ဇာတ်သိမ်း
Vol. 12 Ch. 132
လုနန်သည် တံခါးဝတွင် ရပ်လျက် အခန်းထဲမှ လူနှစ်ယောက်ကို ထူးဆန်းသော အကြည့်ဖြင့် လှမ်းကြည့်လိုက်သည်။
စက္ကန့်အနည်းငယ်ကြာပြီးနောက် သူမက အံ့အားသင့်စွာဖြင့် ပြောလိုက်သည်။ "...ငါ တစ်ခုခုကို နှောင့်ယှက်မိသလိုများ ဖြစ်သွားသလား။"
ဖေးကျန့် - "?"
ရှန့်ကျီမင် - "..."
သူတို့နှစ်ဦးသည် စောစောကမှ ပြင်းထန်သော အကြည့်ချင်း ဖလှယ်ခဲ့ကြပြီး အတော်လေး နီးကပ်စွာ ရပ်နေခဲ့ကြသည်။
ဖေးကျန့်၏ စကားများသည် အပြစ်ကင်းစင်သော်လည်း ပြင်ပလူတစ်ယောက်အတွက် အထူးသဖြင့် ခေတ်သစ် အချက်အလက်များနှင့် ထိတွေ့ဖူးသော လုနန် ကဲ့သို့သော တစ်စုံတစ်ယောက်အတွက် ထိုမြင်ကွင်းသည် အလွန် မရှင်းမလင်း ဖြစ်နေပုံရသည်။
အထင်လွဲမှားမှုမှာ ရှောင်လွှဲ၍မရနိုင်ပေ။
ကံမကောင်းစွာဖြင့် ဖေးကျန့်သည် ပွင့်လင်းပြီး အလိုက်မသိသော လူတစ်ယောက် ဖြစ်သည်။
ရှန့်ကျီမင်သည် လုနန်၏ သွယ်ဝိုက်ပြောဆိုမှုအချို့ကို ခပ်ရေးရေး သတိပြုမိသော်လည်း ဒါက ၁၉၆၀ ပြည့်လွန်နှစ်များ ဖြစ်သည်ကို ထည့်သွင်းစဉ်းစားမိသဖြင့် သူသည် ထိုကဲ့သို့သော ကိစ္စရပ်များကို မရေမရာသာ နားလည်ပြီး ရှင်းပြရန် အခွင့်အရေး လွဲချော်သွားခဲ့သည်။
ထို့ထက်မက... လုနန် တစ်စုံတစ်ရာ မပြောမီတွင် ဖေးကျန့်က သူမအား စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"ခင်ဗျား အတိအကျ ဘာတွေ မြင်လိုက် ကြားလိုက်တာလဲ။"
သူက သူမသည် သူ ရှန့်ကျီမင်ကို သတိပေးခဲ့သည့်စကားကို ကြားသွားခဲ့သလား သိလိုသည်။
လုနန်မှာမူ သူမ၏ ထင်မြင်ချက်ကို ပို၍ပင် ယုံကြည်သွားပြီး သူမ၏ နှုတ်ခမ်းကို ဇစ်ပိတ်လိုက်သည့် အမူအရာ ပြုလုပ်လိုက်သည်။
"စိတ်မပူပါနဲ့ ငါ ဘာမှ မကြားဘူး မမြင်ဘူး။ ငါ မင်းရဲ့ လျှို့ဝှက်ချက်ကို သေချာပေါက် ထိန်းသိမ်းပေးပါ့မယ်။"
"တော်ပြီ" လုနန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူပြီး သူမ လာရသည့် အကြောင်းရင်းကို ရှင်းပြလိုက်သည်။
