အခန်း (၂၉၇+၂၉၈)
Vol. 15 Ch. 297+298
အပိုင်း (၂၉၇)မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း - ၁
ဤသည်မှာ အနည်းဆုံး အင်အား ရစ်ချက်တာစကေး ၇ အဆင့်ရှိသော မြေငလျင်တစ်ခုပင်။
ပြင်းထန်သော တုန်ခါမှုက လမ်းမပေါ်မှ လူအုပ်ကို သွေးထွက်သံယိုဖြစ်စေပြီး ဖရိုဖရဲဖြစ်သွားစေ၏။ သို့သော် ကံမကောင်းစွာ ပြိုကျလာသော နံရံများအောက် ပိမိ၍ သေလားရှင်လားမသိသော လူအနည်းငယ်မှလွဲ၍ အများစုမှာ အသက်အန္တရာယ်မရှိခဲ့ကြပေ။
ဤနေရာသည် ဗုံးခိုကျင်းဖြစ်သည့်အပြင် ကမ္ဘာပျက်အဆင့် ဗုံးခိုကျင်းတစ်ခုဖြစ်ရာ မူလကတည်းက အလွန်ခိုင်ခံ့လှသည်။ ပျော့ပျောင်းသော သဲမြေများသာ မြေငလျင်ကြောင့် ပြိုကျမသွားပါက အများဆုံး အက်ကြောင်းအနည်းငယ်သာ ထင်ပေလိမ့်မည်။
"အောက်မှာ လူပိနေတယ်... အမြန် လာကူကြပါဦး... အပျက်အစီးတွေ ဝိုင်းတူးပေးကြပါဦး" လူတစ်ယောက်က အော်ဟစ်လိုက်၏။
ကမ္ဘာပျက်ကပ်၏ ရက်စက်မှုနှင့် ရှင်သန်ရေးအကျပ်အတည်းက လူ့အဖွဲ့အစည်းတစ်ခုလုံးကို စစ်တွင်းအခြေအနေသို့ ရောက်ရှိစေပြီး ကမ္ဘာမပျက်မီကထက် ပိုမိုစည်းလုံးညီညွတ်ကာ စည်းကမ်းရှိစေသည်။ ထိုသူတစ်ချက်အော်လိုက်ရုံဖြင့် အနီးအနားမှ လူများမှာ မိမိတို့၏ ဒဏ်ရာများကို ဂရုမစိုက်နိုင်ဘဲ အပြေးအလွှား လာရောက်ကူညီကြတော့သည်။
လော်ယွမ်လည်း သတိပြန်ဝင်လာပြီး ကျောက်တုံးများရွှေ့ရန် အလျင်အမြန် သွားရောက်ကူညီလိုက်၏။
မြေငလျင်က ခုလေးတင် ပြီးဆုံးသွားသော်လည်း နောက်ဆက်တွဲငလျင်များက ဆက်တိုက်လှုပ်ခတ်နေဆဲဖြစ်၏။ အက်ကြောင်းများမှ ကျောက်ပဲ့ကျောက်စများ မကြာခဏ ကျလာပြီး မတ်တပ်ရပ်ရန်ပင် မလွယ်ကူလှ။ အချို့လူများ၏ မျက်နှာများမှာ အားတင်းထားရသော်လည်း မည်သူတစ်ဦးမျှ နောက်မဆုတ်ခဲ့ပေ။
လော်ယွမ်၏ ကိုယ်ခန္ဓာမှာ သန်မာလှ၏။ ကီလိုဂရမ်တစ်ရာကျော်လေးသော ကွန်ကရစ်တုံးများမှာ သူ၏လက်ထဲတွင် ဘာမျှမလေးသလိုပင်။ သူပါဝင်လိုက်သောအခါ လုပ်ငန်းဆောင်ရွက်နိုင်စွမ်းမှာ ချက်ချင်းပင် အဆများစွာ မြင့်တက်သွားသည်။
ဗုံးခိုကျင်း၏ နံရံများမှာ ကာကွယ်ရေးကို ဦးတည်ထားသောကြောင့် သာမန်နံရံများထက် အဆများစွာထူပြီး ၃ပေနီးပါးရှိ၏။ အလယ်တွင် လေးလက်မထူသော သံမဏိပြားတစ်ချပ်ပင် ညှပ်ထားသေးရာ အမြောက်ကြီးများ၏ ပစ်ခတ်မှုကိုပင် ခံနိုင်ရည်ရှိသည်။ ပြိုကျလာပါက အလေးချိန်မှာ ဆယ်တန်မက လေးမည်ဖြစ်ရာ လော်ယွမ်ကဲ့သို့ ဆင့်ကဲပြောင်းလဲသူတစ်ဦးပင် အပြည့်အဝ ပိမိပါက အသက်ရှင်ရန် ခက်ခဲလှသည်။ ဧရာမကျောက်တုံးများ တစ်တုံးချင်း ရွှေ့လိုက်သည်နှင့် ပုံပျက်နေသော အလောင်းအချို့မှာ ပေါ်ထွက်လာ၏။
"မြန်မြန်... မြန်မြန် ဒီမှာ တစ်ယောက်ကျန်သေးတယ်... သူအသက်ရှင်သေးတယ်" လူတစ်ယောက်က အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
လူအများ ချက်ချင်း ဝိုင်းအုံလာကြပြီး ပတ်ဝန်းကျင်မှ ကျောက်တုံးများကို သတိကြီးစွာ ရွှေ့လိုက်ကြသည်။ သူမ၏ ကံကြမ္မာမှာ အလွန်ကောင်းမွန်လှသည်ကို တွေ့လိုက်ရ၏။ ပြိုကျလာသော ကျောက်တုံးများက လှုပ်ရှားနိုင်သော နေရာလွတ်တစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး သူမမှာ ဒဏ်ရာသိပ်မရခဲ့ပေ။ ကယ်တင်ခံရချိန်တွင် ဤဆယ့်ရှစ်၊ ဆယ့်ကိုးနှစ်အရွယ် မိန်းကလေးငယ်၏ မျက်နှာမှာ ဖြူဖျော့နေပြီး နှုတ်ခမ်းများ တုန်ယင်လျက် စကားပင်မပြောနိုင်တော့ဘဲ ဦးညွှတ်၍သာ ကျေးဇူးတင်နေတော့သည်။
ကယ်ဆယ်ရေးပြီးဆုံးပြီးနောက် လော်ယွမ်သည် ဗုံးခိုကျင်း ဒုတိယထပ်သို့ တစ်ပတ်ပတ်ကြည့်ရာ ပြိုကျသည့်နေရာမှာ တစ်နေရာတည်းမဟုတ်ဘဲ သုံးနေရာရှိကြောင်း တွေ့ရှိလိုက်ရသည်။ အဆိုးရွားဆုံးတစ်နေရာမှာ ပေ၁၀၀၊ ၁၂၀ခန့် ကျယ်ဝန်းပြီး ဒုတိယထပ်သာမက အပေါ်ထပ်ပါ တစ်ဆက်တည်း ပြိုကျသွားသည်။ များပြားလှသော ကွန်ကရစ်ကျောက်တုံးကြီးများက ထိုနေရာကို လုံးဝ ပိတ်ဆို့ထားသည်။ မျက်စိစူးလောက်သော နေရောင်ခြည်တန်းများက အမိုးမှ အက်ကြောင်းများကြားမှ တိုးဝင်လျက်ရှိ၏။
...................................................................................................................................................
