အခန်း (၁၈၉၁+၁၈၉၂)
Vol. 130 Ch. 1891+1892
အခန်း(၁၈၉၁)
“သေခါနီးတောင် ငါ့ဆီ ဓားပြလာတိုက်ရဲတယ်.. ငါနတ်ဘုရားကို သတိပြုမိပြီး ဒီနေရာကို ကျူးကျော်လာသူ အားလုံးက ပါရမီရှင်တွေချည်းပဲ.. မင်းတို့နှစ်ယောက်ရဲ့ ခန္ဓာကိုယ်က ထူးခြားတဲ့အတွက် အသွေးအသားတွေက အရမ်းကို အရသာရှိမှာ သေချာတယ်.. ဒီနေ့တော့ ငါနတ်ဘုရားအတွက် ကောင်းမွန်တဲ့ ညစာတစ်နပ် ရရှိတော့မယ် ထင်တယ်”
အရိုးစုဝိညာဥ်က ကြောက်မက်ဖွယ်ရာကောင်းစွာ ပြုံးရယ်လိုက်သည်။
သူ၏ အခေါင်းပေါက် ဖြစ်နေသည့် မျက်လုံးအိမ်က သွေးရောင်များဖြင့် တောက်ပနေခဲ့၏။
သူက လက်နှစ်ဖက်ကို ဝှေ့ယမ်းလိုက်ရာ အေးစက်စက် အနက်ရောင် တစ္ဆေမီးတောက် တစ်ခုသည် ကျန်းချန်တို့နှစ်ဦး ရှိရာသို့ ဦးတည်လာခဲ့သည်။
“မောင်လေးကျန်း သတိထား.. ဒီအရိုးစုဖုတ်ကောင်ရဲ့ ခွန်အားက နယ်မြေနတ်ဘုရားအဆင့်နဲ့ ယှဥ်နိုင်လောက်တယ်”
အရိုးစု ဖုတ်ကောင် ထံမှ ကြောက်မက်ဖွယ်ဖိအားကို ခံစားမိလျှင် ယွဲ့ဝူရွှမ်း၏ ချောမောလှပသော မျက်နှာလေးသည် ချက်ချင်းဆိုသလို လေးနက်လာခဲ့၏။
မဟာကောင်းကင်နတ်ဘုရား အဆင့်သည် နယ်မြေနတ်ဘုရားနှင့် ယှဥ်တိုက်နိုင်သည်ဟု ဆိုကြသော်လည်း ယွဲ့ဝူရွှမ်းသည် နယ်မြေနတ်ဘုရားနှင့် မဟာကောင်းကင် နတ်ဘုရားတို့ တိုက်ခိုက်သည်ကို မမြင်ဖူးသေးပေ။
ထို့အပြင် သူတို့ရှေ့မှ အရိုးစုဖုတ်ကောင်သည် မည်သည့်ခေတ်ကာလကနေ ကျန်ရှိနေမှန်း မသိရသော ဝါရင့် နတ်ဆိုးကြီးတစ်ပါး ဖြစ်၏။
ထို့ကြောင့် ကျန်းချန်က အရိုးစု ဖုတ်ကောင်ကို ကိုင်တွယ်ဖြေရှင်းနိုင်မနိုင် ယွဲ့ဝူရွှမ်း မသေချာခဲ့ပေ။
“မစိုးရိမ်ပါနဲ့ အစ်မယွဲ့.. ဒါက အသက်ဝင်နေတဲ့ ဖုတ်ကောင်သတ္တဝါ သာသာပါပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်ပြီး လက်သီးချက်တစ်ချက်ကို ထုတ်ဖော်လိုက်သည်။
“ဝုန်း..”
တောက်ပသော ရောင်စုံလက်သီးစွမ်းအင်သည် အရာအားလုံးကို ဖျက်ဆီးနိုင်သည့် အဆုံးမဲ့စွမ်းအားကို သယ်ဆောင်ကာ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာသည့် အနက်ရောင်တစ္ဆေမီးတောက်ကို ငြိမ်းသတ်လိုက်သည်။
“လမ်းစဥ် ၇မျိုးရဲ့ ကမ္ဘာ့စွမ်းအားပါလား.. မင်း.. မင်းက မဟာကောင်းကင် နတ်ဘုရားလား”
ကျန်းချန်၏ လက်သီးချက်တွင် ပါဝင်သော စွမ်းအားကို ခံစားမိလျှင် အနက်ရောင်ဝတ် အရိုးစုထံမှ မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သံသည် ဂူအတွင်း၌ ပဲ့တင်ထပ်သွားခဲ့သည်။
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အနက်ရောင်ဝတ် အရိုးစုကို ကြည့်ကာ ပြောလိုက်သည်။
“အခုအချိန် ရတနာတွေကို ထုတ်ပေးမယ်ဆိုရင် နောက်မကျသေးဘူး”
“ငါ့ရဲ့ ရတနာတွေကို ထိဖို့ လုံးဝ စိတ်မကူးနဲ့ ကောင်လေး”
အနက်ရောင်ဝတ် အရိုးစုက အေးစက်စက် ပြုံးကာ ပြောလိုက်သည်။
“မင်းက မဟာကောင်းကင် နတ်ဘုရား ဖြစ်နေပေမဲ့လည်း မဟာကောင်းကင်နတ်ဘုရားကို ဒီနတ်ဘုရားက မသတ်ဘူးတာတော့ မဟုတ်ဘူး”
