← Chapters

အခန်း (၁၈၉၇+၁၈၉၈)

Vol. 130 Ch. 1897+1898

အခန်း (၁၈၉၇+၁၈၉၈)

Vol. 130 Ch. 1897+1898

အခန်း(၁၈၉၇)

လုချန်ချင်း၏ မျက်ဝန်းများက အနည်းငယ် လင်းလက်သွားခဲ့ပြီး အဆုံးသတ်တွင် ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်း၏ ပိုင်ရှင်အား ရှာဖွေလိုသည့် ဆန္ဒကို ထိန်းချုပ်လိုက်သည်။

ဤတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင်သိုင်းပြိုင်ပွဲတွင် သူ၏ပြိုင်ဘက်အဖြစ် သတ်မှတ်နိုင်သည့်နှစ်ဦးသာ ရှိသည်။

တစ်ဦးမှာ မဟာမြေရိုင်းနတ်ဂိုဏ်းမှ မိုကျင့်လဲ့ဖြစ်ပြီး နောက်တစ်ဦးမှာ တာအိုဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် ကျူစစ်ကျွင်းဖြစ်၏။

အထွတ်အထိပ် နတ်အလင်းတန်း နှစ်ခုကို စုစည်းနိုင်ခဲ့သူမှာ ထိုနှစ်ဦးသာလျှင် ဖြစ်နိုင်ဖွယ်ရှိ၏။

မဟာမြေရိုင်းပါရမီရှင်သိုင်းပြိုင်ပွဲ၏ ပထမအဆင့်တွင် မဟာမြေရိုင်းပါရမီရှင် စာရင်း၌ အဆင့်သတ်မှတ်ခံရရန် အရည်အချင်းပြည့်မီသော ပါရမီရှင် သုံးဆယ့်ခြောက်ဦးကိုသာ ရွေးချယ်မည် ဖြစ်သည်။

ဤအချိန်တွင် မိုကျင့်လဲ့နှင့် ကျူစစ်ကျွင်း တို့ကို ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ခြင်းသည် ဥာဏ်ရှိသော ရွေးချယ်မှု မဟုတ်ပေ။

လက်ရှိတွင် သူ့အတွက် အရေးကြီးဆုံးအရာမှာ လိုအပ်နေသေးသည့် မဟာမြေရိုင်း တံဆိပ်ပြားများကို လုယက်ပြီး အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းရန်ပင် ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ တခြားသူ တစ်ဦးသာ တတိယမြောက်အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်ခဲ့လျှင် ချင်းမင်ဓားဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် ဖြစ်သည့် သူ၏ သိက္ခာသည် မြောင်းထဲသို့ ရောက်သွားလိမ့်မည် မဟုတ်ပါလား။

“စီနီယာအစ်ကို.. ပထမမြောက်နတ်အလင်းတန်းကို မိုကျင့်လဲ့ အရင်ဆုံး စုစည်းနိုင်ခဲ့တာက သူ့ရဲ့ကံကြမ္မာနဲ့လည်း သက်ဆိုင်မယ်လို့ ထင်တယ်.. ကျွန်တော်တို့ကတော့ သူ့လောက်ကံမကောင်းခဲ့ဘူး...လမ်းတစ်လျှောက်မှာ ကျွန်တော်တို့ တွေ့ခဲ့တဲ့ ပြိုင်ပွဲဝင်တွေကလည်း အရမ်းကို အားနည်းလွန်းတယ်.. မဟုတ်ရင် စီနီယာအစ်ကိုက သူတို့ထက် ပိုနှေးမှာမဟုတ်ဘူး”

လုချန်ချင်း၏ မျက်နှာက အနည်းငယ် မသာမယာဖြစ်နေသည်ကို မြင်လျှင် နံဘေးရှိ ချင်းမင်ဓားဂိုဏ်းမှ တပည့်တစ်ဦးက ဖျောင်းဖျ ပြောဆိုလိုက်သည်။

“အမှန်ပဲ.. သူတို့က အထွတ်အထိပ် နတ်အလင်းတန်းကို အရင်ဆုံး စုစည်းနိုင်ခဲ့တယ် ဆိုရင်တောင် စီနီယာအစ်ကိုလုရဲ့ အရည်အချင်းနဲ့သာ ဆိုရင် ဒီနှစ်ရဲ့ ပထမနေရာက စီနီယာအစ်ကိုလု အတွက်ပဲ”

ချင်းမင်ဓားဂိုဏ်းမှ ကျန်တပည့်များကလည်း ထောက်ခံလိုက်ကြသည်။

“မင်းတို့ပြောတာကို ငါနားလည်တယ်.. ဘာပဲဖြစ်ဖြစ် ငါ့အနေနဲ့ အထွတ်အထိပ် နတ်အလင်းတန်းကို အမြန်ဆုံးစုစည်းဖို့ လိုအပ်နေပြီ”

