← Chapters

အခန်း (၂၉၉+၃၀၀)

Vol. 15 Ch. 299+300

အခန်း (၂၉၉+၃၀၀)

Vol. 15 Ch. 299+300

အပိုင်း(၂၉၉)မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း - ၃

"တပ်မှူးရှောင်... အခု လုံခြုံရေးဌာနက အစစအရာရာ ပြန်လည်ထူထောင်နေရတဲ့အချိန်ပဲ... တပ်မှူးဟူ အပါအဝင် ရဲဘော်အများစုက အရင်တစ်ခေါက်ဖြစ်စဉ်မှာ အသက်စတေးသွားခဲ့ရတယ်... ဆုံးရှုံးမှုကအရမ်းကြီးလွန်းတယ်... အခုခင်ဗျားရဲ့ပခုံးပေါ်က တာဝန်က သိပ်ကြီးလေးနေပြီ" မြို့တော်ဝန်စုံ့က မျက်နှာတွင် နာကျင်သောဝေဒနာထင်ဟပ်လျက် ဆို၏။ "ခင်ဗျားရဲ့ အဓိကတာဝန်ကတော့ ပြန်ရောက်တာနဲ့ လုံခြုံရေးဌာနကို ပြန်လည်စုစည်းဖွဲ့စည်းဖို့ပဲ... ပြီးတော့ ဒီတစ်ခေါက် သင်ခန်းစာကိုယူပြီး လုံခြုံရေးစည်းမျဉ်းတွေကို ပြည့်စုံအောင်လုပ်ရမယ်... ခင်ဗျားလုပ်နိုင်ရဲ့လား"

ရှောင်ပိုင်ဟုန်သည် မြေအောက်ရေမြောင်းမှ ထွက်ခွာပြီး မကြာမီမှာပင် စစ်ရဲများက သူ့ထံသို့ ရောက်ရှိလာပြီး မြို့တော်ဝန်ရုံးသို့ တစ်ခေါက်လာရန် ပြောကြားခဲ့၏။ အစပိုင်းတွင် သူသည် စိတ်ထဲ၌ ထိတ်လန့်မိပြီး ၎င်းမှာ ထောင်ချောက်ဆင်၍ ဖမ်းဆီးခြင်းဖြစ်နိုင်ကြောင်းပင် သံသယဝင်ခဲ့သည်။ သို့သော် အကြိမ်ကြိမ် ချီတုံချတုံဖြစ်ပြီးနောက် သူသည် သွားရောက်တွေ့ဆုံရန် ဆုံးဖြတ်လိုက်၏။

သို့သော် ရလဒ်မှာ သူထင်ထားသကဲ့သို့ ဖမ်းဆီးခြင်းမျိုး မဖြစ်ပွားခဲ့သည့်အပြင် တွေ့တွေ့ချင်းမှာပင် တာဝန်ကြီးတစ်ခုကို ပေးအပ်ခြင်းခံလိုက်ရသည်။ ရှောင်ပိုင်ဟုန်သည် တစ်ချက်ကြောင်ငေးသွားပြီး သတိပြန်ဝင်လာသောအခါ အလျင်အမြန်ပင် အသံကျယ်ကြီးဖြင့် အာမခံလိုက်သည်။ "ခေါင်းဆောင် စိတ်ချပါ... ကျွန်တော် သစ္စာဆိုဝံ့ပါတယ်... ဒီတစ်ခါ လုံခြုံရေးဌာနမှာ အရင်ကလိုပြဿနာမျိုး လုံးဝထပ်မဖြစ်စေရဘူး"

"ဟုတ်ပြီ... ခင်ဗျား ပြောတဲ့အတိုင်း လုပ်နိုင်ဖို့ မျှော်လင့်တယ်... ခင်ဗျား အရင်ပြန်ပြီး အလုပ်လုပ်တော့... ဖြစ်နိုင်ရင် မနက်ဖြန် ကျွန်တော့်ကို စီမံချက်တစ်ခု တင်ပြပါ" မြို့တော်ဝန်စုံ့က ဆို၏။

မော်လီသည် တံခါးဝအထိ လိုက်ပို့ရင်း ရှောင်ပိုင်ဟုန် ရုံးခန်းမှ ထွက်ခွာသွားသည်ကို ကြည့်နေ၏။ သူမ၏ ဖြူစင်နုနယ်ပြီး ရှက်သွေးဖြန်းနေသော မျက်နှာလေးပေါ်တွင် အပြုံးအရယ်တစ်စိုးတစ်စိမျှ မရှိချေ။

ဤအချိန်အတောအတွင်း အခြေအနေပြောင်းလဲမှုများသည် အလွန်လျှင်မြန်လှိုင်းထန်လွန်းလှရာ သူမပင်လျှင် လက်မမီနိုင်အောင် ဖြစ်ခဲ့ရပြီး မတုံ့ပြန်ဘဲ ခုခံရသည့်အခြေအနေသို့ ဆိုက်ရောက်ခဲ့ရ၏။

အစပိုင်းတွင် လှုပ်ရှားမှုသည် အတော်အတန် ချောမွေ့ခဲ့၏။ သူမ၏အားကောင်းသော စွမ်းရည်နှင့် တစ်ဆင့်ချင်းစီ တည်ဆောက်ခဲ့သော နည်းလမ်းများဖြင့် ကန္တာရမြို့၏ အထက်ပိုင်းအလွှာတစ်ခုလုံးကို လျင်မြန်စွာ ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် သက်ပြင်းမချနိုင်သေးမီမှာပင် နောက်ဆက်တွဲအဖြစ်အပျက်များက ရင်ထိတ်လန့်ဖွယ်ရာ ဆက်တိုက်ဖြစ်ပေါ်လာခဲ့သည်။ ဦးစွာ မျက်မှန်သမားနှင့် ရှဲ့ကြီးတို့ အသက်ဆုံးရှုံးခဲ့ရပြီး ထို့နောက်တွင်မူ စူးယွီပင်လျှင် မြို့တော်ဝန်ရုံးထဲ၌ မည်သူမျှမသိလိုက်ဘဲ ခေါင်းဖြတ်အသတ်ခံလိုက်ရ၏။

စူးယွီ၏ စွမ်းဆောင်ရည်မှာ အလွန်အားကောင်းလှပြီး အဆင့်ခြောက် သန္ဓေပြောင်းသတ္တဝါတစ်ကောင်ကို သတ်ဖြတ်နိုင်ခဲ့သည့် မှတ်တမ်းပင် ရှိခဲ့၏။ ဤသည်မှာ သူမ ယခုအချိန်အထိ တွေ့မြင်ဖူးသမျှတွင် အစွမ်းအထက်ဆုံး ဆင့်ကဲပြောင်းလဲသူဖြစ်သလို သူမ၏လက်ထဲမှ အားအကောင်းဆုံး စွမ်းအားလည်း ဖြစ်သည်။ သူ၏သေဆုံးမှုက သူမကို နောက်ဆုံးတွင် စိုးရိမ်ပူပန်မှု စတင်ခံစားလာရစေသည်။

သူမ၏စွမ်းရည်သည် စိတ်ညှို့ခြင်းနှင့် ဆင်တူသော်လည်း ပိုမိုနက်ရှိုင်းပြီး ပို၍အားကောင်း၏။ သာမန်စိတ်ညှို့ခြင်းသည် အသိစိတ်၏အပေါ်ယံလွှာကိုသာ ညှို့ယူခြင်းဖြစ်သော်လည်း၊ သူမကမူ လူတို့၏ မသိစိတ်ထဲမှ မှတ်ဉာဏ်များကို ပြင်ဆင်ပြောင်းလဲနိုင်စွမ်းရှိ၏။