“ငါ့ရှေ့မှာ လေလုံးသိပ်ထွားနေပါလား.. မင်းအသက်ရှင်တဲ့အချိန်တုန်းကတော့ အတော်လေး အစွမ်းထက်မှာ သေချာတယ်.. အနည်းဆုံးတော့ မင်းရဲ့အဆင့်က အဆင့်နိမ့်နယ်မြေနတ်ဘုရားအဆင့်ကို ကျော်လွန်နေလောက်ပြီလို့ ငါထင်တယ်.. မင်းက အခြားသူတွေရဲ့စိတ်ကို ထိတ်လန့်အောင် ပြုလုပ်ဖို့အတွက် ဝိညာဥ်လမ်းစဥ်နဲ့ ပေါင်းစပ်ပြီး မင်းအသက်ရှင်စဥ်က ရှိခဲ့တဲ့ ခွန်အားကြီးမားတဲ့ အရှိန်အဝါကို တုပထားတာ ငါမသိဘူးများ ထင်နေလား.. မင်းရဲ့ တကယ့် လက်ရှိစွမ်းအားက အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့်ထက် မပိုဘူး မဟုတ်လား”
ကျန်းချန်က လက်နှစ်ဖက်ကို နောက်ပစ်ကာ ဟန်ပါပါရပ်နေရင်း အနက်ရောင်ဝတ် အရိုးစုကို စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်းသာ ငါတို့ကို တကယ်တမ်း ရင်ဆိုင်နိုင်မယ်ဆိုရင် ငါတို့ရောက်လာတဲ့ အချိန်ကတည်းက တိုက်ခိုက်မှာသေချာသလောက်ပဲ.. သေချင်ယောင်ဆောင်ပြီး အခွင့်အရေးကို စောင့်စရာ ဘယ်လိုလုပ်ပြီး လိုအပ်မှာလဲ”
ကျန်းချန်၏ စကားများကို ကြားလျှင် အနက်ရောင်ဝတ် အရိုးစု၏ ခန္ဓာကိုယ်က တုန်ယင်သွားခဲ့သည်။
“ကောင်လေး အဓိပ္ပါယ်မရှိတာတွေ မပြောစမ်းနဲ့”
အနက်ရောင်ဝတ် အရိုးစုက ဒေါသတကြီး အော်ဟစ်လိုက်သည်။
သူ၏ ခန္ဓာကိုယ်မှ အေးစက်စက် တစ္ဆေစွမ်းအင်သည် ပတ်ဝန်းကျင်ကို ချက်ချင်းပင် လှုပ်ခတ်သွားစေပြီး လိုဏ်ဂူတစ်ခုလုံး၏ နေရာလွတ်များကို အဆက်မပြတ် တွန့်လိမ်သွားစေခဲ့သည်။
အမှန်စင်စစ် အနက်ရောင်ဝတ် အရိုးစုသည် ကျန်းချန်၏ စကားကြောင့် ထိတ်လန့်နေခဲ့၏။
ကျန်းချန်တို့ နှစ်ဦး လိုဏ်ဂူထဲကို ရောက်ရှိလာစဥ် ကတည်းကပင် သူက ကျန်းချန်တို့၏ ထူးခြားမှုကို ခံစားမိသည့် အတွက် တိုက်ရိုက် တိုက်ခိုက်ခြင်း မပြုခဲ့ဘဲ လက်အောက်ငယ်သား နှစ်ဦးကို ကျန်းချန်တို့အား အရင် စမ်းသပ်ခိုင်းခဲ့သည်။
သို့သော်လည်း ထိုလက်အောင်ငယ်သား နှစ်ဦးစလုံးသည် ကျန်းချန်၏ လက်သီးချက်ဖြင့် ချက်ချင်းဆိုသလို အသက်ပျောက်ခဲ့ရ၏။
ထိုအချင်းအရာကို မြင်လျှင် အနက်ရောင်ဝတ် အရိုးစုသည် အလျင်စလို မလှုပ်ရှားဝံ့တော့ပေ။
သူက ကျန်းချန်တို့ နှစ်ဦး ရတနာများကို ယူဆောင်သော အချိန်မှ အလစ်အငိုက်ဖမ်း တိုက်ခိုက်ရန် စီစဥ်ထားခဲ့သည်။
သို့သော်လည်း ကျန်းချန်က တစ်ချက် ကြည့်ရုံဖြင့်ပင် သူ၏ အခြေအနေကို မြင်အောင် ကြည့်နိုင်လိမ့်မည်ဟု မည်သူက သိနိုင်ပါမည်နည်း။
သူ့ကို ပို၍ပင် မထင်မှတ်စေခဲ့သည်မှာ သူ၏ အခြေအနေကို ထွင်းဖောက်မြင်နိုင်စွမ်း ရှိသည့် အနက်ရောင်ဝတ် လူငယ်သည် ကောင်းကင်နတ်ဘုရား အဆင့်၏ ကန့်သတ်ချက်ကိုချိုးဖျက်ထားသည့် မဟာကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်နေခြင်းပင်။
သူ၏ လက်ရှိ အခြေအနေအရ မဟာကောင်းကင် နတ်ဘုရားနှင့် ရင်ဆိုင်ရလျှင် အနိုင်ရရှိရန် အခွင့်အလမ်း ကြီးကြီးမားမား မရှိကြောင်း သူခံစားမိခဲ့သည်။
“ငါမင်းကို အခွင့်အရေး ပေးခဲ့ပေမဲ့ မင်းက တန်ဖိုးမထားခဲ့ဘူး.. မင်းက ရတနာကို ပေးအပ်ဖို့ အစီအစဥ် မရှိမှတော့ ငါမင်းကို အရင် ရှင်းပစ်ပြီးမှပဲ ဒီရတနာကို ယူတော့မယ်”
စကားဆုံးသည်နှင့် ကျန်းချန်က ကမ္ဘာ့စွမ်းအား ၇မျိုးဖြင့် ဖွဲ့စည်းထားသော အရောင်အသွေး စုံလင်သည့် လက်သီးချက်ကို တစ်ဖန် ထုတ်ဖော်လိုက်သည်။
ကျန်းချန်က စတင် တိုက်ခိုက်လာသည်ကိုမြင်လျှင် အနက်ရောင်ဝတ် အရိုးစု၏ အမူအရာက ပြောင်းလဲသွားခဲ့သည်။
“ဝုန်း.. ဝုန်း.. ဝုန်း..”
