိုက်သည်။ သို့သော် မည်သည့်နေရာတွင် မှားယွင်းသွားသည်ကိုမူ သူ မသိရှိပေ။ သူ ရှန်ကျိရှင်းထံသို့ လျင်မြန်စွာ လှည့်ကြည့်လိုက်ရာ ထိုသူမှာ မသိမသာပင် ပေအတော်များများ အကွာအဝေးသို့ ဆုတ်ခွာသွားပြီးဖြစ်သည်ကို တွေ့လိုက်ရသည်။
"ရှန်ကျိရှင်း"
အရာအားလုံးကို သူ ချက်ချင်းပင် သဘောပေါက်နားလည်သွားခဲ့သည်။ ဤကဲ့သို့ အသစ်ဝင်ရောက်လာသူတစ်ဦးကို စောင့်ကြည့်ထိန်းချုပ်သည့် နည်းလမ်းများ မရှိဘဲ မည်သို့ဖြစ်နိုင်မည်နည်း။ ယခုခေတ်နည်းပညာအရ လူတစ်ယောက်ကို စောင့်ကြည့်ရန်မှာ အလွန်လွယ်ကူလှပြီး ကြယ်သီးအရွယ်အစားရှိသော အသံဖမ်းစက်တစ်ခုတည်းနှင့်ပင် အရာအားလုံး ပြီးဆုံးနိုင်၏။ ထို့ပြင် အစောပိုင်းက ပြောဆိုခဲ့သော စကားများမှာလည်း ယခုပြန်စဉ်းစားကြည့်မှ တမင်တကာ ဖြားယောင်းသွေးဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိလိုက်ရသည်။ သူကိုယ်တိုင်က ဤအရာများကို လုံးဝမသိရှိခဲ့ခြင်းမှာ ရယ်ဖွယ်ကောင်းလှ၏။ ကြည့်ရသည်မှာ သူ၏အစွမ်းသတ္တိ ကြီးမားလာသည်နှင့်အမျှ သူ၏သတိဝီရိယမှာ အကြီးအကျယ် လျော့ကျသွားခဲ့ပြီဖြစ်ပုံရသည်။
ရှန်ကျိရှင်းမှာ တစ်လှမ်းချင်းစီ နောက်သို့ဆုတ်ခွာသွားရင်း မျက်နှာပေါ်တွင် ကျေနပ်သောအရိပ်အယောင်များ ထွက်ပေါ်လာ၏။ ဤတွေ့ဆုံမှုမှာ လုံးဝမမျှော်လင့်ထားဘဲ တစ်ဖက်လူက လုပ်ကြံသတ်ဖြတ်ရန် လိုက်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ ခဏတာထိတ်လန့်ပြီးနောက် သူသည် အစီအစဉ်အတိုင်း လိုက်လျောညီထွေပြုမူခဲ့ရာ ဤမျှလွယ်ကူစွာ ထောင်ချောက်ထဲသို့ ဝင်လာလိမ့်မည်ဟု မထင်ထားခဲ့။
၁၈ပေ၊ ၁၉ပေ... တဖြည်းဖြည်း ဝေးကွာသွားသည်နှင့်အမျှ သူ၏အမူအရာမှာ ပိုမိုပေါ့ပါးသွားပြီး "လော်ယွမ်လက်နက်ချလိုက်တော့... မဟုတ်ရင် မင်းအတွက် သေလမ်းပဲရှိတော့တယ်"
ထိုအချိန်တွင် လော်ယွမ်က သူ့ကိုကြည့်၍ ပြုံးလိုက်သည်ကို သူ တွေ့လိုက်ရသည်။ သူ၏ရင်ထဲတွင် ရုတ်တရက် တုန်လှုပ်သွားပြီး နှလုံးခုန်နှုန်းပင် တစ်ချက်ရပ်သွားသလို ခံစားလိုက်ရသည်။ "မကောင်းတော့ဘူး"
သူသည် သူ၏စွမ်းရည်ကို အလျင်အမြန် ထုတ်ဖော်အသုံးပြုရန် ပြင်ဆင်လိုက်၏။ သို့သော် သူ၏စိတ်အကြံမှာ မစတင်ရသေးခင်မှာပင် မျက်စိရှေ့တွင် ဝေဝါးသောအရိပ်တစ်ခုက မျက်စိတစ်မှိတ်အတွင်း ၁၈ပေ၊ ၁၉ပေအကွာအဝေးကို ဖြတ်ကျော်ရောက်ရှိလာသည်။ ပြင်းထန်လှသော အန္တရာယ်၏ အငွေ့အသက်ကြောင့် သူ၏ဦးရေပြားပင် ထုံကျင်သွား၏။ သို့သော် သူ၏စွမ်းရည်မှာ ပုံမပေါ်သေးခင်မှာပင် လက်ထဲမှဓားမှာ ရုတ်တရက် ပျောက်ကွယ်သွားပြီး နောက်တစ်ခဏမှာပင် သူ၏လည်ပင်းသည် အေးစက်သွားတော့သည်။
သွေးများမှာ အတားအဆီးမရှိ ပန်းထွက်လာတော့သည်။ ရှန်ကျိရှင်း၏ မျက်လုံးများမှာ ကြောက်ရွံ့ထိတ်လန့်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းတို့ဖြင့် ပြည့်နှက်နေပြီး လည်ချောင်းမှ တရှီးရှီးမြည်သံများ ထွက်ပေါ်လာသည်။ သူသည် မူလနေရာသို့ ပြန်လည်ရောက်ရှိသွားပြီဖြစ်သော လော်ယွမ်ကို ကြည့်ရင်း ခြေလှမ်းအနည်းငယ် ယိုင်နဲ့စွာ နောက်ဆုတ်လိုက်ပြီးနောက် နောက်ဆုံးတွင် မြေပြင်ပေါ်သို့ "ဗုန်း" ခနဲ လဲကျသွားတော့သည်။
လော်ယွမ်သည် ကျန်းမာတောက်ဓားကို လက်ဖြင့်ကိုင်ဆောင်ထားရာ သွေးတစ်စက်မှာ ဓားသွားထိပ်မှ ဖြည်းညင်းစွာ လျှောကျလာသည်။ "အခု မင်းအလှည့်ပဲ"
ဆက်ရန်...