လုချန်ချင်းက သူ၏ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

ထိုအချိန်မှာပင် သူတို့နှင့် သိပ်မဝေးသော နေရာလွတ်တွင် ရုတ်တရက် ပြင်းထန်သော နေရာလွတ် လှိုင်းလုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။

လုချန်ချင်းတို့ လူစုက တုန်လှုပ်သွားခဲ့ပြီး နေရာလွတ် လှိုင်းလုံးများ ထွက်ပေါ်လာသည့် ဦးတည်ရာဆီသို့ ကြည့်လိုက်ကြသည်။

ထိုနေရာလွတ်လှိုင်းလုံးများ ထွက်ပေါ်လာသောနေရာတွင် နေရာလွတ်အက်ကြောင်း တစ်ခုသည် ရုတ်တရက် ဖြစ်ပေါ်လာခဲ့၏။

သိပ်မကြာခင်မှာပင် နေရာလွတ် အက်ကြောင်းထဲကနေ အပြာရောင်အလင်း ဖုံးလွှမ်းနေသော ပုံရိပ်တစ်ခုသည် ထွက်ပေါ်လာခဲ့ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျလာခဲ့သည်။

“စီနီယာအစ်ကိုလု.. ဒီအပြာရောင်အလင်းမှာ ကျွန်တော်တို့ ချင်းမင်ဓားဂိုဏ်းရဲ့ အရှိန်အဝါတွေ ရှိနေပုံပဲ”

ထိုမြင်ကွင်းကိုမြင်လျှင် ချင်းမင်ဓားဂိုဏ်းမှ တပည့်များ၏ အမူအရာသည် အနည်းငယ် ပြောင်းလဲသွားကြသည်။

လုချန်ချင်း၏ မျက်ဝန်းများက ချက်ချင်းဆိုသလိုပင် လေးနက်သွားခဲ့၏။

“ဒါက ဂိုဏ်းတူညီလေး ယဲ့ယွင် ဖြစ်ဖို့ များတယ်.. သူ့ကို ကြည့်ရတာ ဒဏ်ရာရထားပုံပဲ.. ငါတို့ သွားကြည့်ရအောင်”

အပြာရောင်အလင်းလွှမ်းခြုံကာ နေရာလွတ်အက်ကြောင်းထဲကနေ ပြုတ်ကျလာသော ပုံရိပ်သည် မည်သူမည်ဝါမှန်း မမြင်တွေ့ရသေးသော်လည်း လုချန်ချင်းသည် ထိုသူ၏ ကိုယ်ပိုင်လက္ခဏာကို သိရှိခဲ့သည်။

စင်စစ် ထိုပုံရိပ်ကို ဖုံးလွှမ်းထားသော အပြာရောင်အလင်းသည် ချင်းမင်ဓားဂိုဏ်း၏ အကြီးအကဲချုပ်က သူ၏တပည့်များအား ပေးအပ်ထားသော အသက်ကယ်နည်းလမ်း ဖြစ်၏။

သို့သော်လည်း ချင်းမင်ဓားဂိုဏ်း၏ တပည့်များထဲတွင် အကြီးအကဲချုပ်၏ အသက်ကယ် နည်းလမ်းကို ရရှိထားသူဟူ၍ နှစ်ဦးသာ ရှိသည်။

ထိုနှစ်ဦးထဲတွင် တစ်ဦးမှာ သူဖြစ်ပြီး ကျန်တစ်ဦးမှာ ယဲ့ယွင်ဖြစ်သည်။

ယဲ့ယွင်၏ ဓားလမ်းစဥ်ပါရမီကို အလယ်အလတ်အဆင့်သာ သတ်မှတ်နိုင်သော်လည်း ယဲ့ယွင်သည် အကြီးအကဲချုပ်၏ မြေးဖြစ်၍ အကြီးအကဲချုပ်သည် ယဲ့ယွင်ကို အလွန်တရာ ချစ်ခင်မှုရှိသည်။

ယဲ့ယွင်သာ တစ်စုံတစ်ရာ ဖြစ်ပျက်ခဲ့လျှင် သူကိုယ်တိုင်ပင် အကြီးအကဲချုပ်၏ ဒေါသကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

လုချန်ချင်းက အသက်ကို ခပ်ပြင်းပြင်းရှူရှိုက်လိုက်ပြီး ချက်ချင်းဆိုသလိုပင် အပြာရောင်အလင်း ဖုံးလွှမ်းနေသော ပုံရိပ်ဆီသို့ အပြေးအလွှား သွားရောက်ခဲ့သည်။

ထိုအခါ သွေးအလိမ်းလိမ်း ဖြစ်နေသော ယဲ့ယွင်ကို မြင်လျှင် လုချန်ချင်း၏ မျက်နှာသည် ချက်ချင်းဆိုသလို အလွန်တရာသုန်မှုန်သွားခဲ့၏။

“စီနီယာအစ်ကိုလု”

သူ၏ မျက်စိရှေ့တွင် ပေါ်လာသော လုချန်ချင်းကို မြင်လျှင် ယဲ့ယွင်၏ အားနည်းနေသော မျက်ဝန်းများတွင် တောက်ပသော အလင်းရောင်များ ဖြစ်ပေါ်လာခဲ့သည်။