အသိစိတ်အပေါ်ယံလွှာကို ညှို့ယူခြင်းသည် တစ်စုံတစ်ခုမှားယွင်းနေသည်ဟု ခံစားမိပါက သို့မဟုတ် မသိစိတ်နှင့် ပဋိပက္ခဖြစ်ပါက ရုန်းကန်လွတ်မြောက်နိုင်သေးသည်။ သို့သော် မသိစိတ်ထဲမှ မှတ်ဉာဏ်များကို ပြင်ဆင်ပြောင်းလဲခြင်းခံလိုက်ရပါကမူ လွတ်မြောက်နိုင်ခြေ လုံးဝမရှိတော့ပေ။ အကြောင်းမှာ ၎င်းသည် ဦးနှောက်၏ အနက်ရှိုင်းဆုံးအလွှာမှ အတွေးအခေါ်ဖြစ်ပြီး မှတ်ဉာဏ်၏ အမြင့်ဆုံးအစီအစဉ်ဖြစ်သောကြောင့်ပင်တည်း။ သင်သည် ၎င်းကို နှလုံးသားထဲမှ အကြွင်းမဲ့ယုံကြည်သွားမည်ဖြစ်ပြီး ၎င်းနှင့်ဆန့်ကျင်သော၊ ကွဲလွဲနေသော မှတ်ဉာဏ်မှန်သမျှသည် အလိုအလျောက် ပြန်လည်ပြုပြင်ပြည့်စုံသွားပေလိမ့်မည်။

တိကျသောစကားလုံးတစ်လုံးဖြင့် ဖော်ပြရလျှင် ၎င်းမှာ "စိတ်ကူးဖြင့် အလိုလိုဖြည့်စွက်ခြင်း" ပင်ဖြစ်၏။

ဥပမာအားဖြင့် မြို့တော်ဝန်ရုံးမှ လူအားလုံး၏စိတ်ထဲတွင် သူမသည် မြို့တော်ဝန်စုံ့၏ တူမဖြစ်သည်ဟူသော အတွေးကို ထည့်သွင်းလိုက်ပြီးနောက် မြို့တော်ဝန်စုံ့ကိုယ်တိုင် အပါအဝင် မည်သူတစ်ဦးတစ်ယောက်မျှ ဤသူက မည်သူမည်ဝါဖြစ်မှုကို သံသယမဝင်ကြတော့ပေ။ အချိန်ကြာလာသည်နှင့်အမျှ ထိုအကြောင်းအရာနှင့် သက်ဆိုင်သော မှတ်ဉာဏ်အသစ်များပင် အလိုအလျောက် ပေါ်ပေါက်လာပေလိမ့်မည်။

မှတ်ဉာဏ်သည် လူသားတို့၏ အဖိုးတန်ဆုံးသော ရတနာဖြစ်ပြီး မြင့်မြတ်၍ မဖျက်စီးအပ်သောအရာလည်း ဖြစ်၏။ မှတ်ဉာဏ်ရှိသောကြောင့်သာ "ငါ" ဟူသော အသိတရား ပေါ်ပေါက်လာခြင်းဖြစ်သည်။ မှတ်ဉာဏ်ကို ပြင်ဆင်ပြောင်းလဲနိုင်သော ဤစွမ်းရည်သည် မည်သူ့ကိုမဆို ရင်ထဲအသည်းထဲမှ အစစ်အမှန် ကြောက်ရွံ့ထိတ်လန့်မှုကို ဖြစ်ပေါ်စေနိုင်၏။

ဤစွမ်းရည်ကို တစ်စုံတစ်ယောက်က ရှာဖွေတွေ့ရှိသွားပြီး ဖော်ထုတ်ခံလိုက်ရပါက သူမ မည်သို့ပင် တောင်းပန်တိုးလျှိုးစေကာမူ သေလမ်းတစ်လမ်းတည်းသာ ရှိမည်ဖြစ်ကြောင်း သူမ ကောင်းစွာသိ၏။

စူးယွီ သေဆုံးပြီးကတည်းက သူမသည် အန္တရာယ်က တဖြည်းဖြည်း ချဉ်းကပ်လာနေသည်ကို ခံစားမိနေခဲ့သည်။ အမှောင်ထုထဲမှ အေးစက်သော မျက်လုံးတစ်စုံက သူမ၏ကျောပြင်ကို အေးစက်စွာ စိုက်ကြည့်နေသကဲ့သို့ပင်။ သူမဘက်မှ အားနည်းချက်တစ်ခုခု ပေါ်လာသည်နှင့်တစ်ပြိုင်နက် နောက်ဆက်တွဲမှာ မိုးကြိုးပစ်ချသကဲ့သို့သော တိုက်ခိုက်မှုပင် ဖြစ်လိမ့်မည်။ ဤသို့ နေရာအနှံ့တည်ရှိနေသော အကျပ်အတည်းခံစားမှုက သူမ၏စိတ်ကို ဖိစီးစေပြီး စိတ်မရှည်ဒေါသထွက်စေသော်လည်း သူမသည် ဟန်ဆောင်၍ နေထိုင်ခဲ့ရသည်။ ထိုအတွက်ကြောင့်ပင် သိမ်းငှက်မျက်လုံးကို ငရဲသို့ ပို့ဆောင်လိုက်ရသည်အထိ ဖြစ်ခဲ့၏။ အကျိုးသက်ရောက်မှု မည်သို့ရှိမည်ကိုတော့ မသိနိုင်သေးချေ။

သူမသည် စိတ်ထဲတွင် တိတ်တဆိတ်တွေးတောရင်း လက်ဆစ်များကို ဖြူဖွေးလာသည်အထိ ဆုပ်ညှစ်ထားမိသည်။ "သူများဖြစ်နေမလား"

အကယ်၍ ဤကိစ္စတွင် မည်သူက အမသင်္ကာစရာအကောင်းဆုံးဖြစ်သနည်းဟု ဆိုရလျှင် ကန္တာရမြို့၏ အစွမ်းအထက်ဆုံး ဆင့်ကဲပြောင်းလဲသူဖြစ်သော ထို လော်ယွမ်သည် ပထမဆုံး သံသယရှိသူ ဖြစ်ပေလိမ့်မည်။

အရင်တစ်ကြိမ်က သူမသည် လော်ယွမ်ကို ထိန်းချုပ်ရန် ကြိုးစားခဲ့ဖူး၏။ သို့သော် တစ်ဖက်လူ၏ စိတ်ဝိညာဉ်ကာကွယ်မှုသည် အလွန်အားကောင်းလှသည်။ သာမန်လူတစ်ဦး၏ ကာကွယ်မှုသည် သူမအတွက် ခြံစည်းရိုးတစ်ခုကဲ့သို့ဖြစ်ပြီး တစ်ချက်ခုန်ကျော်လိုက်ရုံမျှဖြင့် လွန်မြောက်နိုင်သည်ဆိုပါက ထိုသူ၏စိတ်ဝိညာဉ်ကာကွယ်မှုမှာမူ ထူထဲပြီး ခိုင်မာလှသော တံတိုင်းကြီးတစ်ခုနှယ် ဖြစ်နေ၏။ သတိပြုမိသွားမည်ကို စိုးရိမ်သောကြောင့် သူမသည် အသာအယာ စမ်းသပ်ကြည့်ရုံမျှသာ စမ်းသပ်ခဲ့ပြီး ဆက်လက်မကြိုးစားခဲ့တော့ချေ။

