← Chapters

အခန်း (၂၉၃+၂၉၄)

Vol. 15 Ch. 293+294

အခန်း (၂၉၃+၂၉၄)

Vol. 15 Ch. 293+294

အပိုင်း(၂၉၃)ပုံရိပ်ယောင်များ

သူ၏ကိုယ်ပေါ်မှ စုတ်ပြတ်နေသော အပြင်ဝတ်ရုံကို သူ တစ်ခုချင်းစီ ဆွဲဖြဲကာ မြေပြင်ပေါ်သို့ ပစ်ချလိုက်ရာ အတွင်းမှ ဧရာမလိပ်ဥ ဂျယ်လီဖြင့် ပေါင်းစပ်ပြုလုပ်ထားသော ကျည်ကာအင်္ကျီ ပေါ်ထွက်လာ၏။

သူသည် တံခါးဝသို့ လျှောက်သွားပြီး သံတံခါး၏ ခလုတ်ကို နှိပ်လိုက်၏။ သံတံခါး ဖြည်းညင်းစွာ ပွင့်တက်လာသည်နှင့်အမျှ သူ၏အမူအရာမှာ တင်းမာလာပြီး သူ၏လက်ကလည်း ဓားလက်ကိုင်ဘုပေါ်သို့ ဖြည်းညင်းစွာ ရောက်ရှိသွား၏။

မည်မျှပင် ပြီးပြည့်စုံသော ဟန်ဆောင်မှုဖြစ်စေ အဆုံးစွန်၌ ကွဲပြားခြားနားမှုများ ရှိနေသည်သာ ဖြစ်၏။ အသားအရောင်၊ မျက်ဝန်းအမူအရာ၊ မျက်နှာသွင်ပြင်နှင့် အချို့သော အကျင့်ပါနေသည့် လှုပ်ရှားမှုလေးများကို ရင်းနှီးကျွမ်းဝင်သူတစ်ဦးက တစ်ချက်ကြည့်လိုက်ရုံဖြင့် ခွဲခြားသိရှိနိုင်ပေသည်။

ကံကောင်းထောက်မစွာပင် လော်ယွမ် စိုးရိမ်ပူပန်နေသော ကိစ္စရပ်များ ဖြစ်ပွားမလာခဲ့ပေ။ တံခါးဝမှ စစ်သားက လော်ယွမ်ကို မျက်လုံးထောင့်ဖြင့် တစ်ချက်သာ ဝေ့ကြည့်လိုက်ပြီး ချက်ချင်းပင် အလေးပြုကာ သူ၏အကြည့်ကို ပြန်လည်နှိမ့်ချလိုက်၏။

လော်ယွမ်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပြီး မျက်နှာထားတည်တည်ဖြင့် လျင်မြန်စွာ ထွက်ခွာသွား၏။

မြို့တော်ဝန်ရုံးခန်းကို ဖြတ်သန်းသွားစဉ် သူက အတွင်းသို့ တစ်ချက် လှမ်းကြည့်လိုက်၏။ မြို့တော်ဝန်စွန်းမှာ အပြင်ထွက်သွားပြီဖြစ်ကြောင်း ထင်ရှားသည်။ လှပပြီး ဆွဲဆောင်မှုရှိသော အမျိုးသမီးတစ်ဦးက မြို့တော်ဝန်၏ စားပွဲတွင် မျက်မှောင်ကြုတ်ထိုင်ရင်း စာရွက်စာတမ်းများကို တစ်လှန်လှန် ကြည့်ရှုနေ၏။

"အတွင်းရေးမှူးအသစ်လား" သူ အနည်းငယ် ဇဝေဇဝါဖြစ်သွားပြီး ခြေလှမ်းများ ခဏတုန့်သွား၏။ တစ်ဖက်လူ ခေါင်းမော့လာဟန်ရှိသည်ကို မြင်သောအခါ လော်ယွမ်သည် ထိုနေရာမှ အလျင်အမြန် ထွက်ခွာလိုက်တော့သည်။

ဤလေလွင့်သူအုပ်စုတွင် အပေါင်းအပါများ ရှိနေသေးသည်ကို လော်ယွမ် ကောင်းစွာသိ၏။ အနည်းဆုံးတော့ စိတ်စွမ်းအင်ထိန်းချုပ်သူတစ်ဦး ကျန်ရှိနေသေးသည်။ သို့သော် သူ၏ လက်ရှိအခြေအနေမှာ အလွန်ဆိုးရွားနေပြီး နောက်ထပ်တိုက်ပွဲတစ်ခုကို ဆက်လက်တိုက်ခိုက်ရန် မစွမ်းဆောင်နိုင်တော့ချေ။

ဆိုးရွားသည်မှာ သူ၏ကိုယ်ပေါ်မှ ဒဏ်ရာများမဟုတ်ဘဲ ဦးနှောက်နှင့် သက်ဆိုင်နေခြင်း ဖြစ်၏။ ''စိတ်စွမ်းအင်တိုက်ခိုက်မှု'' ကို အသက်သွင်းလိုက်သည့် အချိန်မှစ၍ သူ၏ဦးနှောက်သည် စုတ်ဖြဲခံရသကဲ့သို့ ပြင်းထန်စွာ နာကျင်နေခဲ့ပြီး ယခုအချိန်အထိ သက်သာလာမည့် အရိပ်အယောင် မရှိသေးချေ။

ထို့ထက် ပို၍ဆိုးရွားသည်မှာ သူ၏မျက်စိရှေ့တွင် ပုံရိပ်ယောင်အချို့ စတင်ပေါ်ပေါက်လာခြင်း ဖြစ်၏။

ဥပမာအားဖြင့် ယခု သူ၏မျက်စိရှေ့တွင် အရောင်အသွေးစုံလင်လှပြီး ဖော်ပြ၍မရအောင် ပြောင်းလဲနေသော အကြေးခွံတစ်ချပ် (သို့မဟုတ် အခြားအရာတစ်ခုခု) ကို မြင်နေရ၏။ ဤအကြေးခွံမှာ အလွန်ထူးဆန်းလှသည်။ သူ မြင်တွေ့နေရသော်လည်း ဖော်ပြ၍မရနိုင်ပေ။ အကြေးခွံများက ဖော်ပြ၍မရနိုင်သော ပြောင်းလဲမှုများ အဆက်မပြတ် ဖြစ်ပေါ်နေသည်နှင့်အမျှ ကြီးမားလှသော သတင်းအချက်အလက်များက သူ၏ဦးနှောက်ထဲသို့ ပြည့်လျှံဝင်ရောက်လာပြီး သူ၏ဦးနှောက်ကို ရပ်တန့်သွားစေလုနီးပါး ဖြစ်သွားစေ၏။ အကယ်၍ တိုက်ပွဲအတွင်း ဤသို့သော အခြေအနေမျိုး ဖြစ်ပွားပါက တွေးကြည့်ရုံပင် ကျောချမ်းဖွယ်ကောင်းလှသည်။ သို့သော် ဤပုံရိပ်ယောင်သည် ပေါ်ပေါက်လာသကဲ့သို့ ပျောက်ကွယ်သွားသည်မှာလည်း လျင်မြန်လှပြီး ဝ.၁ စက္ကန့်ပင် မကြာမြင့်ဘဲ ခြေရာကောက်၍မရတော့ချေ။

ထို့အပြင် ဤပုံရိပ်ယောင်များကို သူ မြင်တွေ့ပြီးသည်နှင့် ချက်ချင်း မေ့လျော့သွား၏။ ပြန်လည်စဉ်းစားကြည့်သောအခါ ယခင်က ပုံရိပ်ယောင် အကြိမ်အနည်းငယ် ဖြစ်ပေါ်ခဲ့သည်ကိုသာ သိရှိပြီး အတိအကျမှာ အဘယ်အရာဖြစ်သည်၊ မည်သည့်အရောင်၊ မည်သည့်ပုံသဏ္ဌာန်၊ အရွယ်အစား မည်မျှရှိသည်ကိုမူ လုံးဝ မှတ်မိခြင်းမရှိတော့ချေ။

ယခင်ကတည်းက စိတ်စွမ်းအင်တိုက်ခိုက်မှုကို အသုံးပြုပါက နောက်ဆက်တွဲဆိုးကျိုးအချို့ ရှိနိုင်မည်ဟု သူ ကြိုတင်ခံစားမိခဲ့သော်လည်း ဤမျှ ပြင်းထန်လိမ့်မည်ဟုမူ မထင်ထားခဲ့မိပေ။

