အခန်း (၁၈၉၉+၁၉၀၀)
Vol. 130 Ch. 1899+1900
အခန်း(၁၈၉၉)
လုချန်ချင်း၏ ပတ်ပတ်လည်တွင် ပုံသဏ္ဌာန်အမျိုးမျိုး ရှိသော ဓားအလင်းခုနစ်ခုသည် ရေစီးကြောင်းကဲ့သို့ ဝန်းရံနေခဲ့သည်။
ထိုဓားအလင်းများသည် အလွန်တရာပင် ကြောက်မက်ဖွယ်ရာကောင်းပြီး အနီးအနားရှိ နေရာလွတ်များကိုပင် ရိုက်ခတ်ကာ နေရာလွတ် အက်ကွဲကြောင်းများ ဖြစ်ပေါ်စေခဲ့၏။
“မင်းက ချင်းမင်ဓားဂိုဏ်းက လုချန်ချင်းလား”
သူ၏ရှေ့တွင် ထွက်ပေါ်လာသော အပြာရောင်ဝတ်ရုံဝတ် လူငယ်သည် အလွန်တရာပင် အစွမ်းထက်ပြီး သူကဲ့သို့ပင် လမ်းစဥ် ၇မျိုး၏ စွမ်းအားကို ပိုင်ဆိုင်ထားသော မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်ပြီး ဓားသိုင်းကို အထူးပြုသည်မှာ ထင်ရှား၏။
ထိုကဲ့သို့သော ပါရမီရှင်သည် ချင်းမင်ဓားဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင်ဖြစ်သူ လုချန်ချင်းမှလွဲလျှင် တခြားမည်သူ ဖြစ်နိုင်ပါမည်နည်း။
“ဟုတ်တယ် ငါက လုချန်ချင်းပဲ”
လုချန်ချင်းက ကျန်းချန်ကို သတ်ဖြတ်လိုသော အကြည့်ဖြင့် စိုက်ကြည့်ကာ ပြောလိုက်သည်။
“မင်းက ငါတို့ ချင်းမင်ဓားဂိုဏ်းက ငါ့ရဲ့ ဂိုဏ်းတူညီလေးကို သတ်ဖြတ်လိုက်တယ်.. ဒီနေ့တော့ မင်းရဲ့အသက်ကိုယူပြီး ငါ့ရဲ့ ဂိုဏ်းတူညီလေး ဝိညာဥ်ကို ပူဇော်ရမယ်”
“မင်းရဲ့ ဂိုဏ်းတူညီလေးကို သတ်လိုက်တော့ရော ဘာဖြစ်လဲ”
ကျန်းချန်က အေးစက်စက် ပြောလိုက်သည်။
“မင်းရဲ့ ဂိုဏ်းတူညီလေး တွေက ငါ့ကို သတ်ပြီး ငါ့ဆီက မဟာမြေရိုင်းတံဆိပ်ပြားကို လုယူချင်တယ်ဆိုမှတော့ ငါ့လက်ထဲမှာ အသတ်ခံရဖို့လည်း သူတို့အနေနဲ့ ပြင်ဆင်ထားသင့်တယ်”
အစောပိုင်းက ထွက်ပြေးသွားသော ချင်းမင်ဓားဂိုဏ်းမှ တပည့်သည် သေဆုံးသွားပြီ ဖြစ်ကြောင်း ကျန်းချန် သိလိုက်သည်။
ထိုထွက်ပြေးသွားသော တပည့်ကြောင့် ချင်းမင်ဓားဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် လုချန်ချင်း ရောက်ရှိလာလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။
သို့သော်လည်း ကိစ္စက ဤအခြေအနေအထိ ရောက်ရှိလာပြီဖြစ်ရာ ကျန်းချန်သည် အနည်းငယ်မျှပင် ကြောက်ရွံ့ခြင်း ရှိမနေခဲ့ပေ။
“ကောင်းတယ် သိပ်ကောင်းတယ်.. ဒီနေ့ ငါလုချန်ချင်းက မင်းဘယ်လောက်ထိ အစွမ်းထက်လဲဆိုတာ ကြည့်ရသေးတာပေါ့”
လုချန်ချင်းက အေးစက်စက် ကြုံးဝါးလိုက်ပြီးနောက်တွင် နောက်ကျောမှ အပြာရောင်ဓားရှည်သည် သူ၏ လက်ထဲသို့ ရောက်လာခဲ့သည်။
ချက်ချင်းဆိုသလိုပင် လုချန်ချင်းက ဓားကွက်တစ်ကွက်ကို ထုတ်ဖော်လိုက်ရာ ဓားအလင်းထောင်ပေါင်း များစွာသည် ကြယ်အလင်းများ အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး မိုင်ပေါင်းထောင်ချီရှိသော ဟင်းလင်းပြင်ကို လွှမ်းခြုံသွားခဲ့သည်။