လော်ယွမ်သည် လေးလံသော စိတ်ဖြင့် မြေအောက်ရေနုတ်မြောင်းသို့ ပြန်လာခဲ့သည်။ ရေနုတ်မြောင်း၏ အခြေအနေမှာ ပို၍ဆိုးရွားနေ၏။ ပိုက်လိုင်းများစွာမှာ ကွဲအက် သို့မဟုတ် ပြတ်တောက်သွားပြီး ရေဆိုးများမှာ မြေအောက်သို့ စိမ့်ဝင်သွားကာ မြေပြင်မှာ ခြောက်သွေ့သွားခဲ့သည်။
မရေမတွက်နိုင်သော သန္ဓေပြောင်းသတ္တဝါများမှာ ခေါင်းမပါသောယင်ကောင်များပမာ လျှောက်ပြေးနေကြသည်။ ထို့ကြောင့် လော်ယွမ်သည် သူ၏အရှိန်အဝါကို ထုတ်လွှတ်ပြီးမှသာ အဆိပ်ပြင်းသော သတ္တဝါများအများစု ချဉ်းကပ်မလာအောင် တားဆီးနိုင်ခဲ့သည်။
သူ ယာယီတည်းခိုရာသို့ ပြန်ရောက်သောအခါ လူတိုင်း၏ မျက်နှာများမှာ မကောင်းလှသည်ကို တွေ့လိုက်ရသည်။ တစ်ချက်ဝေ့ကြည့်လိုက်သည်နှင့် ပြဿနာတက်ပြီမှန်း သိလိုက်ရသည်။ ကံဆိုးသူမှာထုံကျန့်လျန်ဖြစ်ပြီး မျက်နှာအပြည့် မုတ်ဆိတ်မွေးများရှိပြီး အမြဲတစေ တိတ်ဆိတ်စွာနေတတ်သော ထိုသူသည် ယခုအခါ မြေပြင်ပေါ်တွင် လဲလျောင်းနေ၏။ သူ၏မျက်နှာမှာ မည်းနက်နေပြီး အမူအရာမှာ ကြောက်မက်ဖွယ်ကောင်းလှရာ ငရဲမှထွက်လာသော နတ်ဆိုးတစ်ကောင်အလားပင်။
လော်ယွမ်က ဂရုမစိုက်ဟန်ဖြင့် ရှေ့တိုး၍ သူ၏ နှာခေါင်းထွက်သက်ကို စမ်းသပ်လိုက်ရာ အသက်မရှိတော့ပေ။ မည်းနက်သော သွေးစများ တံတွေးများနှင့် ရောနှော၍ သူ၏ ပါးစပ်ထောင့်မှ ယိုစီးကျလာပြီး ညှီစို့သောအနံ့ဆိုးများ ထွက်ပေါ်နေသည်။
သူ၏အခြေအနေမှာ အဆိပ်သင့်သွားသကဲ့သို့ပင်။ သို့သော် သူ၏ကိုယ်ခန္ဓာကို စစ်ဆေးကြည့်ရာ ထင်ရှားသော ဒဏ်ရာမတွေ့ရဘဲ အဝတ်အစားများတွင်လည်း ကိုက်ဖြတ်ခံရသည့် လက္ခဏာ မရှိပေ။
"ဘာဖြစ်သွားတာလဲ" လော်ယွမ်က မျက်နှာတည်ကြည်စွာဖြင့် မေးလိုက်သည်။
"ကျွန်တော်တို့လည်း မသိဘူး... စောစောက သူ အမဲလိုက်မယ်ဆိုပြီး တစ်ခေါက်ထွက်သွားတယ်... ပြန်လာကတည်းက ချောင်းအဆက်မပြတ်ဆိုးနေတာ... အစကတော့ ကျွန်တော်တို့လည်း ဂရုမစိုက်မိဘူး... ဒါပေမဲ့ ဆိုးရင်းဆိုးရင်းနဲ့ သူ ရုတ်တရက် သွေးအန်ပြီး မြေပေါ်လဲကျသွားတာပဲ... ခဏလေးနဲ့တင် အသက်မရှိတော့ဘူး" ရှုကျစ်ချန်က အသံနိမ့်ဖြင့် ဆိုသည်။
မြေအောက်ရေနုတ်မြောင်းထဲမှ သတ္တဝါများ၏ အဆင့်မှာ မမြင့်မားပေ။ ဤနေရာရှိ ဆင့်ကဲပြောင်းလဲသူများအတွက် သတိထားလျှင် အန္တရာယ်မရှိသလောက်ပင်။ ယခုတစ်ကြိမ် အပြင်ထွက်ရာတွင် အသက်ဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်တကား။
"အဟွတ်... အဟွတ်..." ထိုအချိန်တွင် ဝမ်ယွိကျဲက ရုတ်တရက် ချောင်းဆိုးလိုက်သည်။
လူတိုင်း၏ မျက်နှာများ ပြောင်းလဲသွားပြီး သူမကို ဝိုင်းကြည့်လိုက်ကြသည်။
ဝမ်ယွိကျဲသည် အစပိုင်းတွင် နားမလည်နိုင်ဖြစ်သွားသော်လည်း ထုံကျန့်လျန်၏ ရောဂါလက္ခဏာများကို သတိရလိုက်မိပြီး မျက်နှာမှာ တည်ကြည်သွားသည်။ သူမက စကားများ ထစ်ငေါ့စွာဖြင့် "ရှ... ရှင်တို့ ကျွန်မကို ဘာလို့အဲ့လိုကြည့်နေတာလဲ... ကျွန်မဘယ်မှမသွားဘူးလေ... အခုကလည်ချောင်း ရုတ်တရက် ယားလာလို့ပါ" ဟု ဆိုလိုက်သည်။
စကားမဆုံးမီမှာပင် သူမသည် အသည်းအသန် ချောင်းဆိုးလိုက်ပြန်သည်။ သူမ၏ အသည်းနှလုံးများပင် ထွက်ကျလာတော့မတတ်ပင်။
လူအုပ်သည် မသိစိတ်ဖြင့် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်ကြပြီး အမူအရာများ ထူးဆန်းသွားသည်။
ဝမ်ယွိကျဲသည် မျက်နှာများ နီရဲလာသည်အထိ ချောင်းဆိုးရင်း မယုံနိုင်စွာဖြင့် "ကျွန်မ... ကျွန်မ ဘယ်လိုဖြစ်ပြီး..."