“ဂိုဏ်းတူညီလေးယဲ့.. လောလောဆယ် စကားမပြောနဲ့ဦး.. ငါမင်းဒဏ်ရာတွေကို ကုသပေးမယ်”

လုချန်ချင်းက သူ၏လက်တစ်ဖက်ဖြင့် ထူမလိုက်ပြီး ဆေးလုံးတစ်လုံးကို ထုတ်ယူကာ ယဲ့ယွင်၏ ပါးစပ်ထဲသို့ ခွံ့ကျွေးလိုက်သည်။

“အသုံးမဝင်တော့ဘူး စီနီယာအစ်ကိုလု.. တစ်ဖက်လူက ကျွန်တော့်ကို ဓားချက်တစ်ချက်တည်းနဲ့ တိုက်ခိုက်လိုက်တာ ဝိညာဥ်တောင် မလွတ်မြောက်နိုင်ခဲ့ဘူး.. နတ်ဘုရင်ကိုယ်တိုင် လာခဲ့ရင်တောင် ကျွန်တော်အသက် မရှိနိုင်တော့ဘူး.. စီနီယာအစ်ကိုလု... ကျွန်‌တော့်အတွက် အဲဒီလူကို လက်စားချေပေးပါ ဝေါ့..”

ထိုစကားကို ပြောပြီးနောက်တွင် ယဲ့ယွင်သည် သွေးတစ်ပွက်ကို ထပ်မံအန်ထုတ်လိုက်ရသည်။

ယဲ့ယွင်၏ စကားကိုကြားလျှင် လုချန်ချင်း၏ ခန္ဓာကိုယ်တစ်ခုလုံးတွင် ချက်ချင်းဆိုသလို သတ်ဖြတ်လိုသော စိတ်ဆန္ဒများ ပြည့်နှက်သွားခဲ့သည်။

“ဂိုဏ်းတူညီလေးယဲ့ ဘာမှစိတ်မပူနဲ့.. အဲဒီလူက ဘယ်သူပဲဖြစ်ဖြစ် ငါ လုချန်ချင်း သူ့ကို ဆယ်ဆ ပြန်လည်ပေးဆပ်စေမယ်”

“စီနီယာအစ်ကိုလု ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းလိုက်တဲ့သူက..”

ယဲ့ယွင်က စကားမဆုံးမီမှာပင် ခေါင်းစိုက်ကျသွားခဲ့ပြီး အသက်ကင်းမဲ့သွားခဲ့သည်။

ယဲ့ယွင် ဤကဲ့သို့ သေဆုံးသွားသည်ကို မြင်လျှင် ချင်းမင်ဓားဂိုဏ်းမှ တပည့်များ၏ အမူအရာသည် အလွန်တရာ အကျည်းတန်လာခဲ့သည်။

ချင်းမင်ဓားဂိုဏ်း၏ ပါရမီရှင်တပည့်များ ဖြစ်၍ ချင်းမင်ဓားဂိုဏ်းတွင် ယဲ့ယွင်က မည်ကဲ့သို့သော အဆင့်အတန်း ရှိသည်ကို သူတို့သိထားကြသည်။

ယဲ့ယွင်က သူတို့ရှေ့တွင် ဤကဲ့သို့ သေဆုံးသွားပြီ ဖြစ်ရာ ချင်းမင်ဓားဂိုဏ်းသို့ ပြန်ရောက်လျှင် အကြီးအကဲချုပ်အား မည်ကဲ့သို့ ရှင်းပြရပါမည်နည်း။

“ငါတို့ရဲ့ ဂိုဏ်းတူညီလေးယဲ့ကို ဘယ်သူသတ်တာလဲ”

ချင်းမင်ဓားဂိုဏ်းမှ တပည့်များသည် ဒေါသတကြီး ကြုံးဝါးလိုက်ကြသည်။

သူတို့ ချင်းမင်ဓားဂိုဏ်းသည် မဟာမြေရိုင်းနယ်မြေတွင် မဟာမြေရိုင်းနတ်ဂိုဏ်း ပြီးလျှင် ဒုတိယနေရာ၌ ရှိသော ထိပ်တန်းဂိုဏ်းကြီး တစ်ဂိုဏ်း ဖြစ်သည်။

မဟာမြေရိုင်းနယ်မြေ၏ နံပါတ်(၁) နယ်မြေနတ်ဘုရားအင်အားစုဟု ခေါ်ဆိုလျှင်ပင် ချဲ့ကားပြောဆိုသည်ဟု ဆို၍မရပေ။

ပုံမှန်အခြေအနေတွင် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲ၌ ချင်းမင်ဓားဂိုဏ်းမှ တပည့်များကို သတ်ဖြတ်ရဲသူ အလွန်တရာပင် နည်းပါးသည်။