သူက ချက်ချင်းဆိုသလို အနက်ရောင် လက်သည်းကုတ်ချက်ဖြင့် ကျန်းချန်၏ ရောင်စုံလက်သီးချက်ကို ထိပ်တိုက် ရင်ဆိုင်လိုက်၏။
သူတို့နှစ်ဦးက အဆက်မပြတ် တိုက်ခိုက်ခဲ့ကြသည်။
ထိပ်တိုက် ရင်ဆိုင်မှုတိုင်းသည် ကောင်းကင်နှင့် မြေကြီးကို လှုပ်ခါစေပြီး တောင်များနှင့် မြစ်များကို ပြိုကွဲစေနိုင်လောက်သည်အထိ ကြောက်မက်ဖွယ်ရာ ကောင်းနေခဲ့၏။
တိုက်ပွဲကို ကြည့်ရှုနေသော ယွဲ့ဝူရွှမ်းပင်လျှင် သူတို့နှစ်ဦး၏ တိုက်ခိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ကြောက်မက်ဖွယ် အဖျက်စွမ်းအင်ကို ရှောင်ရှားရန် ခပ်ဝေးဝေးသို့ ဆုတ်ခွာလိုက်ရသည်။
ဂူအတွင်း၌ ကြွင်းကျန်နေသည့် အလွန် အစွမ်းထက်သော ရှေးဟောင်း အစီအရင်များသာ မရှိခဲ့လျှင် သူတို့နှစ်ဦး၏ တိုက်ခိုက်မှုများသည် လိုဏ်ဂူ တစ်ခုလုံးကို တစ်ခဏအတွင်း လုံးဝ ပြိုကျသွားနိုင်လောက်၏။
“ဝုန်း..”
ကျယ်လောင်သော ဆူညံသံက ထွက်ပေါ်လာခဲ့ပြီး လိုဏ်ဂူတစ်ခုလုံးသည် မြေငလျင် ကဲ့သို့ တုန်ခါသွားခဲ့သည်။
နှစ်ဦးသား ခုနစ်ကွက်၊ ရှစ်ကွက်ခန့် ဆက်တိုက်ဆိုသလို တိုက်ခိုက်ပြီးနောက်တွင် အနက်ရောင်ဝတ် အရိုးစုသည် ကျန်းချန်၏ လက်သီးချက်ဖြင့် လွင့်စင်သွားခဲ့ကာ အဆုံးသတ်တွင် လိုဏ်ဂူ၏ ကျောက်နံရံနှင့် ပြင်းပြင်းထန်ထန် ဝင်ဆောင့်မိသွားခဲ့သည်။
အနက်ရောင်ဝတ် အရိုးစု၏ ကျောက်နံရံကို ဝင်ဆောင့်မှုကြောင့် လိုဏ်ဂူ ပတ်ပတ်လည်ရှိ ရှေးဟောင်း အစီအရင်များပင်လျှင် တုန်ခါသွားခဲ့၏။
အနက်ရောင်အရိုးစုက မြေပြင်ကနေ ထရပ်လိုက်သည်။
သူ၏ မျက်နှာတွင် ကြောက်ရွံ့သော အမူအရာများ ပြည့်နှက်နေခဲ့၏။
သူ၏ ရင်ဘတ်သည် ကျန်းချန်၏ လက်သီးချက်ဖြင့် ဖောက်ထွင်းခံထားရပြီး နံရိုးများစွာမှာလည်း ကျိုးကြေနေခဲ့သည်။
ဆိုရလျှင် သူက ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲသွားတော့မတတ် ခံစားနေရ၏။
“နေပါဦး.. ညီငယ်လေး.. ငါ့ရဲ့ရတနာကို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်.. ကျေးဇူးပြုပြီး ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ”
“မင်းကို သတ်လိုက်ရင်လည်း ဒီရတနာတွေက ငါ့ရဲ့ပစ္စည်းဖြစ်လာမှာပဲ”
ကျန်းချန်က အနက်ရောင်ဝတ် အရိုးစုကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“မင်းအသက်ရှင်ချင်ရင် ငါ မင်းကို နောက်ထပ် အခွင့်အရေးပေးမယ်.. မင်းငါ့ရဲ့ အစေအပါးလုပ်ဖို့ ဆန္ဒရှိသရွေ့ ငါမင်းအသက်ကို ချမ်းသာပေးမယ်”
အနက်ရောင်ဝတ် အရိုးစုသည် နယ်မြေနတ်ဘုရားနှင့်ပင် နှိုင်းယှဥ်နိုင်သော တိုက်ခိုက်ရေးစွမ်းအား ရှိသည်။
အနက်ရောင်ဝတ် အရိုးစုသာ သူ၏ အစေအပါး ဖြစ်လာခဲ့လျှင် နယ်မြေနတ်ဘုရား အဆင့်ရှိ အစေအပါး တစ်ဦးကို ရရှိလိုက်သည်နှင့် အတူတူပင် ဖြစ်ကာ ဒုက္ခများစွာကို သက်သာစေလိမ့်မည် ဖြစ်၏။
