အခန်း (၂၉၅+၂၉၆)
Vol. 15 Ch. 295+296
အပိုင်း(၂၉၅)ထပ်မံဝင်ရောက်ခြင်း
သူက ပင်ကိုစွမ်းရည်၏ ကဏ္ဍခွဲတစ်ခုကို ဖွင့်လိုက်၏။
"စတုတ္ထဒိုင်မင်းရှင်း အမြင်အာရုံ"
"စတုတ္ထဒိုင်မင်းရှင်းအမြင်သို့ အသွင်ကူးပြောင်းမှု ပမာဏ - ၁%"
"အကျိုးသက်ရောက်မှု - ဤအရာဖြင့် စတုတ္ထဒိုင်မင်းရှင်းလောက၏ လျှို့ဝှက်နက်နဲမှုများကို အနည်းငယ် စူးစမ်းသိရှိနိုင်သည်"
"သုံးသပ်ချက် - ဤလောကကြီးသည် အလွန်ကျယ်ပြန့်ပြီး လျှို့ဝှက်ဆန်းကြယ်လှပေသည်။ တတိယဒိုင်မင်းရှင်းလောကမှ သက်ရှိတို့မှာမူ အလွန်သေးငယ်ပြီး မပြောပလောက်ပေ။ သတိပေးချက် - စတုတ္ထဒိုင်မင်းရှင်းလောကကို အချိန်ကြာမြင့်စွာ တိုက်ရိုက်မကြည့်ပါနှင့်။ သင်၌ စတုတ္ထဒိုင်မင်းရှင်းမျက်လုံးများ ရှိနေသော်လည်း ဦးနှောက်မှာ တတိယဒိုင်မင်းရှင်းအဆင့်၌သာ ရှိနေသေးသည်"
စနစ်၏ မိတ်ဆက်စကားသည် ယခင်အတိုင်းပင် စကားလုံးများကို ခြွေတာသုံးစွဲထားပြီး စုစုပေါင်း စာလုံးတစ်ရာပင် မပြည့်သော်လည်း လော်ယွမ်ကမူ ငါးမိနစ်ထက်မနည်း အချိန်ယူ၍ ဖတ်ရှုခဲ့သည်။
သူက စနစ်ကို ပိတ်လိုက်ပြီး မျက်မှောင် အနည်းငယ် ကြုတ်လိုက်မိ၏။
စတုတ္ထဒိုင်မင်းရှင်း အမြင်အာရုံ... ဤနာမည်က အလွန်အဆင့်မြင့်လှသည်ဟု ဆိုရမည်ဖြစ်၏။ နာမည်ကြားရုံမျှဖြင့်ပင် နားမလည်နိုင်အောင် နက်နဲပြီး မြင့်မားလွန်းလှသည်ဟု ထင်မှတ်ရ၏။ သို့ရာတွင် လော်ယွမ်က စိတ်ထဲ၌ သေချာစွာ ဆင်ခြင်သုံးသပ်ကြည့်သောအခါ ဤအရာသည် မည်သို့မျှ အသုံးဝင်ခြင်းမရှိလှကြောင်း တွေ့ရှိလိုက်ရ၏။
စတုတ္ထဒိုင်မင်းရှင်းမြင်လောကအကြောင်း ပြောရလျှင် သူ၌ အခြေခံအသိအမြင် အနည်းငယ် ရှိ၏။ တက္ကသိုလ်တက်စဉ်အခါက အသိပညာကို ပြင်းပြင်းထန်ထန် ရှာဖွေလိုစိတ် ပြင်းထန်နေချိန်ဖြစ်ရာ အာကာသတို့၊ ဒိုင်မင်းရှင်းတို့အကြောင်းကို အချိန်အတိုင်းအတာတစ်ခုအထိ အထူးတလည် လေ့လာခဲ့ဖူးသည်။
ယေဘုယျအားဖြင့် ဒိုင်မင်းရှင်းတို့၏ အများလက်ခံထားသော သတ်မှတ်ချက်မှာ အစက်တစက်၊ မျဉ်းတကြောင်း၊ ပြင်ညီမျက်နှာပြင် တို့သည် သုည၊ ပထမ နှင့် ဒုတိယ ဒိုင်မင်းရှင်းများကို အသီးသီး ကိုယ်စားပြု၏။ တတိယဒိုင်မင်းရှင်းမှမှာမူ ထုထည်ရှိသော လောက၊ သို့မဟုတ် သာမန်အားဖြင့် နေရာဟု ခေါ်ဆိုကြသည့် လူသားတို့ မျက်စိဖြင့် မြင်နိုင်သော လောကကြီးပင် ဖြစ်သည်။
သင်္ချာနည်းလမ်းဖြင့် ဖော်ပြရလျှင် တတိယဒိုင်မင်းရှင်းမှလောက၌ X ဝင်ရိုး၊ Y ဝင်ရိုး နှင့် Z ဝင်ရိုး ဟူ၍ တစ်ခုနှင့်တစ်ခု ထောင့်မှန်ကျသော ဝင်ရိုးသုံးခု ရှိ၏။ စတုတ္ထဒိုင်မင်းရှင်းလောက၌မူ X၊ Y၊ Z ဝင်ရိုးများအပေါ်၌ နောက်ထပ် ဝင်ရိုးတစ်ခု ထပ်မံရှိနေပြီး ကျန်ဝင်ရိုးသုံးခုလုံးနှင့်လည်း ထောင့်မှန်ကျနေပြန်သည်။
ဤသည်မှာ စိတ်ကူးဖြင့် မှန်းဆ၍မရနိုင်၊ ဖော်ပြ၍မရနိုင်သကဲ့သို့ စူးစမ်းသိရှိနိုင်ခြင်းလည်း မရှိပေ။
ဒုတိယဒိုင်မင်းရှင်းမှ သက်ရှိတစ်ဦး (အကယ်၍ ထိုသက်ရှိက ဉာဏ်ရည်ရှိသည် ဆိုဦးတော့) သည် 'အမြင့်' ဟူသော သဘောတရားကို မည်သည့်အခါမျှ နားလည်နိုင်မည် မဟုတ်သကဲ့သို့ပင်။ တတိယဒိုင်မင်းရှင်းမှလောကမှ လူသားတို့သည်လည်း စတုတ္ထဒိုင်မင်းရှင်းလောက၏ စတုတ္ထမြောက်ဝင်ရိုးသည် အဘယ်အရာဖြစ်သည်ကို နားလည်နိုင်စွမ်းမရှိပေ။ အဘယ်ကြောင့်ဆိုသော် ပိုမြင့်သော ဒိုင်မင်းရှင်း၏ မသိနိုင်သော သဘာဝတရားကြောင့် လူသားတို့ ခန့်မှန်းနိုင်သမျှ၊ စိတ်ကူးကြည့်နိုင်သမျှ အရာအားလုံးသည် မှားယွင်းနေသောကြောင့် ဖြစ်၏ (အချိန်ဟူသော အယူအဆသည်လည်း ဤနည်းနှင်နှင်ပင် ဖြစ်သည်)။
( ဒုတိယဒိုင်မင်းရှင်း2Dလောကမှာ အလျားနဲ့အနံပဲရှိပါတယ်။ သူတို့မှာ အမြင့်ဆိုတာ မရှိတဲ့အတွက် အဲ့လောကမှာ သက်ရှိတွေ ရှိခဲ့ရင် အမြင့်ဆိုတဲ့ အဓိပ္ပါယ်ကို ဘယ်တော့မှနားလည်နိုင်မှာမဟုတ်ပါဘူး)