"ဒီနေ့က ရှောင်ဟွိုက်ရဲ့ မွေးနေ့ မွေးစားအမေက ကိတ်မုန့်ကြီးတစ်လုံး လုပ်ထားတယ်။ မြန်မြန်ဆင်းလာပြီး နည်းနည်းလောက် စားကြဦး။ ဖေးကျန့် မင်းလည်း တစ်တုံး စားလို့ရတယ်။"
ရှောင်ဟွိုက်၏ မွေးနေ့ပွဲသည် ခမ်းနားကြီးကျယ်ခြင်း မရှိသော်လည်း အသေးစိတ်တိုင်းကို ဂရုတစိုက် စီစဉ်ထားသည်။
လုနန်နှင့် အဒေါ် ဝူတို့သည် ဤကဲ့သို့သော အချိန်ကာလများတွင်ပင် ကလေးများအတွက် ပျော်ရွှင်ဖွယ် မွေးနေ့နှင့် ငယ်ဘဝ အမှတ်တရတစ်ခု ဖန်တီးပေးလိုသဖြင့် အတူတကွ ပြင်ဆင်ခဲ့ကြသည်။
လုနန်၏ အကြံပြုချက်ဖြင့် မိသားစုဝင်တစ်ဦးစီသည် ရှောင်ဟွိုက်အတွက် လက်ဆောင်တစ်ခုစီ ပြင်ဆင်ခဲ့ကြရာ သူ အလွန် ပျော်ရွှင်သွားသည်။
လုနန် စကားပြောပြီးနောက် သူမသည် ရှောင်ဟွိုက်ကို အောက်ထပ်သို့ ခေါ်သွားခဲ့သည်။
ဖေးကျန့်သည် ရှန့်ကျီမင်ကို နားမလည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ "သူမ ဘာကို ဆိုလိုတာလဲ။"
နောက်ဆုံးတွင် သဘောပေါက်သွားသော ရှန့်ကျီမင်သည် ရယ်ချင်စိတ်ကို ထိန်းချုပ်လိုက်ပြီး ရိုးရှင်းစွာ ပြောလိုက်သည်။ "သူမပဲ အဲ့လို တွေးနိုင်တာ။"
ဖေးကျန့်မှာမူ သူ၏ မျက်နှာပေါ်တွင် မေးခွန်းအမှတ်အသားတစ်ခုဖြင့် ကျန်ရစ်ခဲ့သည်။
လုနန်သည် အောက်ထပ်သို့ အမြန်ဆင်းသွားစဉ် အတွင်းစိတ်ထဲ၌ တုန်လှုပ်ခြောက်ခြားနေသည်။
အိုးမိုင်ဂေါ့… မူလဇာတ်လမ်းက လုံးဝ ပြိုကွဲသွားပြီ ဇာတ်လိုက်နှင့် ဇာတ်ပို့ အမျိုးသားတို့က ပေါင်းဖက်ကြတော့မည်။
အကယ်၍ ဖေးကျန့်သည် ရှန့်ကျီမင်နှင့် ပေါင်းဖက်လိုပါက သူသည် အရင်ဆုံး သူ့မိသားစု၏ ဝေဖန်ဆုံးဖြတ်မှုကို ရင်ဆိုင်ရပေလိမ့်မည်။
ရှောင်ဟွိုက်နှင့် ရှောင်ရှတို့မှာ ပြဿနာမဟုတ်ပေ။ သူမက သူတို့ကို ကောင်းမွန်စွာ လမ်းညွှန်ပေးလိမ့်မည်။
ပြီးတော့ အဒေါ် ဝူ အတွက်လည်း စိုးရိမ်စရာ မဖြစ်သင့်ပေ.. အဆိုးဆုံးမှာ သူမက အဒေါ် ဝူကို ပိုပွင့်လင်းသော အတွေးအခေါ်များနှင့် မိတ်ဆက်ပေးလိမ့်မည်။
သို့သော် အကြီးမားဆုံး စိန်ခေါ်မှုမှာ ဖေးကျီအန်းပင် ဖြစ်သည်။