လော်ယွမ်၏ စိတ်မှာ လေးလံနေပြီး တစ်လမ်းလုံး ခေါင်းငုံ့ကာ အမြန်လျှောက်လာခဲ့၏။

လမ်းတွင် အခါအားလျော်စွာ လူများက လေးစားစွာ ခေါင်းညိတ်နှုတ်ဆက်ကြပြီး ဘေးသို့ ရှောင်ဖယ်ပေးကြ၏။ အချို့ကလည်း လော်ယွမ်ကို တိတ်တဆိတ် ကြည့်ရှုရင်း မျက်နှာတွင် ဇဝေဇဝါဖြစ်နေကြသည်။ သို့သော် လော်ယွမ် အစိုးရရုံးအဆောက်အအုံမှ ထွက်ခွာသည်အထိ မည်သည့် မတော်တဆမှုမျှ ဖြစ်ပွားမလာခဲ့ပေ။ အပြင်သို့ ရောက်သောအခါ သူ့ကို မှတ်မိနိုင်ခြေမှာ ပို၍ပင် နည်းပါးသွား၏။ သူသည် စူးယွီ၏ အမည်ကို အသုံးပြုကာ တစ်လမ်းလုံး အတားအဆီးမရှိ ဖြတ်သန်းလာခဲ့သည်။

မြေအောက်ရေနုတ်မြောင်း ပြုပြင်ထိန်းသိမ်းရေးအခန်း အနီးသို့ ရောက်သောအခါ၊ လော်ယွမ်သည် မိမိ၏ မူလမျက်နှာရုပ်သွင်သို့ ပြန်လည်ပြောင်းလဲလိုက်၏။

ကင်းစောင့်စစ်သားများ သတိမပြုမိခင်မှာပင်၊ လော်ယွမ်၏ ပုံရိပ်သည် လျင်မြန်စွာ လျှပ်ပြေးသွားပြီး ပြုပြင်ထိန်းသိမ်းရေးအခန်း တံခါးဝသို့ ရောက်ရှိသွားသည်။ တံခါးမှာ မလာမီကတည်းက ဟထားခဲ့ခြင်း ဖြစ်၏။ သူ တံခါးကို တွန်းဖွင့်ဝင်ရောက်သွားပြီး တစ်ဖန် ပြန်ပိတ်လိုက်သည်။ ဤလုပ်ငန်းစဉ်တစ်ခုလုံးသည် ဝ.၅ စက္ကန့်မျှသာ ကြာမြင့်ပြီး၊ လမ်းမပေါ်မှ ဖုန်မှုန့်များ လွင့်တက်သွားသည်မှလွဲ၍ အခြားမည်သည့် လှုပ်ရှားမှုကိုမျှ ဖြစ်ပေါ်စေခဲ့ခြင်း မရှိပေ။

…………………………………………………………………………………………………………………………………………

"အပြင်က အခြေအနေ ဘယ်လိုလဲ... ဘယ်သူလဲဆိုတာ စုံစမ်းလို့ရခဲ့လား" ရှုကျစ်ချန်က လော်ယွမ်ကို မြင်လျှင်မြင်ချင်းပင် မေးလိုက်သည်။

"ဆရာယွမ်... ကျွန်တော်တို့ ဝရမ်းထုတ်ခံရပြီလား" ရှောင်ပိုင်ဟုန်ကလည်း ချက်ချင်း မေး၏။

ဝမ်ယွိကျဲကမူ ပို၍အကင်းပါးကာ လော်ယွမ် ချွတ်ထားခဲ့သော အပေါ်အင်္ကျီကို သတိပြုမိသွားပြီး စိုးရိမ်စွာဖြင့် "ရှင် တိုက်ပွဲဖြစ်ခဲ့တာလား... ဒဏ်ရာရခဲ့သေးလား"

"ပြဿနာက တစ်ဝက်လောက် ဖြေရှင်းပြီးသွားပြီ" လော်ယွမ်က ပြင်းထန်သော နာကျင်မှုကို ကြိတ်မှိတ်ခံရင်း ဆို၏။ "ခေါင်းဆောင်ဆိုတဲ့ကောင်ကိုတော့ ကျွန်တော် ရှင်းပစ်လိုက်ပြီ... ဒါပေမဲ့ စိတ်စွမ်းအင်ထိန်းချုပ်သူနဲ့ မတွေ့ခဲ့ရဘူး... နောက်တစ်ခေါက်ကြမှပဲ ရှင်းရတော့မယ်"

ရှုကျစ်ချန်သည် ပါးစပ်အဟောင်းသား ဖြစ်သွားပြီး လော်ယွမ်ကို ကြောင်ကြည့်နေမိသည်။ ဝါဂွမ်းကို အားကုန်ထိုးလိုက်သော်လည်း အားမရသကဲ့သို့သော ထူးဆန်းသည့် ခံစားချက်မျိုး ဖြစ်ပေါ်နေ၏။ သူ စိတ်ထဲမှ တွေးလိုက်သည်။ "ခင်ဗျား စောစောက သတင်းသွားစုံစမ်းမယ်လို့ ပြောခဲ့တာမဟုတ်ဘူးလား... ဘယ်လိုလုပ်ပြီး ကိစ္စတစ်ဝက်ကျော်ကို ချက်ချင်း ဖြေရှင်းပစ်လိုက်ရတာလဲ... ပြီးတော့ အပြင်မှာ ဈေးဝယ်ပြီးပြန်လာသလိုမျိုး ပေါ့ပေါ့ပါးပါး ပြောမနေလို့ မရဘူးလား"

သို့သော် ဤအရာများကို သူ စိတ်ထဲ၌သာ တွေးတောနိုင်ခဲ့သည်။ သူက ခြောက်ကပ်စွာဖြင့် ဆို၏။ "ဒါဆိုရင် အဓိကသူကိုရှင်းပြီးသွားပြီပေါ့... ဟိုစိတ်စွမ်းအင်ထိန်းချုပ်သူကလွဲရင် သာမန်လူတွေပဲ ကျန်တော့တာပေါ့"

လော်ယွမ်က မျက်ခုံးအလယ်ကို ပွတ်သပ်လိုက်ပြီး "အကြမ်းဖျင်းတော့ အဲ့ဒီလိုမျိုးပဲ" ဟု ဆို၏။

လူအုပ်စုမှာ တစ်ယောက်မျက်နှာတစ်ယောက် ကြည့်ရင်း မယုံနိုင်ဖြစ်နေကြ၏။

"ဆရာယွမ်…"

ရှုကျစ်ချန်က ထပ်မံမေးမြန်းရန် ကြံရွယ်လိုက်သော်လည်း ဝမ်ယွိကျဲက ဒေါသတကြီး ဖြတ်ပြောလိုက်သည်။ "တော်ကြတော့... ဘယ်သူမှ မမေးကြနဲ့တော့... အစ်ကိုယွမ် နေမကောင်းဖြစ်နေတာကို မမြင်ကြဘူးလား"

ထိုအခါမှ လူတိုင်းသည် လော်ယွမ်၏ မျက်နှာမှာ စက္ကူကဲ့သို့ ဖြူဖျော့နေပြီး နဖူးတွင် ချွေးစေးများဖြင့် ပြည့်နှက်နေသည်ကို သတိပြုမိကာ ချက်ချင်းပင် တိတ်ဆိတ်သွားကြတော့၏။

လော်ယွမ်က မျက်လုံးများကို မှိတ်လိုက်ပြီး နံရံကို ခဏမှီနေလိုက်၏။ ထို့နောက် မျက်လုံးများကို ပြန်ဖွင့်လိုက်ပြီး "ကျန်းဝူ... ငါ မင်းကို မေးစရာတစ်ခု ရှိတယ်... မင်းကို အကြံဉာဏ်တောင်းချင်လို့"

"ဆရာယွမ်... ခင်ဗျား အားနာစရာမလိုပါဘူး... မေးချင်တာသာမေးပါ" ကျန်းဝူက အလျင်အမြန် ဆို၏။ ဆင့်ကဲပြောင်းလဲသူများ၏ အစွမ်းသတ္တိ ခွဲခြားမှု အဆင့်အတန်းမှာ တင်းကျပ်လှသည်။ ကမ္ဘာပျက်ကာလတွင် အစွမ်းသတ္တိသည် ဂုဏ်သိက္ခာနှင့် မသက်ဆိုင်ဟု ဆိုသော်လည်း မိမိထက် ပိုမိုအားကောင်းသူအပေါ် လိုအပ်သော လေးစားမှုကို ပြသခြင်းမှာမူ မဖြစ်မနေ လိုအပ်ပေသည်။