စကားတစ်ဝက်တစ်ပျက်မှာပင် ချောင်းဆိုးသံကြောင့် ပြတ်တောက်သွားပြန်သည်။
လော်ယွမ်သည် မည်းနက်သော အငွေ့အသက်များ တိမ်တိုက်သဖွယ် သူမ၏လည်ပင်းဆီသို့ တဖြည်းဖြည်း ပျံ့နှံ့လာသည်ကို တွေ့လိုက်ရ၏။ သူ မနှောင့်နှေးဝံ့တော့ဘဲ အလျင်အမြန် လျှောက်သွားကာ ဝမ်ယွိကျဲကို ဆွဲကိုင်လိုက်သည်။
"လော်ယွမ်... ကျွန်မကို မထိနဲ့" ဝမ်ယွိကျဲသည် ထိုမြင်ကွင်းကို မြင်လျှင် မျက်ဝန်းများ နီရဲလာပြီး အလျင်အမြန် အော်ဟစ်လိုက်သည်။ ဤအချိန်တွင် မည်မျှ ဉာဏ်ထိုင်းသူဖြစ်စေ မိမိသည် ကူးစက်ခံလိုက်ရပြီး မကြာမီ သေဆုံးရတော့မည်ကို နားလည်လိုက်ပြီဖြစ်သည်။
"ပါးစပ်ပိတ်ထား... ကျန်တဲ့လူတွေ အားလုံး ဟိုဘက်လှည့်နေကြ" လော်ယွမ်က မျက်နှာသေဖြင့် ဆိုလိုက်သည်။
ရှုကျစ်ချန်နှင့် အခြားသူများမှာ အလျင်အမြန် လှည့်သွားကြပြီး ထပ်မံကြည့်ရန် မဝံ့တော့ပေ။
နောက်တစ်ခဏတွင် "ဖျိ" ခနဲ အသံတစ်သံ ထွက်ပေါ်လာပြီး ဝမ်ယွိကျဲ၏ အပေါ်အင်္ကျီမှာ ဆွဲဖြဲခံလိုက်ရကာ တုန်ယင်နေသော ရင်သားများ ပေါ်ထွက်လာသည်။
ဤကဲ့သို့ ရင်ခုန်ဖွယ်ကောင်းသော အခြေအနေသည် လော်ယွမ်၏ စိတ်နှလုံးကို အနည်းငယ်မျှပင် မလှုပ်ရှားစေခဲ့ပေ။ တစ်ချက်ကြည့်လိုက်ရုံဖြင့် သူ၏ ဦးရေပြားပင် ထုံကျင်သွားသည်။ ယခုအချိန်တွင် သူမ၏ ဝမ်းဗိုက်သည် လုံးဝနီးပါး မည်းနက်သော အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေပြီး၊ တီကောင်များသဖွယ် မည်းနက်သော သွေးကြောများက ဖြည်းညှင်းစွာ လူးလွန့်နေသည်။ ၎င်းမှာ လူသားဆန်ခြင်းမရှိသော ကြောက်မက်ဖွယ်ရာ မြင်ကွင်းဖြစ်ပြီး မြင်ရသူကို ကြက်သီးမွေးညင်းများ ထသွားစေသည်။
စောစောက မျက်နှာနီရဲနေခဲ့သော ဝမ်ယွိကျဲသည်လည်း ငုံ့ကြည့်လိုက်မိရာ တစ်ကိုယ်လုံး တုန်ခါသွားပြီး မျက်နှာမှာ စက္ကူတစ်ချပ်ကဲ့သို့ ဖြူဖျော့သွားသည်။ သူမ၏ မျက်နှာတွင် မျှော်လင့်ချက်ကင်းမဲ့သော အရိပ်အယောင်များ ထင်ဟပ်လာပြီး လော်ယွမ်၏ လက်မှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ "သွားတော့လေ... ကျွန်မ ကယ်လို့မရတော့ဘူး... ဒီကနေအမြန်သွားပါတော့"
လော်ယွမ်က မကြားဟန်ပြုပြီး သူ၏ ဘယ်ဘက်လက်မှာ သံကွင်းတစ်ကွင်းကဲ့သို့ သူမ၏ ပခုံးကို တင်းကျပ်စွာ ဆုပ်ကိုင်ထားရာ မည်သို့ပင် ရုန်းကန်စေကာမူ မလှုပ်မယှက်ပင်။ ဝမ်ယွိကျဲသည် သူ၏ ပြတ်သားမှုကို ခံစားမိသောအခါ မျက်ရည်များမှာ မထိန်းနိုင်အောင် ကျဆင်းလာတော့သည်။
ထိုအချိန်တွင် လော်ယွမ်သည် သူ၏ ညာဘက်လက်ကို ရုတ်တရက် မြှောက်လိုက်ရာ လက်ဖဝါးသည် တဖြည်းဖြည်း အလင်းရောင်များဖြင့် ဖုံးလွှမ်းလာသည်။ သူ၏လက်ကို သူမ၏ ရင်ဘတ်ပေါ်သို့ အားကုန်ဖိကပ်လိုက်သည်။ စိတ်စွမ်းအားသည် ကုသခြင်းစွမ်းအားအဖြစ်သို့ ပြောင်းလဲသွားသည်နှင့်အမျှ လျင်မြန်စွာ ပျံ့နှံ့နေသော အမည်းရောင်အငွေ့အသက်များသည် ရုတ်တရက် ရပ်တန့်သွားသည်။ စက္ကန့်အနည်းငယ်မျှ တောင့်ခံနေပြီးနောက် ဖြည်းညှင်းစွာ ပြန်လည်ဆုတ်ခွာသွားတော့သည်။
ဝမ်ယွိကျဲသည် ရုတ်တရက် အံ့အားသင့်သွားပြီး ရုန်းကန်ရန်ပင် မေ့လျော့သွားသည်။ သူမသည် ပူလောင်သော အနွေးဓာတ်တစ်ခု လော်ယွမ်၏ လက်ဖဝါးမှတစ်ဆင့် သူမ၏ ရင်ဘတ်ထဲသို့ စီးဝင်လာသည်ကို ခံစားလိုက်ရသည်။ မခံမရပ်နိုင်အောင် ယားယံနေသော အဆုတ်သည် ထိုအနွေးဓာတ်စီးကြောင်း ဖြတ်သန်းသွားပြီးနောက် တဖြည်းဖြည်း လျော့ပါးသက်သာသွားသည်။
ယခင်က တစ်ခါမျှ မခံစားဖူးသော သက်သောင့်သက်သာရှိမှုကြောင့် သူမ မထိန်းနိုင်ဘဲ ညည်းညူသံတစ်ချက် ထွက်ပေါ်လာသည်။
သေမင်း၏ အရိပ်မည်းကြီး ရေခဲတမျှ အရည်ပျော်သွားသောအခါ ရှက်စိတ်များက သူမ၏ နှလုံးသားထဲသို့ တစ်ဖန်ပြန်လည် ဝင်ရောက်လာသည်။ သူမ၏ မျက်နှာမှာ နီရဲတက်လာပြီး ရင်ဘတ်မှ နုနယ်သော အသားအရေများပင် ပန်းနုရောင် သန်းလာသည်။ ထိုပူလောင်သော လက်ဖဝါးသည် မှော်အစွမ်းတစ်ခု ပိုင်ဆိုင်ထားသကဲ့သို့ပင်။ သူမ၏ တစ်ကိုယ်လုံး ပျော့ခွေသွားစေပြီး မတ်တပ်ပင် မရပ်နိုင်တော့လုနီးပါး ဖြစ်သွားသည်။
"ပြီး... ပြီးသွားပြီလားဟင်" ဝမ်ယွိကျဲသည် သူမ၏ တစ်ကိုယ်လုံးမှ အသားအရေများ ဖြူဖွေးနုနယ်သွားသည်ကို မြင်သောအခါ တုန်ယင်စွာဖြင့် မေးလိုက်သည်။
လော်ယွမ်က စကားမဆိုဘဲ နောက်ထပ် ဆယ်စက္ကန့်ခန့် ဆက်လက်ကိုင်ထားပြီးမှ လက်ကို လွှတ်လိုက်သည်။