“အဆုံးမဲ့ကြယ်စင်စုဓားသိုင်း”
သူ၏ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်ခဲ့သူဖြစ်၍ ခွန်အားက အလွန်တရာ ထူခြားမည်မှာ သေချာသည်။
ထို့ကြောင့်လည်း လုချန်ချင်းက စတင် တိုက်ခိုက်လိုက်သည်နှင့် ချင်းမင်ဓားဂိုဏ်း၏ ထိပ်တန်းဓားသိုင်းကို ထုတ်ဖော်လိုက်ခြင်းပင်။
ဟင်းလင်းပြင်တွင် ပျံ့နှံ့နေသော ကြယ်ဓားအလင်းများသည် မိုးရေစက်များကဲ့သို့ ကျန်းချန်ထံ ကျဆင်းလာခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် ကျန်းချန်၏ ဦးခေါင်းအထက်ရှိ လေထုသည် ပျားအုံကဲ့သို့ ဖြစ်သွားခဲ့ပြီး အနက်ရောင်တွင်းပေါက်အများအပြား ဖြစ်ပေါ်လာခဲ့သည်။
“ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်း”
ကျန်းချန်က ကောင်းကင်မီးနတ်ဓားဖြင့် ခုနစ်စဥ်ကြယ်ဓားသိုင်းကို ထုတ်ဖော်ကာ ကြယ်တစ်ပွင့် စွမ်းအားကို လှုံ့ဆော်လိုက်သည်။
နောက်ထပ် တစ်ခဏတွင် ကောင်းကင်ယံ၌ ခုနစ်စဥ်ကြယ် ထွက်ပေါ်လာခဲ့ပြီး ခုနစ်စဥ်ကြယ်ထဲမှ ကြယ်တစ်လုံးသည် ချက်ချင်းဆိုသလို လင်းလက်လာခဲ့၏။
ထိုကြယ်ကနေ လင်းလက်တောက်ပသော ကြယ်ဓားအလင်းရောင်က အောက်ဘက်သို့ ဆင်းသက်လာခဲ့ပြီး လုချန်ချင်း၏ ကြယ်ဓားအလင်းများ ဆီသို့ သက်ရောက်သွားခဲ့သည်။
မဟာကောင်းကင်နတ်ဘုရား အဆင့်သို့ ရောက်ရှိသွားပြီးနောက်တွင် ကျန်းချန်သည် နတ်ဘုရင်အဆင့်နည်းစနစ်ဖြစ်သည့် ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်း၏ စစ်မှန်သောစွမ်းအားကို ထုတ်ဖော်လာနိုင်ခဲ့သည်။
သူက ကြယ်တစ်ပွင့်စွမ်းအားကို လှုံ့ဆော်ခဲ့လျှင်ပင် ထိုဓားကွက်၏ စွမ်းအားသည် ထိပ်တန်း နယ်မြေနတ်ဘုရားအဆင့် ကိုယ်ခံပညာရပ်၏ စွမ်းအားထက် မနိမ့်ကျပေ။
လေထုထဲတွင် ကြယ်ဓားအလင်းများက ထိပ်တိုက် ဆုံတွေ့သွားကြပြီး နေရာလွတ်များသည် ဆက်တိုက်ဆိုသလို ပြိုကျသွားခဲ့သည်။
လုချန်ချင်းက ကြောက်မက်ဖွယ်ရာ ကောင်းသော ကြယ်ဓားအလင်းများ ထိပ်တိုက်ဆုံတွေ့မှု၏ ရိုက်ခတ်မှုအောက်တွင် မီတာထောင်ချီ အကွာအဝေးထိ ခပ်သွက်သွက် နောက်ဆုတ်လိုက်ရ၏။
သူ၏ ခြေလှမ်းများသည် လေထုထဲတွင် အနက်ရောင် နေရာလွတ် လှိုင်းတွန့်များကိုပင် ဖြစ်ပေါ်စေခဲ့သည်။
“စီနီယာအစ်ကိုလုက နောက်ဆုတ်သွားရတာလား”
မကြာသေးခင်ကမှ ဤနေရာသို့ ရောက်ရှိလာသော ချင်းမင်ဓားဂိုဏ်းမှ တပည့်များသည် ထိုမြင်ကွင်းကိုမြင်လျှင် တစ္ဆေတစ်ကောင်ကို မြင်တွေ့လိုက်ရသကဲ့သို့ သူတို့မျက်လုံးများကို မယုံကြည်နိုင်လုနီးပါး ဖြစ်နေခဲ့ကြသည်။
သူတို့ ချင်းမင်ဓားဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် ဖြစ်သည့် လုချန်ချင်းသည် မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သော်လည်း အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် သူတို့ စီနီယာအစ်ကို လုချန်ချင်းကို အမှန်တကယ်ပင် နောက်ဆုတ်အောင် လုပ်နိုင်ခဲ့သည်။