အပိုင်း(၂၉၂)သေရေးရှင်ရေးတိုက်ပွဲ
စူးယွီ ၏မျက်နှာပေါ်မှ ပေါ့ပေါ့ပါးပါးနိုင်လှသော အပြုံးရိပ်တို့သည် တဖြည်းဖြည်း လွင့်ပြယ်သွားခဲ့ပြီး သူ၏မျက်နှာအမူအရာမှာ တည်ကြည်လေးနက်သွားလေသည်။
စောစောက လော်ယွမ်၏ လျှပ်စီးလက်သကဲ့သို့ လျင်မြန်လှသော လှုပ်ရှားမှုအပေါ် သူကိုယ်တိုင်ပင် ချက်ချင်းတုံ့ပြန်နိုင်ခြင်းမရှိခဲ့ပေ။ မိမိ၏ လက်အောက်ငယ်သားအသစ်တစ်ဦးအား လွယ်လွယ်ကူကူပင် လည်လှီးသတ်ဖြတ်ခံလိုက်ရသည်ကို မျက်စိသူငယ်အိမ်ထဲတွင်ပင် စိုက်ကြည့်နေခဲ့ရ၏။
လတ်ဆတ်သောသွေးတို့သည် အလောင်းမှတစ်ဆင့် လျင်မြန်စွာ ဒလဟောစီးထွက်လာပြီး မကြာမီမှာပင် သွေးအိုင်ကြီးတစ်ခုအဖြစ် အိုင်ထွန်းသွား၏။ ထိုနေရာမှ ပြင်းထန်လှသော သွေးညှီနံ့တစ်ခု ပျံ့လွင့်ထွက်ပေါ်လာတော့သည်။
သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး မျက်နှာချင်းဆိုင် ရပ်တန့်နေကြပြီး မလှုပ်မယှက် တည်ငြိမ်နေကြ၏။
လေထုထဲတွင် သေမင်းတမန်ကဲ့သို့ အေးစက်သော သတ်ဖြတ်လိုသည့်အငွေ့အသက်တို့ လွှမ်းခြုံနေပြီး အချိန်မရွေး ပေါက်ကွဲထွက်နိုင်သည့် အခြေအနေမျိုးတွင် ရှိနေ၏။
အမှန်တွင် ဤနေရာမှ လျှပ်စစ်သံလိုက်မျှော်စင်များသည် လော်ယွမ်အတွက် သီးသန့်တည်ဆောက်ထားခြင်းမဟုတ်ဘဲ စူးယွီ၏ နေ့စဉ်လေ့ကျင့်မှုများအတွက်သာ ဖြစ်လေသည်။ သို့သော်ငြားလည်း ဤအချိန်ဤအခါတွင် လော်ယွမ်နှင့် ဤနေရာ၌ ဆုံတွေ့မိသည့်အတွက် သူ အတိုင်းမသိ ဝမ်းသာသွားမိ၏။ ဤသို့သော ရန်သူမျိုးသည် သူကိုယ်တိုင်ပင်လျှင် ကြီးမားလှသော ဖိအားတစ်ရပ်ကို ခံစားရစေခဲ့သည်။
မျှော်စင်၏ မောင်းတံခလုတ်သည် သူ၏ဘယ်ဘက်လက် ၁၈ပေ၊ ၁၉ပေအကွာတွင် ရှိနေ၏။ သူသာ ၎င်းကို ညင်သာစွာဆွဲချလိုက်ပါမူ နျူကလီးယားစွမ်းအင်စက်ရုံနှင့် တိုက်ရိုက်ချိတ်ဆက်ထားသော ဤလျှပ်စစ်သံလိုက်မျှော်စင်များမှ ဖြစ်ပေါ်လာမည့် ဗို့အား လေးငါးသောင်းခန့်ရှိ လျှပ်စီးကြောင်းသည် မည်သည့်ရန်သူကိုမဆို မီးသွေးတုံးအဖြစ်သို့ ပြောင်းလဲသွားစေရန် လုံလောက်ပေသည်။ သို့သော် အဘယ်ကြောင့်မှန်းမသိ ယခုအချိန်တွင် သူသည် ပစ်မှတ်ထားခြင်းခံနေရသကဲ့သို့သော ခံစားချက်တစ်ရပ်ကို ခံစားနေရပြီး ကျောစိမ့်နေသဖြင့် တစ်စက်မျှပင် မလှုပ်ရှားဝံ့ချေ။
"မင်းကို ငါအထင်သေးခဲ့မိတာ အမှန်ပဲ... ဒါပေမဲ့ ဒီလိုနည်းနဲ့ ငါ့ကိုသတ်နိုင်မယ်လို့ ထင်နေရင်တော့ မင်း အရမ်းတုံးအလွန်းသွားပြီ... ဒီနေရာက မင်းရဲ့သချိုင်းကုန်းဖြစ်သွားနိုင်တယ်လို့ မင်း မတွေးမိဘူးလား" သူက တစ်ဖက်လူကို စူးစိုက်ကြည့်ရင်း အေးစက်စွာ ဆို၏။ "ဒါမှမဟုတ် မင်း ငါတို့နဲ့ ပူးပေါင်းလို့ရတယ်... ခေတ်သစ်တစ်ခုကို ရောက်နေပြီပဲ... ဆင့်ကဲပြောင်းလဲသူတွေအနေနဲ့ လူ့ယဉ်ကျေးမှုသစ်တစ်ခုကို အတူတကွ တည်ဆောက်ဖို့အတွက် ငါတို့က ရည်မှန်းချက်တူညီတဲ့ ဘယ်လိုလူမျိုးကိုမဆို ကြိုဆိုတယ်"
တစ်ဖက်လူသည် ထူးဆန်းသောဓားရှည်တစ်လက်ကို ကိုင်ဆောင်ထားပြီး မျက်လုံးများမှာ လင်းယုန်တစ်ကောင်ကဲ့သို့ ထက်မြက်လျက်ရှိ၏။ သူက စကားတစ်ခွန်းမျှမဆိုဘဲ မိမိအား အမဲလိုက်သတ်ဖြတ်ခံရတော့မည့် သားကောင်တစ်ကောင်ကို စိုက်ကြည့်နေသကဲ့သို့ ကြည့်နေ၏။ ဤအမူအရာသည် စူးယွီကို အမည်မဖော်နိုင်သော စိတ်ရှုပ်ထွေးမှုတစ်ရပ်ကို ခံစားလာစေသည်။