"တမျိုးတော့မထင်နဲ့နော်... မင်းရဲ့ တတိယမျက်လုံးမှာ တကယ်တမ်း ဘာအစွမ်းတွေ ရှိလဲဆိုတာ ငါသိချင်လို့"

လော်ယွမ်က မေးလိုက်၏။ ကျန်းဝူက ဘေးဘီဝဲယာကို တိတ်တဆိတ် ကြည့်လိုက်သည်ကို မြင်သောအခါ သူက လက်ကာပြလိုက်ပြီး ဆိုသည်။ "ခင်ဗျားတို့ ခဏလောက် အပြင်ထွက်ပေးပါ"

ကျန်းဝူ၏ နဖူးမှ တတိယမျက်လုံး၏ အစွမ်းမှာ သူ၏ အနက်ရှိုင်းဆုံး လျှို့ဝှက်ချက်ဖြစ်သလို ဖုံးကွယ်ထားသော ဝှက်ဖဲလည်း ဖြစ်၏။ ရင်းနှီးသောသူများကိုပင် သူ သိခွင့်မပြုခဲ့ပေ။ ယခု မေးမြန်းသူမှာ ကန္တာရမြို့၏ တစ်ဦးတည်းသော အဆင့်ငါး ဆင့်ကဲပြောင်းလဲသူ လော်ယွမ် ဖြစ်မနေပါလျှင် သူ ဤအကြောင်းကို ထုတ်ဖော်ပြောကြားမည် မဟုတ်ပေ။

လူအများ ထွက်ခွာသွားပြီးနောက် သူ ခဏတုံ့ဆိုင်းသွားပြီး ဆုံးဖြတ်ချက်တစ်ခု ချလိုက်ဟန်ဖြင့် အံကြိတ်ကာ ဆို၏။ "ကျွန်တော့်ရဲ့ တတိယမျက်လုံးက တကယ်တော့ ထူးခြားတဲ့မျက်လုံးတလုံးမျိုးပဲ... ကျွန်တော်ကတော့ 'ပုံရိပ်ယောင်အမြင်'၊ 'ဝိညာဉ်အမြင်'၊ 'အသေးစိတ်အမြင်' ဆိုပြီး အစွမ်းသုံးမျိုး ခွဲထားတယ်... 'ပုံရိပ်ယောင်အမြင်' ဆိုတာက ပုံရိပ်ယောင်အားလုံးကို ထွင်းဖောက်မြင်နိုင်တာကို ဆိုလိုတာပဲ... အမှောင်ထု၊ မြူခိုး၊ အလင်းရောင်စူးစူးတွေက ကျွန်တော့်ရဲ့ အမြင်အာရုံကို မတားဆီးနိုင်ဘူး... ဥပမာ ဝမ်ယွိကျဲရဲ့ အလင်းယိုင်စေတဲ့ အစွမ်းက ကျွန်တော့်အပေါ် အသုံးမဝင်ဘူး... 'ဝိညာဉ်အမြင်' ကတော့ နာမည်အတိုင်း နားလည်လို့ရတယ်... ကျွန်တော် လူတွေ သေဆုံးတဲ့အချိန်မှာ သူတို့ရဲ့ ဝိညာဉ်ကို မြင်နိုင်တယ်"

"ဝိညာဉ်... လူတွေမှာ တကယ်ပဲ ဝိညာဉ် ရှိတာလား" လော်ယွမ်က စပ်စုစွာ မေးလိုက်၏။

အမှန်တကယ်တွင် သူသည်လည်း ဝိညာဉ်များကို မြင်တွေ့ခဲ့ဖူး၏။ ကမ္ဘာပျက်ကာစ သူ ဟယ်တုံမြို့သို့ ရွှေ့ပြောင်းစဉ်က သူ၏ နေအိမ်အနီးတွင် ဝိညာဉ်များစွာကို ဖမ်းချုပ်ထားသော 'တစ္ဆေထနောင်းပင်' တစ်ပင် ရှိခဲ့သည်။ သို့သော် ထို့နောက်ပိုင်းတွင် သူ ထပ်မံမမြင်တွေ့ခဲ့ရတော့ပေ။ ထို့ကြောင့် ထိုစဉ်က မြင်တွေ့ခဲ့ရသည်များမှာ အမှန်တကယ် ဝိညာဉ်များ ဟုတ်မဟုတ် ယခုအချိန်အထိ အတည်မပြုနိုင်သေးပေ။

"ကျွန်တော်လည်း အတိအကျ အတည်မပြုနိုင်ပါဘူး... အဲ့တာက လူသေပြီး လွင့်ပျံသွားတဲ့ စိတ်စွမ်းအင်လှိုင်းတွေ ဖြစ်နိုင်တယ်... သူတို့ တည်ရှိနေတဲ့အချိန်က အလွန်တိုတောင်းပြီး ချက်ချင်း ပျောက်ကွယ်သွားတာ... နေ့ဘက်ရော ညဘက်ရော အဲ့ဒီအတိုင်းပဲ"

"ဒါဆို 'အသေးစိတ်အမြင်' ကရော" လော်ယွမ်က မေးလိုက်၏။

ကျန်းဝူက ခဏတုံ့ဆိုင်းသွားပြီးမှ ဆို၏။ "အဲ့ဒါက အစွမ်းသုံးမျိုးထဲမှာ အစွမ်းအထက်ဆုံး ပဲ... သူက ကျွန်တော့်ရဲ့ အချိန်ကို အဆပေါင်းများစွာ မြန်ဆန်စေပြီး ကျွန်တော့်မျက်လုံးထဲမှာ လောကကြီးက နှေးကွေးသွားသလို ဖြစ်သွားစေတယ်... ကျွန်တော် ပုံမှန်ဆိုရင် အဆင့်သုံး သန္ဓေပြောင်းသားရဲတွေကိုတောင် အနိုင်နိုင် တိုက်ခိုက်နေရပေမယ့်... အဲ့ဒီအခြေအနေမှာဆိုရင် အဆင့်လေး သန္ဓေပြောင်းသားရဲကိုတောင် တိုက်ခိုက်နိုင်စွမ်း ရှိတယ်"

သူက အသေးစိတ်ကျကျ ပြောပြရင်း မိမိ၏ အစွမ်းများကို ရှင်းရှင်းလင်းလင်း ဖွင့်ဟလိုက်၏။ ဤအချိန်၌ လော်ယွမ်က ကျန်းဝူတစ်စုံတစ်ခု တောင်းဆိုနေသည်ကို မရိပ်မိသေးပါက သူ၏ ဉာဏ်ရည် ၁၄ မှတ်သည် အလဟဿ ပေါင်းထည့်ခဲ့ခြင်းသာ ဖြစ်ပေလိမ့်မည်။ သို့သော် လော်ယွမ်က ဤအရာကို ဂရုမစိုက်ပေ။ ပေးနိုင်သည့်အရာကို သူ ပေးမည်ဖြစ်ပြီး ကပ်စီးနဲမည်မဟုတ်ပေ။ မပေးနိုင်သည့်အရာကိုမူ မည်သူက သူ့ကို အတင်းအကျပ် ပြုလုပ်နိုင်မည်နည်း။

သူ ပြဿနာတစ်ခုကို သတိပြုမိလိုက်၏။ ဤဖြစ်စဉ်သည် လျင်မြန်မှု အမှတ်ပေါင်းခြင်းနှင့် တူမနေဘူးလော။ သို့သော် တိုက်ခိုက်ရေးစွမ်းအား တိုးတက်မှုက အဆင့်တစ်ဆင့်လုံးကို ကျော်လွန်သွားသည်အထိ မများနိုင်ပေ။