“မင်း ဒီလောက်ထိတော့ အနိုင်မကျင့်သင့်ဘူး.. တကယ်လို့ မင်း ဒီနတ်ဘုရားကို တွန်းအားပေးမယ် ဆိုရင် ဘယ်သူ့ဘက်ကမှ ကောင်းကျိုးဖြစ်လာမှာ မဟုတ်ဘူး”
ကျန်းချန်က သူ့ကို အစေအပါး အဖြစ် အညံ့ခံ ခိုင်းနေသည်ကို ကြားလျှင် အနက်ရောင်ဝတ် အရိုးစုသည် ချက်ချင်းဆိုသလို ဒေါသထွက်သွားခဲ့သည်။
အသက်ရှင်စဥ်တုန်းက သူသည် အဆင့်မြင့် နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်ခဲ့ပြီး နတ်ဘုရင်ပြီးလျှင် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ် ဖြစ်ခဲ့ဖူးသည်။
ထို့ကြောင့် ယခု အရိုးစုဖုတ်ကောင် အဖြစ် ရှိနေသည့်တိုင် သူတပါးကို အလွယ်တကူ အညံ့ခံမည် မဟုတ်ပေ။
“မင်းက ညှိနှိုင်းဆွေးနွေးဖို့ အရည်အချင်း မပြည့်မီဘူး.. အညံ့ခံမလား သေမလားဆိုတာ မင်းကိုယ်တိုင်ပဲ ရွေးပါ”
ကျန်းချန်က ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် အေးစက်စက် ပြောလိုက်သည်။
ထိုစကားကို ပြောနေသည့်အချိန်တွင် ကျန်းချန်၏ လက်သီးပေါ်၌ ရောင်စုံအလင်းများ တောက်ပလာခဲ့သည်။
“ခဏလေးနေပါဦး.. ငါမင်းကို အညံ့ခံမယ်.. မင်းရဲ့အစေအပါးလုပ်ဖို့ ငါဆန္ဒရှိတယ်”
အနက်ရောင်ဝတ် အရိုးစုက ကျန်းချန်၏ လက်သီးပေါ်မှ ကြောက်မက်ဖွယ်ရာကောင်းသော ရောင်စုံနတ်အလင်းကို မြင်လျှင် ဝိညာဥ်လွင့်မတတ် ထိတ်လန့်သွားခဲ့ပြီး အလျင်အမြန်ပင် အညံ့ခံလိုက်သည်။
အသက်ရှင်စဥ်ကလို အထွတ်အထိပ် အခြေအနေသာ ဆိုလျှင် ကျန်းချန် ကဲ့သို့ မဟာကောင်းကင် နတ်ဘုရားကို သူက ကြောက်ရွံ့နေမည် မဟုတ်ပေ။
သို့သော် ယခုအခါတွင် သူက သေဆုံးသွားပြီးနောက် ပြန်လည် မွေးဖွားလာသည့် ဖုတ်ကောင်သက်သက် သတ္တဝါသာ ဖြစ်သည်။
သူ၏ ခန္ဓာကိုယ်တွင် သူမသေခင်က အသိစိတ် တစ်စိတ်တစ်ပိုင်း နိုးထလာခဲ့သော်လည်း ခွန်အားကမူ အဆင့်နိမ့် နယ်မြေနတ်ဘုရား အဆင့်တွင်သာ ရှိနေခဲ့သည်။
သူ၏ လက်ရှိခွန်အားဖြင့် ကျန်းချန်နှင့် သူသေကိုယ်သေ တိုက်ခိုက်လျှင်ပင် ကျန်းချန်၏ ပြိုင်ဘက် ဖြစ်နိုင်မည် မဟုတ်လောက်ပေ။
မည်သို့ပင် ဖြစ်စေကာမူ အနက်ရောင်ဝတ် အရိုးစုသည် ကျန်းချန်၏ ဖျက်ဆီးခြင်းခံရမည်ကို မလိုလားခဲ့ပေ။
ထို့ကြောင့် အသက်မသေစေရန် အတွက် ကျန်းချန်၏ အစေအပါးလုပ်ရန် သဘောတူလိုက်၏။
တစ်ချိန်ချိန်တွင် သူ၏ အထွတ်အထိပ် ခွန်အားကို ပြန်လည်ရရှိခဲ့လျှင် မဟာကောင်းကင် နတ်ဘုရား တစ်ပါးကို အလွယ်တကူပင် ရှင်းပစ်နိုင်သည် မဟုတ်ပါလား။
အခန်း(၁၈၉၁)ပြီး၏။
အခန်း(၁၈၉၂)
အဆုံးသတ်တွင် အနက်ရောင်ဝတ် အရိုးစုသည် အညံ့ခံရန် ရွေးချယ်လိုက်သည်။
ယခုအခါတွင် သူ၏ခွန်အားများကို ပြန်လည် မရရှိသေးသဖြင့် မဟာကောင်းကင် နတ်ဘုရားတစ်ပါး ဖြစ်သည့် ကျန်းချန်နှင့် ရင်ဆိုင်ရန် မဖြစ်နိုင်ခဲ့ပေ။