ထို့အတူ ဒိုင်မင်းရှင်းတစ်ခု တိုးလာတိုင်း ၎င်း၌ ပါဝင်သော အချက်အလက် ပမာဏသည်လည်း မရေမတွက်နိုင်သော အဆပေါင်းများစွာ တိုးပွားလာ၏။ လူ၏ ဒုတိယဒိုင်မင်းရှင်းပုံရိပ်ကို ပစ်ဆယ်(Pixel) များဖြင့် ဖော်ပြ၍ရသော်လည်း တတိယဒိုင်မင်းရှင်းမှလောကမှ လူသား၌မူ 'အမြင့်' ဟူသော သဘောတရား ပါဝင်လာသည့်အတွက် ပုံသဏ္ဌာန်အမျိုးမျိုးရှိသော ရုပ်ဝတ္ထုများ တည်ရှိလာရခြင်း ဖြစ်သည်။
ထိုနည်းတူစွာပင် စတုတ္ထဒိုင်မင်းရှင်းလောက၌ ပါဝင်သော အချက်အလက် ပမာဏသည်လည်း လူသားတို့ လုံးဝ မှန်းဆနိုင်စွမ်းမရှိသည်မှာ ထင်ရှားလှ၏။ ယခုခေတ် အဆင့်အမြင့်ဆုံး စူပါကွန်ပျူတာတစ်လုံးပင်လျှင် စတုတ္ထဒိုင်မင်းရှင်းမြင်လောက၏ ပုံရိပ်ကို မှတ်တမ်းတင်ရန် ကြိုးစားပါက တွက်ချက်နိုင်စွမ်းကို အဆတစ်သောင်း ထပ်ပေါင်းထည့်သည့်တိုင် ချက်ချင်း ပျက်စီးသွားပေလိမ့်မည်။
သူ၏ ဆယ့်လေးမှတ်ရှိသော ဉာဏ်ရည်သည်လည်း ဦးနှောက်၏ အလိုအလျောက်ကာကွယ်မှုဖြင့် အချက်အလက်အများစုကို ပိတ်ဆို့ထားခြင်း မရှိခဲ့ပါလျှင်၊ ထို့အပြင် စတုတ္ထဒိုင်မင်းရှင်း အမြင်အာရုံ၏ အသွင်ကူးပြောင်းမှု အတိုင်းအတာက (၁) ရာခိုင်နှုန်းပဲ ရှိနေခြင်းမဟုတ်ခဲ့ပါလျှင်၊ သူ၏ ဦးနှောက်သည် ကြာမြင့်စွာကတည်းက ပေါက်ကွဲထွက်သွားလောက်ပြီ ဖြစ်၏။
(လော်ယွမ်ရဲ့အမြင်အာရုံက စတုတ္ထဒိုင်မင်းရှင်းအမြင်အာရုံဖြစ်သွားပေမယ့် အမြင်အာရုံကနေ ပေးပို့လာတဲ့ စတုတ္ထဒိုင်မင်းရှင်းလောကရဲ့ အချက်အလက်တွေကို လက်ခံပြီးစီမံခန့်ခွဲနိုင်မယ့် ဦးနှောက်မရှိသေးပါဘူး။ သူ့ဦးနှောက်က တတိယဒိုင်မင်းရှင်းလောကရဲ့ အချက်အလက်တွေကိုပဲ လက်ခံနိုင်ပါသေးတယ်။ ဒါကြောင့် ခန္ဓာကိုယ်ရဲ့အလိုအလျောက်အကာအကွယ်တွေသာမရှိရင် လော်ယွမ်ဦးနှောက်ပျက်ပြီး ရူးသွားမှာပါ)
အဆင့်ပေါင်းများစွာ လျှော့တွက်၍ ထိုအချက်အလက်များကို အပြည့်အစုံ မှတ်တမ်းတင်နိုင်ခဲ့သည် ဆိုဦးတော့ သူ့အတွက်မူ ၎င်းတို့သည် နားလည်နိုင်စွမ်းမရှိသော အဓိပ္ပာယ်မဲ့ ရှုပ်ထွေးသည့် သင်္ကေတများသာ ဖြစ်နေပေလိမ့်မည်။
အကြောင်းမှာ သူ၏ နားလည်နိုင်စွမ်းသည် တတိယဒိုင်မင်းရှင်း၌သာ ရှိနေသေးသောကြောင့် ဖြစ်သည်။
လော်ယွမ်၏ မူလက ပူလောင်တက်ကြွနေသော စိတ်အစဉ်သည် ခေါင်းပေါ်မှ ရေခဲရေတစ်ပုံးဖြင့် လောင်းချခံလိုက်ရသည့်အလား ချက်ချင်းပင် အေးစက်သွားခဲ့ပြီး တစ်ချိန်တည်းမှာပင် ပြောမပြနိုင်သော စိတ်ပျက်အားငယ်မှုတစ်မျိုးက သူ၏ နှလုံးသားထဲ၌ ပျံ့နှံ့သွားတော့သည်။
လော်ယွမ်က ဤတစ်ကြိမ် တိုးပွားလာသော ပင်ကိုစွမ်းရည်သည် သူ့အတွက် ဒုက္ခအချို့ ယူဆောင်လာသည်မှလွဲ၍ မည်သို့မျှ အသုံးဝင်ခြင်းမရှိကြောင်း တွေ့ရှိလိုက်ရ၏။
"မဟုတ်သေးဘူး... လုံးဝ အသုံးမဝင်တာတော့မဟုတ်ဘူး" လော်ယွမ်က ရှူကျစ်ချန်ဘက်သို့ လှည့်ကြည့်လိုက်၏။ "အနည်းဆုံးတော့ ဒီမျက်လုံးက တချို့ထူးခြားတဲ့ သက်ရှိတွေကို မြင်တွေ့နိုင်သေးတယ်"
ပတ်တီးဖြင့် ဖုံးအုပ်ထားပြီးနောက် နဖူးမှ စတုတ္ထဒိုင်မင်းရှင်း အမြင်အာရုံသည် အလွန်အမင်း အားနည်းသွားပြီး စတုတ္ထဒိုင်မင်းရှင်းတစ်စိတ်တစ်ပိုင်းအခြေအနေသို့ ကျဆင်းသွားဟန်တူ၏။ ထို့ကြောင့် သူက ထိုထင်ယောင်ထင်မှား ပုံရိပ်များကို အနည်းငယ် တည့်မတ်စွာ ကြည့်ရှုနိုင်ပြီး မှတ်ဉာဏ်ထဲ၌ ထည့်သွင်းနိုင်ခဲ့ခြင်း ဖြစ်သည်။
ထို ရောင်စုံပြောင်းလဲနေသော အရောင်အဆင်းများကို ကြည့်ရင်း လော်ယွမ်၏ စိတ်ထဲ၌ ရုတ်တရက် အသိဉာဏ်အလင်းရောင်တစ်စ ဝင်ရောက်လာသကဲ့သို့ တုန်လှုပ်သွားမိ၏။ ဤအရောင်အဆင်းများသည် စတုတ္ထဒိုင်မင်းရှင်းလောက၌ ရှိသော သူ၏ ခန္ဓာကိုယ် အစိတ်အပိုင်းများ ဖြစ်နိုင်ပြီး ယခုမြင်တွေ့နေရသော ခန္ဓာကိုယ်မှာမူ တတိယဒိုင်မင်းရှင်းလောကမှ၌ ထင်ဟပ်နေသော ပုံရိပ်တစ်ခုသာ ဖြစ်ရမည်။