"မင်းကခေါင်းမာတဲ့ကောင်ပဲ" သူက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ သူ၏ကိုယ်ပတ်လည်မှ လျှပ်စစ်အလင်းများ စတင်စိမ့်ထွက်လာသည်။ တူတစ်ချောင်းစာခန့်တုတ်သော လျှပ်စီးကြောင်းမရေမတွက်နိုင်အောင်များစွာသည် မြွေငယ်လေးများအလား သူ၏ကိုယ်ပတ်လည်နှင့် လေထုထဲတွင် လျင်မြန်စွာ ဖြတ်သန်းစီးဆင်းသွားပြီး "ဖျစ်" "ဖျစ်" ဟူသော အသံများ ထွက်ပေါ်လာ၏။ ထို့နောက်တွင်မူ သံလိုက်စက်ကွင်း၏အစွမ်းကြောင့် သူ၏ခန္ဓာကိုယ်သည် တဖြည်းဖြည်း လေပေါ်သို့ ပျံဝဲတက်လာလေသည်။
တစ်ချိန်တည်းမှာပင် သူ၏အိတ်ကပ်ထဲတွင် ဝှက်ထားသော သံမဏိဘောလုံး ဆယ်လုံးကျော်သည်လည်း လေပေါ်သို့ ပျံတက်လာ၏။ ပြင်းထန်သော လျှပ်စီးကြောင်းများက ထိုသံမဏိဘောလုံးများကို ဝန်းရံထားပြီး တဖြည်းဖြည်းနှင့် လျှပ်စီးကြောင်းများဖြင့်သာ သိပ်သည်းစွာဖွဲ့စည်းထားသော ကွိုင်များအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းမှာ သူ၏ အထူး လက်ရာဖြစ်သော လျှပ်စစ်သံလိုက်ကျည်ဆန်ပင်တည်း။
ဤသံမဏိဘောလုံးများသည် ကလေးငယ်တစ်ဦး၏ လက်သီးဆုပ်အရွယ်အစားမျှသာရှိပြီး အလေးချိန်မှာလည်း ဂရမ်ရာဂဏန်းမျှသာ ရှိသည်ဟု ထင်ရသော်လည်း သိပ်သည်းလှသော လျှပ်စစ်ကွိုင်များ၏ အရှိန်မြှင့်တင်မှုကြောင့် ၎င်း၏အမြန်နှုန်းသည် အသံ၏အမြန်နှုန်း နှစ်ဆအထိ ရောက်ရှိနိုင်၏။ ၎င်း၏ဖျက်ဆီးနိုင်သောစွမ်းအားမှာ အမြောက်ကျည်တစ်တောင့်ထက် များစွာမနိမ့်ကျလှပေ။ အကယ်၍ သက်ရှိခန္ဓာကိုယ်တစ်ခုကို ထိမှန်သွားပါက ထိုသက်ရှိသည် အသားပုံတစ်ပုံအဖြစ်သို့ ပြောင်းလဲသွားရုံသာ ရှိတော့မည်။
သံမဏိဘောလုံးများက လျှပ်စစ်သံလိုက်ကျည်ဆန်များ ဖြစ်သွားသောအခါ သူ စိတ်သက်သာရာရစွာ သက်ပြင်းချရန် ပြင်လိုက်စဉ်မှာပင် နှလုံးသည် ရုတ်တရက် ပြင်းထန်စွာ ခုန်တက်သွားသည်။ ဖော်ပြ၍မရနိုင်သော ဩဇာအရှိန်အဝါကြီးတစ်ခုက ခန်းမတစ်ခုလုံးကို လွှမ်းခြုံသွားပြီး လေထုသည်ပင်လျှင် လိမ်လည်ကောက်ကွေးသွားသကဲ့သို့ ထင်မှတ်ရ၏။ သို့သော် သူသည် သွေးနှင့်မီးထဲမှ ထွက်ပေါ်လာသော စစ်သည်တစ်ဦးဖြစ်သည်နှင့်အညီ ဤသည်မှာ အပြာနုရောင်အဆင့် သက်ရှိတစ်ဦး၏ စိတ်ဝိညာဉ်ကိုပင် ချေမှုန်းဖျက်ဆီးနိုင်သည့် ဩဇာအရှိန်အဝါဖြစ်သော်လည်း သူသည် ခေတ္တမျှသာ ကြောင်ငေးသွားပြီးနောက် ထိုဖိအားကြီးထဲမှ ပြင်းထန်စွာ ရုန်းကန်လွတ်မြောက်လိုက်၏။ သို့သော်ငြားလည်း စောစောကမှ ဖြစ်ပေါ်လာသော လျှပ်စစ်သံလိုက်ကျည်ဆန်များသည် အာရုံစူးစိုက်မှု ပျက်ပြားသွားမှုကြောင့် ချက်ချင်းပင် ပျောက်ကွယ်သွားခဲ့ပြီး သံမဏိဘောလုံးများမှာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။
"သေစမ်း" သူ၏စိတ်ထဲတွင် အကြီးအကျယ် ထိတ်လန့်သွား၏။