လျင်မြန်မှုအမှတ် ပေါင်းထည့်ခြင်းသည် အာရုံကြောတုံ့ပြန်မှု အမြန်နှုန်းကိုသာ တိုးမြှင့်ပေးသည်။ တိုက်ခိုက်ရေးစွမ်းအားကို ထုတ်ဖော်အသုံးချနိုင်ရန်အတွက်မူ ခွန်အား၊ ကြံ့ခိုင်မှု၊ ဉာဏ်ရည်တို့မှာ မရှိမဖြစ် လိုအပ်သည်။ ခွန်အားမရှိလျှင် အရှိန်ကို မထုတ်ဖော်နိုင်၊ ကြံ့ခိုင်မှုမရှိလျှင် ဆက်တိုက်ပေါက်ကွဲအားကို ခံနိုင်ရည်ရှိမည်မဟုတ်၊ ဉာဏ်ရည်မရှိပါက တိုက်ပွဲတွင် တုံ့ပြန်မှု နှေးကွေးသွားမည် ဖြစ်သည်။

သူ၏ အတွေ့အကြုံအရ၊ အကယ်၍ လျင်မြန်မှုကိုသာ တိုးမြှင့်ပါက ပေါင်းထည့်လေလေ၊ အစွမ်းသတ္တိ တိုးတက်မှုမှာ ပို၍ မသိသာလေ ဖြစ်သည်။

သူက ဇဝေဇဝါဖြင့် မေးလိုက်သည်။ "ဒီလိုအခြေအနေမှာ မင်းရဲ့တုံ့ပြန်မှုက အလျင်မမီတာမျိုး မဖြစ်ဘူးလား"

"မဖြစ်ပါဘူး" ကျန်းဝူက ကြောင်အစွာဖြင့် ဆို၏။ "ကျွန်တော့်ရဲ့ အချိန်ကပဲမြန်သွားတာလေ... တုံ့ပြန်မှုကတော့ ပုံမှန်တုံ့ပြန်မှုအတိုင်းပဲ ရှိနေတာပေါ့"

လော်ယွမ်၏ မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်သွား၏။ ဤဖြစ်စဉ်သည် လျင်မြန်မှုအမှတ် ပေါင်းထည့်ခြင်း အခြေအနေနှင့် လုံးဝကွဲပြားခြားနားနေသည်ကို သူ တွေ့ရှိလိုက်ရသည်။ တကယ်ပင် အချိန်နှင့် သက်ဆိုင်နေသလော။

လော်ယွမ် တွေ့ရှိလိုက်သည်မှာ ဤဆင့်ကဲပြောင်းလဲသူများနှင့် ပို၍ထိတွေ့လေလေ၊ ဆင့်ကဲပြောင်းလဲသူများ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ပို၍ခံစားမိလေလေ ဖြစ်၏။ ယခင်က ရှုကျစ်ချန်၏ အစွမ်းကြောင့် တုန်လှုပ်ခဲ့ရပြီး မထင်မှတ်ဘဲ မျက်စိရှေ့တွင် ပို၍လျှို့ဝှက်ဆန်းကြယ်သူတစ်ဦး ရှိနေပြန်သည်။ ဤဆင့်ကဲပြောင်းလဲသူများနှင့် နှိုင်းယှဉ်လိုက်ပါက မိမိ ဂုဏ်ယူရသော မြေဓာတ်အစွမ်းမှာ အနည်းငယ် မျက်နှာပန်းမလှသလိုပင်။

သို့သော် တစ်ဖန်ပြန်စဉ်းစားကြည့်လျှင် ''အချိန်'' ဆိုသည်မှာ အဆင့်မြင့်လှပြီး၊ ဝတ္ထု၊ ရုပ်ရှင်အမျိုးမျိုးတွင် ၎င်းကို လျှို့ဝှက်ဆန်းကြယ်သော မျက်နှာဖုံးများ ဆင်မြန်းပေးကြသော်လည်း ဤအစွမ်းမှာ တကယ်တမ်း သိပ်မစွမ်းလှပေ။ ရှုကျစ်ချန်ဖြစ်စေ ယခင် ရင်ဆိုင်ခဲ့ရသော ပုန်ကန်သူများဖြစ်စေ ကျန်းဝူကိုလွယ်ကူစွာ သတ်ဖြတ်နိုင်ပြီး လော်ယွမ်အတွက်ဆိုလျှင် ပြောစရာပင်မလိုတော့ပေ။

လော်ယွမ် စိတ်အစဉ်ကို ပြန်လည်စုစည်းလိုက်ပြီး ဤတစ်ကြိမ် မေးမြန်းရခြင်း၏ ရည်ရွယ်ချက်ကို မမေ့လိုက်ပေ။ "ဒါတွေအပြင် တခြားဘာမှ မရှိတော့ဘူးလား... ဥပမာ ပုံရိပ်ယောင်တို့ ဘာတို့"

"ပုံရိပ်ယောင်... မရှိပါဘူး" ကျန်းဝူက ဆိုသည်။

သူ၏အမူအရာမှာ ဟန်ဆောင်နေခြင်း တစ်စိုးတစ်စိမျှ မရှိသည်ကို မြင်သောအခါ၊ လော်ယွမ်၏ စိတ်မှာ လေးလံသွားသည်။ "ဘယ်လိုလုပ်ပြီး ဒီလိုဖြစ်ရတာလဲ... ငါတကယ်ပဲ ဦးနှောက် ပျက်စီးသွားတာလား"

လူသားတို့၏ ဇီဝဆေးပညာအဆင့်အရ ရှုပ်ထွေးပြီး တိကျလှသော ဦးနှောက်မှာ ယခုတိုင် မသိသေးသော နယ်ပယ်တစ်ခု ဖြစ်နေဆဲ ဖြစ်၏။ ဦးနှောက်တွင် ပုံရိပ်ယောင်များ ဖြစ်ပေါ်နေသော စိတ်ရောဂါရှင်အများစုမှာလည်း အခြေခံအားဖြင့် ကုရာနတ္ထိဆေးမရှိ ဖြစ်နေသည်။

သူ မျက်ခုံးအလယ်ကို ပွတ်သပ်လိုက်ရာ ထိုနေရာမှာ တဆစ်ဆစ် နာကျင်နေဆဲဖြစ်ပြီး စိတ်ရှုပ်ထွေးမှုကို မထိန်းနိုင်ဘဲ ဖြစ်လာသည်။

သူ အသက်ပြင်းပြင်းရှူလိုက်ပြီး မိမိ၏ စိတ်ခံစားချက်ကို ထိန်းချုပ်ကာ စိတ်ကို တည်ငြိမ်အောင် ထားလိုက်သည်။ "ဆင့်ကဲပြောင်းလဲမှုအစွမ်းဆိုတာ လူတိုင်းရဲ့ ကိုယ်ပိုင်လျှို့ဝှက်ချက်မှန်း ငါသိပါတယ်... ဒီတစ်ခေါက် ဒီလောက်အများကြီး မေးပြီးမှ ငါ့ဘက်က ဘာမှ ပြန်မပေးတာမျိုး မဖြစ်သင့်ဘူး... မင်းဘာတောင်းဆိုချင်လဲ... ပြောသာပြောပါ"

"ကျွန်တော် ဘာမှမလိုချင်ပါဘူး... ကျွန်တော် ခင်ဗျားနောက်ပဲ လိုက်ချင်တယ်" ကျန်းဝူက အလျင်အမြန် ဆိုလိုက်ပြီး သူ၏မျက်နှာတွင် အနည်းငယ် စိုးရိမ်တုန်လှုပ်နေဟန် ရှိ၏။

"ငါ့နောက် လိုက်မယ်... ငါ့မှာ အာဏာလည်းမရှိ... သြဇာလည်းမရှိဘူး... ဘာဖြစ်လို့ ငါ့နောက် လိုက်ချင်တာလဲ... ပြီးတော့ ဗုံးခိုကျင်းက မကြာခင် ပုံမှန်ပြန်ဖြစ်တော့မှာပဲ... မင်းလည်း ဟိုပုန်းဒီပုန်း လုပ်နေစရာ မလိုတော့ဘူးလေ"