ယခုအခါတွင်မူ ချင်းမင်ဓားဂိုဏ်း၏ အကြီးအကဲချုပ်၏ မြေးက သတ်ဖြတ်ခံလိုက်ရချေပြီ။

ပြိုင်ပွဲဝင်များတွင် မည်သည့် ပြိုင်ပွဲဝင်က ထိုမျှလောက်အထိ အတင့်ရဲကာ သတ်ဖြတ်ခဲ့ပါသနည်း။

“ဂိုဏ်းတူညီလေးရဲ့ မသေခင်က ပြောစကားအရ ဆိုရင် သူ့ကို သတ်ဖြတ်ခဲ့တဲ့သူက ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းခဲ့တဲ့သူ ဖြစ်ဖို့များတယ်”

လုချန်ချင်းက ကောင်းကင်ပေါ်သို့ ထိုးတက်ကာ တောက်ပနေသည့် အထွတ်အထိပ် နတ်အလင်းတန်း တစ်ခုကို စူးစိုက်၍ ကြည့်ကာ ရေရွတ်လိုက်သည်။

သူ၏ မျက်ဝန်းတွင် အေးစက်စက် အလင်းတန်းတစ်ခု လင်းလက်သွားခဲ့၏။

“ဂိုဏ်းတူညီလေးယဲ့ကို သတ်ဖြတ်ခဲ့တဲ့သူက ဒုတိယမြောက်နတ်အလင်းတန်းကို စုစည်းခဲ့တဲ့သူလား”

ချင်းမင်ဓားဂိုဏ်းမှ တပည့်များသည်လည်း အနည်းငယ် အံ့အားသင့်သွားကြသည်။

အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်သူသည် ပြိုင်ပွဲဝင်များထဲတွင် အသန်မာဆုံး ပါရမီရှင်များထဲမှ တစ်ဦးဖြစ်သည်မှာ သေချာ၏။

သူတို့၏ ခန့်မှန်းချက်အရ အထွတ်အထိပ် နတ်အလင်းတန်း နှစ်ခုကို စုစည်းခဲ့သူမှာ မိုကျင့်လဲ့နှင့် ကျူစစ်ကျွင်း ဖြစ်နိုင်ခြေ အများဆုံး ဖြစ်သည်။

တစ်နည်းအားဖြင့် ယဲ့ယွင်ကို သတ်ဖြတ်ခဲ့သော သူမှာ ထိုနှစ်ဦးထဲမှ တစ်ဦး ဖြစ်နိုင်ဖွယ်ရှိ၏။

“စီနီယာအစ်ကိုလု.. ကျွန်တော်တို့ အခု ဘာဆက်လုပ်ကြမလဲ”

မဟာမြေရိုင်းနတ်ဂိုဏ်းက မိုကျင့်လဲ့ဖြစ်စေ၊ တာအိုပုစ္ဆာဂိုဏ်းက ကျူစစ်ကျွင်း ဖြစ်စေ နှစ်ယောက်စလုံးသည် မဟာမြေရိုင်းနယ်မြေ၏ ပြိုင်ဘက်ကင်းပါရမီရှင်များ ဖြစ်၍ ကိုင်တွယ်ဖြေရှင်းရန်မှာ လွယ်ကူမည် မဟုတ်လောက်ပေ။

“ဂိုဏ်းတူညီလေးရဲ့ အသတ်ခံရတဲ့ကိစ္စကို မျက်နှာလွှဲ ခဲပစ်လုပ်လို့မဖြစ်ဘူး...မဟုတ်ရင် ချင်းမင်ဓားဂိုဏ်းကို ပြန်ရောက်တာနဲ့ အကြီးအကဲချုပ်ကို ငါတို့တွေ ဘယ်လိုမျိုး ရှင်းပြကြမှာလဲ"

"မင်းတို့တွေ ဘာမှမစိုးရိမ်နဲ့.. ဒုတိယမြောက် နတ်အလင်းတန်းကို စုစည်းခဲ့တဲ့သူက မိုကျင့်လဲ့နှင့် ကျူစစ်ကျွင်း မဟုတ်တာတော့ သေချာတယ်”

လုချန်ချင်းက အေးစက်စက် ပြောလိုက်သည်။

“ငါတို့တွေ ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းတဲ့သူနဲ့ အခုပဲသွားတွေ့ကြစို့.. ငါတို့ ချင်းမင်ဓားဂိုဏ်းကို ဘယ်သူရန်စရဲလဲ ဆိုတာ ငါသိချင်တယ်”

ယဲ့ယွင် ပေါ်မလာမီကဆိုလျှင် လုချန်ချင်းသည် ဒုတိယမြောက် အထွတ်အထိပ်နတ်အလင်းတန်းကို စုစည်းခဲ့သူမှာ မိုကျင့်လဲ့ သို့မဟုတ် ကျူစစ်ကျွင်း ဖြစ်နိုင်ဖွယ်ရှိသည်ဟု ထင်မြင်ခဲ့သည်။