လော်ယွမ်သည် မူလနေရာတွင် မရှိတော့သည်ကို သူ၏အမြင်အာရုံက ဖမ်းဆုပ်မိလိုက်သည်။ ဝေဝါးနေသော အရိပ်တစ်ခုသည် ရုပ်ရှင်အမြန်ရစ်သကဲ့သို့ အရှိန်ပြင်းစွာ ချဉ်းကပ်လာ၏။ လော်ယွမ်၏ ပေ၃၀၀ကို နှစ်စက္ကန့်ဖြင့်ရောက်ရှိနိုင်သော အမြန်နှုန်းသည် မျက်နှာချင်းဆိုင်မှ တရှိန်ထိုးမောင်းနှင်လာသည့် တစ်နာရီ မိုင် ၁၈၀ ကျော်နှုန်းရှိသော စူပါပြိုင်ကားတစ်စီးနှင့်ပင် တူနေ၏။ ပို၍ကြောက်မက်ဖွယ်ကောင်းသည်မှာ သတိပြုမိလိုက်ချိန်တွင် အကွာအဝေးမှာ ပေ၃၀ကျော်မျှသာ ရှိတော့ခြင်းပင်။ ဤသည်မှာ ပစ်မှတ်ကိုမြင်တွေ့ချိန်မှစ၍ ဦးနှောက်က ဆုံးဖြတ်ချက်ချပြီး တိုက်ခိုက်မှုကို ရှောင်တိမ်းသည်အထိ အားလုံးကို သုညဒသမသုံးစက္ကန့်အတွင်း အပြီးသတ်ဆောင်ရွက်ရမည်ဟု အဓိပ္ပာယ်ရလေသည်။
စူးယွီ၏ ဦးရေပြားတစ်ခုလုံး ထုံကျင်သွား၏။ လျှပ်စီးမီးပွင့်သည့် ထိုတစ်ခဏမှာပင် သူ၏တစ်ကိုယ်လုံးမှ လျှပ်စစ်သံလိုက်စွမ်းအားကို အားကုန်ထုတ်လွှတ်လိုက်ရာ ပတ်ဝန်းကျင်မှ တဖျစ်ဖျစ်မြည်ဟည်းသံကြီး ချက်ချင်းထွက်ပေါ်လာသည်။ ဗို့အားထောင်ပေါင်းများစွာမြင့်မားသော လျှပ်စီးကြောင့် လေထုသည်ပင်လျှင် လျှပ်စစ်လှိုင်းအဖြစ်သို့ ပြောင်းလဲသွားပြီး ပြင်းထန်သော အိုဇုန်းနံ့တစ်ရပ် ထွက်ပေါ်လာ၏။ နောက်တစ်ခဏတွင် အားကောင်းလှသော လျှပ်စစ်သံလိုက်ဓာတ်က သူ၏ခန္ဓာကိုယ်ကို တွန်းထုတ်လိုက်ရာ သူသည် လေးညှို့မှလွတ်ထွက်သွားသော မြားတစ်စင်းအလား ဘယ်ဘက်သို့ လျင်မြန်စွာ ရွှေ့လျားသွားပြီး လော်ယွမ်၏တိုက်ခိုက်မှုကို ထိလုနီးပါးမှ ရှောင်တိမ်းလွတ်မြောက်သွား၏။
သို့သော်ငြားလည်း ပြင်းထန်သောလေဟုန်ကြောင့် သူ၏ကိုယ်ပတ်လည်ရှိ လျှပ်စီးကြောင်းများပင်လျှင် ပြန့်ကျဲသွားခဲ့ရသည်။
လော်ယွမ်၏ ဓားချက်မှာ လွဲချော်သွားခဲ့၏။ တစ်ဖက်လူက နံရံရှိ မောင်းတံခလုတ်ဆီသို့ ပျံသန်းသွားသည်ကိုမြင်သောအခါ သူ၏မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ ခြေထောက်ဖြင့် မြေပြင်ကို အားကုန်ဆောင့်နင်းလိုက်ရာ အရှိန်ပြင်းစွာ ရွေ့လျားနေသောခန္ဓာကိုယ်သည် အရှိန်ပျက်သွားသည့်အလား ဘယ်ဘက်သို့ ရုတ်တရက် ဒီဂရီကိုးဆယ် ချိုးကွေ့လိုက်၏။ ထိုစွမ်းအားကြီးမားလှသော တွန်းကန်မှုကြောင့် လော်ယွမ်၏ခြေဖဝါးအောက်မှ မာကျောလှသော ကွန်ကရစ်မြေပြင်သည် ပေါက်ကွဲထွက်သွားပြီး ကျောက်စများ လွင့်စင်သွားသည်။ သူ၏ခြေထောက်မှ အပြာရင့်ရောင်အဆင့် အားကစားဖိနပ်ပင်လျှင် ချက်ချင်းဆိုသလို ကြေမွပျက်စီးသွားတော့သည်။
ဤသို့သော အဝေးမှတိုက်ခိုက်နိုင်သည့်ရန်သူကို အကွာအဝေးကို ဆွဲဆန့်ခွင့် လုံးဝပေး၍မဖြစ်ပေ။ ထို့အပြင် ခန်းမထဲတွင် ကြီးမားသော သေစေနိုင်သည့် ကိရိယာကြီးများ ရှိနေသေးသည်။ လျှပ်စစ်သံလိုက်မျှော်စင်များကို သူ မြင်ဖူးသည်သာမက အကြိမ်များစွာ တွေ့ဖူးခဲ့သည်။ ကန္တာရမြို့အပြင်ဘက်တွင် ညအခါ ပိုးကောင်များကို သတ်ဖြတ်သည့် လျှပ်စစ်လွှတ်မျှော်စင်များမှာ ဤအမျိုးအစားပင် ဖြစ်၏။ ဤကိရိယာကြီးများ ဓာတ်အားရရှိသွားသည်နှင့် တစ်ဖက်လူ၏ လျှပ်စစ်ဆိုင်ရာ သန္ဓေပြောင်းအစွမ်းဖြင့် သူ၏အစွမ်းသည် ချက်ချင်းပင် အဆင့်များစွာ ခုန်တက်သွားပေလိမ့်မည်။ ထိုအချိန်တွင် ခန်းမတစ်ခုလုံး လျှပ်စီးများဖြင့် ရစ်သိုင်းနေပြီး မိုးကြိုးမုန်တိုင်း ကျရောက်လာသကဲ့သို့ ဖြစ်နေပေလိမ့်မည်။ သူသည် မိမိကိုယ်ကို မည်မျှပင် ယုံကြည်ချက်ရှိစေကာမူ ဤအခြေအနေမျိုးနှင့် ကြုံတွေ့ရပါက သေလမ်းတစ်လမ်းတည်းသာ ရှိတော့သည်။