သူ၏ စစ်မှန်သော ပုံသဏ္ဌာန်သည် စတုတ္ထဒိုင်မင်းရှင်း သက်ရှိတစ်ဦးဖြစ်ပြီး စိတ်ကူးဖြင့် မှန်းဆ၍မရသော တည်ရှိမှုတစ်မျိုး ဖြစ်နိုင်၏။
သို့ရာတွင် ပုရွက်ဆိတ်တစ်ကောင်၏ အသိစိတ်က လူဘီလူးကြီးတစ်ကောင်၏ ခန္ဓာကိုယ်ကို မထိန်းချုပ်နိုင်သကဲ့သို့ပင် တတိယဒိုင်မင်းရှင်းမှ သက်ရှိတစ်ဦး၏ အသိစိတ်၌ မွေးရာပါ ကန့်သတ်ချက်များ ရှိနေသောကြောင့် သူက တတိယဒိုင်မင်းရှင်းကို ကျော်လွန်၍ စတုတ္ထဒိုင်မင်းရှင်း သက်ရှိတစ်ဦးအဖြစ်သို့ ချောမွေ့စွာ တက်လှမ်းနိုင်ခြင်း မရှိသေးခြင်း ဖြစ်တန်ရာ၏။
သို့သော် ဤသည်မှာ ယာယီမျှသာ ဖြစ်၏။ အခြေခံအုတ်မြစ်ကို ချထားပြီးဖြစ်ရာ သူသာ လမ်းခုလတ်၌ သေဆုံးမသွားခဲ့ပါလျှင်၊ သေဆုံးသွားသော ဆဲလ်များကို အကန့်အသတ်မရှိ အစားထိုးနိုင်သော ဤခန္ဓာကိုယ်က ပိုင်ဆိုင်ထားသည့် ရှည်လျားလှသော သက်တမ်းဖြင့် သူသည် စတုတ္ထဒိုင်မင်းရှင်း သက်ရှိတစ်ဦး ဖြစ်လာရန်မှာ အချိန်စောခြင်းနှင့် နောက်ကျခြင်း ကွာခြားမှုသာ ရှိတော့သည်။
ထိုအချိန်ကျလျှင် သူ့ကို နတ်ဘုရားတစ်ပါးဟု ခေါ်ဆိုလျှင်ပင် လွန်မည်မဟုတ်တော့ပေ။
လော်ယွမ် ဤသို့ တွေးမိလိုက်သည်နှင့် ရုတ်တရက် ကျောချမ်းသွားမိ၏။ ဤသို့သော စတုတ္ထဒိုင်မင်းရှင်း သက်ရှိများ မည်မျှများများ ရှိနေသေးသည်ကို မသိနိုင်။ အကယ်၍သာ အမှန်တကယ် တွေ့ဆုံခဲ့ရပါလျှင် သူ့ကို သတ်ဖြတ်ပစ်ခြင်းသည် ပုရွက်ဆိတ်တစ်ကောင်ကို နင်းသတ်ခြင်းထက် များစွာ ပို၍ ခက်ခဲမည်မဟုတ်ပေ။
..................................................................................................................................................
လော်ယွမ်သည် တစ်ညလုံး တွေးတောနေခဲ့ပြီး လူအုပ်စု အိပ်ရာထသည့်အချိန်ကျမှသာ သတိပြန်ဝင်လာပြီး အသိစိတ်သည် လက်တွေ့ဘဝသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
စတုတ္ထဒိုင်မင်းရှင်းက အလွန်အလှမ်းဝေးကွာပြီး တတိယဒိုင်မင်းရှင်းမှကမူ အလွန်နီးကပ်နေ၏။ လက်တွေ့ဘဝမှ မိမိ၏ လုံခြုံရေးကိုပင် အာမမခံနိုင်သေးဘဲ အဘယ်မှာလျှင် အဓိပ္ပာယ်မဲ့သော အတွေးများကို အများအပြား တွေးတောနေပြီး မိုးပြိုလာမည်ကို စိုးရိမ်နေသူကဲ့သို့ ပြုမူနေမည်နည်း။
မည်သို့ပင်ဖြစ်စေ လူသည် လက်တွေ့ဘဝကို ရင်ဆိုင်ရမည်သာ ဖြစ်သည်။
လော်ယွမ်က မနက်စာ စားသောက်ပြီးနောက် ဗုံးခိုကျင်း ဒုတိယအလွှာသို့ တစ်ခေါက် သွားရောက်ခဲ့သည်။ လမ်းမပေါ်၌ အပြည့်အစုံ လက်နက်တပ်ဆင်ထားသော စစ်သားများ ပျောက်ကွယ်သွားပြီး လမ်းထောင့်မှ ကင်းစခန်းအများစုကိုလည်း ရုပ်သိမ်းသွားခဲ့ကာ သာမန် စစ်ရဲအချို့သာ လမ်းမပေါ်၌ ကင်းလှည့်နေသည်ကို တွေ့ရ၏။
လော်ယွမ်သည် လမ်းတစ်လျှောက်လုံး၌ တစ်ကြိမ်မျှပင် တားဆီးခြင်းမခံရပေ။ မျက်စိရှေ့မှ အရာအားလုံးကို ကြည့်ရင်း သူ၏ စိတ်ထဲ၌ တစ်စုံတစ်ခုကို တွေးတောမိနေပြီး နောက်ဆုံး၌ သူ၏ မူလရုပ်သွင်ကို ပြန်လည်ပြောင်းလဲလိုက်တော့သည်။
ထင်သည့်အတိုင်းပင် မကြာမီမှာပင် လော်ယွမ်သည် အနီးအနားမှ စစ်ရဲငယ်တစ်ဦးက သူ့ကို သံသယဖြင့် အကြိမ်အနည်းငယ် စိုက်ကြည့်လိုက်ပြီး ဓာတ်ပုံတစ်ပုံကို ထုတ်၍ တိုက်ဆိုင်စစ်ဆေးလိုက်သည်ကို သတိပြုမိလိုက်သည်။ ထို့နောက် သူက အပြေးအလွှား ရောက်လာပြီး စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်၏။ "ဆ... ဆရာယွမ်... နောက်ဆုံးတော့ ခင်ဗျားကို ရှာတွေ့ပြီ... မြို့တော်ဝန်စုံ့က ခင်ဗျားကို တွေ့ခွင့်တောင်းထားတယ်"