အနက်ရောင်ဝတ် အရိုးစုက ကျန်းချန်ကို အညံ့ခံပြီးနောက်တွင် အရာအားလုံးသည် ပိုမို လွယ်ကူလာခဲ့သည်။
ကျန်းချန်က အနက်ရောင်ဝတ် အရိုးစု၏ ခန္ဓာကိုယ်ထဲတွင် စိတ်ဝိညာဥ် အမှတ်အသားကို ထည့်သွင်းလိုက်သည်။
ထို့နောက်တွင် ကျောက်ဖျာပေါ်ရှိ ရတနာ သုံးမျိုးလုံးကို သိုလှောင်အိတ်ထဲသို့ ထည့်လိုက်၏။
ထိုမြင်ကွင်းကိုကြည့်ရင်း အနက်ရောင်ဝတ် အရိုးစုသည် သူ၏နှလုံးသွေးများ ယိုစိမ့်သွားသည့်နှယ် ခံစားခဲ့ရသည်။
ဤရတနာသုံးမျိုးသည် သူ၏ ဘဝတစ်လျှောက်လုံးတွင် သူ စုဆောင်းခဲ့သည့် အဖိုးတန်ရတနာများ ဖြစ်သည်။
အထူးသဖြင့် စိတ်ဝိညာဥ်ထိန်း နတ်ကျောက်တုံးသည် ကမ္ဘာပေါ်တွင် အလွန်တရာ ရှားပါးသော စိတ်ဝိညာဥ်လမ်းစဥ် ရတနာတစ်ပါး ဖြစ်သည်။
စိတ်ဝိညာဥ်ထိန်း နတ်ကျောက်တုံးသည် သူ၏ အထွတ်အထိပ်ကာလက ခွန်အားကို လျင်မြန်စွာ ပြန်လည် ရရှိအောင် အကူအညီပေးနိုင်၏။
ယခုအခါတွင်မူ ဤရတနာသည် ကျန်းချန်၏ လက်ထဲသို့ ရောက်ရှိသွားခဲ့ချေပြီ။
“ငါ့ရဲ့ အထွတ်အထိပ် ခွန်အားကို ပြန်လည်ရရှိတာနဲ့ ဒီကောင်လေး ငါ့ရဲ့ခန္ဓာကိုယ်ထဲမှာ ထည့်သွင်းထားတဲ့ စိတ်ဝိညာဥ် အမှတ်အသားကို ဖယ်ရှားပြီး စိတ်ဝိညာဥ်ထိန်း နတ်ကျောက်တုံးကို သေချာပေါက် ပြန်လည် ရယူမယ်”
အနက်ရောင်ဝတ် အရိုးစုက စိတ်ထဲကနေ တိတ်တဆိတ် ကြုံးဝါးလိုက်သည်။
စင်စစ် သူက ကျန်းချန်ထံ အညံ့ခံရန် ဆန္ဒမရှိခဲ့ပေ။
ယခု အညံ့ခံလိုက်ခြင်းမှာ သူ၏အသက်ကိုကယ်တင်ရန်အတွက် ယာယီ အစီအစဥ်တစ်ခုသာဖြစ်သည်။
သူက နှစ်ပေါင်းများစွာ အသက်ရှင်နေထိုင်လာသော အဆင့်မြင့် နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်သည့်အပြင် ဝိညာဥ်လမ်းစဥ်တွင် ကျွမ်းကျင်သောကြောင့် ကျန်းချန် သူ့ခန္ဓာကိုယ်ထဲတွင် ထည့်သွင်းခဲ့သည့် စိတ်ဝိညာဥ် အမှတ်အသားလောက်ကို သိပ်ဂရုမစိုက်ခဲ့ပေ။
သူ၏ခွန်အားသာ အထွတ်အထိပ် ခွန်အား၏ ၇၀ သို့မဟုတ် ၈၀ ရာခိုင်နှုန်း အထိ ပြန်လည်ရရှိလျှင် ကျန်းချန်၏ စိတ်ဝိညာဥ် အမှတ်အသားကို အလွယ်တကူ ချေဖျက်နိုင်လိမ့်မည် ဖြစ်သည်။
“အစ်မယွဲ့.. ဒါက အစ်မအတွက်”
ကျန်းချန်က ကျောက်ဖျာပေါ်ရှိ ရတနာသုံးမျိုးကို သိမ်းဆည်းလိုက်ပြီးနောက်တွင် ကျောက်စိမ်းပုလင်းကိုမူ ယွဲ့ဝူရွှမ်း ထံသို့ ပစ်ပေးလိုက်သည်။
“ကျေးဇူးတင်ပါတယ်.. မောင်လေးကျန်း”
ကျောက်စိမ်းပုလင်းကို ဖမ်းယူလိုက်ပြီးနောက်တွင် ယွဲ့ဝူရွှမ်း၏ လှပသော မျက်ဝန်းလေးတွင် ကျေးဇူးတင်သောအမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
ဤကျောက်စိမ်းပုလင်းကို မြင်တွေ့ခဲ့သည့် အချိန်မှစ၍ ယွဲ့ဝူရွှမ်းသည် ထိုကျောက်စိမ်းပုလင်း ထဲတွင် ရှိသည့် အရာက သူမ၏ လနတ်ဧကရီ ခန္ဓာကိုယ်ကို အလွန် အထောက်အကူပေးနိုင်မည်ဟု ခံစားခဲ့ရသည်။