ထိုစဉ် ရုတ်တရက် တံခါးခေါက်သံ ထွက်ပေါ်လာပြီး သူမ၏ အတွေးစများ ပြတ်တောက်သွားစေ၏။

မော်လီ၏ နှလုံးသားသည် တစ်ချက်ခုန်သွားပြီး တံခါးဖွင့်ရန် အလျင်အမြန် သွားလိုက်သည်။ သူမသည် အစောပိုင်းက မြို့တော်ဝန်စုံ့၏အမည်ဖြင့် ရဲတပ်ဖွဲ့ထံသို့ အမိန့်တစ်ခု ထုတ်ပြန်ထားခဲ့၏။ အကယ်၍ ယခင်ထောင်ဖောက်ပြေးပြီး ပြန်မလာသေးသော ဆင့်ကဲပြောင်းလဲသူများကို တွေ့ရှိပါက မြို့တော်ဝန်ရုံးခန်းသို့ လာရောက်တွေ့ဆုံရန် အကြောင်းကြားခိုင်းထားသည်။ ဤသည်မှာ အင်အားများ ဆက်လက်စုစည်းရန် မျှော်လင့်ချက်ဖြင့် ဖြစ်၏။

သူမ တံခါးဖွင့်ကြည့်လိုက်သောအခါ မျက်နှာတွင် အနည်းငယ် ကြောင်အသွားသည့် အမူအရာပေါ်လာသည်။ "ရှင် ဘာလို့ ပြန်လာတာလဲ"

တံခါးဝတွင် ရပ်နေသူမှာ စောစောကမှ ထွက်ခွာသွားသော ရှောင်ပိုင်ဟုန်ပင် ဖြစ်၏။ သူက မော်လီကို စူးစမ်းသလို တစ်ချက်ကြည့်လိုက်ပြီးနောက် "ကိစ္စနည်းနည်းရှိလို့... ကျွန်တော် မြို့တော်ဝန်စုံ့နဲ့ တွေ့ချင်တယ်" ဟု ဆို၏။

ဤလေသံသည် သိသိသာသာ မှားယွင်းနေ၏။ ပြင်ဆင်ပြောင်းလဲထားသော မှတ်ဉာဏ်အရဆိုလျှင် သူမသည်သာ သူ၏ သစ္စာခံရမည့်သူ၊ အသက်ပင် စတေးပေးနိုင်သည့်သူ ဖြစ်ရပေမည်။ သူမ၏စိတ်ထဲတွင် ဒိန်းခနဲဖြစ်သွား၏။ မူမမှန်ဟု သတိပြုမိလိုက်သည်နှင့်တစ်ပြိုင်နက် နောက်ထပ် အားနည်းချက်များကိုပါ တွေ့ရှိလာသည်။ ဥပမာအားဖြင့် သူ၏အသံသည် မည်မျှပင်တုပပြောဆိုစေကာမူ သေးငယ်သော ပြောင်းလဲမှုများ ရှိနေသေးပြီး အရပ်အမြင့်မှာလည်း လက်မအနည်းငယ် ပိုမြင့်နေသည်။

ဤသူသည် ရှောင်ပိုင်ဟုန် လုံးဝမဟုတ်ဘဲ တစ်စုံတစ်ယောက်က ဟန်ဆောင်ထားခြင်း ဖြစ်၏။

မော်လီ၏ မျက်နှာအမူအရာသည် အနည်းငယ်ပြောင်းလဲသွားသော်လည်း လျင်မြန်စွာပင် ပုံမှန်အတိုင်း ပြန်ဖြစ်သွားသည်။ သူမက နူးညံ့သောလေသံဖြင့် "တပ်မှူးရှောင်... ကျွန်မနဲ့ လိုက်ခဲ့ပါ" ဟု ဆို၏။

ရှောင်ပိုင်ဟုန်အဖြစ် ဟန်ဆောင်ထားသူမှာ လော်ယွမ်ပင်ဖြစ်၏။ သူသည် မော်လီကို တစ်ချက်ကြည့်လိုက်ပြီး ရုံးခန်းထဲသို့ ဝင်သွားသည်။

"တပ်မှူးရှောင်... ခင်ဗျားမှာ ဘာကိစ္စရှိလို့လဲ" မြို့တော်ဝန်စုံ့သည် တစ်ဖက်လူက မည်သူ့ကိုမျှ ဂရုမစိုက်ဘဲ ဝင်လာသည်ကိုမြင်သောအခါ စာရွက်စာတမ်းကိုချလိုက်ပြီး အနည်းငယ် မကျေမနပ်ဖြစ်သောလေသံဖြင့် ဆို၏။

"မြို့တော်ဝန်စုံ့ မင်္ဂလာပါ... ခင်ဗျားကို အနှောင့်အယှက်ပေးမိလို့ တောင်းပန်ပါတယ်... ကျွန်တော်တစ်ခုမေးချင်တာက စောစောက ရှောင်ပိုင်ဟုန် ဘယ်သူတွေနဲ့ တွေ့သွားသေးလဲ... ခင်ဗျားတို့ဆီမှာ စောင့်ကြည့်ကင်မရာ ရှိလား" စကားပြောနေစဉ်မှာပင် လော်ယွမ်၏ မျက်နှာသည် လျင်မြန်စွာ ပြောင်းလဲသွားပြီး သူ၏မူလရုပ်သွင်သို့ ပြန်လည်ရောက်ရှိသွားသည်။

မြို့တော်ဝန်စုံ့သည် ဝုန်းခနဲ မတ်တပ်ထရပ်လိုက်မိပြီး မျက်နှာတွင် ထိတ်လန့်သောအမူအရာများ ပြည့်နှက်သွားသည်။ မော်လီပင်လျှင် အံ့အားသင့်သည့်အမူအရာ ပေါ်လာ၏။ သူမသည် လော်ယွမ်ကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိပြီး စိတ်ထဲတွင် ရုတ်တရက် မလုံမခြုံဖြစ်လာသည်။

"ဆရာယွမ်... ခင်ဗျား ဘာလို့ဒီလိုလုပ်ရတာလဲ... ခင်ဗျား ကျွန်တော့်ကိုတွေ့ချင်ရင် တပ်မှူးရှောင်ပုံစံ ပြောင်းပြီး ဝင်လာစရာ မလိုပါဘူး" မြို့တော်ဝန်စုံ့သည် လျင်မြန်စွာ စိတ်ပြန်ထိန်းလိုက်ပြီး ပြန်ထိုင်လိုက်ကာ ခါးသီးစွာ ရယ်မောရင်း ဆို၏။