လော်ယွမ်က စိတ်ထဲ၌ ခဏတာ စဉ်းစားလိုက်ပြီး တင်းမာနေသော မျက်နှာထက်၌ အပြုံးတစ်ချက် ပေါ်လာခဲ့သည်။ "ဒါဆိုရင်တော့ ခင်ဗျားပဲ လမ်းပြလိုက်တော့"
စစ်ရဲငယ်လေး၏ မျက်နှာထက်၌ အပြုံးများ ဝေဆာသွားသည်။ "ဘာမှမဖြစ်ဘူး... ဆရာယွမ်အတွက် လုပ်ပေးခွင့်ရတာ ကျွန်တော့်အတွက် ဂုဏ်ယူစရာပါ... မြို့တော်ဝန်စုံ့က အထူးတလည် မှာကြားထားတယ်... ဆရာယွမ့်ကို တွေ့တာနဲ့ ချက်ချင်း သူ့ဆီကို ဖိတ်ခေါ်ခဲ့ပါတဲ့"
လော်ယွမ်က ထိုစစ်ရဲငယ်၏ နောက်သို့ လိုက်ပါရင်း မြို့တော်ဝန်ရုံးစီသို့ လျှောက်သွားလိုက်ပြီး သူ၏ မျက်နှာထက်မှ အပြုံးသည် တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ "တစ်ခါသေဖူး ပျဉ်ဖိုးနားလည်" ဆိုသကဲ့သို့ပင်။ ဤသည်မှာ နောက်ထပ် ထောင်ချောက်တစ်ခု ဖြစ်နိုင်သည်ဟု သူ သံသယဝင်မိရသည်။
ဤပုန်ကန်မှုထဲ၌ အလွန်အရေးကြီးသော စိတ်ထိန်းချုပ်သူတစ်ဦး ပေါ်ထွက်လာခြင်း မရှိသေးပေ။ မနေ့က ခြိမ်းခြောက်မှုကြောင့် တစ်ဖက်လူက ယာယီ ပျောက်ကွယ်ပုန်းအောင်းသွားနိုင်သော်လည်း မည်သို့ပင်ဖြစ်စေ သတိထား ကာကွယ်ရမည်သာ ဖြစ်၏။
ဤသို့သော ဆင့်ကဲပြောင်းလဲသူမျိုးသည် တိုက်ခိုက်ရေးစွမ်းရည်အရ မပြောပလောက်သော်လည်း အမှောင်ထဲ၌ ပုန်းကွယ်လျက် မိမိလက်ထဲမှ ထိန်းချုပ်ထားသော အင်အားကို အသုံးချကာ ဖန်တီးနိုင်သော ပျက်စီးမှုသည် တစ်မြို့တစ်နယ်လုံးကိုပင် ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိ၏။
သို့သော် ထောင်ချောက်ပင် ဖြစ်နေစေကာမူ လော်ယွမ်သည် သွားရမည်သာ ဖြစ်၏။ နောင်တွင် မြေအောက်ရေနုတ်မြောင်းထဲ၌ နေ့စဉ် ပုန်းအောင်းနေပြီး နေ့မအား ညမအား ကာကွယ်နေရမည့်အစား ဤသို့ တစ်ကြိမ် ထပ်မံစွန့်စားပြီး "သူ့"ကို တိုက်ရိုက် ဆွဲထုတ်ဖမ်းဆီးလိုက်ခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။
အရည်အချင်းမြင့်မားသူသည် သတ္တိလည်း ကြီးမား၏။ သူ၏ လက်ရှိစွမ်းအားဖြင့် သတိကြီးစွာ ထားရှိပြီး ပေ၃၀၀နီးပါး ကျယ်ပြန့်သော အာရုံခံစားမှု ဧရိယာဖြင့် စောင့်ကြည့်နေပါက သူ့အား ချောင်းမြောင်းတိုက်ခိုက်ရန်မှာ လွယ်ကူသော ကိစ္စတစ်ခု မဟုတ်တော့ပေ။
ဆယ်မိနစ်ခန့် ကြာပြီးနောက် မြို့တော်ဝန်ရုံး၏ တံခါးဝသည် မျက်စိရှေ့သို့ ရောက်ရှိလာခဲ့သည်။
စစ်ရဲငယ်လေးက အပြေးအလွှားသွား၍ ကင်းစောင့်နေသော စစ်သားကို အသံတိုးတိုးဖြင့် စကားအနည်းငယ် ပြောဆိုလိုက်သည်။ ဗိုလ်ကြီးအဆင့် တံဆိပ်တပ်ထားသော အရာရှိတစ်ဦးက အဝေးမှ လော်ယွမ်ကို တစ်ချက် လှမ်းကြည့်လိုက်ပြီး လက်ဝှေ့ယမ်းပြလိုက်ကာ လျင်မြန်စွာပင် ဝင်ခွင့်ပြုလိုက်သည်။
လော်ယွမ်က လမ်းတစ်လျှောက်လုံး၌ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုရင်း သူ၏ အာရုံခံစားမှုသည် ပြဒါးရည်များ ပျံ့နှံ့သွားသကဲ့သို့ ပတ်ဝန်းကျင်သို့ ဖြန့်ကျက်လိုက်သည်။ မရေမတွက်နိုင်သော သတင်းအချက်အလက်များ ဦးနှောက်ထဲသို့ လျင်မြန်စွာ စီးဝင်လာ၏။ သံသယဖြစ်ဖွယ် အရာဝတ္ထုမှန်သမျှ၊ မြေကြီးအောက် နက်ရှိုင်းစွာ ရှိနေသည့်တိုင်အောင် သူ၏ အာရုံခံစားမှုမှ လွတ်မြောက်နိုင်ခြင်းမရှိပေ။
သို့သော်လည်း ပုံမှန်ပင်တည်း။ အရာအားလုံးသည် အလွန်အမင်း ပုံမှန်အတိုင်းပင် ဖြစ်နေ၏။ ဤနေရာ၌ လူများ သွားလာလှုပ်ရှားနေကြပြီး ယခင်အတိုင်းပင် အလုပ်များနေကြသည်။ မနေ့က သွေးထွက်သံယို သတ်ဖြတ်မှုက လုံးဝ သက်ရောက်မှုမရှိခဲ့သည့်အလားပင်။
မကြာမီ မြို့တော်ဝန်ရုံးခန်းက မျက်စိရှေ့သို့ ရောက်ရှိလာသည်။ စစ်ရဲလေးက လောကွတ်စွာဖြင့် ရှေ့သို့တက်ကာ တံခါးကို ညင်သာစွာ ခေါက်လိုက်သည်။
"ဝင်ခဲ့ပါ" အတွင်းမှ လေးနက်သော အသံတစ်သံ ထွက်ပေါ်လာသည်။
ဆက်ရန်...