"ကန္တာရမြို့က ပြီးသွားပါပြီ... ဒီလောက်ရက်တွေ ကြာနေပြီကို အထက်က အခုထိ ဘာမှမတုံ့ပြန်ဘူးဆိုတော့... ဒီနေရာကို စွန့်ပစ်လိုက်ပြီဆိုတာ ထင်ရှားတယ်" ကျန်းဝူ၏ မျက်နှာမှာ တင်းမာနေပြီး ဘွဲ့ရပြီး ပထမဆုံး အလုပ်အင်တာဗျူး ဖြေရစဉ်အခါကထက်ပင် ပို၍ ခြေမကိုင်မိလက်မကိုင်မိ ဖြစ်နေသည်။ "ဒီမှာဆက်နေရင် လမ်းနှစ်လမ်းပဲ ရှိတော့တယ်... တစ်လမ်းက ပြန်လည်တည်ဆောက်ရေးဇုန်ရဲ့ အတွင်းပိုင်းကို ရွှေ့ပြောင်းဖို့နဲ့ နောက်တစ်လမ်းက ဒီမှာပဲ ဆက်နေဖို့ပဲ... ကံကောင်းရင် အစားအသောက်နဲ့ ရိက္ခာတွေ မကုန်ခင် ပြန်လည်တည်ဆောက်ရေးဇုန်က လာကယ်တာကို စောင့်နိုင်လိမ့်မယ်... ကံမကောင်းရင်တော့ သေဖို့ပဲ စောင့်ရတော့မှာ... ဘယ်လမ်းပဲဖြစ်ဖြစ် အရမ်းအန္တရာယ်များတယ်... ကျွန်တော့်အစွမ်းက အကန့်အသတ်ရှိတော့ အသက်ဆက်ရှင်ချင်ရင် အကောင်းဆုံးနည်းလမ်းက ခင်ဗျားနောက်ကို လိုက်ဖို့ပဲ"

"မင်းက တော်တော် ပွင့်လင်းတာပဲ" လော်ယွမ်က ဂရုမစိုက်ဟန်ဖြင့် ဆို၏။ "မင်းလိုက်ချင်တယ်ဆိုရင်လည်း လိုက်ခဲ့ပေါ့"

ကျန်းဝူ၏ မျက်နှာမှာ ဝမ်းသာလွန်း၍ အရောင်တောက်သွား၏။ ဤတစ်ရက်၊ နှစ်ရက်အတွင်း၊ ဤဒဏ္ဍာရီလာ အဆင့်ငါး ဆင့်ကဲပြောင်းလဲသူ၏ စိတ်သဘောထားမှာ နူးညံ့ပြီး စကားပြောဆိုရာတွင် ဖော်ရွေကာ အခြားသော အစွမ်းထက်သူများ၏ မာနထောင်လွှားမှုမျိုး လုံးဝမရှိသည်ကို သူ နားလည်သိရှိခဲ့သည်။ ထို့ကြောင့် ဤအခွင့်အရေးကို အသုံးချ၍ မိမိ၏အစွမ်းကို ပြသခဲ့ခြင်း ဖြစ်၏။

သူ၏လောင်းကြေး နိုင်သွားလိမ့်မည်ဟု မထင်ထားခဲ့ပေ။ သူ၏စိတ်ထဲတွင် အားကောင်းသူကို မှီခိုခြင်းမှာ ရှက်စရာကိစ္စမဟုတ်ပေ။ ကမ္ဘာမပျက်မီ ငွေကြေးလွှမ်းမိုးသော လူ့အဖွဲ့အစည်းတွင်ဖြစ်စေ၊ ယခု ကမ္ဘာပျက်ကာလတွင်ဖြစ်စေ၊ လူမှန်နောက်သို့ လိုက်နိုင်ခြင်းသည် အရေးကြီးဆုံး ဖြစ်သည်။ ထို့အပြင် ဤသည်မှာ အလွန်တရာ ခိုင်မာသော မှီခိုအားထားရာကြီး ဖြစ်နေ၏။

သူ၌ ကြီးမားသော ရည်မှန်းချက်များ မရှိပေ။ ကမ္ဘာပျက်ကာလမှ အာဏာနှင့် ရာထူးများမှာ သဲသောင်ပြင်ပေါ်မှ ရဲတိုက်များကဲ့သို့ လေတစ်ချက်မှုတ်ရုံဖြင့် ပြိုကျပျက်စီးသွားနိုင်၏။ အားလုံးမှာ အတုအယောင်များသာ ဖြစ်ပြီး အသက်ရှင်ကျန်ရစ်ခြင်းသာလျှင် အစစ်အမှန် ဖြစ်ပေသည်။

ဆက်ရန်...

အပိုင်း(၂၉၄)စတုတ္ထဒိုင်မင်းရှင်း အမြင်အာရုံ

နေ့လယ်စာစားပြီးနောက် လော်ယွမ်သည် လူစုထဲမှ တိတ်တဆိတ်ခွဲထွက်လာခဲ့ပြီး အခြားမြေအောက်ရေနုတ်မြောင်းတစ်ခုဆီသို့ သွားရောက်ခဲ့၏။ ထိုနေရာတွင် သူက ''မြေလှိုင်း'' အခြေအနေသို့ တစ်ကြိမ်ထပ်မံဝင်ရောက်ခဲ့သော်လည်း ကုသမှုအကျိုးသက်ရောက်မှုမှာမူ စိတ်တိုင်းကျစရာ မရှိလှပေ။

အကျိုးသက်ရောက်မှု လုံးဝမရှိသည်တော့မဟုတ်ပေ။ သူ၏ကိုယ်ပေါ်မှ ဒဏ်ရာဒဏ်ချက်များမှာ လုံးဝပျောက်ကင်းသွားပြီး ခေါင်းကိုက်ဝေဒနာမှာလည်း သိသိသာသာ လျော့ပါးသွားခဲ့၏။ သို့သော် သူ၏မျက်စိရှေ့တွင် မြင်ယောင်နေသော ပုံရိပ်ယောင်များမှာမူ အနည်းငယ်မျှပင် တိုးတက်ကောင်းမွန်လာခြင်း မရှိခဲ့ပေ။

ဤပုံရိပ်ယောင်ကို ဘာသာစကားဖြင့် ဖော်ပြ၍မရနိုင်သလို၊ ဦးနှောက်ဖြင့်လည်း မှတ်သားထား၍မရနိုင်ပေ။ ၎င်းထဲတွင် (အရောင်အဆင်း၊ အသံနှင့် ပုံသဏ္ဌာန်များအပါအဝင်) လောကကမ္ဘာကြီး၏ အရာခပ်သိမ်း ပါဝင်နေဟန်ရှိပြီး အဆုံးအစမရှိသော သတင်းအချက်အလက်များ ပြည့်နှက်နေ၏။ တစ်ခါတစ်ရံ မထင်မှတ်ဘဲ မြင်လိုက်ရုံမျှဖြင့် ဦးနှောက်တစ်ခုလုံး ထိုင်းမှိုင်းသွားပြီး တစ်စုံတစ်ခုဖြင့် ပိတ်ဆို့ခံထားရသကဲ့သို့ ခံစားလိုက်ရသည်။

ထို့အပြင် ပုံရိပ်ယောင်များ ပေါ်ပေါက်သည့်အကြိမ်အရေအတွက် များပြားလာသည်နှင့်အမျှ ထိုင်းမှိုင်းသွားရာမှ ပုံမှန်အသိစိတ်ပြန်လည်ဝင်ရောက်လာသည်အထိ ကြာမြင့်ချိန်သည်လည်း ပို၍ပို၍ ရှည်လျားလာနေသည်ကို သူသတိပြုမိလိုက်၏။

အခြေအနေမှာ ထင်ထားသည်ထက် များစွာပို၍ ဆိုးရွားနေ၏။ ဤအခြေအနေသာ ဆက်လက်ဆိုးရွားသွားပါက မကြာမြင့်မီပင် သူသည် စဉ်းစားတွေးခေါ်နိုင်စွမ်း ပျောက်ဆုံးသွားပြီး၊ အသိစိတ်မဲ့လူတစ်ယောက်အဖြစ်သို့ပင် ရောက်ရှိသွားနိုင်ပေသည်။

သူမျက်လုံးမှိတ်၍ ကြိုးစားကြည့်သော်လည်း လုံးဝအသုံးမဝင်ခဲ့ပေ။ ဤပုံရိပ်ယောင်သည် သာမန်မျက်စိအမြင်အာရုံကို မှီခိုနေခြင်းမရှိဘဲ မျက်လုံးမှိတ်သည်ဖြစ်စေ၊ ဖွင့်သည်ဖြစ်စေ ပေါ်လာရမည့်အချိန်တွင် ပေါ်လာမြဲပင်ဖြစ်၏။