ဖေးကျန့်နှင့် ရှန့်ကျီမင်တို့အကြောင်း သိသွားသောအခါ ဖေးကျီအန်း မည်သို့ တုံ့ပြန်မည်ကို မည်သူ သိနိုင်မည်နည်း။
"ဟူး..." ဘဝသည် မလွယ်ကူပါတကား .. လုနန် သက်ပြင်းရှည်ကြီးတစ်ချက် ချလိုက်မိသည်။
လုနန်သည် သူမ၏ သားအကြီးဆုံးကြောင့် အလွန်အမင်း တုန်လှုပ်ခြောက်ခြားသွားသောကြောင့် ဖြစ်နိုင်သည်။ ညနေပိုင်းတွင် ရှောင်ဟွိုက်၏ မွေးနေ့ကို ကျင်းပပြီးနောက် ဖေးကျီအန်းသည် သူ၏ မှတ်ဉာဏ်များ လွန်ခဲ့သော ရက်အနည်းငယ်ကတည်းက တဖြည်းဖြည်း ပြန်လည် ရရှိလာပြီဖြစ်ကြောင်း ထမင်းစားပွဲတွင် ပေါ့ပေါ့ပါးပါး ကြေညာလိုက်သည်။
လုနန်သည် စက္ကန့်အနည်းငယ်မျှသာ မှင်သက်သွားပြီးနောက် ပုံမှန်အခြေအနေသို့ ပြန်ရောက်သွားသည်။
သူမသည် ဖေးကျီအန်းအား သူမကို လျှို့ဝှက်ထားခဲ့သည်ဟုပင် မစွပ်စွဲခဲ့ပေ။
ဖြစ်နိုင်သည်မှာ ယနေ့သည် ရှောင်ဟွိုက်၏ မွေးနေ့ဖြစ်သောကြောင့် သို့မဟုတ် ဖေးကျန့်၏ ရှန့်ကျီမင်အပေါ် ထားရှိသော ခံစားချက်များကို သိရှိလိုက်ရခြင်းက အလွန် ထိတ်လန့်စရာ ဖြစ်နေသောကြောင့် သို့မဟုတ် သူမစိတ်ထဲတွင် သူမသည် ဖေးကျီအန်းကို အလွယ်တကူ ဖတ်ရှုလို့မရသူတစ်ဦးအဖြစ် မြင်ပြီး ထို့ကြောင့် အလွန် လက်ခံနိုင်စွမ်း ရှိနေသောကြောင့် ဖြစ်လိမ့်မည်။
ရှောင်ဟွိုက်မှာမူ ဖေးကျီအန်း၏ မှတ်ဉာဏ်ပျောက်ဆုံးမှုအကြောင်းကို လုံးဝ မသိရှိခဲ့ပေ။
အဒေါ် ဝူသည် တည်ငြိမ်နေပုံရပြီး ရှန့်ကျီမင်သည်လည်း ခဏတာ အံ့အားသင့်မှု ပြသပြီးနောက် သူ၏ ခပ်ခွာခွာ နေတတ်သော အမူအရာသို့ ပြန်ရောက်သွားသည်။
တုံ့ပြန်မှု အများဆုံးရှိခဲ့သူမှာ ဖေးကျန့် ပင် ဖြစ်သည်။
သူ မြည်းစမ်းခွင့်ရခဲ့သော တစ်ခုတည်းသော ကိတ်မုန့် တစ်ကိုက်သည်ပင် အရသာမရှိ ဖြစ်သွားသည်။
ဘယ်အရာကမျှ ဖေးကျန့် မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ပေ။
သူ မျက်ရည်များပင် ကျလုနီးပါး ဖြစ်သွားခဲ့သည်။
သူသည် အဒေါ် ဝူနှင့် လုနန်တို့ကို မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။