ဤသည်က မယုံကြည်နိုင်စရာ ကောင်းလွန်းနေသည် မဟုတ်ပါလား။
“မင်းကလည်း မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်နေတာကိုး.. အထွတ်အထိပ် နတ်အလင်းတန်းကို ဒီလောက်အထိ မြန်မြန်ဆန်ဆန် စုစည်းနိုင်တာ အံ့သြစရာ မရှိတော့ဘူး”
လုချန်ချင်းက ဆန့်ကျင်ဘက်မှ ကျန်းချန်ကို ကြည့်ကာ ပြောလိုက်သည်။
အဆုံးသတ်တွင် သူ၏ မျက်ဝန်းထဲ၌ လေးနက်သော အမူအရာများ ဖြစ်ပေါ်လာခဲ့၏။
ယခုတစ်ကြိမ် မဟာမြေရိုင်း ပါရမီရှင်ပြိုင်ပွဲတွင် သူ၏ အဓိက ပြိုင်ဘက်မှာ မိုကျင့်လဲ့ နှင့် ကျူစစ်ကျွင်း တို့သာ ရှိသည်ဟု မူလက ထင်ထားခဲ့သော်လည်း ယခုကဲ့သို့ မဟာကောင်းကင်နတ်ဘုရားတစ်ပါး ထွက်ပေါ်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
“လုချန်ချင်း မင်းက သန်မာပေမဲ့လည်း ငါ့ကို သတ်ဖို့တော့ အရည်အချင်း မပြည့်မီသေးဘူး”
ကျန်းချန်က ဝင့်ကြွားစွာ ရပ်နေရင်း လုချန်ချင်းကို အေးစက်စက်ပြောလိုက်သည်။
“မဟာမြေရိုင်းပါရမီရှင်သိုင်းပြိုင်ပွဲရဲ့ ပထမအဆင့်မှာ ငါမင်းနဲ့မတိုက်ခိုက်ချင်ဘူး အခုနေ မင်းထွက်သွားမယ်ဆိုရင် နောက်မကျသေးဘူး လုချန်ချင်း”
လုချန်ချင်းသည် ချင်းမင်ဓားဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင်ဖြစ်ပြီး ကျင့်ကြံမှုတွင်လည်း မဟာကောင်းကင်နတ်ဘုရားအဆင့်ကို ရောက်ရှိနေပြီ ဖြစ်သည်။
သူက လုချန်ချင်းကို အနိုင်ယူခဲ့လျှင်ပင် ဒဏ်ရာအပြင်းအထန် ရရှိနိုင်ခြေ ရှိသည်။
ယခုအခါတွင် သူက အထွတ်အထိပ်နတ်အလင်းတန်းကို စုစည်းထား၍ သူ၏လှုပ်ရှားမှုတိုင်းကို လျှို့ဝှက်နယ်မြေမှ ပြိုင်ပွဲဝင်များစွာသည် စောင့်ကြည့်နေခဲ့ကြသည်။
ထို့ကြောင့် ကျန်းချန်သည် ဤအခြေအနေတွင် လုချန်ချင်းနှင့် တိုက်ခိုက်လိုခြင်း မရှိခဲ့ပေ။
“ဟမ့် ငါက ဘာလို့ ထွက်သွားရမှာလဲ.. မင်းက ငါတို့ ချင်းမင်ဓားဂိုဏ်းက တပည့်တွေကို သတ်ဖြတ်ခဲ့မှတော့ ငါလုချန်ချင်းက မင်းကို ဘယ်လိုလုပ်ပြီး ခွင့်လွှတ်ပေးနိုင်မှာလဲ”
လုချန်ချင်းက မဲ့ပြုံးပြုံးကာ ကြုံးဝါးလိုက်သည်။
“ငါ့ရဲ့ နောက်ထပ်ဓားကွက်ကို ခံယူလိုက်.. နဂါးကောင်းကင်ခွဲဓားသိုင်း”
စကားဆုံးသည်နှင့် လုချန်ချင်းက သူ၏ ဓားကို ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ်ရာ ကောင်းသော နဂါးဟိန်းသံများသည် ပတ်ဝန်းကျင်တွင် ထွက်ပေါ်လာခဲ့သည်။
ထို့နောက်တွင် သူထုတ်ဖော်လိုက်သည့် အပြာရောင်ဓားအလင်းသည် အပြာရောင်နဂါး အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး သူ၏ ဦးခေါင်းအထက်တွင် တည်ရှိနေခဲ့သည်။
“သေစမ်း..”