သူက အခြားနည်းလမ်းများဖြင့် ဖြေရှင်းရန် ထပ်မံကြိုးစားကြည့်ပြန်သည်။ နောက်ဆုံးတွင် သူ၏နဖူးမျက်ခုံးနှစ်ခုကြားနေရာကို လက်ဖြင့်ဖိအုပ်ထားမှသာ အနည်းငယ် အာနိသင်ရှိသည်ကို တွေ့ရှိလိုက်ရ၏။ ဤတွေ့ရှိမှုသည် အမှောင်ထုထဲမှ အလင်းရောင်ခြည်မျှင်တစ်ခုပမာ ဖြစ်နေပြီး တစ်စမျှသာဖြစ်သော်လည်း လော်ယွမ်အား မျှော်လင့်ချက်ကို မြင်တွေ့စေခဲ့သည်။

ထို့အပြင် ဤတွေ့ရှိမှုက ပုံရိပ်ယောင်သည် ဦးနှောက်အမြှေးပါး၏ ရောဂါဖောက်ပြန်မှုကြောင့်သော်လည်းကောင်း၊ မှတ်ဉာဏ်လွဲမှားမှုကြောင့်သော်လည်းကောင်း မဟုတ်ဘဲ အထူးအာရုံခံစားမှုတစ်ခုဖြင့် အပြင်လောကကို ကြည့်ရှုခြင်းကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း ညွှန်ပြနေသည်။ ဤအချက်က သူ့ကို သက်ပြင်းချနိုင်စေခဲ့၏။ အနည်းဆုံးတော့ စိတ်ရောဂါမဟုတ်သည်မှာ သေချာသွားပြီဖြစ်သည်။

အကြောင်းအရင်းကို တွေ့ရှိပြီးနောက် ဆက်လက်လုပ်ဆောင်ရန်မှာ ရိုးရှင်းသော ခေတ်ဆန်ဆန် စမ်းသပ်မှုများသာ ဖြစ်တော့သည်။ အက်ဒီဆင်က မီးသီးကို စမ်းသပ်သကဲ့သို့ သူသည် ရှာဖွေတွေ့ရှိနိုင်သမျှ ပစ္စည်းအမျိုးမျိုးဖြင့် တစ်ခုချင်းစီ စမ်းသပ်ဖုံးအုပ်ကြည့်၏။ ခဲမာနေသော ကွန်ကရစ်၊ ဆွေးမြေ့နေသော သစ်သားပြား၊ သတ္တု၊ တိရစ္ဆာန်တို့၏ သားရေနှင့် သွေးသား၊ ထို့အတူ အပင်အမျိုးမျိုးတို့ကို စမ်းသပ်ခဲ့သည်။

မကြာမီမှာပင် သူက တွေ့ရှိချက်အချို့ကို ရရှိခဲ့သည်။ ပထမတစ်ချက်မှာ သက်မဲ့ပစ္စည်းများသည် အခြေခံအားဖြင့် အသုံးမဝင်ပေ။ သတ္တုဖြစ်စေ၊ မြေကြီးဖြစ်စေ ပုံရိပ်ယောင်ကို မဖုံးကွယ်နိုင်ပေ။

ဒုတိယတစ်ချက်မှာ အသွေးအသားတို့၏ အာနိသင်က အပင်များထက် ပိုကောင်းမွန်၏။

တတိယတစ်ချက်မှာ အသွေးအသားများကအဆင့်ပိုမြင့်လေ အာနိသင်မှာ ပို၍ကောင်းမွန်လေဖြစ်၏။

လော်ယွမ်သည် ရှာဖွေတွေ့ရှိနိုင်သမျှ ပစ္စည်းအားလုံးကို စမ်းသပ်ခဲ့ပြီးနောက် နောက်ဆုံးတွင် သူ၏ကျည်ကာအင်္ကျီနှင့် အတွင်းခံအင်္ကျီတို့ကိုပင် တစ်လှည့်စီ စမ်းသပ်ကြည့်ရာ စတုတ္ထမြောက် တွေ့ရှိချက်တစ်ခုကို ထပ်မံရရှိခဲ့သည်။

စမ်းသပ်မှုများအတွင်း သူက ပလာစမာစက်ကွင်းအတွင်းခံအင်္ကျီ၏ အာနိသင်သည် လိပ်ဘီလူး ကျည်ကာအင်္ကျီထက် များစွာသာလွန်ကောင်းမွန်နေသည်ကို တွေ့ရှိလိုက်ရ၏။

ဤကွာခြားမှုသည် ပမာဏအရ ပြောင်းလဲခြင်းမဟုတ်ဘဲ အရည်အသွေးအရ ပြောင်းလဲခြင်း ဖြစ်သည်။ ပလာစမာအတွင်းခံအင်္ကျီကို နဖူးပေါ်သို့ ကပ်လိုက်သောအခါ ပုံရိပ်ယောင်သည် စစ်ထုတ်ခံလိုက်ရသကဲ့သို့ဖြစ်သွားပြီး မူလက နေလုံးကြီးကဲ့သို့ တည့်တည့်မကြည့်ဝံ့သော ကြီးမားလှသည့်သတင်းအချက်အလက်များကို ယခုအခါ အတော်အတန် လွယ်ကူစွာ ကြည့်ရှုနိုင်ခဲ့သည်။

ဦးနှောက်သည်လည်း ယခင်ကကဲ့သို့ ထိုင်းမှိုင်းမနေတော့ဘဲ ပိုမိုလွယ်ကူစွာ စဉ်းစားတွေးခေါ်နိုင်စေခဲ့သည်။ ပလာစမာစက်ကွင်းအတွင်းခံအင်္ကျီနှင့် လိပ်ဘီလူး ကျည်ကာအင်္ကျီတို့သည် အဆင့်တူညီကြသော်လည်း အကယ်၍ ကွာခြားချက်ကို ပြောရမည်ဆိုလျှင် ထိုပလာစမာစက်ကွင်းအစွမ်းပင် ဖြစ်တော့သည်။

နံနက်ပိုင်းတိုက်ပွဲအတွင်း သူသည် လျှပ်စီးဖြင့်အကြိမ်ကြိမ်အပစ်ခံခဲ့ရသော်လည်း ဒဏ်ရာကြီးကြီးမားမား မရရှိခဲ့ပေ။ လျှပ်စီးကြောင်းအများစုကို အတွင်းခံအင်္ကျီ၏ ပလာစမာစက်ကွင်းက တားဆီးပေးခဲ့ပြီး အချို့ကိုမူ ၎င်းက စုပ်ယူလိုက်သည်။ ယခုအချိန်တွင် ဤအတွင်းခံအင်္ကျီသည် တောက်ပသော အလင်းရောင်တစ်မျိုးကို ထုတ်လွှတ်နေပြီး ဤမှောင်မိုက်သော မြေအောက်ရေနုတ်မြောင်းထဲတွင် အထူးပင် ထင်ရှားပေါ်လွင်နေ၏။

သန္ဓေပြောင်းသတ္တဝါအဆင့် မြင့်လေ၊ ကာကွယ်နိုင်စွမ်း ကောင်းလေ ဟူသောအချက်နှင့် ပြန်လည်ဆက်စပ်ကြည့်လိုက်သောအခါ လော်ယွမ်၏မျက်လုံးများက တစ်ချက်လက်သွားပြီး စိတ်ထဲတွင် အဖြေတစ်ခုရရှိလိုက်သည်။ ၎င်းမှာစွမ်းအင်ပင်တည်း။

သန္ဓေပြောင်းသတ္တဝါအဆင့်ကို သွေးသားထဲရှိ တက်ကြွစွမ်းအင်ပါဝင်မှုပမာဏဖြင့် အကဲဖြတ်သတ်မှတ်ခြင်းဖြစ်ပြီး အဆင့်မြင့်လေ စွမ်းအင်အားကောင်းလေဖြစ်၏။ ပလာစမာစက်ကွင်းအတွင်းခံအင်္ကျီမှာမူ အထူးနောက်ဆက်တွဲအစွမ်းကြောင့် ၎င်း၏စွမ်းအင်က လိပ်ဘီလူးကျည်ကာအင်္ကျီထက် များစွာပို၍အားကောင်းနေသည်မှာ ထင်ရှားလှသည်။

.......................................................................................................................................................................................