ဝမ်ယွိကျဲသည် အလျင်အမြန် လှည့်၍ အဝတ်အစားများ ပြန်ဝတ်ရန် ကြိုးစားသည်။ သို့သော် အရေးကြီးအခြေအနေဖြစ်သောကြောင့် အင်္ကျီမှာ လော်ယွမ်၏ ဆွဲဖြဲမှုကြောင့် စုတ်ပြဲနေပြီဖြစ်ရာ သူမ၏ ရင်ဘတ်ကို မလုံမလဲသာ ဖုံးကွယ်ထားနိုင်တော့သည်။
"ငါ့အင်္ကျီကို ဝတ်လိုက်" လော်ယွမ်က မြင်ကွင်းကို ကြည့်ရင်း သူ၏ အပေါ်ဝတ်အင်္ကျီကို ချွတ်ပေးလိုက်သည်။ ဤအင်္ကျီမှာ အစွမ်းထက်ပစ္စည်းမဟုတ်ဘဲ ဤနှစ်ရက်အတွင်း နေအိမ်သို့ အခွင့်သင့်၍ ပြန်စဉ်က ယူလာခဲ့သော အပေါ်ဝတ်အင်္ကျီတစ်ထည်သာ ဖြစ်သည်။
ဝမ်ယွိကျဲက ရှက်ရွံ့စွာဖြင့် "အင်း" ဟု တစ်ချက်အသံပြုလိုက်ပြီး မငြင်းဆန်ဘဲ အင်္ကျီကို ယူ၍ သေသေချာချာ ဝတ်ဆင်လိုက်သည်။ အင်္ကျီပေါ်တွင် သက်သောင့်သက်သာရှိသော ရနံ့တစ်ခု ရှိနေသကဲ့သို့ပင် လူကို ယစ်မူးသွားစေသည်။ သူမ စိတ်ထဲတွင် တွေးရင်း မျက်နှာများ ပူလောင်လာသည်။
လော်ယွမ်က သူမ၏ မိန်းမဆန်သော အမူအရာကို မြင်လျှင် အနည်းငယ် ခေါင်းကိုက်သွားသည်။ သူ တမင်တကာ အေးစက်ထားခဲ့သော ခံစားချက်များသည် ဤတစ်ကြိမ်ကြောင့် တစ်ဖန်ပြန်လည် နွေးထွေးလာသကဲ့သို့ပင်။
ရှုကျစ်ချန်နှင့် ရှောင်ပိုင်ဟုန်တို့ ပြန်လှည့်လာကြသည်။ စောစောက သေမင်းတံခါးဝသို့ ရောက်နေခဲ့သော ဝမ်ယွိကျဲသည် ယခုအခါ လုံးဝပြန်လည်ကောင်းမွန်သွားသည်ကို မြင်သောအခါ စိတ်ထဲတွင် အလွန်တုန်လှုပ်သွားကြသည်။ အထူးသဖြင့် ရှုကျစ်ချန်ဖြစ်သည်။ ဆင့်ကဲပြောင်းလဲသူ အထူးတပ်ဖွဲ့၏ တပ်ခွဲမှူးတစ်ဦးအနေဖြင့် သူ၏ လုံခြုံရေးအဆင့်မှာ ပိုမြင့်ပြီး လျှို့ဝှက်အချက်အလက်အများစုကို သူသိခွင့်ရှိသည်။ ထို့ကြောင့် လော်ယွမ်သည် မြေဓာတ်ဆင့်ကဲပြောင်းလဲသူဖြစ်ကြောင်း သူ ကောင်းစွာသိသည်။ ဤသို့သိထားသောကြောင့် ပို၍ပင် အံ့အားသင့်တုန်လှုပ်သွားရသည်။
မြေဓာတ်ဆင့်ကဲပြောင်းလဲသူတွေက မည်သည့်အချိန်က ကုသနိုင်စွမ်း ရှိသွားသနည်း။
"ဒီမှာ ဆက်နေလို့မဖြစ်တော့ဘူး... ကျွန်တော်တို့ ဒီကအမြန်သွားမှဖြစ်မယ်" လော်ယွမ်၏ စကားသံက သူ၏အတွေးများကို ဖြတ်တောက်လိုက်သည်။ "ကျွန်တော် သံသယရှိတာက ဒီမြေငလျင်ကြောင့် မြေအောက်ရေနုတ်မြောင်းမှာ အက်ကြောင်းကြီးတစ်ခု ဖြစ်သွားပြီး အစွမ်းထက်တဲ့ အဆိပ်ပြင်းသတ္တဝါတစ်ကောင်ကို မျှားခေါ်လာသလိုဖြစ်သွားလားမသိဘူး"
လူတိုင်း စောစောက လူများ တစ်ယောက်ပြီးတစ်ယောက် အဆိပ်သင့်သွားသည်ကို ပြန်တွေးမိရာ စိတ်ထဲတွင် တုန်လှုပ်သွားပြီး ကြောက်ရွံ့တကြား ဖြစ်သွားကြသည်။
ဤနေရာသည် မြေအောက်ရေနုတ်မြောင်း၊ ညစ်ညမ်းစိုစွတ်သော နေရာဖြစ်ပြီး အဆိပ်ပြင်းသော ပိုးမွှားများနှင့် သတ္တဝါများကို အလွန်ဆွဲဆောင်တတ်သည်။
မြေအောက်ရေနုတ်မြောင်းထဲမှ သန္ဓေပြောင်းသတ္တဝါများကို မကြာခဏ ရှင်းလင်းသောကြောင့် ခြိမ်းခြောက်မှု မကြီးမားလှပေ။ သို့သော် မြေအောက်ရေနုတ်မြောင်း၏ အောက်ဘက်တွင်မူ၊ ရေဆိုးများ အများအပြား စိမ့်ဝင်မှုနှင့်အတူ ထိုနေရာတွင်လည်း အဆိပ်ပြင်းသော ပိုးမွှားသတ္တဝါများစွာ စုဝေးနေကြသဖြင့် အခြေအနေပို၍ဆိုးရွား၏။ ရေနုတ်မြောင်း၏အောက်ဘက်ကို ကန္တာရမြို့တည်ဆောက်ပြီးကတည်းက တစ်ကြိမ်မျှ ရှင်းလင်းခြင်းမရှိခဲ့ရာ သန္ဓေပြောင်းသတ္တဝါများ၏ အဆင့်မှာ ပိုမြင့်ပြီး ပို၍လည်း အန္တရာယ်များသည်။
ယခင်က ဗုံးခိုကျင်း၏ ထူထဲသောအုတ်မြစ်က သန္ဓေပြောင်းသတ္တဝါအများစုကို အပြင်ဘက်တွင် တားဆီးထားနိုင်ခဲ့ပြီး သေးငယ်သော သို့မဟုတ် မွေးကင်းစ သန္ဓေပြောင်းသတ္တဝါအချို့သာ အက်ကြောင်းများမှ ဝင်ထွက်နိုင်ခဲ့သည်။ သို့သော် ဤတစ်ကြိမ် မြေငလျင်ကြီးသည် ဤဟာကွက်ကို အဆပေါင်းများစွာ ချဲ့ကားလိုက်သည်မှာ ထင်ရှားလှသည်။
"မြေအောက်ရေနုတ်မြောင်းမှာ မနေရင် ကျွန်တော်တို့ ဘယ်သွားကြမလဲ" ရှောင်ပိုင်ဟုန်က စိုးရိမ်စွာ မေးလိုက်သည်။
"သွားသင့်တဲ့နေရာကို သွားရမှာပေါ့" လော်ယွမ်က တွေဝေသွားပြီးမှ ဆိုလိုက်သည်။ "အခု အပေါ်မှာ အခြေအနေတွေ ပုံမှန်ပြန်ဖြစ်နေလောက်ပြီ... ခင်ဗျားတို့ကို ဖမ်းဝရမ်းထုတ်ထားတာလည်း ပယ်ဖျက်လိုက်လောက်ပြီ... နောက်တစ်ခါ ခုလိုပြန်ဖြစ်တော့မှာ မဟုတ်ဘူးလို့ ကျွန်တော်ထင်တယ်"
စကားပြောနေစဉ်မှာပင် လော်ယွမ်၏ စိတ်ထဲတွင် အသိဉာဏ်တစ်ခု ရုတ်တရက် လင်းလက်သွားသည်။ ၎င်းမှာ သူ၏ စိတ်အလိုလိုသိမှုပင်။ သူသည် စစ်မှန်သော စိတ်ထိန်းချုပ်သူမှာ လုံးဝမသေသေးဘဲ၊ ပုန်းအောင်း၍ အချိန်အခါကို စောင့်ဆိုင်းနေသည်ဟု အမြဲသံသယရှိခဲ့သည်။