လုချန်ချင်းက လက်ထဲမှ အပြာရောင်ဓားရှည်ကို ဝှေ့ယမ်းလိုက်ရာ ကမ္ဘာ့စွမ်းအားများဖြင့် ဖွဲ့စည်းထားသော အပြာရောင်နဂါးသည် ကျန်းချန် ဆီသို့ ဦးတည်လာခဲ့သည်။
ထိုအပြာရောင်နဂါး ဖြတ်သန်းသွားရာ လမ်းတစ်လျှောက်ရှိ နေရာလွတ်များသည် အဆက်မပြတ် ပြိုကျပျက်စီးသွားခဲ့သည်။
“ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်း”
ကျန်းချန်က ခုနစ်စဥ်ကြယ် ကောင်းကင်ဓားသိုင်းကိုပင် ထပ်မံထုတ်ဖော်လိုက်ပြီး ဤတစ်ကြိမ်တွင်မူ ကြယ်နှစ်ပွင့်၏ စွမ်းအားကို လှုံ့ဆော်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ကောင်းကင်ယံရှိ ခုနစ်စဥ်ကြယ်ကနေ ကြယ်နှစ်ပွင့်က လင်းလက်လာခဲ့ပြီး ကြယ်ဓားအလင်း အဖြစ်သို့ ပြောင်းလဲကာ အပြာရောင်နဂါး ဆီသို့ သက်ဆင်းလာခဲ့သည်။
“ဝုန်း..”
ကြယ်ဓားအလင်းက အပြာရောင်နဂါးကို ထိမှန်သွားပြီးနောက်တွင် အပြာရောင်နဂါးသည် လေထုထဲမှာပင် တိုက်ရိုက်ပေါက်ကွဲထွက်သွားခဲ့သည်။
လုချန်ချင်း၏ အပြာရောင်နဂါးကို ချေမှုန်းလိုက်ပြီးနောက်တွင် ကျန်းချန်သည် လုချန်ချင်းကို အသက်ရှူဖို့ပင် အခွင့်အရေးမပေးဘဲ ကြယ်သုံးပွင့်၏ စွမ်းအားကို လှုံ့ဆော်ကာ လုချန်ချင်းကို တိုက်ခိုက်လိုက်သည်။
ကောင်းကင်ယံကနေ ကြောက်မက်ဖွယ်ရာကောင်းသော ကြယ်ဓားအလင်းက ဆင်းသက်လာခဲ့ပြီး ပတ်ဝန်းကျင်ရှိ နေနှင့်လကိုပင် ဗြောင်းဆန်သွားစေခဲ့သည်။
ထိုမြင်ကွင်းကို ကြည့်ကာ လုချန်ချင်းက တုန်လှုပ်သွားခဲ့ပြီး သူ၏ စွမ်းအားများကို အကန့်အသတ် အထိ ထုတ်ဖော်ကာ ခုခံလိုက်၏။
သို့သော်လည်း နတ်ဘုရင်အဆင့်နည်းစနစ် ဖြစ်သည့် ခုနစ်စဥ်ကြယ်ကောင်းကင်ဓားသိုင်းကို လုချန်ချင်းသည် မခုခံနိုင်ခဲ့ပေ။
ကြယ်ဓားအလင်းက လုချန်ချင်း၏ အကာအကွယ်ကို ထိုးဖောက်ကာ လုချန်ချင်းကို လေထဲတွင် ပေရာပေါင်းများစွာအထိ လွင့်စင်သွားစေခဲ့သည်။
“ဒီကောင်က ဘယ်အင်အားစုကလဲ.. ဘာလို့ သူ့ရဲ့ခွန်အားက ဒီလောက်တောင် ကြောက်ဖို့ကောင်းနေရတာလဲ”
လုချန်ချင်းက သူ၏ ခန္ဓာကိုယ်အတွင်းမှ မတည်မငြိမ်ဖြစ်နေသော စွမ်းအားများကို ထိန်းချုပ်လိုက်သည်။
ဤအချိန်တွင် သူက ကျန်းချန်ကို လုံးဝ အထင်မသေးရဲတော့ပေ။
သူ၏ အရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်သည် မဟာကောင်းကင် နတ်ဘုရားအဆင့် ကျင့်ကြံသူ ဖြစ်ရုံသာမက ကမ္ဘာ့စွမ်းအားသည်လည်း သူ့ထက်ပင် ပိုမို အားကောင်းနေခဲ့သည်။
အထူးသဖြင့် ထိုလူငယ် အသုံးပြုခဲ့သည့် ဓားသိုင်းသည် အလွန်တရာ အစွမ်းထက်ပြီး ထိပ်တန်း နယ်မြေနတ်ဘုရားအဆင့် ကိုယ်ခံပညာရပ်များထက်ပင် နိမ့်ကျမှုမရှိပေ။
သို့သော်လည်း ချင်းမင်ဓားဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် ဖြစ်သည့် သူသည် သူ့ရှေ့မှ အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ ဓားချက်ဖြင့် ဖိနှိပ်ခံခဲ့ရသည်။