အပိုင်း(၂၉၆)သံသယ
စစ်ရဲများ လျင်မြန်စွာ ထွက်ခွာသွားပြီးနောက် လော်ယွမ်က စိတ်ထဲတွင် ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးမှ တံခါးကို တွန်းဖွင့်လိုက်၏။
အထဲတွင် လူတစ်ယောက်တည်း ရှိနေသည်မဟုတ်ဘဲ မြို့တော်ဝန်စုံ့အပြင် အမျိုးသမီးတစ်ဦးလည်း ရှိနေသေး၏။ လော်ယွမ်၏ မျက်ဝန်းထဲတွင် အံ့အားသင့်မှုရိပ်တစ်ချက် ဖြတ်ပြေးသွားသည်။ သူမက ခန္ဓာကိုယ်နှင့် ကျစ်လျစ်စွာလိုက်ဖက်သော အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထား၏။ ထိုအဝတ်အစားသည် သူမ၏ ရင်သားများကို တင်းတင်းကြပ်ကြပ် ပေါင်းစည်းထားရာ အချိန်မရွေး လျှံထွက်လာတော့မည့်အလားပင်။ ခါးဆီသို့ ရောက်သောအခါ ရုတ်တရက် ကျဉ်းမြောင်းသွားလျက် ပြီးပြည့်စုံသော ခန္ဓာကိုယ်အကွေးအဝတ်ကို ပုံဖော်နေ၏။
ဝတ်စုံအောက်မှ တင်ပါးမှာ ပြည့်ဖြိုး၍ ကော့တက်နေပြီး၊ ဖြောင့်စင်းဖြူဖွေးသော ခြေတံရှည်တစ်စုံသည်ကား မြင်သူ၏မျက်လုံးများကို ဖမ်းစားထားသကဲ့သို့ပင်။ ဤသည်မှာ တစ်ချက်ကြည့်ရုံမျှဖြင့် ယောက်ျားသားတို့၏ ဟော်မုန်းများကို လျင်မြန်စွာ ထုတ်လွှတ်စေနိုင်သော ပြည့်စုံသည့်အလှတရားပိုင်ရှင်တစ်ဦး ဖြစ်၏။ ထို့အပြင် ဖြူစင်၍ ရှက်သွေးဖြန်းနေသော မျက်နှာလေးနှင့် ပေါင်းစပ်လိုက်သောအခါ လူကို ရူးသွပ်သွားစေနိုင်လောက်သည်အထိပင်တည်း။
"ဆရာယွမ် ထိုင်ပါဦး... ခင်ဗျားကို တွေ့ရတာ တကယ်ကိုဝမ်းသာတာပဲဗျာ" လော်ယွမ် ဝင်လာသည်ကို မြင်သောအခါ မြို့တော်ဝန်စုံ့က စားပွဲပေါ်မှ စာရွက်စာတမ်းများကို ဘေးသို့တွန်းဖယ်လိုက်ပြီး နွေးထွေးစွာ ထကြိုလိုက်သည်။
"ကျွန်တော်လည်း ထပ်တူပါပဲ" လော်ယွမ်က သူ၏အကြည့်ကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ပြီး မြို့တော်ဝန်စုံ့နှင့် ပြုံး၍လက်ဆွဲနှုတ်ဆက်ကာ ဆိုဖာပေါ်တွင် ထိုင်ချလိုက်၏။
"ကန္တာရမြို့မှာ ဒီလိုကိစ္စမျိုးဖြစ်သွားတာ တကယ်ကို တုန်လှုပ်စရာပဲ... ဒီတစ်ခေါက်ပုန်ကန်မှုက အထက်ပိုင်းကလူကြီးပိုင်းတွေ အားလုံးနီးပါးကို တစ်ပြုံတည်း ရှင်းပစ်လိုက်သလို ဖြစ်သွားတယ်... ကျွန်တော်နဲ့ တပ်မမှူးလျှိုတောင် အထိန်းသိမ်းခံလိုက်ရသေးတယ်... ကန္တာရမြို့အတွက် ကြီးမားတဲ့ ဆုံးရှုံးမှုနဲ့ ထိခိုက်သေဆုံးမှုတွေ ဖြစ်စေခဲ့တာမို့ ဒီကိစ္စ ကျွန်တော့်မှာ တကယ်တာဝန်မကင်းဘူး" မြို့တော်ဝန်စုံ့က အလွန်အမင်း နာကျင်ခံစားရသော မျက်နှာထားဖြင့် ပြောဆို၏။
"မြို့တော်ဝန်စုံ့ ကိုယ့်ကိုယ်ကိုယ်သိပ်အပြစ်မတင်ပါနဲ့တော့... ဒါက လူ့စွမ်းအားနဲ့ မတတ်နိုင်တဲ့ ကိစ္စပဲလေ... ပြီးတော့ အခုဆို အမှားအမှန်ကို ပြန်ပြင်နိုင်ခဲ့ပြီပဲ မဟုတ်လား... ခင်ဗျားကမှ ကန္တာရမြို့ကို ကယ်တင်ခဲ့တဲ့ သူရဲကောင်းအစစ်ပါ" လော်ယွမ်က ရယ်မောရင်း ပြောလိုက်သည်။
မြို့တော်ဝန်စုံ့၏ လေးလံသောမျက်နှာထားသည် အနည်းငယ် ပြေလျော့သွား၏။ သူက လက်ကာပြရင်း ခါးသီးစွာ ပြုံးလိုက်သည်။ "ဆရာယွမ် မနောက်ပါနဲ့... ခင်ဗျားက အစိုးရဝန်ထမ်းမဟုတ်လို့ ဒီလို နိုင်ငံရေးပြဿနာရဲ့ အတိမ်အနက်နဲ့ ထိလွယ်ရှလွယ်ဖြစ်တာကို မသိလို့... ဒီတစ်ခေါက် အထက်က အပြစ်မတင်တာနဲ့တင် ကျွန်တော် ကျေနပ်နေပြီ... ဒါကိုဘယ်လိုလုပ် သူရဲကောင်းလို့ပြောနိုင်မှာလဲ"
လော်ယွမ်က ခဏမျှ ကြောင်ငေးသွား၏။ တစ်ဖက်လူ၏ အပြုအမူနှင့် အသိဉာဏ်သည် အလွန်ပင် ပုံမှန်ဖြစ်နေသည်။ နိုင်ငံရေးစည်းမျဉ်းများကိုလည်း နှံ့စပ်သိရှိနေပြီး တစ်စုံတစ်ယောက်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသည့်ပုံ လုံးဝမပေါက်ပေ။ လော်ယွမ်၏ စိတ်ထဲတွင် အတွေးတစ်ချက် ဝင်လာပြီး ပြောလိုက်သည်။ "ကန္တာရမြို့ရဲ့ လက်ရှိအခြေအနေအရ အထက်ကလူကြီးတွေက သေချာပေါက် စဉ်းစားပေးမှာပါ... ဒါနဲ့ မြို့တော်ဝန်စုံ့ ဟိုပုန်ကန်တဲ့သူတွေကော ဘယ်လိုဖြစ်သွားလဲ"
မြို့တော်ဝန်စုံ့က စကားပြောရန် ဟန်ပြင်လိုက်စဉ်မှာပင် ရုတ်တရက် ရပ်တန့်သွား၏။ ထိုအမျိုးသမီးက လက်ဖက်ရည်နှစ်ခွက်ကို သယ်ဆောင်လျက် လှပစွာ လျှောက်လှမ်းလာပြီး မွှေးရနံ့များက တသင်းသင်းပျံ့လွင့်နေသည်။ "နှစ်ယောက်လုံး လက်ဖက်ရည် သုံးဆောင်ပါဦးရှင့်"
အမျိုးသမီး ထွက်ခွာသွားသောအခါ လော်ယွမ်က ပြုံးရင်းမေးလိုက်သည်။ "စောစောက မမေးလိုက်ရဘူး... ဒီတစ်ယောက်က..."