အကယ်၍ သူမသာ ကျန်းချန်နှင့် မတွေ့ခဲ့လျှင် တစ္ဆေဂိုဏ်းမှ ယိုစစ်မင် တို့၏ လက်ချက်ဖြင့် သေဆုံး မသွားသည့်တိုင် ဒဏ်ရာ အပြင်းအထန်ကို ရရှိလိမ့်မည် ဖြစ်သည်။
သို့ဖြစ်ရာ ဤနေရာကို ဝင်ရောက်၍ နယ်မြေနတ်ဘုရားနှင့်ပင် နှိုင်းယှဥ်နိုင်သော အနက်ရောင်ဝတ် အရိုးစု၏ လက်ထဲကနေ ဤကျောက်စိမ်းပုလင်းကို ရရှိရန် ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။
“အစ်မယွဲ့ အားနာနေစရာမလိုပါဘူး.. ကျွန်တော်တို့က ဂိုဏ်းတူမောင်နှမတွေ ဆိုတော့ တစ်ယောက်နဲ့ တစ်ယောက် အကူအညီ ပေးတာက ဝတ္တရားပါပဲ”
ကျန်းချန်က ခပ်ယဲ့ယဲ့ပြုံးကာ ပြောလိုက်သည်။
မကြာမီမှာပင် သူ၏အကြည့်သည် အနက်ရောင်ဝတ် အရိုးစုထံသို့ ကျရောက်သွားခဲ့ပြီး စူးစမ်းစွာဖြင့် မေးလိုက်သည်။
“အရိုးခြောက် ဖုတ်ကောင်လေး.. မင်းနာမည်က ဘယ်လိုခေါ်လဲ.. ဒီလျှို့ဝှက်နယ်မြေထဲမှာ ဘယ်လိုလုပ်ပြီး ရှိနေရတာလဲ”
သူ့ရှေ့မှ အနက်ရောင်ဝတ် အရိုးစုသည် မသေဆုံးခင်က နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်သည်။
ယခုအခါ အသိစိတ်များ ပြန်လည်ရရှိလာပြီ ဖြစ်ရာ ဤနေရာနှင့်ပတ်သက်၍ နားလည်မှုအချို့ ရှိရပေမည်။
ကျန်းချန်က အနက်ရောင်ဝတ် အရိုးစု ထံကနေ အသုံးဝင်သော အချက်အလက်တချို့ ရနိုင်မလား သိချင်ခဲ့၏။
သူ့လို ဂုဏ်အရှိန်အဝါကြီးသော နယ်မြေနတ်ဘုရား တစ်ပါးကို ကျန်းချန်က အရိုးခြောက် ဖုတ်ကောင်လေးဟု ခေါ်လိုက်သည်အား ကြားလျှင် အနက်ရောင်ဝတ် အရိုးစု၏ ခန္ဓာကိုယ်သည် တုန်ယင်သွားခဲ့သည်။
သို့သော်လည်း သူက ယခုအခါတွင် ထိုကောင်လေး၏ အစေအပါး ဖြစ်၍ သည်းခံရပေလိမ့်မည် မဟုတ်ပါလား။
ထို့ကြောင့်ပင် အနက်ရောင်ဝတ် အရိုးစုသည် ကျန်းချန်ကို အနည်းငယ်မျှပင် မကျေမနပ် မဖြစ်ရဲဘဲ ပြုံးရွှင်စွာဖြင့် အလျင်အမြန် ပြန်ဖြေလိုက်သည်။
“သခင်.. ကျွန်တော့်ရဲ့ နာမည်က ရွှယ်ဟန်ပါ.. အသက်ရှင်စဥ်ကတော့ အဆင့်မြင့် နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်ခဲ့ပါတယ်.. အခုအချိန်မှာ အသိစိတ် တချို့တလေလောက်ကိုပဲ ပြန်လည် အမှတ်ရပါသေးတယ်”
“လခွမ်း.. ဒီအရိုးစုက အဆင့်မြင့် နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်နေတာလား”
အနက်ရောင်ဝတ် အရိုးစု၏ စကားကိုကြားလျှင် ကျန်းချန်သည် အံ့အားသင့်သွားခဲ့၏။
ယနေ့ခေတ်တွင် မဟာမြေရိုင်းနယ်မြေရှိ နယ်မြေနတ်ဘုရား အများစုသည် အဆင့်နိမ့် နယ်မြေနတ်ဘုရားများသာ ဖြစ်သည်။
အလယ်အလတ် နယ်မြေနတ်ဘုရားများသည် မဟာမြေရိုင်းနယ်မြေတွင် လက်ချိုးရေတွက်၍ပင် ရ၏။
ထို့ကြောင့် အဆင့်မြင့်နယ်မြေနတ်ဘုရား ဆိုလျှင် ပြောနေစရာပင် မလိုတော့ပေ။
အနက်ရောင်ဝတ် အရိုးစု အသက်ရှင်စဥ်က အဆင့်နိမ့် နယ်မြေနတ်ဘုရားထက် သာလွန်ကြောင်း သူခံစားမိသော်လည်း အဆင့်မြင့် နယ်မြေနတ်ဘုရား တစ်ပါး ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။