အခန်း(၁၈၉၉)ပြီး၏။
အခန်း(၁၉၀၀)
“မထင်မှတ်ဘဲ ဒီတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲမှာ ထူးခြားတဲ့ ပါရမီရှင်တစ်ဦး ပေါ်ထွက်လာတာပဲ”
လုချန်ချင်းက အသက်ကို ခပ်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကျန်းချန်ကို စူးစိုက်ကြည့်ကာ မေးလိုက်သည်။
“မင်းက ဘယ်အင်အားစုကလဲ”
“ဟန်ယွဲ့နန်းတော်က ကျန်းချန်”
ကျန်းချန်က ခပ်ပြတ်ပြတ် ပြန်ဖြေလိုက်သည်။
သူက မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲကို ဟန်ယွဲ့နန်းတော်၏ တပည့်အဖြစ် ပါဝင်ခဲ့ခြင်း ဖြစ်သည်။
သူက ဟန်ယွဲ့နန်းတော်မှ ဖြစ်ကြောင်း ဖုံးကွယ်ထားခဲ့လျှင်ပင် လုချန်ချင်းသည် သိပ်မကြာခင် သိရှိသွားမည် ဖြစ်၍ ကျန်းချန်သည် ဖုံးကွယ်ရန် စိတ်မကူးတော့ပေ။
“ဟန်ယွဲ့နန်းတော်လား”
လုချန်ချင်းက မျက်မှောင်ကြုတ်သွားခဲ့သည်။
ချင်းမင်ဓားဂိုဏ်း၏ ပြိုင်ဘက်ကင်းပါရမီရှင် လုချန်ချင်းသည် မဟာမြေရိုင်းနယ်မြေရှိ နယ်မြေနတ်ဘုရား အင်အားစု အားလုံးနီးပါး၏ အကြောင်းများကို သိရှိထားခဲ့သည်။
ဟန်ယွဲ့နန်းတော်သည် တစ်ချိန်က မဟာမြေရိုင်းနယ်မြေ၏ ထိပ်တန်း နယ်မြေနတ်ဘုရား အင်အားစု ဖြစ်သော်လည်း ယခုအခါတွင် များစွာ ကျဆင်းသွားခဲ့ပြီ ဖြစ်၏။
သူ သိထားသလောက် ဟန်ယွဲ့နန်းတော်၏ နံပါတ်(၁) ပါရမီရှင်သည် မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် အဆင့်၃၂နေရာကို ရရှိထားသည့် ကုန်းလင် ဖြစ်သည်။
သို့ရာတွင် ဟန်ယွဲ့နန်းတော်သည် ကျန်းချန် ကဲ့သို့ မဟာကောင်းကင်နတ်ဘုရား တစ်ပါးကို ဝှက်ထားလိမ့်မည်ဟု လုချန်ချင်း တစ်ခါမှ မတွေးမိခဲ့ပေ။
“မင်းလိုမျိုး ပြိုင်ဘက်ကင်းပါရမီရှင် တစ်ဦးကို ဘယ်သူမှ သတိမထားမိအောင် ဒီနေ့အထိ ဖုံးကွယ်ထားနိုင်ခဲ့တယ် ဆိုတော့ ဟန်ယွဲ့နန်းတော်က တကယ်ကို အကြံကြီးတာပဲ”
လုချန်ချင်းက မှင်တက်ရာကနေ သတိပြန်ဝင်လာပြီးနောက်တွင် ကျန်းချန်ကို စူးရှစွာ စိုက်ကြည့်၍ ပြောလိုက်သည်။
ထိုအချိန်တွင် ဝင့်ကြွားစွာ ရပ်နေသည့် ကျန်းချန်၏ မျက်နှာထက်တွင် စိတ်မရှည်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။
“လုချန်ချင်း အပိုစကားတွေ ပြောမနေနဲ့.. ငါနဲ့ ထပ်တိုက်ဦးမှာလား”
ထိုစကားကိုကြားလျှင် လုချန်ချင်းက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
“မင်းက ငါတို့ ချင်းမင်ဓားဂိုဏ်းက တပည့်တွေကို သတ်ခဲ့မှတော့ ငါ့အနေနဲ့ မင်းကို မသတ်ရင် အကြီးအကဲတွေကို ဘယ်လိုရှင်းပြရမှာလဲ”
ကျန်းချန်က ချင်းမင်ဓားဂိုဏ်းမှ သာမန် ပါရမီရှင်များကို သတ်ဖြတ်ခဲ့လျှင် လုချန်ချင်းသည် နောက်ဆုတ်ရန် စဥ်းစားကောင်း စဥ်းစားနိုင်သည်။
သို့သော်လည်း ကျန်းချန် သတ်ဖြတ်ခဲ့သည့် ချင်းမင်ဓားဂိုဏ်းမှ တပည့်များထဲတွင် အကြီးအကဲချုပ်၏ အချစ်ဆုံးမြေး ဖြစ်သည့် ယဲ့ယွင်လည်း ပါဝင်နေခဲ့၏။