သူတို့နှစ်ဦးသည် တစ်ဦးကရှေ့၊ တစ်ဦးကနောက်မှ လျင်မြန်စွာ ရှေ့သို့တိုးဝင်သွားကြသည်။
စူးယွီသည် လျှပ်စစ်သံလိုက်ဓာတ်၏ တွန်းပို့မှုကြောင့် သူ၏အရှိန်မှာ လော်ယွမ်ထက် အနည်းငယ်မျှသာ နှေးကွေး၏။ သို့သော် မောင်းတံခလုတ်နှင့် အကွာအဝေးမှာ အလွန်နီးကပ်လှပြီး ၁၅ပေခန့်သာ ရှိလေသည်။ သုညဒသမနှစ်စက္ကန့်မျှပင် မကြာလိုက်ခင်မှာပင် စူးယွီ၏လက်သည် မောင်းတံခလုတ်ပေါ်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်၏။ ထိုအချိန်တွင် လော်ယွမ်သည် စူးယွီနှင့် ၁၀ပေအကွာတွင် ရှိနေသေးသည်။
မောင်းတံခလုတ်ကို ဆွဲချလိုက်သည့်အခိုက်အတန့်၌ လျှပ်စစ်သံလိုက်မျှော်စင်များမှ "ဝုန်း" ဟူသော တုန်ခါသံကြီးနှင့်အတူ မရေမတွက်နိုင်သော လက်မောင်းလုံးခန့်တုတ်သည့် လျှပ်စီးကြောင်းများ လင်းလက်ထွက်ပေါ်လာစဉ်မှာပင် လော်ယွမ်၏ဓားထိပ်သည်လည်း စူးယွီ၏ကျောကုန်းထဲသို့ ထိုးစိုက်ဝင်ရောက်သွားခဲ့၏။
သို့ရာတွင် အောင်ပွဲ၏ရလဒ်ကို မချဲ့ထွင်နိုင်မီမှာပင် စူးယွီ၏ခန္ဓာကိုယ်မှ လျှပ်စီးများ ပြင်းထန်စွာတောက်ပလာပြီး လော်ယွမ်ကို အရှိန်ပြင်းစွာ လွင့်စဉ်သွားစေတော့သည်။
စူးယွီသည် သူ၏ရင်ဘတ်ကို ဖိနှိပ်ထားရာ သွေးများက သူ၏ပါးစပ်မှ အဆက်မပြတ် ယိုစီးကျလာ၏။ လော်ယွမ် လျင်မြန်စွာထရပ်ကာ ဖြည်းညင်းစွာ နောက်ဆုတ်သွားသည်ကို ကြည့်ရင်း သူသည် ရုတ်တရက် အရူးတယောက်လိုရယ်မောလိုက်သည်။ "ဟဟ... နောက်ကျသွားပြီ... မင်းကိုပြောဖို့ မေ့နေတာ ငါ့နှလုံးက ညာဘက်မှာကွ"
စကားသံမဆုံးမီမှာပင် မရေမတွက်နိုင်သော လျှပ်စီးကြိုးကြီးများသည် မျှော်စင်ခြောက်ခုမှ လေထုကိုထိုးဖောက်ကာ ထွက်ပေါ်လာပြီး သူ၏ကိုယ်ပေါ်သို့ စုစည်းသွား၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် တောက်လောင်သော အလင်းရောင်များ ထုတ်လွှတ်လိုက်ပြီး ခန်းမထဲတွင် နေအသေးစားလေးတစ်လုံး ပေါ်ပေါက်လာသကဲ့သို့ ဖြစ်သွားသည်။
လော်ယွမ်သည် ရှေ့မှ လူရိပ်ပင်မမြင်ရတော့သည့် ပြင်းထန်သော စွမ်းအင်လှိုင်းလုံးကြီးကို ကြည့်ရင်း မျက်နှာမှာ ညိုမှောင်နေ၏။ သူ၏ညာဘက်လက်မှာ မထိန်းချုပ်နိုင်အောင် တုန်ယင်နေ၏။ စောစောက တစ်ဖက်လူ ဒဏ်ရာရရှိချိန်တွင် ထွက်ပေါ်လာသော လျှပ်စီးများထိမှန်မှုကြောင့် သူ၏လက်ဖဝါးတစ်ခုလုံးမှာ မည်းနက်တူးခြစ်နေခဲ့ပြီဖြစ်သည်။ ယခုအချိန်တွင် ဓားကိုပင် ကောင်းစွာ ဆုပ်ကိုင်နိုင်စွမ်းမရှိတော့ချေ။
ညာလက်မောင်းတစ်ဖက် ဆုံးရှုံးလိုက်ရသဖြင့် သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ သုံးပုံတစ်ပုံခန့် ချက်ချင်းကျဆင်းသွား၏။ ဤသို့ တစ်ဖက်အားနည်းပြီး တစ်ဖက်အားသာသွားသည့် အခြေအနေတွင် သူ အနိုင်ရနိုင်ခြေ လုံးဝမရှိသလောက်ပင် ဖြစ်သွားခဲ့ပြီ။