"ကိစ္စက အရေးကြီးလို့ပါ... နောက်ကျရင် ခင်ဗျား သိလာပါလိမ့်မယ်" လော်ယွမ်က ပြုံးရင်းဆို၏။ သူ ဤသို့ ရုတ်တရက်ကြီး တံခါးမရှိ ဓားမရှိ ဝင်လာရခြင်းမှာ မလွှဲမရှောင်သာသော အခြေအနေကြောင့် ဖြစ်၏။ စိတ်ဝိညာဉ်တံဆိပ် ပျောက်ကွယ်သွားပြီးနောက် သူသည် ထိုပျောက်ကွယ်သွားသော စိတ်ဝိညာဉ်တံဆိပ်ရှိရာသို့ တစ်လမ်းလုံး အမြန်လိုက်လာခဲ့သည်။ မထင်မှတ်ဘဲ အဖြစ်အပျက်ဖြစ်ပွားရာနေရာသည် မြို့တော်ဝန်ရုံးအတွင်း၊ ထို့ထက်မက မြို့တော်ဝန်ရုံးခန်းထဲတွင် ဖြစ်နေခဲ့သည်။ မူလက သူသည် မည်သူမျှမသိလိုက်ဘဲ တိတ်တဆိတ် ဖြေရှင်းရန် ကြံရွယ်ထားခဲ့သော်လည်း ဤထူးခြားသောနေရာကြောင့် သူ၏ အစီအစဉ်များအားလုံး ပျက်စီးသွားခဲ့ရသည်။

"ခင်ဗျား စောင့်ကြည့်ကင်မရာကို ကြည့်ချင်တယ်ဆိုတော့... တပ်မှူးရှောင် ပြဿနာတစ်ခုခု ဖြစ်သွားလို့လား" မြို့တော်ဝန်စုံ့၏ မျက်နှာသည်လည်း တည်ကြည်သွားပြီး မျက်မှောင်ကြုတ်ကာ မေးလိုက်သည်။

လော်ယွမ်က ခေါင်းခါလိုက်သည်။ "အဖြစ်မှန်ကို သေချာမသိရသေးခင်တော့ ကျွန်တော် ပြောပြလို့မဖြစ်သေးတာကို ခွင့်လွှတ်ပါ"

မြို့တော်ဝန်စုံ့သည် ခေတ္တမျှ စဉ်းစားပြီးနောက် "စောင့်ကြည့်ကင်မရာက..."

သူ၏လေသံသည် သိသိသာသာ ရပ်တန့်သွားပြီးမှ ဆက်ပြောသည်။ "အရင်ကတော့ အကောင်းပဲ... ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဒီနေ့ ငလျင်လှုပ်သွားတာ ဓာတ်ကြိုးတွေ ပျက်စီးသွားတယ်လေ... ကိစ္စက အရမ်းဆိုးရွားလို့လား"

"ပြဿနာအကြီးကြီးတော့လည်း မဟုတ်ပါဘူး... နောက်ဆုံးအနေနဲ့ အတည်ပြုချင်ရုံသက်သက်ပါ... ဒါဆိုရင်လည်း ခင်ဗျားကိုမနှောက်ယှက်တော့ဘူး... ခင်ဗျား အလုပ်ဆက်လုပ်ပါ... ကျွန်တော့်ကိုခွင့်ပြုပါဦး" လော်ယွမ်သည် ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။

"လီလီ... ဆရာယွမ်ကို လိုက်ပို့လိုက်ပါ" မြို့တော်ဝန်စုံ့က ဆို၏။

"ရပါတယ်... အမျိုးသမီးတစ်ယောက်ကို အလုပ်ရှုပ်ခံပြီး လိုက်ပို့ခိုင်းလို့ ဘယ်ဖြစ်ပါ့မလဲ" လော်ယွမ်က ပြုံးရင်းဆိုသော်လည်း သူ၏စိတ်ထဲတွင်မူ အပြုံးတစ်စိုးတစ်စိမျှ မရှိချေ။ သူသည် တံခါးဝဆီသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွား၏။ မထွက်ခွာမီတွင် သူသည် အနီရောင်အလင်းတန်းလေး ဖြာထွက်နေသော စောင့်ကြည့်ကင်မရာကို မသိမသာ တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီး မျက်နှာတွင် လှောင်ပြောင်သရော်သော အပြုံးတစ်ချက် ပေါ်လာသည်။

အဖြစ်အပျက်သည် ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းခန့် သေချာသွားခဲ့ပြီ ဖြစ်၏။

ဆက်ရန်...

အပိုင်း(၃၀၀)မြွေကိုတွင်းထဲမှမျှားထုတ်ခြင်း - ၄

မြို့တော်ဝန်စုံ့သည် မော်လီက အားလုံးဆောင်ရွက်ပြီးသော စာရွက်စာတမ်းများကို အမျိုးအစားခွဲ၍ သေသပ်စွာ နေရာချထားနေသည်ကို ကြည့်ရင်း ကျေနပ်စွာ ခေါင်းညိတ်လိုက်၏။ အချိန်ကို ကြည့်လိုက်သောအခါ၊ မသိလိုက်မသိဘာသာပင် ည (၁၁) နာရီ ထိုးသွားပြီဖြစ်သည်ကို တွေ့လိုက်ရသည်။ သူက အံ့ဩစွာ ဆိုသည်။ "မထင်မှတ်ဘဲ တော်တော်တောင် ညဉ့်နက်သွားပြီပဲ... နင့်ကို ငါနဲ့အတူ အချိန်ပိုဆင်းရအောင် လုပ်မိပြန်ပြီ... ညဉ့်နက်တာက မကောင်းဘူး... နင် အရင်ပြန်နားတော့"

မော်လီက ခေါင်းခါလိုက်ပြီး နှုတ်ခမ်းစေ့ကာ ပြုံးလျက် ဆိုသည်။ "ဦးလေးက ကျွန်မထက် ပိုပင်ပန်းတာပါ... ကျွန်မက ငယ်သေးတယ်လေ... ညဘက် နှစ်ညသုံးညလောက် မအိပ်ရလည်း ဘာမှမဖြစ်ပါဘူး"

သူမ၏ပင်ကိုစရိုက်မှာ သတိကြီးပြီး စေ့စပ်သေချာလှကာ ကြိုတင်ကြံစည်ပြီးမှသာ လှုပ်ရှားတတ်၏။ မည်သို့သော နေရာ၊ မည်သို့သော ဇာတ်ရုပ်၌ ရှိသည်ဖြစ်စေ၊ သူမသည် အမှားအယွင်းမရှိ စေ့စပ်သေချာစွာ ပြီးမြောက်အောင် ဆောင်ရွက်လေ့ရှိ၏။

"နင်ကတော့လေ" မြို့တော်ဝန်စုံ့က မတတ်နိုင်သလို ဆိုသည်။ "ပြန်လိုက်တော့... မဟုတ်ရင်နင့်အဒေါ်က ထပ်ပြောနေဦးမယ်... ငါ သူ့ရဲ့ ပွစိပွစိပြောတာကို မခံချင်တော့ဘူး"

မော်လီသည် တစ်နေ့လုံး အလုပ်များနေခဲ့ရာ အနည်းငယ် ပင်ပန်းနွမ်းနယ်နေသည်ကို ခံစားလိုက်ရ၏။ အထူးသဖြင့် ယနေ့တွင် ငလျင်လှုပ်ခတ်သွားခဲ့သဖြင့် ဖြေရှင်းရန် ကိစ္စရပ်ပေါင်းများစွာ ရှိနေသည်။ မြို့တော်ဝန်စုံ့နှင့်အတူ လိုက်ပါ၍ ဟိုဟိုဒီဒီ သွားလာနေရုံမျှဖြင့်ပင် သူမ လုံးဝ နွမ်းနယ်နေပေပြီ။