ယဲ့ယွင်ကို သတ်ဖြတ်သူမှာ ကျန်းချန်မှန်း သိရှိနေသောကြောင့် သဘာဝကျစွာပင် လုချန်ချင်းသည် လျစ်လျူရှုရန် မဖြစ်နိုင်တော့ပေ။
သို့မဟုတ်လျှင် သူက ချင်းမင်ဓားဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင်ဖြစ်သည့်တိုင် အကြီးအကဲချုပ်၏ ဒေါသကို ခံနိုင်ရည်ရှိမည် မဟုတ်လောက်ပေ။
ထို့အပြင် ချင်းမင်ဓားဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင် အနေဖြင့် နောက်ဆုတ်ခဲ့လျှင် သူ၏ ဂုဏ်သိက္ခာက များစွာ ကျဆင်းသွားလိမ့်မည် မဟုတ်ပါလား။
ကျန်းချန်က သူကဲ့သို့ပင် မဟာကောင်းကင်နတ်ဘုရား တစ်ပါး ဖြစ်သော်လည်း ကျန်းချန်ကဲ့သို့ အမည်မသိသူကိုပင် အနိုင်မယူနိုင်လျှင် မဟာမြေရိုင်းပါရမီရှင် စာရင်း၏ ပထမနေရာအတွက် မိုကျင့်လဲ့ နှင့် ကျူစစ်ကျွင်း တို့ကို ယှဥ်ပြိုင်ရန် မည်ကဲ့သို့ အရည်အချင်း ရှိပါမည်နည်း။
“ကျန်းချန် တိုက်ကြစို့”
လုချန်ချင်းက ကျယ်လောင်စွာ ကြုံးဝါးလိုက်သည်။
သူ၏ မျက်ဝန်းကနေ အပြာရောင် ဓားအလင်းများ ထွက်ပေါ်လာခဲ့ပြီး ခန္ဓာကိုယ်ကနေလည်း မျက်စိကျိန်းလောက်စရာ အစိမ်းရောင်အလင်းများ ထွက်ပေါ်လာခဲ့သည်။
တစ်ခဏအတွင်းမှာပင် အပြာရောင်အလင်းနှင့် အစိမ်းရောင်အလင်းသည် လျင်မြန်စွာ ပေါင်းစပ်သွားခဲ့ပြီး အဆုံးသတ်တွင် အပြာဖျော့ဖျော့ပုံရိပ် အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုအပြာဖျော့ဖျော့ပုံရိပ်၏ မျက်နှာသည် ခံစားချက် ကင်းမဲ့နေပုံရပြီး သက်ရှိအားလုံးကို အထက်ကနေ ငုံ့ကြည့်နေသည့် ပြိုင်ဘက်ကင်းဓားနတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်နေခဲ့၏။
၎င်း၏ ခန္ဓာကိုယ်ကနေလည်း ကောင်းကင်ကိုပင် ချေမှုန်းနိုင်လောက်သည့် ကြောက်မက်ဖွယ် ဓားအရှိန်အဝါများ ထွက်ပေါ်နေခဲ့သည်။
“ကျန်းချန် မင်းက မဟာကောင်းကင်နတ်ဘုရား ဖြစ်တော့ရော ဘာဖြစ်လဲ.. ငါတို့ ချင်းမင်ဓားဂိုဏ်းက မဟာမြေရိုင်းနယ်မြေရဲ့ နံပါတ်(၁) နယ်မြေနတ်ဘုရားအင်အားစု ဖြစ်ပြီး ငါတို့ရဲ့ ခေါင်းဆောင် အရှင်ချင်းမင်က နတ်ဘုရင်အဆင့်ကို ရောက်ဖို့ ခြေတစ်လှမ်းသာ လိုတော့တဲ့ ပြိုင်ဘက်ကင်း ကျင့်ကြံသူတစ်ဦးပဲ.. အရှင်ချင်းမင်က နတ်ဘုရင်တစ်ပိုင်း အဆင့် နည်းစနစ်ဖြစ်တဲ့ ချင်းမင်ဓားကျမ်းကို တီထွင်ခဲ့တယ်.. ဒီနေ့တော့ ငါမင်းကို နတ်ဘုရင်တစ်ပိုင်း အဆင့် နည်းစနစ်ရဲ့ သိုင်းစွမ်းအားပုံရိပ်ကို ပြသပေးမယ်"
"ချင်းမင်ဓားကျမ်းရဲ့ ပထမသိုင်းစွမ်းအားပုံရိပ်.. ဓားနတ်ဘုရားရဲ့ ဒေါသတရား”