ဤအတွေးအတိုင်း ဆက်လိုက်ပါက ယခင်က ကွပ်မျက်ခံခဲ့ရသော နှစ်ဦးမှာ တစ်ယောက်က အစစ်၊ တစ်ယောက်က အတုဖြစ်နိုင်သည်။ ယောက်ျားမှာ အစစ်ဖြစ်နိုင်သည်၊ သူကိုယ်တိုင် မျက်မြင်တွေ့ခဲ့သည်။ နောက်တစ်ယောက်မှာမူ အတုအယောင်သာ ဖြစ်ပေမည်။
အစွမ်းထက်သော စိတ်ထိန်းချုပ်သူတစ်ဦးအတွက် လူတစ်ဦးကို သေဒဏ်ခံရန် ထိန်းချုပ်လိုက်ခြင်းမှာ အလွန်လွယ်ကူလှသည်။ ယခင် မြေအောက်မီးရထားဘူတာရုံမှ သန္ဓေပြောင်းသတ္တဝါများကို ဝိုင်းဝန်းဖမ်းဆီးစဉ်က နမူနာရှိခဲ့ပြီးသားပင်။
အရာအားလုံးမှာ ကျိုးကြောင်းဆီလျော်သွားချေပြီ။
အကယ်၍ ပို၍ရဲတင်းစွာ ခန့်မှန်းရလျှင် အများရှေ့တွင် ပေါ်ထွက်နေသော လျှပ်စစ်အစွမ်းနှင့်ခေါင်းဆောင် (စုယွိ) ကိုယ်တိုင်ပင်လျှင် ထိန်းချုပ်ခံထားရခြင်း ဖြစ်နိုင်ပြီး ထိုသူကိုယ်တိုင်မှာမူ ဘာမျှသိရှိခြင်း မရှိပေ။
အကယ်၍ ဤအတိုင်းသာ မှန်ပါက ဤစိတ်ထိန်းချုပ်သူသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှသည်။ သူကိုယ်တိုင်ပင်လျှင် ဤသူနှင့် ရင်ဆိုင်တွေ့သည့်အခါ တစ်ဖက်လူ၏ စိတ်ထိန်းချုပ်မှုကို လုံးဝခုခံနိုင်လိမ့်မည်ဟု ယုံကြည်ချက်အပြည့် မရှိပေ။
သို့သော် ဤသည်မှာ မိမိကိုယ်ကို ကြောက်လန့်အောင် ခြောက်လှန့်နေခြင်းသာ ဖြစ်သည်။ အကယ်၍ ထိုသို့သာဆိုလျှင် ဤရက်များအတွင်း သူ အပြင်ဘက်တွင် ပေါ်ပေါ်ထင်ထင် ရှိနေခဲ့သည်။ သူမ (သို့မဟုတ် သူ) တွင် အခွင့်အရေးများစွာ ရှိခဲ့သည်။ သို့သော်မည်သည့်အရာမျှ ဖြစ်မလာခဲ့သောကြောင့် တစ်ဖက်လူသည်လည်း သူ့ကို မည်သို့မျှ မတတ်နိုင်သည်မှာ ထင်ရှားသည်။
ယခုအခါ တစ်ဖက်လူမှာ လူများစွာ ဆုံးရှုံးသွားခဲ့ပြီဖြစ်ရာ ဤစိတ်ထိန်းချုပ်သူ၏ ထိန်းချုပ်နိုင်စွမ်းမှာ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းနေလောက်ပေပြီ။
ရှုကျစ်ချန်နှင့် ဤဆင့်ကဲပြောင်းလဲသူများသည် ကန္တာရမြို့တွင် (သူမှလွဲလျှင်) အစွမ်းအထက်ဆုံး အုပ်စုဖြစ်သည်။ အကယ်၍ မိမိသာ ထိုပုန်းအောင်းနေသော စိတ်ထိန်းချုပ်သူဖြစ်ပါက ဤလူများကို လက်လွှတ်ခံမည်မဟုတ်ပေ။
ဤသည်မှာ မြွေကို တွင်းထဲမှ မျှားခေါ်ရန် အခွင့်အရေးတစ်ခု ဖြစ်ကောင်းဖြစ်နိုင်သည်။
ဆက်ရန်...
အပိုင်း(၂၉၈)မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း - ၂
ဒင်... အဆင့်"ဒီ" မစ်ရှင် - နောက်ကွယ်မှ ကြိုးကိုင်သူ
လျှို့ဝှက်ဆန်းကြယ်သော စိတ်ထိန်းချုပ်သူကို ရှာဖွေပြီး ရှင်းလင်းရန်။
အချိန် - ငါးရက်။ လက်ခံ/ငြင်းပယ်
စနစ်၏ သတိပေးသံက သူ၏ဦးနှောက်ထဲတွင် ရုတ်တရက် ပေါ်ထွက်လာ၏။
သူ ခေတ္တမျှ ကြောင်အသွား၏။ သူ၏ စောစောက အတွေးက မစ်ရှင်တစ်ခုကို ဖြစ်ပေါ်စေခဲ့ကြောင်း သူ သိလိုက်၏။
ယခင်က သူ၏အတွေးမှာ မှန်းဆချက်မျှသာ ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ အခိုင်အမာ အတည်ပြုနိုင်ခဲ့ပြီဖြစ်သည်။
သူ စနစ်ကို ရရှိခဲ့သည့်အချိန်မှ ယခုအချိန်အထိ ထုတ်ပြန်သော မစ်ရှင်များက မည်မျှပင် ထူးဆန်းနေပါစေ မစ်ရှင်ကို တွေ့ကြုံရသည့် အခြေအနေက မည်မျှပင် တိုက်ဆိုင်နေပါစေ စနစ်က တစ်ကြိမ်တစ်ခါမျှ အမှားအယွင်း မဖြစ်ခဲ့ဖူးပေ။
၎င်းတွင် အရာအားလုံးကို သိမြင်နိုင်သော မျက်လုံးတစ်စုံ ရှိနေသကဲ့သို့ပင်။ ဤကမ္ဘာကြီးတွင် ၎င်းအတွက် လျှို့ဝှက်ချက်ဟူ၍ မရှိသကဲ့သို့ ဖြစ်နေ၏။ ဖြစ်တန်စွမ်းမျှသာရှိသော ကိစ္စရပ်တိုင်းသည်ပင်လျှင် ၎င်း၏အမြင်တွင် အတိအကျ ဖြစ်နေခဲ့သည်။ တစ်ခါတစ်ရံ လော်ယွမ်က နက်နက်နဲနဲ စဉ်းစားမိသောအခါ ကျောချမ်းသွားမိသည်။ စနစ်ကို ပို၍နားလည်လာလေလေ သူ၏ နှလုံးသားအနက်ရှိုင်းဆုံးမှ အင်အားမဲ့သော ခံစားချက်ကို ပို၍ခံစားလာရလေလေပင်။
စိတ်ထဲတွင် အတွေးတစ်ချက် ဖြတ်ပြေးသွားပြီးနောက် သူ၏စိတ်မှာ ချက်ချင်းပင် လေးလံသွား၏။ သူက ဤနောက်ကွယ်မှ ကြိုးကိုင်သူကို အနည်းငယ် အထင်သေးမိသွားကြောင်း တွေ့ရှိလိုက်ရသည်။
"ဒီအဆင့် မစ်ရှင်လား" သူက တွေးတွေးဆဆဖြင့် ရေရွတ်လိုက်မိ၏။
.......................................................................................................................................