ယခုအခါတွင်မူ လုချန်ချင်းသည် ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းခဲ့သူက မိုကျင့်လဲ့နှင့် ကျူစစ်ကျွင်းတို့ မဟုတ်မှန်း လုံးဝနီးပါး သေချာသွားခဲ့၏။

အခန်း(၁၈၉၇)ပြီး၏။

အခန်း(၁၈၉၈)

“စီနီယာအစ်ကိုလု ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းခဲ့တဲ့သူက မိုကျင့်လဲ့နဲ့ ကျူစစ်ကျွင်းတို့ မဟုတ်ဘူးလို့ ပြောလိုက်တာလား.. ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ”

လုချန်ချင်းထံမှ စကားကိုကြားလျှင် ချင်းမင်ဓားဂိုဏ်းမှတပည့်များ၏ မျက်ဝန်းများတွင် မယုံကြည်နိုင်သည့် အမူအရာများ ပြည့်နှက်နေခဲ့သည်။

သူတို့က ယခုတစ်ကြိမ် ကျင်းပပြုလုပ်သည့် မဟာမြေရိုင်းပါရမီရှင်သိုင်းပြိုင်ပွဲ၏ အခြေအနေနှင့် ပတ်သက်၍ အလွန်ရှင်းလင်းစွာ သိရှိထားကြသည်။

မဟာမြေရိုင်းနတ်ဂိုဏ်းမှ မိုကျင့်လဲ့သည် မဟာမြေရိုင်းပါရမီရှင်စာရင်း၏ နံပါတ် ၉နေရာ၌ ရပ်တည်နေပြီး ထိပ်ဆုံးဆယ်ဦးစာရင်းထဲတွင် ယခုတစ်ကြိမ် ကျင်းပသည့် မဟာမြေရိုင်းပါရမီရှင် သိုင်းပြိုင်ပွဲတွင် ပါဝင်သည့် တစ်ဦးတည်းသော ပါရမီရှင်လည်း ဖြစ်သည်။

တာအိုပုစ္ဆာဂိုဏ်းမှ ကျူစစ်ကျွင်းသည် မဟာမြေရိုင်း ပါရမီရှင်စာရင်း၏ နံပါတ် ၁၂နေရာတွင် ရပ်တည်ခဲ့သူ ဖြစ်ပြီး ချင်းမင်ဓားဂိုဏ်းက လုချန်ချင်းကမူ မဟာမြေရိုင်းပါရမီရှင်စာရင်းတွင် နံပါတ် ၁၁နေရာ၌ ရပ်တည်ခဲ့သည်။

ဤသုံးဦးသည် ယခုတစ်ကြိမ် သိုင်းပြိုင်ပွဲတွင် တခြားသော ပါရမီရှင်များထက် ပိုမိုသန်မာသော ပြိုင်ဘက်ကင်း ပါရမီရှင်များ ဖြစ်ကြသည်။

မတော်တဆမှုများ မရှိသရွေ့ မဟာမြေရိုင်းပါရမီရှင်စာရင်း၏ ထိပ်ဆုံး သုံးနေရာသည် ထိုသုံးဦး အတွက်ပင် ဖြစ်သည်။

သို့ဖြစ်ရာ ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းသူက မိုကျင့်လဲ့နှင့် ကျူစစ်ကျွင်းတို့ မဟုတ်လျှင် အလွန်တရာပင် မယုံကြည်နိုင်စရာ ကောင်းနေသည် မဟုတ်ပါလော။

ထိုသုံးဦးထက် စော၍ အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်သူ ရှိနေလိမ့်မည်ဟု သူတို့ မယုံကြည်နိုင် ဖြစ်နေခဲ့ကြသည်။

လုချန်ချင်းက သူ၏ အယူအဆနှင့် ပတ်သက်၍ ဂိုဏ်းတူညီအစ်ကိုများကို ရှင်းပြလိုက်သည်။

“မိုကျင့်လဲ့နှင့် ကျူစစ်ကျွင်း တို့က ငါတို့ ချင်းမင်ဓားဂိုဏ်းက တပည့်တိုင်းကို သိတယ်.. သူတို့က ဂိုဏ်းတူညီလေးယဲ့ကို ဘယ်လိုလုပ်ပြီး သတ်ဖြတ်စရာ အကြောင်းရှိမှာလဲ”

ထိုစကားကို ကြားလျှင် ချင်းမင်ဓားဂိုဏ်းမှ တပည့်များသည် အနည်းငယ် အံ့အားသင့်သွားကြသည်။

မိုကျင့်လဲ့နှင့် ကျူစစ်ကျွင်း တို့သည် ချင်းမင်ဓားဂိုဏ်း၏ တပည့်များကို အမှန်တကယ်ပင် ကောင်းစွာ သိရှိထားကြပြီး ယဲ့ယွင်က အကြီးအကဲချုပ်၏ မြေးဖြစ်မှန်းပင် သိရှိထားကြသည်။