သူက ပတ်ဝန်းကျင်ကို မျက်လုံးထောင့်ဖြင့် ခိုးကြည့်လိုက်၏။ ခန်းမထဲတွင် ပုန်းအောင်းစရာနေရာမရှိ၊ သံတံခါးမှာလည်း ပိတ်ထားပြီးဖြစ်သည်။ ထို့အပြင် တစ်ဖက်လူက သူ့ကို လွယ်လွယ်ထွက်ပြေးခွင့်ပေးမည်မဟုတ်သည်မှာ သေချာသည်။ လျှပ်စီး၏ အလင်း၏အလျင်နီးပါးရှိသော တိုက်ခိုက်မှုအရှိန်အပြင် လူ့ခန္ဓာကိုယ်သည် လျှပ်စီးကို သဘာဝအတိုင်း ဆွဲဆောင်နိုင်သော လျှပ်ကူးပစ္စည်းတစ်ခုဖြစ်နေရာ၊ လော်ယွမ်တွင် ရှောင်တိမ်းနိုင်ခြေ တစ်စိုးတစ်စိမျှမရှိချေ။ သူသည် အမှန်တကယ်ပင် သေလမ်းထဲသို့ ကျရောက်နေပြီဖြစ်ကြောင်း ရှင်းလင်းစွာ သိရှိလိုက်၏။
ထိုစဉ် လက်မောင်းလုံးခန့်တုတ်သော လျှပ်စီးတစ်ချက်က လော်ယွမ်ကို ချက်ချင်းထိမှန်သွားပြီး သူ့ကို ငါးမီတာ၊ ခြောက်မီတာအကွာသို့ လွင့်စဉ်သွားစေကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။ ကျန်းမာတောက်ဓားလည်း လွင့်ထွက်သွား၏။
"စောစောက အရမ်းကြမ်းပြနေတာမဟုတ်လား... လာလေ ငါ့ကိုထပ်ပြီး လာသတ်ဦးလေကွာ" လျှပ်စစ်အလင်းများ လွှမ်းခြုံမှုအောက်တွင် သူ၏အသံသည် အနည်းငယ် ကင်းကွာနေသကဲ့သို့ ထင်ရပြီး သူစကားပြောသည်နှင့်အမျှ လေထုပင်လျှင် တုန်ခါသွား၏။
လော်ယွမ်သည် မျက်နှာတွင် အမူအရာမရှိဘဲ ပြန်ထလာသည်။ သူ၏နှုတ်ခမ်းထောင့်မှ နီညိုရောင်သွေးများ စီးကျလာ၏။ သူ၏ရင်ဘတ်မှာ မည်းနက်တူးခြစ်နေပြီး သူနှင့် တစ်နှစ်နီးပါး အတူရှိခဲ့သော အပြာရင့်ရောင် "ပျံဝဲအားကစားဝတ်စုံ" သည်လည်း လျှပ်စီး၏ရိုက်ခတ်မှုကြောင့် အပေါက်ကြီးတစ်ပေါက် ပေါက်ထွက်သွားခဲ့သည်။ သို့သော် ဒဏ်ရာအများစုကို ပလာစမာအတွင်းခံက စုပ်ယူလိုက်သဖြင့် သူသည် ခန္ဓာကိုယ်အတွင်းတုန်ခါမှုကြောင့်ဖြစ်သော ဒဏ်ရာအသေးစားမျှသာ ရရှိခဲ့သည်။
"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ" စူးယွီသည် လော်ယွမ် လုံးဝနီးပါး ထိခိုက်မှုမရှိသည်ကိုမြင်သောအခါ အံ့အားသင့်စွာ ထုတ်ပြောလိုက်မိ၏။ ဤလျှပ်စီးသည် အနည်းဆုံး ဗို့အားသောင်းပေါင်းများစွာရှိပြီး သာမန်အဆင့်ခြောက် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ပင်လျှင် ဤသို့ ပေါ့ပေါ့ပါးပါး မခံနိုင်ပေ။
သူက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ဤတစ်ကြိမ်တွင် သူ၏ကိုယ်ပတ်လည်မှ လျှပ်စီးအများစုသည် ခွဲထွက်သွားပြီး လော်ယွမ်ထံသို့ ပစ်လွှတ်လိုက်သည်။
နားကွဲမတတ် အသံကျယ်ကြီး ထွက်ပေါ်လာပြီး လော်ယွမ်သည် လျှပ်စီးထိမှန်ကာ ပေများစွာမြင့်အောင် လွင့်တက်သွားပြီး မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျဆင်းသွားသည်။ ထို့နောက် ဖြည်းညင်းစွာ ပြန်ထလာသည်။ ဤတစ်ကြိမ်တွင် ပါးစပ်မှသာမက နှာခေါင်း၊ နားများမှပင် သွေးများ စတင်စီးကျလာပြီး သူ၏အပေါ်ဝတ်အင်္ကျီမှာလည်း လုံးဝကြေမွသွားကာ အစုတ်အပြတ်များအဖြစ်သို့ ပြောင်းလဲသွားသည်။
..................................................................................................................................................................