"နောက်ပိုင်းဘာကိစ္စပဲရှိရှိ ငါ့ဆီလာခဲ့လို့ရတယ်" လော်ယွမ်က ရှူကျစ်ချန်၏ ပခုံးကိုပုတ်ရင်း ပြောလိုက်၏။
ရှူကျစ်ချန်က ခေါင်းညိတ်လိုက်ပြီး သူ၏မျက်နှာတွင် လှိုက်လှဲသော အရိပ်အယောင်များ ထင်ဟပ်နေ၏။ ထောင်ဖောက်ခဲ့သည့် အကြိမ်ကိုပါ ထည့်တွက်လျှင် လော်ယွမ်က သူ့အသက်ကို နှစ်ကြိမ်တိုင်တိုင် ကယ်တင်ခဲ့ပြီးဖြစ်သည်။ ဤကျေးဇူးတရားမှာ အလွန်ကြီးမားလှ၏။ သူက ကျေးဇူးတင်စကားကို နှုတ်ဖြင့်မပြောခဲ့သော်လည်း သူ၏စိတ်နှလုံးထဲတွင်မူ ခိုင်မြဲစွာ အမှတ်တရ ထွင်းထုထားခဲ့သည်။
"ဆရာယွမ်... ကျွန်တော် ဆရာယွမ်နောက် လိုက်လို့ရမလား" ကျန်းဝူက ဘေးမှနေ၍ ပြောလိုက်၏။
လော်ယွမ်က ခေတ္တမျှစဉ်းစားပြီးနောက် "အခုတော့ မဖြစ်သေးဘူး... ငါလုပ်စရာကိစ္စတချို့ရှိသေးတယ်... နောက်မှပဲ ကြည့်ကြတာပေါ့"
လော်ယွမ်က တစ်ယောက်ပြီးတစ်ယောက် ပခုံးကို ပုတ်ပေးလိုက်သည်။ ဝမ်ယွိကျဲ၏အလှည့်သို့ ရောက်သောအခါ၊ သူမ၏ နီရဲနေသော မျက်လုံးများကို ကြည့်ရင်း လော်ယွမ်က ခေတ္တမျှ တုန့်ရပ်သွားပြီးနောက် သူမကို ပွေ့ဖက်လိုက်၏။
"ဂရုစိုက်နော်" လော်ယွမ်က သူ၏လက်ကို လွှတ်လိုက်ပြီး ပြောလိုက်၏။
"အင်း... ရှင့်ကိုယ်ရှင်လည်း ဂရုစိုက်ပါ" ဝမ်ယွိကျဲက တည်ငြိမ်ဟန်ဆောင်၍ ဆို၏။
ရေနုတ်မြောင်း ပြုပြင်ထိန်းသိမ်းရေးအခန်း တံခါးဝမှ ကင်းစောင့်များမှာ အများစု ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ဝမ်ယွိကျဲ၏ အလင်းစွမ်းရည် အကာအကွယ်အောက်တွင် လူအုပ်စုမှာ လျင်မြန်စွာ ထွက်ခွာသွားကြ၏။
လော်ယွမ်က ဤအဖြစ်အပျက်အားလုံးကို တိတ်ဆိတ်စွာ ကြည့်နေ၏။ လူအုပ်စု အဝေးသို့ ရောက်သွားပြီးနောက်၊ သူက သူ၏အင်္ကျီလက်စကို ဆွဲတင်လိုက်ပြီး အတွင်းမှ ကျန်ရှိနေသော အရေခွံအသေများကို ဘောင်းဘီအိတ်ကပ်ထဲသို့ ထိုးထည့်လိုက်သည်။
စောစောက ပခုံးပုတ်လိုက်သော လှုပ်ရှားမှုတွင် သူ၏ ပေါင်းစပ်ခြင်းစွမ်းရည်မှာ အသက်ဝင်သွားခဲ့၏။ အရေခွံအသေအနည်းငယ်မှာ သူတို့၏အဝတ်အစားများထဲသို့ တိတ်တဆိတ် ပေါင်းစပ်ဝင်ရောက်သွားခဲ့သည်။ အရေခွံအသေများပေါ်တွင် ကျန်ရှိနေသော စိတ်စွမ်းအားအမှတ်အသားမှတစ်ဆင့် သူတို့ အလွန်အမင်း ဝေးကွာမသွားသရွေ့ လော်ယွမ်က သူတို့ကို ရှင်းလင်းစွာ အာရုံခံနိုင်ပေမည်။
သူ၏ ၁၅ မှတ်ရှိသော လျင်မြန်ဖျတ်လတ်မှု၊ သာမန်လူထက် ၇.၅ ဆခန့်ရှိသော တုံ့ပြန်မှုအရှိန်တို့ဖြင့် ဤသို့သော လှုပ်ရှားမှုအသေးစားကို မည်သူမျှ မြင်နိုင်စွမ်းမရှိပေ။ အများဆုံးအားဖြင့် ပခုံးပုတ်ခံလိုက်ရစဉ် ရုတ်တရက် နွေးခနဲဖြစ်သွားသည်ဟုသာ ခံစားရပြီး ၎င်းကို စိတ်ထင်ယောင်ထင်မှားမှုတစ်ခုဟုသာ ထင်မှတ်ကာ လုံးဝ သတိပြုမိကြမည်မဟုတ်ပေ။
လော်ယွမ်က မျက်လုံးမှိတ်ကာ ခေတ္တမျှ အာရုံခံကြည့်လိုက်ရာ မူလက အတူတကွရှိနေသော လူအချို့မှာ လမ်းခွဲသွားကြပြီး မိမိတို့၏ ဦးတည်ရာဆီသို့ ထွက်ခွာသွားကြပြီဖြစ်ကြောင်း တွေ့ရှိလိုက်ရ၏။
သူ၏မျက်နှာပေါ်တွင် ညိုမှိုင်းသော အရိပ်အယောင်တစ်ချက် ဖြတ်ပြေးသွားသော်လည်း သူက ထွက်ခွာမသွားဘဲ ရေနုတ်မြောင်းထဲသို့ ပြန်လှည့်ဝင်သွားခဲ့သည်။
ရေနုတ်မြောင်းနှင့် ဗုံးခိုကျင်းတို့မှာ တစ်ခုနှင့်တစ်ခု ပိတ်ဆို့ထားသော်လည်း လက်တွေ့တွင် လေထုမှာ အနည်းငယ် စီးဆင်းနိုင်သေး၏။ ထို့အပြင် ငလျင်၏ သက်ရောက်မှုနှင့် ပြိုကျမှုများကြောင့် ၎င်းတို့နှစ်ခုကြားမှ အတားအဆီးမှာ လုံးဝပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ လေထုများ လျင်မြန်စွာ ဖလှယ်မှုအောက်တွင် ရေနုတ်မြောင်းထဲ၌ ပျံ့နှံ့နေသော အမည်မသိအဆိပ်ငွေ့များမှာ သေစေနိုင်သော အန္တရာယ်ရင်းမြစ်တစ်ခု ဖြစ်လာခဲ့၏။
အကယ်၍ ဤအဆိပ်ငွေ့များ ထုတ်လွှတ်ရာ အရင်းအမြစ်ကို အချိန်မီ မဖြေရှင်းနိုင်ခဲ့ပါလျှင် မကြာမီမှာပင် သေခြင်းတရားက ဗုံးခိုကျင်းတစ်ခုလုံးကို လွှမ်းခြုံသွားပေလိမ့်မည်။