လော်ယွမ်က အတွင်းခံအင်္ကျီကို မြေပြင်ပေါ်တွင် ဖြန့်ခင်းလိုက်ပြီး ကျန်းမာတောက်ဓားကို ဆွဲထုတ်လိုက်သည်။ ထို့နောက် စိတ်စွမ်းအားကို စုစည်းလိုက်ပြီး ကျန်းမာတောက်ဓားပေါ်တွင် ပြင်းထန်စွာ တုန်ခါနေသော ဓားအလင်းတန်းတစ်လွှာ ဖုံးလွှမ်းသွားမှသာ သတိဖြင့် တစ်ချက်ခုတ်ချလိုက်သည်။

လေထဲတွင် တဖျစ်ဖျစ်မြည်သံတစ်သံ ထွက်ပေါ်လာပြီး အပြာရောင်လျှပ်စီးခြည်မျှင်လေးများက ချက်ချင်းလက်ခနဲ ထွက်ပေါ်လာပြီးနောက် ပျောက်ကွယ်သွားသည်။

ပလာစမာစက်ကွင်းကို ထုတ်လုပ်ပေးသော အစိတ်အပိုင်းငယ်လေးများမှာ အလွန်သေးငယ်သောကြောင့် အတွင်းခံအင်္ကျီ၏အောက်အနားစကို အနည်းငယ်ဖြတ်တောက်လိုက်သော်လည်း စွမ်းအင်ဆုံးရှုံးမှု များများစားစားမရှိဘဲ အလင်းရောင်မှာ အနည်းငယ်မှိန်သွားရုံမျှသာဖြစ်ပြီး တောက်ပစွာ လင်းလက်နေဆဲပင်။

လော်ယွမ်က ဖြတ်တောက်လိုက်သော အဝိုင်းပုံအလင်းရောင်ထွက်နေသည့် အဝတ်စကို ဓားဖြင့်တစ်ချက်ဖြတ်တောက်လိုက်ပြီး သူ၏နဖူးတွင် စည်းနှောင်လိုက်သည်။ သူခံစားကြည့်လိုက်ရာ အာနိသင်မှာ အလွန်ကောင်းမွန်ပြီး ပုံရိပ်ယောင်မှာ တစ်လွှာခံ၍ စစ်ထုတ်ခံလိုက်ရသဖြင့် သူ၏ဦးနှောက်အပေါ် သက်ရောက်မှုမှာ အကန့်အသတ်ရှိသွားတော့သည်။

သူက သက်ပြင်းတစ်ချက်ချလိုက်ပြီး အဝတ်အစားများကို ကောက်ယူကာ ပြန်လည်ဝတ်ဆင်လိုက်သည်။ ထို့နောက် ကျန်းမာတောက်ဓားကို မကာ ပေါ့ပါးသောခြေလှမ်းများဖြင့် ပြန်လှည့်လာခဲ့သည်။

.......................................................................................................................................................................................

လော်ယွမ်ပြန်လာသည်ကိုမြင်သော် လူတိုင်းက သူ့ထံသို့ လှမ်းကြည့်ကြသည်။ သူ၏နဖူးမှ အစည်းသည် အမှောင်ထဲတွင် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်နေရာ အလွန်ပင်ထင်ရှားလှ၏။ အားလုံး၏မျက်နှာထားများမှာ ထူးဆန်းနေပြီး အံ့အားသင့်နေကြသည်။

အကယ်၍ ဤသည်မှာ လူငယ်တစ်ယောက်သာဆိုလျှင် နားလည်ပေးနိုင်သေးသည်။ အကြောင်းမှာ ဤအသက်အရွယ်သည် ထူးခြားစွာပြုမူနေထိုင်ခြင်းဖြင့် အခြားသူများ၏ အာရုံစိုက်မှုကို ခံယူလိုကြသောကြောင့်ဖြစ်သည်။ သို့သော် လော်ယွမ်ကဲ့သို့ တည်ငြိမ်သောပုဂ္ဂိုလ်၊ အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူတစ်ဦးအပေါ်တွင်မူ ဤအရာက ပြောမပြတတ်သော မလိုက်ဖက်မှုကို ဖြစ်ပေါ်စေသည်။

အထူးသဖြင့် ဝမ်ယွိကျဲမှာ ပါးစပ်လေးအနည်းငယ်ဟသွားပြီး ထူးဆန်းသောအရာတစ်ခုခုကို တွေ့ရှိလိုက်ရသကဲ့သို့ အံ့အားသင့်သော မျက်နှာထားဖြင့် ရှိနေ၏။

လော်ယွမ်က တစ်ချက်ဝေ့ကြည့်လိုက်ပြီး မျက်နှာမှာ အနည်းငယ်စိတ်ပျက်သွားသည်။ သို့သော် ဤသည်မှာလည်း မတတ်နိုင်သောကိစ္စပင်ဖြစ်သည်။ ပုံရိပ်ယောင်၏ သည်းမခံနိုင်သော ဒုက္ခပေးမှုနှင့် နှိုင်းယှဉ်လိုက်လျှင် အခြားသူများ၏ ထူးဆန်းသောအကြည့်အနည်းငယ်မှာ အရေးမပါလှပေ။

သို့သော် သူက ရှင်းပြသင့်သည်ဟု ထင်လိုက်သည်။ သူက အခြားသူများ၏အကြည့်ကို ဂရုမစိုက်သော်လည်း လူသည် လေဟာနယ်ထဲတွင် နေထိုင်နေခြင်းမဟုတ်ပေ။

"ကျွန်တော့်ကို အဲ့လိုမကြည့်ကြနဲ့... အရင်က စိတ်စွမ်းအင်တိုက်ခိုက်တာကို လေ့ကျင့်ရင်း ပြဿနာနည်းနည်းတက်သွားလို့... ဒီအစွမ်းနဲ့သိပ်ပြီးအသားမကျသေးတော့ အာရုံခံစားမှုကို ပိတ်ဆို့ထားဖို့ အတွက် ခုလိုလုပ်ထားရတာ" လော်ယွမ်က ပေါ့ပေါ့ပါးပါးပင် ရှင်းပြလိုက်သည်။

"ဒါကြောင့် ဆရာယွမ်ခုနက ကျွန်တော့်ကို တတိယမျက်လုံးရဲ့အစွမ်းအကြောင်း မေးနေတာကိုး" ကျန်းဝူက ချက်ချင်းပင် သဘောပေါက်နားလည်ဟန်ဖြင့် လိုက်လျောညီထွေစွာ ပြောလိုက်သည်။

"ဒါဆိုအကိုယွမ်က ရှင့်ရဲ့ စိတ်စွမ်းအင်တိုက်ခိုက်တာကို တတ်သွားတာလား... မတူတဲ့ ဆင့်ကဲပြောင်းလဲသူတွေက တစ်ယောက်အစွမ်းကို တစ်ယောက် သင်ယူလို့မရဘူး မဟုတ်ဘူးလား" ဝမ်ယွိကျဲက အံ့အားသင့်သော မျက်နှာထားဖြင့် မေးလိုက်သည်။

လူတိုင်း၏စိတ်ထဲတွင် ရှုပ်ထွေးသောခံစားချက်များ ဖြစ်ပေါ်သွားသည်။ ဆင့်ကဲပြောင်းလဲသူများပင် ဖြစ်လင့်ကစား ကျန်းဝူ၏ ရှင်းပြချက်ကို အတူတူနားထောင်ခဲ့ကြသော်လည်း သူတို့အတွက်မူ နားမလည်နိုင်သော ရှေးဟောင်းကျမ်းစာတစ်စောင်ကဲ့သို့ ဝေဝေဝါးဝါးဖြစ်နေခဲ့သည်။ လော်ယွမ်ကမူ ဆင့်ကဲပြောင်းလဲသူများကြားမှ အတားအဆီးကို ချိုးဖျက်ကာ ထိုစွမ်းရည်ကို အောင်မြင်စွာ ကူးယူနိုင်ခဲ့လေပြီ။

...........................................................................................................................................