လော်ယွမ် တစ်ကြိမ်ပြီးတစ်ကြိမ် လဲကျသွားပြီး တစ်ကြိမ်ပြီးတစ်ကြိမ် ပြန်ထလာသည်ကိုမြင်သောအခါ သေခြင်းမှလွတ်မြောက်လာ၍ စိတ်လှုပ်ရှားနေသော စူးယွီ၏မျက်နှာမှာ အရုပ်ဆိုးလာသည်။ သူက လက်တစ်ချက်ဝှေ့ယမ်းလိုက်ရာ ၁၈ပေ၊ ၁၉ပေအကွာမှ သံမဏိဘောလုံးတစ်လုံးသည် လျင်မြန်စွာ ပျံတက်လာသည်။ နဂါးနှင့်မြွေများကဲ့သို့ လျှပ်စီးကြိုးကြီးများသည် ပတ်ပတ်လည်တွင် အရိုင်းဆန်စွာ ခုန်ပေါက်နေပြီး မျက်စိကျိန်းမတတ် အလင်းရောင်များ ထုတ်လွှတ်နေသည်။ ကြောက်မက်ဖွယ် သံလိုက်စက်ကွင်းတစ်ခု ဖြစ်ပေါ်လာသည်နှင့် ခန်းမထဲမှ လေထုသည် ပြင်းထန်စွာ တုန်ခါလာပြီး "ဝုန်းဝုန်း" ဟူသော တုန်ခါသံများ ထွက်ပေါ်လာသည်။
ခန်းမထဲမှ မျှော်စင်ခြောက်လုံး၏ အားဖြည့်မှုဖြင့် ဤလျှပ်စစ်သံလိုက်ကျည်ဆန်၏ အစွမ်းသည် ယခင်ကထက် ဆယ်ဆမက ပိုမိုအားကောင်းနေ၏။ အကယ်၍ ၎င်းကို အောင်မြင်စွာ ပစ်လွှတ်လိုက်ပါက သူ၏အရိုးပင် ကျန်မည်မဟုတ်သလို ဤဗုံးခိုကျင်းပါ ပြိုကျသွားနိုင်သည်။
လော်ယွမ်သည် ဤမြင်ကွင်းကိုမြင်သောအခါ သူ၏မျက်နှာအမူအရာသည် နောက်ဆုံးတွင် ပြင်းထန်စွာ ပြောင်းလဲသွားပြီး ဦးရေပြားတစ်ခုလုံး ထုံကျင်သွားသည်။ အလွန်အမင်း ပြင်းထန်သော အန္တရာယ်ခံစားမှုတစ်ခုက သူ၏မြီးညောင်းရိုးမှ ထွက်ပေါ်လာပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ သူသည် သေမင်း၏ ပုပ်သိုးသောအနံ့ကို ရရှိလိုက်သကဲ့သို့ ထင်မှတ်ရ၏။
မူလက ချီတုံချတုံဖြစ်နေသော အတွေးသည် ချက်ချင်းပင် ခိုင်မာသွားသည်။
ကျန်ရှိနေသော အာရုံခံစားနိုင်စွမ်းတို့သည် ရေစီးကြောင်းအလား ဦးနှောက်ထဲသို့ အရှိန်ပြင်းစွာ စီးဝင်သွား၏။ သူ၏နဖူးအလယ်မှ ဖောင်းတင်းလာသည်ကို ခံစားလိုက်ရပြီး ကြီးမားလှသော စွမ်းအားတစ်ရပ် ပေါက်ထွက်လာတော့မည်အလား ထင်မှတ်ရသည်။ ထို့နောက် သူ၏မျက်နှာအမူအရာသည် ရုတ်ခြည်းတင်းမာသွားပြီး ကြီးမားလှသော စွမ်းအားတစ်ရပ်သည် သူ၏နဖူးအလယ်မှ ပန်းထွက်သွားလေတော့သည်။
ပုံသဏ္ဌာန်မရှိ၊ အရောင်မရှိသော လှိုင်းလုံးတစ်ချက်သည် နေရာဒေသကို ကျော်ဖြတ်သွားသကဲ့သို့ နဖူးအလယ်မှ ထွက်ပေါ်လာပြီး စူးယွီကို ချက်ချင်းထိမှန်သွားသည်။ လေထုသည် အနည်းငယ် လှုပ်ခတ်သွားသလိုလို၊ သို့မဟုတ် ဘာမှမပြောင်းလဲသလိုလို ရှိနေသည်။
သို့သော် လော်ယွမ်သည် ဤတိုက်ခိုက်မှု၏ အကျိုးသက်ရောက်မှုကို ကြည့်ရှုရန် အချိန်မရတော့ပေ။ သူ၏ဦးနှောက်ထဲတွင် "အုန်း" ဟူသော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်ကိုသာ ခံစားလိုက်ရသည်။ ကောင်းကင်နှင့်မြေကြီး ကွဲအက်သွားသကဲ့သို့၊ သို့မဟုတ် မိုးကြိုးပစ်ချလိုက်သကဲ့သို့ သူ၏ခေါင်းများ မူးဝေသွားပြီး အတွေးများ ပြန့်ကျဲသွားသည်။ ဦးနှောက်သည် ကွဲအက်သွားသကဲ့သို့ ပြင်းထန်စွာ နာကျင်လာရာ သတိလစ်သွားချင်စိတ်ပင် ပေါက်လာသည်။ သူ၏သွားများ "ကျလိ" ခနဲ မြည်သွားပြီး ခန္ဓာကိုယ် ယိမ်းယိုင်သွားကာ မထိန်းနိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွားတော့သည်။