"ဒီအဖြစ်မှာ အတွင်းရေးမှူးကျန်းလည်း ကံမကောင်းစွာနဲ့ ကျဆုံးသွားတယ်... သူက ကျွန်တော့်ရဲ့ ယာယီအတွင်းရေးမှူးပဲ" မြို့တော်ဝန်စုံ့က လေးလံသော မျက်နှာထားဖြင့် ပြောလိုက်သည်။
လော်ယွမ်က အတွင်းရေးမှူးကျန်းအတွက် စိတ်မကောင်းဖြစ်သွားသည့် တစ်ချိန်တည်းမှာပင် သံသယစိတ်တို့လည်း ကြီးထွားလာတော့သည်။ မူလက သုံးပုံခန့်သာ သံသယရှိခဲ့ရာမှ ယခု ခုနစ်ပုံခန့် သေချာသွားပြီဖြစ်သည်။ မည်သည့်အဖွဲ့အစည်းမဆို မမြင်ရသော စည်းမျဉ်းများရှိတတ်၏။ အစိုးရဝန်ထမ်းတစ်ဦးအနေဖြင့် မိမိ၏သြဇာလွှမ်းမိုးမှုနှင့် ဂုဏ်သတင်းကို ပို၍ပင် ဂရုစိုက်ရသည်။ လိင်တူကိုသာ အတွင်းရေးမှူးအဖြစ် ခန့်အပ်ခြင်းသည် ကမ္ဘာမပျက်မီကတည်းကပင် ရှိခဲ့သော မထင်မရှား စည်းကမ်းတစ်ခု ဖြစ်၏။
ထို့အပြင် တစ်ဖက်လူသည် တိုင်းပြည်ပျက်မတတ် လှပသော မိန်းမချောတစ်ဦး ဖြစ်နေသည်။ မြို့တော်ဝန်စုံ့ကဲ့သို့ အာဏာကို မက်မောသူတစ်ဦးသည် အလှအပနောက်သို့လိုက်ရင်း ပညာမဲ့စွာဖြင့် အရာရာကို လျစ်လျူရှုလိမ့်မည်ဟု သူ မယုံကြည်ပေ။
လော်ယွမ်၏ အတွေးများကို ခံစားမိသည့်အလား မြို့တော်ဝန်စုံ့က မတတ်နိုင်သော မျက်နှာထားဖြင့် ရှင်းပြလိုက်သည်။ "တကယ်တော့ သူက ကျွန်တော့်တူမလေးပါ... ဒီကလူတော်တော်များများလည်း သူ့ကို သိကြပါတယ်... ခုတလော အလုပ်တွေအရမ်းများနေပြီး ဒီကိစ္စကြောင့် ဝန်ထမ်းအင်အားကလည်း အကြီးအကျယ် လျော့ကျသွားတော့ ကျွန်တော့်တူမကိုပဲ ခေါ်ပြီး အကူအညီတောင်းလိုက်ရတာပဲ... အတွင်းရေးမှူးအစစ်ကတော့ အထက်ကနေ ချပေးမယ့် ဆင့်ကဲပြောင်းလဲသူတယောက်ပဲ ဖြစ်လိမ့်မယ်"
.......................................................................................................................................
လော်ယွမ်က မြို့တော်ခန်းမမှ ထွက်လာခဲ့သည်။ ပုံမှန်အတိုင်း ပြန်ဖြစ်သွားပြီဖြစ်သော ဗုံးခိုကျင်းကို ကြည့်ရင်း အကြောင်းရင်းမသိဘဲ သူ၏စိတ်ထဲတွင် မွန်းကျပ်မှုတစ်ခုကို ခံစားနေရ၏။
မထွက်ခွာမီ သူက အချို့လူများကို တမင်မေးမြန်းကြည့်ခဲ့ရာ ရရှိလာသောအဖြေမှာ ထိုသူသည် မြို့တော်ဝန်စုံ့၏ တူမ အမှန်ပင်ဖြစ်ကြောင်း သိရသည်။
လူတိုင်း၏ မျက်နှာအမူအရာသည် ဟန်ဆောင်မှုကင်းမဲ့နေ၏။ အထူးသဖြင့် အချို့အမျိုးသားများ၏ မျက်ဝန်းထဲမှ မသိစိတ်ဖြင့် ပေါ်ထွက်လာသော တပ်မက်ခုံမင်သည့်အကြည့်များ... အကယ်၍ ဤသည်မှာ သရုပ်ဆောင်နေခြင်းသာဆိုလျှင် လူတိုင်း အော်စကာဆု ရရှိနိုင်ကြပေလိမ့်မည်။ လော်ယွမ်က အတန်ကြာအောင် ကြည့်နေခဲ့သော်လည်း သူတို့၏မျက်နှာမှ အပြစ်အနာအဆာ တစ်စုံတစ်ရာကိုမျှ ရှာမတွေ့ခဲ့ပေ။
လော်ယွမ်က ဟွမ်ကျားဟွေတို့အဖွဲ့ကို ချက်ချင်းသွားရှာလိုသော စိတ်ကို ချုပ်တည်းလိုက်သည်။ ယခု အခြေအနေမှာ မရှင်းလင်းသေးပေ လမ်းတစ်လျှောက်တွင် စောင့်ကြည့်သူများ ရှိနေနိုင်သည်။ ယခု ဟွမ်ကျားဟွေတို့ထံ သွားရောက်ခြင်းသည် မိမိ၏အားနည်းချက်ကို ဖော်ထုတ်ပြသခြင်းနှင့်တူပြီး သူတို့အတွက် အန္တရာယ်ကိုသာ တိုးပွားစေပေလိမ့်မည်။
လော်ယွမ်က အကြည့်များကို ရှောင်လွှဲကာ မြေအောက်ခန်းသို့ နောက်တစ်ကြိမ် ပြန်လာခဲ့သည်။
.......................................................................................................................................