"ကောင်းပါပြီ ဦးလေး... ဒါဆို ကျွန်မ အရင်ပြန်နှင့်တော့မယ်... ဦးလေးလည်း စောစောနားဦး" မော်လီက ဆို၏။ မသွားမီတွင် မြို့တော်ဝန်စုံ့အတွက် လက်ဖက်ရည်ကြမ်းတစ်ခွက် ထပ်မံ ဖြည့်ပေးလိုက်၏။

ယခုအခါ ညဉ့်နက်နေပြီဖြစ်ပြီး အစိုးရရုံးအဆောက်အအုံတွင် လူများစွာ မရှိတော့ပေ။ ဟာလာဟင်းလင်းဖြစ်နေသော စင်္ကြံလမ်းမပေါ်တွင် ပြတ်သားသော ခြေသံများသာ အဆက်မပြတ် ပဲ့တင်ထပ်နေ၏။ မော်လီ၏ ရင်ထဲတွင် အကြောင်းရင်းမသိဘဲ တစ်ချက်ခုန်သွားပြီး ခြေလှမ်းများကို မထိန်းနိုင်ဘဲ အရှိန်မြှင့်လိုက်မိသည်။ အဘယ်ကြောင့်မှန်းမသိ ယနေ့ သူမ၏စိတ်ထဲတွင် အမြဲတစေ မလုံမခြုံ ခံစားနေရ၏။

ဤအချက်က သူမ၏စိတ်ထဲတွင် အရိပ်မည်းတစ်ခု ဖြစ်ပေါ်စေ၏။ ခဏအကြာတွင် သူမ တံခါးဝသို့ ရောက်ရှိသွားသည်။ တံခါးရှေ့တွင် အပြည့်အစုံ လက်နက်တပ်ဆင်ထားသော စစ်သားနှစ်တန်းက တည်ကြည်စွာ ရပ်စောင့်နေကြပြီး အနီးအနားတွင်လည်း မရေမတွက်နိုင်သော ပေါ်တင်ကင်းများနှင့် လျှို့ဝှက်ကင်းများ ရှိနေ၏။ မော်လီ၏ စိတ်မှာ အနည်းငယ် ပေါ့ပါးသွား၏။

သူမသည် ရှောင်ပိုင်ဟုန်ထံ ဖုန်းဆက်၍ သူ့ကို လာကြိုခိုင်းရန် မူလက ကြံရွယ်ထားခဲ့သည်။ သို့သော် လော်ယွမ်၏ ရုပ်ပြောင်းရုပ်လွှဲ ပုံသဏ္ဌာန်ကို ပြန်တွေးမိသောအခါ ထိုအကြံကို လက်လျှော့လိုက်၏။

သူမ အံကြိတ်လိုက်ပြီး အစောင့်အကြပ်တင်းကျပ်သော တံခါးမကြီးမှ ထွက်ခွာခဲ့၏။ လမ်းမကြီး၏ ဘေးတစ်ဖက်တစ်ချက်စီတွင် လမ်းမီးတိုင်များက မှိန်ဖျော့သော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ည၏ အေးစက်တိတ်ဆိတ်မှုက သူမကို အအေးဓာတ်တစ်ချက် ခံစားလိုက်ရစေပြီး တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွား၏။ သူမ၏ မျက်မှောင်များမှာ ပို၍ပို၍ ကြုတ်လာ၏။ စိတ်စွမ်းအင်အမျိုးအစား ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် သူမ၏ပင်ကိုအသိစိတ်မှာ အမြဲတစေ အလွန်ထက်မြက်ခဲ့၏။

သူမသည် ညလမ်းခရီးများကို အကြိမ်အနည်းငယ် လျှောက်ဖူးခဲ့ပြီး တောနက်ထဲ၌ပင် အချိန်အတန်ကြာ ရှင်သန်နေထိုင်ခဲ့ဖူး၏။ အစွမ်းထက်သော ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် သူမထံတွင် သာမန်အမျိုးသမီးများကဲ့သို့ အမှောင်ကို ကြောက်ရွံ့သောရောဂါ လုံးဝမရှိပေ။ ယခုကဲ့သို့သော အခြေအနေမှာ အကြောင်းရင်းတစ်ရပ်ကိုသာ ညွှန်ပြနေ၏။ သူမသည် အန္တရာယ်ထဲတွင် ရောက်ရှိနေပြီ ဖြစ်သည်။

မော်လီ၏ စိတ်ထဲတွင် ထိုအတွေး ဖြတ်ပြေးသွားစဉ်မှာပင် လူရိပ်တစ်ခုသည် အဝေးဆီမှ ဤဘက်သို့ ခြေတစ်လှမ်းချင်းစီ လျှောက်လှမ်းလာခဲ့၏။

သူ၏ခြေလှမ်းများမှာ နှေးသလိုလို၊ မြန်သလိုလို ရှိပြီး ခြေတစ်လှမ်းတိုင်းသည် ၁၁ပေ၊ ၁၂ပေခန့် အကွာအဝေးကို ကျော်လွန်သွား၏။ အသက်ရှူချိန်အနည်းငယ်အတွင်းမှာပင် ပေ၃၀၀ကျော် အကွာအဝေးသို့ ချဉ်းကပ်လာခဲ့သည်။ မှိန်ဖျော့သော လမ်းမီးရောင်က သူ၏ကိုယ်လုံးကိုယ်ပေါက်ကို အလင်းအမှောင်ကြားတွင် ပြောင်းလဲနေစေပြီး ငရဲပြည်မှ ထွက်ပေါ်လာသော သေမင်းတမန်တစ်ပါးနှယ် ထင်မှတ်ရ၏။

လျှောက်လာသူမှာ လော်ယွမ်ပင် ဖြစ်၏။ သူ၏ခြေလှမ်းများ မရပ်တန့်ဘဲ မော်လီနှင့် ပေ၁၂၀အကွာသို့ ရောက်မှသာ ရပ်တန့်လိုက်၏။

"ရှင်... ရှင် ဘာလုပ်မလို့လဲ" မော်လီက လော်ယွမ်၏ လက်ထဲမှ တောက်ပနေသော ဓားသွားကို ကြည့်ရင်း ထိတ်လန့်တကြား ဆိုသည်။"ကျွန်မ... ကျွန်မက မြို့တော်ဝန်ရဲ့ အတွင်းရေးမှူးနော်... ရှင် အကျိုးဆက်ကို စဉ်းစားပါဦး"

သူမ၏ သရုပ်ဆောင်စွမ်းရည်မှာ အမှန်ပင် အလွန်ထူးချွန်လှ၏။ အကယ်၍ လော်ယွမ်သာ ရှစ်ဆယ်၊ ကိုးဆယ်ရာခိုင်နှုန်းမျှ မသေချာခဲ့ပါလျှင် သူမ၏ လှည့်စားခြင်းကို ခံသွားရလောက်ပေပြီ။

လော်ယွမ်က အေးစက်စွာ ပြုံးလိုက်သည်။ "ဆက်ပြီး ဟန်မဆောင်နဲ့တော့... မင်းအကြောင်း အကုန် ပေါ်သွားပြီ"

မော်လီက ခြိမ်းခြောက်ခံနေရသော မိန်းကလေးငယ်တစ်ဦးကဲ့သို့ ထိတ်လန့်သော မျက်နှာဖြင့် သရုပ်ဆောင်ကာ။"ရှင်... ရှင် ဘာတွေပြောနေတာလဲ... ကျွန်မ တကယ် ဘာမှမသိဘူး"