တစ်စက္ကန့်ကြာသွားသည်လား၊ တစ်နာရီကြာသွားသည်လား မသိ သူသည် တဖြည်းဖြည်း သတိပြန်လည်လာပြီး ယိုင်နဲ့ယိုင်နဲ့ဖြင့် မတ်တပ်ရပ်လိုက်သည်။ လျှပ်စစ်သံလိုက်မျှော်စင်၏ "ဖျစ် ဖျစ်" အသံမှာမူ ဆက်လက်ထွက်ပေါ်နေဆဲဖြစ်၏။ မူလက လေပေါ်တွင် ပျံဝဲနေသော စူးယွီမှာမူ မြေပြင်ပေါ်သို့ လဲကျနေပြီး တစ်ကိုယ်လုံးမှ လျှပ်စစ်အလင်းများ ပျောက်ကွယ်သွားကာ သေသည်ရှင်သည်မသိ ဖြစ်နေသည်။
လော်ယွမ်သည် ညည်းညူသံတစ်ချက်ပေးလိုက်ပြီး ခေါင်းကွဲမတတ် နာကျင်မှုကို အံတုကာ ကျန်းမာတောက်ဓားကို ကောက်ယူပြီး တစ်ဖက်လူဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။
တစ်ဖက်လူ၏မျက်နှာမှာ ဖြူဖျော့နေပြီး ဒဏ်ရာမှ သွေးများ တသွင်သွင်စီးကျနေကာ မြေပြင်ပေါ်တွင် အိုင်ထွန်းနေပြီ။ ရင်ဘတ်မှာ အနည်းငယ် နိမ့်ချည်မြင့်ချည်ဖြစ်နေသေးသဖြင့် ခန္ဓာကိုယ် အသက်ရှင်နေသေးကြောင်း ပြသနေသော်လည်း စိတ်ဝိညာဉ် ပျောက်ကွယ်သွားခြင်းရှိမရှိကိုမူ မခန့်မှန်းနိုင်ပေ။
သို့သော် လော်ယွမ်က စွန့်စားမကြည့်ဝံ့ပေ။ သူက ဘယ်လက်ဖြင့် ကျန်းမာတောက်ဓားကို ကိုင်ကာ ဓားတစ်ချက်ဖြင့် သူ၏ဦးခေါင်းကို ခုတ်ဖြတ်လိုက်သည်။
"နောက်ဆုံးတော့ ပြီးသွားပြီ"
ဤစကားကို တစ်ဖက်လူက အစောပိုင်းတွင် ပြောကြားခဲ့သေး၏။ သို့သော်ငြားလည်း နောက်ဆုံးတွင် လော်ယွမ်ကသာ အနိုင်ရသူအဖြစ် ရယ်မောနိုင်ခဲ့သည်။
သူက သွေးညှီနံ့ကို မရွံရှာဘဲ အလောင်းဘေးတွင် ထိုင်ချကာ သူ၏ဒဏ်ရာများကို စတင်ကုသလိုက်သည်။ သူ၏ပုံစံမှာ သနားစရာကောင်းလှပြီး အဝတ်အစားများ စုတ်ပြဲကာ မျက်နှာတစ်ခုလုံး သွေးများဖြင့် စွန်းထင်းနေသော်လည်း အရင်တစ်ကြိမ်နှင့် နှိုင်းယှဉ်ပါက ဤဒဏ်ရာမှာ များစွာပိုပေါ့ပါး၏။ ညာဘက်လက် မည်းနက်တူးခြစ်နေသည်မှာ အနည်းငယ်ပြဿနာရှိသည်မှလွဲ၍ ကျန်ဒဏ်ရာများမှာ အတွင်းဒဏ်ရာများသာဖြစ်ပြီး အများဆုံး အတွင်းကလီစာများ အနည်းငယ်စုတ်ပြဲသွားခြင်းသာဖြစ်သည်။ ကုသမှုမခံယူလျှင်ပင် သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုဖြင့် တစ်ရက်နှစ်ရက်အတွင်း ပြန်ကောင်းသွားပေမည်။
အာရုံခံစားနိုင်စွမ်းများစွာ ကုန်ဆုံးသွားသဖြင့် လော်ယွမ်၏ အန္တရာယ်ကို ကြိုတင်သိနိုင်စွမ်း ကျဆင်းသွားရုံသာမက စိတ်စွမ်းအင်ကိုပါ စုစည်းရန် အလွန်ခက်ခဲသွားသည်။ သူသည် ဤနေရာတွင် ကြာရှည်မနေဝံ့ဘဲ စိတ်စွမ်းအင်ကို အနိုင်နိုင်စုစည်းကာ အကြမ်းဖျင်းကုသလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ သူက ညာဘက်လက်ကောက်ဝတ်ကို လှုပ်ရှားကြည့်လိုက်ရာ ပုံမှန်နီးပါးပြန်ဖြစ်သွားသည်ကို ခံစားမိသည်။ သို့သော် သူ၏မျက်နှာမှာ ပြောင်းလဲသွားပြီး နောက်ဆုံးတွင် စူးယွီ၏ပုံပန်းသဏ္ဌာန်အဖြစ်သို့ တည်ငြိမ်သွားသည်။ ထို့နောက် ကျန်းမာတောက်ဓားကို ဆွဲကိုင်ကာ သံတံခါးမကြီးဆီသို့ ယိုင်နဲ့ယိုင်နဲ့ဖြင့် လျှောက်လှမ်းသွားတော့သည်။
ဆက်ရန်...