လော်ယွမ်က မျက်နှာထားတည်တည်ဖြင့် ရေနုတ်မြောင်းဆီသို့ အမြန်လျှောက်သွားခဲ့သည်။ တိုတောင်းသော အချိန်အတွင်းမှာပင် ရေနုတ်မြောင်းထဲတွင် အလောင်းကောင်များဖြင့် ပြည့်နှက်နေခဲ့ပြီး ရှင်သန်နိုင်စွမ်းကြီးမားသော သို့မဟုတ် အဆိပ်ဒဏ်ခံနိုင်ရည်ရှိသော သန္ဓေပြောင်းသတ္တဝါအချို့မှာလည်း ဝရုန်းသုန်းကား ထွက်ပြေးလွှားရင်း သေလုမျောပါး ရုန်းကန်နေကြရသည်။
အဆိပ်မြူခိုးမှိန်မှိန်တို့က နေရာတစ်ခုလုံးကို လွှမ်းခြုံထားပြီး လေထုထဲတွင် ထူးဆန်းသော ချိုမွှေးမွှေးရနံ့တစ်မျိုး ပါဝင်နေ၏။ သတိထားသောအားဖြင့် သူက ချက်ချင်းပင် အသက်အောင့်ထားလိုက်သည်။ ဤအဆိပ်မှာ အလွန်ပြင်းထန်လှပြီး ဆင့်ကဲပြောင်းလဲသူများဖြစ်သော ထုံကျန့်လျန်နှင့် ဝမ်ယွိကျဲတို့ပင် မခုခံနိုင်ခဲ့ပေ။ လော်ယွမ်ကလည်း မိမိကိုယ်တိုင် ဘေးကင်းလုံခြုံမည်ဟု အတိအကျ မပြောနိုင်ပေ။
စနစ်က သတိပေးခြင်းမရှိသောကြောင့် လော်ယွမ်က ဤအဆိပ်ငွေ့၏ ရင်းမြစ်မှာ ပြင်းထန်သောအဆိပ်မှလွဲ၍ အစွမ်းသတ္တိမှာ သိပ်အားကောင်းမည်မဟုတ်ဟု ခန့်မှန်းလိုက်၏။ အမှန်တော့ လက်တွေ့တွင် အခက်ခဲဆုံးအရာမှာလည်း ၎င်း၏ ပြင်းထန်သောအဆိပ်ပင် ဖြစ်၏။
လော်ယွမ်က အခါအားလျော်စွာ ဆောင့်ကြောင့်ထိုင်ချကာ သန္ဓေပြောင်းသတ္တဝါအလောင်းများ၏ တောင့်တင်းမှုအခြေအနေကို စစ်ဆေးရင်း အဆိပ်ငွေ့၏ ရင်းမြစ်ကို ဆုံးဖြတ်ရန် ကြိုးစားနေ၏။ သူ၏ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် အဆုတ်စွမ်းရည်အရ ပြင်းထန်သော လှုပ်ရှားမှုများ မပြုလုပ်သရွေ့ သူသည် မိနစ် သုံး၊ လေးဆယ်ခန့် အသက်အောင့်ထားနိုင်ရာ အချိန်မှာ လုံလောက်သည်ထက်ပင် ပိုနေသေးသည်။
နောက်ဆုံးတွင် ငါးမိနစ်၊ ခြောက်မိနစ်ခန့်အကြာ၌ ငလျင်ကြောင့်ဖြစ်ပေါ်လာသော အက်ကွဲကြောင်းတစ်ခုအနီးတွင် လော်ယွမ်က အဝေးမှနေ၍ ရပ်တန့်လိုက်၏။
ဤသည်မှာ သာမန်ကားတစ်စီးအရွယ်အစားခန့်ရှိပြီး ဖားပြုတ်နှင့်တူသော သတ္တဝါတစ်ကောင် ဖြစ်သည်။
၎င်း၏ကျောပြင်မှာ မီးကဲ့သို့ နီရဲနေပြီး မရေမတွက်နိုင်သော ဗုများက အသက်ရှူနှုန်းအလိုက် နိမ့်ချည်မြင့်ချည် ဖြစ်နေ၏။ ရံဖန်ရံခါတွင် အဝါရောင်ပြည်များပင် စီးကျလာသေးရာ ကြည့်ရသူအဖို့ အလွန်ပင် စက်ဆုပ်ရွံရှာဖွယ် ကောင်းလှသည်။
၎င်း၏ ဝမ်းဗိုက်မှာ ကြောက်မက်ဖွယ်ကောင်းသော အမည်းရောင်ဖြစ်နေပြီး၊ အပေါ်တွင် ကြီးမားသော၊ သေးငယ်သော အစက်အပြောက်ဝိုင်းများဖြင့် စိပ်စိပ်ညက်ညက် ပြည့်နှက်နေ၏။ အစက်အပြောက်ငယ်များမှာ လက်မအရွယ်အစားခန့် တုတ်ခိုင်ပြီး မျက်နှာပြင်မှာ ချောမွေ့ဝိုင်းစက်ကာ အခါအားလျော်စွာ တွန့်လိမ်လှုပ်ရှားနေ၏။ လော်ယွမ်၏ အမြင်အာရုံမှာ စူးရှလှရာ ၎င်းတို့မှာ အစက်အပြောက်များမဟုတ်ဘဲ မရေမတွက်နိုင်သော သန်းကဲ့သို့သော ကပ်ပါးကောင်များဖြစ်ကြောင်း ချက်ချင်းပင် တွေ့ရှိလိုက်ရသည်။
လော်ယွမ်က တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် ကြက်သီးမွေးညင်းများပင်ထသွားမိ၏။
ဤကပ်ပါးကောင်များမှာ သွေးအလုံအလောက် စုပ်ယူထားပြီးဖြစ်ဟန်တူပြီး တစ်ကောင်ချင်းစီမှာ ပြည့်ဖြိုးဝိုင်းစက်နေကြ၏။ ဖားပြုတ်ကြီးထံမှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ်အဆိပ်ငွေ့များမှာ ဤကပ်ပါးကောင်များအပေါ် လုံးဝ သက်ရောက်မှုမရှိသည့်အလားပင်။
သဘာဝလောကတွင် အရာတစ်ခုက တခြားအရာတစ်ခုကို နိုင်နင်းသည်ဆိုခြင်းမှာ ဤသို့ပင် ဖြစ်ပေမည်။
၎င်းထုတ်လွှတ်နေသော ဩဇာအရှိန်အဝါအရ ဤသတ္တဝါ၏အစွမ်းမှာ အပြာရောင်အဆင့်နှင့် အပြာရင့်ရောင်အဆင့်ကြားတွင် ရှိ၏။ ဤသို့သောအစွမ်းမှာ လော်ယွမ်အတွက်မူ ဓားတစ်ချက်တည်းဖြင့် အဆုံးသတ်သွားမည့် သတ္တဝါမျှသာ ဖြစ်သည်။