"ကြည့်ရတာ မင်းရဲ့ အားနည်းချက်ကို ငါ မြင်သွားပြီဆိုတာ မယုံသေးဘူးပဲ... ငါက မင်းကို လှည့်စားနေတယ်လို့ ထင်နေတာလား... မင်းရဲ့အထောက်အထားတွေ ဘယ်လောက်ရှိလဲကြည့်ရအောင်... မြို့တော်ဝန်စုံ့ရဲ့ တူမ... တပ်မမှူးလျိုရဲ့ တိုက်ရိုက်အထက်အရာရှိရဲ့ သမီး... ဪ ဟုတ်သားပဲ ပြီးတော့ ရှောင်ပိုင်ဟုန်ရဲ့ အသက်သခင် ကျေးဇူးရှင်"

လော်ယွမ်သည် အစိုးရရုံးအဆောက်အအုံမှ ထွက်လာပြီးနောက် အချိန်ကို ဖြုန်းမနေခဲ့ဘဲ တပ်မမှူးလျိုနှင့် ရှောင်ပိုင်ဟုန်တို့ထံ အသီးသီး သွားရောက်ခဲ့၏။ တပ်မမှူးလျိုသည် လော်ယွမ်အပေါ် ယခင်က ကြောက်ရွံ့စိတ်များ ရှိနေဆဲဖြစ်ရာ မော်လီ၏ နောက်ကြောင်းကို ချက်ချင်းပင် အကုန်အစင် ဖွင့်ဟပြောပြခဲ့သည်။ အကယ်၍ ထို ပုံစံနှစ်မျိုး (မြို့တော်ဝန်စုံ့၏ တူမ၊ တပ်မမှူးလျို၏ အထက်အရာရှိ၏ သမီး) ကို လူတစ်ယောက်တည်းအဖြစ် ရှင်းပြနိုင်သည်ဆိုဦးတော့ ရှောင်ပိုင်ဟုန်၏ အသက်သခင် ကျေးဇူးရှင်ဆိုသည်မှာ လုံးဝ အဓိပ္ပာယ်မရှိသော စကားသာ ဖြစ်၏။ ဤမတိုင်မီက ရှောင်ပိုင်ဟုန်သည် သူနှင့် တွေ့ဆုံခဲ့နိုင်ဖွယ်မရှိပေ။ အကြောင်းမှာ သူ ပေါ်ထွက်လာသည့်အချိန်၌ ရှောင်ပိုင်ဟုန်သည် မြေအောက်ရေနုတ်မြောင်းထဲတွင် ရှိနေဆဲ ဖြစ်သောကြောင့်တည်း။ ဤသည်မှာ ရှင်းပြ၍မရနိုင်သော အားနည်းချက်ပင် ဖြစ်၏။

လော်ယွမ်၏ အေးစက်သော လှောင်ပြောင်သရော်မှုများနှင့်အတူ မော်လီ၏ မျက်နှာပေါ်မှ ကြောက်ရွံ့မှုများ တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ သူမသက်ပြင်းတစ်ချက်ချလိုက်ပြီး မျက်မှောင်အနည်းငယ် ကြုတ်ကာ ဆိုသည်။ "ဆရာယွမ်... ရှင်က ရှင့်လမ်း ရှင်သွား... ကျွန်မက ကျွန်မလမ်း ကျွန်မသွားမယ်... သူ့အိုးနဲ့သူ့ဆန် ဘယ်သူ့ကိုမှ မထိခိုက်ဘဲ နေကြရင် မရဘူးလား... ရှင် ဘာဖြစ်လို့ ဒီလောက်တောင် အတင်းအကျပ် ဖိအားပေးနေရတာလဲ"

သူမ၏ မျက်နှာထားမှာ အလွန်တရာ သနားစဖွယ်ဖြစ်နေပြီး မြင်ရသူတိုင်းကို စိတ်လှုပ်ရှားစေကာ ရင်ခွင်ထဲသို့ ဆွဲသွင်းပွေ့ဖက်ထားချင်စိတ်ကို မထိန်းနိုင်အောင် ဖြစ်စေသော မမြင်ရသည့် စွမ်းပကားတစ်မျိုး ရှိနေသကဲ့သို့ပင်။

လော်ယွမ်ကဲ့သို့ စိတ်ဓာတ်ကြံ့ခိုင်သူပင်လျှင် ရင်တစ်ချက် ခုန်သွားမိ၏။ သူက အေးစက်သော လေသံဖြင့် ဆက်လက်ဆိုသည်။ "ဒါက သူ့လမ်းသူသွား ကိုယ့်လမ်းကိုယ်သွား ကိစ္စမဟုတ်တော့ဘူး... မင်းက ငါ့လမ်းလာပိတ်နေတာ... ငါ့ဘဝကို လာနှောက်ယှက်နေတာ... အရေးကြီးဆုံးကတော့ မင်း ရှိနေတာက ငါ့ကို စိတ်မလုံခြုံ ဖြစ်စေတာပဲ"

"တကယ့်ကို အာဏာပြင်းတဲ့ ယောက်ျားပဲ... ကျွန်မတောင် နည်းနည်း စိတ်လှုပ်ရှားသွားပြီ... ရှင့်ရဲ့ စိတ်မလုံခြုံမှုက ရှင်ကျွန်မကို သေချာမသိသေးလို့ပါ... ဖြစ်နိုင်ရင် ကျွန်မတို့နှစ်ယောက် ပူးပေါင်းလို့လည်း ရနိုင်တာပဲ" မော်လီက တခစ်ခစ် ရယ်မောလိုက်ရာ သူမ၏ နုနယ်သော ခန္ဓာကိုယ်လေးမှာ တုန်ခါသွားပြီး၊ စောစောက သနားစဖွယ် အမူအရာမှ ချက်ချင်းပင် ညှို့ဓာတ်ပြင်းပြီး ဆွဲဆောင်မှုရှိသော အသွင်သို့ ပြောင်းလဲသွား၏။

တိုက်ခိုက်မှုနှင့် ပတ်သက်လျှင် လော်ယွမ်သည် အမြဲတစေ ပြတ်သားသူတစ်ဦး ဖြစ်၏။ သို့သော် အဘယ်ကြောင့်မှန်းမသိ ဤတစ်ကြိမ်တွင် သူ၏စိတ်နှလုံးမှာ နှောင့်ယှက်ခံနေရသကဲ့သို့ ဖြစ်ပြီး ဆုံးဖြတ်ချက်ချရန် ခက်ခဲနေ၏။ သို့သော် သူ၏ အားကောင်းသော စိတ်စွမ်းအားက တစ်ခုခုမှားယွင်းနေသည်ကို လျင်မြန်စွာ သတိပြုမိလိုက်သည်။ ဤမျှ အလှမ်းဝေးနေသော်လည်း တစ်ဖက်လူ၏ အစွမ်းက သက်ရောက်မှုရှိနေလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ အလျင်အမြန် စိတ်စွမ်းအားကို စုစည်းလိုက်ရာ စိတ်ထဲမှ ရှုပ်ထွေးသော အတွေးများမှာ ချက်ချင်းပင် ခြေရာလက်ရာမကျန် ပျောက်ကွယ်သွား၏။

"ကြိုးစားမနေနဲ့တော့... ဒါတွေက ငါ့အပေါ်မှာ အသုံးမဝင်ဘူး... မင်းကို သေလမ်းပို့ပေးလိုက်တာ အကောင်းဆုံးပဲ"