အချိန်သည် လျင်မြန်စွာ နှစ်ရက်ကုန်ဆုံးသွားပြန်သည်။
ဤနှစ်ရက်အတွင်း သူသည် နေ့စဉ် ပုံစံပြောင်းကာ ဗုံးခိုကျင်း၏ ဒုတိယအလွှာတွင် တိတ်တဆိတ် စုံစမ်းလေ့လာခဲ့သည်။ သို့သော် သူသည် မည်သည့်ထူးခြားမှုမျှ မတွေ့ခဲ့ရပေ။ အရာအားလုံးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသကဲ့သို့ပင်။ ယခင်က အဖမ်းဆီးခံထားရသော ဆင့်ကဲပြောင်းလဲသူများလည်း တစ်ယောက်ပြီးတစ်ယောက် ပြန်လည်လွတ်မြောက်လာကြသည်။
ဒုတိယနေ့ ညနေပိုင်းတွင် မြို့တော်ခန်းမရှေ့၌ လူသိရှင်ကြား ကွပ်မျက်ပွဲတစ်ခုပင် ပြုလုပ်ခဲ့သည်။
ပြစ်မှုကျူးလွန်သူ နှစ်ဆယ်ကျော်ကို လက်ပြန်ကြိုးတုပ်လျက် တန်းစီထား၏။ ထိုသူများထဲမှ အချို့ကို လော်ယွမ် မြင်ဖူးသကဲ့သို့ ရှိနေသည်။ ထိုထဲတွင် ပုန်ကန်သူများဘက်မှ စည်းရုံးခံလိုက်ရသော ဆင့်ကဲပြောင်းလဲသူများ ပါဝင်သလို မိမိသဘောအလျောက် ဝင်ရောက်ပူးပေါင်းခဲ့သော အစိုးရဝန်ထမ်းများလည်း ပါဝင်၏။
ကြေညာသူ၏ စကားအရ ထိုထဲတွင် ပုန်ကန်သူများ၏ အကြွင်းအကျန် နှစ်ဦးလည်း ပါဝင်သည်ဟု ဆို၏။ လော်ယွမ်က ရှေ့ဆုံးတန်းမှ လူနှစ်ဦးကို လှမ်းကြည့်လိုက်သည်။ သူတို့သည် ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးဖြစ်ပြီး မျက်နှာအမူအရာမှာ တစ်ယောက်နှင့်တစ်ယောက် မတူကြပေ။ အမျိုးသမီး၏ မျက်နှာထားသည် ထုံကျင်နေပြီး မျက်ဝန်းများမှာ ဟာလာဟင်းလင်းဖြစ်ကာ ကံကြမ္မာကို လက်ခံလိုက်ပြီဟန်တူ၏။
ထိုအမျိုးသားမှာမူ ခေါင်းကိုမော့ထားလျက် မာနထောင်လွှားကာ အညံ့မခံသော အမူအရာရှိနေသည်။
လော်ယွမ်သည် ထိုစူးရှတောက်ပသော မျက်လုံးများကို ကြည့်ရင်း ရင်းနှီးနေသကဲ့သို့ ခံစားလိုက်ရသည်။ သူက ခေါင်းငုံ့ကာ အတန်ကြာ စဉ်းစားပြီးနောက် ဤလူကို မည်သည့်နေရာတွင် မြင်ဖူးသည်ကို ရုတ်တရက် သတိရလိုက်သည်။
ထိုအချိန်က ထိုပုန်ကန်သူအဖွဲ့သည် ဗုံးခိုကျင်းသို့ ဝင်ရောက်လာသည်မှာ မကြာသေးပေ။ ကြိုတင်မပေါ်ပေါက်စေရန် ရှောင်ရှားလိုသောကြောင့် ဖြစ်နိုင်သည်၊ သူတို့သည် နေ့ဘက်တွင် အခန်းမှ အလွန်နည်းပါးစွာ ထွက်ခွာပြီး တစ်ခါတစ်ရံ တစ်နေကုန် တံခါးပိတ်နေတတ်ကြသည်။ တစ်ခါ နံနက်စောစော လော်ယွမ်နိုးလာပြီး လေညှင်းခံရန် အပြင်ထွက်မည်အပြုတွင် တံခါးဖွင့်လိုက်သည်နှင့် တစ်ဖက်လူ ပြန်လာသည်ကို တိုက်တိုက်ဆိုင်ဆိုင် တွေ့လိုက်ရသည်။
တစ်ချက်သာ ခပ်မြန်မြန် မြင်လိုက်ရပြီး တစ်ဖက်လူ အခန်းထဲသို့ ဝင်သွားသော်လည်း သူ၏ဦးနှောက်ထဲတွင် ထိုစူးရှသောမျက်လုံးများက စွဲထင်ကျန်ရစ်ခဲ့သည်။
"သူတို့က တကယ် ပုန်ကန်တဲ့သူတွေ ဖြစ်နိုင်လို့လား" လော်ယွမ်၏ ဦးနှောက်သည် ရုတ်တရက် ရှုပ်ထွေးသွားပြီး မူလက သံသယရှိခဲ့သော လျှို့ဝှက်ကြံစည်မှုသည်လည်း ယခုအခါ မသေမချာ ဖြစ်လာတော့သည်။ "ဒါမှမဟုတ် ဟိုမိန်းမကပဲ ပုန်းကွယ်နေတဲ့ စိတ်ထိန်းချုပ်သူလား"
"ဒိုင်း ဒိုင်း ဒိုင်း" ထိုအချိန်တွင် ညီညာသော သေနတ်သံတစ်သံက လော်ယွမ်၏ တွေးတောမှုများကို လန့်နိုးသွားစေသည်။ သူ ချက်ချင်း လှမ်းကြည့်လိုက်ရာ အလောင်းများ မြေပြင်ပေါ်တွင် ပြန့်ကျဲကျသွားပြီး တဆတ်ဆတ် တုန်ခါနေကြသည်။
အသစ်ပြုလုပ်ထားသော သေနတ်များ၏ အစွမ်းသည် အလွန်ပြင်းထန်လှရာ ဤကွပ်မျက်ခံရသော အကျဉ်းသားများ၏ ဦးခေါင်းများမှာ လုံးဝကြေမွသွားစေပြီး ဝန်းရံကြည့်ရှုနေသော ပြည်သူများထံမှ အာမေဋိတ်သံများ ထွက်ပေါ်လာစေသည်။ စိတ်ဓာတ်မခိုင်မာသူအချို့မှာမူ စတင်အော့အန်နေကြပြီဖြစ်သည်။
အလောင်းဖြစ်သွားပြီးနောက် ဤလူများသည် ဆင့်ကဲပြောင်းလဲသူများ ဟုတ်မဟုတ် တစ်ချက်ကြည့်ရုံဖြင့် ရှင်းလင်းသွားသည်။
သာမန်လူများသည် တစ်မိနစ်မပြည့်မီမှာပင် တုန်ခါမှု လုံးဝရပ်တန့်သွားပြီး ခန္ဓာကိုယ်များ တောင့်တင်းသေဆုံးသွားကြသည်။ ဆင့်ကဲပြောင်းလဲသူများ၊ အထူးသဖြင့် ခန္ဓာကိုယ်ပိုင်းဆိုင်ရာ ဆင့်ကဲပြောင်းလဲသူများ၏ ရှင်သန်နိုင်စွမ်းမှာမူ ပိုမိုအားကောင်းလှရာ အများစုသည် သုံးမိနစ်အထိ တုန်ခါနေနိုင်ကြသည်။ အချို့ အလွန်အားကောင်းသူများမှာမူ ငါးမိနစ်ကျော်သည့်တိုင် တဆတ်ဆတ် တုန်ခါနေဆဲပင်။