သို့သော် ဤသတ္တဝါမှာ တစ်ကိုယ်လုံး အဆိပ်များဖြင့် ပြည့်နှက်နေပြီး အလွန်အမင်း စက်ဆုပ်ဖွယ်ကောင်းသည်ကို ထည့်သွင်းစဉ်းစားကာ လော်ယွမ်က မျက်မှောင်ကြုတ်လျက် စိတ်စွမ်းအားကို စုစည်းလိုက်၏။ သူ၏ခန္ဓာကိုယ်မျက်နှာပြင်ပေါ်တွင် ပါးလွှာသော စိတ်စွမ်းအင်အလွှာတစ်ခုကို ဖန်တီးလိုက်ပြီး အဆိပ်ရည်များ လာရောက်စင်ပတ်ခြင်းမှ ကာကွယ်လိုက်သည်။
နောက်ဆက်တွဲတိုက်ပွဲမှာမူ ပြောပလောက်စရာ မရှိတော့ပေ။
ကြောက်မက်ဖွယ် ဩဇာအရှိန်အဝါအောက်တွင် တစ်ဖက်သတ္တဝါမှာ ကြောက်လန့်တကြားဖြင့် မလှုပ်ရှားနိုင်ဘဲ တစ်ကိုယ်လုံး တဆတ်ဆတ်တုန်နေ၏။ သူ တစ်လှမ်းချင်းစီ ချဉ်းကပ်သွားသည့်တိုင် ခုခံလိုစိတ် လုံးဝမရှိဘဲ အသည်းငယ်သော ငုံးတစ်ကောင်ပမာ လိမ္မာယဉ်ကျေးနေခဲ့သည်။ ထို့နောက် သူ၏ဓားတစ်ချက်တည်းဖြင့် ဦးခေါင်းပြတ်သွားပြီး အမည်းရောင်ရေဆိုးများမှာ ၉ပေကျော်အထိ မြင့်တက်ပန်းထွက်သွားကာ မြေပြင်ကိုပင် စတင်တိုက်စားသွားတော့၏။
ဤအလောင်းကောင်မှာ တစ်ကိုယ်လုံး အဆိပ်များချည်းပင်ဖြစ်ရာ ဤနေရာတွင် ပုပ်သိုးဆွေးမြေ့သွားရန် ပစ်ထား၍ မဖြစ်ပေ။
မြေပြင်ပေါ်တွင် အဆိပ်ငွေ့ကြောင့် သေဆုံးနေသော သန္ဓေပြောင်းသတ္တဝါအလောင်းများမှာ နေရာအနှံ့အပြားတွင် ရှိနေ၏။ လော်ယွမ်က အလောင်းများထဲမှ အဆီများကို ထုတ်ယူလိုက်ပြီး မကြာမီမှာပင် အပုံလိုက်ဖြစ်လာသည်။ ဤအဆီများမှာ ဆီပါဝင်မှု အလွန်မြင့်မားပြီး အလွန်မီးလောင်လွယ်၏။
လော်ယွမ်က မီးရှို့လိုက်သောအခါ၊ မီးတောက်များမှာ ၉ပေကျော်အထိ မြင့်တက်တောက်လောင်သွားသည်။ ပြင်းထန်သော မီးတောက်များအောက်တွင် မကြာမီမှာပင် ဖားပြုတ်ကြီး၏အလောင်းမှာလည်း စတင်လောင်ကျွမ်းလေတော့၏။
သူ သက်ပြင်းတစ်ချက်ချလိုက်၏။ ရေဒီယိုသတ္တိကြွအဆိပ်အချို့မှလွဲ၍ အခြားသော ဇီဝအဆိပ်များ သို့မဟုတ် ဓာတုအဆိပ်များကို မီး၏အပူချိန်မြင့်မြင့်က လောင်ကျွမ်းပြိုကွဲစေနိုင်သည်။ မီးလောင်ကျွမ်းပြီးနောက်တွင် ဤအဆိပ်၏ရင်းမြစ်မှာ လုံးဝပျောက်ကွယ်သွားပေမည်။
သူက နာရီဝက်ခန့်အထိ စောင့်ဆိုင်းလိုက်ပြီး ဤအလောင်းမှာ ပြာအဖြစ်သို့ လုံးဝပြောင်းလဲသွားမှသာ စိတ်အေးလက်အေးဖြင့် အမြန်ထွက်ခွာသွားခဲ့သည်။
လျှောက်လှမ်းနေစဉ်မှာပင် သူ၏ခြေလှမ်းများ ရုတ်တရက် တုန့်ရပ်သွား၏။ သူ ပေးပို့ထားသော စိတ်စွမ်းအားအမှတ်အသားများထဲမှ တစ်ခုတွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်ကို သူ တွေ့ရှိလိုက်ရသည်။ စွမ်းအားတစ်ခုခုက ၎င်းကို လာရောက်သက်ရောက်နေပြီး အဆက်မပြတ် တုန်ခါစေနေသည့်အလားပင်။
သို့သော် သူ အာရုံခံရန် ပြင်ဆင်လိုက်စဉ်မှာပင် အမှတ်အသားမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ဆပ်ပြာပူဖောင်းတစ်လုံး ပေါက်ကွဲသွားသကဲ့သို့ "ဖောင်း" ခနဲ မြည်ကာ ကြေမွပျောက်ကွယ်သွားတော့၏။ သူ၏ဦးနှောက်ထဲမှ အာရုံခံဆက်သွယ်မှုမှာ ချက်ချင်းပင် ပြတ်တောက်သွားခဲ့သည်။
လော်ယွမ်၏ စိတ်အစဉ်မှာ လေးလံသွား၏။ တစ်ဖက်လူက ဤမျှလျင်မြန်စွာ လှုပ်ရှားလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ နာရီဝက်ခန့်သာ ကြာမြင့်သေးပြီးဖြစ်သော်လည်း သူတို့ လှုပ်ရှားလိုက်ကြပြီဖြစ်သည်။
ထိခိုက်သွားသူမှာ ရှောင်ပိုက်ဟုန် ဖြစ်၏။ အစောပိုင်းက အရေပြားခြောက်များကို ပေါင်းစပ်ထည့်သွင်းစဉ်က ပမာဏ အနည်းအများရှိခဲ့သဖြင့် အာရုံခံနိုင်စွမ်းမှာလည်း အားကောင်းခြင်း၊ အားနည်းခြင်းဟူ၍ ကွဲပြားနေ၏။ ထိုအထဲတွင် ဝမ်ယွိကျဲ၏ အဝတ်အစားထဲသို့ အများဆုံးထည့်သွင်းခဲ့ပြီး အာရုံခံနိုင်စွမ်းမှာ အရှင်းလင်းဆုံးဖြစ်သည်။ ထို့နောက်တွင်မှ ရှူကျစ်ချန်၊ ကျန်းဝူနှင့် ရှောင်ပိုက်ဟုန်တို့ ဖြစ်ကြသည်။ အားအနည်းဆုံးမှာမူ ယန်ကျိချင် ဖြစ်၏။ အာရုံခံအမှတ်အသားတိုင်းကို ခွဲခြားသိရှိနိုင်ရန် တစ်ခုချင်းစီ သတ်မှတ်ထားခဲ့သည်။
ယခု ပျောက်ကွယ်သွားသော စိတ်စွမ်းအားအမှတ်အသားမှာမူ ရှောင်ပိုက်ဟုန်၏ အမှတ်အသားဖြစ်သည်မှာ ထင်ရှားလှ၏။
ဆက်ရန်...