သို့ဖြစ်ရာ သူတို့သည် ယဲ့ယွင်ကို မည်ကဲ့သို့ အလွယ်တကူ သတ်ဖြတ်စရာ အကြောင်းရှိပါမည်နည်း။

ထို့အပြင် သူတို့ ချင်းမင်ဓားဂိုဏ်းသည် မဟာမြေရိုင်းနယ်မြေရှိ နံပါတ်(၁) နယ်မြေနတ်ဘုရားအင်အားစု ဖြစ်ပြီး အကြီးအကဲချုပ်သည်လည်း မဟာမြေရိုင်းနယ်မြေ၏ ထိပ်ဆုံး သုံးနေရာတွင် အဆင့်သတ်မှတ်နိုင်သည့် အင်အားကြီးမား‌သော နယ်မြေနတ်ဘုရားတစ်ပါး ဖြစ်သည်။

မဟာမြေရိုင်းနတ်ဂိုဏ်းပင်လျှင် သူတို့ ချင်းမင်ဓားဂိုဏ်းကို အလွယ်တကူ ရန်စရဲမည် မဟုတ်‌ပေ။

မဟာမြေရိုင်းနတ်ဂိုဏ်းသည် မဟာမြေရိုင်းနယ်မြေ၏ တစ်ခုတည်းသော နတ်ဘုရင်အဆင့် အင်အားစု ဖြစ်သော်လည်း ချင်းမင်ဓားဂိုဏ်းအား အမှန်တကယ် စိန်ခေါ်ခဲ့လျှင် ကြီးလေးသော အဖိုးအခကို သေချာပေါက်ပေးဆပ်ရလိမ့်မည်ဖြစ်သည်။

“ဒီတစ်ကြိမ် မဟာမြေရိုင်းပါရမီရှင်ပြိုင်ပွဲမှာ ဖျက်မြင်းတစ်ကောင် ပါလာမယ်လို့ မထင်ထားမိဘူး”

လုချန်ချင်း၏ စကားကို ကြားပြီးနောက်တွင် ချင်းမင်ဓားဂိုဏ်းမှ တပည့်များသည် ဒုတိယမြောက် အထွတ်အထိပ်နတ်အလင်းတန်းကို မော့ကြည့်လိုက်ကြပြီး သူတို့၏ မျက်ဝန်းများတွင် မယုံကြည်နိုင်‌လောက်အောင် အံ့အားသင့်သော အမူအရာများ ရှိနေခဲ့ကြသည်။

“ဒီလူက ဘယ်သူပဲဖြစ်နေပါစေ.. ငါတို့ ချင်းမင်ဓားဂိုဏ်းကို ရန်စရဲမှတော့ သေလမ်းတစ်လမ်းပဲ ရှိတယ်”

လုချန်ချင်းက အေးစက်စက် ကြုံးဝါးလိုက်ပြီး ချက်ချင်းဆိုသလိုပင် ဓားအလင်း အဖြစ်သို့ ပြောင်းလဲသွားကာ ဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်း တည်နေရာသို့ ထွက်ခွာသွားခဲ့သည်။

ဤဒုတိယမြောက် အထွတ်အထိပ် နတ်အလင်းတန်း၏ ပိုင်ရှင်သည် မိုကျင့်လဲ့နှင့် ကျူစစ်ကျွင်းတို့သာ ဆိုလျှင် သူ့အနေဖြင့် စိုးရိမ်စရာ ရှိကောင်းရှိနိုင်သည်။

ထိုနှစ်ဦး မဟုတ်သရွေ့ လုချန်ချင်းသည် မည်သူ့ကို ကြောက်ရပါမည်နည်း။

“ဒါက အထွတ်အထိပ် နတ်အလင်းတန်းလား”

ကောင်းကင်ပေါ်သို့ တိုက်ရိုက် ဦးတည်နေသော နတ်အလင်းတန်းကို မော့ကြည့်ကာ ကျန်းချန်၏ မျက်ဝန်းများတွင် ထူးဆန်းသော အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

အထွတ်အထိပ် နတ်အလင်းတန်း၏ လွှမ်းခြုံမှု‌အောက်တွင် ကျန်းချန်၏ ခန္ဓာကိုယ်သည် ကောင်းချီးပေးမှုကို ရှင်းရှင်းလင်းလင်း ခံစားမိခဲ့၏။

သူ၏ ခန္ဓာကိုယ်က အထွတ်အထိပ် နတ်အလင်းတန်းမှ စွမ်းအားကို အလိုအလျောက် စုပ်ယူပြီး ကမ္ဘာ့စွမ်းအား အဖြစ်သို့ ပြောင်းလဲနေပုံရသည်။

နောက်ဆက်တွဲ ရလဒ်အနေဖြင့် စနစ်၏ သတိပေးချက်သည် ကျန်းချန်၏ စိတ်ထဲတွင် ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။