သူတို့သည် သူ့ဖခင် မှတ်ဉာဏ်ပြန်ရသွားသည်ကို သိရှိထားခဲ့ကြသည်လား။
အဖိုးကြီးက သူတို့ကို အရင် ရက်တွေထဲက ပြောပြထားခဲ့တာလား။
သူသည် သူ့ဖခင်ဘက်သို့ လှည့်လိုက်ပြီးနောက် အော်ဟစ် ပြောလိုက်မိမတတ် ဖြစ်သွားသည်။ "အဖေ ဘယ်လိုလုပ် ကျွန်တော့်ကို လှည့်စားရတာလဲ။"
ဒါဆိုရင် သူသည် ဤလွန်ခဲ့သော ရက်အနည်းငယ်အတွင်း တိတ်ဆိတ်စွာ နေထိုင်ခဲ့ပြီး အဖိုးကြီး၏ အတွေးများကို ခန့်မှန်းတွေးတောလျက် အဖိုးကြီးသည် အကျိုးအပြစ်များကို ချိန်ဆနေသည်ဟု ထင်မြင်ခဲ့သော်လည်း ဤမျှကြာအောင် စောင့်ဆိုင်းပြီးနောက် သူသည် မိသားစုထဲတွင် အမှောင်ချ ခံထားရသော တစ်ဦးတည်းသောသူ ဖြစ်နေခဲ့သည်။
သူသည် သူ့ဖခင်၏ အမှားကို ဖမ်းမိပြီဟု ထင်မှတ်ကာ သူ့အား ရဲရဲဝံ့ဝံ့ ရင်ဆိုင်ရန် အသင့်ဖြစ်နေသည်ဟု တွေးရင်း သူ့ကိုယ်သူ အလွန် ကျေနပ်နေခဲ့သည်။
ဒီနေရာမှာ ဘယ်သူက အရူးလဲ?
ထိုသူမှာ သူပင်တည်း သူ၏ မျိုးရိုးအမည်မှာ ဖေး ဖြစ်ပြီး သူ၏ အမည်မှာ ကျန့် ဖြစ်သည် တစ်နည်းအားဖြင့် ဒုက္ခသည်ဟုလည်း သိကြသည်။
သူ လှည့်စားခံလိုက်ရသည်ဟု တွေးမိသဖြင့် ဖေးကျန့် သည် သူ့ဖခင်ကို စိတ်ပျက်အားငယ်စွာဖြင့် ကြည့်လိုက်ပြီး ဒါက သူ့သားအရင်းကို ဆက်ဆံသည့် နည်းလမ်း မဟုတ်ဟု ခံစားလိုက်ရသည်။ သို့သော် သူသည် လုနန် ဘက်သို့သာ လှည့်၍ ပြောလိုက်သည်။
"...ခင်ဗျားက လုံးဝ စိတ်မဆိုးဘူးလား။"
လုနန် - "..." အခုလောလောဆယ် ငါ့အာရုံက နင့်ဆီမှာပဲရှိတယ်။ ရှင်းရှင်းပြောရရင် နင့်အဖေက ဒုတိယနေရာမှာ။
ဖေးကျန့်၏ တစ်ကိုယ်လုံး ကြက်သီးမွေးညင်းများ ထသွားခဲ့သည်။ "ကျွန်တော့်ကို အဲ့ဒီလို မကြည့်နဲ့။ ကျွန်တော် ကြောက်တယ်။"
လုနန်သည် သူမ၏ အကြည့်ကို ရွှေ့ပြီး သက်ပြင်းချလိုက်သည်။
ဖေးကျီအန်းသည် သူမ၏ တုံ့ပြန်မှုကို အကဲခတ်လျက် သူမ၏ လက်ကို ဆွဲယူကာ ခိုင်မြဲစွာ ဆုပ်ကိုင်ထားလိုက်သည်။
ဖေးကျန့်တစ်ယောက် စိတ်ပျက်လက်ပျက်ဖြင့် အံကြိတ်မိမတတ် ဖြစ်သွားခဲ့သည်။ လူတိုင်း၏ တည်ငြိမ်သော အမူအရာများကို လှည့်ပတ်ကြည့်ရင်း သူသည် သူ၏ နာကြည်းမှုကို မျိုချလိုက်သည်။