အဆင့်မြင့် နယ်မြေနတ်ဘုရားသည် နတ်ဘုရင်ပြီးလျှင် ဒုတိယ အစွမ်းအထက်ဆုံး ဖြစ်သည်။
လွန်ခဲ့သော နှစ်သန်းပေါင်းများစွာက ရှေးခေတ် ကာလများတွင်ပင် အဆင့်မြင့် နယ်မြေနတ်ဘုရားများသည် ရှားပါးသော အင်အားကြီး ပုဂ္ဂိုလ်များ ဖြစ်ကြသည်။
ထို့ကြောင့် ရွှယ်ဟန်ဟု ခေါ်သော ဤလူ၏ ကိုယ်ပိုင်လက္ခဏာသည် မရိုးရှင်းလောက်ပေ။
ကျန်းချန်က အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ရွှယ်ဟန်ကို ကြည့်ကာ အလေးအနက် ပြောလိုက်သည်။
“ဒီနေရာနဲ့ ပတ်သက်ပြီး မင်းသိထားတဲ့ အချက်အလက်တွေကို ငါ့ကို အသေးစိတ် ပြောပြပါ”
“ကျွန်တော့်ရဲ့ မှတ်ဥာဏ်ထဲမှာတော့ ဒီနေရာကို စန်းယိုနယ်မြေလို့ ခေါ်တယ်.. ကျွန်တော်က စန်းယိုနယ်မြေက ထိပ်တန်းအင်အားစုဖြစ်တဲ့ စန်းယိုနတ်ကျောင်းကပဲ.. စန်းယိုနယ်မြေမှာ ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့ပုံရပြီး ဒီအပြောင်းအလဲအောက်မှာ ကျွန်တော်လည်း ကျဆုံးခဲ့တဲ့ပုံပဲ.. ကျွန်တော် ဘာကြောင့် ဒီနေရာမှာ ပေါ်လာပြီး အခုလို အခြေအနေမျိုး ဖြစ်လာရတာလဲဆိုတာ ကျွန်တော်ကိုယ်တိုင်တောင် မသိဘူး”
ထိုစကားကို ပြောသောအခါတွင် ရွှယ်ဟန်၏ မျက်လုံးအိမ်ထဲတွင် စိတ်ရှုပ်ထွေးသော အမူအရာများ ရှိနေခဲ့သည်။
“စန်းယိုနတ်ကျောင်းလား”
ကျန်းချန်က ရုတ်တရက် အထိတ်တလန့် ရေရွတ်လိုက်သည်။
နတ်ဘုရားနယ်မြေတွင် ထိပ်တန်း နယ်မြေနတ်ဘုရားအင်အားစု ဖြစ်နေလျှင်ပင် ၎င်းတို့၏ အမည်တွင် နတ်ဟူသောစကားလုံးကို အလွယ်တကူ ထည့်သွင်းရဲခြင်း မရှိပေ။
ယေဘုယျအားဖြင့် နတ် ဟူသောစကားလုံး ပါရှိသည့် အင်အားစုများသည် နတ်ဘုရင်အဆင့် အင်အားစုများ ဖြစ်ကြသည်။
ဥပမာအားဖြင့် နတ်ဟူသော စကားလုံး ပါရှိသည့် မဟာမြေရိုင်းနတ်ဂိုဏ်းသည် နတ်ဘုရင်အဆင့် အင်အားစုဖြစ်၏။
ရွှယ်ဟန်၏ နှုတ်မှ ထုတ်ပြောခဲ့သည် စန်းယိုနတ်ကျောင်းသည် နတ်ဘုရင်အဆင့် အင်အားစု ဖြစ်နိုင်ပါသလော။
တစ်နည်းအားဖြင့် သူတို့ ရောက်ရှိနေသော နေရာသည် တစ်ချိန်က နတ်ဘုရင်အဆင့် အင်အားစု တည်ရှိခဲ့သော နေရာ ဖြစ်ပုံရ၏။
သို့သော် ကျန်းချန် မည်သို့မှ နားမလည်နိုင်ခဲ့ပေ။
နတ်ဘုရင်အဆင့် အင်အားစု တည်ရှိသည့် ကြီးမြတ်သောနယ်မြေတစ်ခုသည် အဘယ်ကြောင့် မဟာမြေရိုင်း ပါရမီရှင် သိုင်းပြိုင်ပွဲ ကျင်းပသည့် လျှို့ဝှက်နယ်မြေ ဖြစ်လာရပါသနည်း။
“စန်းယိုနယ်မြေက စန်းယိုနတ်ကျောင်းလား”
ထိုအခိုက်အတန့်တွင် ကျန်းချန်၏ နံဘေးတွင် ရှိနေသော ယွဲ့ဝူရွှမ်းထံကနေ မယုံကြည်နိုင်စွာ ရေရွတ်လိုက်သော အသံ ထွက်ပေါ်လာခဲ့သည်။
ကျန်းချန်က အနည်းငယ် တုန်လှုပ်သွားခဲ့ပြီး ယွဲ့ဝူရွှမ်းကို ကြည့်ကာ စူးစမ်းစွာ မေးလိုက်သည်။
“အစ်မယွဲ့.. စန်းယိုနယ်မြေနဲ့ ပတ်သက်ပြီး အစ်မ သိထားတာ ရှိလား”