လော်ယွမ် အာရုံစိုက်နေသော ပုန်ကန်သူနှစ်ဦးအနက် အမျိုးသမီးမှာမူ ကြာမြင့်စွာကပင် တောင့်တင်းသေဆုံးသွားခဲ့ပြီဖြစ်သည်။ သို့သော် သူမသည် စိတ်ထိန်းချုပ်သူတစ်ဦးဖြစ်ပြီး ခန္ဓာကိုယ်မှာ သာမန်လူထက် များစွာမသန်မာနိုင်သည်ကို ထည့်သွေးလျှင် သံသယဖြစ်ဖွယ်မရှိပေ။
ထိုအမျိုးသားမှာမူ အခြားသူများအားလုံး လှုပ်ရှားမှုရပ်တန့်သွားသည့်တိုင် သုံးမိနစ်ကျော်ခန့် ဆက်လက်တုန်ခါနေပြီးမှ နောက်ဆုံးတွင် ငြိမ်သက်သွားသည်။ သူ၏အမူအရာအရ သူသည် ဆင့်ကဲပြောင်းလဲသူတစ်ဦး အမှန်ဖြစ်ပြီး စွမ်းအားမှာ အနည်းဆုံး အဆင့်လေးခန့် ရှိပေလိမ့်မည်။
အလောင်းများကို ကျွမ်းကျင်စွာ အလောင်းထည့်အိတ်ထဲသို့ ထည့်သွင်းပြီး ကုန်တင်ကားဖြင့် သယ်ဆောင်သွားကြသည်။ မြေပြင်ပေါ်မှ သွေးများကိုလည်း အလျင်အမြန်ရောက်ရှိလာသော သန့်ရှင်းရေးလုပ်သားများက ဆေးကြောသန့်စင်လိုက်ကြသည်။ လေထုထဲတွင် သွေးညှီနံ့များ ကျန်ရှိနေသည်မှလွဲ၍ ဤနေရာသည် တစ်ချိန်က သတ်ဖြတ်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း မည်သည့်အရာကမျှ သက်သေမပြတော့ပေ။ ကြည့်စရာမရှိတော့သဖြင့် လူအုပ်ကြီးသည် တဖြည်းဖြည်း ပြန်လည်ထွက်ခွာသွားကြသည်။ အချို့လူများမှာမူ သွေးနှင့် သတ်ဖြတ်မှုတို့ကြောင့် မျက်နှာများ နီမြန်းကာ စိတ်လှုပ်ရှားတက်ကြွနေကြသည်။
လော်ယွမ်သည် လမ်းတစ်လျှောက်လုံး မျက်မှောင်ကြုတ်လျက် လိုက်ပါလာခဲ့သည်။ သူ၏စိတ်ထဲတွင် တစ်ခုခုမှားယွင်းနေသကဲ့သို့ အမြဲခံစားနေရပြီး အရေးကြီးသော သတင်းအချက်အလက်တစ်ခု လွတ်ကျန်နေသကဲ့သို့ ဖြစ်နေသည်။
ထိုအချိန်မှာပင် သူသည် ရုတ်တရက် နှလုံးတုန်လှုပ်သွားသည်ကို ခံစားလိုက်ရပြီး စိတ်ထဲတွင် အကြောင်းမဲ့ ကြောက်လန့်မှုတစ်ခု ဖြစ်ပေါ်လာသည်။ သူ၏စိတ်ထဲတွင် တုန်လှုပ်သွားပြီး အစွမ်းထက်သော အာရုံခံစားမှုဖြင့် ပတ်ဝန်းကျင်ကို သေချာစူးစမ်းလိုက်သော်လည်း မည်သည့်အရာမျှ မတွေ့ရပေ။ လော်ယွမ်က ထင်ယောင်ထင်မှားဖြစ်သည်ဟု တွေးထင်နေစဉ်မှာပင် မြေကြီးသည် ရုတ်တရက် ပြင်းထန်စွာ တုန်ခါလာတော့သည်။
လူအုပ်ကြီးသည် ဟိုဟိုဒီဒီ ယိုင်လဲကျကုန်ကြပြီး ဗုံးခိုကျင်းတစ်ခုလုံး အော်ဟစ်ငိုယိုသံများဖြင့် ဆူညံသွား၏။
လော်ယွမ်၏ ခန္ဓာကိုယ်သည် ငလျင်နှင့်အတူ အနည်းငယ် ယိမ်းထိုးသွားသည်။ သူ၏ခန္ဓာကိုယ်ဟန်ချက်ကို အဆက်မပြတ် ညှိယူလိုက်သည်နှင့် သူ၏ခြေထောက်များသည် မြေကြီးထဲသို့ အမြစ်တွယ်ထားသကဲ့သို့ ဖြစ်သွားပြီး မြေကြီး မည်သို့ပင် တုန်ခါနေစေကာမူ သူ၏ခြေထောက်များသည် မြေပြင်မှ တစ်လှမ်းမျှပင် မခွာသွားပေ။
ထိုအချိန်တွင် ရုတ်တရက် "ကျွီ" ဟူသော အသံကြီးတစ်ချက် ထွက်ပေါ်လာပြီး ရှေ့မှမြေကြီးသည် ရုတ်တရက် ပြင်းထန်စွာ နိမ့်ကျသွားကာ မျက်စိတစ်မှိတ်အတွင်း ပေ၃၀ခန့် ကျယ်ဝန်းသော ချိုင့်ခွက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ အနီးအနားမှ ကုန်လှောင်ရုံတစ်လုံးသည် ထိုနေရာအတွင်း ကျရောက်သွားပြီး အောက်ခံမြေကြီး၏ ထောက်ပံ့မှုမရှိတော့သဖြင့် နံရံတစ်ဖက်သည် လျင်မြန်စွာ ပြိုကျလာကာ ကုန်လှောင်ရုံအတွင်းမှ စက်ပစ္စည်းအများအပြားကို ဖော်ထုတ်လိုက်သကဲ့သို့ ဖြစ်သွားသည်။
ဆက်တိုက်ဖြစ်ပေါ်သော တုံ့ပြန်မှုတစ်ခုကဲ့သို့ ခေါင်းပေါ်မှ မျက်နှာကြက်သည်လည်း သေးငယ်သောအက်ကြောင်းတစ်ခု ပေါ်ထွက်လာပြီး လျင်မြန်စွာ ကျယ်ပြန့်လာသည်။ ဖုန်မှုန့်များနှင့် ကျောက်စရစ်ခဲအများအပြားသည် တဖြုတ်ဖြုတ် ကျလာပြီး လေထုသည် တဖြည်းဖြည်း ဖုန်များဖြင့် ပြည့်နှက်သွားသည်။
လော်ယွမ်၏ မျက်နှာထားသည် တည်ကြည်တင်းမာသွား၏။ ကန္တာရမြို့ကို သဲကန္တာရထဲတွင် တည်ဆောက်ထားရာ ဤသို့ ပျော့ပျောင်းပြီး အရည်ကဲ့သို့သော မြေပြင်သည် အဆောက်အအုံများ ဆောက်လုပ်ရန် မသင့်လျော်ပေ။ ငလျင်မလှုပ်လျှင် တော်သေးသည်၊ ငလျင်လှုပ်သည်နှင့် မည်မျှပင်ခိုင်ခံ့သော အဆောက်အအုံဖြစ်စေ မြေကြီးနိမ့်ကျမှုကြောင့် ဖြစ်ပေါ်လာသော ကြောက်မက်ဖွယ် ဖိအားဒဏ်ကို ခံနိုင်ရည်ရှိမည်မဟုတ်ပေ။
ငလျင်သည် ဆယ့်ငါးစက္ကန့်ခန့် ကြာပြီးနောက် တဖြည်းဖြည်း ငြိမ်သက်သွားသည်။ မျက်စိရှေ့တွင် မြင်တွေ့ရသော မြင်ကွင်းသည်ကား ပျက်စီးယိုယွင်းနေလေပြီ။
ဆက်ရန်...