ဤတစ်ကြိမ်တွင် သူ ရှုံးနိမ့်ခဲ့ပြီ ဖြစ်သည်။
သို့သော် သူသည် ဤမျှ အလွယ်တကူ အရှုံးပေးမည် မဟုတ်ပေ... ခဏလေး မနေ့က လုနန် ဘာပြောခဲ့တာလဲ။
(လုနန်ဆီမှ ကျပန်း ဝင်ရောက်စွက်ဖက်မှု - ကိုယ့်ကိုယ်ကိုယ် နိမိတ်မကောင်းတဲ့စကား မပြောပါနဲ့ ဗီလိန်တွေက တိတ်တိတ်နေဖို့ လိုတယ်။)
ဖေးကျန့် - "..." ကျွန်တော် သင်ခန်းစာ ရပါပြီ။
ညစာ စားပြီးနောက် ဖေးကျန့် သည် ရှုံးနိမ့်သွားသည့် ခံစားချက်ဖြင့် သူ၏ အိပ်ခန်းသို့ ဆုတ်ခွာသွားခဲ့ပြီး ရှန့်ကျီမင်နှင့် ရှောင်ဟွိုက်တို့မှာ အပြစ်ကင်းစင်စွာ စကားပြောနေကြကာ အဒေါ် ဝူက ရှောင်ရှကို ခေါ်သွားခဲ့သည်။
ဖေးကျန့်သည် သူ့အခန်းသို့ ပြန်သွားခဲ့ပြီး စိတ်ဓာတ်ကျသည့် အခြေအနေသို့ ကျရောက်သွားသည်။
သူသည် ယနေ့ညတွင် အိပ်ပျော်နိုင်တော့မည် မဟုတ်ဟု စိုးရိမ်နေမိသည်။
ဧည့်ခန်းထဲတွင် လုနန်နှင့် ဖေးကျီအန်းတို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
သူတို့သည် ဥယျာဉ်ထဲတွင် လက်ချင်းချိတ်ကာ လမ်းလျှောက်နေကြသည်။
ညသည် ငြိမ်သက်နေပြီး မည်သူကမျှ ဦးစွာ စကားစမပြောခဲ့ကြပေ။
ခဏအကြာတွင် လုနန်က ဖေးကျန့် အကြောင်းကို မေးလိုက်သည်။ "ဖေးကျန့်က စစ်တပ်ထဲ ဝင်ချင်နေတယ်။ ရှင် သူ့ကို တားမှာလား။"
ဖေးကျီအန်း ခေါင်းခါလိုက်သည်။ "ဟင့်အင်း သူ မဝင်နိုင်ဘူးလို့ ကိုယ် ဘယ်တုန်းကမှ မပြောခဲ့ဘူး။ ရှောင်ဟွိုက် မွေးနေ့ပြီးတာနဲ့ သူ့ကို ချက်ချင်း လွှတ်မလို့ ကိုယ် အစီအစဉ်ဆွဲထားပြီးသား။"
"ဒါဆို ဘာလို့ သူ့ကို တည့်တိုး မပြောခဲ့တာလဲ။" လုနန်က စူးစမ်းစွာ မေးလိုက်သည်။
"သူ့ကို သင်ခန်းစာပေးမလို့။" ဖေးကျီအန်းသည် အကျယ်တဝင့် ရှင်းမပြခဲ့သော်လည်း လုနန်က သူသည် ဖေးကျန့်၏ မိုက်မဲသော လုပ်ရပ်များနှင့် သွယ်ဝိုက်သော ချဉ်းကပ်မှုတို့ကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေသည်ဟု ခန့်မှန်းမိသည်။ စစ်သားတစ်ဦးအနေဖြင့် ဖေးကျီအန်းသည် ရိုးသားမှုနှင့် ပွင့်လင်းမှုကို နှစ်သက်ပြီး သူကိုယ်တိုင်လည်း အနည်းငယ် ဝေ့ဝိုက်လုပ်ဆောင်ရသည့်တိုင်အောင် ပွင့်လင်းမြင်သာပြီး တရားမျှတသော လုပ်ရပ်များကို ပိုနှစ်သက်သည်။