ည (၁၁) နာရီ၊ ညအမှောင်ထုက ပိန်းပိန်းမှောင်နေ၏။ အဆီများဖြင့်စုပုံထားသော မီးပုံမှာ ငြိမ်းသွားခဲ့ပြီး လေထုထဲတွင် မီးလောင်ကျွမ်းပြီးစ အနံ့သင်းသင်းလေး ပျံ့နှံ့နေသည်။

ယခုအချိန်တွင် လူတိုင်းမှာ အိပ်မောကျနေခဲ့ပြီဖြစ်ပြီး ဟောက်သံများက တစ်ချက်ပြီးတစ်ချက် ထွက်ပေါ်နေသည်။

ဤနေရာသည် တောနက်ထဲမဟုတ်သော်လည်း အန္တရာယ်အလွန်များလှသည်။ ပိုးမွှား၊ ပုရွက်ဆိတ်၊ မြွေ၊ ကြွက်အမျိုးမျိုးတို့မှာ ဤနေရာတွင် ပြည့်ကျပ်နေအောင် ပေါများလှပြီး အချို့မှာ အဆိပ်ပြင်းများဖြစ်ကြ၏။ ထို့ကြောင့် ညတိုင်း ကင်းစောင့်ရန် လိုအပ်သည်။ မနေ့က ရှူကျစ်ချန်နှင့် ရှောင်ပိုင်ဟုန်တို့ တစ်လှည့်စီ တာဝန်ယူခဲ့ပြီး ယနေ့တွင်မူ လော်ယွမ်က တာဝန်ယူမည်ဟု ပြောကြားခဲ့သည်။

လော်ယွမ်၏စွမ်းအားဖြင့် သူကင်းစောင့်နေသမျှကာလပတ်လုံး ဤညတွင် မည်သည့်အန္တရာယ်မျှ ကျရောက်မည်မဟုတ်ကြောင်း ဆိုလိုနေသဖြင့် လူတိုင်းကလည်း အထူးပင် စိတ်ချလက်ချ အိပ်စက်နိုင်ကြသည်။

လော်ယွမ်က နံရံကိုမှီရင်း မျက်လုံးကိုအနည်းငယ် မှေးထားသည်။

ယခုအခါမှပင် သူသည် ဤလျှို့ဝှက်ဆန်းကြယ်သော ပုံရိပ်ယောင်အကြောင်းကို အေးအေးဆေးဆေး စဉ်းစားသုံးသပ်ရန် အချိန်ရတော့သည်။ ဤပုံရိပ်ယောင်သည် သာမန်မဟုတ်ဘဲ နောက်ကွယ်တွင် စိတ်ကူးဖြင့်မမီနိုင်သော လျှို့ဝှက်ချက်များ ပုန်းကွယ်နေနိုင်သည်ဟု သူ၏စိတ်ထဲတွင် နိမိတ်ပြနေ၏။

ပုံရိပ်ယောင်ပေါ်ပေါက်သည့် အကြိမ်နှုန်းမှာ ပုံမှန်မရှိပေ။ နှေးသည့်အခါ မိနစ်အနည်းငယ်ကြာမှ တစ်ကြိမ်ပေါ်လာပြီး မြန်သည့်အခါတွင်မူ စက္ကန့်သုံးဆယ်အတွင်း တစ်ကြိမ်ပေါ်လာတတ်သည်။ ထို့အပြင် မြေအောက်ရေနုတ်မြောင်းထဲတွင် ပေါ်ပေါက်သည့်အကြိမ်နှုန်းမှာ အပြင်ဘက်ထက် များစွာပို၍ မြင့်မား၏။

ထိုအချိန်တွင် သူသည် ထူးဆန်းသောအဖြစ်အပျက်တစ်ခုကို ရုတ်တရက်သတိရလိုက်သည်။

သူ ရှူကျစ်ချန်ကို ကြည့်လိုက်တိုင်း ပုံရိပ်ယောင်သည် အမြဲတစေ ပေါ်ပေါက်လာပြီး တစ်ကြိမ်တစ်ခါမျှ လွဲချော်ခြင်းမရှိသည်ကို သူတွေ့ရှိလိုက်ရသည်။ ယခင်က သူ၏ဦးနှောက်မှာ ထိုင်းမှိုင်းနေခဲ့ပြီး တမင်လျစ်လျူရှုထားခဲ့သောကြောင့် ထူးခြားမှုတစ်စုံတစ်ရာ မခံစားမိခဲ့ပေ။ ယခုကဲ့သို့ ညဉ့်နက်သန်းခေါင်အချိန် အတွေးများတည်ငြိမ်နေချိန်ကျမှသာ ရုတ်တရက် ပြန်လည်သတိရလာခြင်းဖြစ်သည်။

သေချာစေရန်အတွက် သူက အိပ်မောကျနေသော ရှူကျစ်ချန်ကို တမင်လှမ်းကြည့်လိုက်ပြန်သည်။ အမှန်ပင် ထိုအတိုင်းပင်ဖြစ်၏။ ၎င်းမှာ အရောင်အသွေးစုံလင်သော အလင်းကွက်တစ်ခုဖြစ်ပြီး ရောင်စုံဖန်ပြွန်ချောင်းတစ်ခုကို အရှိန်ပြင်းစွာလှည့်ပတ်နေသကဲ့သို့ ချက်ချင်းချက်ချင်း ပြောင်းလဲနေသည်။

၎င်းက လူကို မလွန်ဆန်နိုင်ဘဲ နစ်မျောသွားစေ၏။

ထို့အပြင် သာမန်ပုံရိပ်ယောင်များနှင့်မတူညီသည်မှာ ၎င်းက ထိုနေရာတွင် အမြဲရှိနေပြီး ရုတ်တရက်ပျောက်ကွယ်သွားခြင်း၊ ရုတ်တရက်ပေါ်လာခြင်းမရှိဘဲ ရှူကျစ်ချန်၏ခန္ဓာကိုယ်နှင့် ဆက်စပ်နေသကဲ့သို့ ရှိနေသည်။

သို့သော် ဤသို့ကြည့်ရှုခြင်းသည် အလွှာတစ်လွှာခံထားသကဲ့သို့ ဖြစ်နေသေးသည်။ သူက ခဏတာတွန့်ဆုတ်လိုက်ပြီးနောက် နဖူးမှအစည်းကို ဖြေချလိုက်သည်။

တစ်ချက်မျှသာ ကြည့်လိုက်ရုံဖြင့် သူ၏မျက်နှာမှာ ဖြူဖျော့သွားပြီး အကြည့်ကို အလျင်အမြန်လွှဲလိုက်ရသည်။ အချိန်အတော်ကြာပြီးမှ သူသတိပြန်ဝင်လာသော်လည်း ဦးနှောက်မှာ ထိုးကိုက်လာပြီး ယခင်မြင်ကွင်းကို အနည်းငယ်မျှပင် ပြန်လည်မှတ်မိခြင်းမရှိတော့ပေ။

သူက အစည်းကို ပြန်လည်စည်းနှောင်လိုက်သည်။ ထိုအချိန်တွင် သူ၏စိတ်ထဲတွင် အတွေးတစ်ခုဝင်လာသည်။

နဖူးမှ ဤပုံပျက်နေသော အာရုံခံစားမှုသည် အချို့သောလူများအပေါ် အထူးတုံ့ပြန်မှုရှိနေပါက ဤသည်မှာလည်း စွမ်းရည်တစ်မျိုးပင် ဖြစ်နိုင်သည် မဟုတ်လော။ စနစ်က ဤစွမ်းရည်အပေါ် တိကျသောဖော်ပြချက်တစ်ခုခု ပေးထားမည်လော မသိပေ။

သူက စနစ်ကို အလျင်အမြန်ဖွင့်လိုက်သည်။

စနစ်၏အရည်အသွေးများကို သူအလွန်ရင်းနှီးနေခဲ့ပြီဖြစ်ပြီး အလွတ်ပင်ရနေပြီဖြစ်သည်။ သူက တစ်ချက်ဝေ့ကြည့်လိုက်ပြီး မကြာမီမှာပင် ''ပင်ကိုအစွမ်းများ'' ဟူသော ခေါင်းစဉ်အောက်တွင် ''မြေလှိုင်းအစွမ်း'' အပြင် နောက်ထပ်တစ်ခု တိုးလာသည်ကို တွေ့ရှိလိုက်ရသည်။

ဤသည်မှာ အမြင်မှားခြင်းမဟုတ်ကြောင်း သက်သေပြရန်အလို့ငှာ လော်ယွမ်သည် အချိန်အတော်ကြာအောင် အလိုအလျောက် စိုက်ကြည့်နေမိသည်။ ဤစကားလုံးလေးလုံးတွင် မည်သို့သောစွမ်းအားများ ပါဝင်နေသည်မသိ သူ၏နှလုံးသားကို ဒိတ်ခနဲ ဒိတ်ခနဲ ခုန်လှုပ်သွားစေသည်။

"စတုတ္ထဒိုင်မင်းရှင်း အမြင်အာရုံ"

ဆက်ရန်...

All Chapters