“စန်းယိုနယ်မြေနဲ့ ပတ်သက်တဲ့ မှတ်တမ်းတွေကို ရှေးဟောင်းကျမ်းစာအုပ်ထဲမှာ ငါတွေ့ခဲ့ဖူးတယ်”
ယွဲ့ဝူရွှမ်းက အသက်ကို ခပ်ပြင်းပြင်းရှူလိုက်ပြီး သူမ သိထားသည့် အချက်အလက်များကို ပြောပြလိုက်သည်။
မဟာမြေရိုင်းနယ်မြေ လက်အောက်ရှိ စန်းယိုနယ်မြေသည် တစ်ချိန်က ထိပ်တန်း နယ်မြေနတ်ဘုရားအဆင့် အင်အားစုဖြစ်သည့် စန်းယိုကျောင်းတော် တည်ရှိသည့် နယ်မြေ ဖြစ်သည်။
နောက်ပိုင်းတွင် စန်းယိုကျောင်းတော်၏ ခေါင်းဆောင်သည် နတ်ဘုရင်အဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့ပြီး စန်းယိုကျောင်းတော်ကို စန်းယိုနတ်ကျောင်း အဖြစ် အမည်ပြောင်းလဲခဲ့သည်။
ယင်းနောက်ပိုင်းတွင် စန်းယိုနတ်ကျောင်းသည် မဟာမြေရိုင်းနတ်ကျောင်းနှင့် ရင်ဆိုင်ခဲ့ပြီး အဆုံးသတ်တွင် ရှုံးနိမ့်ခဲ့ကာ မဟာမြေရိုင်း နယ်မြေကနေ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
ယွဲ့ဝူရွှမ်း၏ စကားကိုကြားလျှင် ကျန်းချန်သည် အသက်ရှူရပ်မတတ်ပင် အံ့အားသင့်သွားခဲ့သည်။
စန်းယိုနယ်မြေသည် မဟာမြေရိုင်းနယ်မြေ ပြီးလျှင် ဒုတိယ အစွမ်းအထက်ဆုံး နယ်မြေ ဖြစ်သည်။
နောက်ပိုင်းတွင် စန်းယိုနယ်မြေ၏ ထိပ်တန်းဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်သော စန်းယိုကျောင်းတော်တွင် နတ်ဘုရင်အဆင့်ကျင့်ကြံသူ တစ်ဦး ထွက်ပေါ်လာခဲ့ပြီး စန်းယိုကျောင်းတော်၏ အမည်ကိုလည်း စန်းယိုနတ်ကျောင်း အဖြစ် ပြောင်းလဲခဲ့သည်။
မဟာမြေရိုင်းနတ်ဂိုဏ်းသည် ဒုတိယမြောက် နတ်ဘုရင် အင်အားစုက ၎င်းတို့၏ အာဏာအား ခြိမ်းခြောက်လာမည်ကို သဘာဝကျစွာပင် ခွင့်မပြုခဲ့ပေ။
ထို့အတူ စန်းယိုနတ်ကျောင်းဘက်ကလည်း မဟာမြေရိုင်းနတ်ဂိုဏ်း၏ ကြီးစိုးမှုကို လက်မခံချင်ခဲ့ချေ။
ယင်းနောက်ပိုင်းတွင် နတ်ဘုရင်အဆင့် အင်အားစု နှစ်စုသည် နယ်မြေတိုက်ပွဲ ဖြစ်ပွားခဲ့ကြသည်။
မဟာမြေရိုင်း နတ်ဂိုဏ်းသည် စန်းယိုနတ်ကျောင်းကို နှစ်တစ်ထောင်ကြာ တိုက်ခိုက်ခဲ့ရပြီး အဆုံးသတ်တွင် စန်းယိုနတ်ကျောင်းက ရှုံးနိမ့်သွားခဲ့ကာ မဟာမြေရိုင်း နယ်မြေကနေ လုံးဝ ပျောက်ကွယ်သွားခဲ့သည်။
တကယ်တမ်းတွင် စန်းယိုနယ်မြေက ပျောက်ကွယ်မသွားခဲ့ဘဲ မဟာမြေရိုင်းနတ်ဂိုဏ်း၏ နတ်ဘုရင်က အထွတ်အထိပ် မှော်စွမ်းအားများဖြင့် လျှို့ဝှက်နယ်မြေ အဖြစ် ပြောင်းလဲခဲ့ခြင်းသာ ဖြစ်သည်။
နောက်ပိုင်းတွင် ထိုလျှို့ဝှက်နယ်မြေသည် မဟာမြေရိုင်း ပါရမီရှင်သိုင်းပြိုင်ပွဲ ကျင်းပသည့် ပြိုင်ပွဲစစ်မြေပြင် ဖြစ်လာခဲ့သည်။
ဆိုရလျှင် ယခု သူတို့ ရောက်ရှိနေသာ လျှို့ဝှက်နယ်မြေသည် စင်စစ် မဟာမြေရိုင်းနယ်မြေတွင် ပျောက်ကွယ်သွားသော နတ်ဘုရင်အဆင့် အင်အားစု တည်ရှိခဲ့သည့် စန်းယိုနယ်မြေပင် ဖြစ်၏။
အခန်း(၁၈၉၂)ပြီး၏။