လော်ယွမ်၏ စိတ်စွမ်းအား စုစည်းသွားသည်နှင့်အမျှ မော်လီ၏ စိတ်စွမ်းအင် အမျှင်တန်းလေးများမှာ တံတိုင်းကို ဝင်တိုက်မိသကဲ့သို့ ဖြစ်သွားပြီး သူမ၏အပြုံးမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူမ၏မျက်နှာမှာ မည်းမှောင်သွားပြီး ဤလှည့်ကွက်လေးများက တစ်ဖက်လူအပေါ် လုံးဝ အသုံးမဝင်သည်ကို တွေ့ရှိလိုက်ရ၏။ ထို့ကြောင့် ဆက်လက်၍ ဟန်မဆောင်တော့ဘဲ သူမ၏မျက်နှာမှာ အေးစက်ကြမ်းတမ်းသွားကာ လော်ယွမ်ထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွားရင်း ဆိုသည်။ "သေမယ့်သူက ရှင်လည်း ဖြစ်နိုင်တာပဲ"

"ဒါတော့ မသေချာဘူး" လော်ယွမ်က ခြေလှမ်းအနည်းငယ် အလျင်အမြန် နောက်ဆုတ်ရင်း ဆိုသည်။ တစ်ချိန်တည်းမှာပင် သူ၏လက်တစ်ဖက်က ကျောနောက်သို့ ဆုပ်ကိုင်လိုက်ရာ ကလေးလက်မောင်းလုံးခန့် တုတ်သော လှံရှည်တစ်စင်း လော်ယွမ်၏ လက်ထဲသို့ ရောက်ရှိလာ၏။

ဤကဲ့သို့သော စိတ်ထိန်းချုပ်သူမျိုးကို ရင်ဆိုင်ရာတွင် လော်ယွမ်သည် မဆင်မခြင် အနားကပ်မည်မဟုတ်သည်မှာ သဘာဝကျ၏။ ထို့အပြင် အဆင့် (ဒီ) ဟူသော အခက်အခဲ သတ်မှတ်ချက်ကိုယ်တိုင်ကပင် တစ်ဖက်လူသည် လော်ယွမ်နှင့် မတိမ်းမယိမ်း တိုက်ခိုက်ရေးစွမ်းရည်ကို ပိုင်ဆိုင်ထားကြောင်း ညွှန်ပြနေသည်။ သူသည် မိမိ၏ စိတ်စွမ်းအား အားကောင်းမှုအပေါ် မည်မျှပင် ယုံကြည်မှုရှိစေကာမူ မိမိကိုယ်တိုင် အန္တရာယ်ပြုခံရန် မလိုလားခဲ့ပေ။

မလာမီကတည်းက သူသည် တိုက်ပွဲအတွက် အသင့်ဖြစ်စေရန် လှံရှည်အချောင်းများစွာကို အထူးတလည် ပြင်ဆင်လာခဲ့၏။

မော်လီသည် လော်ယွမ်၏ လက်ထဲမှ အရာကို မြင်လိုက်သည်နှင့် မျက်နှာ ချက်ချင်း ပျက်ယွင်းသွား၏။ စိတ်စွမ်းအင်ပိုင်ရှင်တစ်ဦးအနေဖြင့် ရုပ်ခန္ဓာ ပျော့ညံ့မှုမှာ သူမ၏ အကြီးမားဆုံး အားနည်းချက် ဖြစ်သည်။ ကျည်ဆန်တစ်တောင့်မျှကပင် သူမကို အလွယ်တကူ သတ်ဖြတ်နိုင်၏။ ဤအချိန်တွင် သူမသည် အကွာအဝေးကို ဂရုမစိုက်နိုင်တော့ဘဲ သူမ၏မျက်လုံးများမှ ငွေရောင်အလင်းတန်းများ ရုတ်တရက် ဖြာထွက်လာကာ ပတ်ဝန်းကျင်လေထုပင် လိမ်ကောက်စပြုလာ၏။

လော်ယွမ်က တစ်ချက်ကြည့်လိုက်ရုံမျှဖြင့် စိတ်ထဲတွင် ရုတ်တရက် ထုံကျင်သွားသည်ကို ခံစားလိုက်ရ၏။ ထို့နောက် မှန်သားကို ခြစ်ဆွဲလိုက်သကဲ့သို့သော အသံတစ်သံ ဦးနှောက်ထဲတွင် ထွက်ပေါ်လာပြီး အဆုံးအစမရှိသော ပုံရိပ်ယောင်များက သူ၏ဦးနှောက်ထဲတွင် မီးပန်းပြသကဲ့သို့ တရိပ်ရိပ် ဖြတ်ပြေးသွားကြ၏။

ဤအချိန်တွင် သူ၏ဦးနှောက်ထဲ၌ အားကောင်းသော စွမ်းအားတစ်ရပ်က သူ၏စိတ်စွမ်းအားကို အဆက်မပြတ် ဝင်တိုက်နေ၏။ သူသည် ကျောက်ရုပ်တစ်ရုပ်ကဲ့သို့ ဖြစ်သွားပြီး မူလနေရာတွင် မလှုပ်မယှက် ရပ်တန့်နေကာ လှံရှည် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်ကိုပင် သတိမပြုမိသကဲ့သို့ ရှိနေ၏။

ငွေရောင်မျက်ဝန်းများတွင် လျှို့ဝှက်ဆန်းကြယ်သော ညှို့ဓာတ်များ ပြည့်နှက်နေပြီး မြင်ရသူတိုင်းကို ကိုးကွယ်ချင်စိတ် မထိန်းနိုင်အောင် ဖြစ်ပေါ်စေသည်။ ထို့အပြင် သိမ်မွေ့လှပသော ရုပ်ရည်နှင့် အေးစက်တည်ငြိမ်သော အမူအရာတို့ ပေါင်းစပ်လိုက်သောအခါ၊ သူမသည် နတ်သမီးတစ်ပါး သက်ဆင်းလာသကဲ့သို့ ထင်ရ၏။

လူအချင်းချင်းမှာ မတူညီကြဘဲ မွေးဖွားလာကတည်းက မတရားမျှတမှုများ ရှိနေ၏။ အချို့သူများမှာ ဉာဏ်ရည်ထူးချွန်ပြီး ပါရမီထူးကဲကြသော်လည်း အချို့မှာမူ သာမန်စွမ်းရည်မျှသာရှိပြီး ထူးမခြားနား ရှင်သန်ကြရ၏။ မွေးရာပါ ဆင့်ကဲပြောင်းလဲသူတစ်ဦးအနေဖြင့် ကမ္ဘာမပျက်မီကတည်းက သူမထံတွင် လူတို့၏စိတ်နှလုံးကို ညှို့ယူဖမ်းစားနိုင်သော စွမ်းရည် ရှိခဲ့သည်။ ဤမွေးရာပါစွမ်းရည်နှင့် ကျွမ်းကျင်မှုပညာရပ်ကို အားကိုးလျက် သူမသည် ကမ္ဘာပေါ်မှ သတိရှိနေသော အခြေအနေတွင်ပင် စိတ်ညှို့နိုင်သည့် စိတ်ညှို့ဆရာ အနည်းငယ်ထဲမှ တစ်ဦး ဖြစ်လာခဲ့၏။