“ဒင်.. သင်က နတ်ဘုရင် ကောင်းချီး ပေးထားတဲ့ စွမ်းအားကို စုပ်ယူပြီး ဓားကမ္ဘာစွမ်းအား အတွေ့အကြုံရမှတ် ဆယ်သိန်းကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်က နတ်ဘုရင် ကောင်းချီး ပေးထားတဲ့စွမ်းအားကို စုပ်ယူပြီး မီးကမ္ဘာစွမ်းအား အတွေ့အကြုံရမှတ် ဆယ်သိန်းကို အဆ ၁၀၀ ရရှိပါတယ်”

“ဒင်.. သင်က နတ်ဘုရင်‌ ကောင်းချီး ပေးထားတဲ့ စွမ်းအားကို စုပ်ယူပြီး မိုးကြိုးကမ္ဘာစွမ်းအား အတွေ့အကြုံရမှတ် ဆယ်သိန်းကို အဆ ၁၀၀ ရရှိပါတယ်”

“.........”

စနစ်ထံမှ သတိပေးချက်များကို ကြားလျှင် ကျန်းချန်၏ မျက်ဝန်းများတွင် အံ့အားသင့်သော အမူအရာများ ဖြစ်ပေါ်လာခဲ့သည်။

အထွတ်အထိပ် နတ်အလင်းတန်းသည် နတ်ဘုရင် ကောင်းချီး ပေးထားသည့် စွမ်းအင်အလင်းတန်း ဖြစ်နေခဲ့၏။

အထွတ်အထိပ် နတ်အလင်းတန်းတွင် ထိုကဲ့သို့ အကျိုးကျေးဇူးများ ရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

အထွတ်အထိပ် နတ်အလင်းတန်းသာ အချိန်ကြာမြင့်စွာ ကောင်းချီးပေးခဲ့လျှင် လမ်းစဥ် ၇မျိုး၏ ကမ္ဘာ့စွမ်းအားများသည် ပြီးပြည့်စုံသော အဆင့်အထိ ရောက်ရှိသွားနိုင်ဖွယ်ရှိသည်။

“အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းပြီးပြီ ဆိုတော့ ထပ်ပြီးတော့ လုယက်ရင် အကျိုးသက်ရောက်မှု ရှိဦးမလားမသိဘူး”

ကျန်းချန်၏ မျက်ဝန်းများက အနည်းငယ် တလက်လက်တောက်ပသွားခဲ့ပြီး ချက်ချင်းဆိုသလိုပင် နောက်ထပ် ပစ်မှတ်ကို ရှာဖွေခဲ့သည်။

သို့သော်လည်း အထွတ်အထိပ် နတ်အလင်းတန်းသည် ကျန်းချန်နှင့် အတူ ရွေ့လျားနေသည် ဖြစ်ရာ လျှို့ဝှက်နယ်မြေရှိ ပြိုင်ပွဲဝင်များသည် အထွတ်အထိပ် နတ်အလင်းတန်း မလှမ်းမကမ်းသို့‌ ရောက်လာသည်နှင့် ရှောင်ဖယ်သွားခဲ့ကြသည်။

အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းနိုင်သူများသည် ပါရမီရှင်များထဲမှ ပါရမီရှင်များ ဖြစ်ကြသည်။

ထို့ကြောင့် အထွတ်အထိပ် နတ်အလင်းတန်းကို မြင်သည်နှင့် ချက်ချင်းဆိုသလိုပင် ရှောင်ဖယ်သွားကြ၏။

ယင်းအတွက်ကြောင့် ကျန်းချန်သည် ပြိုင်ပွဲဝင် တစ်ဦးတစ်ယောက်နှင့်မျှ ထပ်မတွေ့တော့ပေ။

“ဒီအထွတ်အထိပ် နတ်အလင်းတန်းနဲ့ ဆိုရင် မဟာမြေရိုင်းတံဆိပ်ပြားကို ဆက်ပြီး လုယက်ဖို့ မလွယ်တော့ဘူး”

ကျန်းချန်၏ မျက်နှာထက်တွင် ကူကယ်ရာမဲ့သော အမူအရာများ ဖြစ်ပေါ်နေခဲ့သည်။

လက်ရှိအခြေအနေအရ သူ့ဆီသို့ မျက်စိလည် လမ်းမှား၍ ရောက်မလာသရွေ့ မဟာမြေရိုင်း တံဆိပ်ပြားကို လုယက်ရန် မဖြစ်နိုင်သလောက်ပေ။

ကျန်းချန်က ခေါင်းခါရမ်းလိုက်ပြီး မဟာမြေရိုင်း တံဆိပ်ပြားကို လုယက်ရန် စိတ်ကူးအား ခေါင်းထဲက ထုတ်လိုက်သည်။

လျှို့ဝှက်နယ်မြေသည် နတ်ဘုရင်အဆင့်အင်အားစု ဖြစ်သည့် စန်းယိုနတ်ကျောင်း တည်ရှိခဲ့ဖူးသည့် စန်းယိုနယ်မြေ ဖြစ်သည်။