လုချန်ချင်း၏ အေးစက်စက်စကားသံ အဆုံးသတ်သည်နှင့် သူ၏ ကျောဘက်ရှိ အပြာဖျော့ဖျော့ပုံရိပ်သည် တဖြည်းဖြည်းတောက်ပလာခဲ့ပြီး ကမ္ဘာတစ်ခုလုံးကိုပင် အလင်းပေးနိုင်လုနီးပါး ဖြစ်သွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် အဆုံးမဲ့ဓားအရှိန်အဝါများ ပါဝင်သော ဒေါသတကြီး အော်ဟစ်သံ တစ်သံသည် အပြာရောင်ပုံရိပ်၏ နှုတ်ကနေ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ယင်းနောက်တွင် အဆုံးမဲ့ဓားအရှိန်အဝါများ ပါဝင်နေသော ထိုအော်ဟစ်သံက အပြာရောင်ဓားအလင်း အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး လှိုင်းလုံးများ အဖြစ်သို့ ကျန်းချန်ထံ တိုးဝင်လာခဲ့သည်။
မျက်တောင်တစ်ခတ် အတွင်းမှာပင် ကျန်းချန် အရှေ့ရှိ နေရာလွတ်သည် ထိုအပြာရောင်ဓားအလင်းကြောင့် ပျက်သုဥ်းသွားခဲ့၏။
သာမန် ကောင်းကင်နတ်ဘုရား တစ်ပါးဆိုလျှင် အပြာရောင်ပုံရိပ်၏ အော်ဟစ်သံကြောင့် စိတ်ဝိညာဥ်ပင် တစ်ခဏအတွင်း ကြေမွသွားနိုင်ဖွယ် ရှိသည်။
“ဟားဟား လုချန်ချင်း.. မင်းရဲ့ နတ်ဘုရင်တစ်ပိုင်း အဆင့် နည်းစနစ်လောက်နဲ့ ငါ့ရှေ့မှာ မောက်မာဖို့ အရည်အချင်းမရှိသေးဘူး”
ကျန်းချန်က ခပ်ထေ့ထေ့ လှောင်ပြောင်လိုက်ပြီး ထိုက်စုအထွတ်အထိပ် နဂါးအသွင်ပြောင်း နည်းစနစ်ကို ချက်ချင်းဆိုသလို လှုံ့ဆော်လိုက်သည်။
သူက ယခုအခါတွင် မဟာကောင်းကင် နတ်ဘုရား အဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်၍ သူ၏ သိုင်းစွမ်းအားပုံရိပ်သည် အဆင့်သစ်တစ်ခုသို့ ရောက်ရှိသွားပြီ ဖြစ်၏။
သူ၏ ကမ္ဘာ့စွမ်းအားက ပတ်ဝန်းကျင်ရှိ ကောင်းကင်နှင့်မြေကြီးရှိ အသက်ဓာတ်များကို ချက်ချင်းဆိုသလို ဆွဲငင်လိုက်ပြီး အဆုံးသတ်တွင် ဧရာမ နတ်နဂါးမြို့တော်ကို ရေးဆွဲထားသည့် စာလိပ်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
“ဂရား..”
တုန်လှုပ်ချောက်ချားဖွယ် နဂါးဟိန်းသံနှင့်အတူ ထိုစာလိပ်သည် ကမ္ဘာကိုပင် လွှမ်းမိုးနိုင်သည့် နတ်စွမ်းအားကို သယ်ဆောင်ကာ လုချန်ချင်း၏ သိုင်းစွမ်းအားပုံရိပ်နှင့် ထိပ်တိုက် ရင်ဆိုင်လိုက်သည်။
လေထုထဲတွင် သိုင်းစွမ်းအားပုံရိပ်နှစ်ခု ထိပ်တိုက်ရင်ဆိုင်မိပြီးနောက်တွင် ပတ်ဝန်းကျင်ရှိ နေရာလွတ်များသည် ဆက်တိုက်ဆိုသလို ပြိုကျသွားခဲ့ပြီး ကမ္ဘာပျက်သည့်နှယ် ဖြစ်နေခဲ့သည်။
သိပ်မကြာခင်မှာပင် လုချန်ချင်း၏ သိုင်းစွမ်းအားပုံရိပ်သည် ကျန်းချန်၏ သိုင်းစွမ်းအားပုံရိပ် ဖိနှိပ်မှုအောက်တွင် တိုက်ရိုက် ပျက်စီးသွားခဲ့သည်။
လုချန်ချင်းသည်လည်း အစွမ်းထက် စာလိပ်၏ ဖိနှိပ်မှုကြောင့် ကောင်းကင်ယံကနေ မြေကြီးပေါ်သို့ တိုက်ရိုက်ပြုတ်ကျသွားခဲ့ပြီး မြေပြင်ထက်တွင် ကြီးမားသော တွင်းနက်ကြီး တစ်ခုကိုပင် ဖြစ်ပေါ်သွားစေခဲ့၏။
“စီနီယာအစ်ကိုလုက ရှုံးနိမ့်သွားတာလား”
ချင်းမင်ဓားဂိုဏ်းမှ တပည့်များသည် သူတို့ရှေ့မှ မြင်ကွင်းကိုကြည့်ရင်း မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး သူတို့၏ မျက်လုံးကိုပင် မယုံကြည်နိုင်လု နီးပါး ဖြစ်နေခဲ့ကြသည်။