ပြန်လည် စဉ်းစားကြည့်လျှင် ဖေးကျန့်သည် သူ စစ်တပ်ထဲ ဝင်လိုသည့် ဆန္ဒကို ဖေးကျီအန်းထံသို့ ဘယ်သောအခါမှ တိုက်ရိုက် ထုတ်ဖော် မပြောခဲ့ပေ။
အကယ်၍သာ သူသည် ဖေးကျီအန်းထံသို့ ရိုးရှင်းစွာ သွားရောက်ပြီး သူ၏ ရည်ရွယ်ချက်ကို ပြောပြခဲ့ပါက ဖေးကျီအန်း သဘောတူခဲ့လိမ့်မည် ဖြစ်သည်။
ဖေးကျန့်၏ လည်ပတ်ရန် ကြိုးစားမှုသည် နောက်ဆုံးတွင် သူ့အပေါ် ပြန်သက်ရောက်ခဲ့ပြီး သူ၏ ကြိုးပမ်းမှုများမှာ အချည်းနှီး ဖြစ်ခဲ့ရသည်။
ဖေးကျန့်သည် ဖေးကျီအန်းနှင့် ညှိနှိုင်းရန် ကြိုးစားရဲလောက်အောင် သတ္တိရှိခဲ့သည်ကို လုနန် မသိခဲ့ပေ။
အကယ်၍သာ သူမ သိခဲ့ပါက သူမသည် သူ၏ ရည်မှန်းချက်ရော သူ၏ မာနကိုပါ နှစ်ခုလုံး ဆုံးရှုံးခဲ့သော ဖေးကျန့်ကို ရယ်မောနေလိမ့်မည် ဖြစ်သည်။
ဖေးကျန့်သည် နတ်ဆိုးကြီးကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ပါက အကျိုးဆက်များကို ခံစားရလိမ့်မည်။
မည်သို့ပင်ဖြစ်စေ ဖေးကျီအန်းက သူ့အား စစ်မှုထမ်းရန် သဘောတူခဲ့ပြီး ရှန့်ကျီမင်ကလည်း သူနှင့်အတူ လိုက်ပါနိုင်ဖွယ်ရှိသည်မှာ ကံကောင်းခြင်းပင် ဖြစ်သည်။
အတူတကွ ထွက်ခွာသွားခြင်းသည် အမှန်တကယ်ပင် သူတို့နှစ်ဦးစလုံးအတွက် အကျိုးရှိစေနိုင်သည်။
လုနန် အနည်းငယ် စိတ်သက်သာရာ ရသွားကာ သူမ၏ သားအကြီးဆုံးအပေါ် စိုးရိမ်ပူပန်မှုများမှာ လျော့ပါးစ ပြုလာခဲ့သည်။
(ဖေးကျန့် - ကျေးဇူးတင်ပါတယ်။)
သူတို့ ပန်းပွင့်နေသော သစ်ပင်တစ်ပင်ထံ ရောက်ရှိသောအခါ ဖေးကျီအန်း ရပ်တန့်လိုက်ပြီး သူ့လက်ကို ဆန့်ကာ လုနန်ကို ပြောလိုက်သည်။
"မိန်းကလေး ကိုယ့်ကို မင်းနဲ့ ကခွင့်ပြုပါလား။"
သစ်ကိုင်းများသည် ညင်သာစွာ ယိမ်းနွဲ့လျက် လေထုထဲတွင် နူးညံ့သော ရနံ့များဖြင့် ပြည့်နှက်နေခဲ့သည်။