ယင်းအတွက်ကြောင့် လျှို့ဝှက်နယ်မြေထဲတွင် အခွင့်အလမ်းများစွာ ရှိမည်မှာ‌ သေချာ၏။

သို့ဖြစ်ရာ ကျန်းချန်သည် မဟာမြေရိုင်း တံဆိပ်ပြားများကို လုယက်၍ အချိန်မဖြုန်းလိုတော့ပေ။

သူက ပတ်ဝန်းကျင်ကို အကဲခတ်လိုက်ပြီး အရှေ့ဘက်အရပ်မှ ကြီးမားသော တောင်တန်းကြီး ဆီသို့ အကြည့်ရောက်သွားခဲ့သည်။

“ဒီ‌တောင်တန်းက ထူးခြားနေသလိုပဲ.. ငါစူးစမ်းကြည့်ရမယ်”

ကျန်းချန်က ကြီးမားသော တောင်တန်းကြီးကို အသေအချာအကဲခတ်လိုက်ရာ အထွတ်အထိပ် နတ်အလင်းတန်း တစ်ခုသည် ထိုတောင်တန်းထဲတွင် ရွေ့လျားနေသည်ကို တွေ့လိုက်ရသည်။

အထွတ်အထိပ် နတ်အလင်းတန်းကို စုစည်းခဲ့သူ နောက်တစ်ဦးသည် ထိုကြီးမားသော တောင်တန်းထဲတွင် ရှိနေသည်မှာ ထင်ရှား၏။

ကျန်းချန်က တုံ့ဆိုင်းမနေတော့ဘဲ ထိုတောင်တန်း ဆီသို့ လျင်မြန်စွာ ပျံသန်းသွားခဲ့သည်။

သို့သော် ထိုအချိန်မှာပင် အပြာရောင်ဓားအလင်း တစ်ခုသည် ကျန်းချန်ရှိရာသို့ ဦးတည်လာခဲ့သည်။

ကျန်းချန်က သူ့ဆီသို့ ဦးတည်လာသော အပြာရောင်ဓားအလင်းကို ကြည့်ကာ တစ်ခဏမျှ မှင်တက်သွားခဲ့သည်။

ကျန်းချန် မှင်တက်နေသော အချိန်မှာပင် အပြာရောင်ဓားအလင်းသည် မိုင်ထောင်ပေါင်းများစွာ အကွာအဝေးကို ချက်ချင်းဆိုသလို ဖြတ်ကျော်ကာ ကျန်းချန်၏ အရှေ့ မီတာ ရာဂဏန်း အကွာတွင် ပေါ်လာခဲ့၏။

ထို့နောက်တွင် အပြာရောင်ဓားအလင်းသည် လေထုထဲထွင် ထူထပ်သော ဓားကွန်ရက် အဖြစ်သို့ ပြောင်းလဲသွားခဲ့ပြီး ကျန်းချန် ဆီသို့ သက်ရောက်လာခဲ့သည်။

ကျန်းချန်က အေးစက်စက် အမူအရာဖြင့်ပင် လက်ဝါးရိုက်ချက် တစ်ချက်ကို ထုတ်ဖော်ကာ အပြာရောင် ဓားကွန်ရက်ကို တစ်စစီ ဖျက်ဆီးပစ်လိုက်သည်။

အပြာရောင်ဓားကွန်ရက် ပျက်စီးသွားသည်နှင့် တစ်ပြိုင်နက် အပြာရောင်ပုံရိပ် တစ်ခုသည် ကျန်းချန်နှင့် မီတာ ၁၀၀ အကွာတွင် ထွက်ပေါ်လာခဲ့သည်။

ထိုလူငယ်က အရပ်မြင့်ပြီး ပိန်သွယ်ကာ မျက်နှာထားက အေးစက်နေခဲ့ပြီး အပြာရောင် ဓားအလင်းသည် သူ၏ ပတ်ပတ်လည်တွင် ရစ်ဝဲနေခဲ့သည်။

ထိုလူက ပြိုင်ဘက်ကင်း ဓားနတ်ဘုရား တစ်ပါးကဲ့သို့ ဟိတ်ဟန်အပြည့် ရှိနေခဲ့၏။

စင်စစ် ယခု ရောက်လာသူသည် တခြားသူမဟုတ်ဘဲ ချင်းမင်ဓားဂိုဏ်း၏ နံပါတ်(၁)ပါရမီရှင် လုချန်ချင်း ဖြစ်သည်။

လုချန်ချင်းက ကျန်းချန်ကို အေးစက်စက် မျက်ဝန်းများဖြင့် စူးစိုက်ကြည့်လိုက်သည်။

သူ၏ ခန္ဓာကိုယ်ကနေ ပြင်းထန်သော လူသတ်ငွေ့များသည် ချက်ချင်းဆိုသလိုပင် ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားခဲ့၏။

“ငါ့ရဲ့ ဂိုဏ်းတူညီလေး ယဲ့ယွင်ကို သတ်လိုက်တဲ့သူက မင်းလား”

အခန်း(၁၈၉၈)ပြီး၏။

All Chapters