လုချန်ချင်းသည် သူတို့ ချင်းမင်ဓားဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင်ဖြစ်ပြီး မဟာမြေရိုင်းပါရမီရှင် စာရင်းတွင် အဆင့်၉နေရာ၌ ရှိသူ ဖြစ်သည်။
လွန်ခဲ့သော နှစ်၃၀ခန့်က လုချန်ချင်းသည် ကောင်းကင်နတ်ဘုရားအဆင့်၏ ကန့်သတ်ချက်ကို ဖြတ်ကျော်ပြီး လမ်းစဥ် ၇မျိုး၏ ကမ္ဘာ့စွမ်းအားကို ပိုင်ဆိုင်သော မဟာကောင်းကင်နတ်ဘုရားတစ်ပါး ဖြစ်လာခဲ့သည်။
ဆိုရလျှင် ဤတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် လုချန်ချင်းသည် ပထမနေရာကို ရရှိရန် အရည်အချင်းပြည့်မီသည့် ပါရမီရှင်တစ်ဦး ဖြစ်၏။
သို့သော်လည်း လုချန်ချင်း၏ ခွန်အားဖြင့်ပင် အနက်ရောင်ဝတ်စုံဝတ် လူငယ်၏ အနိုင်ယူခြင်းကို ခံရမည်ဟု သူတို့တစ်ခါမှ မတွေးမိခဲ့ပေ။
“ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”
“ကျန်းချန် ငါမင်းကိုသတ်မယ်”
ချင်းမင်ဓားဂိုဏ်းမှ တပည့်များ ထိတ်လန့်နေသော အချိန်မှာပင် တွင်းနက်ကြီးထဲကနေ အပြာရောင်အလင်းများဖြင့် ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုသည် ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ထိုပုံရိပ်မှာ တခြားသူ မဟုတ်ဘဲ ဖုန်မှုန့်များ ပေကျံကာ ဆံပင်များ ရှုပ်ပွနေသော လုချန်ချင်းပင် ဖြစ်၏။
လုချန်ချင်းက ကျန်းချန်ကို အေးစက်စက် စိုက်ကြည့်လိုက်သည်။
သူက အမှန်တကယ်ပင် ဒေါသအိုး ပေါက်ကွဲနေခဲ့ချေပြီ။
သူက ချင်းမင်ဓားဂိုဏ်း၏ နံပါတ်(၁) ပါရမီရှင် ဖြစ်ပြီး မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးကို ကြည့်လျှင်ပင် သူနှင့် အဆင့်တူအဖြစ် သတ်မှတ်နိုင်သော ပါရမီရှင်မှာ လက်တစ်ဆုပ်စာမျှသာ ရှိသည်။
သူ၏ ဘဝတစ်လျှောက်တွင် ဤကဲ့သို့ ဆိုးဆိုးရွားရွား ရှုံးနိမ့်မှုမျိုးကို တစ်ခါမှ မခံစားခဲ့ဖူးပေ။
ယခုအခါတွင်မူ ကျန်းချန်ကဲ့သို့ အညတရ ကျင့်ကြံသူတစ်ဦးလက်ချက်ဖြင့် ဒဏ်ရာရရှိသွားခဲ့သည် ဖြစ်ရာ သူ့အနေဖြင့် မည်ကဲ့သို့ ဒေါသမထွက်ဘဲ နေနိုင်ပါမည်နည်း။
လုချန်ချင်းက ချက်ချင်းဆိုသလိုပင် နတ်ဘုရင်တစ်ပိုင်းအဆင့် နည်းစနစ်ဖြစ်သည့် ချင်းမင်ဓားကျမ်း၏ ဒုတိယမြောက် သိုင်းစွမ်းအားပုံရိပ်ကို ထုတ်ဖော်လိုက်ရာ ကျောဘက်တွင် အပြာဖျော့ဖျော့ပုံရိပ်က ထပ်မံ ထွက်ပေါ်လာခဲ့သည်။
ယင်းနောက်တွင် ထိုအပြာဖျော့ဖျော့ပုံရိပ်နှင့် သူ၏ လက်ထဲရှိ ဓားရှည်တို့သည် တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားခဲ့ပြီး အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။
ထိုဓားအလင်းသည် အလွန်တရာ တောက်ပ၍ ခမ်းနားထည်ဝါလွန်းလှ၏။
၎င်းက ကမ္ဘာတစ်ခုလုံးကိုပင် ဖျက်ဆီးရန် လုံလောက်သည်ဟု ထင်ရ၏။
အဆုံးသတ်တွင် လုချန်ချင်းသည် နတ်ဘုရင်တစ်ပိုင်း အဆင့် နည်းစနစ်၏ ဒုတိယမြောက် သိုင်းစွမ်းအား ပုံရိပ်ကို ထုတ်ဖော်လိုက်ပြီ ဖြစ်သည်။
အခန်း(၁၉၀၀)ပြီး၏။