စိတ်ကို မူးယစ်စေသည်မှာ ညချမ်းတစ်ခုတည်းသာ မဟုတ်ခဲ့ပေ။
လုနန်သည် ဖေးကျီအန်း၏ ဟန်ပန်အတိုင်း လိုက်ပါ ကစားပေးခဲ့ပြီး သူမလက်ကို သူ့လက်ထဲသို့ ကျော့ရှင်းစွာ ထည့်လိုက်သည်။ သူမအား ရင်းနှီးစွာ ပွေ့ဖက်လျက် သူတို့သည် နွေဦးည၏ ကြွေကျနေသော ပန်းပွင့်ဖတ်များ၏ တိတ်ဆိတ်သော စည်းချက်နှင့်အညီ ကခုန်ခဲ့ကြသည်။
နူးညံ့သော လရောင်အောက်တွင် ဖေးကျီအန်းသည် လုနန်ကို စိုက်ကြည့်လိုက်ပြီး သူ၏ မျက်လုံးများမှာ ခံစားချက်များဖြင့် နက်ရှိုင်းနေကာ ညင်သာစွာ တောင်းပန်လိုက်သည်။
"နန်နန်၊ ကိုယ် တောင်းပန်ပါတယ်။" ကိုယ် မင်းကို ဘယ်တော့မှ မမေ့သင့်ခဲ့ဘူး .. တစ်ခဏလေးတောင်မှ။
လုနန် ခေါင်းခါလိုက်သည်။ "ရှင် ဘေးမသီ ရန်မခဘဲ ပြန်လာနိုင်ခဲ့တာ ကံကောင်းပါတယ်။"
သူမ၏ ယခင် ကြောက်ရွံ့မှုများနှင့် စိုးရိမ်ပူပန်မှုများသည် ဖေးကျီအန်းကြောင့် ကြာမြင့်စွာကတည်းက ပြေလျော့သွားခဲ့ပြီ ဖြစ်သည်။
သူမသည် ဖေးကျီအန်း၏ သူမအပေါ် ထားရှိသော အချစ်သည် သူမ သိရှိခဲ့ဖူးသည်ထက် ပိုနက်ရှိုင်းကြောင်းကိုပင် တိတ်တဆိတ် သဘောပေါက်လာခဲ့သည်။
သူ၏ မှတ်ဉာဏ်များ မရှိသည့်တိုင်အောင် သူ၏ နှလုံးသားက သူမကို မှတ်မိနေခဲ့သည်။
ပြီးတော့ သူမ ဤအရာကို မည်သည့်အချိန်က ပထမဆုံး စတင် ခံစားမိခဲ့သနည်း။
ဖြစ်နိုင်သည်မှာ ဆေးရုံတွင် ဖေးကျီအန်း သူမအား သူ၏ ကျောပေါ်တွင် ကုန်းပိုးခဲ့စဉ်က ဖြစ်လိမ့်မည်။
ထိုအခိုက်အတန့်တွင် သူမသည် သူနှင့်အတူ ရှိနေစဉ် လွတ်လပ်စွာ နေထိုင်နိုင်ပြီး သူ့အား စနောက်ရန်နှင့် ဆူပူကြိမ်းမောင်းရန်ပင် ခံစားခဲ့ရသည်။
အမှန်တကယ် အချစ်ခံရသူများသာလျှင် ဤကဲ့သို့ ကြောက်ရွံ့မှုကင်းမဲ့စွာ ခံစားရတတ်သည်။
ထက်မြက်သောစိတ် ရှိသော်လည်း လုနန်သည် အစပိုင်းတွင် ဒါကို သတိမမူမိခဲ့ဘဲ နေနိုင်သော်လည်း သူမသည် နောက်ဆုံးတွင် အမှန်တရားကို မည်သို့ မြင်တွေ့ခြင်း မရှိဘဲ နေနိုင်မည်နည်း။