သို့သော် ထိုစဉ်က အစွမ်းမှာ မထင်ရှားသေးဘဲ အလွန်အားနည်းခဲ့၏။ ကမ္ဘာပျက်ကာလကြီး ရောက်ရှိလာသည်နှင့်အမျှ၊ သူမ၏စွမ်းရည်မှာ တစ်ဟုန်ထိုး တိုးတက်လာခဲ့ပြီး ထိန်းချုပ်မရနိုင်တော့သည့် အခြေအနေသို့ပင် ရောက်ရှိခဲ့သည်။ မှတ်ဉာဏ်ဆိုသည်မှာ ဆက်စပ်နေပြီး ယုတ္တိရှိသော အရာဖြစ်၏။ မည်သည့် ကြမ်းတမ်းသော ကိုင်တွယ်မှုမျိုးမဆို ဘေးဥပဒ်ဆိုးကျိုးကို ဖြစ်ပေါ်စေနိုင်ရာ ရူးသွပ်သူတစ်ဦး ဖြစ်သွားစေခြင်း၊ သို့မဟုတ် စိတ်ရှုပ်ထွေးသွားစေခြင်းတို့ ဖြစ်နိုင်၏။ ထို့ကြောင့် သူမ၌ မှတ်ဉာဏ်များကို ပြောင်းလဲနိုင်စွမ်း ရှိသော်လည်း မကြာမီမှာပင် လူများက ထူးခြားမှုများကို သတိပြုမိသွားကြပြီး သူမတစ်ကြိမ်ပြီးတစ်ကြိမ် ထွက်ပြေးခဲ့ရ၏။

လွန်ခဲ့သော ခြောက်လခန့်ကမှ သူမ၏ စိတ်စွမ်းအင် တိုးတက်မှု နှေးကွေးသွားပြီး သူမ၏စွမ်းအားကို တဖြည်းဖြည်း ပြန်လည် ထိန်းချုပ်နိုင်ခဲ့သည်။ သို့သော် သူမ၏ ထိန်းချုပ်မှုမှာ ပြီးပြည့်စုံသည်တော့ မဟုတ်သေးပေ။ မှတ်ဉာဏ်ကို ပြောင်းလဲသည့် အကြိမ်တိုင်းတွင် သူမ အလွန်သတိထားရပြီး စွမ်းအားများစွာကို ထုတ်မသုံးဝံ့ခဲ့ပေ။ သို့မဟုတ်ပါက ယခုကဲ့သို့ပင် စိတ်စွမ်းအင်အားလုံး အထိန်းအကွပ်မဲ့ ထွက်ပေါ်လာပေလိမ့်မည်။

ကြီးမားလှသော စိတ်စွမ်းအင်များ၏ တိုက်စားမှုအောက်တွင် မှတ်ဉာဏ်အားလုံး သန့်စင်သွားမည်ဖြစ်ပြီး မွေးကင်းစ ကလေးငယ်တစ်ဦးကဲ့သို့ ပင်ကိုအသိစိတ်များသာ ကျန်ရှိတော့မည် ဖြစ်၏။

မော်လီက သူမ၏ခါးကြားမှ တောက်ပနေသော ဓားမြှောင်တစ်ချောင်းကို ထုတ်ယူလိုက်ပြီး လော်ယွမ်ထံသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်သွား၏။ သူမ၏စိတ်ထဲတွင် အနည်းငယ် နှမြောမိသည်။ သူမ လော်ယွမ်ကို ထိန်းချုပ်ရန် အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးသော်လည်း တစ်ဖက်လူ၏ စိတ်စွမ်းအားမှာ အံ့ဩဖွယ်ရာ ကောင်းလောက်အောင် အားကောင်းလှပြီး လုံးဝ ထိန်းချုပ်၍ မရခဲ့ပေ။

သို့သော် ဤသို့ဖြစ်သွားခြင်းကလည်း ကောင်းသည်ပင်။ သူမ နောက်ဆုံးတွင် စိတ်အေးသွားနိုင်ပြီ ဖြစ်၏။

လော်ယွမ်၏ မျက်မှောင်များမှာ တင်းတင်းကြုတ်ထား၏။ ဤအချိန်တွင် သူသည် ပြင်ပလောကမှ အရာအားလုံးကို အာရုံမစိုက်နိုင်တော့ပေ။ သူသည် သူ၏အာရုံခံစွမ်းအားကို အစွမ်းကုန် ကျုံ့ထားပြီး ကာကွယ်ရေးကို အားဖြည့်ကာ စိတ်ထဲမှ တစ်ခုတည်းသော ကြည်လင်မှုကို တင်းတင်းဆုပ်ကိုင်ထား၏။ အချိန်ကြာလာသည်နှင့်အမျှ ကြီးမားလှသော စိတ်စွမ်းအင်များ၏ တိုက်စားမှုအောက်တွင် သူ၏စိတ်စွမ်းအားမှ အညစ်အကြေးများ စင်ကြယ်သွားသကဲ့သို့ ဖြစ်ပြီး ပို၍ပင် စုစည်းခိုင်မာလာ၏…

ဦးနှောက်ထဲမှ စနစ်၏ အသံတစ်သံ ထွက်ပေါ်လာသကဲ့သို့ ရှိ၏။

သူ၏ မျက်မှောင်များ စတင် ပြေလျော့လာသည်။ ထို့နောက် မမြင်နိုင်သော စွမ်းအားတစ်ရပ်က သူ၏ခန္ဓာကိုယ်မှ ပျံ့နှံ့ထွက်ပေါ်လာ၏။ သူ၏ခြေထောက်များ ပေါ့ပါးသွားပြီး ခန္ဓာကိုယ်မှာ ဖြည်းညင်းစွာ မြောက်တက်လာကာ မြေပြင်မှ တစ်လက်မခန့်အကွာတွင် ရပ်တန့်သွား၏။ ထိုအချိန်တွင် မော်လီသည် အနားသို့ ရောက်ရှိလာပြီဖြစ်ပြီး လော်ယွမ်၏ ရင်ဘတ်ကို ဓားဖြင့် ထိုးစိုက်ရန် ပြင်ဆင်နေစဉ် ဖြစ်၏။

ဤအချိန်တွင် လော်ယွမ်သည် ရုတ်တရက် မျက်လုံးများ ဖွင့်လိုက်ရာ မျက်ဝန်းထဲတွင် အလင်းရောင်များ စီးဆင်းနေသကဲ့သို့ ရှိ၏။ ထို့နောက် သူ၏လက်မှာ ပုံရိပ်ယောင်ကဲ့သို့ ခပ်ဖျော့ဖျော့ လှုပ်ရှားသွားသည်။ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဓားရှည်က မော်လီ၏ မျက်လုံးပေါက်မှတစ်ဆင့် ထိုးဖောက်ဝင်ရောက်သွားပြီး ဦးခေါင်းနောက်စေ့မှ ပွင့်ထွက်သွားလေပြီ။

မော်လီ၏ မျက်နှာမှာ ကြက်သေသေသွားပြီး မယုံနိုင်သော အမူအရာဖြင့် ပြည့်နှက်နေ၏။ သူမ၏မျက်ဝန်းထဲမှ ငွေရောင်အလင်းတန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်နှင့်အမျှ သူမသည် မြေပြင်ပေါ်သို့ "ဗုန်း" ခနဲ လဲကျသွားတော့သည်။

ဆက်ရန်...

All Chapters