ကြယ်များ ပြည့်နေသော ကောင်းကင်အောက် ဥယျာဉ်ထဲတွင် တိတ်ဆိတ်စွာ ကြွေကျနေသော ပန်းပွင့်များကြား၌ ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးတို့သည် တိုးတိုးလေး ပြောဆိုရင်း ကခုန်ခဲ့ကြပြီး သူတို့၏ နှလုံးသားများမှာ နောက်ဆုံးတွင် တစ်သားတည်း ကျသွားခဲ့သည်။
(ဇာတ်လမ်း ပင်မပိုင်း ပြီးဆုံးပါပြီ)
——–
ဇာတ်သိမ်းနောက်ဆက်တွဲ
ထိုညတွင် ပြင်းပြသော စိတ်ဆန္ဒများနှင့် နူးညံ့မှုတို့ လေထုထဲတွင် ပြည့်နှက်နေစဉ် ဖေးကျီအန်းက သူမအား ရင်းနှီးစွာ ပွေ့ဖက်ထားခိုက် လုနန် ရုတ်တရက် အတွေးရှင်းသွားခဲ့သည်။
ဖေးကျီအန်းသည် လွန်ခဲ့သော ရက်အနည်းငယ်အတွင်း သူ၏ မှတ်ဉာဏ်များကို တဖြည်းဖြည်း ပြန်လည် ရရှိနေခဲ့သည်။ ထို့ကြောင့် သူ၏ မကြာသေးမီက အပြုအမူများသည် အလွန် သံသယဖြစ်ဖွယ် ကောင်းနေသည်။ ဤဝမ်းတွင်းမည်း အဘိုးကြီးက သူမအပေါ် အခွင့်အရေး ယူခဲ့ရုံသာမက သူမထံမှ စစ်မှန်သော အချစ်၏ ကြေညာချက်တစ်ခုကိုလည်း အဆက်မပြတ် ဖိအားပေး တောင်းဆိုနေခဲ့သည်!
လုနန်သည် ဖေးကျီအန်းကို စူးစိုက်ကြည့်ကာ သူ့ထံမှ လွတ်မြောက်ရန် ကြိုးစားလိုက်သည်။ "ဖေးကျီအန်း... ရှင်.. နှာဘူး အဘိုးကြီး!"
နောက်တစ်စက္ကန့်တွင် သူသည် သူ၏ ဆုပ်ကိုင်ထားမှုကို တင်းကျပ်လိုက်ရာ လုနန်မှာ သူမကိုယ်သူမ ခုခံနိုင်စွမ်း မရှိတော့သည်ကို တွေ့ရှိလိုက်ရသည်။
ဖေးကျီအန်း ပြုံးပြီး သူမ၏ နားနားသို့ ညင်သာစွာ တိုးကပ် ပြောလိုက်သည်။
"နန်နန်ဒါက အစကတည်းက ပေါ်တင် ကြံစည်မှုတစ်ခု ဖြစ်ခဲ့တာပါ။"
ဒါက အမှန်ပင် ဖြစ်သည်။ သူ၏ ရည်မှန်းချက်သည် အမြဲတမ်း သူမ၏ စစ်မှန်သော အချစ်ဖြစ်ခဲ့ပြီး သူ၏ ဂရုတစိုက် ပြုမူလှုပ်ရှားမှုများ အားလုံးသည် ထိုအရာဆီသို့သာ ဦးတည်ခဲ့သည်။
လုနန် ဤအကြောင်းကို တွေးမိတိုင်း သူမ၏ နှလုံးသားမှာ နူးညံ့သွားသည်။
...ဟုတ်ပါတယ် သူမသည် လိုအပ်သည့်အခါတွင် ဒေါသထွက်နေသကဲ့သို့ ဟန်ဆောင်နိုင်ပါသေးသည်။
သူမသည် ပထမဆုံးအကြိမ်အဖြစ် ဖေးကျီအန်းအား စာကြည့်ခန်းထဲ၌ သုံးညတိုင်တိုင် အိပ်စက်စေခဲ့သည်။
ပြီးပါပြီ